Showing posts with label ဂုရု. Show all posts
Showing posts with label ဂုရု. Show all posts

Sunday, November 23, 2008

သစ်ကောင်းအိမ် (သူငယ်ချင်း ဂုရု သို့မဟုတ် နေလ သို့မဟုတ် ...)

သူငယ်ချင်း ‘ဂုရု’ သို့မဟုတ် ‘နေလ’ သို့မဟုတ်
ရာစုနှစ်ကို အားကောင်းမောင်းသန် ဆန်တက်ခဲ့တဲ့ …
အလံတလက်


သစ်ကောင်းအိမ် (ဇော်ကြီး)

သူရဲဘောကြောင်တဲ့ သေခြင်းတရားက
ကောက်မြည်းသွားတာ အခံရခက်ဆုံးပဲ …။

ကောင်းရာသုဂတိဆိုတာ
သူရဲကောင်းဝိညာဉ်တွေနဲ့သာ
ဌာပနာတည်တဲ့ စေတီ …။

ထို့အတူ
သူရဲကောင်းတွေသာ
မြှုပ်နှံရာ ရင်ပြင်နီ
သူငယ်ချင်းရေ … ဂွတ်ဘိုင် ။ ။


ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှ ကူးယူဖော်ပြသည်။


Saturday, November 22, 2008

ချိုစိမ့် (ကျောပေါ်က တောင်ယာများ)

ကျောပေါ်က တောင်ယာများ

ချိုစိမ့်


သစ်ခြောက်ပင်ပျောက်

တတောလုံး မီးခိုးလွှမ်းခဲ့ရ

သူဟာ အမာဆုံး သစ်သား

ပြီးတော့

သူ့ အနှစ်အသားတွေကို

ချစ်လွန်းလို့ ပေးဆပ်နေသူ

သူရင် နဲ့ ထုဆစ်ခဲ့တာ

ဖွေရှာမရနိုင်သေးတဲ့

လူတွေ, ဥစ္စာတွေ ကတော့

အပြိုအပျက်

ဒီလိုပဲ

တိမ်ဝှက် ကစားကြတဲ့အခါ

အံကြိတ် သက်မချ

သင်္ခါရ ဆိုတာလည်း

နေသေးသပပေါ့

မီးရှို့ တောင်ယာတွေ ကျောပေါ်တင်

ယာခင် တခွင် လှည့်ကြည့် ဖို့

ဟိုမှာ ရဲဘော်တွေ စောင့်နေကြလေရဲ့။


ရဲဘော် တိုက်မောင်း၊ ရဲဘော် ထက်မိုး၊ ရဲဘော် ဂုရု နဲ့ အခြား ရဲဘော်များသို့
၂ဝ- ၁၁- ၂ဝဝ၈


ချိုစိမ့် (ကျကျန်ခဲ့တဲ့ အိပ်မက်တွေ)

ကျကျန်ခဲ့တဲ့ အိပ်မက်တွေ

ချိုစိမ့်


အိပ်မက်တွေ
ကျဆုံးရစ်ခဲ့တာ
ဒီလို တိုးရင်း တိုက်ရင်း
ကညင်ဆီတောင် မထွန်းပနိုင်တဲ့
ညနေရိုင်းမှာ
သူ ကဆုန်စိုင်းသွားပြီ ….။

အရစ်ရစ် အပတ်ပတ်
သံယောဇဉ် အထပ်ထပ်တွေကို
ပင်စည်က ရိုက်ချိုးခံလိုက်ရ
ဝါးပိုးမျှစ်နဲ့ ချစ်ခြင်းတွေ ဝဲပျံလာကြ
ခု … ည နှင်းဆီရိုင်းတွေကို လှိုင်းခတ်တယ်။ ။

ချိုစိမ့်
(ရဲဘော် ဂုရု သို့…)
၂၀-၁၁-၂၀၀၈)

ဇော်မင်း (လူ့ဘောင်သစ်) - ဂုရု သို့

ဂုရု သို့ …

ဇော်မင်း (လူ့ဘောင်သစ်)

သူ့ကိုစတွေ့တော့ မျက်မှန်တပ်ထားသူမို့ ဒီလူကတော့ စာဂျပိုးဖြစ်မှာပဲလို့ ထင်မိပါတယ်။ နောက်တော့ ထင်တဲ့ အတိုင်းပါပဲ သူက ကဗျာဆရာဆိုတာ သိရပါတယ်။ ၁၉၉၁ နှစ်ဆန်းပိုင်းမှာ မာနယ်ပလောမှာ စတွေ့ခဲ့ကြပါတယ်။ သူတို့တဖွဲ့လုံးက ဘုရားသုံးဆူဘက်ကနေ ပြောင်းလာကြတာ။ ABSDF လို့ခေါ်တဲ့ ကျောင်းသားတပ်မတော် တပ်ရင်း ၁ဝ၁ တပ်ခွဲ ၂ က။ အားလုံးက သူ့ကို ဂုရုလို့ ခေါ်ကြတော့ အစမှာ နာမည်အရင်းက ဘယ်သင်းမှန်း အမှတ်မထားနိုင်ခဲ့ပါဖူး။ ပွင့်သစ် (ကရိန်ကန်) ဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာတွေ စာတွေရေးမှန်း သိလာခဲ့ပါတယ်။

၁၉၉၁ တနှစ်လုံးနီးပါး ကျနော်တို့အားလုံး ညောင်လေးပင်ခရိုင်မှာ ဒေသခံ ကေအန်ယူတပ်များ၊ ရွာခံပြောာက်ကျားများနဲ့အတူ လှုပ်ရှားခဲ့ကြပါတယ်။ သူနဲ့ကျနော် တူတာတခု ရှိပါတယ်။ ကဗျာနဲ့စာနဲ့ ပတ်သက်လို့ မဟုတ်ပါ။ ဘာလဲဆိုတော့ ချွေးထွက်သန်တာ တူလွန်းလို့ ဘေးလူတွေက စစ်ကြောင်းသွားရင် ရေနှစ်ဗူး ဆောင်ထားပါ့လားလို့ စကြပါတယ်။

နောက်တော့ တပ်ရင်းဖွဲ့စည်းပုံ အသစ်အရ ကျနော်တို့အားလုံး ကျောင်းသားတပ်မတော် တပ်ရင်း ၂၁၂ ရဲ့ အဖွဲ့ဝင် ရဲဘော်များ ဖြစ်လာခဲ့ကြပါတယ်။ ကျနော်တို့တပ်ရင်းမှာ ဂုရုလိုပဲ ကဗျာဆရာ စာရေးဆရာတွေ အတော် လေး ရှိပါတယ်။ ကဗျာဆရာ ယောဟန်အောင်တို့၊ မောင်လွမ်းဏီတို့၊ အောင်နိုင်ဦး (ရုပ်ကြမ်း) ခေါ် အောင်မော်ဦးတို့၊ ထွန်းခင် (သို့) မွှေးကြိုင်တို့၊ ကိုဌေးအောင်တို့ စသဖြင့် ရှိကြပါတယ်။ နောက် အခြားရဲဘော်များလည်း သူတို့ သန်ရာ သန်ရာ ရေးသားကြတာတွေလည်း ရှိပါသေးတယ်။

နောက်ပိုင်းနှစ်များမှာတော့ တာဝန်ကြတဲ့နေရာတွေက ကွဲပြားသွားတဲ့အတွက် ဂုရုနဲ့ နှစ်အတန်ကြာ မတွေ့ဆုံ ဖြစ်ခဲ့ပါ။ နောက်ထပ် ဖွဲစည်းပုံအသစ်အရ ဂုရုဟာ ကျောင်းသားတပ်မတော် တပ်ရင်း ၈ မှာ ကွယ်လွန်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လူချင်းမတွေ့ဖြစ်ပေမယ့် သူရေးတဲ့ ကဗျာတွေ စာတွေကိုတော့ ဖတ်နေရတုန်းပါပဲ။ သူနဲ့ လူချင်းနောက်ဆုံး တွေ့ခဲ့ရတဲ့အချိန်က ၂ဝဝ၆ နိုဝင်ဘာလမှာဖြစ်ပါတယ်။

ဘလော့တွေ ရေးကြသားကြတဲ့ ဒီဖက်နှစ်များမှာတော့ ဂုရုကလည်း ဖိုးဇေဆိုတဲ့ ဘလော့ကို ဖန်တီးထားတဲ့ အတွက် သူ့လက်ရာ ကဗျာများကို မကြာမကြာ ဖတ်ရပါတယ်။

သူဆုံးပြီလို့ ကြားရတော့ စိတ်ထဲမှာ နှမြောမိသလို ဘဝသံသရာ ရထားကြီးလို တယောက်ဆင်း တယောက်တက် ပါလားလို့ ဝမ်းနည်းစိတ်လည်း ဝင်မိပါတယ်။ ဒါ့အပြင် ကျောင်းသားတပ်မတော် တည်ထောင်တာ အနှစ်နှစ်ဆယ် မြောက်တဲ့နှစ်မှာ ဆုံးပါးတာဖြစ်လို့ မှတ်မှတ်ရရ ဖြစ်လေခြင်းလို့ ခံစားချက်ပေါ်မိပါတယ်။ တချိန်တည်းမှာလည်း သည်ခရီးရှည်ကြီးအတွင်း ကျနော်တို့ တပ်ရင်း ၂၁၂ က ကျဆုံးခဲ့တဲ့ လက်တွဲဖော် ရဲဘော်များရဲ့ မျက်နှာတွေလည်း အစီအရီ ပြန်မြင်မိပါသေးတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ထားတဲ့ ဂုရုရဲ့အိမ်သူနဲ့ထပ်တူ ဝမ်းနည်းကြေကွဲ ရပါတယ်။

ကျောင်းသားတပ်မတော် တည်ထောင်တာ အနှစ်နှစ်ဆယ် ပြည့်တဲ့နှစ်မှာ ဂုရုနဲ့တကွ ကျဆုံးသွားခဲ့ကြတဲ့ ကျောင်းသားတပ်မတော်က ရဲဘော်များအတွက် ကျနော်တို့ သူတို့ကို အမြဲသတိရအောက်မေ့နေမယ် ဆိုတာပြော လိုပါတယ်။ ဂုရု အပါအဝင် ကျဆုံးလေပြီးသော ကျောင်းသားတပ်မတော်က ရဲဘော်အာဇာနည်များကို အလေးပြုပါတယ်။

We Will Always Remember You.

ဇော်မင်း (လူ့ဘောင်သစ်)
၂၁ ရက် နိုဝင်ဘာလ ၂ဝဝ၈ ခုနှစ်

(ရွက်မွန်ဘလော့ဂ် မှ ကူးယူဖော်ပြသည်)

ဂုဏ်ပြုလက်ကမ်းစာရွက်



ရဲဘော်ဂုရု၏ ဈာပနအခမ်းအနားတွင် ဝေငှသည့် ဂုဏ်ပြုလက်ကမ်းစာရွက်

ရဲဘော်ဂုရု ရဲ့နာရေးဖိတ်စာ

ရဲဘော်ဂုရုရဲ့ နာရေးဖိတ်ကြားစာ

Thursday, November 20, 2008

လင်းနွေးအိမ် (နေလို လလို ရဲဘော်နေလ)


ဂုရုရေ
အိပ်မက်တွေပိုက်ပြီး လျှောက်ခဲ့ကြတဲ့
တော်လှန်စစ်အနှစ်နှစ်ဆယ် ကာလမှာ
ဌာနတွေ မတူခဲ့ကြပေမယ့်
ဝါဒတွေ တူခဲ့ကြတယ်။

ဂုရုရေ
ဆေးလိပ်တို လက်ကြားညှပ်ပြီး
အဆိပ်ငွေ့တွေရှူရှိုက်ရင်း
အသက်ပြင်းပြင်းရေးခဲ့ကြတဲ့ကဗျာတွေထဲမှာ
ပါဒတွေ တူခဲ့ကြတယ်။

ဂုရုရေ
မဲဆောက်က ဆရာလွမ်းရဲ့ ကဗျာစခန်းမှာ
သူရာနဲ့ ဝရုဏကို ဂုဏ်ပြုကြတုန်းကလဲ
စရဏတွေ တူခဲ့ကြတယ်။

အခုတော့
ရဲဘော်ရေ လို့ အော်ခေါ်လိုက်တဲ့အခါမှာ
ချွန်မြနေတဲ့ကလောင်တချောင်းက
မြင့်ဇေဘလောက်ထဲက ထွက်လာတယ်
အဲဒါ ဂုရု ဖြစ်တယ်
အဲဒါ ပွင့်သစ်(ကရိန်ကန်) ဖြစ်တယ်
အဲဒါ ရဲဘော်မြင့်အောင် ဖြစ်တယ်
အဲဒါ ကိုနေလ ဖြစ်တယ်
အဲဒါ ၈၈ ရဲ့ ရင်သွေးတယောက်ဖြစ်တယ်
အဲဒါ စစ်အုပ်စုနှလုံးသားမှာ စိုက်နင်ခဲ့တဲ့ ကျည်ဆန်တတောင့်ဖြစ်တယ်။

ရဲဘော်ဂုရုရေ
စိတ်ချလက်ချသွားပေတော့
ခင်ဗျားချစ်တဲ့ ရဲဘော်တွေရှိနေသမျှ
ခင်ဗျားပွင့်စေချင်တဲ့ပန်းတွေ ဝေဆာလာလိမ့်မယ်။ ။

(၂ဝဝ၈ နိုဝင်ဘာ ၂ဝ မှာဘဝကူးသွားတဲ့ သူငယ်ချင်းရဲဘော်သို့)




ဝင်းတင့်ထွန်း (အကြွေစောတဲ့ ပွင့်သစ် သို့)


ပန်းကြွေတိုင်း
မုန်တိုင်းကြောင့်ချည်း မဟုတ်ပေမဲ့ -

မုန်တိုင်းအောက်မှာ
ပန်းကြွေတာ
မုန်တိုင်းကိုပါ မြင်ရမယ် …

ပွင့်ဦးတွေ …
ကြွေသွားကြ
ရင်နာခဲ့ရသလို -

ပွင့်သစ်ရေ …
မင်းကြွေ ရ
နှမျော တသ မိပါတယ် ။ ။

(ဝင်းတင့်ထွန်း)
၂၀-၁၁-၂၀၀၈
(၁၉-၁၁-၀၈ နေ့က ဆုံးပါးသွားရရှာတဲ့ ပွင့်သစ်(ကရိန်ကန်) သို့ …)


Wednesday, November 19, 2008

ဝမ်းနည်းမှတ်တမ်း


ဝမ်းနည်းမှတ်တမ်း



အလုပ်က ပြန်ရောက်ရောက်ချင်း ထုံးစံအတိုင်း ကွန်ပြူတာကို ဖွင့်၊ ကိုယ်လုပ်ထားတဲ့ ဘလော့လေးတွေဆီ ဝင်ကြည့်လိုက်စဉ်မှာ မမျှော်လင့်တဲ့ ဝမ်းနည်းမှတ်တမ်းတခုကို တွေ့လိုက်ရလို့ ဘယ်သူများလဲလို့ လင့်ကိုဖွင့်ကြည့်လိုက်တော့ မထင်မှတ်ထားတဲ့သူတဦးပါ။


ဂုရု … တဲ့။ ဘာမှ ဆက်မလုပ်ချင်တော့ဘူး။


ဒါနဲ့ ချက်ချင်း မခင်မင်းဇော်ရဲ့ ဝမ်းနည်းမှတ်တမ်းကူးတင်းရင်း သူရဲ့ဓာတ်ပုံတွေ ပြန်ရှာတော့ ဒီတပုံတွေ့တာနဲ့ တင်လိုက်တယ်။


ကေအန်ယူ တပ်မဟာ ၃ က စခန်းတခုမှာ ရိုက်ထားတဲ့ပုံပါ။ ၁၉၉၀ ပြည့်လွန်နှစ်များကပေါ့။



ဂုရု ကောင်းရာသုဂတိလားပါစေ။