Tuesday, February 4, 2014

နှလုံးသားဒိုင်ယာရီ (၂၃) - အုပ်ကြီးဖေ

၃-၅-၂၀၀၂

ရှေ့သို့ဘဝခရီးဆက်ရပေအုံးမည်။ ဒေါလောခူရွာလေးမှတဆင့် မိသားစုအသိုက်အမြုံရှိရာ ထိုင်း- မြန်မာနယ်စပ်သို့ ရက်အတော်တော်ကြာကြာ ခရီးနှင်ခဲ့ရသည်။ နွေကာလခရီးစဉ်တလျှောက် အခက်အခဲဆုံးမှာ ရေပင်ဖြစ်သည်။ 

နွေရာသီသို့ရောက်သည်နှင့် တောတောင်ရေမြေတို့မှာလည်း ခမ်းခြောက်လာခဲ့သည်။ ရေကို လမ်းခရီးတလျှောက် ချွေတာသုံးစွဲကြရသည်။ ရေရရှိရန်အတွက် တစ်ရက်တာခရီး အကွာအဝေးခန့်သွားရသည်။ ရေငတ်သည့်ဒဏ်ကြောင့် အချို့အသက်ဆုံးရှုံးခဲ့ရသည်ပင်ရှိခဲ့သည်။ ၂၀၀၂ ခုနှစ်၊ သင်္ကြန်ကာလကိုတော့ သံလွင်မြစ်ကမ်းနံဘေး၌ပင် ဆင်နွှဲလိုက်ရသည့်အဖြစ်က ယနေ့ တိုင်အမှတ်တရရှိနေခဲ့သည်။ ခရီးပြင်းတစ်ခုကို ၁၄ ရက်ခန့် ဖြတ်သန်းလွန်မြောက်ပြီးနောက် နယ်စပ်တပ်စခန်းရှိရာသို့ ပြန်ရောက်လာခဲ့သည်။ 

ကျနော် ပြန်လည်ရောက်ရှိချိန်တွင်တော့ BPA (Burma Patriotic Army) မှာလည်း ကိုယ်ပိုင်တပ်စခန်းအဖြစ် ရပ်တည်နေပေပြီ။ ထိုင်း-မြန်မာနယ်စပ် တောင်ကြောတစ်လျှောက်တွင်တော့ ကရင်နီတပ်မတော်က အခိုင်အမာတပ်စွဲထားပြီး ကျနော်တို့ BPA မှာ နယ်စပ်တောင်ကြောမှ မြန်မာပြည်အတွင်းပိုင်း ကိုက်၁၅၀၀ ခန့်တွင် တပ်စွဲခွင့်ပြုထားသည်။ မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသော စခန်းပင်ဖြစ်ပေတော့သည်။ မြန်မာ့တပ်မတော်မှ ညပိုင်း ကင်းအလဲအလှယ်လုပ်သည်ကိုပင် မီးရောင်အောက်တွင် မြင်တွေ့နိုင်ပေသည်။ 


ကျနော်တို့ BPA တွင် လူအင်အားနှင့် လက်နက်အင်အားက မျှတမှု မရှိ။ မီးကျိုးမောင်းပျက် သေနတ်အချို့သာ ရှိနေခဲ့သည်။ ကိုယ်ပိုင်လက်နက်ရရန်အတွက် အသက်ကိုအရင်းတည်၍ ကြိုးစားတည်ဆောက်ခဲ့ကြရသည်။ စစ်ဝတ်ယူနီဖောင်းနှင့် လိုအပ်သည့် ရိက္ခာဆန်ကို ကရင်နီတပ်မတော်မှ ကူညီပံ့ပိုးပေးသည်။ အခြားသောနည်းလမ်းများနှင့်လည်း အကူအညီတောင်းခံခဲ့ရသည်။ ငွေကြေးအချို့ကို NCGUB (မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ)မှ ကူညီပံ့ပိုးခဲ့သည်။ 

ထိုသို့ ကိုယ်ပိုင်တပ်မတော်တစ်ခုအဖြစ် ကြိုးစားတည်ဆောက်နေချိန်တွင် အချောင်သမားအချို့မှ သူတို့အဖွဲ့အစည်း လက်အောက်ခံအဖြစ် အမှုထမ်းရန် ကမ်းလှမ်းခဲ့ကြသည်။ လိုအပ်သည့် လက်နက်၊ ငွေကြေးတို့ဖြင့် ဆွဲဆောင် သိမ်းသွင်းခဲ့ကြသည်။ မည်သို့မျှ သိမ်းသွင်းမရသည့်အဆုံး သုတ်ခြေတင်ကာ ပြန်သွားကြသည်။ သူ ခေါင်းဆောင်လုပ်နေသော အဖွဲ့အစည်းမှာ လက်နက်အင်အား၊ လူအင်အားမည်မျှရှိနေသည်ကိုတော့ မသိ၊ လေ့လာကြည့်လိုက်တော့ တိုက်ပွဲပင်မဖော်ဆောင်ဖူးဘဲ လေတိုက်ပွဲဆင်နွှဲနေသူများသာ ဖြစ်နေသည်။ သို့သော် သူက နိုင်ငံရေးမှာတော့ တန်းဝင်သည်။ ဝင်ငွေကောင်းသလို ဟိတ်ဟန်လည်းကောင်းသည်။ ပညာတတ် ဆရာဝန် တစ်ဦးလည်း ဖြစ်နေသည်။ လေတစ်လုံး၊ မိုးတစ်လုံးနှင့် အပြောကောင်းသလောက် ကတုံးပေါ်ထိပ်ကွက်ရန်သာ အမြဲစဉ်းစားနေသော တော်လှန်ရေးအချောင်သမား ဖြစ်မှန်းမသိဖြစ်နေသည်။ 

မည်သို့ပင်ဆိုစေ မြန်မာ့တပ်မတော်မှ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးနယ်မြေသို့ အသွင်ကူးပြောင်း ရောက်ရှိလာသော တပ်မတော်သားများကို ဥမကွဲ သိုက်မပျက်၊ စည်းစည်းလုံးလုံး ရပ်တည်နိုင်ခဲ့ကြသည်။ ပြစ်မှု တစ်စုံတရာကျူးလွန်ခဲ့ပါကလည်း အရင်ကလို လက်လွတ်စပယ် မလုပ်ကြတော့။ သက်ဆိုင်ရာသို့အကြောင်းကြားပြီး ပူးပေါင်းဖြေရှင်းကြသောကြောင့် ကြီးမားသောဆုံးရှုံးမှုများမှ ကာကွယ်နိုင်ခဲ့သည်မှာ အမြတ်တစ်ခုဟု ဆိုရမည်။ တပ်တွင်းစားသောက်ရန်အတွက် ဆန်မှာ ပူပင်ကြောင့်ကြရန်မလိုသော်လည်း ကွမ်းဖိုး ဆေးဖိုးရရန်အတွက် ရဲဘော်များ အလှည့်ကျ ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်မြို့အနီးကျေးရွာများသို့ အလှည့်ကျ သွားရောက်အလုပ်လုပ်ကာ ရံပုံငွေ ရှာကြရသည်။ ရရှိလာသောငွေကြေးကို မျှဝေစားသောက်ကြရသည်။ 

တစ်နေ့တွင် ရဲဘော်လေး နိုင်ဦး အလုပ်မှပြန်လာသော်လည်း ငွေကြေးဟူ၍ တစ်ပြားတစ်ချပ်မှပါမလာခဲ့ပေ။ အလုပ်ရှင်မှ ငွေမရှင်းပေးသောကြောင့် ပြန်လာရခြင်းသာဖြစ်ကြောင်း ပြောပြသည်။ ကျနော်လည်း သူ့ကို ဘာမှအပြစ်မတင်၊ လုပ်စရာရှိသည့်အလုပ်ကိုသာ လုပ်နေမိသည်။ BPA တွင်သူက အသက်အငယ်ဆုံး (၁၆ နှစ်စွန်းစွန်း) သာရှိသော ရဲဘော်လေးဖြစ်သည်။ တောင်ကြီးဘက်မှ ဖြစ်သည်။ မိဘများမှာ ချမ်းသာကြွယ်ဝကြကြောင်း သိရသည်။ မိဘနှင့်စိတ်ဆိုးကာ တပ်မတော်ထဲ ရောက်လာသူလေး ဖြစ်သည်။ 

တစ်နေ့သောညနေ တပ်စခန်းအောက်မှ သေနတ်သံကြားသောကြောင့် ကျနော်ရှာဖွေကြည့်ရာ ရဲဘော်လေး နိုင်ဦး သေနတ်ထမ်းရင်း စည်းရိုးထဲသို့ဝင်လာသည်ကို ကျနော်တွေ့လိုက်သည်နှင့် “တပ်မှူးရယ် ကျနော် တောကြက်ပစ်လိုက်တာ လွတ်သွားတယ်ဗျာ၊ ဒီတောကြက်တွေရဲ့စားကျက် ကျနော်သိထားတယ်” ဟု ဆိုလာသည်။ “ဟုတ်လားကွ၊ မင်းကလည်း ပစ်ရင်သေသေချာချာပစ်လေကွာ၊ ဟင်းစားတစ်နပ်ရရင်လည်း နည်းတာမှတ်လို့” ဟု ဆိုလိုက်မိသည်။ 

သူလည်း သူ့တဲအတွင်းသို့ ခေတ္တဝင်သွားပြီးနောက် “တပ်မှူး ကျနော် တောကြက် သွားချောင်းလိုက်ဦးမယ်”ဟု ပြောပြောဆိုဆို သေနတ်ဆွဲကာ တောင်ကြောအောက်ဘက်သို့ ဆင်းသွားတော့သည်။ မိုးချုပ်သည်အထိ ပြန်မရောက်ခဲ့။ ကျနော်အတော် စိတ်ပူသွားရသည်။ ရဲဘော်များကို အနီးတစ်ဝိုက် လိုက်လံရှာဖွေခိုင်းသော်လည်း မည်သို့မျှရှာဖွေ၍ မတွေ့တော့။ နီးစပ်ရာတပ်စခန်းများသို့ စက်ဖြင့်မေးမြန်းသော်လည်း မရောက်ရှိကြောင်းသာ သိလိုက်ရသည်။ 

နောက်ဆုံး ရဲဘော်များကို မိသားစုများရှိရာရွာသို့ သွားရောက်ရှာဖွေရန် တာဝန်ပေးရတော့သည်။ ရဲဘော်များလည်း ညတွင်းချင်း မိသားစုများရှိရာသို့ အသော့နှင်၍ ဆင်းခဲ့ကြရတော့သည်။ ရွာနှင့် တပ်စခန်းမှာ သုံးနာရီခန့် သွားရသည်။ ကျနော်လည်း စခန်းပေါ်တွင် နေမထိ၊ ထိုင်မထိနှင့် အတော်ညဥ့်နက်မှ စက်ဝင်လာသည်။ ရဲဘော်လေးနိုင်ဦး ဆာလာအိတ်တစ်လုံးထမ်း၍ ရွာသို့ဝင်လာကြောင်းနှင့် ဆက်၍ ထိုင်းနိုင်ငံဘက်သို့ ထွက်သွားကြောင်းသာ သိလိုက်ရသည်။ 

နောက်တစ်နေ့ နံနက်သတင်းဆိုးတစ်ခု ကျနော့်ထံရောက်လာခဲ့ပြန်သည်။ ကျနော့်ကို ထိုင်းစစ်တပ်နှင့် ရဲများမှ တွေ့ဆုံလိုကြောင်း အကြောင်းကြားလာခြင်းပင်ဖြစ်သည်။ ကျနော်လည်း သူတို့ချိန်းဆိုသည့် နန်းဆွယ်ရွာထိပ်ရှိ ထိုင်းရဲစခန်းသို့ရောက်သည်နှင့် စကားပြန်မှ “ခင်ဗျားတို့တပ်က ရဲဘော်လေးတစ်ယောက် အမ်-၁၆ တစ်လက်နဲ့ ထိုင်းတစ်ယောက်ကို လာပစ်သွားတယ်၊ ခင်ဗျားတို့ သူ့ကိုရအောင် ဖမ်းပေးရမယ်” ဟု ဆိုလာခဲ့သည်။ မည်သို့မျှ မငြင်းသာသည့်အဆုံး ဖမ်းပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်ရသည်။ ရဲဘော်လေးနိုင်ဦး၏ရုပ်ပုံကိုလည်း ထိုင်းတီဗွီများမှ ထုတ်လွှင့်နေသည်ကိုလည်း တွေ့လိုက်ရသည်။ ဖမ်းဆီးရန်အတွက် လိုအပ်သည့် လက်နက်၊ ရိက္ခာနှင့် ဓာတ်မီး၊ ဆိုင်ကယ်၊ ကားတို့ကိုလည်း ထိုင်းဘက်မှ စီစဉ်ပေးသည်။ 

ကျနော်လည်း သူ သွားလာနိုင်သည့်နေရာများသို့ ဝင်ရောက်ရှာဖွေရသည်။ တစ်နေရာပြီးတစ်နေရာ ရှာဖွေကြရာ နောက်ဆုံး စွပ်ဆွယ်ရွာလေးနံဘေးသို့ပင် ရောက်ရှိခဲ့သည်။ ကျနော် စီးနင်းလာသောဆိုင်ကယ်ကို ထိုင်းရဲ ကြာအောမှ မောင်းနှင်လေသည်။ စွပ်ဆွယ်ကြိုးတံတားနားသို့ မရောက်မီ ရဲဘော်လေးနိုင်ဦး ငိုက်စိုက်ငိုက်စိုက်နှင့် ကားလမ်းအတိုင်း လှမ်းလာသည်ကို တွေ့လိုက်ရသည်။ လက်ထဲတွင် ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ထားလျက်ရှိသည်။ ကျနော်သူ့ကိုတွေ့သည်နှင့် “နိုင်ဦး မင်းလက်ထဲကဓားချပြီး ငါ့ဆီကိုလာခဲ့” ဟု ပြောလိုက်သည်နှင့် နောက်ကြောင်းပြန်ပြေးရန် ပြင်လိုက်သည်။ 

သူ့နောက်တွင်လည်း ထိုင်းတပ်မတော်မှ စစ်သားများ ဝိုင်းရံထားကြောင်းသိလိုက်သည်နှင့် ကျနော့်ထံသို့ လှမ်းလာခဲ့တော့သည်။ ကျနော်ကလည်း “မင်းကွာ ဘာတွေလျှောက်လုပ်နေတာလဲ၊ အခုတော့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်ကုန်ပြီ” ဟု ဆိုလိုက်သည်နှင့် “တပ်မှူးရယ် ကျနော်လည်း ဘယ်လုပ်ချင်ပါ့မလဲ၊ အလုပ်သွားလုပ်တော့ လုပ်အားခမပေးတဲ့အပြင် ပါးပါကျနော့်ကိုရိုက်လိုက်တယ်၊ စိတ်နာလွန်းလို့ တပ်ကသေနတ်ပြန်ယူပြီး ကျနော် လာပြန်ပစ်တာ၊ လမ်းမကျွမ်းတာနဲ့ မျက်စိလည်ပြီး ထွက်မရဖြစ်နေတာ၊ ကျနော့်ကို ကယ်ပါအုံးဗျာ” ဟု ဆိုရုံရှိသေးချိန် ထိုင်းစစ်သားနှင့် ရဲများမှ သူ့ကို ဝင်ရောက်ဖမ်းဆီး ချုပ်နှောင်ခေါ်ဆောင်သွားတော့သည်။ 

ကျနော်တို့အားလုံး သည်နေရာ၊ သည်ဒေသတွင် ရှေ့ဆက်ရပ်တည်နိုင်ရေးအတွက် သူ့ဘဝကို ကျနော်ဘာများ ကူညီပေးနိုင်ပါအံ့နည်း။ 

ဆက်ပါအုံးမည်။ 

အုပ်ကြီးဖေ 
၅-၂-၂၀၁၄ 

 

No comments: