Wednesday, February 12, 2014

ဒဏ်ရာတွေနဲ့ မပေကျံစေနဲ့ (ကိုညို)

ကလေးတိုင်းဟာ... ချစ်ခြင်းမေတ္တာလိုအပ်တယ် 
အထူးသဖြင့်... 
ချစ်မွှေးမပါ၊ 
မေတ္တာထားစရာ မကောင်းတဲ့ 
ကလေးတွေက 
ချစ်ခြင်းမေတ္တာ ပိုမိုလိုအပ်တယ်။ 

(အမည်မသိ နော်ဝေးစာဆို) 

ရင်ဘတ်အနာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာလေးတွေ ဖျက်ခံရတဲ့ သတင်းဓာတ်ပုံတွေနဲ့အတူ မျက်နှာသေလေးတွေနဲ့ ကလေးငယ်တွေရဲ့ပုံတွေပါ မြင်လိုက်ရတော့ လူတော်တော်များများ ကျနော့်လိုပဲ စိတ်ထိခိုက်ခံစားရမယ် ထင်ပါတယ်။ မကြာခဏလိုလို မြန်မာပြည်ဆိုင်ရာ ပဋိပက္ခ သတင်း၊ သဘာဝဘေးရန် သတင်း၊ ပညာရေးဆိုင်ရာနဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ သတင်းတွေမှာ ကလေးငယ်တွေအကြောင်းပါ ကျွဲကူးရေပါလို ပါလာတတ်ပါတယ်။ အဲဒီအခါတိုင်း ကျနော်တို့ ပြည်ပရောက်တွေမှာ စိတ်မကောင်းဖြစ်ရပါတယ်။ ကာယကံရှင်တွေတော့ ဆိုဖွယ်ရာမရှိပေါ့။ 

ဒီကလေးတွေမှာ စိတ်ဒဏ်ရာတွေ စွဲငြိနေမှာတော့ အသေအချာပါပဲ။ ဒါဆို သူတို့ဘဝ၊ သူတို့စိတ်ဓာတ်၊ သူတို့ အတွေးအခေါ်၊ သူတို့အနာဂတ် ပြီးတော့ နိုင်ငံရဲ့အနာဂတ် ကံကြမ္မာကြီးကရော ဘယ်လိုဖြစ်သွားနိုင်သလဲ... တနံတလျှားကြီးတွေးမိပြီး ကျနော် ကျောချမ်းသွားပါတယ်။ ဒါဟာ စိုးရိမ်တကြီးနဲ့ အလေးအနက်တွေးရမယ့် တိုင်းပြည်ရဲ့ကြီးမားတဲ့ အနာဂတ်ပြဿနာပါ။ ဒီကလေးတွေက သူတို့ကြီးပြင်းလာတော့မယ့် အနာဂတ်အထိ ဆက်လက် နေထိုင်ရအုံးမှာပါ။ 


ဒီကလေးတွေရဲ့ စိတ်အလိုမပြည့်ဝမှု၊ အကြောက်တရားစွဲကပ်မှု၊ ချစ်ခြင်းမေတ္တာနဲ့ဝေးကွာမှု၊ ပညာမဲ့မှု၊ ဒေါသစွဲကပ်မှုတွေက သူတို့ရဲ့ နုနယ်တဲ့ နှလုံးသားနဲ့ ဦးနှောက်ထဲမှာ သံမှိုစွဲသလို မြဲမြံနေကြပြီ။ ဒါဆို သူတို့မောင်းနှင်မယ့် အနာဂတ်ဟာ သန့်ရှင်းနိုင်ပါ့မလား။ ကျနော်တို့ ဒီကလေးတွေကို မငြိမ်းချမ်းမှုတွေ၊ စိတ်ညစ်နွမ်းမှုတွေ၊ လိုဘမပြည့်မှုတွေ၊ မတော်မတရားမှုတွေ၊ ဒေါသနဲ့ ကြီးနိုင်ငယ်ညှဉ်း စိတ်ဓာတ်တွေကို အဆင်ခြင်ဉာဏ်ကင်းကင်းနဲ့ မိုက်မဲစွာပေးခဲ့မိပြီ။ ဒီအတွက် ရလဒ်က ဘယ်လိုနည်းနဲ့မှ မကောင်းနိုင်တော့ပြီ။ 

“ပုခုံးသပ်တာခံရတယ်၊ 
တင်ပါးကို အကန်ခံရတယ် 
ပုခုံးနဲ့ တင်ပါး 
 ဒီနှစ်ခုကြား၊
ကျောရိုး အဆစ်လေးနည်းနည်းသာ
ခြားနားထားတာပါ။ 
ဒါပေမယ့် 
ခံစားချက်တွေကတော့ 
ကမ္ဘာနဲ့ချီ ကွာခြားလွန်းပါတယ်။ 

(အမည်မသိ နော်ဝေးစာဆို) 

တော်လှန်ရေးနှစ်ရပ် 

ကျနော်တို့ကိုယ်တိုင် မြန်မာပြည်ရဲ့စနစ်ဆိုးအောက်မှာ မွေးဖွားကြီးပြင်းလာခဲ့သလို ကလေးဘဝကတည်းက လွဲမှားတဲ့ ပညာရေးပုံစံ၊ ဆင်းရဲမှု၊ စိတ်အလိုမပြည့်မှု၊ အနိုင်ကျင့် ဗိုလ်ကျခံရမှုတွေကို နယ်ပယ်အသီးသီးမှာ ကြုံခဲ့ရသူတွေဖြစ်တယ်။ ကြီးပြင်းအရွယ်ရောက်လာတဲ့အခါ မိမိဘဝရဲ့ စိတ်အမာရွတ်တွေက ပျောက်မသွားပါ။ ၁၉၈၈ တောခိုခဲ့စဉ်က ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ့်အကြောင်း သူ့အကြောင်း စကားတွေစပ်မိတော့ အများစုဟာ ငယ်စဉ်ကတည်းက မိသားစုနဲ့ ပတ်ဝန်းကျင်အကြား စိတ်သောကတွေ၊ စိတ်ဆန္ဒ အလိုမပြည့်မှုတွေရှိခဲ့သလို အရွယ်ရောက်တော့လည်း ခေတ်စနစ်ရဲ့ ဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု၊ အနာဂတ်မရေရာမှုနဲ့ ကိုယ့်လမ်းကိုယ်ထွင်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မရ၊ မလွတ်မလပ်တဲ့ ဘဝပေးအနေအထားတွေနဲ့ ကြုံကြိုက်ရသူတွေဖြစ်ပါတယ်။ တနည်းပြောရရင် စိတ်ဒဏ်ရာတွေ ကိုယ်စီရှိနေကြတယ်။ 

ကျနော်တို့မျိုးဆက်တွေရဲ့ ဘဝထဲက စိတ်ခံစားချက်တူကြပါတယ်။ မိမိဘဝနဲ့ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို အကောင်းဆုံး ထုဆစ်လိုတဲ့စိတ်တွေ ကျနော်တို့မှာ ပေါ်ပေါက်ခဲ့ကြတယ်။ ဒီလိုနဲ့ တော်လှန်ရေးတရပ် ဆင်နွှဲခဲ့တယ်။ ငယ်ရွယ်နုနယ်စဉ်က စိတ်ပိုင်းမှာထင်ဟတ်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ ကြီးပြင်းတဲ့ နှစ်ကာလများစွာအထိ အမှတ်ထင်ထင် ဖြစ်နေတတ်ပါတယ်။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးပဋိပက္ခဟာ ဒီနေ့အထိ အဆုံးမသပ်သေးပါဘူး။ ဓမ္မနဲ့ အဓမ္မတိုက်ပွဲဟာ ရာစုနှစ်ဝက်ကျော် ကြာခဲ့ပါပြီ။ တချိန်က ရုပ်ပိုင်းဘဝနွမ်းပါးမှုကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးပဋိပက္ခဟာ ဒီကနေ့ကာလမှာတော့ ရုပ်ပိုင်းဘဝချည်းသာမဟုတ်တော့ဘဲ စိတ်ပိုင်းဘဝ ချွတ်ခြုံကျမှုကိုပါ ရင်ဆိုင်နေရပါပြီ။ ရုပ်ပိုင်းဘဝပြည့်စုံဖို့သာ မဟုတ်၊ စိတ်ပိုင်းဘဝ ပြည့်ဝအောင်ပါ လုပ်ဆောင်ရမယ့် တော်လှန်ရေးတာဝန် နှစ်ရပ်ကို ထင်ထင်းရှားရှား တွေ့နေရပါတယ်။ 

မိမိကိုယ်ကို ဦးစွာတော်လှန် 

တိုင်းပြည်အနာဂတ်ငြိမ်းချမ်းဖို့ ကျနော်တို့မျိုးဆက်တွေကို စိတ်ဒဏ်ရာတွေ မပေးသင့်တော့ပါဘူး။ ကျနော်တို့မမွေးခင်နဲ့ ငယ်ရွယ်စဉ်တုန်းက ခေတ်စနစ်ကပေးခဲ့တဲ့ ဒဏ်ရာတွေနဲ့ ပေကျံခဲ့တယ်။ ဒီအကျိုးဆက်ဟာ ကျနော်တို့ရှင်သန်နေတဲ့ ဒီကနေ့ထိ မပျောက်အပျက်နိုင်တဲ့ အမာရွတ်တွေအတိုင်း ရှိနေတုန်းပါ။ လွယ်လွယ်နဲ့ ပျောက်နိုင်မယ့်ဒဏ်ရာတွေ မဟုတ်ပါ။ ကျနော်တို့ဘဝမှာ ဒဏ်ရာတွေရှိနေတဲ့ကြားကပဲ နောင်မျိုးဆက်တွေ ဒဏ်ရာကင်းအောင်၊ စိတ်လုံခြုံအောင် သတိတရားနဲ့ အသေအချာ ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဒီအတွက် မိမိကိုယ်ကို မိမိအရင်ဦးဆုံး တော်လှန်ရမှာဖြစ်တယ်။ 

မိမိကရော ဘယ်လောက် ရင့်ကျက်ပြီး ဘယ်လောက် စာနာနိုင်ပြီလဲ။ ဘယ်လောက် သိနားလည်ပြီး ဘယ်လောက် ပေးဝေနိုင်ပြီလဲ။ ဘယ်လောက် သည်းခံနိုင်ပြီး ဘယ်လောက် ပေးဆပ်နိုင်ပြီလဲ စသဖြင့်... စသဖြင့်... ကိုယ့်ဖာသာကိုယ်ပြန်ပြီး မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေပါတယ်။ ကျနော်ကိုယ်တိုင်လည်း လဲလိုက်ထလိုက်၊ ပြန်လျှောက်လိုက်၊ မှားလိုက်၊ လဲလိုက် ပြန်မတ်လိုက်နဲ့ ကြိုးစားနေရတုန်းပါ။ ကိုယ့်ဖာသာကိုယ်မြင်သိပြီး ကိုယ့်ကိုယ်ကို ဝေဖန်၊ တည့်မတ်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါ။ အစွဲတွေချွတ်ပြီး အသစ်ကိုလက်ခံနိုင်တဲ့ နှလုံးသားလည်းရှိရသလို မှားရင် မှားတယ်လို့ ဝန်ခံရဲ၊ ပြင်ရဲတဲ့စိတ်ဓာတ်မျိုးလည်း မွေးမြူရဲရပါတယ်။ 

မိဘတွေထားရမယ့်စိတ်ဓာတ် 

ကျနော် နော်ဝေးနိုင်ငံ အော်စလိုရောက်ပြီး နောက်တနှစ်လောက်မှာ မိဘတွေ မိမိတို့သားသမီးတွေကို ဘယ်လို ထိန်းသိမ်း ဆုံးမကြမလဲဆိုတဲ့ ပညာပေးသင်တန်းတစ်ခု တက်ရပါတယ်။ အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ကလေးစိတ်ပညာနဲ့ မိဘတွေက ကလေးတွေအပေါ်ထားရှိအပ်တဲ့ စိတ်သဘောတွေကို ဆွေးနွေးပြတဲ့သင်တန်းပါ။ အတော်လည်း ကျယ်ပြန့်တဲ့ အတွေးအမြင်တွေ ပေးပါတယ်။ ဒီဆောင်းပါးရေးနေရင်း သင်တန်းထဲက မှတ်တမ်းတချို့ကို ပြန်ဖတ်ကြည့်ပါတယ်။ 

- ကလေးတွေ ထိတ်လန့်၊ စိုးရိမ်၊ ပူပန်အတွေး မဝင်မိစေနဲ့၊ (အနာဂတ်မှာ အနာတရဖြစ်မယ်) 

- သဘာဝကို စူးစမ်းစေပါ။ လွတ်လပ်ပျော်ရွှင်နေပါစေ၊ သိလိုတာ စိတ်ရှည်စွာ ရှင်းပြ (ဗဟုသုတသာမက စိတ်ငြိမ်းအေးပြီး သည်းခံစိတ်တွေ ပေါ်လာမယ်) 

- အသိအမှတ်ပြုပေး၊ အကောင်းမြင်၊ အပြုစိတ်နဲ့ အမြဲချီးကျူးပါ၊ ဗွေဆိုးသူကို ပိုပြီး အကောင်းရှာကြံ ချီးကျူးပါ။ (ပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာတတ်လိမ့်မယ်) 

- တန်းတူရည်တူ၊ အရေးတယူထား ပြောဆိုဆွေးနွေးပေးပါ၊ စိတ်ဓာတ်မြှင့်တင်ပေးပါ။ (ကိုယ်ချင်းစာပြီး လူတိုင်းကို အသိအမှတ်ပြု၊ လေးစားစိတ်ဖြစ်ပေါ်မယ်) 

- ဆတ်ဆတ်ထိ မခံခိုင်းတာ၊ ပြန်လှန်တုံ့ပြန်ခိုင်းတာ၊ အားနည်းချက်ထိပါးတာ၊ စိုးရိမ်ကြောက်လန့်အောင် ခြိမ်းခြောက်တာ၊ ဆုပေးဒဏ်ပေးလုပ်တာ၊ အလွန်အကျွံ မြှောက်ပင့်တာ… လုံးဝ မလုပ်မိစေနဲ့။ (ကိုယ်ကျင့်သီလ ပျက်ကုန်မယ်) 

- မဟုတ်တာလုပ်မိရင် ငြူစူပိတ်ပင်တာထက်၊ အကြောင်းအကျိုးရှင်းပြီး ဒါလုပ်တာ ပိုကောင်းတယ်လို့ အဆိုးကိုလွှဲ၊ အကောင်းဘက် ညွှန်ပါ။ 

- ရိုးသားမှုရှိဖို့ မြင့်မားတဲ့ စည်းကမ်းမျိုးမသတ်မှတ်နဲ့ လိမ်ညာပြောဆိုကုန်လိမ့်မယ်၊ (သူလုပ်နိုင်သလောက်သာ ရှေ့တိုးလုပ်ဆောင်ခိုင်းပါ၊ ယုံကြည်မှုအစွမ်းအစ တက်လာလိမ့်မယ်) 

- လူရှေ့သူရှေ့ အမြဲမဆူနဲ့၊ အမှန်အမှားနဲ့ ကိုယ်ကျင့်တရားကို မချင့်ချိန်တတ်ဘဲနေလိမ့်မယ်။ - ကြင်နာစိတ် (Sympati) နဲ့ ကိုယ်ချင်းစာစိတ် (Empati) ရှိအောင် ပုံပြင်၊ ဥပမာနဲ့ လမ်းပြပါ။ (မသိရင် တစ်ကိုယ်ကောင်း အတ္တသမားဖြစ်လိမ့်မယ်)။ 

ဒီလို မှတ်စုအတိုအထွာ အတော်များများဖတ်ကြည့်ပြီး ကိုယ့်ဖာသာ သတိချွန်းနဲ့အုပ်မိတယ်။ 

ကလေးတွေကို ကာကွယ်တဲ့ ဥပဒေ

နော်ဝေး အပါအဝင် ဥရောပနဲ့ အနောက်နိုင်ငံတွေမှာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဥပဒေကို ပြဌာန်းထားတတယ်။ ကလေးကို အကြမ်းမဖက်ရ (ဒဏ်ရာအနာတရဖြစ်စေတဲ့ ရိုက်နှက်ဆုံးမမှု) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်ယိုယွင်းစေတဲ့ အပြုအမူနဲ့ လုပ်ဆောင်မှုများ ပိတ်ပင်သည်လို့ ဖော်ပြပါတယ်။ တကယ်လို့များ မိဘ သို့မဟုတ် အုပ်ထိမ်းသူက ဥပဒေကျူးလွန်တာတွေ့ရင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဌာနက အိမ်တိုင်ရာရောက်လာပြီး ကလေးကို ခေါ်ဆောင်ထိန်းသိမ်းပါတယ်။ 

ကလေးတွေခန္ဓာကိုယ်မှာ ရိုက်နှက်နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကို ကျောင်းဆရာ၊ ဆရာမတွေက မြင်ရင်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကြေကွဲမှုနဲ့ ကြောက်ရွံ့စိုးရိမ်မှုတွေ တွေ့ရရင်လည်း မိဘတွေဆီ စာရေးသတိပေးပါတယ်။ ထပ်မံ ကျူးလွန်ရင် ကလေးထိန်းဌာနကို အကြောင်းကြားပါတယ်။ မိဘတွေက ကလေးကို တာဝန်မယူနိုင်၊ မထိန်းသိမ်းနိုင်ဘူးဆိုရင်လည်း အစိုးရက ထိန်းသိမ်းစောင့်ရှောက် ပညာသင်ပေးပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေကို ထိန်းသိမ်းစောင့်ရှောက် ပညာသင်ပေးတဲ့ဌာနရှိပါတယ်။ မိဘတွေ ဆိုဆုံးမလို့မရရင်လည်း သူတို့ဆီ အပ်နှံလို့ရပါတယ်။ အဲဒီရောက်သွားတဲ့ကလေးတွေဟာ လိမ္မာယဉ်ကျေးပြီး ပညာတတ်လာတာလည်း တွေ့ရပါတယ်။ 

ဒီမိုကရေစီအလေ့အထ နေ့ကလေးထိန်းကျောင်းက

နော်ဝေးနိုင်ငံရောက်ပြီး ၂ နှစ်အကြာ နေ့ကလေးထိန်းကျောင်းမှာ လုပ်အားပေးလုပ်ဖူးတယ်။ အသက် ၁ နှစ်ခွဲ ၂ နှစ်ကနေ ၆ နှစ်ကြားအရွယ် ကလေးတိုင်း နေ့ကလေးထိန်းကျောင်းကို သွားကြတယ်။ မြန်မာပြည်မှာလိုပဲ အိန္ဒိယမှာလည်း နေ့ကလေးထိန်းကျောင်းတွေ ရှိပါတယ်။ ကွာခြားတာတွေလည်း အများကြီး။ မြန်မာပြည်နဲ့ အလှမ်းဝေးနေလို့ အသေးစိတ်မသိရပေမယ့် အိန္ဒိယက နေ့ကလေးထိန်းကျောင်းကတော့ ၄- ၅ နှစ်အရွယ်ကတည်းက စာသင်ပေးနေပါပြီ။ သက္ကရာဇ် ၂၀၀၀ လောက်ကစပြီး အနောက်နိုင်ငံတွေရဲ့ ပညာရေးစနစ်ကို ရင်ဘောင်တန်းဖို့ စီမံကိန်းချခဲ့ရာက နေ့ကလေးထိန်းကျောင်းကတည်းကစလို့ အင်္ဂလိပ်စာ၊ သင်္ချာတွေနဲ့ တခြားစာတွေ သင်တော့တာပဲ။ ၄ နှစ်အရွယ် ကျနော့်ရဲ့သားငယ်ဟာ စာအုပ်အပြည့်နဲ့ လေးလံလွန်းတဲ့ လွယ်အိတ်ကြီး ကျောပိုးပြီး နေ့ကလေးထိန်းကျောင်း သွားရတာ မပျော်ဘူး။ နေ့စဉ် များပြားလှတဲ့ အိမ်စာတွေပါ လုပ်ရတယ်။ 

နော်ဝေးမှာတော့ ကလေးတွေကို သင်ကြားတဲ့ပုံစံက တမျိုး။ စိတ်ဖိစီးမှု မပေးဘူး။ နေ့ကလေးထိန်းကျောင်းမှာ ကစားခုန်စားမှုနဲ့ ကဗျာရွတ်တာ၊ သီချင်းဆိုတာ၊ ပုံပြောတာ၊ စကားပြောတာ၊ ရောင်စုံရုပ်ပုံပါ စာအုပ်တွေ၊ ကာတွန်းတွေ ကြည့်ရှင်းပြတာ၊ အရုပ်ဆွဲတာ၊ မုန့်လုပ်တာ၊ ရုပ်ရှင်ကြည့်၊ တောထဲလည်၊ ပြတိုက်သွားလည်၊ ရေခဲပြင်စကိတ်စီး၊ လျှောစီး အစရှိတဲ့လှုပ်ရှားမှုတွေ အမြဲလုပ်ပါတယ်။ ကလေးတွေကို အာဟာရ အစားအသောက် နေ့စဉ်ကျွေးတယ်။ ချမ်းသာတဲ့နိုင်ငံမို့ လုပ်ပေးတာပေါ့လို့ ကောက်ချက်ဆွဲတာထက် ကလေးတွေရဲ့ ဖွံ့ဖြိုးရေးနဲ့ ပညာရေးကို အထူး အလေးပေးတာ၊ ဘတ်ဂျက်ပိုသုံးတာလို့ပြောရင် ပိုမှန်မှာပါ။ နေ့ကလေးထိန်းကျောင်း ဆရာဆရာမတွေဟာ အခြေခံအဖြစ် ကလေးစိတ်ပညာနဲ့ ကလေးတွေအပေါ် စိတ်ရှည်သီးခံ၊ ဂရုဏာသက်ဖို့၊ ချစ်တတ်ဖို့၊ လမ်းညွှန်တတ်ဖို့နဲ့ သတ်မှတ်ထားတဲ့ အသိပညာနဲ့ လက်တွေ့လုပ်ငန်းခွင် ဆင်းထားသူတွေဖြစ်တယ်။ ကလေးတွေကို သင်ကြားတဲ့စနစ်ကလည်း ထူးခြားဆန်းပြားမှု မရှိ၊ ရိုးရိုးလေးပါပဲ။ 

စာတွေ နှုတ်တိုက်သင်ကြားပေးနေတာ မဟုတ်၊ ဥပမာ ရုပ်ပုံစာအုပ်ထဲက အသားအရောင်အမျိုးမျိုး၊ အရွယ်အစား၊ အဝတ်အစား၊ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ လူတွေ၊ ကွဲပြားတဲ့ အိမ်တွေနဲ့ အဆောက်အဦအမျိုးမျိုး၊ အပင်အမျိုးမျိုး၊ တိရိစ္ဆာန်အမျိုးမျိုးကို မကြာမကြာ ကြည့်၊ မကြာမကြာ မေးခွန်းထုတ်နေရင်း လောကလူ့ရွာရဲ့ မတူကွဲပြား၊ ခြားနားမှုတွေ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အခွင့်အရေး အခြေခံသဘောတရားတွေကို ကလေးတွေဦးခေါင်းထဲ ထည့်ပေးတာ ဖြစ်တယ်။ ကျနော်တို့ဆီမှာတော့ အသားမဲမဲ ကုလား (အိန္ဒိယအနွယ်ဝင်ဆို) မာလီနေရာ၊ ဒရိုင်ဘာနေရာ၊ ထမင်းချက်နေရာ ပုံသေထားပြီး ရုပ်ရှင်နဲ့ ကာတွန်းတွေအထိ ခွဲခြားဆက်ဆံမှုကို ဖော်ညွှန်းတဲ့ အသိတရားမျိုးရှိနေတာကို မြင်ရသေးတယ်။ 

စိတ်ဖိစီးမှု မပေးနဲ့ 

နော်ဝေးနိုင်ငံက ကလေးတွေရဲ့ ပညာသင်ကြားမှုစနစ်ထဲမှာ စိတ်ဖိစီးမှုကို ရှောင်ရှားကြတာ သတိထားမိတယ်။ မူလတန်း၊ အလယ်တန်းကလေးတွေကို သက်တောင့်သက်သာပုံစံနဲ့ သင်ကြားတယ်။ တနင်္လာကနေ ကြာသပတေးအထိသာ အိမ်စာတွေပေးပြီး ကျောင်းပိတ်ရက်မှာ ကလေးတွေကို ကျောင်းစာတွေနဲ့ အလုပ်မရှုပ်ခိုင်းဘူး။ ဆရာတွေက ကလေးတွေရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို စနစ်တကျ မှတ်တမ်းတင်ထားတယ်။ မိဘနဲ့ဆရာ သီးခြားတွေ့ဆုံတဲ့အခါမှ မိမိသားသမီးရဲ့ ပညာရေးအခြေအနေကို သေချာဆွေးနွေးပြတယ်။ 

ကျောင်းစာသင်ခန်းမှာ မောင်ဖြူက ပထမ၊ မောင်နီက ဒုတိယ၊ မောင်ညိုက မအောင်ဘူး စသဖြင့် လူသိထင်ရှား ဖော်ပြရိုးထုံးစံ မရှိဘူး။ အဆင့်အတန်း မခွဲခြားဘူး။ ကလေးတွေ စိတ်ခံစားမှုဝင်ကုန်မှာစိုးလို့ပါ။ ဒါပေမယ့် တပည့်ဖြစ်သူရဲ့ လိုအပ်ချက်ကိုတော့ ထောက်ပြတယ်။ ပိုမိုကြိုးစားစေတယ်။ လေ့ကျင့်ခန်းတွေ ပေးတယ်။ အပြုသဘော၊ ဖေးမတဲ့၊ အကောင်းမြင်တဲ့ သဘောထားနဲ့သာ ဆက်ဆံတယ်။ ကျနော်တို့ အာရှသားတွေက ကိုယ်က လိမ္မာရင်၊ စာတော်ရင်၊ ဆရာကို ကိုယ်အမူအရာ နှုတ်အမူအရာနဲ့ ရိုသေကိုင်းရှိုင်းရင် ဆရာက သဘောကျပြီး အရေးပေးဆက်ဆံတတ်တယ်။ ဒီနိုင်ငံတွေမှာတော့ တပြေးတည်းထဲ၊ မခွဲခြားဘူး၊ စာညံ့ရင် ပိုတောင် စိတ်ရှည်ရှည်ထား အရေးပေးဆက်ဆံတယ်။ ဆရာပြောတာ နားထောင်တာ၊ ခိုင်းတဲ့အတိုင်းလုပ်တာကသာ ဆရာ့အပေါ် လေးစားတယ်လို့ သတ်မှတ်တာဖြစ်တယ်။ 

အများအားဖြင့် ကျနော်တို့အာရှသားအများဟာ စိတ်မရှည်တတ်ကြဘူး၊ အနောက်ဥရောပပုံစံအတိုင်း လှုပ်ရှားရုန်းကန်ရတဲ့အခါ မိမိတို့သားသမီးတွေအပေါ် ဖိအားပေး ခိုင်းစေသွန်သင်တာတွေ လုပ်လာတယ်။ ဆူပူကြိမ်းမောင်းခံရတယ်။ ကလေးတွေမှာ စိတ်သွားတိုင်းကိုယ်မပါ၊ အယောင်ယောင်အမှားမှား ကြုံရ၊ ဖိစီးမှုများပြီး အစိုးရိမ်လွန်ကဲတာ၊ ကြောက်စိတ်ဝင်တာ၊ မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးကုန်တာတွေ ဖြစ်လာပါတယ်။ 

တိုးလ်မူဒီး (Tolmodig) 

အကြောင်းတိုက်ဆိုင်လာလို့ ဒီနေရာမှာ နော်ဝေးလူမျိုးတွေရဲ့ ဂုဏ်ယူတတ်တဲ့ အလေ့အထလေးတစ်ခုကို ဖော်ပြလိုပါတယ်။ နော်ဝေးစကားနဲ့ တိုးလ်မူဒီး( Tolmodig)ဆိုတာ ဗမာလို အနီးစပ်ဆုံး ဘာသာပြန်ရရင် စိတ်ရှည်သည်းခံမှုပါပဲ။ တိုးလ်မိုဒီးမှာ စိတ်ရှည်သီးခံရုံမဟုတ် စာနာမှု၊ နားလည်ပေးမှုလည်း ခပ်ပါးပါးလေးပါတယ်။ နော်ဝေးလူမျိုးတွေ ဂုဏ်ယူတတ်တဲ့အထဲမှာ သူတို့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်တဲ့ အလှတို့၊ သဘာဝဓာတ်ငွေ့နဲ့ ရေအရင်းအမြစ် ကောင်းမွန်ကြွယ်ဝတာတို့၊ ချမ်းသာတာတို့၊ ငြိမ်းချမ်းတာတို့ ပါဝင်သလို တိုးလ်မူဒီး ဆိုတာကလည်း အဲဒီဂုဏ်ယူစရာတွေထက် သာလွန်ဂုဏ်ယူတတ်တဲ့ စိတ်ယဉ်ကျေးမှုတခုဖြစ်ပါတယ်။ 

နော်ဝေးလူမျိုးတွေ စိတ်ရှည်သည်းငြီးခံမှုဟာ စံနမူနာလည်း တင်ထိုက်ပါတယ်။ လူကြီးရော၊ လူငယ်နဲ့ ကလေးတွေပါ မကျန် စိတ်ရှည်သည်းခံတတ်တဲ့ အမူအကျင့်ကို တွေ့ရတယ်။ ဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေဆိုရင် အင်မတန် စိတ်ရှည်သည်းခံပြီး သေသေချာချာ၊ အခေါက်ခေါက်အခါခါ နားလည်သဘောပေါက်တဲ့အထိ၊ ကျေနပ်နှစ်သိမ့်သွားစေတဲ့အထိ စိတ်ရှည်ရှည်ထား ရှင်းပြတယ်။ ဥရောပနိုင်ငံတွေမှာ နော်ဝေးလူမျိုးတွေဟာ စိတ်ရှည်သည်းခံမှု အရှိဆုံးလို့တောင် ပြောတတ်ကြပါတယ်။ သူတို့ သည်းခံစိတ်ရှည်နေပုံကို ဘေးကကြည့်ပြီး ကိုယ်တောင် စိတ်မရှည်ချင်လောက်အောင် စိတ်ရှည်ပါတယ်။ ကိုယ့်အပေါ် အသားလွတ် စော်ကားမော်ကား စွပ်စွဲပြောဆိုနေတဲ့ ကျောင်းသားတယောက်ကို မျက်နှာမပျက် တည်တည်ငြိမ်ငြိမ် ရှင်းပြတတ်တဲ့ ဆရာတွေကို တွေ့ရပါတယ်။ ကိုယ်က လမ်းမသိလို့ ကြုံတဲ့လူတယောက်ယောက်ကို မေးလိုက်ရင်လည်း သူ့ကိစ္စ ရေးကြီးသုတ်ပျာကို အသာထားပြီး သူမသိလည်း အိတ်ထဲက မိုဘိုင်းဖုန်းကိုထုတ် လမ်းညွှန်မြေပုံရှာပြီးတော့ သေသေချာချာ လမ်းညွှန်ပြတတ်ပါတယ်။ 

လူတဖက်သား ကျေနပ်အောင် ကူညီပေးရတာဟာ လူတယောက်ရဲ့ ဂုဏ်သိက္ခာ၊ လူတဦးရဲ့ ပြည့်ဝတဲ့ အဓိပ္ပာယ်ဆိုတဲ့ စိတ်ဓာတ်ကို ကိုင်စွဲထားသူတွေဖြစ်ပါတယ်။ စိတ်ရှည်သည်းခံမှု၊ ရှေ့လောမကြီးမှုဟာ အမှားလည်း နည်းသွားသလို၊ သူတပါးကိုလည်း ခွင့်လွှတ်သည်းခံ နားလည်သဘောပေါက်စေတဲ့ ရင့်ကျက်မှုပါ ဖြစ်သွားစေပါတယ်။ တခါတခါ စိတ်ရှည်လိုက်လို့ သူ့ပြဿနာသူ ရှင်းပေးလိုက်သလိုလည်း ဖြစ်သွားတတ်တယ်။ အထူးသဖြင့် အတွေ့အကြုံနုနယ်ပြီး ဆင်ခြင်တွေးတောဉာဏ် အားနည်းနေသေးတဲ့လူတွေ၊ ကလေးငယ်တွေကို စိတ်ရှည်သည်းခံ ဂရုဏာသက်ပေးခြင်းဟာ နှစ်ဖက်စလုံးအတွက် ချောမွေ့တဲ့အနာဂတ်ပါ။ 

မေတ္တာတွေသိမ်းပိုက်တဲ့ မွေးနေ့ပွဲ 

ဒီနိုင်ငံမှာ မွေးနေ့ကို တန်ဖိုးထားတယ်။ ကျောင်းစာသင်ခန်းမှာ ဆရာက ကျောင်းသားတွေရဲ့ မွေးနေ့ မွေးလတွေကို စက္ကူကားချပ်ကြီးပေါ် နာမည်နဲ့တကွ ရေးမှတ်ထားတယ်။ နေ့ကလေးထိန်းကျောင်းမှာလည်း လုပ်တတ်တယ်။ ကလေးတစုံတယောက်ရဲ့ မွေးနေ့ဆို (ကျောင်းဖွင့်ရက်ကျရင်) မိဘကလည်း တန်ဖိုးမကြီးတဲ့ အိမ်တွင်းဖြစ် ကိတ်မုန့်ဖြစ်စေ၊ ချိုချဉ်ထုတ်ဖြစ်စေ ကျောင်းကို ပို့ပေးတယ်။ မိဘတွေမပို့ဖြစ်လည်း ဆရာက စားစရာတခုခုနဲ့ မွေးနေ့ပွဲ ကျင်းပပေးတယ်။ တချို့ဆရာတွေက လက်ဆောင်ပေးတတ်တယ်။ တချို့ကလေးတွေက မိမိတို့ အတန်းဖော် သူငယ်ချင်းတွေကို ကျောင်းအားရက် စနေ၊တနင်္ဂနွေနေ့ အိမ်မှာဖိတ်ကြားပြီး အကုန်အကျသိပ်မများစေတဲ့ သစ်သီးဖျော်ရည်၊ ကိတ်မုန့်၊ ချိုချဉ်လေးတွေတည်ခင်းပြီး မွေးနေ့ပွဲကျင်းပပေးတတ်တယ်။ ဖိတ်ကြားခံရသူတိုင်း မအားရင် အကြောင်းကြားကြသလို အများအားဖြင့် သွားနိုင်အောင် အားထုတ်လေ့ရှိတယ်။ 

ဇန်နဝါရီလရဲ့တရက်၊ နော်ဝေးက နာမည်ကြီး VG သတင်းစာထဲမှာ ကလေးမိဘတယောက်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်က ဓာတ်ပုံစာလေးက ကူးယူဖော်ပြလိုက်တယ်။ “စားမယ့်သူမရှိလို့ ပုံစံမပျက်ရှိ နေတဲ့ မွေးနေ့ကိတ်မုန့်လေး” ဆိုတဲ့ သတင်းတိုလေးဟာ အားလုံးရဲ့ရင်ကို ထိမှန်ကုန်တယ်။ တစ်ခန်းထဲအတူနေ မူလတန်း ကျောင်းသားလေးနှစ်ယောက် သူတို့ရဲ့မွေးနေ့ပွဲကို နေအိမ်မှာ ပူးပေါင်းလုပ်ကြတယ်။ ဘယ်သူငယ်ချင်းမှ သူတို့မွေးနေ့ပွဲဆီ မရောက်လာခဲ့ဘူး။ မလာရောက်နိုင်ကြောင်း ကြိုတင်အသိမပေးသလို ဘယ်သူမှမလာလို့ သားလေးတွေခံစားချက်ကို မမြင်ရက်နိုင်တော့တဲ့ ကလေးမိဘတွေက သူတို့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အထီးကျန် မွေးနေ့ကိတ်မုန့်ဓာတ်ပုံကို တင်လိုက်ပါတယ်။ 

သတင်းစာကလည်း ကလေးတွေ ခွဲခြားဆက်ဆံခံရပြီလားလို့ မေးခွန်းထုတ်လာပါတယ်။ သတင်းစာဖတ် ပရိဿတ်အားလုံး ကလေးတွေရဲ့ စိတ်ဒဏ်ရာအတွက် စိုးရိမ်ပူပန်သွားကြပါတယ်။ နောက်တစ်ရက်မှာ မွေးနေ့ရှင် ကလေးတွေအတွက် သိကျွမ်းသူတွေရော၊ မရင်းနှီးတဲ့တစိမ်းတွေ အမြောက်အများကပါ မွေးနေ့လက်ဆောင်တွေ၊ မွေးနေ့ကဒ်တွေ ပေးပို့ကြပါတယ်။ ဒီနည်းနဲ့ ကလေးတွေကို ဝိုင်းဝန်းနှစ်သိမ့်အားပေးခဲ့ကြတယ်။ 

ကျနော်တို့ အနာဂတ် 

ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်မောင်းနှင်အားတွေဖြစ်တယ်။ သူတို့တတွေ စိတ်ဓာတ်ကြံ့ခိုင်နေဖို့၊ ပညာတတ်ဖို့၊ ရုပ်ပိုင်းရော စိတ်ပိုင်းဘဝပါ ဖွံ့ဖြိုးသန်စွမ်းနေဖို့ လိုအပ်ပါတယ်။ ကလေးတွေ ခန္ဒာကိုယ်သန်စွမ်းကြံ့ခိုင်သလို စိတ်နှလုံးသားကောင်းမွန်ပြည့်ဝမှ သူတို့အနာဂတ်သာမက တိုင်းပြည်အနာဂတ်ပါ ငြိမ်းချမ်းဖွံ့ဖြိုးမှာဖြစ်တယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့ ကြီးမားစွာရင်းနှီးမြှုပ်နှံထားရတဲ့ ရတနာတွေနဲ့တူတယ်။ မြေအောက်သယံဇာတတွေထက် တန်ဖိုးကြီးမားတယ်။ 

အင်္ဂလိပ်အဆိုလေးတစ်ခု ကြားဖူးပါတယ်။ “အိမ်ထောင်ဘက် ရွေးချယ်မယ်ဆိုရင် ကိုယ့်ကြင်ဖက်ရဲ့မိဘနှစ်ပါးက ပညာတတ်တွေ ဖြစ်သင့်တယ်” တဲ့။ မိဘက ပညာတတ်ပြီး ဆင်ခြင်တုံတရားရှိမှ သားသမီးကလည်း ပညာနဲ့ တွေးခေါ်မျှော်မြင်နိုင်သူဖြစ်လိမ့်မယ်လို့ ဆိုလိုတာပါ။ ဒါမှ မျိုးဆက်နဲ့ချီပြီး ပညာတတ်၊ ဉာဏ်အမျှော်အမြင်ကြီးပြီး သာယာငြိမ်းချမ်းတဲ့ မိသားစုဗိမ္မာန်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင် ပညာဉာဏ်မွဲပြီး တွေးခေါ် ဆင်ခြင်တုံတရားမဲ့ရင် ကျနော်တို့ သားသမီးတွေလည်း စိတ်ပိုင်း၊ ရုပ်ပိုင်း စံချိန်မမီသူတွေဖြစ်ကုန်မယ်။ တိုင်းပြည်အနာဂတ်လည်း ငြိမ်းချမ်းမှာမဟုတ်ပါ။ မိမိတို့နိုင်ငံမှာ ဘယ်လောက် ပညာတတ်တွေ မွေးထုတ်နိုင်ခဲ့ပြီလဲ၊ ကိုယ်တိုင်ရော ဘယ်လောက်ထိ နှလုံးရည် စွမ်းဖွံ့ဖြိုးသလဲ၊ ကိုယ့်သားသမီးကို ဘယ်လိုဆုံးမပြီး ဘယ်လို အတွေးအခေါ်တွေ တပ်ဆင်ပေးထားသလဲဆိုတာ ကိုယ့်ဖာသာ မေးခွန်းထုတ်ရတော့မှာပါ။ 

တခြားနိုင်ငံတွေက ထုသားပေသားကျနေတဲ့ ပညာရေးစနစ်နဲ့ အတွေးအခေါ် အလေ့အကျင့်ကောင်းတွေ ရနေကြပြီ။ ကျနော်တို့ ဒီနေ့အထိ အမုန်းတရားတွေ၊ အတ္တတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ကမ္ဘာဦးလူသားများ အတွေးအခေါ်ထဲ ရွာလည်နေဆဲပါ။ သူများနိုင်ငံတွေက ကလေးတွေကို ငြိမ်းချမ်းပြီး အေးအတူပူအမျှ နေထိုင်ဖို့ သူတော်ကောင်းစရိုက်တွေ သွတ်သွင်းပေးနေချိန် ကျနော်တို့တတွေက မမှန်မကန် ပြုမှုကျင့်ကြံနေတဲ့ အတွေးအခေါ်နဲ့ စိတ်ယဉ်ကျေးမှု မဖွံ့ဖြိုးတဲ့ တိုင်းနိုင်ငံတချို့ကို ဥပမာထား၊ တုပြိုင်နေကြတယ်။ အကောင်းကိုရှာမကြည့်ဘဲ အဆိုးတွေကိုမြင်အောင် ကြည့်နေကြတယ်။ ကျနော်တို့နဲ့ ထိုက်တန်တဲ့အနာဂတ်ကို ကျနော်တို့ကိုယ်တိုင် ရွေးချယ်ပြဌာန်းရတော့မှာဖြစ်တယ်။ 

ကျနော်တို့ခေတ်ကို ကျနော်တို့လက်နဲ့ မတည်ဆောက်နိုင်သေးရင်၊ ကျနော်တို့မျိုးဆက်ကို လှလှပပဖြစ်အောင် မွေးထုတ်ပေးဖို့လိုပါတယ်။ ဒီအတွက် ကျနော်တို့ကိုယ်တိုင် ပြည့်ဝနေဖို့ စနစ်ကျနေဖို့ပါ လိုလာတယ်။ ကျနော်တို့ဆီက ဒဏ်ရာတွေကို ကိုယ့်မျိုးဆက်တွေဆီ မကူးစက်စေချင်ပါ။ ကျနော်တို့ခေတ်ရဲ့ အညစ်အကြေးတွေကို ကျနော်တို့မျိုးဆက် အစဉ်အဆက်အထိ မပေကျံစေဖို့ အားထုတ်ရလိမ့်မယ်။    ။ 

ကိုညို (အော်စလို) 

No comments: