Saturday, February 8, 2014

ဥယျာဉ်မှူး (မင်းသိုက်)

သူ့ အမည်က ... ... မောင်ငွေမိုး (ခေါ်) မှုံကြီး (ခေါ်) ယမုံ (ခေါ်) ကိုလာဘ ... ... အသက် ၉ နှစ်အရွယ်ခန့်ကတည်းက အင်္ကျီမပါ ဘောင်းဘီတိုတစ်ထည်နဲ့ အိမ်ပြေး။ ရှမ်း/မြောက် မူဆယ်လမ်း ကုန်တင်ယာဉ်ကြီးတွေနောက်လိုက် ဂျမ်းတုံးခုဘဝကနေ တစ်ဆင့်တက်ပြီး အရွယ်ရလာတော့ ကားကြီးသမား ဒါရိုက်ဘာတစ်ဦးဖြစ်လာသူ။

အရက်ကျေးကျွန်ဘဝနဲ့ ပျော်မွေ့သစ္စာကြီးရင်း အုံနာတွေ နှင်ထုတ်ခံရသောဘဝကတဆင့် မုတ္တမ ဇက်ဆိပ်မှာ ... ဇက်ပေါ် ဖင်ထိုးတင်မရတဲ့ ကားကြီးမှန်သမျှ ကိုလာဘ တာဝန်ယူတင်ပေးရင်း အရက်တစ်လုံးအတွက် ဘဝဆက်ခဲ့သူ ...

ဗမာပြေ တနံတလျား အဝေးပြေးလမ်းတွေမှာ ဘယ်မြို့မှာ ဘာအထာ၊ ဘယ်လမ်းက ဘယ်လို အထာ အကုန်အစုံ နောကြေသူ။ ရေချိန်ကျော်ပဟေ့ဆိုတာနဲ့ ရေအဝချိုး သနပ်ခါးထူထူလူး ဧရာမ ဇလုံကြီးနဲ့ ထမင်းတအုပ် အုပ်ပြီးတာနဲ့ အိပ်တန်းတက်တတ်သူ။

အနှီး ကိုလာဘ က အခြားသူ မဟုတ်၊ ကျွန်တော့်ထက် အသက် ၈ လကြီးသူ၊ ကျွန်တော့်အမေ့ အမအရင်း သားအလတ်တစ်ဦးဖြစ်သူ၊ ကျွန်တော့်အစ်ကို တစ်ဝမ်းကွဲ၊ ကျွန်တော်တို့ ညီအစ်ကိုတစ်စု အားလုံးကို ကျကျနန စနစ်တစ်ကျ ကားမောင်းးး သင်ပေးခဲ့သူ၊ ကမ္ဘာကျော် ယာဉ်မောင်း တက္ကသိုလ်တွေ စေးလဘတ်စ်မှာ မပါတဲ့ ... ကားသမားအချင်းချင်း လမ်းပေါ်မှာ ငဲ့ညှာ ဦးစားပေးတတ်ဖို့တွေကအစ ... ... စနစ်တကျ သေသေသပ်သပ် ပတ်ကင်ထိုးပုံ၊ ... ဆီ ရေ လေ ဝိုင် ကိစ္စ အဆုံး ... ... သူ့ဘဝ ဖြတ်ခဲ့ရသမျှ ပေးဝေခဲ့သူ။

လွန်ခဲ့သောတစ်လက သေမင်းကခေါ်ဖို့ Q ပေးထားပြီးမှ ပြန်ထူထောင်လာတော့ ... ပုံမှန်အတိုင်း ယမကာလေးဝဲ၊ ပန်းပင်လေးရေလောင်းနဲ့ ... ကားတော့ မမောင်းနိုင်တော့ဘူး၊ သူ အရက်မော့တဲ့ စတိုင် ကျော်ဟိန်းတောင် လိုက်မတုနိုင်ဘူး ... ... ... ပထမအမော့ တစ်ကျိုက်ကို အာခံတွင်းထဲ အားရပါးရ ပါးလုပ်ကျင်းထွေးထုတ်လိုက် ပြီးမှ လီဗာတင်တော့တာ။

 သြော် ... ဘဝ ဘဝ ဘဝ ... ကျေးဇူးရှင် ကိုလာဘကြီးဘဝ။

No comments: