Showing posts with label မေငြိမ်း. Show all posts
Showing posts with label မေငြိမ်း. Show all posts

Tuesday, February 26, 2013

အိမ်ဆီသွားတဲ့လမ်း (မေငြိမ်း)

အဲဒီနေ့က ကျွန်မ မော်လမြိုင်-သံဖြူ ဇရပ်လမ်းပေါ် ခဏ ပြန်ရောက်သွားတယ်။ ပြီး ခဏကြာတော့ ပင်းတယ-တောင်ကြီး ကားလမ်းပေါ် ရောက်သွားပြန်ရော။ 

ဟော ဟိုးမှာ တောင်တန်း အလွှာတွေလား၊ သစ်ပင် တောအုပ် အဆင့်ဆင့်တွေလား။ အစိမ်းရင့်၊ အစိမ်းနု၊ အညိုရင့်၊ အညိုနု၊ မီးခိုးရင့်၊ မီးခိုးနု။ တချို့နေရာတွေမှာ လိမ္မော်တွေ၊ အနီတွေ ကျန်နေသေးတယ်။ Fall တုန်းက လက်ကျန်တွေလား၊ ဒါမှမဟုတ် သူ့ရဲ့ ရွက်သစ်လဲတဲ့ ရာသီကိုက Spring လား။ ဘာပဲဖြစ်ဖြစ် သဘာဝကဖန်ဆင်းတဲ့ ရှုခင်းပန်းချီထဲ အရောင်စုံအောင် ထည့်ပေးထားသလို။ ဒီနေ့ကျကာမှ နည်းနည်း အအေးပိုပေမယ့် ကောင်းကင်ကတော့ ကြည်စင်လို့။ တိမ်တွေကလည်း အရုပ်တွေထင်လောက်အောင် အထူသားနဲ့။ ငယ်ငယ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နားမှာရှိတဲ့ ကျွန်မချစ်တဲ့ နမ့်ဟူးတောင်းရွာမှာ မော့ကြည့်ခဲ့ရတဲ့ တိမ်တွေလိုပါပဲ။ ဟော ကျွန်မ နမ့်ဟူးတောင်းလည်း ရောက်သွားပြန်ပြီ။ တစ်ချက်တစ်ချက်မှာ ကားက တောင်မြင့်မြင့်တွေပေါ်တက်ရင်း ဘေးမှာ ချောက်တွေနဲ့။ ချောက်တွေအောက် ခပ်လှမ်းလှမ်းမှာ ချောင်းတွေ၊ မြစ်တွေ ပတ်စီးနေတာကို လှမ်းတွေ့ပါတယ်။ ဟော အဲဒါ လားရှိုးသွားရင်ဖြတ်ရတဲ့ ဂုတ်တွင်းပေါ့။ ဂုတ်ထိပ်တံတားကို တွေ့ချင်ရင်တော့ Shenandoah River ပေါ်က တံတားကြီးကို တွေ့မှာ။ ဂုတ်ထိပ်တံတားနဲ့ ခပ်ဆင်ဆင်ပေါ့။