Saturday, April 11, 2015
Thursday, March 19, 2015
လူကြီးဖတ်ဖို့ ကဗျာ (နေဇော်နိုင်)
ကလေးတွေကိုချစ်တတ်ဖို့
အခု လူကြီးဖြစ်နေတဲ့ ကျနော်တို့က သူတို့တွေကို ချစ်တတ်ရမယ်။
သိဒ္ဓတ္တလို
အတွေးနဲ့ မျှော်မကြည့်တတ်ရင်နေပါစေ
ကလေးတွေရဲ့ နံရံပေါ်မှာ ဘာကြော်ငြာမှ မကပ်လိုက်ပါနဲ့။
ချစ်တတ်ရင်
သေနတ်မောင်းဖြုတ်မယ့် ခင်ဗျားလက်ညှိုးကို ထိုးပေးလိုက်
ကလေးတွေက နို့ထွက်လာအောင် စုပ်ယူနိုင်တယ်။
Tuesday, February 3, 2015
သမဂ္ဂ (နေဇော်နိုင်)

အနာဂတ်ကို ဆွဲဖွင့်နေကြတာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ကိုယ့်ခရီး ကိုယ်ကြောင်းဖို့
ဒေါင်း မပါရင် ကျောင်း မလာတော့ဘူး တဲ့
တပ်ဦးမှာ အလံလွှင့်ကြပြီ ။ ။
နေဇော်နိုင်
၃ ဖေဖော်ဝါရီ၊ ၂၀၁၅
Saturday, January 3, 2015
ပျားလေးတစ်ကောင် (နေဇော်နိုင်)
တစ်ပင်ခြားနေတော့
မြင်သလား မသေချာ။
ဝဲပျံကာ
တေးထံတျာ သီနေဆဲ။
အပွင့်တွင်းဆီက
ချက်ချင်းဆို ကိုယ်ရောင်ပြတယ်
ကွယ် ... နောက်ကျပြီပဲ ။ ။
နေဇော်နိုင်
၃ ဇန် ၂၀၁၅
Wednesday, December 31, 2014
ဒဏ်ရာစိမ်း (နေဇော်နိုင်)
အငွေ့တွေ ကုန်သွားမှာကို မလုံမလဲဖြစ်နေဆဲ
အသည်းမှာ ဒဏ်ရာတချို့ ခ ခဲ့ပြီ။ ။
နေဇော်နိုင်
၃၀ ဒီ ၂၀၁၄
Tuesday, December 30, 2014
ချစ်တယ် (နေဇော်နိုင်)
ငြိုငြင်မှာ စိုးလို့
ကိုယ်တချိန်လုံး သိမ်းထားတဲ့စကား
သူများကို မင်း ပြောလိုက်ပြီလား ဟင်။ ။
နေဇော်နိုင်
၃၀ ဒီ ၂၀၁၄
Tuesday, April 15, 2014
လူကြီးကဗျာ (နေဇော်နိုင်)
ကလေးတွေကိုချစ်တတ်ဖို့
အခု… လူကြီးဖြစ်နေတဲ့ ကျွန်တော်တို့က
သူတို့တွေကို ချစ်တတ်ရမယ်။
သိဒ္ဓတ္တလို
အတွေးနဲ့ မျှော်မကြည့်တတ်ရင်နေပါစေ
ကလေးတွေရဲ့နံရံပေါ်မှာ
ဘာကြော်ငြာမှ မကပ်လိုက်ပါနဲ့။
ချစ်တတ်ရင်
သေနတ်မောင်းဖြုတ်မယ့်
ခင်ဗျားလက်ညှိုးကို ထိုးပေးလိုက်
ကလေးတွေက
နို့ထွက်လာအောင် စုပ်ယူနိုင်တယ်။
Tuesday, December 10, 2013
သုံးဆယ့်တစ် လက်ရေး (နေဇော်နိုင်)
ဆည်းဆာအဟောင်းကြီးကို
ရေမတောင်းဘဲ မော့သောက်နေရတယ်။
ဈေးကွက်စီးပွားရေးခေတ်ထဲ
အောက်ဆီဂျင်ဟာ
ငွေတွေကြေးတွေနဲ့ ညစ်ပတ်နေပေါ့။
ပြက္ခဒိန်ထဲမှာတော့
ခွေးကဟောင်နေလိုက်တာ
ဘဝထဲမိုးခေါင်နေရဲ။
သွားစမ်းပါ
အိပ်ပျော်နေတုန်းမက်တဲ့
အိပ်မက်တွေအကြောင်း
ကျနော့်လာမပြောနဲ့
ကျနော့်မှာ
မအိပ်ခင်မက်တဲ့ အိပ်မက်တွေရှိတယ်
လေပြေထဲ ဝှက်ထားတာပေါ့။
Saturday, December 7, 2013
အမှည့်လွန်တတ်တဲ့ကောင် (နေဇော်နိုင်)
ရဲခနဲနေအောင် ဖွာထည့်ပစ်လိုက်တယ်
သက်ပြင်းတချို့ ပဲ့ကြွေသွားပေါ့။
မေမေရေ ...
ကျနော်ဟာ
မေမေနဲ့ ဖေဖေကြားက
ဖျက်ရာအထပ်ထပ် စာလုံးကလေးလား
သလို ...
ဖွင့်ဖတ်မိတာကိုတော့ ခွင့်လွှတ်ပါ ...
၃၅ နှစ်စာ အသက်ရှူသံတွေထဲ
ကျနော်ကိုယ်ကျနော် ထွေးထုတ်ခဲ့ဖူးပြီ ...
'ကျွဲ' လို့ ဖတ်ပေးခဲ့ရဖူးတဲ့
မိတ္တဗလ ချည့်နဲ့နဲ့တွေ ရှိခဲ့ပြီ ...
တောင်ပို့တွေ
အမှောင်ထဲက ထဟောင်လို့
အိပ်ပျက်ပေးရပေါင်း များပြီ ...
Monday, August 22, 2011
ဘင်သံ (မောင်တောက်)
Saturday, January 29, 2011
ထေရဝါဒ ကပြား
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံဖြစ်ပြီး၊ မြန်မာ့ ထေရဝါဒဗုဒ္ဓသာသနာသည် များမကြာမီကာလအတွင်း ကမ္ဘာကိုပင် လွှမ်းတော့မည်ဟု စကားလုံး ဖောဖောသီသီများသုံးကာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီး တည်ဆောက်နေသည်ကိုလည်း မကြာခဏ သွားရောက်နှမ်းဖြူးနေသူကား နအဖ၏ ထေရဝါဒ သာသနာ့ ဒါယကာကြီး ဗိုလ်ခင်ညွန့်သာ ဖြစ်ပေ၏။ အနှီကဲ့သို့ ထေရဝါဒ သာသနာ့ ဒါယကာကြီး ဗိုလ်ခင်ညွန့်တယောက် သာသနာရေးများကို လိုက်လံ၍ ရာဇသံပေးနေချိန် သူ၏ လက်ချောင်းတွေပြည့် မတတ်ဝတ်ထားသော အင်းအိုင်လက်ဖွဲ့ အဆောင်လက်စွပ်တို့ကဖြင့် အတော့်ကို အနေရကြပ်ရှာမှာပဲဟု ကျနော် တွေးနေမိပေသည်။
နိုင်ငံတကာမှ ကျင့်သုံးနေသော ဒီမိုကရေစီကိုလက်မခံဘဲ မြန်မာ့ဟန်၊ မြန်မာ့ဒီမိုကရေစီကိုသာ ကျင့်သုံးမည်ဟု ခေါင်းမာနေသော ထေရဝါဒစွမ်းဆောင်ရှင် ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့ကိုယ်တိုင် ဘုရားထီးတင်သည်မှအစ လမ်းဖောက်၊ တံတားဆောက်တာအဆုံး မဟာယာန၊ တန္တရယာန၊ မန္တရယာန ဂိုဏ်းထောင်ဘိုးတော်များ၏ အမိန့်ပေးမှု နောက်က တကောက်ကောက်လျှောက်လိုက်ရင်း တသဝေမတိမ်း လုပ်ကိုင်နေကြသည်ကိုကြည့်ပြီး မအံ့သြမိသည့်အပြင် ရယ်ချင်စိတ်ကိုပါ ဖိနှိပ်မြိုသိပ်ထားရပြန်၏။
စစ်အုပ်စုကြီး တန်ခိုးအာဏာထွားဖို့ ဘိုးတော်အပါးမှာခစား၊ ထိုဘိုးတော်များ၏ အိမ်မက်နှင့် အခါပေးမှုကြောင့် သမိုင်းဝင် ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုး စေတီတန်ဆောင်းတို့အား ဖျက်သိမ်းကာ အသစ်တည်ဆောက်ကြသည် တဲ့ …။
တွေးသာ ကြည့်ကြစမ်းပါတော့။ ထေရဝါဒနှင့်ဆန့်ကျင်ကာ အယူလွဲနေသော ဘိုးတော်များ၏နှုတ်မိန့်ကို ရှေ့တန်းတင်ကာ ဂေါတမ မြတ်စွာဘုရားရှင်၏ ဓမ္မစေတီ၊ ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဓိဿစေတီတို့ကိုဖျက်ပြီး အသစ်ပြင်ရဲသည့် အတွေးအခေါ် ဟက်တက်ကွဲကြီး နှင့် နအဖပါတကား။
(အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ကုဟသုတ်)
ဗိုလ်ချုပ်ကြီး အေချမ်းသာယာရေးတို့၏ အတုမြင်အတတ်သင်မှုကြောင့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်ဆန်းဟေ့ဆိုလျှင် မိမိအိမ်မှ ဘုရားစင်ကိုမေ့ပြီး အပြေးအလွှား လျှောက်လိုက်ကြသော ဓလေ့၊ မြန်မာနိုင်ငံအတွင်း အတော့်ကို မွေ့လျော်လာကြပြီ ဟု ဆိုရတော့မည်။
မြန်မာနိုင်ငံ၏ အဓိက နိုင်ငံရေး ပြဿနာကြီးအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အမြီးလှည့်ခေါင်းလှည့် လုပ်နေသော နအဖ စစ်အုပ်စုကြောင့် လူမှုဘဝ ဘက်စုံချို့ယွင်းနေကြရသည့် မြန်မာလူထုအတွက် ဒုက္ခအကျပ်အတည်းကြားမှ အလင်းတန်းမျှင်မျှင်ကလေးသည် ဘိုးတော်၊ မယ်တော်၊ နတ်ကတော်နှင့် ပုဂ္ဂိုလ်ထူးများဟု လွဲမှားစွာယုံကြည်ရင်း မျှော်တလင့်လင့် စိတ်မောနေကြတော့၏။
သို့ပေသော်လည်း ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့၏ နှုတ်ဖျားကတော့ဖြင့် ယခုအထိ “ထေရဝါဒ” ဆိုသော စကားလုံးကို ဖောဖောသီသီကြီး အသုံးပြုနေဆဲ။
“ထေရဝါဒဆိုတာ ဘုရားအလိုတော်ကျ တသဝေမတိမ်းလိုက်နာရတဲ့ လမ်းစဉ်ပဲ။ မတော်တရော်တွေ လျှောက်ခေါ်ပြီး အိမ်ပေါ်တင်ကိုးကွယ်ခွင့်ပေးထားတဲ့ လမ်းစဉ်မဟုတ်ဘူး” ဟု မြန်မာနိုင်ငံတွင်းက ဘာသာရေး ဆောင်းပါးရှင်တဦး ရေးသားတင်ပြခဲ့ဖူးသည်။
ဟုတ်ပေ၏။ မှန်ပေ၏။ မြန်မာနိုင်ငံမှာတော့ဖြင့် ဗုဒ္ဓဘာသာဝင်အတော်များများ၏ ဘုရားစင်များပေါ်တွင် မဟာယန၊ တန္တရယာန၊ မန္တရယာန ဝါဒများ၏ အဆောင်လက်ဖွဲ့ နှင့် ရုပ်တုမျိုးစုံတို့ နေရာယူထားကြပြီ ဖြစ်သည်။
အရောင်းရတွင်ကျယ်သော နက္ခတ္တရောင်ခြည်မဂ္ဂဇင်းထဲတွင်လည်း ဗုဒ္ဓမြတ်စွာဘုရားတော်၏ နှုတ်ကပါတ်တော်လာ ပရိတ်ရတနာတော်များကို အပိုင်းပိုင်း ဖြတ်တောက်နေရာချပြီး သိဒ္ဓိအဖုံဖုံ ကုံလုံကြွယ်ဝရေးနည်းသစ်ဟု အမည်တပ်ကာ ရေးသားဖော်ပြဖျက်ဆီးပစ်နေကြပြီဟု ဆိုချင်သည်။
ထို့ပြင်တဝ … ရှိနေကြပါသေး၏။ နအဖ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှ “အလှူဒါန … ပြုကြသူငါ” သတင်းများ။
ဗုဒ္ဓသာသနာတော်ကြီး ထွန်းကားပြန့်ပွားရေးအတွက်(သို့မဟုတ်) ပုဗ္ဗ၊ မုံစ၊ ပရ ဆိုသော စေတနာသုံးတန် ပေါက်ဖွားကာ လှူဒါန်းကြတာမျိုး မဟုတ်။ သွင်းကုန် ထုတ်ကုန်ပါမစ်၊ ဆောက်လုပ်ရေးပါမစ်၊ ကုမ္ပဏီထောင်ခွင့်၊ သစ်ခုတ်ခွင့်များရသဖြင့် သာသနာ့အလှူထဲ ဖိတ်စင်ပေးရခြင်းပင်။
တပုံက ဘုရားလှူ၊ တပုံက နအဖ နှင့် အကျိုးတူ၊ နှစ်ပုံက စီးပွားရေးလုပ်ငန်းရှင်က စားဆိုသည့် “အလှူဒါန၊ ပြုကြ ပါတနာ” ခေတ် ကြီးဖြစ်နေ၏။
ဤမျှလောက်သော အရှုပ်အထွေးတို့၏အကြား၌ ထေရဝါဒ ဗုဒ္ဓဘာသာသည် အနှောင့်အယှက် အခက်အခဲများစွာနှင့် မလွှဲမရှောင်သာ တွေ့ကြုံနေရပေသည်”
အရှင်ပညိန္ဒာဘိဝံသ
(မြန်မာနိုင်ငံ ထေရဝါဒ ဗုဒ္ဓဘာသာစစ်တမ်း)
သပ္ပူရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ …။
ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာနှင့်အဝှမ်း ပျံ့နှံ့အောင်ရွက်ဆောင်မည်ဟု မီးရှူးမီးပန်းဖောက်နေသော ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့ကိုယ်တိုင် မနေ့တနေ့ကမှ ပိတ်ဖြူဝတ်ပြီး လောကီနည်းအစုံစုံနှင့် ဥုံဖွဆရာကို ကိုးကွယ်ဆည်းကပ် အမိန့်ချမှတ်သမျှ အတွေးအခေါ် ဟက်တက်ကွဲကြီးဖြင့် ကျွဲပြဲစီးနေကြသောကြောင့် မကြာမီ ကာလအတွင်း မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ ဝင်အတော်များများ “ထေရဝါဒ ကပြား” များဖြစ်လာကြတော့မည်ဟု စိုးရိမ်နေရပါ ကြောင်း သာသနာအကျိုးမျှော်၍ နှိုးဆော်လိုက်ရပါပေ၏။
အတွဲ ၄၊ အမှတ် ၁၃
၁ အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်
Tuesday, June 1, 2010
သင်ပုန်း နှင့် ဝလုံး
စာသင်ကျောင်းတွေ ပြန်ဖွင့်ပြီမို့ ကလေးတွေ၏ အငိုမျက်လုံးအပြုံးမျက်နှာနှင့် မဲ့သော ရွဲ့သော မျက်နှာများကိုလည်း ပြတင်းပေါက်မှတဆင့် မြင်နေရသည်။ရေခိုးရေငွေ့ပါသည်ဟုထင်ရသော မိုးရှေ့လေက သော့လိုက် နော့လိုက်နှင့် မိုးရိပ်တိမ်စတွေကလည်း ကလေးတွေနှင့်အတူ ကျောင်းတက် ကျောင်းဆင်း လုပ်နေပြန်သည်။
ကောင်းကင်ကြီးဟာ ကျောက်သင်ပုန်းပေါ့
ကြယ်ဝလုံးတွေ ရေးကြမယ် …
ဟိုးအတိတ် ငယ်စဉ်ဘဝထဲမှာပင် ပါးလျပျောက်ကွယ်ခဲ့ပြီဟု သတ်မှတ်ထားခဲ့သော ကဗျာတပိုဒ်က ကျနော့်အကြားအာရုံပေါ် မိုးစက်ကလေးလို ပြုတ်ကျလာသည်။
ဟုတ်ပါရဲ့။ ဆရာကြီးဦးတင်မိုး လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ကျော်က ရေးစပ်ခဲ့သည့် ‘အမေ့ကျောင်း’ ကဗျာ။ သည် ကဗျာထဲမှ အထက်ပါတပိုဒ်ကို ကလေးတွေ ကျောင်းတက်မြင်ကွင်းအား ခံစားနေရင်း ပြန်လည် အမှတ်ရမိခြင်းပင်။
ကောင်းကင်ကြီးဟာ ကျောက်သင်ပုန်းပေါ့
ကြယ်ဝလုံးတွေ ရေးကြမယ် … တဲ့။
မိခင်မေတ္တာနှင့် ရင်သွေးပညာရေးကို လမ်းခင်းပေးသောအချက်က ကဗျာထဲမှပင် ကြွတက်လာတော့သည်။ မူလတန်းကျောင်းသားဖြစ်ဖို့ အသက်မပြည့်သေးပေမင့် အမေ့ကျောင်းကိုတော့ ကျနော်တို့အားလုံး ကောင်းကောင်း တက်ဖူးခဲ့သည်။
တီတီတာတာ၊ မပီကလာ ပီကလာနှင့် စကားပြောတတ်စမှာပင် မိခင်တို့ကား ရင်သွေးပညာရေးကို နိဒါန်းပျိုးပေးကြစမြဲ။ ဆရာကြီး ဦးတင်မိုး၏ အမေ့ကျောင်း ကဗျာထဲကလို အမေ့ရင်ခွင်ကို ထိုင်ခုံလုပ်၊ ငုတ်တုတ်ကလေးထိုင်ရင်း အမေညွှန်ပြသော ကောင်းကင်ကြီးထဲ ဝလုံးကလေးတွေ ဖြန့်ကြဲခဲ့ရ၏။ ထိုအခါ ကြယ်ကလေးတွေ တဖျပ်ဖျပ်က ရင်သွေး ရေးသော ဝလုံးကလေးများဟု ပညတ်ခံရတော့သည်။
သို့နှင့် ဝလုံးကလေးတွေမှ တဆင့်တက်၍ ကကြီး ခကွေးတို့ကို မြေစမ်းခရမ်းပျိုးပြီး မရေးတတ် ရေးတတ် အရွယ်တွင် စာသင်ကျောင်းတွေဆီ သွားရတော့သည်။ တကယ့် ကျောက်သင်ပုန်းအစစ်ပေါ်၌ ဗျည်း၊ သရ၊ အပင့်၊ အရစ်၊ အသတ် တို့အပါအဝင် အက္ခရာစာလုံးပေါင်းများစွာကို ရေးခြစ်တတ်လာတော့၏။
အမေ့ကျောင်းတွင် ကောင်းကင်ကြီးကို ကျောက်သင်ပုန်းလုပ်ကာ ကြယ်ဝလုံး တွေရေးခဲ့ရသောကာလ၊ ထိုမှ စာသင်ကျောင်းခန်းမထဲ ကျောက်သင်ပုန်းအစစ် ပေါ်တွင် အက္ခရာတွေရေးခြစ်ရင်း ကြီးပြင်းခဲ့ရပြီးနောက် သစ်ရွက်တွေကြား တီးတိုးစကားဆိုတတ်သော လေပြေကလေးနောက် စိတ်အတွေးတွေက ဆုန်ပေါက်ချင်သော၊ ပြိုမည့်တိမ်၊ ညိုသည့်မိုးကိုကြည့်ရင်း စိုးထိတ်သလိုလို၊ လွမ်းရိပ်ပြိုမလို ခံစားတတ်လာသော လူပျိုပေါက်အရွယ်တွင် ဝလုံးကလေးတွေ ရေးရပြန်တော့သည်။
ထိုဝလုံးကား တမျက်နှာလောက်သာရှိမည့် နှလုံးသားစာတမ်းကို ပင်ပန်းတကြီး ပြုစုဖို့အတွက် စတင် သင်ကြားလေ့ကျင့်ရသော အချစ်အက္ခရာများ၏အစ သမုဒယ ဝလုံးများပင်။
သည်အရွယ်မှာတော့ ကောင်းကင်ကြီးက ကျောက်သင်ပုန်း မဟုတ်တော့။ ခြင်ထောင်အမိုးကသာ သမုဒယ ဝလုံးတို့ ရေးခြစ်သည့်နေရာ ဖြစ်လာသည်။
အိပ်လို့မရ၊ အတွေးကလည်း ချိုမြမြနှင့် ညကြီးမင်းကြီး ထပြီးထိုင်နေ၊ အိပ်ရာတွေလည်း ကြေမွတွန့်လိပ်၊ သိပ်စိတ် ညစ်တယ် … ဆိုသော ကြည်အေး၏ ကဗျာထဲကလိုပင်။
အိပ်ရာထဲ ပက်လက်လှဲနေသော်လည်း မျက်လုံးအကြည့်က ခြင်ထောင်အမိုး ပေါ်တွင် သမုဒယ ဝလုံးတွေကို တန်းစီပြီး ရေးချနေရသည့် ကာလ။
ဆိုပါတော့။ အဲသည့်နောက် …
အနာဂတ် အိမ်ထောင်ရေးအတွက် နှစ်ဦးနှစ်ဖက်တို့ ယုံကြည်မှု တည်ဆောက်သည့် အဆင့်ကိုကျော်လွန်ပြီး ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ်လာကြတော့သည်။
သည်မှာလည်း ဝလုံးတွေက ရေးကြရပြန်၏။ တလုံးတည်း မဟုတ်။ တရွယ်တည်း မဟုတ်။ အရွယ်မျိုးစုံနှင့် ရေးရသည်။ နေရာကလည်း တနေရာတည်း မဟုတ်ပြန်။ ကျောက်သင်ပုန်းတွေက များသထက် များလာသည်။
မီးဖိုချောင်၊ ကလေးစရိတ်၊ သာရေး နာရေး၊ ကျန်းမာရေး၊ အရံအတား … စသဖြင့် သင်ပုန်းတခုပြည့်အောင် ဝလုံး တွေမရေးနိုင်မီ နောက် သင်ပုန်းတခုက စာမေးပွဲစစ်တော့မည်။
ဒါသည်ပင် … လူသားဖြစ်တော့၏။
အသက်ရှိယုံမျှမက လူသားဟု ပညတ်ခြင်းခံထားရသောကြောင့် အသိရှိအောင်လည်း ကြိုးစားရပြန်သည်။ ပင်ကိုယ်အသိကို ထက်မြလာစေရန် သင်ကြားရသည်။ တွေးခေါ်ရသည်။ ပတ်ဝန်းကျင်ဗေဒကိုလည်း နားစွင့်ရသည်။ မျက်စေ့ ဖွင့်ထားရသည်။
နောက်ဆုံး ဇရာပိုင်းသို့ရောက်လာသည့်အခါ ဝိပဿနာဥာဏ်နှင့် မိမိရုပ်ကို မှန်မှန်ရှုမြင်နိုင်ဖို့ လောကုတ္တရာ ဝလုံးတွေ ရေးရပြန်သေး၏။ သည်မှာတော့ မိမိစိတ်က ကျောက်သင်ပုန်းဖြစ်သွားပြီး စေတသိက်တွေကို လောကုတ္တရာ ဝလုံးနှင့် ထိန်းချုပ်ရသည်ဟု ဆိုပါတော့။
ဟင်း …
အမှုအမှတ်မဲ့ လွတ်ကျသွားသော သက်ပြင်းသံကိုကြားမှ ကျနော့်ကိုယ် ကျနော် ပြန်လည်သတိရမိတော့သည်။ ဟုတ်ပါရဲ့။
စာသင်ကျောင်းဆီသွားသော ကလေးတွေကိုကြည့်ရင်း ဆရာကြီး ဦးတင်မိုး၏ အမေ့ကျောင်းကဗျာကို သတိရမိရာမှ တသီတတန်းကြီး တွေးဆမိနေသော ကျနော်။
သို့သော်လည်း ကိုယ့်အဖြစ်ကိုယ် ရယ်ချင်စိတ်တော့ သိပ်မရှိလှ။ ကျနော်က သမုဒယ ဝလုံးတွေကို ခြင်ထောင် အမိုးပေါ်မှာ ရေးလိုက်ဖျက်လိုက်နှင့် ခုထိ အိမ်ထောင်ရေး ဇာတ်လိုက်မဖြစ်သေးသော … လူပျိုကြီး … ။ ။
Thursday, March 25, 2010
စာစိတ်ပေစိတ်အစ တက္ကသိုလ်ဘုန်းနိုင်က (မောင်တောက်)
စတုတ္ထတန်း စာမေးပွဲကြီးကား ပြီးဆုံးသွားခဲ့ပေပြီ။ ကျနော့်မှာတော့ မွေးစားဖခင်၏ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော ဆေးရုံလိုတိုက်ကြီးထဲတွင် ကိုယ့်ကံဇာတာနှင့်ကိုယ် အထီးကျန်ဆန်နေရသည်။စည်းကမ်းကြီးလွန်းသော မွေးစားဖခင်အရာရှိကြောင့် တိုက်ပေါ်မှ လမ်းမပေါ်သို့ပင် ဆင်းမဆော့ရ။ ရုပ်မြင်သံကြားခေတ်ကလည်း မထွန်းကားသေး။ ဆေးရောင်စုံ လူပဒေသာများ၊ မော်တော်ကားများ၊ ဈေးသည်များ၊ ယဉ်ထိန်းရဲ၊ ရိုးရိုးရဲ၊ ကျနော်တို့ရိပ်သာမှ အရွယ်တူများ၏ လမ်းမပေါ် ဘောလုံးပွဲ။
အပေါ်ထပ်ဝရံတာမှ လှမ်းမြင်နေရသော ရန်ကုန်မြို့လယ်ရှုခင်းများကို ငေးမောရင်း နွေရာသီ ကျောင်းပိတ်ရက်၏ နာရီလက်တံတွေကို စိတ်အတွေးဖြင့် တဖြည်းဖြည်းချင်း လှည့်ပစ်နေရသည်။
ကြာတော့ ဝရံတာသို့ပင် မထွက်ချင်ဖြစ်လာ၏။ မြို့ပြမြင်ကွင်းတို့ကလည်း အမြင်အာရုံကို ပြောင်းလဲလှုပ်ခတ်လာအောင် မဆွဲဆောင်နိုင်ကြတော့။ ရိုးအီသွားသည်ဟုပဲ ဆိုရတော့မည်။
သလိုနှင့် ပြင်ပမြင်ကွင်းတို့ကိုကျောခိုင်းပြီး အိမ်တွင်းမှာပင် နွေရာသီကျောင်းပိတ်ရက်တို့ကို အကုန်မြန်စေမည့် တစုံတရာကို ရှာဖွေမိပေပြီ။ ကစားစရာတွေရှိသော်လည်း တဦးတည်းမို့ မထိမကိုင်ချင်ပြန်။ မွေးစားဖခင်က ရုံးသွားပြီး အမဖြစ်သူကလည်း ရုံးဝန်ထမ်းဖြစ်စ၊ မိခင်ကတော့ တရားစာအုပ်နှင့် လောကကြီးကို ဖုန်သုတ်နေတတ်၏။
ဘာရယ်မသိ။ တအိမ်လုံးရှိ အခန်းများသို့ အဝင်အထွက်ပြုရင်း မည်သည့်အရာကို ရှာဖွေနေမှန်းမသိ ရှာဖွေနေမိသည်။ ခြေလှမ်းတွေရပ်တန့်သွားတော့ အမဖြစ်သူ၏ စာအုပ်စင်ရှေ့။ အစီအစဉ် မကျတကျ ထပ်ထားသော စာအုပ်များဆီ အကြည့်ရောက်ပြီးနောက် လက်ကလည်း ကောက်ကိုင်လိုက်မိသည်။
‘ကမ္ဘာကုန်ကျယ်သရွေ့ဝယ်’
တက္ကသိုလ်ဘုန်းနိုင်၏ ထိုစာအုပ်ကြီးက ထူလွန်းလှသော်လည်း ကျနော်ပြန်မချဖြစ်တော့။ စာဖတ်မြန်သော ကိုယ့်အကြောင်းကို ကိုယ်တိုင်သဘောပေါက်ထားသည်မို့ ဧည့်ခန်းထဲထိုင်ကာ မနားတမ်း ဖတ်ရှုမိတော့သည်။
စတုတ္ထတန်း ကျောင်းသားအရွယ်မို့ အချစ်အကြောင်းတွေ စာလုံးမပေါင်းတတ်သေး။
သို့သော် တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်လမ်း၊ ဇာတ်ကွက်၊ စကားလုံးများနှင့် ဇာတ်ဆောင်တို့၏ စရိုက်လက္ခဏာတို့ကို နုနုငယ်ငယ်အရွယ်နှင့် ငြိတွယ်သွားတော့သည်။ ထို့နောက်ပိုင်း တက္ကသိုလ်ဘုန်းနိုင် အသည်းစွဲ ကျနော့်အမစာအုပ်စင်ပေါ်မှ ‘နွေကန္တာဦး’၊ ‘ညီမလေးရယ် စိုးရိမ်မိတယ်’၊ ‘မုန်းရစ်လေဦး’၊ ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်’ စသဖြင့် တအုပ်ပြီးတအုပ် ဖတ်နေမိတော့သည်။
ဆိုပါတော့။ နွေရာသီကျောင်းပိတ်ရက် တောက်လျှောက် မိမိအိမ်ထဲမှာပင် တက္ကသိုလ်ဘုန်းနိုင်၏ ဖန်တီးမှုအနုပညာ အကျယ်ချုပ်မိနေရသော ကျနော်။
စာပေနယ်ထဲသို့ ကဗျာတပုဒ်ဖြင့် စတင်ဝင်ရောက်ခဲ့ပြီး စာနယ်ဇင်းလောကထဲမှာပင် ကိုယ့်ကိုယ်ကို ပုံအပ်ထားလိုက်တော့သည်။ သည့်နောက် ၁၉၉၃ ခုနှစ်တွင် ‘ရင်ခုန်ပွင့်’ မဂ္ဂဇင်းကို အမည်မခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခွင့်ရခဲ့သည်။ မဂ္ဂဇင်းထုတ်ဝေသည့် စာပေတိုက်အမည်က …
‘အားမာန်သစ် စာပေ’
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ကို အားမာန်သစ်စာပေတိုက်သို့ ရောက်လာမှ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ ကျနော်လည်း အတိတ်ကို သတိရကာ ကျနော်၏ စာစိတ်ပေစိတ်အစကို စိတ်အတွေးဖြင့် ပြန်လည် တူးဆွမိတော့၏။
ဟုတ်ပါရဲ့။ စတုတ္ထတန်း ကျောင်းသားဘဝ၊ တက္ကသိုလ်ဘုန်းနိုင် လုံးချင်းဝတ္ထုများ၊ နွေရာသီကျောင်းပိတ်ရက်။ ဇာတ်လမ်း၊ ဇာတ်ကွက်၊ စကားလုံး၊ ဇာတ်ကောင်စရိုက်များ၊ သည့်နောက် စိတ်ပညာရှုထောင့်။
၁၉၅၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရရှိခဲ့ပြီး၊ ၁၉၅၉-၆၁ တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကိုလံဘီယာ တက္ကသိုလ် ဘွဲ့လွန်မဟာဌာနမှ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ဆရာကြီးသည် ရေးသမျှ တွေးသမျှ အနုပညာလက်ရာမှန်သမျှထဲ စိတ်ပညာရှုထောင့် အမြင်ကလေးတွဲပြီး ဖော်ကျူးတတ်သည်။
မှတ်မိသေး၏။ ၁၉၉၃ ခုနှစ်၊ တနင်္ဂနွေတရက်။ အားမာန်သစ်စာပေတိုက်ပိုင်ရှင် ခွန်ဂျာမှိုင်းနှင့် ကျနော် နံနက်စောစောထကာ သန်လျင်သို့ သွားခဲ့ဖူးသည်။ ခရီး၏ဦးတည်ရာကား ဓမ္မရောင်ခြည်ကျောင်းလမ်းထဲက ဆရာကြီး၏အိမ်။ နံနက်စောစောသွား၍ နေ့လည်တွင် ရန်ကုန်ဘက်ပြန်ကူးမည်ဟု ကျနော်တို့နှစ်ဦး၏ သဘောတူဆုံးဖြတ်ထားချက်ကား ဆရာကြီးနှင့်တွေ့တော့ အရည်ပျော်ကျသွားရသည်။
ခေါမ၊ ရောမနှင့် ဂရိ အတွေးအခေါ်များ၊ စိတ်ပညာရှုထောင့်အမြင်များနှင့် ကမ္ဘာ့စာပေ၊ မြန်မာ့စာပေအကြောင်း မပင်မပန်းပြောပြနေသည့် ဆရာကြီး၏ တန်ဖိုးရှိသောစကားလုံးများထဲတွင် ကျနော်နှင့် ခွန်ဂျာမှိုင်းတို့ ဝမ်းမြောက်ဝမ်းသာ ပျော်ဝင်သွားကြခြင်းပင်။ ထိုစဉ်က သန်လျင်မြစ်ကူးတံတားကြီး မပြီးသေးသဖြင့် နောက်ဆုံးကူးတို့သင်္ဘော ထွက်ချိန်နီးမှ ရန်ကုန်ဘက်သို့ ကမန်းကတန်း ပြန်ခဲ့ကြရသည်။
“ကဗျာဆန်တာနဲ့ ကဗျာမှုပြုတာ ခွဲကြည့်ရအောင်။ ကဗျာဆန်တယ်ဆိုတာက လှပတဲ့စကားလုံးလေးတွေကို ပုလဲတလုံး ရွဲတလုံးစီပြီး သီချင်းအဖြစ် ဆိုလိုက်တယ်။ အသက်မပါဘူး။ ကဗျာမှုပြုတယ်ဆိုတာက စကားလုံးတွေက လှရုံတင်မကဘူး။ အဲဒီ စကားလုံးလေးတွေ သွားနုတ်လို့မရဘူး။ အပိုတိုးလို့လည်း မရဘူး။ သူတို့သာလျှင် ဒီဟာကို ပြောနိုင်တယ်။ တခြားစကားလုံးတွေက မပြောနိုင်ဘူး”
ဂီတကို ကဗျာမှုပြုခြင်းနှင့်ပတ်သက်၍ စာနယ်ဇင်းဆရာ ဝင်းငြိမ်းနှင့်တွေ့ဆုံခန်းတွင် ဆရာကြီးပြောပြခဲ့ဖူးသော စကားလုံးများဖြစ်၏။ စကားပြောလျှင် မိမိလည်း စိတ်ပါလက်ပါ၊ တခြားသူတွေလည်း စိတ်ဝင်တစားရှိအောင် ပြောတတ်သူပင်။ ပြီးတော့ ဆရာကြီးပြောသမျှ အပိုအလိုမရှိ အားလုံးပကတိ တန်ဖိုးရှိသော အကြောင်းအရာနှင့် စကားလုံးများသာ ဖြစ်နေပြန်သည်။
ခုတော့ ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့၊ နံနက် ၇ နာရီခန့်က သန်လျင်မြို့ ဓမ္မရောင်ခြည်ကျောင်းလမ်း အိမ်အမှတ် ၃၆ နေအိမ်မှာပင် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ကွယ်လွန်သွားခဲ့လေပြီ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုကြီးပေါ်ပေါက်နေချိန် တက္ကသိုလ်ဓမ္မာရုံတွင် ဒီမိုကရေစီရေး ဟောပြောခဲ့သဖြင့် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့ရသော ဦးခင်မောင်တင့် သို့မဟုတ် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် (၁၉၃ဝ-၂ဝဝ၂) … …
အပြင်ဘက်မှာတော့ မိုးရေစက်တွေက လေးလေးတွဲ့တွဲ့ ပေါက်ကျနေ၏။ ဆရာကြီးရေးသားခဲ့သော ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်’ ဝတ္ထုထဲမှ စွယ်တော်ရွက်ကလေးများကတော့ မိုးရေစက်နှင့် လေတိုးသံများကြား ဘယ်ညာရမ်းရင်း “တက္ကသိုလ်ဘုန်းနိုင် မသေဘူး” ဟု ငြင်းဆန်နေကြရော့မည်။
ကျနော့်မှာတော့ စာစိတ်ပေစိတ်အစ တက္ကသိုလ်ဘုန်းနိုင်က ဟု ကျနော့်ငယ်ဘဝကိုတမ်းတပြီး ဆရာကြီး၏ ကျေးဇူးတရားတို့ကို ဂါရဝပြုမိနေတော့သည်။
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်
ကောင်းရာသုဂတိလားပါစေ။
အတွဲ ၆၊ အမှတ် ၂
မေလ ၁၆ ရက်၊ ၂ဝဝ၂ ခုနှစ်
Thursday, January 7, 2010
အနုပညာ၊ လွတ်လပ်ခွင့်၊ သမိုင်း၏ အဆုံးအမ
ဂျစ်ကားကို နင်းခုံကလေးပေါ်ရုံ အနီးကပ်ရိုက်ပြထား၏။ ထို့နောက် ဖျာစုတ်ပေါ် နင်းလျှောက်လာသော သရုပ်ဆောင် စမ်းစမ်းအေး၏ ခြေထောက်များ … ဟော … ဆေးလိပ်တိုကလေးများကို ခြေဖြင့်တိုက်ကာ ဂျစ်ကားနင်းခုံပေါ် တက်လိုက်၏။ ကားထွက်သွားပြီ။‘ခြေဖဝါးတော်နုနု’ ဇာတ်ကားထဲက သရုပ်ဆောင် စမ်းစမ်းအေးတယောက် သဘင်လောကမှ ရုပ်ရှင်ဘက် ကူးတော့မည့်ပြကွက်ကို အထက်ဖော်ပြပါ သင်္ကေတကလေးများဖြင့် ၂ မိနစ်ခန့် ရိုက်ပြသွားခြင်းဖြစ်သည်။
ထိုခေတ်က စက်မှုပိုင်းဆိုင်ရာတွင် အလွန်ခေတ်နောက်ကျသည့် ပစ္စည်းများဖြင့် ရုပ်ရှင်အနုပညာကို ဖန်တီးနေကြရသော အချိန်။ သို့သော်လည်း စိတ်ကူးစိတ်သန်း အနုပညာကိုယ်ခံအားနှင့် ရသဖန်တီးမှု လက်ရာတို့ကား သာလွန်ကောင်းမွန်နေသည်ချည်း ဖြစ်သည်။
စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်ဆိုသော အနုပညာကား စိတ်ကူးစိတ်သန်းကို ချဲ့ထွင်နိုင်သမျှ ချဲ့ထွင်ရသော ကိစ္စပင်။ သို့ ချဲ့ထွင်ရာတွင် ဗဟိဒ္ဓ အမြင်အတွေ့ကို အဇ္ဈတ္တတွင် ကူးစက်ခံစားပြီး တုံ့ပြန်မွေးဖွားရသည်လည်း ပါသည်။
လူတွေကို ခံစားရသည်။ အဖြစ်အပျက်များကို မှတ်သားရသည်။ အပြောင်းအလဲများကို မျက်ချည်မပြတ်ဘဲ လူ့လောက၏ ရသအစုံကို ဒဿနဖြင့် ခြုံငုံသုံးသပ် ဖန်တီးတတ်ရသည်လည်း ရှိသည်။
ထိုသို့တွေးခေါ်သုံးသပ် ဆုံးဖြတ်ဖန်တီးရာ၌ လွတ်လပ်မှုရှိဖို့သည် ပဓာနကျလှပေသည်။ အနုပညာဆိုသည်ကား လွတ်လပ်မှုကြောင့်ပင် ရှင်သန်တိုးတက်နေသောအရာ ဖြစ်ပေတော့၏။
တလောက … တေးဂီတရုပ်မြင်သံကြား (စီဒီ)ဓာတ်ပြားတခွေကို မိတ်ဆွေတဦးအိမ်တွင် ကြုံကြိုက်ခိုက် ထိုင်ကြည့်မိသည်။ ခင်မောင်တိုး၏ သီချင်းများကို သရုပ်ဆောင်တို့၏ လှုပ်ရှားမှုများဖြင့် တင်ဆက်ထား၏။
စက်မှုပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ တိုးတက်ခေတ်မီလာသော ဒီဘက်ခေတ်တွင် တေးဂီတရုပ်မြင်သံကြား (MTV) ဓာတ်ပြားတွေ အတော့်ကို ခေတ်စားလာသည်။ စီဒီဓာတ်ပြားတွေနှင့် တချပ်ပြီးတချပ် တဖျပ်ဖျပ် ရိုက်ကူးဖြန့်ချိနေကြ၏။ သို့သော် …
အထူးသတိထားမိသည်မှာ အနုပညာ ကိုယ်ခံအားနည်းပါးသော (MTV) ရိုက်သူများ၏ လက်ရာပင်။
စိတ်ကူးစိတ်သန်းတွေက မလတ်ဆတ်သဖြင့် ရိုက်ချက်တွေကလည်း ချာတာတာ။ သရုပ်ဆောင်တွေကလည်း ပျာယာယာနှင့် ဖြစ်နေသည်။
ဥပမာ… အဆိုတော် ခင်မောင်တိုး၏ မဟာဆန်သူသီချင်းထဲမှ “အနောက်ဘက်မျက်နှာ ကျားကွက် ရွှေ့လိုက်တယ်ပေါ့” ဆိုသော စာသားနေရာတွင် တကယ့်ပကတိ ဘုရားစူးပါရစေဆိုရမည့် ကျားကွက်အစစ်ပေါ်မှ ကျားကိုရွှေ့ပြသည့် ရိုက်ချက် ထည့်သွင်းထားသည်။
အလွန့်ကိုပင် တိကျသေချာလှသော သရုပ်ဖော်မှုပါတည်း။
သို့သော်လည်း ပြောစရာ၊ ဆိုစရာတွေကတော့ ရှိသည်။ အခြားမဟုတ်။ လွတ်လပ်မှုပင်။
လက်ရှိ စစ်ခေါင်းဆောင်များ၊ အာဏာသိမ်း၍ အုပ်ချုပ်နေသော မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်း၊ စာနယ်ဇင်းနှင့် အနုပညာလွတ်လပ်ခွင့် ဆိတ်သုဉ်းသောနိုင်ငံအဖြစ် သတင်းကြီးနေသည် မဟုတ်လော။
ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် အနုပညာကိုယ်ခံအားနည်းသူများ၊ အနုပညာကိုယ်ခံအား လုံးပါးပါးရသူများ နှင့် အနုပညာကို ခုတုံးလုပ် ကိုယ်ကျိုးရှာသူများ ပေါ်ပေါက်လာရခြင်း ဖြစ်ပေတော့၏။
အနုပညာကိုယ်ခံအားနည်းသူတို့ကား တပွဲတိုး၊ ဆူလွယ်နပ်လွယ် ဖန်တီးမှုများမှတဆင့် ပရိတ်သတ်၏ လျစ်လျူရှုခြင်းကိုခံရကာ အနုပညာကပင် ထိုသူတို့ကို မောင်းထုတ်ပစ်မည်ဖြစ်သည်။
အနုပညာ ကိုယ်ခံအားလုံးပါးပါးရသူတို့ကား မိမိ၏အဖြစ်သနစ်ကို ခေတ်၏အခြေအနေနှင့် ဆန်းစစ်ဝေဖန်နိုင်ပါက နိုင်ငံရေးစနစ်သစ် ရောက်လာလျှင် မော်ကွန်းတင် ကမ္ဗည်းထိုးနိုင်သော၊ မှတ်ကျောက်တင်နိုင်သော အနုပညာလက်ရာများကို ပြန်လည်ဖန်တီးနိုင်ကြမည်ဖြစ်သည်။
အနုပညာကို ခုတုံးလုပ် ကိုယ်ကျိုးစီးပွားရှာသူတို့က အနုပညာနှင့် ပရိသတ်၏ ဒဏ်ခတ်ခြင်းကိုခံရမည်သာမက သမိုင်း၏ အဆုံးအမကိုပါ ခံကြရဦးမည်ဖြစ်သည်။
ရေးနေရင်း … တလောက နအဖ အကယ်ဒမီဆုတွေ အများကြီးရသွားသည့် မင်းသားကို သတိရမိသည်။ အနှီ မင်းသား ရိုက်ကူးသမျှ အင်္ဂလိပ်နယ်ချဲ့နှင့် ဖက်ဆစ်တော်လှန်ရေးဇာတ်လမ်းတွေသာ များလွန်းသောကြောင့် “သီဟတင်စိုးကတော့ ခုထိ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တိုက်တုန်းပဲ” ဟု နာမည်ကြီးသူပင်။
ထိုနာမည်ကြီး သီဟတင်စိုးဆိုသူ မင်းသားက ဖိနှိပ်အုပ်ချုပ်သော စစ်ခေါင်းဆောင်များအလိုကျ ‘ငရဲသား’ အမည်ရှိ ဇာတ်လမ်းကိုရိုက်ကူးကာ ‘နအဖ အကယ်ဒမီဆု’တွေ ယူသွား၏။
ထိုသို့ အကယ်ဒမီဆု ၂ ဆုကို တဦးတည်း တနှစ်တည်းရသွားသဖြင့် သူ့အစား ကျနော် ဂုဏ်မယူပါ။ အဘယ်ကြောင့်ဆိုသော် ဖိနှိပ်အုပ်ချုပ်သူများ၏ အလိုကျ သူ့ကိုယ်ကျိုးအတွက် အနုပညာကိုခုတုံးလုပ်ခဲ့သဖြင့် သမိုင်း၏ အဆုံးအမကို အနှီမင်းသားတယောက်ခံရတော့မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။
သမိုင်းကား ရပ်တန့်မနေ။ အစဉ်ပြောင်းလဲနေသည် မဟုတ်လော။
အတွဲ ၆၊ အမှတ် ၁
မေလ ၁ ရက်၊ ၂၀၀၂ ခုနှစ်
Wednesday, December 2, 2009
မေတ္တာ တပဲ၊ စစ်ပွဲ တရာ (မောင်တောက်)
သလိုနှင့် ဝေဟင်မှ လေယာဉ်တို့ဖြင့် ဗုံးကြဲ၏။ ဝန်းရံထားသော စစ်သင်္ဘောများပေါ်မှ အဝေးထိန်းကိရိယာများဖြင့် ဒုံးကျည်တွေကို ပတ်မှတ်အသီးသီးသို့ တရကြမ်း မောင်းလွှတ်သည်။ သည့်နောက် မြေပြင်တိုက်ပွဲ ဆင်နွှဲကြပြန်၏။ယခုနောက်ဆုံး အာဖဂန်နစ္စတန်နိုင်ငံ၊ ကန်ဒါဟာမြို့အနီးရှိ တိုရာဘိုရာ လှိုဏ်ဂူများအတွင်း တိုက်ခိုက်ဖြိုခွင်းမှု မျိုးစုံဖြင့် အိုစမာဘင်လာဒင်နှင့် အယ်လ်ကေးဒါး အဖွဲ့သားတွေကို ရှာဖွေနေကြပြန်သည်။
သလိုအချိန်၌ …
“ကျနော့်စိတ်က ရေဝေးပန်းနှယ် … အမေနဲ့ ရွာကို လွမ်း … တယ် …” ဆိုသည့် သီချင်းတစက လွင့်ပျံ့လာလေ၏။
အာဖဂန်နစ္စတန်နိုင်ငံထဲမှတော့ မဟုတ်ပါ။
ထိုင်း-မြန်မာ နှစ်နိုင်ငံအကြားရှိ နယ်စပ်မြို့ကလေး … အတိအကျဆိုရလျှင် ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သော မဲဆောက်အတွင်းရှိ ကာရာအိုကေခန်းမထဲမှ လွင့်ပျံ့လာသော အဆိုတော် ဟင်္သာတထွန်းရင်၏ ‘အမေနဲ့ ရွာကို လွမ်းတယ်’ သီချင်း …။
သို့ပေမင့် …
ဟင်္သာတထွန်းရင်ကိုယ်တိုင် သီဆိုနေခြင်းတော့ မဟုတ်ပါ ။
ကမ္ဘာဦးကတည်းမှ ယနေ့ထိ ပြုပြင်ပြောင်းလဲနိုင်ခြင်းမရှိသေးသော ရေကြည်ရာ မျက်နုရာ ရှာဖွေနေထိုင်ရသည့်စနစ်ထဲမှ ဇာတ်ကောင်များ သို့တည်းမဟုတ် ပြည်သူလူထု၏ လိုအပ်ချက်ထက် အာဏာရှင်၏ လိုအပ်ချက်ကိုသာ ပြည်သူလူထုက ဖြည့်ဆည်းပေးနေရသောနိုင်ငံမှ … တဖန် အတိအကျဆိုလျှင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတို့၏ ရင်ဖွင့်သံ …။
လွတ်လပ်ပွင့်လင်းမှုကင်းမဲ့သော နိုင်ငံရေးစနစ်နှင့် အာဏာရှင်တို့၏ဖိနှိပ်မှုကြား လူမှုဘဝ အသက်ရှုသံတို့ မွန်းကျပ်ပိတ်လှောင်နေသဖြင့် ရေခြားမြေခြား အရပ်ဒေသကို ရွှေ့ပြောင်းလာကြရသည်။
ဆိုသဖြင့်လည်း …
အသက်ရှုသံတို့ ပေါ့ပါးသွားကြသည်တော့မဟုတ် ငွေကြေးတန်ဖိုး ထက်ဝက်မက ကွာခြားလွန်းသော အချက်ကလေး တချက်ကြောင့် တပါးနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများ၊ နှိမ်ချမှုများ၊ အလုပ်ရှင်၊ အာဏာပိုင်နှင့် ဒေသခံတို့၏ မျက်နှာကိုကြည့်ပြီး အညီးအငြူတွေနှင့် အခက်အခဲများကို ကျော်ဖြတ်နေကြရသည်သာ။

“ကျနော့်စိတ်က ရေဝေးပန်းနှယ် … အမေနဲ့ ရွာကို လွမ်း … တယ် …”
သီချင်းသံက လွင့်ပျံ့လာပြန်သည်။ သည်တကြိမ်မှာတော့ စိတ်ခံစားမှုမျိုးစုံကို ရုပ်ပုံကားချပ်များအဖြစ် ပြောင်းလဲပြစ်နိုင်သော ဂီတကို တွေ့မြင်လိုက်ရ၏။
ဒေါသနှင့် နာကျည်းမှုများ၊ ကြပ်ခဲစေးပျစ်နေသော စိတ်သောကများ၊ မျက်ရည်စက်များ၊ လှိုက်ဖိုနေသော ရင်အစုံနှင့် တုန်ရင်နေသော နှုတ်ခမ်းများကို လိုအပ်သည့်ဆန္ဒများအတိုင်း ငြိမ်းအေးမှုဆီ တာဝန်ယူ ပို့ဆောင်ပေးနေသော ဂီတ၏ကျေးဇူးကား ကြီးမားလှပါပေ၏။
နည်းပညာခေတ်၏လက်ဆောင် ကာရာအိုကေဆိုသော တကိုယ်တော် အိမ်မက်စတူဒီယိုခန်းမကလေး၏ အရေးပါ အရာရောက်မှုသည်လည်း မြို့ပြသာမက၊ ကျေးလက်နှင့် စက်ရုံရပ်ကွက်များအတွင်း သတင်းကြီးလှ ပေသည်။
မွန်းကြပ်မှုတို့ကြားမှ အလွန်ဆုံး ၈ မိနစ်ခန့် ပြေးထွက်လိုက်ဖို့ ဝေဒနာအစိုင်အခဲကို ထုခွဲသွန်ချပစ်ဖို့ လတ်လတ်လောလော ခံစားချက်တို့အား မချဲ့မထွင် အတိုဆုံးပြောပြနိုင်ဖို့ မကျေနပ်ချက်တို့ကို နူးနူးညံ့ညံ့ စောဒကတက်ပြနိုင်ဖို့ ဇာတိမြေနှင့် မွေးမေမေကို ရေခြားမြေခြားမှ အလွမ်းချွေဖို့ တကိုယ်တော်အိမ်မက် စတူဒီယိုခန်းမလေးက လိုသမျှ ဖြည့်ဆည်းပေးနေသည်။ ကိုယ့်ကိစ္စနှင့် စည်းချက်မှန်သော ဂီတသံဖွဲ့စည်းမှု စကားလုံး အဖွဲ့အနွဲ့တွေထဲ လွပ်လပ်စွာ ပျော်ဝင်ခြင်းလေ။ လှလိုက်ပါဘိ။
မလှသည်က အမိန့်အာဏာသံများ၊ ယမ်းဘီလူးတို့၏ အော်ဟစ်သံများ၊ စကားလုံးခပ်ကြမ်းကြမ်းတွေ တတွတ်တွတ် ပြောဆိုနေသော လက်နက်ငယ်များသာ ဖြစ်သည်။
မလှသည်က အိုး ပျောက်၊ အိမ် ပျောက်၊ စာသင်ကျောင်း ပျောက်၊ အမေ ပျောက်၊ အဖေ ပျောက်၊ ရင်သွေး ပျောက်၊ ခြေတဖက်၊ မျက်လုံးတလုံး၊ လက်တဖက်၊ နောက်ဆုံး အပြစ်မဲ့အသက်ပေါင်းများစွာတို့၏ အနိဌာရုံ မြင်ကွင်းများ ဖြစ်သည်။
မလှသည်က ရေခြားမြေခြားတွင် ကိုယ့်အသွေးအသားကို ဈေးကစားရင်း၊ သက်ပြင်းအထပ်ထပ်ကြား ကျွံကျနေရသူများ လုပ်အားခနှင့် အလုပ်ချိန် မမျှတမှုကြား အသက်ရှုမှားနေသည့် နှောင်ကြိုးမလွတ် အလုပ်သမားများ ဖြစ်သည်။
့ဖြစ်ခဲ့ရပုံက …
ဉာဏ်နီဉာဏ်နက်များသော အကြမ်းဖက်သမားတို့၏ လျှပ်တပြက်လုပ်ရပ်ကြောင့် ဒီမိုကရေစီ၊ ငွေကြေး၊ နိုင်ငံတကာ ချုပ်ကိုင်သူများနှင့် လူတွင်ကျယ် စကားလုံးတို့ ခေတ္တမျှ မှင်သက်တွေဝေသွားကြသည်။
တကယ့်ကို ခေတ္တမျှပါပဲ။
သည့်နောက်တော့ … အိုစမာဘင်လာဒင်၏နာမည်ကို တကြော်ကြော်ဟစ်ခေါ်ရင်း လေယာဉ်ပေါ်မှ ခုန်ဆင်းသွားကြသော ဗုံးများ၊ ကျည်ဆံများ …။
ခရီးသည်တင်လေကြောင်းလိုင်းတို့၏ အန္တရာယ်ကို ကာကွယ်ရေးအတွက် ပညာရှင်တို့ခေါင်းကုတ်နေချိန် စက္ကန့်၊ မိနစ်အတွင်း ရန်သူကိုရှာဖွေနိုင်သော ပစ်မှတ်ဆီသို့ အပူလှိုင်း၊ အအေးလှိုင်းများဖြင့်ရှာဖွေနိုင်သော လက်နက်နှင့် ဗုံးကြဲ တိုက်လေယာဉ်တွေ ထပ်မံထုပ်လုပ်ရန် စတင်ကြတော့သည်။ သဲကန္တာရထဲက ရန်သူဆိုလျှင် အပူလှိုင်း၊ အအေးလှိုင်းသာမက ဖုန်လှိုင်းတွေဖြင့် ရှာဖွေသတ်ဖြတ်နိုင်သော ကိရိယာတွေ ပေါ်လာနိုင်သေး၏။
ဟော … လေယာဉ်တွေ တက်လာပြန်ပြီ။ ဝမ်းဗိုက်အောက်မှ ခုန်ပျံထွက်လာသော အရာများကို မော့မကြည့်အား၊ ကံကောင်းလျှင် ရိက္ခာထုပ် ဖြစ်မည်။ ကံမကောင်းလျှင်တော့ သံချောင်းပင် အရည်ပျော်သွားနိုင်သော ယမ်းထုပ်များ ဖြစ်နေတတ်၏။
နည်းပညာခေတ်၏ လက်ဆောင်ဖြစ်သော ကာရာအိုကေစက်ကြောင့် ရေခြားမြေခြားရောက် မြန်မာအလုပ်သမားတို့ ရင်ဖွင့်သံသည် စည်းချက်မှန်မှန် တွန်းကန်ပျံသန်းနေသည်။
သလိုပင် …
နည်းပညာခေတ်၏ လက်ဆောင်ဖြစ်သော ကလပ်စကာဗုံးကြောင့် အပြစ်မဲ့ အာဖဂန်ပြည်သူတို့ ရင်ကွဲပက်လက်ဖြစ်ရပြန်၏။ တကယ်ဆိုလျှင် ရိက္ခာထုပ်များအား လေယာဉ်ဝမ်းဗိုက်ဖွင့်ပြီး ရိုးစင်းစွာ လွှတ်ချနိုင်သည့် လေယာဉ်ထက်၊ နှစ်ဖက်တိုက်ခိုက်မှုကြားမှ လွတ်ကင်းသော ဗုံးခိုကျင်းများထဲအရောက် ရှာဖွေလွှတ်ချနိုင်သော အဆင့်မြင့်ရေဒါ တပ်ဆင်ထားသည့် လေယာဉ်မျိုး တီထွင်သင့်သည်။
ခုတော့ဖြင့် နည်းပညာခေတ်ကြီးက ‘မေတ္တာတပဲ စစ်ပွဲတရာ’ ဇာတ်လမ်းကို ရုံတင်နေပြန်တော့သည်။ ။
အတွဲ ၅ အမှတ် ၁
ဇန်နဝါရီ ၁ ရက်၊ ၂ဝဝ၂ ခုနှစ်
်
Friday, October 2, 2009
ထက်ထက်မိုးဦးကတော့ ထက်ထက်မိုးဦးပါပဲ
မြန်မာ့ရုပ်မြင်သံကြား ဖန်သားပြင်ကြီးအစား ကျနော်က မနေနိုင်မထိုင်နိုင် ငြီးငွေ့နေမိသည်။
ကြည့်ဦးတော့။ များလိုက်သည့် ကြော်ငြာတွေ …။ ရုပ်ရှင်ပြနေရင်းလည်း ကြော်ငြာတွေက ချီတက်လာကြပြန်၏။ နိုင်ငံတကာသတင်း ကြေညာ နေစဉ် ကြော်ငြာတွေက ဝင်ရောက်ထိုးစစ်ဆင်ကြသည်။ တဖန် ကုန်ပစ္စည်းများအား နားလှည့် ပါးရိုက်ပြီးကြော်ငြာသော ဆိုကြမယ် ပျော်ကြမယ်က … တင်ဆက်နေစဉ် ကြော်ငြာတွေက ဝင်ရောက် သိမ်းပိုက်လိုက်သေးသည်။
ကြော်ငြာတွေထဲမှာပင် ထပ်မံကြော်ငြာနေသော ကြော်ငြာများလေသည့် မြန်မာ့ရုပ်မြင်သံကြား ဖန်သားပြင်ကြီးပေတကား။
တခုတော့ ရှိပေ၏။ နအဖ၏ သတင်းများ ထုတ်လွှင့်ကြေညာနေစဉ် မှာတော့ အဆိုပါ ကြော်ငြာများ ဝင်ရောက်မလာကြပေ။ “တော်ပါသေးရဲ့”ဟု စိတ်ထဲမှာပင် ချီးကျူးမိရင်း မိတ်ဆွေတဦးအား ထိုအကြောင်း ထုတ်ဖော်ပြောဆိုမိရာ …
“ဟာ … ဘယ်လိုလုပ်ပြီး ကြော်ငြာဝင်လို့ရမလဲဗျ … နအဖရဲ့ သတင်းတွေကလည်း ကြော်ငြာတွေပဲလေ … စဉ်းစားကြည့်ပါလား … မယောင်ရာဆီလူး ခြေဦးတည့်ရာလျှောက်သွား လက်ပြနှုတ်ဆက် ပြုံးပြုံးကြီးနဲ့ လက်အုပ်အချီခံပြီး မာန်တက် နေတဲ့သတင်းတွေပဲ … တိုင်းပြည်ရဲ့လတ်တလောပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကြိုးစားနေတာမှ မဟုတ်တာ …”
ကျနော့်မိတ်ဆွေကား နှစ်ပေါင်းများစွာ မွန်းကြပ်ပြည့်သိပ်နေသော စကား လုံးတို့ကို သွန်ချသွား၏။ မောပြီး ကျန်ရစ်ခဲ့ရသူကတော့ ကျနော် …။
“အဲ … နအဖထဲမှာ အကြော်ငြာရဆုံးပုဂ္ဂိုလ်ကတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ပဲ ကိုယ့်လူ …”
မိတ်ဆွေဖြစ်သူ၏ စကားအဆုံး ‘ဟက်’ခနဲ ရယ်လိုက်မိ၏။ မိတ်ဆွေ ကတော့ ပြောပြောဆိုဆိုနှင့် အဝေးကြီးရောက်သွားပေပြီ။
ဟုတ်တော့လည်း ဟုတ်ပါပေ၏။ မြန်မာ့ရုပ်မြင်သံကြားဖန်သားပြင် ပေါ်တွင် ကြော်ငြာတွေများလှသော်လည်း ကြော်ငြာနေသူက တယောက်တည်းဟုပင် ပြောရတော့မည်။ သိကြသည့်အတိုင်း ‘ထက်ထက်မိုးဦး’ ပင် မဟုတ်လော။
သွေးဆေးခွက်ကလေး မ လာတော့လည်း သူမ။ လက်ဖက်ထုပ်ကလေး ဆွဲလာတော့လည်း ထက်ထက်။ ဆပ်ပြာမှုန့်တွေ ရေနှင့်ဖျော်နေတော့ လည်း ထက်ထက်ကလေးရယ်တဲ့မှ မိုးဦး … ။ ဟော … တကိုယ်လုံး ရွှေတွေအပြည့်နှင့် ဘဏ်ထဲကို ဝင်သွားပြီး နောက်ကြော်ငြာကျတော့ မောရိယမန်းဆေး ရောင်းနေပြန်၏။
ကိုယ်ကလေးတခါခါ ခေါင်းကလေး တညိမ့်ညိမ့် တင်ကလေးကလည်း တလှုပ်လှုပ် …။
နောက်တော့ အမူအယာတွေ ထပ်လာလို့လား မသိ။ ပြုံးပြ၏။ မဲ့ပြ၏။ နှာခေါင်းရှုံ့ပြ၏။ နောက်ဆုံးတော့ ဟာသလူ ရွှင်တော်တွေနှင့် ပြက်လုံးထုတ်လာတော့သည်။
စိတ်ကူးစိတ်သန်းပါးလျသော မြန်မာ့ရုပ်မြင်သံကြား ကြော်ငြာများ အကြောင်း စားလုံးပေါင်းရလျှင် ပြီးတော့မည်မဟုတ်တော့။ သည်လိုနှင့် ကုန်ပစ္စည်းကြော်ငြာနေသည်လား။ လူကြော်ငြာလား မသိ ဖြစ်လာတော့သည်။ သို့သော်လည်း ထက်ထက်ကတော့ ထက်ပြီးရင်း ထက် … မိုး ပြီးရင်း ဦး နေဆဲ …။
‘တော်ပြီ’ ဟု စိတ်ထဲမှာပင်ဆုံးဖြတ်ရင်း ရုပ်မြင်သံကြားကိုပိတ်လိုက်ကာ လုပ်စရာရှိတာလေးတွေ လုပ်နေလိုက်၏။
ပြန်ဖွင့်မိတော့ သတင်းကြေညာနေပြီ။
ဖန်သားပြင်တခုလုံး ယူနီဖောင်းအပြည့် ဝတ်ထားသလား ထင်ရသည်။ သို့နှင့် တခြားအစီအစဉ်တွေဘက် ပြောင်းကြည့်လိုက်သည်။
“ဟေ့ကောင် တီဗီ ဖွင့်လေကွာ …”
အသံကြောင့် လှည့်ကြည့်လိုက်တော့ ကျနော့်မိတ်ဆွေ။ သူ့စကားကို နားမလည်သဖြင့် ငေးကြည့်နေမိစဉ် …
“မြန်မာလိုင်း ဖွင့်ဖို့ပြောနေတာကွ … နအဖဗိုလ်ချုပ်တွေ ပြုတ်ကုန်ပြီ … ဝင်းမြင့်၊ တင်လှ၊ မောင်မောင်ခင်၊ တင်ထွန်း …
“ဗိုလ်ချုပ် ခင်ညွန့်ရော …”
သူ့စကားမဆုံးခင် ဖြတ်မေးလိုက်၏။
“ဟာ … ဟိုလူတွေကို ဖြုတ်လိုက်တာ သူကွ …”
‘အော် … ဗိုလ်ချုပ်တွေ ဘယ်လောက်ပြုတ်ပြုတ် အတွင်းရေးမှူး(၁) က ဆက်လက်ပြီး တစ် နေပါလား’ ဟု တွေးရင်း မြန်မာလိုင်းကိုပြောင်းကြည့် လိုက်၏။
သတင်းကပြီးသွားသဖြင့် ကြော်ငြာဝင်နေပေပြီ။ မည်သူကြော်ငြာနေသလဲ ဟုတော့ မမေးကြနှင့်။
ထက်ထက်မိုးဦးကတော့ ထက်ထက်မိုးဦးပဲပေါ့။
ရေစီးသံဂျာနယ်
အတွဲ ၄၊ အမှတ် ၁၆
၁၆ရက် နိုဝင်ဘာလ ၂ဝဝ၁ ခုနှစ်








