အချိန်တို့ လျှင်မြန်စွာ ကုန်သွားသလို ဘီလူးဆိုင်းနှင့် ဘီလူးထွက်လာသည့် ဇာတ်ကွက်သို့ ရောက်၏။ ချောတိုင်ထိပ်ဖျား အောင်လံကို လက်ဖြင့်ထိပြီးကာမှ ဝေါခနဲ ပြန်ကျလာသလို အားလုံးခံစားရ၏။ မခင်အေးက “မလွယ်ဘူးဟေ့၊ အပြတ်အသတ် ပြန်ကြမ်းတော့မှာ တော်ရာရှောင်ကြရင် သက်သာမယ်ဟု သတ္တိပြသည်။
အားလုံးမျှော်နေသော ဖေသောင်းနှင့်အဖွဲ့ မောပမ်းတကြီး ပြန်ရောက်ချလာ၏။ ကိုခင်မောင်လတ်၊ ကိုမြင့်ဇော်တို့နှင့် ခေါင်းချင်းရိုက်နေကြပြန်ပြီ။ အုန်းသိန်းတို့ သားအဖကား တို့ခေတ်ပြန်ရောက်ပြီဟု လက်ရုံးဆန့်တန်းနေကြပြီ။ တနေ့တွင်းပင် စည်းဝေးမှုပြီးအောင် လက်စသပ်ရင်း သပိတ်စခန်းများ ရုပ်သိမ်းသူ သိမ်းကြသည်။ ငါတို့ မျှော်လင့်ချက်တွေကို ဖျက်ဆီးလိုက်ရတာပဲဟု မျက်ရည်ကျသူ ကျသည်။ ယုံကြည်ချက်တော့ ပျက်မသွားဘူး ဟု ကိုမြင့်ဇော်တို့ကနှစ်သိမ့်ရင်း လူစုခွဲကြမည့်အစီအစဉ်ကို မှတ်ချက်ကြသည်။ မိုးကား သည်းဆဲ။ လေက ထန်ဆဲ။
xxxxx xxxxx xxxxx
