၃-၅-၂၀၀၂
ရှေ့သို့ဘဝခရီးဆက်ရပေအုံးမည်။ ဒေါလောခူရွာလေးမှတဆင့် မိသားစုအသိုက်အမြုံရှိရာ ထိုင်း- မြန်မာနယ်စပ်သို့ ရက်အတော်တော်ကြာကြာ ခရီးနှင်ခဲ့ရသည်။ နွေကာလခရီးစဉ်တလျှောက် အခက်အခဲဆုံးမှာ ရေပင်ဖြစ်သည်။
နွေရာသီသို့ရောက်သည်နှင့် တောတောင်ရေမြေတို့မှာလည်း ခမ်းခြောက်လာခဲ့သည်။ ရေကို လမ်းခရီးတလျှောက် ချွေတာသုံးစွဲကြရသည်။ ရေရရှိရန်အတွက် တစ်ရက်တာခရီး အကွာအဝေးခန့်သွားရသည်။ ရေငတ်သည့်ဒဏ်ကြောင့် အချို့အသက်ဆုံးရှုံးခဲ့ရသည်ပင်ရှိခဲ့သည်။ ၂၀၀၂ ခုနှစ်၊ သင်္ကြန်ကာလကိုတော့ သံလွင်မြစ်ကမ်းနံဘေး၌ပင် ဆင်နွှဲလိုက်ရသည့်အဖြစ်က ယနေ့ တိုင်အမှတ်တရရှိနေခဲ့သည်။ ခရီးပြင်းတစ်ခုကို ၁၄ ရက်ခန့် ဖြတ်သန်းလွန်မြောက်ပြီးနောက် နယ်စပ်တပ်စခန်းရှိရာသို့ ပြန်ရောက်လာခဲ့သည်။
ကျနော် ပြန်လည်ရောက်ရှိချိန်တွင်တော့ BPA (Burma Patriotic Army) မှာလည်း ကိုယ်ပိုင်တပ်စခန်းအဖြစ် ရပ်တည်နေပေပြီ။ ထိုင်း-မြန်မာနယ်စပ် တောင်ကြောတစ်လျှောက်တွင်တော့ ကရင်နီတပ်မတော်က အခိုင်အမာတပ်စွဲထားပြီး ကျနော်တို့ BPA မှာ နယ်စပ်တောင်ကြောမှ မြန်မာပြည်အတွင်းပိုင်း ကိုက်၁၅၀၀ ခန့်တွင် တပ်စွဲခွင့်ပြုထားသည်။ မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသော စခန်းပင်ဖြစ်ပေတော့သည်။ မြန်မာ့တပ်မတော်မှ ညပိုင်း ကင်းအလဲအလှယ်လုပ်သည်ကိုပင် မီးရောင်အောက်တွင် မြင်တွေ့နိုင်ပေသည်။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
10 months ago


















