Friday, February 28, 2014

လိပ်ပြာမသန့်တဲ့ အရပ် (ဆောင်းလူ)

လိုချင်တာမရနိုင်သည့် အခြေအနေကိစ္စတို့ကြောင့် ဆုံးဖြတ်ချက်တခုနှင့်အတူ ကိုယ့်မြေ ကိုယ့်ရေ ကိုယ်လေကို စွန့်ခွာထွက်ခဲ့သည်မှာ အတော်ကြာခဲ့ချေပြီ ...။ ခုတော့လည်း ... အတော်ကျင်လည် ကျက်စားမိသည်နှင့်အညီ .. ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လေကို လွမ်းမိ၏။ 

ထိုအရပ်၏ ယခုနွေတွင် ပုရစ်ဖူးတို့ ဖူးနေပေရော့မည် ...။ 
ထိုအရပ်၏ ယခုနွေတွင် လေရူးတို့ မြူးနေပေရော့မည် ...။ 
ထိုအရပ်၏ မြင်ကွင်းတို့သည် ... 
ထိုအရပ်၏ ရှုခင်းတို့သည် ... 

ထိုအတောအတွင်း ... ဤအရပ်တွင် ... ကျွန်ုပ်သည် စည်းမျဉ်းစည်းကမ်း မကိုက်ညီ၊ အနစ်နာမခံခဲ့ပါဘဲနှင့် အကျိုးအမြတ်ကြီးကြီး ရလိုမှုဖြင့် ဒုက္ခသည်အဖြစ် ဟန်ဆောင်ခဲ့ရသည် ...။ အမှန်တကယ် စစ်မှန်သည့်ဒုက္ခသည်များကိုဖြင့် မျက်နှာပူ အားနာခဲ့ရသည်။ အမှန်တကယ် ဒုက္ခခံရင်းနှီးခဲ့ရသူတို့အတွက် မျက်နှာပူ အားနာခဲ့ရသည်။ 


ပြတင်းတံခါးအပိတ် (သစ်ကောင်းအိမ်)

တံခါးတချပ်ပြီး တံခါးတချပ် 
အခန်းတခန်းပြီး အခန်းတခန်း 
သုံ့ပန်းတယောက်ပြီး သုံ့ပန်းတယောက် 
ဧကရာဇ်တပါးပြီး ဧကရာဇ်တပါး 
စစ်ပွဲတပွဲပြီး ငြိမ်းချမ်းရေးတဆူ 
ငြိမ်းချမ်းရေးတဆူပြီး စစ်ပွဲတပွဲ 


ရှေ့လုပ်ငန်းစဉ် ... (ကာတွန်း အောင်မော်)


Thursday, February 27, 2014

သူ့ကို ခလုတ်တိုက်သွားသူတွေအားလုံးကို သတိရနေတဲ့ “ဘိုး ပိန်” (ခန့်အောင်)

မနေ့က ကျနော် နဲ့ ကိုလွမ်းဏီ၊ အဘကို သွားကြိုတယ်။ တလမ်းလုံး သူနဲ့ ကိုလွမ်းဏီ ဟိုရောက် ဒီရောက် စကားတွေ ပြောလာကြတယ်။ ကျနော်နဲ့ စကားမပြောဖြစ်ဘူး။ ကိုလွမ်းဏီအိမ်ရောက်တော့မှ အဘ ကျနော့်ကို မှတ်မိလား မေးလိုက်တော့မှ အဘ က မြင်တော့ မြင်ဖူးသလိုပဲကွ ဒါနဲ့ မင်းက ဘယ်သူတုန်းတဲ့၊ နာမည်ပြောလိုက်တော့မှ “မသာရဲ့ ငါလုပ်လိုက်ရ သေတော့မယ်၊ စောစောက ဘာလို့မပြောတုန်း” တဲ့ ဘပိန်တို့က တွေ့လိုက်တာနဲ့ အဲလိုမျိုး။

သူ သတိတရနဲ့ စမေးတာက လူ့ဘောင်သစ်က အရှည်ကြီး ထွန်းထွန်း အဲဒီကောင် ဘယ်ရောက်နေလဲတဲ့ US မှာလေလို့ ဖြေလိုက်တယ်။ ဟေ့ စိုးငြိမ်းကြီး အမေရိကားရောက်ပြီး ဘာမှ မကြားရပါလားတဲ့၊ ဒါနဲ့ အောင်လေးတကောင် ရောတဲ့၊ သူက အမေရိကား VOA မှာ မင်းသားလုပ်နေတယ်လို့ ပြောလိုက်တော့ ဖြစ်မယ် ဖြစ်မယ် ဒီကောင်က တဲ့၊ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောတယ်။ ချက်ချင်းဆိုသလိုပဲ ဘပိန်က ပြောနေတဲ့စကားဝိုင်းနဲ့ ဘာမှမဆိုင်တော့သလို တနေရာကို ငေးပြီး တွေးနေတယ်။


Wednesday, February 26, 2014

စားကျက်မြေနဲ့ သမ္မတကြီးပြောတဲ့ နွားနို့ (ဇော်မင်း)

မှတ်မိနေတဲ့ကိစ္စတခု ရှိပါတယ်။ အဲဒါက ဘာတုန်းဆိုတော့ ၂ဝ၁၂ ခုနှစ် သြဂုတ်လအတွင်းက လွှတ်တော်မှာ စားကျက်မြေကိစ္စနဲ့ပတ်သက်လို့ အပြန်အလှန် ငြင်းခုံဆွေးနွေးတာတွေ ဖြစ်ခဲ့ပါတယ်။ အဆိုတင်တဲ့ဘက်က မြန်မာနိုင်ငံဟာ နောင်မှာ စက်မှုနိုင်ငံတော်အဖြစ် တည်ဆောက်တော့မှာမို့ စားကျက်မြေဆိုတာ လိုအပ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် စားကျက်မြေတွေကို လယ်ယာမြေအဖြစ် အသွင်ပြောင်းဖို့နဲ့ စက်မှုဇုံတွေအဖြစ် အသွင်ပြောင်းဖို့ လိုအပ်တယ်လို့ တင်ပြလာပါတယ်။ အဲသလို တင်ပြလာတဲ့အဆိုဟာ ဆွေးနွေးဖို့တောင် မလိုအပ်ဘူးလို့ ကန့်ကွက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကန့်ကွက်တဲ့ဘက်က ရှုံးနိမ့်သွားတဲ့အတွက် ဒီအဆိုဟာ လွှတ်တော်အတွင်းမှာ မပြီးပြတ်သေးဘဲ ဆက်လက်ဆွေးနွေးဖို့ ရှိလာပါတယ်။ 

စားကျက်မြေတွေကို အသွင်ပြောင်းဖို့ တင်ပြလာတဲ့သူတွေကို မေးခွန်းတခု မေးလိုပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံဟာ နောင်မှာ စက်မှုနိုင်ငံတော်အဖြစ်သွားတော့မယ်ဆိုတာ ဘယ်ကာလ ဘယ်နှစ် အပိုင်းအခြားကိုဆိုလိုသလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဘယ်အချိန် ဘယ်ကာလရောက်ရင် ကျွဲနွားကို သုံးစရာမလိုတော့ဘူးလို့ အတိအလင်း တင်ပြတာမျိုးကိုတော့ မတွေ့ရပါဘူး။ ပကတိအခြေအနေအတိုင်း ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ အခုအထိ လယ်ယာစိုက်ပျိုးရေးကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်နေတုန်းပါပဲ။ လယ်ယာစိုက်ပျိုးရေးမှာလည်း ကျွဲနွားကို အခြေပြုပြီး စိုက်ပျိုးနေရဆဲ တိုင်းပြည်လည်း ဖြစ်ပါတယ်။ ကျွဲနွားကို အခြေပြုထားရဆဲဖြစ်တာကြောင့် ကိုယ်ခိုင်းစားရတဲ့ ကျွဲနွားတွေကို ကောင်းကောင်းမွန်မွန် ကျွေးမွေးဖို့လည်း တဖက်မှာ လိုလာပြန်ပါတယ်။ အဲဒါကြောင့် ကျွဲနွားတွေကို အစာကျွေးဖို့အတွက် စားကျက်မြေဆိုတာ မရှိမဖြစ်လိုအပ်နေသေးတယ်ဆိုတာ မမေ့သင့်ပါဘူး။ 


Tuesday, February 25, 2014

ဟယ်ရီလင်းရဲ့ မေးခွန်းများ (သစ်ကောင်းအိမ်)

လက်နှစ်ဖက်ဟာ 
လူသတ်လက်နက်တွေကို 
ကိုင်ဆောင်ခွင့်မရှိ... 
လက်နက်ကိုင်တဲ့လက်တွေကို 
ဖြတ်ပစ်ဖို့ 
ဓားစက်ကြီးတခု ရှိသင့်လား... 

စာရောင်းသမားတွေ အလိုမရှိ 
ခိုဖမ်းသူတွေ အလိုမရှိ 
ငါးဖမ်းသူတွေ အလိုမရှိ 
သက်စေ့လွှတ်သူတွေ အလိုမရှိ 
သတ္တဝါချင်း ဖမ်းဆီးချုပ်နှောင်ထားတဲ့ 
အဲဒီရာဇဝတ်ကောင်တွေကို 
သိုလှောင်ထားဖို့ 
အကျဉ်းထောင်တွေ ရှိသင့်သလား 


အိမ်ထဲမှာ မြွေဝင်နေတယ် (ကိုညို)

အယုဒ္ဒ္ဒယ၊ ဘုံဘေနဲ့ ဂေါ်ဒရာ အဓိကရုဏ်းသင်ခန်းစာ 

အချိန်-၁၉၉၂၊ ဒီဇင်ဘာလ ၆ ရက် ညနေ။

နေရာ-အိန္ဒိယနိုင်ငံ၊ အူတာပရာဒါခ်ျပြည်နယ်၊ ဖိုင်ဇာဘတ်မြို့နယ်၊ အယုဒ္ဒယမြို့။ 

ထောင်နဲ့ချီတဲ့လူထုကြီးဟာ မွတ်စလင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေဟစ်အော်ပြီး အေဒီ-၁၆ ရာစု (၁၅၂၈ ခုနှစ်) မဂိုအင်ပါယာခေတ်ကတည်းက ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ထားတဲ့ ဘာဘရီဗလီကျောင်းတော်ရာဝင်းကြီးကို ဝန်းရံထားတယ်။ တုတ်၊ ဓားနဲ့ ပေါက်ချွန်း၊ ပုဆိန်၊ ရဲဒင်း ကိုယ်စီကိုင်ထားတဲ့ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက ဗလီကြီးနဲ့ အုတ်နံရံတွေကို စိတ်ရှိလက်ရှိ ထုထောင်းဖြိုဖျက်နေကြတယ်။ အယုဒ္ဒယမှာနေထိုင်တဲ့ မွတ်စလင်တွေကလည်း ရရာလက်နက်ကိုင်ဆွဲပြီး ဟိန္ဒူအစွန်းရောက်တွေကို တန်ပြန်တိုက်ခိုက်ပါတယ်။ တရံတခါတုန်းက ရာမမင်းဆက် အုပ်စိုးခဲ့ရာ အယုဒ္ဒယမြို့ ရာမရဏ တိုင်းဌာနီမှာ အမုန်းတရားတွေနဲ့ ဘာသာရေးပဋိပက္ခမီးကြီး အရှိန်တညီးညီးနဲ့ တောက်လောင်နေပါတယ်။ 


Monday, February 24, 2014

ထိုမြို့ကလေးကို မေ့နေခဲ့သော အပြေးသမား ... (ဆောင်းလူ)

ထိုမြို့ကလေးသည် ... ခုတော့ ... 
တမာတွေ ဝေလို့ အဖူးအညွှန့်တွေတောင် ဥနေပါရော့။ ထိုမြို့ကလေးနှင့်အတူ ... ဤအချိန် တမာစိမ် ချဉ်ချဉ်ခါးခါးကို မေ့လိုက်သည့် ဖြစ်ခြင်း ..။ တမာနဲ့တွဲလို့ ကိုင်းထွက် ... မြေပုံသီး ငါးပိချက်ကို ပိုမေ့လိုက်သည့် ဖြစ်ခြင်း။ မျှင်ငါးပိစိမ်းစားခပ်၊ မိုးမျှော်ငရုတ် ရောယှက်ထားပြီး မြေအိုးနှင့်ချက်သည့် ငါးပိချက်နှင့်အတူ ထိုမြို့ကလေးကို မေ့မိလိုက်သည့် ဖြစ်ခြင်း ...။ 

မေ့ခြင်းတရားတို့သည် ... 
ပို၍ ပို၍ ... 
ပို၍ ပို၍နှင့်အတူ ထိုမေ့ခြင်းတရားတို့သည် ... 
ထို့ထက် ပို၍ ပို၍ ... 

ထိုမြို့ကလေးတွင် နွေနေအောက်မှာ ကိုင်းနံ့သင်းသည့် မြေပုံသီးတို့ ပွတ်ခဲနေပေလိမ့်မည်ကို မေ့နေခဲ့ပြီ ...။ မြင့်ခေါင် မြင့်မား တမာပင်တို့သည်ပင် ... နွေလေရူးရူးအောက်မှာ ... ကျီစယ်သမှုအောက်တွင် ယိမ်းနွဲ့နေဦးမည်ကို မေ့နေခဲ့ပြီ ...။ 


စေတနာ ... (ကာတွန်း ဝင်းအောင်)


Thursday, February 20, 2014

ပါရမီဖြည့်ဖက် (သုခမိန်လှိုင်)

မာရ်နတ်ကိုပင် 
ဖက်နမ်းချင်ပြီ 
အသင် ပါရမီဖြည့်နိုင်လွန်းတကား။ 

Wednesday, February 19, 2014

ဧရာဝတီ ငို၍ပြောသည် (၂) - ကိုညို

တိမ်တိုက်တွေရဲ့အဆုံး xxx အနောက်ဘက်ရှုခင်း xxx မိုးကုပ်တနေရာမှာ xxx နေရောင်တချို့ရှိနေသေး ရဲ့ xxx) 

လွန်ခဲ့တဲ့ ၁၉၇၀ နှောင်ပိုင်းက ပန်းချီဆရာ အဆိုတော် ခင်ဝမ်း ပန်းချီဆန်ဆန် အရောင်တွေနဲ့စပ်ဆိုထားတဲ့ ဧရာဝတီ သီချင်းလေးဟာ လူငယ်တွေပါးစပ်ဖျား ရေပန်းစားခဲ့ပါတယ်။ ဆေးရောင်စုံတွေ သဘာဝအလှရှုမြင်ကွင်းတွေနဲ့ ပန်းချီကားတချပ်ကို ကြည့်ရသလိုပဲ ခံစားရတဲ့အခါ ရှေးတုန်းက ဧရာဝတီဟာ ဒီကနေ့အချိန်မှာ လူသားတွေရဲ့ ပယောဂကြောင့် သင်္ခါရတရားဆန်ဆန်ပဲ ပြောင်းလဲသွားလိမ့်မယ်လို့ ကြိုမတွေးမိခဲ့ပါဘူး။ ကြည်လင်သန့်ရှင်းပြီး တည်ငြိမ်ရင့်ကြက်မှု့နဲ့ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ဧရာဝတီရဲ့ ခမ်းနားတဲ့ အသွင်အပြင်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်လာနေပါပြီ။ 

ဧရာဝတီမြစ်ရေသောက်ပြီး ဧရာဝတီမြစ်ကမ်းနားဘေးမှာ နေထိုင်ကြီးပြင်းလာတဲ့ စာရေးဆရာ ဦးကျော်ရင်မြင့်က ဒီကနေ့ ဧရာဝတီရဲ့ အခြေအနေကို စိတ်မချမ်းမြေ့စရာမြင်ကွင်းတွေနဲ့အတူ ပြောပြပါတယ်။ 

“ကျနော်တို့ငယ်ငယ်က ဧရာဝတီဟာ ရေစီးရေလာကောင်းတယ် ရေကြည်တယ်။ နောက်တခါ ဧရာဝတီမြစ်ရေကို သောက်ပြီးတော့မှ ကြီးပြင်းခဲ့ရသူတွေပါ။ ဒီနေ့ဒီအချိန်ခါမှာ ကျနော် ဘဝင်မြင့်တာ မဟုတ်ပါဘူး၊ ကျနော် ဧရာဝတီမြစ်ရေကို မသောက်ရဲတော့ပါဘူး။ ဘာကြောင့်လဲလို့မေးလို့ရှိရင် မြစ်ထဲမှာ စက်မှုလက်မှု ဓာတုပစ္စည်းတွေ အကန့်အသတ်မရှိ စွန့်ပစ်နေတာ လူတိုင်း သိပါတယ်။ အဝတ်အထည်၊ ကြံချက်စက်ရုံတွေ၊ အရက်ချက်စက်ရုံတွေ၊ မက်သနောဆီချက်တဲ့စက်ရုံက စွန့်ပစ်ပစ္စည်းတွေ ရှိတယ်။ နောက်တခါ ရွှေကျင်တဲ့ လုပ်ငန်းတွေကနေပြီးတော့ ပြဒါးတွေ ဆိုင်ရာနိုက်ကို မသုံးရတော့ဘူးလို့ သတ်မှတ်ထားပေမယ့် ဆိုင်ရာနိုက်နဲ့ ရွှေတူးဖော်နေတာတွေလည်း ရှိနေသေးတယ်လို့ ပြောတဲ့သူတွေကလည်း ပြောနေပါသေးတယ်။ 


မပြောင်းလဲသေးတဲ့ အောက်ခြေလူတန်းစားဘဝ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၅ နှစ်ကြာမှ ပြန်ရောက်ရှိခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဇော် နဲ့ ၁၅ နှစ်ကြာမှ ပြန်ရောက်ခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သူ မခင်ဖြူထွေးတို့ကို သူတို့ မြန်မာနိုင်ငံရောက်ရှိချိန် တွေ့မြင်ခဲ့ရတဲ့ အောက်ခြေလူတန်းစား လူ့အဖွဲ့အစည်း၊ လူငယ်များရဲ့ လူမှုဘဝ အခြေအနေ၊ အကြောင်းအရာများကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ကိုဇော်ဇော် ခင်ဗျား၊ မြန်မာနိုင်ငံရဲ့ သာမန်ဆင်းရဲသား အောက်ခြေလူအဖွဲ့အစည်းမှာ ထူးခြားတဲ့ ပြောင်းလဲမှုအနေနဲ့ ဘာတွေ့ခဲ့ရသလဲ ခင်ဗျား။ 

ကိုဇော်ဇော် ။ ။ ဘာမှထူးထူးခြားခြား ပြောင်းလဲလာတာတော့ မတွေ့ရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရပ်ကွက်တွေက ဒီပတ်ဝန်းကျင်တွေမှာ လူငယ်တွေ၊ အလုပ်သမားလူတန်းစားတွေက အရင့်အရင်အတိုင်းပဲ ရုန်းကန်နေရဆဲ၊ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြဆဲဖြစ်တယ်။ နောက်တခုက လူငယ်တွေဆိုရင်လည်း အခုအချိန်အထိ ပညာမဲ့၊ အလုပ်လက်မဲ့၊ မရေမရာ ဘဝတွေနဲ့ ရပ်တည်နေတာကို တွေ့ရတယ်။ 

ဦးကျော်ဇံသာ ။ ။ ဆိုတော့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တာဝန်ရှိတဲ့ လူတွေအနေနဲ့ ဒီလူတန်းစားတွေရဲ့  ဘဝအဆင့်အတန်း မြှင့်မားရေးအတွက်ဆိုပြီးတော့ သီးသီးသန့်သန့် လုပ်ပေးနေတဲ့ကိစ္စတွေကို တွေ့ခဲ့ရပါသလား။ 


Tuesday, February 18, 2014

မိဂသမ္ပဒါ မြစ်ကမ်းပါးမှာ (မောင်အောင်ပွင့်)

လူဟာ 
ကြိုးစင်ပေါ်အတက် 
ဗွက်အိုင်လေးကို ရှောင်သွားရဲ့ 
လူဟာ 
သူ့မိသားစုဝင်တိုင်းရဲ့ ခြေသံဘယ်သူဆိုတာ 
အိပ်ရာထဲက အတိုင်းသားသိရဲ့ 
ဘဝခုံမင်စိတ်ဟာ တိတ်တိတ်တွယ်ကုပ်တယ် 
သစ်မြစ်မှာ ကာလသုံးပါး အမျှင်တန်းတန်း။

မြားက 
လက်ယာနံပါးကနေ လက်ဝဲနံပါးကို ထုတ်ချင်းပေါက်တာတောင် သုဝဏ္ဏသျှမ်ရယ် သွေးပွက်ပွက်အန်တဲ့ကြားက 
ငါ့မှာ ရန်သူမရှိ၊ အမိအဖတို့မှာလည်း ရန်သူမရှိတဲ့ 
ရန်သူမရှိ မိတ်ဆွေသာရှိတယ် 
မုန်းသူမရှိ ချစ်သူသာရှိတယ်တဲ့။ 


ကြီးသန်း (နိုင်ငံရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူ) - ခင်ငြိမ်းသစ်

ပန်းချီ အနုပညာကို မြတ်နိုးတတ်တဲ့ ကိုသန်းတင်ဟာ မန္တလေးက ပန်းချီဆရာ ကိုချမ်းအေးရဲ့ ပန်းချီကားတွေကို မက်မက်စက်စက် ကြိုက်နှစ်သက်ပါတယ်။ ပန်းချီဆိုတာက ကိုယ့်ရဲ့ခံစားမှုကို တခြားလူထံ ပုံဖော်မျှဝေနိုင်တဲ့ ပေါင်းကူးတခုအဖြစ် ကိုသန်းတင်က ရှုမြင်ပါတယ်။ အဲဒီလိုပါပဲ၊ မတရားမှုတွေကို ဆန့်ကျင်တာဟာ တရားမျှတမှုကို ပုံဖော်နိုင်ဖို့ ပြည်သူတွေထံ မျှဝေတာလို့ ခံယူထားတဲ့ ကိုသန်းတင်ကို သူ့မိခင်အဖွဲ့ကလူတွေက ကြီးသန်း လို့ ချစ်စနိုး ခေါ်ကြပါတယ်။ ကြီးသန်းဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြဲစဉ်းစားနေတတ်သူတဦးဖြစ်လို့ သူဟာ လူငယ်တွေရဲ့အခန်းကဏ္ဍကို အလေးအနက်လည်းထားတဲ့သူပါ။ 

စစ်တွေထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ကြီးသန်း ကျန်းမာရေးအခြေအနေ အရမ်းစိုးရိမ်စရာကောင်းနေတယ်လို့ ကြားရတော့ ကျမတို့လင်မယားလည်း စိုးရိမ်နေပါတယ်။ ကြီးသန်းဟာ ကျမတို့လင်မယားအတွက် အကိုကြီးလည်းဖြစ်သလို၊ ယုံကြည်အားထားရတဲ့ တော်လှန်ရေးမိတ်ဆွေလည်း ဖြစ်လို့ပါပဲ။ 

ကြီးသန်းက တောင်ဥက္ကလာပမှာ နေပါတယ်။ ၁၉၈၈ ခုနှစ်က တောင်ဥက္ကလာမှာ တော်လှန်ရေးအင်အားစု အများကြီး အထိုင်ချကြပါတယ်။ အဲဒီလိုအထိုင်ချတဲ့ တော်လှန်ရေးအင်အားစုထဲမှာ ကြီးသန်းလည်း ပါပါတယ်။ အဲဒီတုန်းက ကျမတို့ BYLF နဲ့ မကဒ အဖွဲ့ တွေ့ဖို့ရှိပါတယ်။ တူတာတွေကို ပေါင်းလုပ်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ကျမတို့တွေ တံတိုင်းမွှေးအိမ်မှာ တွေ့ခဲ့ကြပါတယ်။ ကျမတို့ဘက်က ကျမ၊ အေးကျော်၊ ကိုလှဟန်တို့နဲ့ မကဒဘက်က တံတိုင်းမွှေး၊ ကြီးသန်း၊ စောလင်း(ခ)ညီစော (ကွယ်လွန်) တို့နဲ့ တွေ့ခဲ့ပါတယ်။ ကြီးသန်းက အသားညိုညို၊ လူပုံက ပိန်ပိန်သွယ်သွယ်၊ မျက်နှာထားကတည်တော့ ကျမ သူ့ကို စကားမပြောဘူးသေးခင်က နည်းနည်းတော့ လန့်တာပေါ့။ စကားပြောဖူးသွားတော့ မလန့်တော့ဘူး။ သူက ရည်မွန်ပြီး တည်တည်ငြိမ်ငြိမ် ရှိပါတယ်။ နိုင်ငံရေးကိုပဲ အာရုံစူးစိုက်ထားပြီး လူကြီးဆန်ဆန်ပဲ ကျမတို့နဲ့ ဆွေးနွေးပါတယ်။ 


ဧရာဝတီ ငို၍ပြောသည် (၁) - ကိုညို

ဧရာဝတီ ငို၍ပြောသည် xxx အမေအို ငို၍ပြောသည် xxx မျက်ရေချောင်းစီး xx မြစ်ကြီးနဒီ xx 

၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း အငို အရှိုက်ပိုင်ပိုင်နဲ့ အဆိုတော် ဒေါ်မာမာအေးရဲ့ သီချင်းလေးဟာ ဒီကနေ့အထိ နားထောင်လို့မငြီးနိုင်အောင်ပါပဲ။ 

၁၉၉၄ ခုနှစ်က စာရေးသူ အပါအဝင် မြန်မာကျောင်းသားလူငယ်များနဲ့အတူ မန္တလေးမြို့က နာမည်ကြီး ပန်ချီဒီဇိုင်းဆရာ စစ်ငြိမ်းအေးတို့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မြန်မာ့အရေး အိန္ဒိယပြည်သူတွေသိစေဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးတိုက်ပွဲလို့ နာမည်ပေးထားတဲ့ ပန်းချီပြပွဲတခု လုပ်ခဲ့ပါတယ်။ ပန်းချီဆရာ စစ်ငြိမ်းအေးက အဆိုတော် မာမာအေးရဲ့ သီချင်းစာသားလေးဖြစ်တဲ့ “ဧရာဝတီ ငို၍ပြောသည်” ဆိုတာကို ခေါင်းစဉ်အဖြစ်သုံးပြီး ဧရာဝတီမြစ်ပြင်ပေါ် ရွက်လွှင့်နေတဲ့ လှေတစင်းကို ရေးဆွဲထားတာပါ။ ဆည်းဆာညနေအရောင်က တည်ငြိမ်တဲ့ ဧရာဝတီရေပြင်အပေါ် သွေးနီရောင် ဟတ်ထင်ပြီး မိုးသားတွေက ညှို့မှိုင်းကာ ပြိုကျတော့မယ့်ပုံပါ။ မြန်မာပြည်ရဲ့ အမှတ်သင်္ကေတတခုလိုဖြစ်နေတဲ့ ဧရာဝတီရဲ့ ပူဆွေးသောကတွေကို နမိတ်ပုံဖွဲ့ရေးထားတာပါ။ ပြပွဲလာ အိန္ဒိယနိုင်ငံသားအများရဲ့ အာရုံစိုက်မှုခံရတဲ့ ပန်းချီကားတချပ်လည်း ဖြစ်ပါတယ်။ 


Monday, February 17, 2014

တနေ့တခြား (ဆောင်းလူ)

တနေ့တခြား ... သူ့မှာ .... ကိစ္စတွေ များများလာတယ် ... 
တနေ့တခြား ... သူ့မှာ .... သောကတွေ များများလာတယ် ... 
တနေ့တခြား ... သူ့မှာ .... ဒေါသတွေ ပွားပွားလာတယ် ... 
တနေ့တခြား ... သူ့မှာ .... လောဘတွေ ပွားပွားလာတယ် ...။ 

ဒီလို ... တနေ့တခြား ... တနေ့တခြားနဲ့ ... သီအိုရီတွေ သိက္ခာမဲ့လာတဲ့အဖြစ် ...။ 
ဒီတနေ့တခြားထဲမှာပဲ ... သက်ရှိတွေ သီလပျက်လာတဲ့ အဖြစ် ...။ မထူးဇာတ်ခင်းခြင်းတွေနဲ့အတူ ... တနေ့တခြားတွေ ထူထပ်လာတယ် ...။ 

ကျန်ခဲ့တဲ့ ... တနေ့တခြားဟာ အိနြေ္ဒရှိသလောက် ... ဒီကနေ့ တနေ့တခြားဟာ ... ပျံ့တန်တန် ... နန့်တန့်တန့် ... ကလက်တက်တက် မျက်နှာပေးမှာ ... ပျော်မွေ့လာတယ် ...။ 


ဘုရား (သစ်ကောင်းအိမ်)

ဘုရားဆိုတာ ကြောက်ရွံ့မှုရဲ့ သန္ဓေသား 
လူဖန်ဆင်းတဲ့ ချာတိတ်တယောက် 
ပန်းပုဆရာရဲ့ အနုပညာ... 

လူရွှန်းရဲ့ 
စိတ္တဇဒိုင်ယာရီထဲ 
လမင်းကို မမြင်ရတာ 
အနှစ် ၃၀ ကြာပြီ... တဲ့ 

ဘုရား 
ခင်ဗျားကို 
နားကြားမြင်ကပ်ခဲ့တာ 
၄၁ နှစ်ကျော်ကြာပြီ 

မင်းတို့ဗုဒ္ဓကို ငါ မယုံဘူး 
မင်းတို့ခရစ်တော်ကို ငါ မယုံဘူး 
မင်းတို့မို့ဟာမက်ကို ငါ မယုံဘူး 


Sunday, February 16, 2014

ပျက် (မင်းသိုက်)

ဗမာပြည်ကြီး ပျက်သုဉ်းတာ ... စစ်အစိုးရ သောက်သုံးမကျလို့၊ ချိတ်ထမီဝတ်တွေ သောက်သုံးမကျလို့ လိမ်ညာကြံဖန်လှည့်ဖျားနေလို့ ... အစရှိသဖြင့် အလွှတ်တွေ မွှတ်နေအောင် မြင်နေ တွေ့နေ ဖတ်နေရတာ အများသားကလား။ 

ကျုပ်တို့ကတော့ သဘာဝအလှတရား ကိုးကွယ်တတ်သူမို့ ... မဟာရန်ကုန်ရွှေမြို့တော်ကြီးကို စနစ်တကျ ခေတ်အဆက်ဆက်ဖျက်ခဲ့တဲ့ တစ်နံပတ်တရားခံတွေအကြောင်း အွန်လိုင်းပေါ် ထူထူထဲထဲ ရေးသူ ဖွသူ ပွသူ မတွေ့ရသလောက်ပဲ။ 


ဒါပဲ... ... မင်းလဲ (ကာတွန်း ဟန်လေး)


Saturday, February 15, 2014

မုန်းသူများနေ့ ရှင်းတမ်း (သစ်ကောင်းအိမ်)

ကျနော့်ကိုယ်ပိုင် ပြက္ခဒိန်ထဲတွင် 
ဖေဖော်ဝါရီ ၁၅ သည် 
မုန်းသူများနေ့ဖြစ်ပါသည်။ 

အဘယ်ကြောင့်ဆိုသော် 
အချစ်နဲ့ အမုန်းသည်ကား 
ပဲနိစ်ပြားတပြားပေါ်မှ 
သမ္မတရုပ်ပုံနှင့် တဖက်ခြမ်းကဲ့သို့နှင့် 
ဒေါ်ချိုပြုံးသီဆိုသော သီချင်းတပုဒ်ထဲမှ 
ဇန်နဝါရီလကလေးနဲ့ ဖေဖော်ဝါရီလကလေးများလို
ကျောချင်းကပ်နီးပေမယ့် တသက်လုံးကွာဝေးဟု ဆိုသလို 

ကျနော့်၏ ပြန်မတွေ့နိုင်တော့သောအမေနှင့် 
ကျနော့် နို့ထိန်းသည် တာယန်ဟေးများ 
ကျနော်၏ ပြန်မကြားနိုင်တော့သော 
အမှတ် ၁ အထကမှ ခေါင်းလောင်းထိုးသံများ 
သစ်ညိုပင်ကြီးတပင်၏ ခြေရင်းရွက်ကြွေတောအုပ်အောက်မှာ
ဖျောက်ဖျက်ခံလိုက်ရသော နှင်းဆီရနံ့လို ချိုအီသော 
သူမ၏ ရယ်သံလွင်လွင်များ... 


Thursday, February 13, 2014

အလှမ်းဝေးနေသေးတဲ့ စစ်မှန်ငြိမ်းချမ်းသော ပြည်ထောင်စု

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပလာကြတာ ဒီကနေ့ဆိုရင် ၆၇ ကြိမ် ပြည့်မြောက်ခဲ့ပါပြီ။ တိုင်းရင်းသားပြည်သူတွေလိုလားတဲ့ စစ်မှန်ငြိမ်းချမ်းသော ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတာတော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးခေါင်းဆောင်တွေ မှန်းမျှော်ခဲ့ကြတဲ့ Unity in Diversity ဆိုတဲ့ မတူကွဲပြားမှုထဲက စည်းလုံးညီညွတ်ရေးဆိုတာလည်း အကောင်အထည် ပေါ်မလာခဲ့ပါဘူး။ ဒါဟာ သမိုင်းမှာ ဘာမှားခဲ့လို့လဲ။ ရှေ့အလားအလာ ဘယ်လိုလဲဆိုတာကို ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ သမိုင်းပညာရှင် ဦးထွန်းအောင်ချိန် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ကျနော် ပထမဦးဆုံး မေးချင်တဲ့ မေးခွန်းကတော့ မြန်မာနိုင်ငံမှာ ပြည်ထောင်စုအနေနဲ့ လုပ်မယ်ဆိုပြီးတော့ လွတ်လပ်ရေး မယူခင်ကတည်းက ပင်လုံ သဘောတူညီချက် ရခဲ့ကြတယ်။ ဒါပေမယ့် အခုအချိန်အထိ တိုင်းရင်းသားတွေ၊ ပြည်သူတွေ မျှော်မှန်းသလို ဖြစ်မလာသေးပါဘူး။ အဲဒါ ဘယ်လိုကြောင့်လဲ။ ကျနော်က သမိုင်းမှာ ဘယ်လို အဖြေပြန်ရှာပြီးတော့ ကြည့်လို့ရသလဲ။ 

ဥပမာအားဖြင့် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုဖြစ်မယ့် ပါဝင်မယ့် component parts တွေရဲ့ integrate ဖြစ်လာတဲ့ mode of integration မှားသလား။ တနိုင်ငံတည်းက လက်ဝါးကြီးအုပ်ပြီးတော့ စစ်ရှုံးတဲ့နိုင်ငံတွေအဖြစ် သိမ်းပိုက်ခဲ့ ဆက်ဆံခဲ့တဲ့ စိတ်ဓာတ်များ ပါလာသလား။ ကျနော် ဘာကြောင့်စဉ်းစားမိသလဲဆိုတော့ အမေရိကန်ပြည်ထောင်စုဆိုရင် Thirteen colonies က တယောက်ကိုတယောက် သိမ်းပိုက်တာ မဟုတ်ဘဲနဲ့ သူတို့ဆန္ဒအလျောက် အလိုလိုပေါင်းစည်းဖို့ ဆွေးနွေးလာခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘာကြောင့်များ အဲဒီလို ဖြစ်ခဲ့ပါသလဲ ဆရာ။ 


Wednesday, February 12, 2014

Gun by Gun (ကာတွန်း ဟန်လေး)


ဒဏ်ရာတွေနဲ့ မပေကျံစေနဲ့ (ကိုညို)

ကလေးတိုင်းဟာ... ချစ်ခြင်းမေတ္တာလိုအပ်တယ် 
အထူးသဖြင့်... 
ချစ်မွှေးမပါ၊ 
မေတ္တာထားစရာ မကောင်းတဲ့ 
ကလေးတွေက 
ချစ်ခြင်းမေတ္တာ ပိုမိုလိုအပ်တယ်။ 

(အမည်မသိ နော်ဝေးစာဆို) 

ရင်ဘတ်အနာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာလေးတွေ ဖျက်ခံရတဲ့ သတင်းဓာတ်ပုံတွေနဲ့အတူ မျက်နှာသေလေးတွေနဲ့ ကလေးငယ်တွေရဲ့ပုံတွေပါ မြင်လိုက်ရတော့ လူတော်တော်များများ ကျနော့်လိုပဲ စိတ်ထိခိုက်ခံစားရမယ် ထင်ပါတယ်။ မကြာခဏလိုလို မြန်မာပြည်ဆိုင်ရာ ပဋိပက္ခ သတင်း၊ သဘာဝဘေးရန် သတင်း၊ ပညာရေးဆိုင်ရာနဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ သတင်းတွေမှာ ကလေးငယ်တွေအကြောင်းပါ ကျွဲကူးရေပါလို ပါလာတတ်ပါတယ်။ အဲဒီအခါတိုင်း ကျနော်တို့ ပြည်ပရောက်တွေမှာ စိတ်မကောင်းဖြစ်ရပါတယ်။ ကာယကံရှင်တွေတော့ ဆိုဖွယ်ရာမရှိပေါ့။ 

ဒီကလေးတွေမှာ စိတ်ဒဏ်ရာတွေ စွဲငြိနေမှာတော့ အသေအချာပါပဲ။ ဒါဆို သူတို့ဘဝ၊ သူတို့စိတ်ဓာတ်၊ သူတို့ အတွေးအခေါ်၊ သူတို့အနာဂတ် ပြီးတော့ နိုင်ငံရဲ့အနာဂတ် ကံကြမ္မာကြီးကရော ဘယ်လိုဖြစ်သွားနိုင်သလဲ... တနံတလျှားကြီးတွေးမိပြီး ကျနော် ကျောချမ်းသွားပါတယ်။ ဒါဟာ စိုးရိမ်တကြီးနဲ့ အလေးအနက်တွေးရမယ့် တိုင်းပြည်ရဲ့ကြီးမားတဲ့ အနာဂတ်ပြဿနာပါ။ ဒီကလေးတွေက သူတို့ကြီးပြင်းလာတော့မယ့် အနာဂတ်အထိ ဆက်လက် နေထိုင်ရအုံးမှာပါ။ 


ကန့်ကွက်တယ်တဲ့လား (ထွန်းဝင်းငြိမ်း)

အင်အားကို
အင်အားကသာ
လေးစားကြတယ်။

အင်အားမဖြစ်သူတွေရဲ့
ညီညွတ်ရေးကို
ဘယ်သူတွေက
လေးစားခန့်ညားကြမှာပါလဲ။

ဆိုလက်စ သီချင်းကို
လက်စသတ်ကြရအောင်
“ညီညွတ်ရေးနဲ့
အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရေတပြင်တည်း” ... ပေါ့။


Tuesday, February 11, 2014

ဘွာတေး ... (ကာတွန်း ဟန်လေး)


အဖြူရောင်တိုင်းပြည် ရေခဲလမ်းက အတွေးစများ (ကိုညို)

မြင်မြင်သမျှအရာရာဟာ ဖြူဖွေးနေတာပဲ။ အားလုံးကို အဖြူရောင်တွေ လွှမ်းနေလိုက်တာ။ ကြည့်လေ... တောင်တွေကလည်း အဖြူ၊ သစ်ပင်တွေလည်း တကိုယ်လုံးဖြူ၊ အိမ်တွေလည်း အဖြူ၊ လမ်းတွေလည်း ဖြူ၊ လမ်းဘေးမှာရပ်ထားတဲ့ ကားတွေတောင်မှ အဖြူရောင်ဂွမ်းပုံကြီးနဲ့ ဖုံးနေသလိုပဲ။ အော်… … လူတွေကလည်း အဖြူတွေကိုး။ အရပ်ရှစ်မျက်နှာ အဖြူ။ အရာရာဟာ အဖြူ။ ဒီလိုဖြူဖွေးနေတဲ့ မြင်ကွင်းမျိုး၊ ဒီရောက်မှ တွေ့ဖူးတာ။ ရောက်ခါစက ဒီတိုင်းပြည်ဟာ ဒီလောက် ဖြူဖွေးလိမ့်မယ်လို့ မတွေးမိဘူး။ 

ရုပ်ရှင်တွေထဲမှာတော့ ဒီလို အဖြူရောင်နှင်းတွေ၊ ရေခဲတောင်တွေ၊ နှင်းမိုးဖွဲဖွဲတွေ ကြည့်ဖူးတယ်။ ခုဟာက ရုပ်ရှင်ထက် လှနေတဲ့မြင်ကွင်း။ ဒီလိုနှင်းတွေကိုလည်း တခါမှ မမြင်ဖူးဘူး။ သစ်ကိုင်း၊ သစ်ခက်တွေပေါ် ပန်းဝတ်မှုန်တွေလို နူးညံ့ပြီး အဆုတ်လိုက် အဆုတ်လိုက် မေးတင်နေတဲ့ ဖြူလွလွနှင်းထုလေးတွေအပေါ် လိမ္မော်ရောင် နေခြည်နုနုလေးကလာထိတဲ့အခါ နှင်းဂွမ်းပုံလေးတွေဟာ ရွှေရောင်တောက်ပြီး တလက်လက်နဲ့ ရက်ရက်စက်စက် လှနေတယ်။ တောင်ကုန်းမို့မို့လေးအတိုင်း ဦးတည်နေတဲ့ တောလမ်းသွယ်လေးဟာ ဖြူဖွေးနုအိနေတဲ့ နှင်းမွမွလေးတွေဖုံးနေတာ ခြေနဲ့နင်းရက်စရာ မရှိ။ 


Sunday, February 9, 2014

လားပင်စင် ... (ကာတွန်း စောငို)


ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဆက်ရှိနေမယ် ... (ကိုညို)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နေထိုင်ကြီးပြင်းခဲ့သည့် အဆိုတော်မွန်းအောင်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ ၁၉၈၄ ခုနှစ်က ၈/၈၂ အင်းလျား ကိုယ်ပိုင်သံစဉ်တေးသီချင်းစီးရီးနှင့် လူသိထင်ရှားပြီးနောက်ပိုင်း မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့နှင့် မိုးလုံးမှိုင်း၊ စိဉ္ဇမာဏဉာဏ်၊ လွမ်းရတဲ့ညတွေလွန်ပါစေ စသည့်ကိုယ်ပိုင်သံစဉ် တေးအယ်လ်ဘမ်များ ထုတ်ဝေခဲ့သည်။ 

အဆိုတော်မွန်းအောင် နာမည်ကြီးအောင်မြင်နေဆဲကာလ ၁၉၈၈ စက်တင်ဘာအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်ခဲ့သည်။ ABSDF ကျောင်းသား တပ်မတော်တွင် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၅ ခုနှစ်တွင် ငြိမ်းချမ်းရေးတိုက်ပွဲ တော်လှန်ရေးတေးသီချင်းများကို ထုတ်ဝေဖြန့်ချိခဲ့သည်။ ပြည်ပတွင် သီးသန့်တစ်ကိုယ်တော် တေးသီချင်းခွေနှစ်ခွေ ထုတ်ဝေခဲ့ပြီး တော်လှန်ရေးတေးသီချင်း အများအပြား ရေးသားသီဆိုခဲ့သည်။ 

လွန်ခဲ့သည့်ဒီဇင်ဘာ ခရစ္စမတ်ရာသီတွင် အဆိုတော်မွန်းအောင်နှင့် မိသားစုသည် တရုတ်ပြည်ကိုဖြတ်ကျော်ပြီး ကချင်ပြည်နယ်၊ လိုင်ဇာနှင့် မိုင်ဂျာယန်သို့ သွားရောက်လည်ပတ်ခဲ့သည်။ ခရီးစဉ်အတွင်း ကချင်ဒုက္ခသည်စခန်းများနှင့် ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်များ၊ ကေအိုင်အေ ရဲဘော်များ အပါအဝင် ကေအိုင်အေ အကြီးအကဲ ဗိုလ်ချုပ် ဂွန်မော်နှင့်လည်း တွေ့ဆုံခဲ့သည်။ မကြာသေးမီ သီတင်းပတ်က နော်ဝေးနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ ကိုမွန်းအောင်ကိုတွေ့ဆုံပြီး ၎င်း၏ ကချင်ပြည်နယ် နယ်စပ်ဒေသခရီးစဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်များကို တင်ပြလိုက်ပါသည်။ 


Saturday, February 8, 2014

ဂုဏ်ယူကြစမ်းပါ ... (ကာတွန်း စောငို)


ဥယျာဉ်မှူး (မင်းသိုက်)

သူ့ အမည်က ... ... မောင်ငွေမိုး (ခေါ်) မှုံကြီး (ခေါ်) ယမုံ (ခေါ်) ကိုလာဘ ... ... အသက် ၉ နှစ်အရွယ်ခန့်ကတည်းက အင်္ကျီမပါ ဘောင်းဘီတိုတစ်ထည်နဲ့ အိမ်ပြေး။ ရှမ်း/မြောက် မူဆယ်လမ်း ကုန်တင်ယာဉ်ကြီးတွေနောက်လိုက် ဂျမ်းတုံးခုဘဝကနေ တစ်ဆင့်တက်ပြီး အရွယ်ရလာတော့ ကားကြီးသမား ဒါရိုက်ဘာတစ်ဦးဖြစ်လာသူ။

အရက်ကျေးကျွန်ဘဝနဲ့ ပျော်မွေ့သစ္စာကြီးရင်း အုံနာတွေ နှင်ထုတ်ခံရသောဘဝကတဆင့် မုတ္တမ ဇက်ဆိပ်မှာ ... ဇက်ပေါ် ဖင်ထိုးတင်မရတဲ့ ကားကြီးမှန်သမျှ ကိုလာဘ တာဝန်ယူတင်ပေးရင်း အရက်တစ်လုံးအတွက် ဘဝဆက်ခဲ့သူ ...

ဗမာပြေ တနံတလျား အဝေးပြေးလမ်းတွေမှာ ဘယ်မြို့မှာ ဘာအထာ၊ ဘယ်လမ်းက ဘယ်လို အထာ အကုန်အစုံ နောကြေသူ။ ရေချိန်ကျော်ပဟေ့ဆိုတာနဲ့ ရေအဝချိုး သနပ်ခါးထူထူလူး ဧရာမ ဇလုံကြီးနဲ့ ထမင်းတအုပ် အုပ်ပြီးတာနဲ့ အိပ်တန်းတက်တတ်သူ။

ပျံလွင့်နေဆဲ... ဂီတာတစ်လက်ရဲ့တေးသွား (သို့မဟုတ်) စည်သူ - ခင်ငြိမ်းသစ်

လူငယ်လေးတစ်ယောက်ဟာ ဂစ်တာတစ်လက်နဲ့ တေးသီချင်းတွေကို ကောင်းကောင်းမွန်မွန် တီးခတ်နိုင်သလို၊ သူ့ရဲ့ စိတ်နုလုံးထဲမှာ တိုင်းပြည်ကိုချစ်တဲ့ စိတ်ကလည်း အမြင့်မားဆုံးမှာ ရှိနေခဲ့ပါတယ်။ ခင်မောင်တိုး၊ ခင်ဝမ်း၊ စိုင်းထီးဆိုင်၊ ထူးအိမ်သင်ရဲ့ သီချင်းတွေကို ကြိုက်တယ်။ သူဟာ တေးသွားတစ်စဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ သူဟာ အာဏာရှင်တွေကို တော်လှန်ခဲ့တယ်။ သူဟာ အမှန်တရားကိုလက်ကိုင်ပြုခဲ့တယ်။ 

သူဟာ သူ့ပတ်ဝန်းကျင်ကနေ နှုတ်ဆက်ထွက်ခွာသွားတဲ့အခါမှာ သူ့အတွက် မိတ်ဆွေတွေက မျက်ရည်မိုးတွေသွန်းဖြိုးခဲ့ရတယ်။ အဲဒီ့ လူငယ်လေးမှာ ဘာအပြစ်တွေရှိနေပါသလဲ၊ အဲဒီ့လူငယ်လေးက တည်ဆဲဥပဒေလို့ ဆိုတဲ့ မတရားသဖြင့် ချည်နှောင်ထားတဲ့ မျော့ကြိုးတွေကို ကိုက်ဖြတ်ခဲ့တာပါ။ အဲဒီ့အတွက် အပြစ်မရှိတဲ့အကြောင်း သူ့ကို မတရားစီရင်တဲ့ တရားသူကြီးကို ပြန်ပြောပြခဲ့ပါတယ်။ 

ကိုစည်သူဟာ ၁၉၈၈ ခုနှစ်က ရုက္ခဗေဒ (ဒုတိယနှစ်)ကို တက်ရောက်ပညာသင်ကြားနေတဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာ ငွေစက္ကူအရေးအခင်းဖြစ်တော့ သူလည်း ပါဝင်ခဲ့ပါတယ်၊ သူက အမှန်တရားကို မြတ်နိုးတယ်၊ ပြည်သူလူထုရဲ့သောကကို သူ့မိသားစုရဲ့သောကလို သဘောထားတာကြောင့် သူ ပါဝင်ခဲ့တာပါ။ အဲဒီလိုပါဝင်ခဲ့ပေမယ့် ကိုစည်သူရဲ့ဖခင်ဟာ တိုင်းပြည်အတွက် ရှေ့တန်းတစ်နေရာမှာ အသက်စွန့်ခဲ့တဲ့လူဖြစ်ပါတယ်။ ကိုစည်သူရဲ့ဖခင်ကလည်း တိုင်းပြည်ကိုချစ်ခဲ့သလို သူကိုယ်တိုင်လည်း သူ့တိုင်းပြည်ကို ချစ်ပါတယ်။ မြေပေါ်မြေအောက် သယံဇာတတွေရှိနေပေမယ့် တိုင်းပြည်ကြီးက ဆင်းရဲနိမ့်ပါးနေတာဟာ စစ်အာဏာရှင်တွေကြောင့်လို့ နားလည်ကြတဲ့ လူငယ်တွေထဲမှာ ကိုစည်သူလည်း ပါဝင်ခဲ့ပါတယ်။ 


Friday, February 7, 2014

ပါးကျိုးသွားမယ် ... (ကာတွန်း စောငို)


အိပ်မက်မှာ… (သစ်ကောင်းအိမ်)

စွယ်တော်ပန်းခြုံပေါ် 
ပင်လုံးညွှတ်ဖွေးလှုပ်နေသော 
စွယ်တော်ပန်းများ 
တပွင့်ချင်းစီ 
စိတ်လိုလက်ရ သူမ ခူးခြွေခိုက်… 

ခုနစ်တန်းတုန်းက 
ငယ်သူငယ်ချင်းတယောက်နဲ့အတူ 
သူမတို့ခြံရှေ့ 
ငါ ရပ်တန့်ငေးမောနေမိ။     ။ 

၇ ဖေဖော်ဝါရီ၊ ၂၀၁၄ 
မနက် ၅ နာရီ ၃၀ 

 

Thursday, February 6, 2014

ကိုယ်ပါ အရိုက်ခံနေရမယ် ... (ကာတွန်း အောင်မော်)


ဝက်သားဟင်း၊ ချဉ်ပေါင်၊ ကွန်ဖော့ဇုံနဲ့ ကျော်ကြားလိုသူများ (ဇော်မင်း)

မွေးမြူရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်၏ ဟိုရက်တုန်းက ပြောစကားသည် မိုက်ရိုင်းလွန်းသည်။ လူတွေကို လီးပဲဟု ပုဆိုးလှန်မပြယုံ တမယ်သာ ကျန်တော့သည်။ သူ့ကိုယ်သူ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး ရည်ညွှန်းသည်။ အမှန်ဆိုရင် သူဟာ အရပ်သား ပြည်ထောင်စုဝန်ကြီးသာ ဖြစ်သည်။ စစ်ဗိုလ်ချုပ် မဟုတ်တော့။ သို့သော် စစ်သွးစစ်မာန်ကား မကုန်သေး။ လူတွေကို စိန်ခေါ်နေသည်။ နိုင်ငံသားတွေကို စိန်ခေါ်နေသည်။ တိုင်းရင်းသားအပေါင်းကိုလည်း စိန်ခေါ်နေခြင်းဖြစ်သည်။ စစ်ဗိုလ်ပဲဖြစ်ဖြစ်၊ အရပ်သား ဝန်ထမ်းပဲဖြစ်ဖြစ် ပြည်သူ့အစေခံသာ ဖြစ်သည်။ အခုတော့ ပြောနေသည့်လေပေါက်က မင်းတရားလေးတပါးအလားပင် ဖြစ်သည်။ ပြည်သူတို့ ဝန်ကြီးအရ ကံဆိုးလေစွ။ ဦးအုန်းမြင့်သည် မိကောင်းဖခင် သားသမီးမှ ဟုတ်ပါလေစ။ 

ဦးအုန်းမြင့်သည် သတ္တိကောင်းလွန်းလို့ အဲသလိုပြောသည်ဟု မထင်။ နောက်ကွယ်မှာ ထောက်ခံထားသူတို့ အရှိန်အဝါနဲ့ပြောတာ ဖြစ်ပေလိမ့်မည်။ ဗိုလ်ချုပ်ဘဝတုန်းက သေနတ်ကိုင်ထားပြီး လက်နက်မရှိသူတွေကို ပါးတွေ တဖြန်းဖြန်းရိုက်ခဲ့သလို လုပ်ချင်တာတွေလည်း လုပ်ခဲ့သည့်သူများဖြစ်သည်။ အခု အမှန်တကယ် သတ္တိရှိရင် လက်နက်မပါဘဲ တယောက်ထဲ လမ်းပေါ်ထွက်၍ စိန်ခေါ်ရဲသလော။ သူတို့ခေတ် ဗိုလ်ချုပ်ဆိုတာမျိုးက လက်ထဲမှာ လက်နက်မရှိရင် ရွာသိမ်ရွာမွှားက ရွာလူမိုက်လောက်တောင် စွာရဲတာမှ မဟုတ်တာ။ 


Wednesday, February 5, 2014

နယ်လှည့်ပြီး ရိုက်လာတာ ... (ကာတွန်း ဝင်းအောင်)


တောရိုင်းဥပဒေ... အလိုမရှိ (ကိုညို)

ဒီ ဗွီဒီယိုကလစ်ကို မြင်တာကြာပြီ၊ ဒီတခါတော့ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ တဲ့ဥပမာပေးချင်လို့ ပို့စ်တင်လိုက်ပါတယ်။ အဆိုးမြင်တာ မဟုတ်၊ သဘာဝကျကျ၊ လက်တွေကျကျ တွေးတာပါ။ လူအများစုက ဆန္ဒစွဲတွေနဲ့၊ ကိုယ်ဖြစ်ချင်တာကို ထပ်ဖြည့်ပြောတတ်လွန်းလို့...။

ဒီခြသေ့င်္ဟာ နွားရိုင်းပေါက်လေးကို မိတော့ ခဏထိန်းထားတာပါ။ နောက်ထပ် ခြင်္သေ့တကောင်လာတော့ သူ့အစာမို့ ကာကွယ်တာပါ။ နွားပေါက်လေးနဲ့ ပွတ်သပ်တာဟာလည်း သူတို့သဘာဝပါ။ သူ့ထက် ခွန်အားအဆမတန်ငယ်တော့ အသာလေး ချော့မြှူတဲ့သဘောပါ။ ကြောင်တွေ ကြွက်ခုတ်လို့ရရင် ချက်ချင်းမစားသေးဘဲ ဆော့ကစားတတ်သလိုပေါ့...။ သူတို့ဗိုက်ဆာလာရင် စိမ်ပြေနပြေ ကိုက်ဝါး ဆွဲဖဲ့ စားလိုက်မှာပါ...။

တောရိုင်းတိရိစ္ဆာန်တွေမှာ ကြီးနိုင်ငယ်ညှဉ်း မလုပ်ရတို့၊ ဥပုသ်စောင့်ရမယ်တို့၊ ကိုယ်ချင်းစာရမယ်တို့... ဆိုတဲ့ ဥပဒေတွေ မရှိပါဘူး။

Tuesday, February 4, 2014

ကာတွန်းငွေကြည်ရဲ့ လက်ရာတချို့



စိတ်နောက်ကိုယ်ပါ ရူးသွပ်နေသူတွေ (ကိုညို)

ဗိုလ်ချုပ်အုန်းမြင့်ဟာ အာဏာရှင်ရဲ့ သဘောသဘာဝနဲ့ စရိုက်လက္ခဏာကို နည်းနည်းပွင့်လင်းလာတဲ့ ဒီဘက်ခေတ်ထဲမှာ ထင်ထင်ရှားရှား ပြသလိုက်တာဖြစ်တယ်။

တကယ်တော့ ပြည်သူနဲ့ နိုင်ငံရေးသမားတွေကိုသာမက လူသားအချင်းချင်း လေးစားမှုမရှိ၊ လေးစားရကောင်းမှန်းလည်း မသိတဲ့ ဒီမိုကရေစီနဲ့မထိုက်တန်တဲ့စရိုက်ကို သိသာထင်ရှားအောင်ပြလိုက်တဲ့ အာဏာရှင် ဗိုလ်ချုပ်စရိုက်မှန်ဖြစ်တယ်။ ဒါက လူသိရှင်ကြားမို့ပါ။

ဒီဗိုလ်ချုပ်တွေဟာ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးလွန်းတတ်သလို လူတဖက်သားကိုလည်း အထင်သေးတတ်တယ်။ ဥပမာ ဗလွတ်ရှလွတ်၊ အရည်မရ အဖတ်မရစကားတွေ လေကြောရှည်ပြီး မရပ်မနားပြောတတ်တဲ့အကျင့်ပေါ့...။ ဒါမျိုး စစ်ခေါင်းဆောင်တွေတိုင်း ကျင့်သုံးလေ့ရှိတယ်။

စကားများများပြောနိုင်ရင် ပညာရှိတယ်လို့ မိမိဖာသာထင်တတ်ပုံပဲ...။ ကျနော် မြင်ဖူးသမျှ ဥပမာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း... ဆိုရင်လည်း အလွန်အမင်း လေကြောရှည်တယ်။ ဦးရဲထွဋ်လည်း မထူးဘူး။ လူတော်တော်များများ မသိကြတာ တခုရှိတယ်...။ အဲဒီဗိုလ်ချုပ်တွေအားလုံးက သူတို့ဆရာကြီးကို အတုခိုးပြီး လေကြောရှည်နေကြတာဗျ...။ အတိအကျပဲ။


ပွင့်လင်းမြင်သာလာပြီ ... (ကာတွန်း ဝင်းအောင်)


နှလုံးသားဒိုင်ယာရီ (၂၃) - အုပ်ကြီးဖေ

၃-၅-၂၀၀၂

ရှေ့သို့ဘဝခရီးဆက်ရပေအုံးမည်။ ဒေါလောခူရွာလေးမှတဆင့် မိသားစုအသိုက်အမြုံရှိရာ ထိုင်း- မြန်မာနယ်စပ်သို့ ရက်အတော်တော်ကြာကြာ ခရီးနှင်ခဲ့ရသည်။ နွေကာလခရီးစဉ်တလျှောက် အခက်အခဲဆုံးမှာ ရေပင်ဖြစ်သည်။ 

နွေရာသီသို့ရောက်သည်နှင့် တောတောင်ရေမြေတို့မှာလည်း ခမ်းခြောက်လာခဲ့သည်။ ရေကို လမ်းခရီးတလျှောက် ချွေတာသုံးစွဲကြရသည်။ ရေရရှိရန်အတွက် တစ်ရက်တာခရီး အကွာအဝေးခန့်သွားရသည်။ ရေငတ်သည့်ဒဏ်ကြောင့် အချို့အသက်ဆုံးရှုံးခဲ့ရသည်ပင်ရှိခဲ့သည်။ ၂၀၀၂ ခုနှစ်၊ သင်္ကြန်ကာလကိုတော့ သံလွင်မြစ်ကမ်းနံဘေး၌ပင် ဆင်နွှဲလိုက်ရသည့်အဖြစ်က ယနေ့ တိုင်အမှတ်တရရှိနေခဲ့သည်။ ခရီးပြင်းတစ်ခုကို ၁၄ ရက်ခန့် ဖြတ်သန်းလွန်မြောက်ပြီးနောက် နယ်စပ်တပ်စခန်းရှိရာသို့ ပြန်ရောက်လာခဲ့သည်။ 

ကျနော် ပြန်လည်ရောက်ရှိချိန်တွင်တော့ BPA (Burma Patriotic Army) မှာလည်း ကိုယ်ပိုင်တပ်စခန်းအဖြစ် ရပ်တည်နေပေပြီ။ ထိုင်း-မြန်မာနယ်စပ် တောင်ကြောတစ်လျှောက်တွင်တော့ ကရင်နီတပ်မတော်က အခိုင်အမာတပ်စွဲထားပြီး ကျနော်တို့ BPA မှာ နယ်စပ်တောင်ကြောမှ မြန်မာပြည်အတွင်းပိုင်း ကိုက်၁၅၀၀ ခန့်တွင် တပ်စွဲခွင့်ပြုထားသည်။ မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသော စခန်းပင်ဖြစ်ပေတော့သည်။ မြန်မာ့တပ်မတော်မှ ညပိုင်း ကင်းအလဲအလှယ်လုပ်သည်ကိုပင် မီးရောင်အောက်တွင် မြင်တွေ့နိုင်ပေသည်။ 


စိတ် (ဆောင်းလူ)

ဘယ်သူမှ ဖွင့်ဟမပြောပေမယ့် ... လူတယောက်က ... လူတယောက်ကို ယုံကြည်ဖို့ ခက်ခဲပါတယ် ...။ ယုံကြည်ဖို့ ခက်ခဲတဲ့အထဲမှာကလည်း ထိပ်တန်းကလပ်ပါပဲ ...။ အသိဉာဏ်ရှိလို့ ...ယုံကြည်ရ ပိုခက်ခဲပါတယ် ...။ အသိဉာဏ်မဲ့လို့ .... ယုံကြည်ရ ပိုခက်ခဲလာပါတယ် ...။ 

ဟန်ဆောင်မှုမျက်နှာဖုံးတွေ ကိုယ်စီကိုယ်ငှ တပ်ထားတဲ့ မြို့ထဲမှာမှ ... အယုံအကြည်မဲ့ လမ်းလျှောက်နေမိတာပါ။ နှုတ်တိုက်ချနေတဲ့ ယုံကြည်ခြင်း ... ယုံကြည်ခြင်း ... ဒီ ... ယုံကြည်ခြင်း ... 

ရှာဖွေနေတဲ့ ယုံကြည်ခြင်းဟာ ... မြို့ပြညရဲ့ ... လမ်းစွန် လမ်းထောင့်မှာ မီးပွိုင့်နဲ့စကားပြောနေတာ တွေ့ခဲ့တယ် ...။ 

မျဉ်းဝါတွေ ... 
မျဉ်းနီတွေ ...
ပေါင်းလိုက်သမျှမှာ .... အကုန် ... ကြားကုန်တော့မှပဲ ... 


Monday, February 3, 2014

ကဗျာတွေက ကဗျာမဖြစ်ဘူး (ဒီလက်မျိုး)

ခုတလော ရေးလိုက်မိတဲ့ကဗျာတွေက 
ကဗျာမဖြစ်ဘူး။

ခေတ်ကခေတ်ကိုချနင်းပြီး 
ရာဇဝတ်မှုတွေက 
ဗိုင်းရပ်စ်ပိုးလိုပွားများတဲ့ ဒီကောင်းကင်အောက်မှာ 
ဘီယာတခွက်ကလည်း အရသာမဲ့သွားသလို 
ကဗျာတွေက ကဗျာမဖြစ်ဘူး။ 

ကဗျာတွေကို ရှင်စေချင်ခဲ့တဲ့ 
ကဗျာဆရာတယောက် သေသွားတာကလွဲလို့ 
နောက်ဖေးပေါက်ကနေ အူယားဖားယားပြေးဝင်လာတဲ့ 
ခါတော်မီ တော်လှန်ကဗျာဆရာတွေ 
ခါတော်မီ တော်လှန်ရေးသမားတွေ 
ခါတော်မီ ငြိမ်းချမ်းရေးသမားတွေကို တွေ့မြင်နေရတော့ 
ကဗျာတွေက ကဗျာမဖြစ်ဘူး။


Sunday, February 2, 2014

တီဟိလ်ကာ၊ သူရိယနေဝန်းနဲ့ အင်ဗက်စ်တီဂိတ် သတင်းသမား (ကိုညို)

မကြာသေးခင်က ရန်ကုန်သွားလည်ပြီး နော်ဝေးပြန်ရောက်လာတဲ့ သူငယ်ချင်းများဖြစ်တဲ့ ကိုထက်အောင်ကျော်နဲ့ ကိုသူရိန်တို့ကျေးဇူးကြောင့် ရန်ကုန်ထုတ် သတင်းစာနဲ့ ဂျာနယ် တချို့ ဖတ်ရပါတယ်။ ခုတလော အဝါရောင်ဂျာနယ်လို့ နာမည်ကြီးပြီး ရောင်းအားကောင်းတဲ့ သူရိယနေဝန်းလည်း ပါတယ်။ သူကတော့ တခြားဂျာနယ်တွေထက် မျက်နှာဖုံးကိုယ်က အဝါရောင်၊ အနီရောင် စာလုံးကြီးတွေနဲ့ ပြူးပြူးပြဲပြဲဖော်ပြပြီး မျက်နှာဖုံးမှာရော အတွင်းစာမျက်နှာတွေရော ဓာတ်ပုံနဲ့ ဒီဇိုင်းခေါင်းစဉ်ကိုယ်က စာမျက်နှာပြည့်လုနီးပါး ဖော်ပြထားတော့ နာမည်တွေ အကြီးကြီးဖြစ်နေတာကတော့ သေချာပါတယ်။ အတွင်းစာမျက်နှာမှာလည်း ထိုနည်းလည်းကောင်းပေါ့လေ။ ဒါပေမယ့် တခြား ဂျာနယ်တွေ သတင်းစာတွေထက် စကားလုံးပြောင်ပြောင်နဲ့ ရေးရဲ ဖော်ပြရဲတာတွေမြင်ရသလို ခရိုနီတွေ၊ အစိုးရဝန်ကြီးတချို့၊ ခေါင်းဆောင်တချို့ရဲ့ မတရားစီးပွားခြစားမှုတွေ ဖွင့်ချထားတာလည်း တွေ့ရတယ်။ ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေကိုဖော်ပြတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေ၊ သမိုင်းအဖြစ်အပျက်တွေလည်း တွေ့ရတယ်။ 

ခေတ်အပြောင်းမှာ မြန်မာ့စာနယ်ဇင်းလောကရဲ့ ဖြေလျှော့မှုတချို့ တွေ့လာရတယ်။ တချိန်က စာပေကင်ပေတိုင်လို့ စာနယ်ဇင်းသမားတွေ မြည်တွန်ကင်ပွန်းတပ်ခဲ့တဲ့ မလိုလားအပ်တဲ့အဖွဲ့လည်း ရုတ်သိမ်းသွားတယ်။ ဒါပေမယ့် Self Sensorship မိမိဖာသာ ထိမ်းချုပ်တည်းဖြတ်ရတဲ့ တာဝန်ယူရဲမှုကိုတော့ ကြုံလာရပါတယ်။ ဒါကလည်း ကျင့်ဝတ်တစ်ပါးမို့ ယူသင့်လိုက်နာသင့်တဲ့ တာဝန်ပါ။ ဒီကနေ့ စာနယ်ဇင်းလောကဆိုတာက ငါးပွက်ရာ ငါးစာသူ အများအပြားမို့ အရည်အသွေး၊ စံချိန်မမီတာတွေလည်းရှိနေတာ မဆန်းသလိုပါပဲ။ အဆိုးဆုံးက ငွေရှိ၊ လုပ်ပိုင်ခွင့်အာဏာရှိနေသူတွေတချို့ရဲ့ မီဒီယာလောကအပေါ် လက်ဝါးကြီးအုပ်ထားလိုမှုပါ။ မြန်မာပြည်သူတွေအတွက် အတွေးအခေါ်နဲ့ အသိပညာတွေ သတင်းမှန်တွေပေးရမယ့်အစား မိမိတို့ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ စေတနာကွက်ကြားတွေပဲ မြင်တွေ့ရပါတယ်။ 


Saturday, February 1, 2014

ဆင်ခြေဖုံး (သစ်ကောင်းအိမ်)

ငါနဲ့ အဖေတူအမေကွဲ 
ငါ့ညီလေးနဲ့ ညီမလေးများ... 
မင်းတို့ရဲ့မှီတင်းနေထိုင်ရာ 
ကမ္ဘာ့ဆင်ခြေဖုံးအရပ်မှာဆိုလို့လည်း 
ဘာအားငယ်စရာလိုလို့လဲ... 

လူ့အဖြစ်တခုလုံး ဆင်ခြေတွေနဲ့ ဖုံးထားသမို့ 
နယူးယောက်မြို့တော်ကြီးကစပြီး 
ယုဇနမြို့ဥယျာဉ်မြို့တော်အဆုံး 
ဆင်ခြေဖုံးချည်းပါပဲ 


ကား ကြီး ကား ငယ် အ သွယ် သွယ် ဖြင့် ... (ကျော်ကျော်ငြိမ်းချမ်း)

၁၉၉၀ လောက်က မာနာပုလော DAB Conference မှာ ထင်တယ်... (လက်တကမ်းမှာ မှတ်တမ်းမှတ်ရာ မရှိလို့ ရက်စွဲအတိအကျ မပြောနိုင်ပါ) ... NDF(DAB) အဖွဲ့ဝင် တိုင်းရင်းသားအားလုံးနဲ့ ဒီမိုကရေစီအင်အားစုအားလုံး (အကျိတ်အနယ် ဆွေးနွေးပြီး) အတူတကွ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်မယ်... အဲဒီ ပြည်ထောင်စုကြီးကနေ ဘယ်တိုင်းရင်းသားမှ ခွဲမထွက်ပါဘူးဆိုပြီး ဖက်ဒရယ်ပြည်ထောင်စုနဲ့ပတ်သက်လို့ ပထမဦးဆုံးအကြိမ် ဆုံးဖြတ်ချက် ချနိုင်ခဲ့တဲ့ အစည်းအဝေးမှာပေါ့ ...။ 

အဲဒီအစည်းအဝေးကမှတဆင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲရေး ကော်မတီတို့... ဘာတို့... ပေါ်လာတာ၊ နောက်တော့မှ မဲသရောထ စာချုပ်၊ သူးမွဲကလိုး သဘောတူညီချက်တို့ စသဖြင့် နောက်ကလိုက်လာတာပေါ့...။ (ပြောချင်တာက သမိုင်းမှာ အရေးကြီးတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တချို့ ချမှတ်နိုင်ခဲ့တဲ့ ညီလာခံတခုပေါ့ဗျာ...) 

အဲဒီ အစည်းအဝေးကြီးမှာ ထုံးစံအတိုင်း နိုင်ငံရေးအစီရင်ခံစာနဲ့ပတ်သက်လို့ (အတည်မပြုခင်) ကိုယ်စားလှယ်တွေ ပြန်မေးသမျှကို ကြေလည်အောင်ပြန် ဖြေရှင်း၊ အပြန်အလှန် ဆွေးနွေးချက်တွေထဲက သဘောတူညီချက်တွေကို ဖြည့်စွက်ဖို့၊ မှတ်တမ်းတင်ဖို့လုပ်ရတဲ့ နိုင်ငံရေးအစီရင်ခံစာ အချောသတ်ရေးအဖွဲ့မှာ ပဒိုစောသန်းအောင် (ကေအန်ယူ ဒုဥက္ကဋ္ဌ)၊ ဗိုလ်ချုပ်မောင်မောင် (ဒီအေဘီ စစ်ရေးတာဝန်ခံ)၊ နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး)၊ ဒေါက်တာတူးဂျာ (ကေအိုင်အို)၊ ဦးတွတ် (ဦးတင်မောင်ဝင်း) စသဖြင့် ပါကြပါတယ်။ အချက်အလက်ပိုင်းမှာ အထောက်အကူပေးဖို့ မကဒတ ကိုယ်စား ကျနော်လည်း ပါပါတယ်။ (အဲဒီခေတ်က သုတေသနနဲ့မှတ်တမ်းမှာ ကျနော်တို့အဖွဲ့က “အနူတောမှာ လူချော” ပေကိုး ...) 


ပြောင်းလဲ တိုးတက်ခြင်း (မင်းသိုက်)

ကိုယ် ဗမာပြေပြန်အခြေချတဲ့ လေးနှစ်တာကာလအတွင်း တိုင်းပြည်ကြီး ဘာတွေ တိုးတက်ပြောင်းလဲလာသလဲ ခြုံသုံးသပ်ကြည့်တော့ကာ ... အဓိက ၂ ချက် သိသိသာသာ တွေ့ရတယ်။ ညက ပြည်လမ်းမကြီးပေါ် ကားမောင်းရင်း အတည်ပြုလိုက်တာ။ စိုးရိမ်စရာလည်း ကောင်းတယ်၊ ကိုယ်လို ငအူ ငကြောင်ကျား အတွေးမီသလောက်လေး တွေးကြည့်တာပေါ့။

တစ်တောင့်သုံးရင် ၂ လောင်း အနည်းဆုံးပေါ်ရမယ်ဆိုတာလေး အခြေခံတွေးကြည့်တာ၊ အတွေးချော်တာလည်း ဖြစ်ကောင်းဖြစ်မပေါ့။ ယခင် အာဏာရှင်ချုပ်ကြီး အဓိကဗျူဟာကတော့ စဆရ ခေါ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာ မိန်းကီးပဲ။ ကမ္ဘာပေါ်မှာ မည်သည့်အာဏာရှင်နိုင်ငံမဆို အာဏာမြဲအောင်၊ ပြည်သူတွေကို စိတ်ရှုတ်ထွေးနေအောင်၊ အတ္တကြီးအောင် ၊ မညီညွတ်အောင် ... စည်းကမ်းပျက်အောင် ဖန်တီးထားတာပဲ။

ကဲ ... တစ်တောင့် စ ပစ်ကြည့်ရအောင်၊ ၂ ချက်ထိ ၂ လောင်းပေါ် မပေါ် ...။