Showing posts with label ညီစောလွင်. Show all posts
Showing posts with label ညီစောလွင်. Show all posts

Saturday, February 14, 2015

ပဒိုမန်းရှာ (သို့မဟုတ်) ချစ်သူများနေ့မှာ အမှတ်ရတဲ့သူ (နေသွင်)

ဗမာဖြစ်သော ကျွန်တော့်အတွက် အလေးစားရဆုံးခေါင်းဆောင်များထဲမှ “ပဒိုမန်းရှာ” 

၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက် ၊ ညနေ ၄ နာရီခွဲ။ 

“ပဒိုမန်းရှာ လုပ်ကြံခံလိုက်ရတယ် ဆိုဗျ” 

အွန်လိုင်းမှာ သူငယ်ချင်းတယောက်က ကျနော့်ကို လှမ်းမေးတယ်။ 

“ဟာ ... မဟုတ်တာဗျာ” 

ကျနော် ဒီလောက်ပဲ အကြောင်းပြန်နိုင်ပါတယ်။ စိတ်ထဲမှာတော့ နည်းနည်း ထိတ်သွားတာ အမှန်ပါပဲ။ မဲဆောက်က သူငယ်ချင်းတယောက်ဆီ ဖုန်းခေါ်ကြည့်တော့ ကျနော်က ဘာမှ မမေးခင်မှာပဲ ... 

“ကြားပြီးရော့ပေါ့” တဲ့။ 

“ဟာ ... ဒါဖြင့် သွားပြီပေါ့” 


Monday, January 12, 2015

နိုင်ငံရေး အညံ့သံသရာ (ညီစောလွင်)

“ကျွန်ုပ်တို့တွေဟာ အတိတ်ရဲ့ ထုတ်ကုန်တွေပါပဲ။ ဒါပေမယ့် အတိတ်ရဲ့အကျဉ်းသားတွေတော့ မဖြစ်ရပါဘူး။” (ရစ်ခ်ဝရန်၊ အမေရိကန် စာရေးဆရာ) 

လူတွေဟာ ကိုယ်လုပ်ဖူးတာ၊ လုပ်တတ်တာကိုပဲ ကောင်းကောင်း၊ ညံ့ညံ့ ထပ်တလဲလဲ လုပ်ကြတာ များပါတယ်။ မကောင်းတာကို ထပ်တလဲလဲ လုပ်တာကတော့ ကိုယ့်အတွက်လည်း ဆိုး၊ ကိုယ်ပတ်ဝန်းကျင်အတွက်လည်း ဆိုးပါတယ်။ ဒါပေမယ့် ဖောက်ထွက်စဉ်းစားလုပ်ကိုင်သူက ရှားပါတယ်။ 

ဒီအကြောင်းကို ပညာရေးစနစ်နဲ့ ဥပမာပေးချင်ပါတယ်။ ကျနော်တို့ မျိုးဆက်က ပညာရေး ညံ့တယ်၊ ဘာကြောင့် ညံ့လဲဆိုတော့ ပညာရေးစနစ် ညံ့တယ်။ ဆရာတွေ ညံ့တယ်၊ တပည့်တွေ ညံ့တယ်၊ ဒါပေမယ့် ဇာတ်လမ်းက အဲဒီမှာ မရပ်ဘူး၊ ညံ့တဲ့ တပည့်တွေက ဆရာတွေဖြစ်တော့ နောက်ထပ် တပည့်ညံ့တွေကိုမွေးပြီး အဲဒီ တပည့်ညံ့တွေဟာ ဆရာညံ့တွေ ထပ်ဖြစ်ပြီး တပည့်ညံ့တွေကို ထပ်ခါထပ်ခါ မွေးနေတော့တယ်၊၊ အညံ့သံသရာ ဖြစ်သွားတယ်။ မျိုးဆက်တွေ တဆက်ပြီးတဆက် ညံ့ဆင်းသွားတော့တယ်။ 


Saturday, May 24, 2014

သစ္စာဖောက်လော၊ ကယ်တင်ရှင်လော (ညီစောလွင်)

စစ်ထောက်လှမ်းရေးအကြီးအကဲ ဘဝကလာတဲ့ ဗိုလ်ချုပ်ကြီး အဒဲ ဖာ့တက် အယ် စီစီဟာ သူ့ကို သူကောင်းပြုတဲ့ အရှင်သခင်ကို သစ္စာဖောက်ခဲ့ဖူးတယ်၊ အခုတခါ အီဂျစ်တော်လှန်ရေးကို သစ္စာဖောက်ပြီး ခေတ်သစ် ဖာရိုဘုရင်ကြီးပဲ ဖြစ်လာလေမလား ဆိုတာကတော့ ဘယ်သူမှ တတ်အပ်မသိနိုင်သေးပါဘူး။ 

မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကြားထဲမှာ စကားနည်းပြီး ဆုံးဖြတ်ချက် ပြတ်သားသူအနေနဲ့ သိကြတဲ့ လက်ရှိ အသက် ၅၉ နှစ်အရွယ် အဒဲ ဖာ့တက် အယ် စီစီ ကို မနှစ် ဇူလိုင်လအထိ တော်တော်များများ မသိရကြသေးပါဘူး။ စီစီဟာ အီဂျစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစ္စလာမ္မစ် သမ္မတ မွတ်ဟာမက် မော်စီကို ရာထူးကနေ ဖြုတ်ချခဲ့တယ်။ သမ္မတ မော်စီကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြောင့် စစ်တပ်ကဝင်ခဲ့ရပေမယ့် နိုင်ငံရေး ရည်မှန်းချက်မရှိပါဘူးလို့ အစပိုင်းမှာ ပြောခဲ့တယ်။ နောက်ပိုင်းမှာတော့ လူကြိုက်များတာကိုသိလာတော့ စစ်ဦးချုပ် စီစီက တပ်ကထွက်ပြီး ရွေးကောက်ပွဲဝင်တော့မယ်လို့ မတ်လမှာ ကြေညာခဲ့တယ်။ 


Sunday, April 13, 2014

ကျနော့် အဖေ၊ သင်္ကြန်နှင့် လက်ဝှေ့ပွဲ (ညီစောလွင်)

ကျနော် လက်ဝှေ့ပွဲကို နတ်ပွဲတွေလောက် မကြိုက်ပါဘူး၊ တကယ် မကြည်ချင်တာပါ။ ထိုးကြ၊ ကျိတ်ကြ၊ သွေးထွက်သံယိုဖြစ်တာကို မကြည်ချင်လို့... ဘာညာ… အဲ့လိုလည်း မဟုတ်ဘူး။ လက်ဝှေ့ပွဲမှာ တီးတဲ့ ဆိုင်းဝိုင်းသံကို မကြိုက်တာ၊ ထိုးပုံကို မကြိုက်တာ။ အလွန်ပျင်းစရာကောင်းတယ်လို့ ကျနော် ထင်တယ်။ လက်ဝှေ့ပွဲက တော်တော်နဲ့ မပြီးတော့ဘူး၊ တပွဲချင်းလည်း ကြာတယ်။ ကာကွယ်နေတာ၊ ရှောင်နေတာနဲ့ တော်တော်နဲ့လည်း ချက်ကောင်းကို မထိဘူး၊ နာမည်ကြီးလေ ပိုပျင်းစရာကောင်းလေလို့ ထင်တယ်။ ကြည့်ရတာ အားမရဘူး၊ အရှိန်ရမယ် ရှိသေး၊ သံချောင်းသံကြားပြီး နားချိန်ကို ရောက်သွားပြန်ရော…။ ဒါကြောင့် လက်ဝှေ့ပွဲကို ကျနော် မကြည့်ချင်ဘူး။ 

လက်ဝှေ့ပွဲထက်စာရင် နတ်ပွဲကမှ သီချင်းသံက မြိုင်မြိုင်နဲ့ နတ်ကတော်ကြီးတွေ “အက” နဲ့ “အဟဲ” က ပျော်စရာကောင်းတယ်လို့ ကျနော် ထင်တယ်။ အဆင်ပြေရင် ငှက်ပျောသီးလည်း စားရသေးတယ်။ ဒါပေမယ့် ငယ်ငယ်က သင်္ကြန်ရောက်တိုင်း လက်ဝှေ့ပွဲ အမြဲကြည့်ရတယ်။ ကျနော့် အဖေ့ကြောင့်ပါ။ ကျနော့်အဖေက သင်္ကြန်ပိုးရှိတယ်လို့ ပြောရမယ်။ သင်္ကြန်နီးလာရင် ဇော်ဝမ်းသီချင်းအခွေတွေ ဝယ်တတ်တယ်။ အထက်တန်းကျောင်းသားဘဝမှာ သင်္ကြန်မှာ အပြင်ထွက်မလည်တဲ့ ကျနော့်ကို အပြင်ထွက်ဖို့ တိုက်တွန်းတတ်တယ်။ 


Tuesday, April 8, 2014

မျိုးရိုး အမွေခံ နိုင်ငံရေး အိန္ဒိယမှာ ကျဆုံးတော့မလား (ညီစောလွင်)

ဒီနေ့ ကမ္ဘာမှာ နေရူး- ဂန္ဒီ မျိုးဆက်လို အရိုက်အရာ ဆက်ခံတဲ့ နိုင်ငံရေးမျိုးကို မတွေ့ရတော့ပါဘူး။ ဒါပေမယ့် အိန္ဒိယမှာတော့ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျလက်အောက်ကနေ အိန္ဒိယ လွတ်လပ်ရေးရခဲ့တဲ့အချိန်ကစလို့ အိန္ဒိယနိုင်ငံကို နေရူး မိသားစုထဲက တယောက်မဟုတ် တယောက်က အဓိက အခန်းကဏ္ဍက ဦးဆောင်လာခဲ့တာပါ။ အိန္ဒိယရဲ့ ဒီနှစ် ရွေးကောက်ပွဲဟာ ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနိုင်ငံမှာ မျိုးရိုးစဉ်ဆက် နိုင်ငံရေး ဆက်ပြီး ရှင်သန်နိုင်မလား၊ ကျဆုံးမလားဆိုတာကို မှတ်ကျောက်တင်ပါလိ့မ်မယ်။

နေရူး-ဂန္ဒီ မျိုးဆက်ရဲ့ အညွန့်အဖူး ရာအူး ဂန္ဒီဟာ ရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီအနိုင်ရဖို့ ခက်ခက်ခဲခဲ ဦးဆောင်နေရပါတယ်။ ပြိုင်ဘက် ဟိန္ဒူ အမျိုးသားရေးဝါဒီ နရိန် ဒြာ မိုးဒီ ခေါင်းဆောင်တဲ့ ဘီဂျေပီ ပါတီအပေါ် လူကြိုက်များနေတယ်။ လက်ရှိ ကွန်ဂရက်ပါတီခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတွေ ထူပြောနေတာနဲ့ တိုင်းပြည်စီးပွားရေး နှေးကွေးနေတာကြောင့် လူထုထောက်ခံမှု ကျဆင်းနေပါတယ်။ အိန္ဒိယနိုင်ငံရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်အားကောင်းလာခဲ့တဲ့ မျိုးရိုးစဉ်ဆက် နိုင်ငံရေးကို ပြည်သူ့အဆုံးအဖြတ် ခံယူရပါတော့မယ်။ ရာအူး ဂန္ဒီဟာ အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ နေရူးရဲ့ မြစ်တော်သူ ဖြစ်ပါတယ်။ အကြိုစစ်တမ်းတွေအရတော့ ဒီရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီဟာ သမိုင်းမှာ အဆိုးရွားဆုံး အနေအထားနဲ့ရှုံးမယ့် အနေအထားမှာ ကျဆင်းနေပါတယ်။ 


Sunday, April 6, 2014

ခွေး နိုင်ငံရေး နဲ့ ခွေး သံခင်းတမန်ခင်း (ညီစောလွင်)

အမှန်ကတော့ ဇာတ်လမ်းထဲမှာ ခွေးက ကန့်လန့် ကန့်လန့် ကန့်လန့်နဲ့ ပါရတာပါ၊ နိုင်ငံအကြီးအကဲတွေရဲ့ ခွေးမှပဲ နိုင်ငံရေးနဲ့ သံခင်းတမန်ခင်းထဲကို ပါနိုင်မှာပေါ့။

ဆိုကြပါစို့။ သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်က သူနဲ့ ခေတ်ပြိုင် နိုင်ငံရေးသမားတွေ၊ ထင်ရှားသူတွေရဲ့ ဆီဆေး ပုံတူတွေ လူမသိအောင် ရေးဆွဲထားပြီး အခုရက်ပိုင်းမှာ ပန်းချီပြပွဲလိုက်တော့ နိုင်ငံတကာ ထိပ်တန်း သတင်းတပုဒ်ဖြစ်သွားတယ်။ ရိုးရိုး ပုံတူတော့ မဟုတ်ပါဘူး။ တဦးချင်းအပေါ် သူ ခံစားမိသလို ရေးဆွဲထားပါတယ်။ 

ဥပမာ အီရတ်စစ်ပွဲမှာ တိုက်ဖော်တိုက်ဖက်ဖြစ်တဲ့ တိုနီဘလဲကို ယုံကြည်ချက်အပေါ် ရပ်တည်တဲ့သူ၊ ယုံကြည်အားကိုးလောက်တဲ့ မိတ်ဆွေကောင်းဆိုတဲ့ ခံစားချက်နဲ့ ရေးဆွဲခဲ့တယ်လို့ ပြောတယ်၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဆိုရင်လည်း အလွန် ဂရုဏထားတတ်သူဆိုတဲ့ ခံစားချက်နဲ့ ရေးဆွဲခဲ့တာ စသဖြင့် ပြောထားပါတယ်။ အာဖဂန် သမ္မတ ဟာမစ်ခါဇိုင်းရဲ့ပုံကတော့ စိုးရိမ်ပူပန်နေ မျက်နှာမျိုးနဲ့ တွေ့ရပါတယ်။ တခြား ခေါင်းဆောင်တွေကိုလည်း ခံစားချက်အမျိုးမျိုးနဲ့ ရေးဆွဲထားပါတယ်။ ထားပါတော့။ 


Friday, January 17, 2014

လူကြီးလူကောင်းအထာ၊ ဂိုဏ်းစတားအထာနှင့် လမ်းသရဲအထာ (ညီစောလွင်)

ဒီမိုကရေစီနဲ့ အသားမကျသေးတဲ့ နိုင်ငံတွေမှာ နောက်ဆုံးပေါ်ရောဂါကတော့ လွှတ်တော်ကို ပြန်ပေးဆွဲတာပါပဲ။ အရင်က အတိုက်အခံနိုင်ငံရေးသမားတွေကို အကျဉ်းချ ပြန်ပေးဆွဲတဲ့ ဇာတ်ကွက်နေရာမှာ လွှတ်တော်ကိုပြန်ပေးဆွဲတဲ့ နိုင်ငံရေးယဉ်ကျေးမှုတရပ် ထွန်းကားလာပါတယ်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်တို့မှာပေါ်ပေါက်နေတဲ့ ဆန္ဒပြပွဲတွေဟာလည်း ဒီရောဂါကနေ ဖြစ်လာတာပါပဲ။ ဒီဇာတ်လမ်းအရ နိုင်ငံရေးဇာတ်ကောင်တွေထဲမှာ ဇာတ်ကောင်နှစ်မျိုး ပေါ်ပါတယ်။ တမျိုးက လူကြီးလူကောင်းအထာဖြစ်ပြီး၊ နောက်တမျိုးက လမ်းသရဲအထာ ဖြစ်ပါတယ်။ 

ထိုင်း အတိုက်အခံခေါင်းဆောင် အဘိဇစ် ဝိချာချီဝနဲ့ ကမ္ဘောဒီးယား အတိုက်အခံ ဆမ်းရိန်စီတို့ကို လူကြီးလူကောင်းအထာ (တနည်း) ပညာတတ်အထာ (intellectual style) နဲ့ နိုင်ငံရေးသမားတွေလို့ ဆိုနိုင်ပါတယ်။ အဘိဇစ်က ယူကေမှာ မွေးပြီး Oxford မှာ ကျောင်းတက်ခဲ့တယ်။ ဆမ်းရိန်းစီ ကတော့ ပြင်သစ်မှာအနေများပြီး ပြင်သစ်နိုင်ငံရေးသမားလို လူကြီးလူကောင်းဆန်လွန်းသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းစတားအထာနဲ့ နိုင်ငံရေးသမားတွေနဲ့ ယှဉ်တဲ့ပွဲမှာ သူတို့ နှစ်ယောက်စလုံး ရှုံးသွားပါတယ်။


Thursday, October 24, 2013

အပြောင်းအလဲဆီကို ဦးတည်နေတဲ့ အင်ဒိုနီးရှား (ညီစောလွင်)

အခုတခေါက် ဂျာကာတာမှာတွေ့ရတဲ့ လူတွေရဲ့မျက်နှာကို ဖတ်ကြည့်ရသလောက်၊ သူတို့ စကားတွေကို နားထောင်ကြည့်ရသလောက် သူတို့တွေ အပြောင်းအလဲတခုအတွက် ဆန္ဒပြင်းပြနေကြတယ်။ မီဒီယာသမားတွေ၊ နိုင်ငံရေးသမားတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေရဲ့စကားတွေထဲမှာ သူတို့တွေ နောက်တဆင့် အပြောင်းအလဲအတွက် ဘယ်လောက်အထိ စိတ်အားဓာတ်သန်နေသလဲဆိုတာ ပေါ်လွင်နေတယ်။ ရွေးကောက်ပွဲက လပိုင်းလောက်ပဲ လိုတော့တာနဲ့လည်း ဆိုင်ပါတယ်။ 

အင်ဒိုနီးရှားမှာ ရှေ့နှစ် ဧပြီလထဲမှာ ပါလီမန် ရွေးကောက်ပွဲတွေကျင်းပပြီး နောက်ထပ်နှစ်လကြာရင် သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတယ်။ သမ္မတ ရွေးပွဲအတွက် ထိပ်ဆုံးကပြေးနေတဲ့လူတွေစာရင်းမှာ ဗိုလ်ချုပ်ဟောင်း ဝရန်တို အပါအဝင် ဆူဟာတိုခေတ်က လူဟောင်းတွေက အများစုဖြစ်နေတယ်။ အင်ဒိုနီးရှား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးက ၁၅ နှစ်ရှိလာပေမယ့် အခုအထိ သမ္မတကနေ၊ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေအထိ ဆူဟာတိုခေတ်ကလူတွေက လွှမ်းမိုးနေတုန်းပါပဲ။ ထူးခြားတာက အာဏာရှင်စနစ်က လူဟောင်းတွေဟာ ဒီမိုကရေစီ၊ ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဆိုတာတွေကို တွင်တွင်ပြောကြနေကြတယ်။ တကယ်တမ်း Transparency International ရဲ့ အဂတိလိုက်စားမှု အညွန်းကိန်းမှာ အင်ဒိုနီးရှားရဲ့အမှတ်စဉ်က ၁၇၄ နိုင်ငံမှာ အမှတ်စဉ် ၁၁၈ နေရာမှာပဲ ရှိပါတယ်။ 


Saturday, October 19, 2013

သီတင်းကျွတ် ဝေဒနာ (ညီစောလွင်)

"သီတင်းကျွတ်"ဆိုတဲ့ စကားလုံး နုတ်က ရေရွတ်မိတယ်ဆိုရင် ကျနော် အမြဲတမ်း သတိရတဲ့ လူတယောက်ရှိတယ်... ကျနော့် ဦးရီးတယောက်ကိုပါ... သူက ဟာသပြောတယ်။ ပျော်ပျော်နေတယ်။ တခါမှာ သူပြောတဲ့အကြောင်းက မူလတန်းမှာ သင်ရတဲ့ အလင်္ကာလေးတပုဒ်နဲ့ပတ်သက်ပါတယ်။ 

သီ- တင်း- ကျွတ်- ပြီ ... 
မိုး- လေ- ကင်း- လွတ်- တော့မည် ... 
မီး- ပုံး- ပျံ- လွှတ်- ကြ- ရအောင် 
မီး-စာ ကို ရေနံဆွတ်ပါ ... 
မှိုင်း- ဝ- မှ- လွှတ်- ပါ ... ဆိုတဲ့ အလင်္ကာလေးပါ။ 

အဲဒီ အလင်္ကာထဲက "သီ-တင်း-ကျွတ်-ပြီ" ဆိုတာ "သီ-တင်း-ကျွတ်-ပြီ" ဆိုတဲ့ အသံထွက်အတိုင်းပဲဆိုခဲ့ပေမယ့် ဘာမှ နားမလည်ခဲ့ဘူးတဲ့။ ကြီးလာတော့မှ "သီ-တင်း-ကျွတ်-ပြီ" ဆိုတာ "သဒင်းဂျွတ်" ကိုပြောမှန်း နားလည်သွားတယ်လို့ ပြောရင်း ရယ်နေတယ်။

ပြန်စဉ်းစားကြည့်တော့ ကျနော်လည်း ကျနော့် ဦးရီးနဲ့ အတူတူပါပဲ။


Saturday, October 12, 2013

ကမ္ဘာကြီးနှင့် ငါတို့ ချိတ်လု ချိတ်ခင် (ညီစောလွင်)

လာအိုကို လွန်ခဲ့တဲ့ သုံးလေးနှစ်က နှစ်ခေါက်ရောက်ခဲ့တယ်၊ ဒီတခေါက် ပြန်ရောက်တော့ ဘာထူးလဲဆိုတော့ မြန်မာတွေ ဗီဇာမလိုတော့တာပါပဲ၊ အနောက်တိုင်းသားတွေ ဗီဇာဖောင်ဖြည့်၊ ဓာတ်ပုံကပ်နေတဲ့အချိန်မှာ ကိုယ်တို့ကတော့ ခေါင်းမော့ရင်ကော့လို့ပေါ့။ ကိုယ်တို့က အာဆီယံနိုင်ငံက လူတွေလေ၊ မြန်မာဖြစ်ရတာ ဒီတခါတော့ ဂုဏ်ယူလိုက်မိတယ်။ အာဆီယံအဖွဲ့ဝင်ဖြစ်ရတာ လာအိုသွားတဲ့ ခရီးမှာတော့ ဂုဏ်ယူနေမိတယ်။

ကိုယ့်လိုပဲ ဂုဏ်ယူနေတဲ့ နောက်တယောက်ကတော့ ဖိလစ်ပိုင်က ချာတိတ်တယောက်။ သူက အသက် ၉ နှစ်ကတည်းက ထိုင်းကို မိဘတွေနဲ့ ရောက်နေတယ်။ အခု အသက် ၂၄ နှစ်၊ ထိုင်းစကားကို ရေရေလည်လည်ပြောတယ်။ အင်္ဂလိပ်စကားကိုလည်း ကရားရေလွှတ်ပြောတယ်။ ချင်းမိုင် မယ်ကျို့တက္ကသိုလ်က ကျောင်းပြီးတယ်။ သူ့အဖေဆီက အင်္ဂလိပ်စာကို သင်တယ်တဲ့၊ သူ့အဖေက အင်္ဂလိပ်စာ ဆရာ၊ ထိုင်းမှာက ဖိလစ်ပိုင်က အင်္ဂလိပ်စာဆရာတွေ အတော်များသကိုး။ ဖိလစ်ပိုင်ဆရာတွေက အနောက်တိုင်းသားတွေထက်စာရင် ဈေးပေါတယ်လေ၊ မြန်မာတွေလိုပဲ အောက်ခြေသိမ်း အလုပ်လုပ်တဲ့ ဖိလစ်ပိုင်တွေလည်း ရှိပါတယ်။ ရွှေမြန်မာတွေကတော့ ထိုင်းမှာ သန်းနဲ့ ချီသလို၊ ဖိလစ်ပိုင်တွေကတော့ သောင်းဂဏန်း၊ အလွန်ဆုံး သိန်းဂဏန်းလောက် ရှိပါလိမ့်မယ်။ အာဆီယံနိုင်ငံအချင်းချင်း လူတွေ၊ ကုန်စည်တွေ၊ ပညာတွေ ကူးလူးဆက်ဆံနေကြတာ ကြာခဲ့ပါပြီ။ လာအိုခရီးမှာ အံ့သြသွားတာက တယ်လီဖုန်းကိစ္စဗျ၊ အရင်က ကျနော်တို့ လာအိုရောက်လို့ ထိုင်းဘက်ကို ဖုန်းခေါ်ချင်ရင် မြစ်ဘေးကို သွားရတယ်။ ဖုန်းက မိတချက် မမိတချက်ပေါ့၊ အခု အဲ့လို မဟုတ်တော့ပါဘူး၊ ထိုင်းဘက်ကနေ လာအိုဘက်ကို ကူးသွားတာနဲ့ ကိုယ့်ဖုန်းက Dtac ဖုန်းဆိုရင် မက်ဆေ့ဝင်လာမယ်။


Thursday, October 3, 2013

ဒီမိုကရေစီပျိုးပင် (၅) - ညီစောလွင်

အလုပ်ဖြစ်တဲ့ ပြည်သူ့ဝန်ထမ်းစနစ် (Usable Bureaucracy) ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ မှားယွင်းရုံသာမက အန္တရာယ်ရှိတဲ့ အယူအဆ တရပ်ကတော့ တဦးချင်း လွတ်လပ်မှုကို ဘောင်ချဲ့ယူဖို့အတွက် အစိုးရရဲ့အာဏာ သက်ရောက်မှုဘောင်ကို ချုံ့ပစ်ဖို့ လိုအပ်တယ်ဆိုတဲ့ စဉ်းစားချက်ပါပဲ။ စစ်အေးကာလ တလျှောက်လုံးနဲ့ စစ်အေး အလွန်ကာလမှာ လူကြိုက်များတဲ့ အယူအဆလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် စစ်အေး အလွန်ခေတ် ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ နိုင်ငံတွေကိုရဲ့အခြေအနေကို ဓမ္မဓိဌာန်ကျကျ လေ့လာတဲ့အခါမှာတော့ ဒီအယူအဆဟာ လက်တွေ့မှာ မှားယွင်တယ်ဆိုတာကို ပညာရှင်တွေက တွေ့ရှိပြီး ပြန်လည်သုံးသပ်လာကြတယ်။

အစိုးရ အာဏာနဲ့ပတ်သက်လာရင် ယျေဘုယျအနေနဲ့ (၁) တရားမဲ့ အာဏာစက် (Despotic Power) နဲ့ (၂) တရားသဖြင့် အာဏာစက် (Infrastructural Power) ဆိုပြီး နှစ်မျိုးခွဲမြင်ဖို့ လိုပါတယ်။ ဒီမိုကရေစီအခြေကျနေတဲ့နိုင်ငံတွေကို ကြည့်တဲ့အခါ တရားသဖြင့် အာဏာစက်ရဲ့ သက်ရောက်မှုက ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေထဲအထိ ထိုးဖောက်ဖြန့်ကျက်နေတာကို တွေ့နိုင်ပါတယ်။ နိုင်ငံသားတယောက် မွေးတဲ့အချိန်ကနေ သေတဲ့အချိန်အထိ (ဥပမာ ပညာရေးမှတ်တမ်း၊ ထိမ်မြားလက်ထပ်ခြင်း၊ အိမ်ထောင်ကွဲခြင်း။ အသက်မွေးမှု၊ ဝင်ငွေ၊ အိမ်ပိုင်၊ ကားပိုင်၊ ပြည်ဝင်ပြည်ထွက်၊ ဒုစရိုက်မှု စသဖြင့်) အစိုးရရဲ့မျက်စိအောက်ကနေ မလွတ်ပါဘူး။


Monday, September 30, 2013

ဒီမိုကရေစီပျိုးပင် (၄) - ညီစောလွင်

တရားဥပဒေ စိုးမိုးတဲ့နိုင်ငံ (Rechtsstaat) တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုဟောင်း ဘိုရှီလိုင်ကို ခုံရုံးတင်တဲ့အမှုဟာ ကမ္ဘာ့မီဒီယာတွေမှာ ထိပ်တန်းသတင်းဖြစ်ခဲ့တယ်။ သမ္မတ ရှီဂျင်းပင် ဦးဆောင်တဲ့ အစိုးရတက်လာတဲ့နောက်ပိုင်း တရုတ်နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့အသံတွေကို ပိုလို့ ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ထိပ်တန်းအရာရှိတွေကို ခုံရုံးတင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေချနေတာ တွေ့လာရတယ်။ ဆိုလိုတာက ဒီနေ့ ခေတ်မှာ နိုင်ငံရေးစနစ်နဲ့ပတ်သက်လို့၊ ဒီမိုကရေစီနဲ့ ပတ်သက်လို့ မူကွဲမျိုးစုံ၊ စီးပွားရေးစနစ်နဲ့ပတ်သက်လို့ မူကွဲမျိုးစုံ ရှိနေပေမယ့် တရားဥပဒေ စိုးမိုးရေး အယူအဆကို ဆန့်ကျင်ပြီး ငြင်းချက်ထုတ်မယ့် နိုင်ငံရယ်လို့ မရှိသလောက်ပါပဲ။

တရားဥပဒေ စိုးမိုးရေးနဲ့ လစ်ဘရယ် ဒီမိုကရေစီကို ခွဲခြားလို့မရပါဘူး။ တရားဥပဒေ စိုးမိုးရေးဟာ လစ်ဘရယ် ဒီမိုကရေစီမှာ အရေးကြီးတဲ့ တဦးချင်းအခွင့်အရေး (individual rights) ကို အာမခံပေးနိုင်တယ်။ ရင့်ကျက်တဲ့ ဒီမိုကရေစီအဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင် အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လိုအပ်တဲ့ လွတ်လပ်မှုအတိုင်းအတာကို တရားဥပဒေနဲ့ အာမခံရတယ်။ အရေးပါတဲ့အုပ်စုတွေအားလုံး (အထူးသဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရ၊ နိုင်ငံတော် ယန္တရားတွေ အားလုံး) ဟာ တရားဥပဒေနဲ့ လိုက်နာဆောင်ရွက်ရတယ်။


Tuesday, August 20, 2013

ဟတ်လိုင်းသမား ဒေါက်တာလွဏ်းဆွေ (ညီစောလွင်)

နယ်စပ်မှာ နှစ်တချို့ ဝင်ကူခဲ့ဖူးတဲ့ လစဉ်ထုတ် သတင်းစာက ၂၀၁၀ ရွေးကောက်ပွဲအကြိုမှာ ဘွိုင်းကောက် ဆိုတဲ့ အပတ်စဉ်စာစောင် ထုတ်တယ်။ ရွေးကောက်ပွဲ သပိတ်မှောက်ရေးဘက်ကရပ်တည်တဲ့ စာစောင်မှာ အပတ်စဉ် ဆောင်းပါးရေးဖို့ အယ်ဒီတာချုပ်ကပြောတော့ ရေးဖြစ်ခဲ့တယ်။ 

တကယ်တော့ ရွေးကောက်ပွဲဆိုတာက လစ်ဘရယ် ဒီမိုကရေစီအတွက် ဖယ်ထားလို့မရတဲ့ကိစ္စ၊ ပြည်တွင်း မီဒီယာတွေမှာ ကလောင်ကြီးတွေ ရွေးကောက်ပွဲကို အကြီးအကျယ် လော်ဘီလုပ်ကြတဲ့အချိန်၊။ ရွေးကောက်ပွဲ ဝေဖန်ထောက်ပြတဲ့ စာမူတွေကိုကျတော့ ဖော်ပြခွင့်မရတဲ့ အခြေအနေ။ 

ကိုယ်က ချောင်ကြိုချောင်ကြားက လူမသိသူမသိ စာရေးတဲ့သူ။ ဒါပေမယ့် တတ်သလောက် မှတ်သလောက် ပြန်ခုခံချင်တယ်။ ဒါကြောင့် လူသိတဲ့ မီဒီယာကို အားကိုးရတယ်။ ဒေါက်တာလွဏ်းဆွေ ဘလော့မှာတင်ပေးဖို့ မေတ္တာရပ်တော့ တင်ပေးခဲ့တယ်။ 


Saturday, August 17, 2013

ဒီမိုကရေစီပျိုးပင် (၃) - ညီစောလွင်

ဒီမိုကရေစီပျိုးပင် အပိုင်း (၂) မှာ အီဂျစ်မှာ အရေးကြီးတဲ့ တော်လှန်ရေးအင်အားစုတွေ ညှိနှိုင်းဖို့ အားနည်းခဲ့လို့ ဒီမိုကရေစီကို ပျိုးထောင်တဲ့အချိန်မှာ အခက်အခဲတွေ ကြုံရတဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။ အခု ဒီစာရေးတဲ့အချိန်မှာတော့ အီဂျစ်အခြေအနေက အတော်လေးကို ခြေလွန်လက်လွန်နဲ့ ပဋိပက္ခတွေ ဘယ်အထိ စခန်းသွားဦး၊ သွေးတွေ ဘယ်လောက် ထွက်ဦးမလဲဆိုတာ မပြောနိုင်ပါဘူး။ အခုတွေ့နေရတဲ့ အီဂျစ်အခြေဟာ ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့လည်း ပတ်သက်နေပါတယ်။ အဓိက ပြောချင်တာက အပိုင်း (၂) မှာ ဆွေးနွေးခဲ့တဲ့အတိုင်း လူမှုအုပ်စုတွေ အချင်းချင်းအကြားမှာ ညှိနှိုင်းဖို့ အရေးကြီးတဲ့အကြောင်းပါ။ လူမှုအုပ်စုတွေလို့ ပြောတဲ့အတွက် နိုင်ငံရေး အုပ်စုတွေပါဝင်သလို၊ အရပ်ဘက် အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။ ဒီနှစ်မျိုးစလုံးဟာ ဒီမိုကရေစီ တည်ဆောက်တဲ့နေရာမှာ အဓိက အုတ်မြစ်တွေ၊ မဏ္ဍိုင်တွေပါပဲ။ 

အဲဒီတော့ ပထမအုတ်မြစ်ဖြစ်တဲ့ lively civil society ရှင်သန်အားကောင်းတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအကြောင်းက စကြပါစို့။ အရပ်ဘက်အဖွဲ့အစည်းတွေလို့ဆိုတဲ့အတိုင်း ကိုယ်ထူကိုယ်ထ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ လူထုအခြေပြု အဖွဲ့အစည်း၊ အသင်းအပင်းတွေကို ဆိုလိုပါတယ်။ အကျိုးစီးပွားတူတဲ့ အုပ်စုတွေ၊ စိတ်ဝင်စားမှုတူတဲ့၊ အုပ်စုတွေက လိုအပ်ချက်အလိုက်၊ တန်ဖိုးထားမှုတွေအလိုက် စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို ဆိုလိုပါတယ်။ ဥပမာ အမျိုးသမီးသမဂ္ဂ၊ ဘာသာရေးအဖွဲ့တွေ၊ ပညာရှင်အဖွဲ့အစည်းတွေ၊ အလုပ်သမား၊ လယ်သမား၊ စသဖြင့် အသက်မွေးမှုတွေနဲ့ဆိုင်တဲ့ အဖွဲ့တွေကနေ ရပ်ကွက်သာရေး၊ နာရေးအဖွဲ့တွေအထိ ပါဝင်ပါတယ်။ ဒုတိယအုတ်မြစ်ကတော့ လွတ်လပ်တဲ့ နိုင်ငံရေး အသိုက်အဝန်း(autonomous political society) တွေပါပဲ။ အစိုးရအာဏာအတွက် တရားဝင်တဲ့နည်းလမ်း ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေပါ။ 


Tuesday, August 13, 2013

ထူးအိမ်သင်ရဲ့အိမ်၊ ကျနော့်ရဲ့အိမ် (ညီစောလွင်)

ထူးအိမ်သင် သီချင်းတွေကို ဝေဖန်တဲ့စာတပုဒ်မှာ “ကြင်နာ၊ ရက်စက်၊ ရီဝေ၊ အိပ်မက်” ဆိုတဲ့ စကားလုံးတွေ ထပ်နေတယ်လို့ ဝေဖန်တာ ဖတ်ဖူးတယ်၊ ဟုတ်မယ်လို့ ထင်ပါတယ်။

ကိုယ့်အမြင်ကတော့ ထူးအိမ်သင် သီချင်းတွေမှာ “အိမ်လွမ်းစိတ်” တွေ လွှမ်းမိုးနေတယ်။ ထူးအိမ်သင်ဆိုရင် ကိုယ့်စိတ်ထဲ ကျောပိုးအိတ်တလုံးနဲ့ အိမ်ကနေ လေလွင့်ထွက်ခွာသွားတတ်တဲ့ သို့မဟုတ် အရှုံးတွေပွေ့ပိုက်ရင်း တနေ့မှာ အိမ်ကိုပြန်လာတတ်တဲ့ လွမ်းတတ်တဲ့ သားဆိုးတယောက်လို့ပဲ စွဲလမ်းနေခဲ့တယ်၊ နှစ်သက်နေခဲ့တယ်။ 

ဒီလိုနဲ့ အိမ်ဆိုတာ “ပြန်စရာနေရာ” တခုပဲလို့ ထင်ခဲ့တယ်။ အမြဲတမ်းနေရင် အိမ်ဆိုတာ ငြီးငွေ့စရာကြီး။ တခါတလေ ပြန်လာခိုလှုံမှပဲ အိမ်ဆိုတာ ပီပီပြင်ပြင် “လှ” တယ်လို့ ထင်ခဲ့တယ်။ ဒီလိုနဲ့ အလယ်တန်းတက်စနှစ်လောက်မှာ ထင်ပါရဲ့။ အစောဆုံး စွဲလမ်းခဲ့ရတဲ့ ထူးအိမ်သင်ရဲ့ အိမ် ကတော့ အမေ့အိမ်ပေါ့။


Sunday, August 11, 2013

ရှစ်လေးလုံးကနေ သင်ခန်းစာ ယူနိုင်ကြပြီလား (ညီစောလွင်)

မြန်မာပြည်မှာလည်း ရှစ်လေးလုံးက ငွေရတုတိုင်သွားပြီ။ ဒီမိုကရေစီ အရေးတော်ပုံ မအောင်မြင်ရတဲ့ အားနည်းချက်ကဘာလဲဆိုတာလည်း သိကြတယ်။ ဒါပေမယ့် သင်ခန်းစာယူနိုင်ပြီလားဆိုတော့ မယူနိုင်ကြသေးပါဘူး။ 

ရှစ်လေးလုံး အရေးတော်ပုံနဲ့ပတ်သက်လို့ ဟံသာဝတီ ဦးဝင်းတင် ဒီဗွီဘီနဲ့အင်တာဗျူးမှာ စိတ်ဝင်စားတဲ့ တချက်ပါလာတယ်။ အရေးတော်ပုံ ဘာလို့မအောင်မြင်လဲဆိုတော့ စစ်တပ်က အကြမ်းဖက်တာက အကြောင်းတရပ်၊ နောက်တရပ်က ဒီမိုကရေစီ အင်အားစုတွေ မညီညွတ်လို့ဆိုတဲ့အချက်လို့ ဆိုတယ်။ အဲဒီတုန်းက ဝန်ကြီးချုပ်ဟောင်း ဦးနုက သူ့လက်ထဲကနေ ၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းတာမို့လို့ သူသာလျှင် ဝန်ကြီးချုပ်ဖြစ်တယ်ဆိုပြီး စင်ပြိုင်အစိုးရ ကြေညာခဲ့တယ်။ ဦးနုက ဘယ်သူနဲ့မှ မတိုင်ပင်ခဲ့ဘူးလို့ ဦးဝင်းတင်က ဆိုတယ်။ ဒါကြောင့် ဦးနုကို ဝိုင်းပြီးကန့်ကွက်လိုက်ကြတယ်။ 

ဒီအကြောင်းတွေကို လွန်ခဲ့တဲ့နှစ်တွေမှာ အဲဒီကာလမှာ ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေဆီကနေ မကြာခဏ ကြားရတတ်ပါတယ်။ တချို့က ဦးနုကို အမှတ်ပေးတာလည်း ရှိပါတယ်။ နိုင်ငံရေးသမားကြီး ဦးနုက ခင်းလိုက်တဲ့အကွက်ကို ကျောင်းသားတွေနဲ့ တခြားအင်အားစုတွေက အထင်လွဲခဲ့ကြတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် ဘယ်ဒေါင့်ကကြည့်ကြည့် မညီညွတ်ခဲ့တာက မညီညွတ်ခဲ့တာပါပဲ။ 


Wednesday, August 7, 2013

တောက သပိတ် (ညီစောလွင်)

၈၈ မှာ မြို့ပေါ်မှာ ဆူပူနေတာနဲ့ ကျောင်းတွေလည်း ပိတ်လိုက်တာဆိုတော့ ကျနော်တို့ မောင်နှမတတွေ ရွာမှာ ပြန်နေကြတယ်။ မြို့ပေါ်မှာတော့ ဝမ်းကွဲအစ်ကိုတွေက သပိတ်ခေါင်းဆောင်တွေ လုပ်ကြတယ်။ ခေါင်းပတ်အနီတွေ စည်းလို့တဲ့၊ ကြားရတယ်။ တနေ့ကျတော့ ရွာက ကျနော့်အစ်မဆီကို စာပို့လာတယ်။

“နင်တို့လည်း သပိတ်လုပ်ကြ၊ မလုပ်ရင် ငါတို့ လာလုပ်မယ်” ဆိုတာမျိုး ရေးလာတယ်။

ဒါနဲ့ပဲ ရွာမှာ သပိတ်ကော်မတီတခု ဗြုန်းခနဲပေါ်လာတယ်။ ဆယ်တန်းကျောင်းသူ ကျနော့်အစ်မကြီးနဲ့ သူ့ သူငယ်ချင်းတယောက် သပိတ်ခေါင်းဆောင် လုပ်ကြတယ်။ ကျနော့်ဦးလေးတို့လည်း ရွာကသပိတ်မှာ အရမ်းတက်ကြွတယ်။ ညဘက်ကျတော့ အိမ်မှာ မီးခွက်ကလေးထွန်းပြီး ကျနော့် အဖေက မိန့်ခွန်း ရေးပေးတယ်။ အဖေက တောကျောင်းက ကျောင်းဆရာဟောင်း၊ အဖေရေးပေးတဲ့မိန့်ခွန်းကို အစ်မကြီးနဲ့ သူ့သူငယ်ချင်းက အပြောကျင့်ကြတယ်။ အဲဒီတုန်းက ကျနော့် အသက်က ၈ နှစ်ဆိုတော့ အစ်မကြီးက အသက် ၂၀ အရွယ်ပေါ့။


Saturday, August 3, 2013

ဆယ်လမွန်ငါးတို့ အပြန် (ညီစောလွင်)

ရန်ကုန်သွားကြမယ့် ကျောင်းသားတပ်မတော် ကိုယ်စားလှယ်တွေထဲမှာ တပ်ရင်းမှူးလို့ပဲ လေးစားသမှုနဲ့ခေါ်တဲ့ အာရ်အိုင်တီက နောင်တော်ကြီး တစ်ယောက်ပါလာတယ်။ သူတို့ အဖွဲ့တွေ ချင်းမိုင်မှာ တက္ကသိုလ်နားမှာ တညတာ တည်းခိုကြတယ်။ နုတ်ဆက်ချင်ပေမယ့် သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ဘာမဟုတ် ညာမဟုတ် ကိုယ့်အတွက် အချိန်ပေးရမှာကို အားနာတယ်။ ကြိုဖုန်းဆက်ရတယ်။ “လာခဲ့ပါ” ဆိုတော့ အားနာနာနဲ့ သွားရတယ်။

ရောက်သွားတော့ တပ်ရင်းမှူးကတော့ ထုံးစံအတိုင်း ပြုံးပြုံးချိုချို...။ အနားက တယောက်ကိုလည်း ဗဟိုကော်မတီဝင် လို့ မိတ်ဆက်ပေးတယ်။ စကားပြောကြရင်း “ဒီနေရာက ချင်းမိုင် တက္ကသိုလ်နဲ့ ကပ်လျက်လေ” လို့ ပြောတော့ “သိတယ်လေ၊၊ ကျနော်တို့ စောစောကတောင် အနားက ဖြတ်လျှောက်ပြီးပြီ” လို့ သူတို့ နှစ်ယောက်စလုံး ပြုံးစစနဲ့ ပြောပြတယ်။ 

“အရှေ့ဘက်က ခြံစည်းရိုတွေက မာလာဆောင်ဘက်က ခြံစည်းရိုးတွေနဲ့ တူတယ်ဗျ” လို့ တပ်ရင်းမှူး မိတ်ဆွေက ထပ်ပြောတယ်။ နှစ်အစိတ်တိတိရှိခဲ့ပြီဆိုပေမမယ့် သူတို့ရဲ့ တက္ကသိုလ်အလွမ်းက ပျယ်သေးပုံမရ။ ရန်ကုန်ခရီးဆိုတော့လည်း တက္ကသိုလ်ဝိညာဉ် ပြန်နိုးနေကြတယ်ထင်ပါတယ်။ 


Tuesday, July 30, 2013

ဒီမိုကရေစီပျိုးပင် (ပေးစာ - ၂) - ညီစောလွင်

အရင်တပတ်က (Consolidated Democracy) ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ အခြေအနေ သုံးရပ်အကြောင်း ပြောခဲ့တယ်။ ဒီတပတ်မှာ ဒီမိုကရေစီတည်ဆောက်ရေးမှာ အရေးကြီးတဲ့မဏ္ဍိုင်ကြီး ၅ ရပ် (တနည်း) အုတ်မြစ်ကြီး ၅ ခု အကြောင်းကို ဆက်ပြောဖို့ပါပဲ။ ဒါပေမယ့် ဒီစာရေးတဲ့အချိန်မှာပဲ အီဂျစ်နိုင်ငံကလမ်းပေါ်မှာ လူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးတဲ့သတင်းနဲ့ တူနီးရှားမှာ လုပ်ကြံခံရတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ဈာပနသတင်းကိုကြည့်ရင်းနဲ့ ပြောစရာပေါ်လာလို့ ပြောခွင့်ပြုပါဦး။ 

အာရပ်နွေဦးကိုကြည့်ရင် ဒီမိုကရေစီတည်ဆောက်ရတာ ဘယ်လောက် ခက်ခဲသလဲဆိုတာကို မြင်နိုင်ပါတယ်။ အရင် တပတ်ကပြောခဲ့သလိုပဲ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲလောက်ပဲ ကွက်မြင်နေလို့မဖြစ်ဘူးဆိုတာကို ထပ်ပြောချင်ပါတယ်။ ဥပမာ အီဂျစ်မှာ မူဘာရတ် ပြုတ်ကျသွားတယ်၊ ရွေးကောက်ပွဲ ကျင်းပနိုင်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရသက်တမ်းက တနှစ်ပဲ ခံပါတယ်။ အခုဆိုရင် တတိုင်းပြည်လုံးမှာလည်း စိတ်ဝမ်းကွဲမှုတွေက ဆိုးရွားနေတော့ ဒီမိုကရေစီအနာဂတ်က မရေမရာပါပဲ။ တူနီရှားမှာလည်း ဒီသဘောပါပဲ။ ၆ လအတွင်းမှာ လုပ်ကြံခံရတဲ့ အတိုက်အခံပါတီက ခေါင်းဆောင်နှစ်ယောက် ရှိသွားပြီ။ ဒါကိုမကျေနပ်လို့ တနိုင်ငံလုံး အုံကြွတော့မယ့် အခြေအနေ ပေါ်ပေါက်နေတယ်။ 


Monday, July 29, 2013

ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) အရေးတော်ပုံ တပ်သား (ညီစောလွင်)

“ကျနော် ဘာကို ဆိုလိုသလဲဆိုတာကိုတော့ ခင်ဗျား နားလည်လောက်ပါတယ်” လို့ ဦးဝင်းတင်က ပြောတယ်။ သူပြောတဲ့ (အင်္ဂလိပ်) စကားက တိုးတိုးညင်သာ...။ တချက်တချက်လည်း တိမ်ဝင်သွားတတ်တယ်။ အပြင်မှာရွာနေတဲ့ မိုးစက်တွေက အိမ်ခေါင်မိုးပေါ်ကို တဖျောက်ဖျောက်နဲ့ ကျနေတယ်။ နေမြင့်လာချိန်မှာတော့ မိုးက တဖြည်းဖြည်းတော့ အရှိန်လျှော့ကျစပြုလာတယ်။ 

“ကျနော်က အိုပြီဗျ၊ မှတ်ဉာဏ်တွေလည်း မကောင်းတော့ဘူး။ စကားလုံးတွေ၊ အလင်္ကာတွေ၊ အသုံးအနှုန်း၊ အတွဲအစပ်၊ အတွေးအခေါ်တွေ မေ့ကုန်တာတွေလည်း အများကြီးပဲ” လို့ ဦးဝင်းတင်က ပြောတယ်။ 

ဦးဝင်းတင်ဆိုတာက ဝါရင့်သတင်းစာဆရာကြီး…။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ သူရဲ့ ချွန်မြတဲ့ကလောင်ဟာ နိုင်ငံရေးအရေးတော်ပုံမှာ လက်နက်ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ကို ထူထောင်တယ်။ မြန်မာပြည်မှာ နိုင်ငံရေး ဝရုန်းသုန်းကား ကာလ...။ 

ဦးဝင်းတင်ဟာ အသက်ငယ်ငယ်အရွယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆုံခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ဦးဆောင်နေတဲ့အချိန်၊ ၁၉၄၇ ကျတော့ လုပ်ကြံခံလိုက်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တဒင်္ဂလေးတွေ့လိုက်တဲ့ အဲဒီအဖြစ်အပျက်ကလေးက ဟံသာဝတီ ဦးဝင်းတင်ရယ်လို့ စာရေးဆရာဘဝကို ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုရမှာပါ။ နောက်ထပ် ရာစုနှစ်ဝက်လောက်အကြာမှာတော့ ဦးဝင်းတင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးနဲ့ ရေစက်ဆုံရပြန်တယ်။ ဒီတကြိမ်ကတော့ မြန်မာပြည်မှာ ၁၉၈၈ လူထုဆန္ဒပြပွဲတွေ ကြားထဲမှာ...။ စာရေးဆရာ ဦးဝင်းတင်ကလည်း အရေးတော်ပုံ တပ်သားဖြစ်နေပြီ။ ဒီလိုနဲ့ လုပ်လက်စအလုပ်တွေ မပြီးခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးဝင်းတင်ပါ စစ်အစိုးရရဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်သွားပြန်တယ်။ အဲဒီအချိန်တုန်းက ဦးဝင်းတင်က အသက် ၆၀၊ ဒေါ်အောင်ဆန်းစုကြည်က ၄၄ နှစ်။