Sunday, February 9, 2014

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဆက်ရှိနေမယ် ... (ကိုညို)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နေထိုင်ကြီးပြင်းခဲ့သည့် အဆိုတော်မွန်းအောင်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ ၁၉၈၄ ခုနှစ်က ၈/၈၂ အင်းလျား ကိုယ်ပိုင်သံစဉ်တေးသီချင်းစီးရီးနှင့် လူသိထင်ရှားပြီးနောက်ပိုင်း မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့နှင့် မိုးလုံးမှိုင်း၊ စိဉ္ဇမာဏဉာဏ်၊ လွမ်းရတဲ့ညတွေလွန်ပါစေ စသည့်ကိုယ်ပိုင်သံစဉ် တေးအယ်လ်ဘမ်များ ထုတ်ဝေခဲ့သည်။ 

အဆိုတော်မွန်းအောင် နာမည်ကြီးအောင်မြင်နေဆဲကာလ ၁၉၈၈ စက်တင်ဘာအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်ခဲ့သည်။ ABSDF ကျောင်းသား တပ်မတော်တွင် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၅ ခုနှစ်တွင် ငြိမ်းချမ်းရေးတိုက်ပွဲ တော်လှန်ရေးတေးသီချင်းများကို ထုတ်ဝေဖြန့်ချိခဲ့သည်။ ပြည်ပတွင် သီးသန့်တစ်ကိုယ်တော် တေးသီချင်းခွေနှစ်ခွေ ထုတ်ဝေခဲ့ပြီး တော်လှန်ရေးတေးသီချင်း အများအပြား ရေးသားသီဆိုခဲ့သည်။ 

လွန်ခဲ့သည့်ဒီဇင်ဘာ ခရစ္စမတ်ရာသီတွင် အဆိုတော်မွန်းအောင်နှင့် မိသားစုသည် တရုတ်ပြည်ကိုဖြတ်ကျော်ပြီး ကချင်ပြည်နယ်၊ လိုင်ဇာနှင့် မိုင်ဂျာယန်သို့ သွားရောက်လည်ပတ်ခဲ့သည်။ ခရီးစဉ်အတွင်း ကချင်ဒုက္ခသည်စခန်းများနှင့် ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်များ၊ ကေအိုင်အေ ရဲဘော်များ အပါအဝင် ကေအိုင်အေ အကြီးအကဲ ဗိုလ်ချုပ် ဂွန်မော်နှင့်လည်း တွေ့ဆုံခဲ့သည်။ မကြာသေးမီ သီတင်းပတ်က နော်ဝေးနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ ကိုမွန်းအောင်ကိုတွေ့ဆုံပြီး ၎င်း၏ ကချင်ပြည်နယ် နယ်စပ်ဒေသခရီးစဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်များကို တင်ပြလိုက်ပါသည်။ 


မေး - ပထမဆုံး အစ်ကို့ရဲ့ခရီးစဉ်လေး ဖြစ်ပေါ်လာတာကို ပြောပြပါဦး။ 

ဖြေ - ဒီခရီးဟာ ကျွန်တော့်အတွက် ပထမဆုံးမြန်မာပြည်ခရီးလည်းဖြစ်ပါတယ်။ တရုတ်ပြည်ကနေ ဒီဇင်ဘာ ၂၁ ရက်ကစလို့ နယ်စပ်ရွာလေးတွေဖြတ်ပြီး မိုင်ဂျာယန်နယ်စပ်လမ်းကနေ ကချင်ပြည်နယ်ထဲ ဝင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅၊ ၁၆ နှစ်လောက်က မိုင်ဂျာယန်ဟာ အိမ်ခြေစုနည်းနည်းနဲ့ ရွာသာသာလေးပါပဲ။ အခုတော့ မြို့လေးအသွင်ဖြစ်နေပြီ။ ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ အဆောက်အအုံတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေနဲ့။ ဒီခရီးကို မနှစ်တုန်းက စစ်တွေဖြစ်ပြီး လေယာဉ်နဲ့ ဗုံးကြဲခံရကတည်းက သွားချင်နေတာပါ။ ဒီနှစ် ၂၀၁၃ မှာတော့ အချိန်ယူပြင်ဆင် ပိုက်ဆံစုပြီး ခရစ္စမတ်အချိန်မှာ မိသားစုတွေလို နွေးနွေးထွေးထွေး ဆုံစည်းနိုင်ဖို့ မိသားစု (ဇနီး၊ သမီး)နဲ့အတူ သွားခဲ့တာပါ။ နယ်စပ်က ဒုက္ခသည်တွေနဲ့ တွေ့ချင်လို့ ကိုယ့်မိသားစုဆီတောင်မသွားဘဲ မိုင်ဂျာယန်နဲ့ လိုင်ဇာမြို့ကိုရောက်အောင် သွားခဲ့တာပါ။ ဒုက္ခသည်တွေနဲ့ ကေအိုင်အေ ရဲဘော်တွေ၊ မြောက်ပိုင်းအေဘီအက်စ်ဒီအက်ဖ် ရဲဘော်တွေကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်။ ကျွန်တော်ဟာ သူတို့နဲ့အတူတူရှိနေတယ်ဆိုတာကို သွားရောက်ဖော်ပြခဲ့တာပါ။ 

မေး - ဒုက္ခသည်စခန်း ဘယ်နှခုရောက်ခဲ့လဲ။ 

ဖြေ - မိုင်ဂျာယန်အနားကပ်နေတဲ့ စခန်းနှစ်ခုကို ရောက်တယ်။ အဲဒီမှာ ကုလသမဂ္ဂနဲ့ ပြည်မက အထောက်အပံ့တွေ မရောက်တဲ့နေရာပါ။ နှစ်နိုင်ငံနယ်စပ်အကြား တောင်ကုန်းတောင်ပြန့်လေးက နေရာခပ်ကျဉ်းကျဉ်းမှာ စခန်းချထားတာပါ။ တချို့စခန်းတွေက အမိုးအကာတောင် မရှိသေးဘူး။ ထပ်ပြေးလာတဲ့ ဒုက္ခသည်တွေပေါ့။ မိုင်ဂျာယန်ဒုက္ခသည်တွေကို ကချင်ဘုရားကျောင်းတွေ၊ အပျော်တမ်းလူမှုဝန်ထမ်းအဖွဲ့တွေဖြစ်တဲ့ ကချင်လူငယ်အစုတွေနဲ့ ကေအိုင်အိုအဖွဲ့က ကူညီထားတယ်။ ဒါပေမယ့် ယာယီစခန်းမှာနေရတဲ့ ဒုက္ခသည်ဘဝဆိုတာ ဘယ်လောက်ပဲ အကူအညီရနေပါစေ နေဖို့ကောင်းတဲ့အရပ်တော့ မဟုတ်ပါဘူး။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေဘဝဟာ စိုးရိမ်စရာကောင်းပါတယ်။ 

အထူးသဖြင့် သက်ကြီးရွယ်အိုတွေဟာ သူတို့ရဲ့နောက်ဆုံးကာလတွေမှာ ဒုက္ခသည်စခန်းထဲ ထိုင်ပြီးနေကြတာကို မြင်ရတာ စိတ်မကောင်းစရာပါ။ ပြီးတော့ ကလေးတွေအခြေအနေကြည့်လိုက်ရင် ပညာရေးအထောက်အပံ့ ဘာမှမရှိဘူး။ ကလေးသဘာဝအတိုင်း စခန်းမှာတွေ့တဲ့ အုတ်ခဲတွေ၊ ဖိနပ်တွေ၊ ကားတာယာတွေနဲ့ ဆော့ကစားနေကြတယ်။ ဖိနပ်မပါ၊ အဝတ်အထည်၊ အနွေးထည် မလုံလောက်ဘူး။ နှပ်တွဲလောင်းတွေနဲ့ ဆော့ကစားနေကြတာ မြင်ခဲ့ရတယ်။ ကလေးမွေးကင်းစကနေ အသက်အရွယ်အစုံပဲရှိကြတယ်။ 

ကျန်းမာရေးကိုတော့ ကေအိုင်အေစခန်းက ဆေးမှူးတချို့ရှိတော့ တော်တန်ရုံဖျားနေရင် စောင့်ရှောက်ပေးတယ်။ ဒုက္ခသည်စခန်းထဲမှာတော့ ဘာမှမရှိဘူး။ အမိုးအကာပေါက်ပြဲပြီး လေမလုံ၊ မိုးမလုံ ဝါးတဲတန်းလျားမှာ အခန်းကန့်ထားကြတာ။ စခန်းတစ်ခုမှာ လူဦးရေ ၈၀၀၊ ၁၀၀၀ ကျော်ဝန်းကျင်ရှိတယ်။ ကလေးတွေက ၂၀၀ လောက်ရှိတယ်။ မိဘမဲ့ကလေးတွေရော၊ ကေအိုင်အေ တပ်သားတွေရဲ့ ကလေးတွေရော စုပေါင်းပြီးအတူနေကြတယ်။ ကလေးတွေက ပေါင်းအိုးကြီးတွေနဲ့ ကိုယ့်ဘာသာ ထမင်းချက်တယ်။ လူကြီးတွေက ဟင်းချက်ပေးတယ်။ သူတို့ဟာ မိဘအုပ်ထိန်းမှုနဲ့အတူနေတာ မဟုတ်ဘူး။ လိုင်ဇာမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက အခြေခိုင်နေပြီ။ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ ရွာကြီးတစ်ရွာလိုဖြစ်နေပြီ။ 

မိုင်ဂျာယန်မှာက ဒုက္ခသည်အသစ်တွေအတွက် နေဖို့အိမ်အမိုးအကာတောင် မရှိသေးဘူး။ ရာသီဥတုကလည်း အတော်လေးအေးတယ်။ သွားရေးလာရေးလည်း ခက်တယ်။ တချို့နေရာတွေ ကားမောင်းမရလို့ ဆိုင်ကယ်နဲ့သွားရတယ်။ 

မေး - မိုင်ဂျာယန်ကနေ လိုင်ဇာကိုသွားခဲ့တဲ့အခြေအနေနဲ့ အတွေ့အကြုံတွေလည်း ပြောပါဦး။

ဖြေ - မိုင်ဂျာယန်မှာ လေးရက်နေပြီး လိုင်ဇာကိုသွားတယ်။ ABSDF မြောက်ပိုင်းတပ်နဲ့ သွားတွေ့တယ်။ လက်ရှိရဲဘော်တွေဟာ ငယ်သေးတယ်။ အသက် ၂၀ နဲ့ ၂၅ နှစ် ကြားတွေများတယ်။ ကျွန်တော်တို့ ၈၈ တောခိုတုန်းက မမွေးကြသေးတဲ့ မျိုးဆက်သစ်တွေပေါ့။ သူတို့နဲ့အတူ သီချင်းလေး ဘာလေးဆိုတယ်။ အားပေးတယ်။ တကယ်တော့ သူတို့ဟာ စိတ်ပျက်အားလျော့နေတာမျိုးတော့ မဟုတ်ပါဘူး။ အားလုံးကိုကြည့်ရတာ တက်တက်ကြွကြွပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေကြတယ်။ 

မေး - ကေအိုင်အိုခေါင်းဆောင်တွေနဲ့ တွေ့ဖြစ်လား။ 

ဖြေ - ဒီဇင်ဘာ ၂၇ ရက်မှာ ဗိုလ်ချုပ်ဂွန်မော်နဲ့ တွေ့တယ်။ အရင်ကတည်းက ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ။ ကေအိုင်အိုဟာ သူတို့ ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း အဖြေရှိပြီးသားပါ။ လိုချင်တာမရရင် ဘာလုပ်မလဲဆိုတာလည်း စဉ်းစားထားတာရှိပြီးသားပါ။ ဗိုလ်ချုပ်ဂွန်မော်တို့အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အဆင့်တိုင်းကို ပါဝင်ဆောင်ရွက်ခဲ့တယ်။ တိုင်းရင်းသားများနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်နေတယ်။ ကေအိုင်အိုအနေနဲ့ ငြိမ်းချမ်းရေးကို မလိုလားပါဘူးဆိုတာမျိုး အဖြစ်ခံမှာမဟုတ်ဘူး။ 

မေး - ကချင်ပြည်နယ်က စီးပွားရေး၊ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို မြင်ခဲ့လား။ 

ဖြေ - တကယ်တော့ ကချင်ပြည်နယ်ရဲ့ အရေးအရာတစ်ခုလုံးကို ကချင်ပြည်နယ်သားတွေ မဟုတ်တဲ့၊ ကချင်ပြည်တောင် မရောက်ဖူးတဲ့ စစ်ခေါင်းဆောင်တွေက ထိန်းချုပ်ဆုံးဖြတ်နေတာဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်ကတည်းက အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာ။ ဘာတွေများ တိုးတက်ပြောင်းလဲလာလို့လဲ။ ကချင်ရဲ့ သဘာဝအရင်းအမြစ်တွေ၊ တရုတ်ပြည် ထုတ်သွားကြတယ်။ မြစ်ဆုံဆည်စီမံကိန်းစလုပ်တော့ တရုတ်ပြည်ထဲ လမ်းတစ်ခုဖောက်ပြီး မြေကြီးတွေပါ တူးဖော်သယ်သွားတယ်။ အဲဒီမြေမှာ ရွှေတွေပါတယ်လို့ သတင်းရတယ်။ ကချင်ပြည်နယ်အစိုးရဆိုတာလည်း ရုပ်သေး အစိုးရပဲ။ ကချင်ပြည်သူတွေက သူတို့ပြည်နယ်ရဲ့ အရင်းအမြစ်တွေကို မပိုင်ကြဘူး။ မခံစားရဘူး။ ကေအိုင်အိုက နိုင်ငံရေးဖွံ့ဖြိုးမှုကို လိုလားတာဖြစ်တယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဟာ စစ်တပ်ကချုပ်ထားတဲ့ စီးပွားရေးပါပဲ။ 

တကယ်တော့ အပစ်အခတ်ရပ်စဲရေးဆိုတာက အဖြေမဟုတ်ဘူး။ ထိုးစစ်တွေရပ်ထားတာလည်းဖြစ်တယ်။ ဘာကြောင့် စစ်ထိုးနေကြလဲ၊ ပစ်ခတ်နေသလဲဆိုတာကို အဖြေရှာရမှာဖြစ်တယ်။ ကချင်လူထုက ငြိမ်းချမ်းရေးကို အရမ်းလိုချင်တယ်။ ဗိုလ်ချုပ်ဂွန်မော်ပြောပြတာ... သူတို့ ဝိုင်းမော်ကိုသွားတုန်းက လူထုက ဆင့်မခေါ်ဘဲ အိုးစည်ဗုံမောင်းတွေနဲ့ အလံတွေဝှေ့ယမ်းကြိုဆိုကြတယ်။ KIA ငြိမ်းချမ်းရေးအတွက် ကားပါမစ်နဲ့မလဲပါနဲ့လို့ အော်ကြတယ်။ 

မေး - ကချင်နဲ့ဖြစ်နေတဲ့ စစ်ပွဲတွေဟာ ဒီမျိုးဆက်အဆင့်မှာ ပြီးမြောက်နိုင်ပါ့မလား။ 

ဖြေ - ဒီကိစ္စက လက်ခုပ်တီးသလိုပါပဲ။ တစ်ဖက်တည်းတီးလို့ အသံမြည်မှာမဟုတ်ဘူး။ နှစ်ဖက်စလုံးလုပ်မှရမယ့်ကိစ္စပါ။ အမှန်တော့ ကချင်တွေက စစ်မတိုက်ချင်ဘူး။ ကေအိုင်အေတပ်ဖွဲ့တွေဟာ နဂိုကစစ်သားတွေလည်း မဟုတ်ဘူး။ ဥပမာ ဗိုလ်ချုပ်ဂွန်မော်ဆိုတာကလည်း တက္ကသိုလ်ကျောင်းသား၊ ဂီတအနုပညာကို စိတ်ဝင်စားတဲ့လူ၊ အခြေအနေတစ်ခုကြောင့် စစ်ထဲဝင်ပါနေရတာ။ နဂိုကတည်းက စစ်ထဲဝင်ဖို့ စစ်တက္ကသိုလ်တက်ခဲ့သူတွေ မဟုတ်ဘူး။ တော်လှန်ရေးအတွက် စစ်ထဲ ရောက်လာတာ။ ပြီးတော့ ကေအိုင်အိုဟာ စစ်အုပ်စုရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုနည်းနဲ့မှ လက်ခံမှာမဟုတ်ဘူး။ ကချင်မှ မဟုတ်ဘူး။ ဘယ်တိုင်းရင်းသားလူမျိုးမှ လက်ခံမှာမဟုတ်ဘူး။ 

ဘာကြောင့်လဲဆိုတော့ အဲဒီဖွဲ့စည်းပုံထဲမှာ တိုင်းရင်းသားအခွင့်အရေးတွေ မရှိဘူး။ နိုင်ငံသားအခွင့်အရေးတွေကိုလည်း ချုပ်ထားတယ်။ စစ်တပ်ကသာ ချုပ်ကိုင်ထားတဲ့ အခြေခံဥပဒေဖြစ်တယ်။ အခုဟာက အခြေခံဥပဒေပြင်မယ်ဆိုရင်တောင် တပ်မတော်ကို အရင်ဆုံးတိုက်ရမလို ဖြစ်နေတယ်။ ကချင်ပြည်မှာ တိုက်ပွဲဖြစ်သွားလို့ အမြတ်ထွက်သွားတာတစ်ခုကတော့ တစ်ခါမှမကြုံဖူးတဲ့ ကချင်တိုင်းရင်းသားတွေရဲ့ အမျိုးသားရေး သွေးစည်းညီညွတ်မှုကို ရခဲ့တယ်။ နိုင်ငံပေါင်း ၂၆ နိုင်ငံက ကချင်အမျိုးသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ရခဲ့တယ်။ 

မေး - ကိုမွန်းအောင်အတွက် ဒီခရီးစဉ်ကနေ ရလိုက်တဲ့အသိက ဘာလဲ။ 

ဖြေ - ကျွန်တော်တို့ ဆက်တိုက်ရဦးမယ်ဆိုတဲ့အသိပေါ့ဗျာ။ ကျွန်တော်တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ဒီနေ့အထိ စိတ်ဓာတ်နဲ့၊ ယုံကြည်မှုနဲ့ ဆက်တိုက်နေတဲ့သူတွေ ရှိနေကြတယ်။ နောက်တစ်ခုက အသက် ၂၀ ကျော် ၂၅ နှစ်အရွယ် မျိုးဆက်သစ်တွေကို တော်လှန်ရေးတပ်တွေထဲမှာ မြင်ခဲ့ရတယ်။ ဒါဟာ ကောင်းတဲ့အချက်လို့တော့ ကျွန်တော် မပြောချင်ပါဘူး။ 

ဒါပေမယ့် တော်လှန်ရေးအတွက် ခွန်အားအသစ်တွေ တွေ့ရတာပေါ့။ ဒီပွဲကမပြီးသေးဘူး။ ကျွန်တော်တို့တစ်တွေ အသက်ကြီးသွားပေမယ့် ကျွန်တော်တို့နောက်မှာ လိုက်ပါလာတဲ့ မျိုးဆက်သစ်တွေရှိနေတော့ တော်လှန်ရေးဟာ မပြီးသေးဘူးဆိုတာ ပြနေတာပဲ။ သေချာတာက မျိုးဆက်သစ်တွေဟာ နည်းမသွားတဲ့အပြင် ပိုတောင်များလာတယ်။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးလိုချင်တယ်။ ဒါပေမယ့် တရားမျှတစွာနဲ့ ကိုယ်တောင်းတာတွေ မရရင်တော့လည်း ရတဲ့အထိဆက်လုပ်ရမှာပေါ့...။ ။

တွေ့ဆုံမေးမြန်းသူ- ကိုညို (အော်စလို) 

No comments: