Monday, September 30, 2013

ဒီမိုကရေစီပျိုးပင် (၄) - ညီစောလွင်

တရားဥပဒေ စိုးမိုးတဲ့နိုင်ငံ (Rechtsstaat) တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုဟောင်း ဘိုရှီလိုင်ကို ခုံရုံးတင်တဲ့အမှုဟာ ကမ္ဘာ့မီဒီယာတွေမှာ ထိပ်တန်းသတင်းဖြစ်ခဲ့တယ်။ သမ္မတ ရှီဂျင်းပင် ဦးဆောင်တဲ့ အစိုးရတက်လာတဲ့နောက်ပိုင်း တရုတ်နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့အသံတွေကို ပိုလို့ ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ထိပ်တန်းအရာရှိတွေကို ခုံရုံးတင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေချနေတာ တွေ့လာရတယ်။ ဆိုလိုတာက ဒီနေ့ ခေတ်မှာ နိုင်ငံရေးစနစ်နဲ့ပတ်သက်လို့၊ ဒီမိုကရေစီနဲ့ ပတ်သက်လို့ မူကွဲမျိုးစုံ၊ စီးပွားရေးစနစ်နဲ့ပတ်သက်လို့ မူကွဲမျိုးစုံ ရှိနေပေမယ့် တရားဥပဒေ စိုးမိုးရေး အယူအဆကို ဆန့်ကျင်ပြီး ငြင်းချက်ထုတ်မယ့် နိုင်ငံရယ်လို့ မရှိသလောက်ပါပဲ။

တရားဥပဒေ စိုးမိုးရေးနဲ့ လစ်ဘရယ် ဒီမိုကရေစီကို ခွဲခြားလို့မရပါဘူး။ တရားဥပဒေ စိုးမိုးရေးဟာ လစ်ဘရယ် ဒီမိုကရေစီမှာ အရေးကြီးတဲ့ တဦးချင်းအခွင့်အရေး (individual rights) ကို အာမခံပေးနိုင်တယ်။ ရင့်ကျက်တဲ့ ဒီမိုကရေစီအဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင် အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လိုအပ်တဲ့ လွတ်လပ်မှုအတိုင်းအတာကို တရားဥပဒေနဲ့ အာမခံရတယ်။ အရေးပါတဲ့အုပ်စုတွေအားလုံး (အထူးသဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရ၊ နိုင်ငံတော် ယန္တရားတွေ အားလုံး) ဟာ တရားဥပဒေနဲ့ လိုက်နာဆောင်ရွက်ရတယ်။


ပြန်တွေ့ပြီ ... (ကာတွန်း စောငို)


ထမီနား ခိုစားခြင်း (ဆောင်းလူ)

တလလုံး ... လခက .. နှစ်ထောင့်ငါးရာ ... ဖုန်းခပေးတဲ့ အပိုကြေးနဲ့ ပေါင်းလိုက်ရင် ... နှစ်ထောင့် ခုနစ်ရာ ...။ 

တလလုံး ကုန်ကျစားရိတ်က ... 
အခန်းခ တထောင့် ငါးရာ ...
ရေခ မီးခ သုံးလေး ငါးရာ ... 
ပေါင်းလိုက်တော့ နှစ်ထောင်ဝန်းကျင် ...။ 

တလလုံးစာ ... ဆန်ကြမ်းတပုံး ပြေးဆွဲလိုက်တယ် ... သုံးရာ့ငါးဆယ် ... ဆီတဗူး ဆွဲထားလိုက်တယ် ... လေး ငါး ခြောက်ဆယ် ...။ လက်ထဲကျန်တာက နှစ်ရာကျော် ... သုံးရာ ... ကျန်တာတော့ ကြည့်ကျက်ပြီး ဖြစ်သလို ပြီးတယ် ...။ 


Sunday, September 29, 2013

စောင့် (မင်းသိုက်)

ကျွန်တော်တို့ဗမာလူမျိုးတွေအတွက် “စောင့်” ခြင်းဆိုတဲ့ကိစ္စဟာ သိပ်ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ စောင့်နေရတာတွေလည်း ပွထနေပြီဆိုတော့ အေးဆေးပါပဲ။

စောင့်ခြင်းအမျိုးမျိုးရှိတဲ့အနက် လက်လှမ်းမီ ဉာဏ်သွားသလောက် စောင့်ဋီကာချဲ့ကြည့်တော့ … … ဒမိုကရေစီရဖို့ စောင့်ရတာတို့၊ မီးလာဖို့ စောင့်ရတာတို့၊ ဆင်းကဒ်လေး မဲပေါက်ဖို့ စောင့်ရတာတို့၊ ပွဲများဘယ်တော့လန့်မလဲ စောင့်ရတာတို့၊ ဂွင်စောင့်ရတာတို့၊ ကိုယ်တွေလို ဓာတ်သမားတွေကတော့ လိုချင်တဲ့ပုံကောင်းလေးရဖို့ စောင့်ရတို့၊ အို … … စောင့်ခြင်း အမယ်အစုံပါပဲ။

ခေတ်ပေါ်စောင့်ခြင်းတွေကတော့ အမျိုးစောင့်ခြင်းတို့၊ ဘုရားစောင့်ခြင်းတို့ နောက်ဆုံး လိတ်တက်ကတော့ “လူစောင့်”ခြင်းကိစ္စ ခုတလော အတော် ကျယ်ကျယ်ပြန့်ပြန့် တွေ့လာနေရတယ်။



ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၄) - မင်းကျော်ခိုင်

ဘိုတင့်(ရာပြည့်) သီချင်းသွင်းတော့ ကျနော်က မိုးကျော်နဲ့ ခဏခဏလိုက်သွားဖြစ်တယ်၊ မေ စတူဒီယိုမှာ၊ Aces နဲ့သွင်းတဲ့ သူ့စီးရီးတွေ၊ သူဆိုတဲ့အထဲ ကျနော်ကြိုက်တဲ့သီချင်းတွေက ညဘက်အဆောင်တွေမှာ အမြဲ တရင်းတနှီးကြားပြီးသား တေးရေး ကိုမောင်မောင်တို့ ကိုရဲတို့ သီချင်းတွေ၊ ကိုယ်မငိုတတ်တော့ဘူး၊ ပန်းခရမ်းပြာ၊ ပန်းဇာတ်သိမ်း၊ ညီမလေးရေ စဉ်းစားစမ်း၊ နာမည်ပျက်လူဆိုး၊ နဒီမင်္ဂလာ၊ မပုံလို့လဲပုံခဲ့တယ်... အဆောင်ညတွေမှာ ကိုရဲ၊ ကိုမောင် သူတို့ကိုယ်တိုင် ရေးပြီးဆိုခဲ့ကြတဲ့သီချင်းတွေပေါ့၊ 

အဲဒီအချိန်တွေတုန်းက သူတို့ရေးပြီး ဘယ်သူ့မှမရောင်းသေးခင် သူတို့ကိုယ်တိုင်ဆိုကြတော့ နားထောင်ရတဲ့အရသာက အခွေထွက်ပြီးမှ နားထောင်ရတာနဲ့ ကွာတယ်၊ မတူဘူး၊ နောက်တခုက အဆောင်နောက်ဖက်ညဥ့်နက်ပိုင်းတွေမှာ လရောင်နဲ့ လွတ်လွတ်လပ်လပ် ဆိုကြတီးကြတဲ့အချိန်တွေလဲဖြစ်ခဲ့တာကိုး... တကယ်လွမ်းစရာကောင်းတဲ့ သီချင်းတွေပါ။ 


ရဲကြောက်လို့ ... (ကာတွန်း အောင်မော်)


စစ် ဘာကြောင့်ဖြစ် (ရဲဘော် ဖိုးသံချောင်း)

အခုတလော အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးစကား၊ ရင်ကြားစေ့ရေး စတဲ့အသံတွေ အများကြီး ကြားနေရပါတယ်။ သူ့ခေတ်နဲ့သူ့အခါ ကြားရတာမို့ မဆန်းဘူးလို့ပဲ အောက်မေ့နေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီလိုပြောမှုဆိုမှုတွေထဲမှာ စစ်ဖြစ်ရတဲ့အကြောင်းရင်းဟာ သုံးမျိုးပဲရှိတယ်ဆိုတဲ့ ပြောနည်းမျိုးကို ကြားလိုက်ရပါတယ်။ ပြောကြတာက စစ်မက်ဖြစ်ပွားတယ်ဆိုတာဟာ (၁) လူမျိုးရေး၊ (၂) ဘာသာရေး၊ (၃) ဝါဒရေးဆိုတဲ့ အကြောင်းရင်းသုံးခုကြောင့် ဖြစ်ပွားတာ ဖြစ်တယ်။ တခြားအကြောင်းရင်းမရှိဘူးဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ သဘောတရားတခုတင်လာတဲ့ သဘောလို ဖြစ်နေပါတယ်။ ဒီအယူအဆ၊ ဒီလိုအပြောအဆိုကို အရင်ကလည်း ဖတ်ဖူး၊ ကြားဖူးပါတယ်။ တဖြည်းဖြည်းများလာတဲ့ သဘောရှိတဲ့အတွက် ကိုယ့်အမြင်ကိုတော့ ပြောမှပဲဆိုပြီး ကီးဘုတ်ကိုနှိပ်နေမိပါတယ်။ တချိန်ထဲမှာ ကိုယ်လက်လှမ်းမီတဲ့ စစ်ပွဲတွေကိုလည်း ပြန်စဉ်းစားနေမိပါတယ်။ 

ဦးဆုံးကတော့ အင်္ဂလိပ်နယ်ချဲ့သမားနဲ့ ဗမာပဒေသရာဇ်တွေ တိုက်ခဲ့ကြတဲ့စစ်ပွဲတွေပါ။ ၁၉ ရာစုနှစ်အတွင်းမှာ အင်္ဂလိပ်နယ်ချဲ့သမားက ဗမာပြည်ကိုစစ်သုံးကြိမ်တိုက်ပြီး ကျူးကျော်သိမ်းပိုက်တာဟာ ဝါဒကြောင့်လား၊ လူမျိုးရေးကြောင့်လား၊ ဘာသာရေးကြောင့်လား။ ဘယ်ဟာမှ မဟုတ်ပါဘူး။ ဒါဖြင့် အဲဒီအရင်လေးကဖြစ်ခဲ့တဲ့ မင်းတုန်းနဲ့ကနောင် မင်းသားညီနောင်တို့ ရွှေဘိုကိုသွားအောင်မြေနင်းပြီး သူတို့ရဲ့အကို ပုဂံမင်းကိုပုန်ကန်တာကရော- ဝါဒကြောင့်လား၊ လူမျိုးရေးကြောင့်လား၊ ဘာသာရေးကြောင့်လား။ ဘယ်ဟာကြောင့်မှ မဟုတ်ပါဘူး။ ဗမာပြည်ပြည်သူတွေက အင်္ဂလိပ်နယ်ချဲ့နဲ့ ဂျပန်ဖက်ဆစ်တွေကို လက်နက်ကိုင်ခြင်းအပါ နည်းမျိုးပေါင်းစုံနဲ့ တော်လှန်တိုက်ပွဲဝင်ကြတာဟာ အဲဒီလူမျိုးတွေကို မုန်းလို့လား၊ ဘာသာရေးကြောင့်လား၊ ဒါမှမဟုတ် အယူဝါဒတွေကွဲနေလို့လား။ မဟုတ်ပါဘူး။ ကိုယ့်တိုင်း ကိုယ့်ပြည်ကို ချစ်လို့၊ လွတ်လပ်ချင်လို့ဆိုတာ သိပ်ရှင်းနေပါတယ်။ 


Saturday, September 28, 2013

ကာတွန်း ဝင်းထွန်း (Mr Burma) ရဲ့ လက်ရာတချို့



နှလုံးသား ဒိုင်ယာယီ (၁၄) - အုပ်ကြီးဖေ

၁၈.၂.၂၀၀၂ ခုနှစ်

တော်လှန်ရေးသမားချင်း တူညီသော်လည်း ဘဝအနိမ့်အမြင့် ခြားနားကြသည်ကိုလည်း ဘဝတွင် တွေ့ကြုံခဲ့ဖူးသည်။ တော်လှန်းရေးကာလသို့ ထွက်ခွာလာစဉ် အဝတ်တထည် ကိုယ်တခုဖြစ်သော်လည်း လုပ်သက် အတွေ့အကြုံရင့်ကျက်လာသည်နှင့်အမျှ လုပ်ပိုင်ခွင့်အာဏာတို့ကိုလည်း ခုံမှင်တတ်မတ်မောလာသည်မှာ ဓမ္မတာဟုဆိုရမည်။

ကိုစောလွင်နှင့်ကျနော် ခုနစ်ရက် တပတ်တာ အတူနေထိုင်စားသောက်စဉ်အတွင်း ဟင်းဆိုသည်ကား မယ်မယ်ရရ မရှိ။ ခြိုးခြံချွေတာသလို ဖြစ်နေခဲ့သည်။ ကိုစောလွင်တွင် ငွေကြေးမရှိ သူ့ ၌ကိုယ်ပိုင်ပစ္စည်းဟူ၍ ဇနီးသည်နှင့် သားတယောက်သာ ရှိသည်။

တနေ့ ကိုစောလွင်မှ ကျနော့်အား “ခင်ဗျားကို သတိပေးထားရဦးမယ်ဗျ အခုငြိမ်းချမ်းရေးအဖွဲ့တွေထဲမှာ တော်လှန်ရေးသမားချင်းမို့ ကိုယ်ချင်စာတရားအပြည့်နဲ့ ကူညီမယ့်သူတွေရှိသလို အချိန်မရွေး ချောက်ထဲတွန်းပို့မယ့်သူတွေကလည်း အများကြီးရှိတယ် အပြောအဆိုမမှားဖို့ အရေးကြီးသလို မလိုလားအပ်တဲ့ကိစ္စတွေကို အသိမပေးတာ အကောင်းဆုံးပဲ။ အခု ခင်ဗျား ပြည်တွင်းဝင်မယ့်ကိစ္စကို ကျနော်နဲ့ ဥက္ကဋ္ဌကြီးကလွဲလို့ တခြားလူတွေ မသိစေချင်ဘူး။ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်နေမှာ စိုးရတယ်” ဟု ဆိုလာခဲ့သည်။ ကျနော်ကလည်း “ဟုတ်ကဲ့ပါအစ်ကို အစ်ကို့ရဲ့စကားတွေကိုလည်း ကျနော် လိုက်နာပါ့မည်” ဟု ပြန်လည်ပြောလိုက်သည်။ ဆက်၍ ကိုစောလွင်မှ “စကားမစပ် စောစောက စက်ဝင်လာတယ် စစ်ဦးစီးချုပ်က ခင်ဗျားနဲ့တွေ့ချင်တယ်တဲ့ သူ့ကား ဒီစခန်းကိုလာကြိုလိမ့်မယ် ခင်ဗျားဘက်ကလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ထား” ဟု ဆိုလာခဲ့သည်။


သိမ်းမယ်ဆိုရင်တော့ ... (ကာတွန်း စောငို)


ဖွဲ့စည်းပုံပြင်လို့ တိုင်းပြည် ထိခိုက်သွားမလား

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှ မြန်မာနိုင်ငံဟာ တိုင်းတပါးရဲ့ သြဇာကိုမခံယူဘဲ ပြည်သူလူထုရဲ့ဆန္ဒအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာဟာ တိုင်းပြည်အတွက် အန္တရာယ်တစုံတရာ ရှိနိုင်ပါသလား။ တိုင်းပြည်အန္တရာယ်ဖြစ်မယ်လို့ ခြိမ်းခြောက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်တာဟာ တိုင်းပြည်အကျိုးလား၊ ပါတီအကျိုးလားဆိုတာတွေနဲ့ပတ်သက်ပြီး မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ Professor Steinberg ခင်ဗျား။ အခု မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သိပ်ပြီးတော့ အလေးအနက် ဆွေးနွေးနေကြတဲ့အသံတွေ ကြားနေရပါတယ်။ ဒီဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီမဆန်တဲ့အချက်တွေ အများကြီးရှိနေလို့ ပြန်ပြင်ရင်လည်း ပြင်ရမယ်။ အသစ်ပြန်ရေးရင်လည်း ရေးရမယ်ဆိုတဲ့အသံတွေ အများကြီးကြားနေရပါတယ်။ ဆိုတော့ ဆရာကြီးအနေနဲ့လည်း ဒီဖွဲ့စည်းပုံဟာ ဒီမိုကရေစီမဆန်ဘူးဆိုတာ အရင်တုန်းက ပြောခဲ့ပြီးဖြစ်ပါတယ်။ အခုတခါ ပြန်ပြီးတော့ ပြောပါအုံး။ ဘယ်အချက်တွေက ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ မဆန်တဲ့အချက်တွေ ဖြစ်နေသလဲဆိုတာကို။ 

Friday, September 27, 2013

စစ်ပွဲတွေကို အမှန်တကယ် ရပ်တန့်သွားဖို့ဆိုလျှင် (ခင်ငြိမ်းသစ်)

စစ်ပွဲတွေဖြစ်တိုင်း ကိုယ်နဲ့စိတ်ဆင်းရဲရသူတွေဟာ ပြည်သူတွေပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေဖြစ်တိုင်း ပြည်သူတွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထားပစ်ခဲ့ရတယ်။ သူတို့ရဲ့ အသက်ရှင်သန်မှုအတွက် သူတို့ဟာ စစ်ပွဲတွေကြားထဲက ပြေးလွှားရင်း သူတို့မိသားစုတွေနဲ့ တစ်သက်တာ ခွဲခွာသွားကြရတယ်။ လင်သေတဲ့ မုဆိုးမတွေ၊ သားပျောက်မိခင်တွေ အများကြီးဖြစ်လာကြတယ်။ ဒါကြောင့် ပြည်သူလူထုဟာ စစ်ကို မလိုလားကြပါဘူး။ 

ဒါဖြင့် ဘယ်သူတွေကများ စစ်ကိုလိုလားလဲလို့မေးရင်တော့ စစ်ကြောင့်အကျိုးဖြစ်ထွန်းခဲ့သူတွေက စစ်ကို လိုချင်ကြပါတယ်။ စစ်ဖြစ်နေတဲ့အချိန်မှာ အကျိုးရှိနိုင်လို့လားလို့မေးရင်တော့ ကမ္ဘာကျော် လေရူးသုန်သုန် ဝတ္ထုထဲက ဇာတ်လိုက်ကျော် ရက်ဘတ်တလာပြောသလိုပဲ စစ်ဖြစ်နေတဲ့အချိန်ဟာ စီးပွားရှာလို့အကောင်းဆုံး၊ သဌေးဖြစ်ဖို့အမြန်ဆုံးဆိုတဲ့ လူစားတွေအတွက်တော့ စစ်ဟာ အကျိုးဖြစ်ထွန်းပါတယ်။


ပြင်ချင်သတဲ့လား ... (ကာတွန်း စောငို)


Thursday, September 26, 2013

မောင်စွမ်းရည် မျက်နှာဖုံးနဲ့ထုတ်ဝေမယ့် ပိတောက်ပွင့်သစ်


အလင်္ကာ စာအုပ်တိုက်မှ စီစဉ်ထုတ်ဝေသာ ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း အမှတ်(၅၂)၊ အောက်တိုဘာလထုတ် ဆရာ မောင်စွမ်းရည် မျက်နှာဖုံးဖြင့် ထွက်တော့မည်... လို့ အလင်္ကာ စာအုပ်တိုက်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ တွေ့ရပါတယ်။


ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၁၅

အခန်း - ၁၇ 

မြေကြီးထဲမှာ 
ထိပ်တုံးခတ်ခံထားရတဲ့၊ 
သစ်စေ့လေးတွေကို 
လွတ်လပ်ရေး ကြေညာပေးလိုက်စမ်းပါ 
မိုးစက်ကလေးတို့ရယ်။ 

(ရာဘင်ဒြာ နတ်သ် တဂိုး) 

ဦးမျိုးသိန်းသည် ရှေ့နေဖြစ်သည်။ သို့သော် ရိုးရိုးရှေ့နေ မဟုတ်။ မီးခဲနှင့်တူသော ရှေ့နေဖြစ်သည်။ မြွေဟောက်နှင့်တူသော ရှေ့နေဖြစ်သည်။ သူ့ကို သွားထိလျှင် ပူတတ်သည်။ သူ့ကို သွားစလျှင် ပေါက်တတ်သည်။ သူသည် သာမန်အချိန်တွင် အေးဆေးသည်။ ပျော့ညံ့သည်။ သို့သော် သူဆုံးဖြတ်ထားသောကိစ္စတခုတွင် သွားထိမိလျှင် မြွေဟောက်လို အဆိပ်ပြင်းသူပင်ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် စောင့်ကြည့်ခံရသူတယောက် ဖြစ်လာလေသည်။ 

သူသည် ဥပဒေဘာသာရပ်ကို အထူးပြု သင်ကြားခဲ့ရသော ရှေ့နေကျောင်းသားလည်းမဟုတ်ခဲ့။ သူသည် စင်စစ် စက်မှုတက္ကသိုလ်ကျောင်းသားတယောက်ဖြစ်သည်။ သို့သော် ဖုန်းမော် အရေးအခင်းတွင် ကျောင်းထုတ်ခံခဲ့ရသည်။ ကျောင်းထုတ်ခံခဲ့ရပြီးနောက်တွင်မှ အထက်တန်းရှေ့နေ စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး ရှေ့နေဖြစ်လာခဲ့ခြင်းဖြစ်သည်။ 


ဒဏ္ဍာရီငှက် ... (ကာတွန်း စောငို)


သေရိုးမရှိတဲ့စိတ်ဓာတ်နဲ့ အတိတ်လွမ်း၊ အရေးတော်ပုံစိတ်ဓာတ်နဲ့ အနာဂတ်မှန်း (ဟံသာဝတီ ဦးဝင်းတင်)

စစ်ငါးမန်းအုပ်ကြား
ဆူနာငွေလှိုင်း ဒုံးစိုင်းသွား
ဖီးနစ် တွန်သံကြား။

ဒီနေ့ စက်တင်ဘာလ ၂၃ ရက်။ လေး-ငါးရက်ဆိုရင် စက်တင်ဘာ ၂၇ ရက်။ အဲဒီနေ့ကို မှတ်မိကြရဲ့မဟုတ်လား။ ငွေကြယ်ဖြူရဲ့အလင်းတန်းအောက် မိုးထောင်မပစ်။ တည့်တည့်ပစ်တဲ့ သေနတ်ပြောင်းဝတွေရဲ့ ရှေ့လျှောက်၊ ကမ္ဘာမကျေဘူး၊ ဒို့အရေး ဟစ်ကြွေးသံတွေ မိုးယံဖောက်တဲ့ မကြောက်တရားနေ့တွေရဲ့အလွန်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီး (ဒီချုပ်) သက်ဝင်ပေါက်ဖွား လှုပ်ရှားရုန်းကန်ခြင်း စတင်တဲ့နေ့လေဗျာ။

အဲဒီနေ့မှာ အဲဒီကဗျာလိုလို စာတိုတိုလေးကို ကျုပ် စာရွက်ပေါ် ရေးချင်တယ်။ ဆူနာမီဆိုတာ ဧရာမ မြေငလျှင်ကြီးရဲ့နောက်ဆက်တွဲ ပင်လယ်သမုဒ္ဒရာ လှိုင်းမဟာကြီးတွေပေါ့။ ဖီးနစ်မီးလျှံငှက်ဆိုတာ သေကိန်းကြုံတိုင်း မီးပုံကြီးထဲ ခုန်ဆင်း၊ မီးလျှံနင်းတက်၊ အသက်ဆက်တဲ့ ဒဏ္ဍာရီငှက် ဖြစ်တယ်။ မြန်မာရိုးရာ ဒဏ္ဍာရီထဲက သေရိုးမရှိတဲ့ ဇာမရီငှက်မျိုးဆိုပါတော့။

တိုက်ဆိုင်လို့ ပြောရဦးမယ်။ စစ်အာဏာရှင်တွေရဲ့ထောင်မှာ ကျုပ် ရက် ခုနစ်ထောင်လောက် နေခဲ့ရတယ်။ ၁၉၈၉ ဂျူလိုင်က ၂၀၁၀ စက်တင်ဘာအထိ။ စက်တင်ဘာ ၂၃ ရက်မှာ ကျုပ် ထောင်ကလွတ်တယ်။ လဒသေကောင်ကို ခွေးတွေဝိုင်းဆွဲကြသလို ထောင်ကြိုထောင်ကြားက ကားအတင်းဖြတ်မောင်းတယ်။ ကျုပ်ကို အိမ်ပြန်ပို့တယ်။

ကျုပ် ထောင်ပြည်တော်မှာ ထောင်နန်းစံတုန်း ပါတီရဲဘော်တစ်ယောက် ရွှေရတုမွေးနေ့ ကြုံတယ်။ ဘာလက်ဆောင်မှ ပေးစရာမရှိ။ ကျုပ် ကဗျာတပုဒ်ရေးပေးလိုက်တယ်။ ဂျပန်ဟိုက်ကု ကဗျာပုံစံ။


မင်းတို့ကတော့ ပျော်မြူးနေကြ … ဒီမှာက ဘဝတွေ ဆုတ်ပြတ်သတ် (ကျော်သူ)

ကျွန်တော်တို့ မဟာရန်ကုန်မြို့ကြီးသည်လည်း ဒေဝါမိုး၏ ထစ်ချုန်းမှုကြောင့် ရပ်ကွက်များ၊ မြို့နယ်များ၊ လမ်းမများတွင် ရေများဖုံးလွှမ်းလျှက်၊ မော်တော်ကားများသည်လည်း မော်တော်ဘုတ်များသဖွယ် မောင်းနှင်နေဆဲ၊ မိဘပြည်သူအပေါင်းတို့သည်လည်း ရုံးသွား/ရုံးပြန်၊ အလုပ်သွား/အလုပ်ဆင်း၊ ကျောင်းသွား/ကျောင်းပြန် ဒူးပေါ်/ပေါင်ပေါ် လျှောက်လှမ်းနေဆဲ အချိန်ကာလအတွင်း မြန်မာပြည် နယ်အရပ်ဒေသအသီးသီးတို့တွင်ရှိသော ပြည်သူလူထုအပေါင်းတို့မှာကား နေအိမ်များအားစွန့်ခွာ၍ ရေဘေးဒုက္ခသည်စခန်းများသို့ ရောက်ရှိနေကြရသည်ဖြစ်သည်။ 

 
ကလေးသူငယ်၊ ကျောင်းသူလူငယ်များအဖို့ “ရေတက် ကျောင်းပိတ်” ဆောင်ပုဒ်အား မည်သည့်အချိန်ကာလအထိ လက်ကိုင်ပြုနေတော့မည်ကိုတော့ မသိရှိနိုင်ပေ။ တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင် ကလေးငယ်များ၏ဘဝကား မည်သို့မျှဖြစ်လာမည်ကိုတော့ မခန့်မှန်းနိုင်တော့ပေ။ ထိုကဲ့သို့ ရေဘေးသင့်အရပ်ဒေသများရှိ မိဘပြည်သူအပေါင်းတို့၏ သွားရေးလာရေး ကိစ္စရပ်များအတွက် လှေငယ်လေးများနှင့်သာ လှော်ခတ်သွားလာရခြင်းတို့ကို မြင်တွေ့မိတော့သည်။ သူတို့၏ဘဝများကား မော်တော်ကားဆိုသည်ကို စီးနင်းခွင့်ပင်မဆိုထားနှင့် မြင်တွေ့ဖို့ကား ဝေးလှသည်။ လူသားများအတွက် အစာအဟာရအဖြစ်သော်၎င်း၊ လုံခြုံမှုအတွက်သော်၎င်း အသက်စွန့် ပေးဆပ်နေကြသော နွား၊ ကျွဲ၊ ဆိတ်၊ ခွေး စသည့်သတ္တဝါများပင် နေထိုင်သွားလာ၊ စားသုံးရန် အခက်အခဲပေါင်း ကြီးမားစွာ တွေ့ကြုံနေရပြီ ဖြစ်တော့သည်။ 


Wednesday, September 25, 2013

ကျွန်တော် နေ့စား ဆယ့်နှစ်ကျပ် ပြားငါးဆယ်သမား (မင်းသိုက်)

အပိုင်း (၁) 

ဆယ်တန်းစာမေးပွဲကို ၃ ကြိမ်တိတိဖြေဆိုပြီးခါမှ အင်္ဂလိပ်စာအမှတ် ၄၀၊ သင်္ချာ အမှတ် ၄၀ (မော်ဒရေးရှင်း)၊ သမိုင်းဂုဏ်ထူးလေးတစ်လုံးပိုက်ပြီး ၁၉၈၆ ဒီဇင်ဘာလ ၅ ရက်နေ့မှာ လှိုင် တက္ကသိုလ်ကြီး စတက်ခွင့်ရတယ်။ နိုင်ငံတကာဆက်ဆံရေး IR ကို အမှတ်မီသော်ငြားလည်း ကျွန်တော် သမောသားလေးဖြစ်ရပါလို၏ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကင်းရီးယားအောင်ရင် ရေသိပံ္ပပြောင်းဖို့စိတ်ကူးနဲ့ ဖီးဇစ်မောဂျာယူပလိုက်ထာ။ မိစုံဖစုံမရှိတော့ စတိုင်ပင် တစ်လ ၇၅/- ကျပ်တိတိ အစိုးရက ပေးတယ်။ ကြီးတော် အပျိုကြီး ၂ ယောက်က မုန့်ဖိုး တစ်နေ့ ငါးကျပ်ပေးတယ်။ တစ်ပတ်စာ ၂၅ ကျပ် တစ်ခါထဲပေးထားတာ၊ စနေ တနင်္ဂနွေ မရဘူး။ တနင်္လာနေ့ဆိုတာနဲ့ တပတ်စာ အစိတ်က ပြောင်သွားပြီ၊ အကုန်လုံး ဆေးခြောက်ဝယ်ရှူပလိုက်ထာ။ အဆောင်ကန်တင်းက ကိုလုံးရဲ့ ရွှေဒင်္ဂါးက အသည်းစွဲပေါ့။ 

ဒေါင်ဒေါင်ဒင်ဒင်လေး ဟိုစပ်စပ် ဒီစပ်စပ်က ဝါသနာထုံတော့ ကိုယ်ပိုင်ဂစ်တာလေးတစ်လုံး ပိုင်ဆိုင်ချင်လာတယ်။ ဖရေဇာလမ်းမပေါ်က သီဟ ဘိုင်စကုပ်ရုံတည့်တည့် ဂစ်တာမြို့တော်က ရှယ်ဂစ်တာတစ်လက် အော်ဒါမှာရင် ထိုစဉ်က ကျပ်ငွေထောင့်ငါးရာ၊ လုံးဝ အိပ်မက်ပဲ။ ယင်းတိုက်သား ဖလက်တံနဲ့၊ ဂစ်တာကီးတွေက ဂျပန်မိတ် မာယာကီးတွေနဲ့ … … … … ...။ 


တို့နိုင်ငံမှာ ပြုံးလို့ ... ပျော်လို့ (ကာတွန်း စောငို)



နိုင်ငံရေး ယဉ်ကျေးမှုသစ်၊ သမ္မတကြီး တကယ်ခြစ်မှာလား (ဟံသာဝတီ ဦးဝင်းတင်)

ကျုပ်တို့ရဲ့ သမ္မတကြီး ဦးသိန်းစိန် ကတော့ တသိမ့်သိမ့် တစိမ့်စိမ့်သမားဗျ။ မနေ့တစ်နေ့က သူ့ရဲ့လစဉ် ရေဒီယို မိန့်ခွန်း အသံလွှင့်တယ်။ နိုင်ငံရေး ယဉ်ကျေးမှုသစ်ဆိုတဲ့ စကားလုံးကို တစ်ပြည်လုံးကြားအောင် ရေဒီယိုက အော်သွားသဗျ။ ကောင်းလှပါတယ်ဗျာ။ ကျုပ်ကတော့ ထောက်ခံဆွေးနွေးချင်သဗျ။ (လွှတ်တော်ထဲက ကြံ့ဖွံ့အမတ်တွေရဲ့ အဆိုအမိန့်တွေကို ဒီချုပ်အမတ်တွေ ထောက်ခံဆွေးနွေးကြသလိုပေါ့။) ကျုပ်ကလည်း အိုနာယိုင်လှုပ် ဒီချုပ် မဟုတ်လား။ သေငယ်ဇောမြောနေတဲ့ ဒီချုပ်ပေါ့ဗျာ။ 

တသိမ့်သိမ့် တစိမ့်စိမ့်လို့ ပြောခဲ့တဲ့စကား ဆက်ရပါဦးမယ်။ သမ္မတကြီးက သိန်းရာကနေ သိမ့်၊ စိန်ရာကနေ စိမ့်လို့ သိမ့်သိမ့်စိမ့်စိမ့် လုပ်နေတယ်ပြောတာ မဟုတ်ပါဘူး။ တကယ်ကို သိမ့်သိမ့်ကလေးနဲ့ စိမ့်စိမ့်ပြီး၊ စိမ့်စိမ့်ကလေးနဲ့ သိမ့်သိမ့်နေတဲ့ ပုဂ္ဂိုလ်ကြီးလို့ မွှမ်းတာပါ။ (တကယ် မုဒိတာနဲ့ မွှမ်းတာနော်။ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ။ တော်ကြာ သမ္မတကြီးက စာနယ်ဇင်းကောင်စီကို ပေးသနားတော်မူရသလို ကျုပ်ကို သိန်းငါးရာကြီးများတောင် ပေးသနားတော်မူရင် ကျုပ်ခမျာ ခွေးခေါင်း ဆင်မချီနိုင် ဖြစ်နေပါဦးမယ်ဗျာ။) 


နာရီများ ... မျက်ရည်များနဲ့... ကဆုန်ပေါက် ကျော်လွှားခဲ့မိသော ... မြစ် (ဆောင်းလူ)

ချပ် ... ချပ် ... ချပ် ...
နောက်ဆုံး သတိပေးချက် ...။ ထွက်သက် ... ဝင်သက် ... အို ... မျက်ရည်တွေတောင် လည်လို့ ...။ မြင်လေရာ မြင်ကွင်း ရိုင်းရိုင်းအောက်မှာ ... ဖြောင့်ဖြောင့်စင်းစင်းကြီး ရိုင်းပြနေတဲ့ နေကြာရိုင်းတွေ ... တပုံတထွေးကြီး ...။

ကျနော် ခု အလည်ရောက်နေတယ် ...။ ပုံရိုင်းရိုင်းတွေတင်တတ်တဲ့ ဖေ့ဘုတ်ခ်ပေါ်မှာ ... ကျနော့်မျက်လုံးတွေက ပုတ်ခတ် ပုတ်ခတ်နဲ့ ... ရိုင်းရိုင်း စင်းစင်းကြီး ...။ မနေ့က ကြည့်မိတဲ့ ဗဲန်ဂိုးရဲ့ နေကြာပန်းရိုင်းကြီးကို သူ မသိအောင် ကျနော့်ချစ်သူ အပျိုမကို ပေးလိုက်တယ် ...။ ကျနော့်ချစ်သူ အပျိုမက တခိခိနဲ့ ... နေကြာပန်းရိုင်းခင်းကြီးထဲမှာ ... လူးလား လိမ့်လား ...။


Tuesday, September 24, 2013

ပိုင်ရှင် ... (ကာတွန်း စောငို)


ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၁၄

အခန်း - ၁၆

ပြည်သူ့ချွေးနှဲစာ အခွန်ဘဏ္ဍာတော်ကို 
အလွဲသုံးစားလုပ်နေသူတွေက 
နည်းနည်းနဲ့ ရောင့်ရဲကြပါလို့ 
ဆုံးမနေပါလားဟေ့။ 
ဗိုက်အပြည့်စားသောက်နေရတဲ့လူတွေက 
လူငတ်တွေကို 
အနစ်နာခံကြစမ်းပါတဲ့။ 

(ဘားတော့ဗရက်၊ စည်းစိမ်ယစ်သူများ) 

ရန်ကုန်သည် မြို့တော်အဖြစ်မှ ရာထူးချခံခဲ့ရပြီး ဖြစ်သည်။ သို့သော် စည်ကားမြဲ၊ သိုက်မြိုက်မြဲ။ စီးပွားရေး လုပ်ငန်းတို့၏ ဗဟိုအချက်အချာဖြစ်မြဲ။ အခွင့်လမ်းသစ်၊ စိန်ခေါ်မှုအသစ်တို့ကို ရှာဖွေလိုသူတို့အတွက် အဓိကဆုံချက် ဖြစ်မြဲဖြစ်နေဆဲသာ။ 

ရန်ကုန်မြို့ပေါ်တွင် အထပ်ပေါင်း ၂၀ ကျော် ၂၅ ထပ်ရှိသော ဆာကူရာ တာဝါလို၊ ထရိတ်ဒါးဟိုတယ်လို အဆင့်မြင့် အဆောက်အဦကြီးတွေ ပေါ်ထွက်ခဲ့ပေပြီ။ သို့သော် ထမင်းတနပ်အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရသောသူတွေမှာလည်း တနေ့တခြား ပိုမိုများပြားလာလေသည်။ လှိုင်သာယာတွင် ထမင်းရည်ကို ပုလင်းနှင့်ထည့်ပြီး ရောင်းချသော ဈေးကွက်အသစ် ပေါ်ထွန်းလာလေသည်။ တနေ့ကို ထမင်းတနပ်သာစားပြီး အသက်ရှင်သန်နေကြသူများ အများအပြား ရှိလာသည်။ 


ရာထူး ... (ကာတွန်း အောင်မော်)


ကျွန်တော်နှင့် ကိုမျိုးခင် - ကိုမာကီ (၈၈ မျိုးဆက်)

သူ့အရပ်က ငါးပေကျော်ရုံလေး။ အသားလတ်လတ်၊ မျက်နှာဝိုင်းဝိုင်း။ ခန္တာကိုယ်က ပြည့်ပြည့်ဖြိုးဖြိုးဆိုတော့ သူ့ပုံစံက ပုလုံးလုံးလေးပဲ ဆိုပါတော့။ သူက ဗီဒီယိုဇာတ်ကားတစ်ချို့မှာလည်း ‘မုန်းခက်’ ဆိုတဲ့အမည်နဲ့ ဇာတ်ရံလုပ်ဖူးသတဲ့။ သူဟာ သရုပ်ဆောင် မုန်းခက်ဆိုတာကို သိတဲ့သူတွေကသိကြပေမယ့် ကျွန်တော်သိတာကတော့ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ မင်းသားတစ်လက်ပါပဲ။ 

‘သဘောကောင်းတဲ့သူ’ ဆိုတဲ့ဝေါဟာရကို စိတ်ထဲမှာရေရွတ်ကြည့်မိရုံနဲ့တင်၊ ကျွန်တော်အာရုံမှာ ပထမဆုံးပေါ်လာမယ့်သူက ကိုမျိုးခင်ပါ။ ကျွန်တော်နဲ့က ငယ်ပေါင်းကြီးဖော်တွေတော့ မဟုတ်ပါဘူး။ ကျွန်တော့်ထက်လည်း အသက် ငါးနှစ်ကျော်လောက် ကြီးပါတယ်။ ၂၀၀၅ ခုနှစ်၊ ကျွန်တော် မြစ်ကြီးနားထောင်ကနေပြန်လွတ်လာပြီး ၈၈ မျိုးဆက် ကျောင်းသားတစ်ယောက်အနေနဲ့ ရပ်တည်လှုပ်ရှားခဲ့တဲ့ကာလမှာမှ သူနဲ့ စတင်သိကျွမ်းရတာပါ။ သူက NLD ရဲ့ ဝါရင့်ပါတီဝင်။ ဝါရင့်ပါတီဝင်လို့ပြောရတာက ပါတီကို ကြားမှတ်တိုင်ကနေ ဖြတ်တက်လာတဲ့သူ မဟုတ်ဘူး။ တက်လိုက် ဆင်းလိုက်လုပ်ခဲ့သူလည်း မဟုတ်ဘူး။ NLD ပါတီမှာ ဟိုးကနဦး အစကတည်းက ကောင်းတူဆိုးဖက် ရှိနေခဲ့သူ။ နိုင်ငံရေးတိုက်ပွဲတိုင်းမှာ မရွံ့မဆုတ်ရဲဝံ့ခဲ့သူ။ 


အော်ပီကျယ်ရဲ့ လက်ရာတချို့


မနေ့က ငါပြန်ရာလမ်းပေါ်မှာ မြက်လျှောတကောင် စင်းစင်းကြီး (ဆောင်းလူ)

မနေ့က ငါပြန်ရာလမ်းပေါ်မှာ မြက်လျှောတကောင် စင်းစင်းကြီး ...။ 
ငါကလည်း သူ့ကြောက် ...။ 
သူကလည်း ငါ့ကြောက် ...။ 

နောက်ဆုံးတော့ မိတ်ဆွေဖွဲ့လိုက်တယ် ...။ လမ်းဘေး ဘီကနီမယ်တွေရှိတဲ့ဆိုင်မှာ ခေတ္တခဏ မိတ်ဖွဲ့လိုက်တယ် ...။ ခွက်ခြင်းတိုက်ပြီး ခပ်ဆတ်ဆတ်လေးတောင် အော်လိုက်တယ် ...။ 

ချီးလ်းယား ............. 

မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ... ဘီကနီမယ်လေးတွေ အော်သံကြောင့် လန့်ဖြတ်သွားတယ် ...။ ဒါပေမယ့် ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲ ... ။

ငါ့ခြေထောက်တွေကို ခိုးခိုးကြည့်တယ် ...။ ပါးစပ်အဟမှာ ... လျှာတွေကို မသိမသာ အကဲခတ်တယ် ...။ အားကျနေတာ ...။ ခြေထောက် မပါဘဲ လျစ်ခနဲ လျစ်ခနဲ တွားသွား သွားနေတာကို ...။ ပြူတစ် ပြူတစ် လျစ်ခနဲ ထွက်ထွက်လာတတ်တဲ့ လျှာနှစ်ခွကို ...။ 


Sunday, September 22, 2013

နှလုံးသား ဒိုင်ယာယီ (၁၃) - အုပ်ကြီးဖေ

၁၄ ဇန်နဝါရီ ၂၀၀၂ 

ခဏတာကာလလေးအတွင်း၌ပင် မိတ်ဆွေကောင်းတို့ကိုလည်း တွေ့ကြုံရတတ်သည်။ မှတ်ပုံတင်လက်ဝယ်ရရှိပြီး နောက်တနေ့ ဖရူဆိုမြို့အထွက်ရှိ ဆီးဘူး၊ တောင်ငူ ကားလမ်းခွဲလေးသို့ ရောက်ရှိလာတော့သည်။ ဆီးဘူးသို့သွားရန်အတွက်ဖြစ်သည်။ ဆီးဘူးဆိုသည့်မြို့က မည်သည့်နေရာတွင် ရှိမှန်းမသိ။ အမည်နာမကိုပင် ယခုမှ ကြားဖူးခြင်းဖြစ်သည်။ ၁၀ မိနစ်ခန့်အကြာ လိုင်းကားတစီး ထိုးဆိုက်လာသည်။ ကျနော်လည်း လိုင်းကား ခေါင်မိုးပေါ်တက်ကာ နေရာယူလိုက်သည်။ ကားလမ်းခရီးတလျှောက် ကားစီးရင်း တွေ့မြင်ရသော ဆိုင်းဘုတ်တို့ကိုဖတ်ရင်း ဘယ်မြို့ဘယ်ရွာ စသဖြင့် စိတ်ထဲတွင်သာ မှတ်လာခဲ့သည်။ အချို့မြို့ရွာများကို ကောင်းစွာ မမှတ်မိ။ သံပုံးတောင်၊ သောက်ရေခပ် စသဖြင့် တချို့ကိုတော့ မှတ်မိသည်။ 

အချိန်အတော်ကြာစီးနင်းပြီး နေ့လည်ပိုင်းလောက်တွင် ဆီးဘူးမြို့သို့ ရောက်ရှိသည်။ ကားပေါ်မှဆင်းလိုက်သော်လည်း မည်သည့်နေရာသို့ ခရီးဆက်ရမည်မသိ။ မြန်မာ့တပ်မတော်မှ တပ်မတော်သားတို့ကလည်း ဥဒဟို သွားလာနေသောကြောင့် လိပ်ပြာမလုံ။ ကျောချမ်းနေမိသေးသည်။ 

ဆီးဘူးမြို့အတွင်း လိုက်လံစုံစမ်းလိုက်သောအခါ ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူး ဖလိန်း နေထိုင်ကြောင်း သိလိုက်ရသည်။ မေးပါများ စကားရဆိုသကဲ့သို့ နောက်ဆုံး ဗိုလ်မှူး ဖလိန်းအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျနော် ရောက်ရှိသွားသည်။ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ဗိုလ်မှူး ဖလိန်းကိုလည်း နေအိမ်တွင် တွေ့လိုက်ရသည်။ ဗိုလ်မှူး ဖလိန်းကို တွေ့လိုက်သည်နှင့် မဟာမိတ်ရဲဘော်တဦးဖြစ်ကြောင်း အခြေအနေအရ လုံခြုံမှုလိုအပ်ကြောင်းနှင့် ဥက္ကဋ္ဌကြီး ဦးရွှေအေးနှင့် တွေ့ဆုံဆွေးနွေးလိုသည့်အကြောင်း စသဖြင့် အိတ်သွန်ဖာမှောက် ပြောကြားလိုက်သည်။


မပြောချင်ဘူး ... (ကာတွန်း စောငို)


ဉာဏ်များတဲ့ ... စာ (ဆောင်းလူ)

မုဒိတာ မင်း ရဲရဲရင့်ရင့်ကြီးကို လွမ်းလိုက်စမ်းပါ ...။ အလွမ်းဆိုတာ နူးညံ့တယ် ... ညက်ညောတယ် ...။ စိတ္တဇဆန်တာတောင် အလွမ်းဟာ ညက်ညောတယ် ...။ 

ငါရေးတဲ့ စာ ကဗျာတွေအတိုင်း ... ငါ့မသိစိတ်တွေဆိုတာ နိုးလေရာမနက်တိုင်းရဲ့ လင်းတဝက် .. မှောင်တဝက် .. လမ်းမထက်မှာ ဘဝတွေက ဖုတ်ဖတ်သီခါ။ ဒါတွေဟာ စိတ္တဇမဟုတ်ပါဘူး။ လစ်လျူရှုခြင်းတွေကို မင်းအသက်ရှင်နေသမျှကာလပတ်လုံးမှာ အတိုင်းသား ကြားနေလိမ့်မယ်..။ 

မုဒိတာ .. တခါတလေမှာ ငါရိုက်ကူးခဲ့တဲ့ ပုံတွေရဲ့သက်ဝင်မှုတွေကို တွေတွေ ငေးငေး စိုက်ကြည့်ကောင်း စိုက်ကြည့်နေလိမ့်မယ် ..။ ဒါပေ မယ့် ငါကိုယ်တိုင် ပါဝင်သရုပ်ဆောင်နေရတဲ့ လောကအသက်ဝင်ခြင်းတွေမှာတော့ တွေနေလို့ ..မရ၊ ဝေနေလို့ မရ ..။ လူတွေကသာ ပြောကြတာ .. ပြဒါးတလမ်း ..သံတလမ်းတဲ့ ...။ 


Saturday, September 21, 2013

ကုဋေကြွယ် ခရိုနီ နဲ့ တခြမ်းပဲ့ ဒီမိုကရေစီ

ဗမာအစိုးရနဲ့ ပုလဲနံပသင့်ပြီး အကြီးအကျယ် ချမ်းသာလာတဲ့ ကုဋေကြွယ်သူဋ္ဌေး (၄၀) လောက် မြန်မာပြည်မှာရှိကြောင်း သိရပါတယ်။ ဒေါ်လာသန်း (၃၀) သို့မဟုတ် (၃) ကုဋေရှိသူကို ဆိုလိုတာဖြစ်ပါတယ်။ နောက် ဆယ်နှစ်ကြာရင်တော့ ကုဋေကြွယ်သူဋ္ဌေး (၃၀၀) ကျော် ရှိလာမယ်လို့ Wealth-X လေ့လာရေးဌာန အရာရှိချုပ် Mr. Rambus က ပြောဆိုကြောင်း သြဂုတ်လ (၂၂) ရက်နေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကုဋေကြွယ်သူဋ္ဌေးဦးရေ (၆) ဆ တိုးမယ့်သဘောပါ။ ဒီလေ့လာရေးဌာနဟာ အကြီးအကျယ် ချမ်းသာသူတွေကို လေ့လာပြီး နှစ်စဉ်အစီရင်ခံစာ Ultra Wealth Report ထုတ်ဝေနေပါတယ်။ 

စင်္ကာပူ၊ ဂွမ့်ကျောင်၊ ဟောင်ကောင်နဲ့ ကွာလာလမ်ပူ အပါအဝင် မြို့ကြီး (၁၂) မြို့မှာ ရုံးဖွင့်ပြီး သုတေသီ (၂၀၀) ကျော်နဲ့ လေ့လာနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ လူဦးရေသန်း (၁၄၀) ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဒေါ်လာ (၃) ကုဋေကျော် ချမ်းသာတဲ့သူဋ္ဌေး (၉၀) ရှိပါတယ်။ လူဦးရေသန်း (၉၀) ကျော်တဲ့ ဖိလစ်ပိုင်မှာ ကုဋေကြွယ်သူဋ္ဌေး (၆၀၀) ကျော်၊ ထိုင်းနိုင်ငံမှာ (၇၀၀) ကျော်ရှိပြီး စင်္ကာပူမှာ (၁၄၀၀) လောက် ရှိပါတယ်။ အာဏာရှင်ခေတ်က မသမာတဲ့နည်းနဲ့ ချမ်းသာလာခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ ခိုလှုံနေတဲ့ စင်္ကာပူဟာ လူဦးရေနည်းပေမယ့် အရှေ့ တောင်အာရှမှာ ကုဋေကြွယ်သူဋ္ဌေး အများဆုံးရှိတဲ့နေရာ ဖြစ်နေပါတယ်။ 


Friday, September 20, 2013

ကိုးကွယ်ရာ ... (ကာတွန်း စောငို)


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီးတစ်ယောက် ဘယ်တော့လောက်များမှ ကြိုဆိုရပါ့ (ဟံသာဝတီ ဦးဝင်းတင်)

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ငွေရတုပွဲတော်ကြီးကို နွှဲပျော်လိုက်ရတော့ လူတိုင်းလိုလို မျက်နှာတွေဖော်၊ ခေါင်းတွေမော်၊ နှလုံးသားတွေပျော်ကြတယ်။ ကျုပ် အပါအဝင် ရှစ်လေးလုံး သံယောဇဉ်သမားတွေ အားလုံး ဆိုပါတော့လေ။ ဖော်တယ်၊ မော်တယ် ပျော်တယ်။ ပြောမဲ့သာ ပြောတာပါ။ တကယ့်နှလုံးသားစစ်စစ်ရဲ့ အနှစ်အရင်း အတွင်းသား နက်နက်ရှိုင်းရှိုင်းမှာတော့ ဘယ်အပျော်လှိုင်းကလေးတွေ ရိုက်ခက်နိုင်မှာလဲဗျ။ 

တကယ်တမ်းပြောရရင် ငွေရတုမို့သာ ပျော်စရာရယ်လို့ပြောရ။ ဘယ်မှာ အသည်းနာ သက်သာနိုင်ပါ့မလဲဗျာ။ ရှစ်လေးလုံးကာလဆိုတာ တစ်ပါတီအာဏာရှင်တွေ၊ စစ်အာဏာရှင်တွေ “မိုးပေါ်ထောင်မပစ်၊ တည့်တည်ပစ်” တဲ့ ဒိုင်း … ဒိုင်း … ဒိုင်း … ဒိုင်း ကာလနာကြီး မဟုတ်ပေကလားဗျို့။ 

ကဲပါလေ။ ဒီစကားတွေ ပြောရတာ ရင်နာ၊ နှလုံးနာ၊ အသည်းနာသဗျာ။ တော်ပါတော့။ တော်ကြာ ကြက်တူရွေးကတော်တော် မယ်တော်ကကဲချင်တဲ့ ဟိုလိုလူစားတွေနဲ့ တွေ့နေရဦးမယ်။ တွေ့လိုက်ရင် အဟောက် အငေါက် အခေါက် အခြောက် ခံနေရဦးမယ်။ ခင်ဗျားတို့က သင်ပုန်းမချေချင်ဘူး မဟုတ်လား။ လက်စားချေချင်နေသေးတာလား။ ဘာလား ညာလား အမေးအမြန်း အကြိမ်းအမောင်း ခံနေကြရဦးမယ်။ ကဲ … ကဲ တော်တန်တိတ်ကြ။ 

အပျော်စကားလေး မပြောရတဲ့တူတူ ပန်းစကားတွေ၊ နန်းစကားတွေ၊ အလွမ်းစကားတွေ ပြောကြ။ အဲ … ပန်းစကားဆိုတာက တော်ဝင်နှင်းဆီခန်းမက နိုင်ငံရေးဇာတ်သံတွေအကြောင်း ပြောတာတဲ့ဗျ။ နန်းစကားဆိုတာကတော့ နေပြည်တော် ကန့်လန့်ကာနောက်ကွယ်က ရာဇဝတ်မှုကြီးတွေ (အဲလေ ဘွာ … ဘွာ မှားလို့ပါဗျာ။ ရာဇဝင်လူကြီးတွေ) အကြောင်းပြောကြတာတဲ့။ 


Thursday, September 19, 2013

ဒီမိုကရေစီ အရေခြုံမှာ စိုးရိမ်တယ် (ကိုညို)

“နော်ဝေးနိုင်ငံအနေနဲ့ ဦးသိန်းစိန်အစိုးရကို ပိုမိုအားကောင်းစေပြီး အခွင့်အရေးတိုက်ပွဲဝင်နေသူတွေကို အင်အားချိနဲ့စေမှုမျိုးတွေ မပြုမိစေဖို့ လိုတယ်၊ အစိုးရ သီရိလင်္ကာနိုင်ငံကို သင်ခန်းစာယူစေလိုတယ်။ သီရိလင်္ကာနိုင်ငံနဲ့ မြန်မာ မတူတာတွေ အများကြီးပါ၊ တမီးလ် ပျောက်ကျား LTTE က တဖွဲ့သာဖြစ်ပေမယ့် မြန်မာက အရပ်လေးမျက်နှာမှာ တိုင်းရင်းလက်နက်ကိုင် များစွာရှိတယ်၊ ဘယ်တော့မှလည်း ပြိုမှာမဟုတ်ဘူး” 

မာန်ပါပါ အသံသြဇာပြည့်ပြည့်နဲ့ မတ်မတ်ရပ်ပြောနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာကို တာဝန်ယူဆောင်ရွက်နေသူ ကိုမြအေးရဲ့ပြောဆိုမှုကို အခမ်းအနားတက်ရောက်လာတဲ့ နော်ဝေးနိုင်ငံသား အင်ဂျီအိုအဖွဲ့ တာဝန်ရှိသူတွေ၊ သတင်းသမားတွေ၊ သုသေတီတွေ၊ အစိုးရဝန်ကြီးဌာနက ပုဂ္ဂိုလ်အများ စိတ်ဝင်တစား နားထောင်နေတယ်။ စစ်အာဏာသိမ်း ၂၅ နှစ်ပြည့်မတိုင်မီ အင်္ဂါနေ့က နော်ဝေးမြန်မာကောင်စီရုံးမှာပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအပေါ်စိတ်ဝင်စားတဲ့ နော်ဝေနိုင်ငံသားအတွက် သီးသန့်ဖန်တီးတဲ့ ပွဲဖြစ်ပါတယ်။ 


အထုပ် (ကာတွန်း စောငို)


ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၃) - မင်းကျော်ခိုင်

ဘိုတင့် (ရာပြည့်)က ကျနော့်ထက် အသက်ကြီးတယ် ၆ နှစ်။ ဒါပေမယ့် သူငယ်ချင်းလို နေကြ ဆက်ဆံကြတာ။ ဘိုတင့် လို့လည်းခေါ်တာ နှုတ်ကျိုးနေပြီ။ ဘိုတင့်က သူ့ပါဝါမျက်မှန် အဝိုင်းရယ်၊ ဂျင်းဘောင်းဘီကို မန္တလေးဖိနပ်နဲ့ တွဲစီးတာ၊ လွယ်အိတ်က အမြဲလွယ်လျက်ပဲ။ တခါတခါတော့ အင်းလေးပုဆိုးနဲ့ပေါ့၊ သူနေတာက ကန်တော်ကလေးမှာ (အောင်ဆန်းကွင်းနား)။ အရင် သူက သင်္ဘောသား ပိုက်ဆံစုပြီး အခွေထုတ်တာ၊ သီချင်းရေးတာအပြင် သီချင်းဆိုချင်တဲ့ ပိုးကလည်း အပြည့်လေ။

၁၉၈ဝ လောက်ကစပြီး သူ အမြဲတမ်း ခရမ်းပြာမှာ ကျင်လည်တော့တာ။ သူနဲ့အတူ ရစ်ချက် (သက်နိုင်ဦး)လည်း မကြာမကြာ လာတယ်။ ကိုရဲနဲ့ ကိုအောင်ဝင်းတို့ရဲ့ ပန်းခရမ်းပြာ သီချင်းရေးပြီးတော့ ကျနော်တို့ အင်ကြင်းဆောင်နောက်မှာ ဆိုကြတဲ့အချိန်ကတည်းက သူ အဲဒီသီချင်းကိုဆိုပြီး စီးရီးထုတ်ချင်နေတာ။ အဲဒီတုန်းက ကိုရဲ ပန်းခရမ်းပြာသီချင်းတီးရင် ကျနော်က ကိုရဲတီးကွက်တွေက ကိုရဲပြောတော့ လွယ်တယ်၊ ကျနော့်အတွက်တော့ ခက်နေတယ်လို့ ပြောရတယ်။ ကိုရဲကတော့ သူ့ထုံးစံအတိုင်းပြုံးပြီး နောက်ကျ ပန်းခရမ်းပြာသီချင်းကို ညတိုင်းဆိုဖြစ်တာပါပဲ။ အဲဒီအချိန် ဘိုတင့်နဲ့ မိုးကျော် သိပ်မတွဲဖြစ်ကြတော့ဘူး။ မိုးကျော်က The Aces ဝိုင်းမှာတီးနေပြီမို့ မတွေ့ဖြစ်ကြတာ။


Wednesday, September 18, 2013

သစ္စာဖောက် (ကိုညို)

သစ္စာဖောက်ဆိုတာ... 
အစပထမတော့ ကိုယ့်ဖာသာကိုယ် မပြောနဲ့ 
ကိုယ့်ဘေးနားကလူတွေတောင် ဇဝေဇဝါ၊ နဝေတိမ်တောင်ပေါ့။ 

ချက်ချင်းတော့ ဘယ်သဲကွဲမလဲ 
ပန်းတိုင်ကတူပြီး 
အယူအဆပဲ မတူသလိုလို 
အတွေးအခေါ်ပဲ ကွာဟသလိုလို 
နည်းဟန်ပဲ ကွဲပြားသလိုလို... 
ကိုယ့်ကိုယ်ကိုတော့ မှန်တယ်လို့ပဲ ထင်တတ်ကြတယ်။ 

နောက်ပိုင်းကျမှ 
သူမှီခိုရာ သူ့နေရာက 
အကောင်အထည်က ကြီးလာ၊ 
ပုန်းလျှိုးကွယ်လျှိုး လုပ်မရ၊ 
အလုံးအဖန်က လူမြင်ကွင်းထဲ ဘွားဘွားကြီး။ 


အဲ့ဒါ ... မြန်မာ (ကာတွန်း စောငို)


ကန်တော်အောက်က ကောက်ရတဲ့ ကဗျာ (မောင်လွမ်းဏီ)

မိတ္ထီလာကန်တော်အောက်မှာ 
ဖားကောက်မယ့်သူက 
ဘယ့်နှယ် ရုံးရောက် ဂတ်ရောက် ဖြစ်ရတာလဲ 
မမြင့်မြင့်အေး။ 

မိုးထိမိုးမိမှာလည်း 
ကင်းငြိ မြွေထိ ဖြစ်မယ့်ကိန်း။ 

လယ်သမားအရေး
ကြွေးပူ ဘုရင်ဆပ်သာ ကြားဖူးပါတယ် 
ငထွားက ခါးနာဇာတ် 
ခင်ဗျားပဲ ကတတ်တယ်။ 


Tuesday, September 17, 2013

ကျနော်နှင့် ကျနော့်မာမီ - ကိုမာကီ (၈၈ မျိုးဆက်)

ကျနော့်မိခင်အကြောင်းကို ရေးချင်လျက်နဲ့ ကျနော် မရေးရက်ခဲ့ပါဘူး။ ကျနော့်အပေါ်ထားရှိတဲ့ မာမီ့ရဲ့မေတ္တာနဲ့ ကျေးဇူးတရားတွေကို ပြည့်စုံအောင် ဖော်ပြနိုင်စွမ်းမရှိမှာ သေချာနေလို့ပါ။ ဒါပေမယ့် အခုလို "ကျနော်နှင့် …" ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ကျနော့်မာမီအကြောင်းမပါရင်လည်း ဘယ်လိုမှ မပြည့်စုံနိုင်တာကြောင့် ဒွိဟဖြစ်နေတဲ့ကြားထဲကပဲ ရေးဖြစ်ခဲ့ရပါတယ်။ 

မာမီက မော်လမြိုင်ဇာတိပါ။ မာမီ့ရဲ့အဖွားက မွန်အစစ်။ မာမီ့ရဲ့အဖိုးက ပြည်ကြီးပေါက်ဖော်အစစ်။ မာမီ့ရဲ့အဖေကတော့ သြစတေးလျလူမျိုး။ ငယ်စဉ်ကတည်းက St.John ကွန်ဗင့် (ယခု လသာ အထက-၂) ကျောင်းမှာ နေခဲ့တယ်။ ကျောင်းရဲ့ ပြေးခုန်ပစ်နဲ့ ဟော်ကီ ချန်ပီယံ။ မာမီဆယ်တန်းအရောက် ပြည်သူပိုင်သိမ်းတာတွေနဲ့ကြုံတော့ သူ့ကျောင်းအတွက် စာရင်းဇယားတွေကို လုပ်အားပေးကူညီခဲ့ရပါတယ်။ အဲဒီ့မှတင် လုံခြုံရေးတာဝန်ကျတဲ့ တပ်မတော်သား ကျနော့်အဖေနဲ့ အကြောင်းပါခဲ့ရတာပါပဲ။ မာမီက ရိုမန်ကက်သလစ်ဘာသာဝင်ဖြစ်နေတော့ ကျနော်တို့ညီအစ်ကို ၃ ယောက်စလုံးလည်း မွေးခါစကတည်းက ခရစ်ယာန်ဘာသာဝင် ဖြစ်ခဲ့ပါတယ်။ ကျနော့်ရဲ့ စာဖတ်ဝါသနာနဲ့ အမှန်တရားဘက်က ရပ်တည်ချင်တဲ့ဓလေ့ကို မိဘတွေဆီက အမွေရခဲ့တယ်လို့ ထင်ပါတယ်။ အထူးသဖြင့်တော့ မာမီ့ဆီကပါ။ 


အော်ပီကျယ်ရဲ့ ကာတွန်းတချို့



အဲဒီမြို့မှာ ဘာတွေထူးသေးလဲ… (သစ်ကောင်းအိမ်)

ထူးတယ်
မထူးဇာတ်
သခင်ထူး...
အရှင်ထူး…
ဘုရားထူး…
ယနေ့ညအတွက်
မိကျောင်းမျက်ရည်ဝီစကီနဲ့
ဒေါင်းသားဟင်းလျာအထူး
စပါးကြီးမြွေဝမ်းဗိုက်ထဲ
ဂူအောင်းဝစိပိတ်
ငြိမ်းချမ်းရေးတရားထူး
ထူးတယ်
သေမထူး နေမထူး။ ။

(၁၆ စက်တင်ဘာ၊ ၂၀၁၃)


 

ဒီမိုကရေစီ အနှစ်သာရကို ပြည်သူတွေ ခံစားခွင့်ရပါစေ (ခင်ငြိမ်းသစ်)

လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းကအထိ မြန်မာပြည်မှာ ဒီမိုကရေစီလို့ ပြောမိရင် သေချာတယ်အနည်းဆုံး ထောင် ၇ နှစ် ပါပဲ။ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ မတန်ဘူးလို့ ပြောဆို နှိပ်ကွပ်မှုတွေကိုလည်း ရင်စည်းခံခဲ့ကြရပါတယ်။ ဒီမိုကရေစီဆိုတာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာလိုလိုပြောဆိုမှုတွေ၊ မြန်မာ့လူ့ဘောင်အတွက် ဆိုရှယ်လစ်စနစ်သာလျှင် အသင့်လျော်ဆုံးဆိုတဲ့ အတွေးအခေါ်တွေကို လူငယ်တွေခေါင်းထဲ ရိုက်သွင်းခံခဲ့ရတာပါ။ 

ကျွန်မတို့ခပ်ငယ်ငယ်က သမိုင်းသင်ရိုးမှာ ပါလီမန်ဒီမိုကရေစီခေတ်ကို ရောင်စုံသူပုန်တွေထတဲ့ ခေတ်၊ ပါလီမန်ဒီမိုကရေစီစနစ်ဟာ တိုင်းပြည်ချောက်ထဲကျအောင်လုပ်ခဲ့တဲ့ စနစ်၊ ဒီမိုကရေစီဆိုတာ တယောက်တပေါက်ပြောကြတဲ့ ခေတ်ရယ်လို့ သင်ကြားခဲ့ရပါတယ်။