Showing posts with label
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း).
Show all posts
Showing posts with label
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း).
Show all posts
အခန်း - ၁၇
မြေကြီးထဲမှာ
ထိပ်တုံးခတ်ခံထားရတဲ့၊
သစ်စေ့လေးတွေကို
လွတ်လပ်ရေး ကြေညာပေးလိုက်စမ်းပါ
မိုးစက်ကလေးတို့ရယ်။
(ရာဘင်ဒြာ နတ်သ် တဂိုး)
ဦးမျိုးသိန်းသည် ရှေ့နေဖြစ်သည်။ သို့သော် ရိုးရိုးရှေ့နေ မဟုတ်။ မီးခဲနှင့်တူသော ရှေ့နေဖြစ်သည်။ မြွေဟောက်နှင့်တူသော ရှေ့နေဖြစ်သည်။ သူ့ကို သွားထိလျှင် ပူတတ်သည်။ သူ့ကို သွားစလျှင် ပေါက်တတ်သည်။ သူသည် သာမန်အချိန်တွင် အေးဆေးသည်။ ပျော့ညံ့သည်။ သို့သော် သူဆုံးဖြတ်ထားသောကိစ္စတခုတွင် သွားထိမိလျှင် မြွေဟောက်လို အဆိပ်ပြင်းသူပင်ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် စောင့်ကြည့်ခံရသူတယောက် ဖြစ်လာလေသည်။
သူသည် ဥပဒေဘာသာရပ်ကို အထူးပြု သင်ကြားခဲ့ရသော ရှေ့နေကျောင်းသားလည်းမဟုတ်ခဲ့။ သူသည် စင်စစ် စက်မှုတက္ကသိုလ်ကျောင်းသားတယောက်ဖြစ်သည်။ သို့သော် ဖုန်းမော် အရေးအခင်းတွင် ကျောင်းထုတ်ခံခဲ့ရသည်။ ကျောင်းထုတ်ခံခဲ့ရပြီးနောက်တွင်မှ အထက်တန်းရှေ့နေ စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး ရှေ့နေဖြစ်လာခဲ့ခြင်းဖြစ်သည်။
အခန်း - ၁၆
ပြည်သူ့ချွေးနှဲစာ အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစားလုပ်နေသူတွေက
နည်းနည်းနဲ့ ရောင့်ရဲကြပါလို့
ဆုံးမနေပါလားဟေ့။
ဗိုက်အပြည့်စားသောက်နေရတဲ့လူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။
(ဘားတော့ဗရက်၊ စည်းစိမ်ယစ်သူများ)
ရန်ကုန်သည် မြို့တော်အဖြစ်မှ ရာထူးချခံခဲ့ရပြီး ဖြစ်သည်။ သို့သော် စည်ကားမြဲ၊ သိုက်မြိုက်မြဲ။ စီးပွားရေး လုပ်ငန်းတို့၏ ဗဟိုအချက်အချာဖြစ်မြဲ။ အခွင့်လမ်းသစ်၊ စိန်ခေါ်မှုအသစ်တို့ကို ရှာဖွေလိုသူတို့အတွက် အဓိကဆုံချက် ဖြစ်မြဲဖြစ်နေဆဲသာ။
ရန်ကုန်မြို့ပေါ်တွင် အထပ်ပေါင်း ၂၀ ကျော် ၂၅ ထပ်ရှိသော ဆာကူရာ တာဝါလို၊ ထရိတ်ဒါးဟိုတယ်လို အဆင့်မြင့် အဆောက်အဦကြီးတွေ ပေါ်ထွက်ခဲ့ပေပြီ။ သို့သော် ထမင်းတနပ်အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရသောသူတွေမှာလည်း တနေ့တခြား ပိုမိုများပြားလာလေသည်။ လှိုင်သာယာတွင် ထမင်းရည်ကို ပုလင်းနှင့်ထည့်ပြီး ရောင်းချသော ဈေးကွက်အသစ် ပေါ်ထွန်းလာလေသည်။ တနေ့ကို ထမင်းတနပ်သာစားပြီး အသက်ရှင်သန်နေကြသူများ အများအပြား ရှိလာသည်။
အခန်း - ၁၅
တားမြစ်ချုပ်ချယ်သော လုပ်ရပ်တွေကြောင့်သာ လျှို့ဝှက်ဆောင်ရွက်ချက်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဂျယ်လို ဘီယာဖရာ (အမေရိကန် အစိမ်းရောင်ပါတီ ခေါင်းဆောင်တဦး)
မျက်စေ့ရှေ့မှာပင် ကပ်လွတ်သွားသည်ကို ဗိုလ်ကြီးမြင့်ထူး နည်းနည်းမှ မကျေနပ်။ မန္တလေးကတည်းက သူ့ကို ခြေရာခံလိုက်ခဲ့သည်။ ရွှေကိုင်းမျက်မှန်နှင့် ထိုအမျိုးသမီးကြီးသည် ဆန့်ကျင်ဘက် မြေအောက် ကွန်ယက်၏ အရေးအကြီးဆုံးဆက်သားဖြစ်ရမည်ဟု သူ ယုံကြည်ထားသည်။ ထို့ကြောင့်လည်း အင်အား အကုန်သုံးပြီး နေရာအနှံ့ပိုက်စိပ်တိုက် လိုက်ရှာခဲ့သည်။
မန္တလေးဘူတာတွင် သုံးနာရီကျော်သည့်အထိ သူရောက်မလာသောကြောင့် ရထားကိုပင် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲထားခဲ့သည်။ သုံးနာရီခွဲတော့မှ ရထားကို ထွက်ခွင့်ပြုလိုက်သည်။ သို့သော် ပစ်မှတ်သည် ရထားပေါ်တွင် ဘယ်လိုပါသွားမှန်းမသိလိုက်။ ပါဖြစ်အောင် ပါသွားလေသည်။ ရထားပေါ်တွင် ပစ်မှတ်ပါသွားကြောင်း အတိအကျသိလိုက်ရချိန်တွင် သူကိုယ်တိုင် သာစည်ဘူတာအထိ ကားနှင့် ရှေ့ကကြိုစောင့်ပြီး အပီအပြင်စောင့်ဖမ်းဖို့ ကြိုးစားခဲ့ပြန်သည်။ သို့တိုင်အောင် သီသီကလေး ကပ်လွတ်သွားခဲ့ပြန်သည်။ ရထားပေါ်တွင် ပစ်မှတ်နှင့်အတူထိုင်နေခဲ့သော အူကြောင်ကြောင်ဟု သူ သတ်မှတ်ထားခဲ့သည့်ကောင်လေး၏ ပြောစကားကို လွယ်လွယ်နှင့်ယုံလိုက်မိသည်။
အခန်း - ၁၄
ဆွမ်းအုပ်နီနီ အမေရွက်တော့
နက်ဖြန်မနက် ကျောင်းတက်မယ်၊
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်။
မောင်မဆော့ပါ ဘုန်းတော်ကြီးလို
စိတ်ပုတီးနဲ့ နေပါ့မယ်။
လိုက်မယ်၊ လိုက်မယ်။
(မင်းသုဝဏ်၊ ဥပုသ်စောင့်)
ကျောင်းကို မမြင်ရသေးခင် သစ်ပင်ဝါးပင်တို့ကို မြင်ရသည်။ ပိန္နဲပင်နှင့် သရက်ပင်တို့က အများစုဖြစ်သည်။ ခရေပင်ကြီးတပင်နှင့် ညောင်ပင်ကြီးတပင်လည်း ရှိသည်။ ညောင်ပင်ကြီးခွဆုံတွင် နတ်စင်တစင် ရှိသည်။ ခရေပင်ကြီးအောက်တွင် အုတ်ခုံတခုံရှိသည်။ ဥသျှစ်ပင်တပင်လည်း ရှိသည်။ ပြီးတော့ သူ မသိသည့် အပင်တချို့လည်း ရှိသေးသည်။
ကျောင်းဆောင်ကြီးအမိုးစွန်းက ကနုတ်လက်ရာတို့က ဆန်းပြား၊ ကွန့်ညွန့်နေသည်။ အချွန်အတက် အခက်အလက်တို့သည် သူ့နေရာနှင့်သူ တန်ဆာဆင်ထားသောကြောင့် ထီးဟန်နန်းဟန်ဖြင့် ခန့်ညားလှပနေသည်။ ခေါင်မိုးကို ဘုံဆင့်ပြဿဒ်တို့ဖြင့် ဆောက်လုပ်ထားသည်။ ကျောင်းနံရံ ပျဉ်ထောင်သစ်သားတို့မှာ ရေနံချေးဝဝသုတ်ထားသောကြောင့် ညိုမှောင် ရွှန်းစိုနေသည်။ ကျောင်းသည် ခြေတံရှည်ကျောင်းဖြစ်သည်။ ကျောင်းအောက်ထပ်မှာ ဆယ်ပေလောက်မြင့်ပြီး ဆွမ်းစားဆောင်တခုသာ ခေါင်းရင်းခန်း သုံးခန်းတွင် ဖွဲ့ထားသည်။ ကျန်နေရာတို့မှာ မြေပြင်သက်သက်သာဖြစ်သည်။ ကျွန်းတိုင်လုံးကြီးများမှာ ရှားရှားပါးပါး ဧရာမ တိုင်လုံးကြီးများဖြစ်သည်။ လုံးပတ်မှာ လူကြီးလက်နှင့် အနိုင်နိုင် လက်ချင်းဆက်အောင် ဖက်ယူရသည်။ ကျောင်းအပေါ်ထပ်သို့တက်သော လှေကားလက်ရန်းတွင် ကျွန်းသား ပွတ်လုံးတိုင်များစိုက်ထူထားပြီး ပေါ်လစ်ဆီ ပြောင်အောင်သုတ်ထားသည်။
တိုက်အုပ်ဘုန်းတော်ကြီး ဦးကောသလ္လသည် သက်တော် ၆၀ လောက်ရှိပေပြီ။ သို့သော် အရွယ်နှင့်မလိုက်အောင် နုပျိုသွက်လက်နေသည်။
အခန်း - ၁၃
ငါတို့ခေတ်ဟာ
အမှောင်ခေတ်ကြီးပါ
ရိုးရိုးမှန်မှန်ပြောလို့ မဖြစ်ဘူး။
မျက်မှောင်မကြုတ်တတ်တဲ့လူဟာ
ခေတ်ရဲ့ဒုက္ခတွေကို မခံစားတတ်လို့ပဲ။
ရယ်မောနေတဲ့လူဟာလည်း
ကြောက်စရာကောင်းတဲ့
ခေတ်ရေစီးရဲ့ ဝါးမျိုဖို့တက်လာတဲ့အသံကို
မကြားသေးသူသာဖြစ်လိမ့်မယ်။
(ဘားတော့ဗရက်၊ အနာဂတ်အတွက်ကဗျာ)
သာစည်ဘူတာထဲသို့ ရထားဝင်လာချိန်သည် နေဝင်မိုးချုပ်အချိန်ဖြစ်သည်။ များစွာသော မီးရထားသံလမ်းတွေကြားတွင် ဝါကျင့်ကျင့် နီယွန်မီးလုံးကြီးများကို ထွန်းညှိထားလေသည်။ ထိုအရောင်ကို သူ မကြိုက်။ ထိုအရောင်မှာ စိတ်ချောက်ချားချင်စရာဖြစ်သည်။
ဘူတာနားနီးလာသည်နှင့် အသံတွေကလည်း တဝုန်းဝုန်းပြေးလာကြသည်။ ရထားက ဘူတာထဲဝင်ဖို့ ခြေလှမ်းပြင်ရုံသာရှိသေးသည်။ ဆိုက်ဆိုက်မြိုက်မြိုက် မရောက်သေး။ ဈေးသည်တွေ၏ အလုအယက် အော်ဟစ်သံတွေကို ကြားနေရသည်။ ခရီးများများ မထွက်ဖူးသော နီမင်းထွန်းအတွက် မြင်ကွင်းသည် ဆန်းသစ်နေသည်။ ဘူတာထဲတွင် ယူနီဖောင်းဝတ်ထားသော ရဲတွေ အများအပြားရှိနေသည်မှာလည်း သူ့အမြင်မှာ ထူးခြားနေသည်။ မန္တလေးဘူတာထဲမှာပင် ရဲတွေ ဒီလောက်များများ မမြင်ခဲ့ရ။ သာစည်ဘူတာသည် လမ်းဆုံဘူတာကြီးဖြစ်သောကြောင့် အစောင့်အကြပ် ပိုများလေသလားဟု သူ အတွေးပွားမိသည်။
အပိုင်း (၂)
ခရစ်နှစ် ၂၀၀၇ ခုနှစ်။
အခန်း - ၁၂
ငါရပ်ဖို့ တနေရာသာ ပေးစမ်းပါ။
ကမ္ဘာကြီးကို ရွှေ့ပြမယ်။
(အာခိမိဒိ)
ခရစ်နှစ် ၂၀၀၇ ဇွန်လ။
သုံးနာရီ ခွဲတော့မည်။ ညနေ သုံးနာရီထွက်ရမည့်ရထားသည် အခုထက်တိုင် မထွက်သေး။ ဘာကြောင့် မထွက်သေးသည်ကို မသိရ။ ဘယ်သူကမှလည်း အရေးတယူ ကြေညာခြင်းမပြု။ ခရီးသည်တွေကလည်း နောက်ကျနေကျမို့သာ နောက်ကျသည်ဟု မှတ်ယူထားကြလေသလား မသိ။ ဘယ်အာဏာပိုင် ဘယ်တာဝန်ရှိသူကိုမှ သွားရောက်စောဒက တက်သူမရှိကြ။ ဗမာလူမျိုးတို့သည် သည်းခံတတ်လွန်းကြသည်။ မိမိအခွင့်အရေးကို ဆူဆူပူပူလုပ်ပြီး အရေးဆိုတတ်သော အလေ့အထ သိပ်မရှိကြ။
သို့သော် ညည်းတော့ ညည်းညူကြသည်။ မညည်းညူပဲလည်း နေနိုင်စရာမရှိ။ လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မဟုတ်ပါလား။ ဒီလောက်ပြင်းသည့် အပူဒဏ်ကို မညည်းမညူခံနိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ ပါရမီမျိုးနှင့်တော့ လွယ်အံ့မထင်။
သံမဏိဖြင့်ပြုလုပ်ထားသော ရထားတွဲဝါဝါကြီးသည် မီးလို ခြစ်ခြစ်တောက်ပူလောင်သော နေရောင် ကျဲတောက်တောက်အောက်တွင် ကိုယ်လုံးတီး စင်းစင်းကြီး ရပ်နေလေသည်။ သည်ရထားတွဲထဲမှာ နာရီဝက်ကြာအောင် ငုတ်တုတ်ထိုင်စောင့်ဆိုင်းနေရသော ခရီးသည်တို့အဖြစ်မှာ ရေနွေးအိုးထဲ ထည့်ပြုတ်ခံထားရသည့်ပမာ ရှိလေသည်။
အခန်း - ၁၁
တခြားသူတို့၏ လွတ်လပ်ခွင့်ကို ငြင်းပယ်သောသူများသည် သူတို့ကိုယ်တိုင် လွတ်လပ်မှုနှင့် မထိုက်တန်သောသူများ ဖြစ်သည်။
အေဘရာဟင် လင်ကင်း
၁၉၈၈ ခု သြဂုတ်လ။ ဧရာဝတီမြစ်ကမ်းဘေးရှိ နယ်မြို့လေးတမြို့။
စိုးအောင်နှင့် ယဉ်ပါးနေသော လူထုလှုပ်ရှားမှုမှာ သူ့နောက်သို့ လိုက်လာပြန်လေသည်။
သြဂုတ်လ ၈ ရက်နေ့တွင် သူတို့နယ်မြို့ကလေးသည် လှုပ်လှုပ်ရွရွဖြစ်နေသည်။ သို့သော် ဘယ်သူက စမည်ကို မသိသေး။ သူ့အရိပ်အခြေအနေ ကိုယ်ကကြည့်၊ ကိုယ့်အရိပ်အခြေအနေ သူကကြည့်နှင့် သြဂုတ်လ ၈ ရက်နေ့မှာ ဘာမှဖြစ်မလာဘဲ ကုန်လွန်သွားသည်။ သို့သော် မြို့တချို့တွင်မတော့ အရေးအခင်းတွေ စတင်ပေါ်ပေါက်လာပေပြီ။ သည်နယ်မြို့ကလေးတွင် လှုပ်ရှားဆန္ဒပြမှု ဖြစ်မလာသေးသည့်အတွက် သူ အားမလိုအားမရ ဖြစ်နေမိသည်။ ပေါ်လာနိုး၊ ပေါ်လာနိုးနှင့်လည်း ရင်ခုန်လှုပ်ရှားနေမိသည်။ သူကိုယ်တိုင်ပင် အစပျိုးလှုပ်ရှားလိုက်ချင်စိတ်မျိုး ဖြစ်ပေါ်မိသည်။ သို့သော် သည်မြို့မှာ သူသည် သူစိမ်းဖြစ်သည်။ သည်မြို့က ခေါင်းဆောင်တွေကို သူ အကျွမ်းမဝင်။ သည်မြို့က လူထုသဘောကို သူ နားမလည်။ သို့နှင့် အရိပ်အခြေကိုသာ ကြည့်နေရသည်။
တကယ်တန်း စမည့်စတော့ အထက်တန်းကျောင်းသားတွေက စတင်ဖောက်ခွဲလိုက်ကြသည်။ ကျောင်းသား အနည်းငယ် လမ်းပေါ်ထွက် ဆန္ဒပြရာကနေ မြို့နေလူထုအားလုံး နောက်ကနေ စုရုံးလိုက်ပါလာကြလေသည်။ ဘယ်အာဏာပိုင်မှ တားဆီးကန့်ကွက် မလုပ်ရဲကြချေ။
နောက်နေ့တွေတွင် ရွာကလူတွေပါ အိုးစည်ဗုံမောင်းတွေနှင့် မြို့ပေါ်သို့ချီတက်လာကြသည်။
အခန်း - ၁၀
မြင်းခွာတချက်ပေါက်ရင်
ဗမာတပြည်လုံး မီးဟုန်းဟုန်းတောက်စေရမယ်။
ဗကသ ခေါင်းဆောင် ကိုဗဟိန်း
၁၉၈၈ ခု သြဂုတ်လ၊ နိုင်ငံတဝန်း အခြေအနေ။
သြဂုတ်လ ၉ ရက်တွင် တနိုင်ငံလုံးရှိ မြို့ကြီး ၄၀ ကျော်တွင် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သည်။ ထို့နောက် တဖြည်းဖြည်းဖြင့် တိုးပွားလာသည်။
ပဲခူး၊ သနပ္ပင်၊ ရေနံချောင်းတို့တွင် အရေးအခင်းအစပိုင်း၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ချောက်မြို့၊ ဘိတ်မြို့၊ အထက်မင်းလှမြို့တို့တွင်လည်း ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ မော်လမြိုင်မြို့တွင်တော့ သြဂုတ်လ တတိယပတ်လောက်ကျမှ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ သို့သော် ဆုံးရှုံးမှုက ကြီးသည်။ လူအများအပြား သေဆုံးခဲ့သည်။
မန္တလေးတွင်လည်း ဆန္ဒပြပွဲအစောပိုင်း၌ ပစ်ခတ်မှုကြောင့် လူနှစ်ယောက် သေဆုံးခဲ့သည်။ နေရာအနှံ့၊ မြို့အနှံ့တွင် ပစ်ခတ်နှိမ်နင်းခဲ့သော်လည်း ဘယ်နေရာတွင်မှ ပစ်ခတ်ဖြိုခွင်းသောကြောင့် ငြိမ်သက်မသွား။ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့လေသည်။ မန္တလေးတွင်လည်း ဆန္ဒပြပွဲသည် တန့်မသွား။ တန့်မသွားသည့်အပြင် သမဂ္ဂတွေ အစုံအလင် ထွက်ပေါ်လာသည်။
မြင်းလှည်းအစီးပေါင်း တစ်ထောင်ကျော် မောင်းနှင်ဆန္ဒပြသော မြင်းလှည်းသမဂ္ဂ ဆန္ဒပြပွဲမှာ မန္တလေး တမြို့တည်းတွင်သာမြင်ရသည့် မြင်ကွင်းဖြစ်သည်။ မြင်းလှည်းသမဂ္ဂ ဆန္ဒပြပွဲကြီးမှာ လှပင်လှနေသေးတော့သည်။ ရှင်ပြု အလှူပွဲကြီး ကျင်းပနေသလားဟု ထင်မှတ်မှားရသည်။
အခန်း - ၈
အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း၊
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။
(မင်းသုဝဏ်၊ သူ့မှာတမ်း)
စစ်ကိုင်းမြို့ပေါ်မှ လူပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုသို့ ပျောက်ကွယ်သွားကြသူတွေထဲတွင် မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင်ဟောင်း ဇော်မြင့်လည်း ပါသည်။ ထို့အပြင် ပြုံးလဲ့ယဉ်လည်း ပါလေသည်။ ပြုံးလဲ့ယဉ်သည် စစ်ကိုင်းမြို့မှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေသည်။ သူဘယ်ရောက်သွားသည်ကို ဘယ်သူမှ မသိကြတော့။
********
အခန်း - ၉
ညစ်ဆိုးအဖြစ်သနစ်
လှစ်ခါပြရရင်တော့
တစ်ကိုးရှစ်ရှစ် ခေတ်အခါသမယမှာဖြင့်
မေတ္တာအလှတို့ ပျောက်ပျက်မှိန်
အော်.... သစ္စာဓမ္မတို့ ဖောက်ဖျက်ချိန်။
(အသင့်ပြင်ကြလော့၊ ၈ လေးလုံးကာလအတွင်းထွက်ပေါ်ခဲ့သော ကဗျာ။ ရေးသူ - အမည်မသိ)
၁၉၈၈ ဇူလိုင်လ - သြဂုတ်လ၊ ရန်ကုန်။
ဖွဲမီးသည် တငွေ့ငွေ့တောက်လောင်နေသည်။ မီးအများဆုံးနှင့် လောင်စာ အများဆုံးနေရာမှာ ရန်ကုန်ဖြစ်သည်။ ကျောင်းတွေ ပိတ်သွားပြီဖြစ်သောကြောင့် မျိုးသိန်းလည်း အဆောင်မှ ထွက်ပေးလိုက်ရသည်။ သို့သော် သူသည် ရန်ကုန်မှ မထွက်ခွာသေး။ တိုက်ပွဲကို သူ မစွန့်ခွာနိုင်သေး။ တောင်ဥက္ကလာရှိ အဒေါ့်အိမ်တွင် ဆက်လက်တည်းခိုရင်း လှုပ်ရှားမှုအားလုံးနှင့် အဆက်မပြတ် ထိတွေ့နေသည်။
ဇွန်လ မြေနီကုန်းလှုပ်ရှားမှုတွင်လည်း သူ ပါဝင်ခဲ့သေးသည်။ ဇွန်လကုန်ပိုင်းတွင် ပဲခူးမြို့၌ လူထုလှုပ်ရှားမှု ပေါ်ပေါက်လာသောအခါတွင်လည်း သူသွားဖို့ ကြိုးစားလိုက်သေးသည်။ သို့သော် အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သောအခါ သူ မသွားဖြစ်တော့။ ရွှေတိဂုံဘုရားပေါ်က တရားပွဲတွေဆီကိုတော့ သူ မှန်မှန်ရောက်လေသည်။ ကျောင်းသားများသည် ရွှေတိဂုံဘုရားပေါ်တွင် သပိတ်စခန်း ဖွင့်လှစ်လိုက်လေပြီ။
အခန်း - ၇
ကြည်နူးမှုရဲ့ အရိပ်ဝယ်၊
နှစ်သိမ့်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ
အလွမ်းတွေ မပြေပါဘူးကွယ်၊
ကမ်းခြေဇေယျာဦးဝယ်။
(တေးရေး ကိုလှမိုး။ ကမ်းခြေဇေယျာဦး)
၁၉၈၈ ခု သြဂုတ်လဆန်း၊ စစ်ကိုင်းမြို့။
အေးစိမ့်သော ကျောက်စက်ရေတွေ မကြာခင်ကပင် ထည့်ထားခဲ့သည့် ဖလ်ခွက်တခွက်ထဲသို့ ကျိုက်ကျိုက်ဆူ လောင်မြိုက်သော ရေနွေးပူတွေ လောင်းချလိုက်သောအခါ ပို၍ ပြင်းထန်စွာ ပေါက်ကွဲဖို့ ဖြစ်လာလေသည်။ ပြုံးလဲ့ယဉ်၏အဖြစ်မှာ ထိုသို့နှင်နှင်သာတည်း။
********
ထိုနေ့သည် သူ့ဘဝတလျှောက်လုံးတွင် အမျှော်လင့်ကြီး မျှော်လင့်ပြင်ဆင်ခဲ့ရသော နေ့တနေ့ဖြစ်သည်။ သူ့ဘဝ၏ အချိန်တော်တော်များများကို ထိုနေ့အတွက်သာ ရည်စူးပြင်ဆင်ခဲ့လေသည်။ ထိုနေ့ကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ အတွက် ရည်မှန်းကြိုးစားခဲ့လေသည်။ ထိုနေ့သည် ပြုံးလဲ့ယဉ်နှင့် ဇော်မြင့်တို့၏ မင်္ဂလာဦးနေ့ဖြစ်သည်။
အခန်း - ၆
အရိပ်တွေ တရိပ်ရိပ် ဝေးကျန်ရစ်ပေမဲ့
လမင်းကိုယ်နဲ့ အတူပါလာတယ်၊
မေ့မရနိုင်အောင်ပါပဲ။
(စောကွန့်မြူး။ ညအဆန်)
၁၉၈၈ ခု၊ ဇွန်လ
အညာမြို့လေး တမြို့။
သူသည် အထက်မြန်မာပြည် အညာဒေသရှိ မြို့တမြို့တွင် ပုန်းအောင်းနေရသည်။ သူပုန်းအောင်းရာ မြို့ကလေးသည် မန္တလေး၊ စစ်ကိုင်းတို့အောက်ဘက် အရပ်တွင်ရှိသော ဧရာဝတီမြစ်ကမ်းဘေး မြို့ကလေးတမြို့ဖြစ်သည်။ ရဲနှင့်ထောက်လှမ်းရေးတို့သည် ရန်ကုန်တဖက်ကမ်း သံလျင်ရှိ သူ့အိမ်တွင် အခါခါ လာရောက်ရှာဖွေကြသည်။ ကျောင်းတွေပိတ်လိုက်ပြီဖြစ်သောကြောင့် အဆောင်တွင်လည်း ဆက်နေခွင့်မပြုတော့။
အဖေနှင့် အမေက သူ့ကို စိတ်မချနိုင်သောကြောင့် နယ်က အဒေါ့်အိမ် ပို့ထားကြသည်။ စင်စစ် စိုးအောင်ကိုယ်တိုင်ကလည်း နိုင်ငံရေးတွင် ခြေစုံပစ်မြှုပ်နှံလုပ်ကိုင်မည်ဟု ဆုံးဖြတ်ချက်ချမထားသေး။ ထို့ကြောင့် အဖေတို့ အမေတို့ စိတ်ချမ်းသာအောင် ခဏတဖြုတ်နေပေးလိုက်သည်။ ရန်ကုန်တွင်ရှိနေပြီး မတရားမှုတွေကို တခုပြီးတခု တွေ့မြင်နေရလျှင် သူ အေးအေး မနေနိုင်သည်ကိုလည်း သူ့ဖာသာ အသိဆုံးဖြစ်သည်။
အခန်း - ၅
ရဲရင့် ကျောက်ခက်တို့ ပြိုနေဆဲ…
ငါ့အတွက် အဖြေရှာနေတုန်းပေါ့
တချို့တွေ နေနိုင်လွန်းတယ်။
(တေးရေး ကိုနေဝင်း၊ နောက်ဆုံးအိပ်မက်)
သူတို့ရင်ခုန်သံကို သူတို့ပြန်ကြားနေရသည်။ ထိုအချိန်သည် သူတို့ကံကြမ္မာကိုဆုံးဖြတ်မည့် တခဏဖြစ်သည်။ လုံထိန်းတွေ စစ်သားတွေသည် ရေချိုးခန်းကို စေ့စေ့စပ်ရှာဖွေလျှင် သူတို့ကို မိတော့မည်။ အကယ်၍ တံခါးကို ဝတ်ကျေတန်းကျေသာ ဖွင့်ကြည့်ပြီး လှည့်ပြန်သွားလျှင် သူတို့ လွတ်နိုင်သေးသည်။
မျက်နှာချင်းဆိုင်နံရံပေါ်တွင် မှန်ရှိသည်။ မှန်ထဲကနေ လှမ်းကြည့်လျှင် ရေချိုးခန်းဝင်ပေါက်ကို မြင်ရသည်။ ဝင်ပေါက်ကနေ ထိုမှန်ကိုကြည့်လျှင်လည်း သူတို့ကို မြင်ရမည်သာ။ သူတို့ စိတ်မလုံ။ ကိုယ်ကို တတ်နိုင်သမျှ ကျုံ့ထားကြသည်။ မလှုပ်ရဲကြ။ လှုပ်လျှင် မျက်လုံးထောင့်ကမြင်ရစေဦးတော့ သတိပြုမိသွားနိုင်သည်။ သည်တော့ တတ်နိုင်သမျှ ငြိမ်ငြိမ်နေကြရသည်။ အကယ်၍ ဝင်လာသူသည် မှန်ကိုမကြည့်ဘဲ အခန်းထဲကိုသာဝေ့ကြည့်ပြီး လှည့်ပြန်သွားလျှင် သူတို့ကို မြင်မည်မဟုတ်။ သူတို့ လွတ်နိုင်သေးသည်။
ရေချိုးခန်းတံခါးသည် ကျွီခနဲ ပွင့်သွားသည်။ ကျယ်လောင်လှဘိတကား။
အခန်း - ၎
ငါ့သွေးတစက်၊ ငါ့သက်တချောင်း
ငါ့အလောင်းမှ၊ ထောင်သောင်းဆများ၊
သွေးသစ်ပွားသော်၊
ငါကား ဘယ်မှာသေအံ့နည်း။
(မြင်းခြံ လေးမောင်၊ တော်လှန်ရေးသမား)
၁၉၈၈ ခု၊ မတ်လ ၁၇ ရက်
စာကြည့်တိုက်ရှေ့က ကံ့ကော်တောတွင် စိုးအောင် ထိုင်နေသည်။ ကျောင်းသားတွေ စုဝေးမိကြပြန်လေပြီ။ မနေ့က သေပြေးရှင်ပြေး ပြေးခဲ့ရသော ကျောင်းသားတွေသည် သည်နေ့လည်း နောက်မဆုတ်သေး။ အမှန်တရားကို ဖော်ထုတ်မပေးမချင်း နောက်မဆုတ်ဟု မြဲမြဲမြံမြံ သန္နိဌာန်ချ၊ တိုင်ပင်ထားကြသကဲ့သို့ပင်။ မျက်နှာချင်းဆိုင်ရှိ အပန်းဖြေခန်းမ Recreation Centre ၏ အဝင်လမ်းစင်္ကြန်အမိုးကို ဟောပြောပွဲ စင်မြင့်အဖြစ်သူတို့ အသုံးပြုကြသည်။ စင်မြင့်သည် အနေတော်ဖြစ်သည်။ စင်မြင့်ရှေ့ကွက်လပ်ကလည်း အဆင်သင့်ပင်ဖြစ်သည်။
(နောင်တွင် ထိုစင်္ကြန်လမ်းအမိုးကို လူတက်၍ အဆင်မပြေစေရန် သံဆူးချွန်တွေ စိုက်ပစ်လိုက်သည်။ ထို့နောက်တွင်တော့ စင်္ကြန်လမ်းအမိုးအပြားကို လုံးဝ ဖျက်ပစ်ပြီး အမိုးအခုံးအဖြစ် ပြောင်းပစ်လိုက်သည်။)
ဒီနေ့တော့ စိုးအောင်သည် တခြားသူငယ်ချင်းများနှင့် အတူထိုင်နေခြင်းဖြစ်သည်။ သူ့ဘေးတွင် ရူပဗေဒကျောင်းသား မောင်အေး ရှိသည်။ စီးပွားရေးတက္ကသိုလ်ကျောင်းသား ဝင်းစိန်နှင့် လင်းအောင်ရှိသည်။ ဥပဒေကျောင်းသား ဇော်လင်းလည်း ထိုင်နေသည်။
စံရိပ်ငြိမ်ရပ်ကွက်ထဲတွင် ကျောင်းသားတွေ ထမင်းထုပ် အလှူခံကြသည်။ ပြည်သူတွေက အားတက်သရော လှူဒါန်းကြသည်။ စံရိပ်ငြိမ်ရပ်ကွက်ပြည်သူတွေ ကျွေးမွေးသောထမင်းကို ထိုမနက်ခင်းက သူတို့ စားခဲ့ကြသည်။ အလှူခံ၍ရသော ထမင်းထုပ်တွေကို လိုက်ဝေသော ကျောင်းသားတွေထဲတွင် မြန်မာစာကျောင်းသား ညိုထွန်းကိုလည်း တွေ့ရသည်။
အခန်း - ၃
မျက်ရည်စိုစို၊ တက္ကသိုလ်သည်
အငိုဇာတ်လမ်း၊ ရင်နင့်ခန်းကို
ဆင့်ကမ်း ပြောပြပါလိမ့်မည်။
(အနှစ် (မန်းတက္ကသိုလ်)၊ မျက်ရည်စိုစို တက္ကသိုလ်)
၁၉၈၈ ခု၊ မတ်လ ၁၆ ရက်
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့သို့ စိုးအောင်ရောက်သွားချိန်တွင် သူ့မှာ ယောင်တောင်တောင် ဖြစ်နေသည်။ ချိန်းဆိုထားသော ဘွဲ့နှင်းသဘင်ရှေ့တွင် လူသိပ်မများသေး။ စစ်တပ်က ကျောင်းဝန်းကို ဝိုင်းထားပြီးဖြစ်သောကြောင့် ကျောင်းသားတွေ ချင့်ချိန်နေကြပုံရသည်။ စိုးအောင်ကိုယ်တိုင်လည်း စစ်သားတွေစောင့်နေသော တံခါးပေါက်မှ ဝင်လာခဲ့ခြင်းပင် ဖြစ်သည်။ တက္ကသိုလ်နယ်မြေကို လက်နက်ကိုင်တွေ စောင့်ကြပ်နေခြင်းမှာ အရုပ်ဆိုး အကျည်းတန်လှသည်။
စက်မှုတက္ကသိုလ်သို့ ချီတက်ဆန္ဒပြမည့်အစီအစဉ် ဖြစ်မှဖြစ်ပါတော့မလားဟု စိုးအောင် စိုးရိမ်လာသည်။ သို့သော် ချိန်းဆိုထားချိန်ထက်နောက် ဆယ့်ငါးမိနစ်လောက်ကြာသောအခါ ရုတ်တရက်ဟု ဆိုရလောက်အောင်ပင် လူတွေက မြန်မြန်ဆန်ဆန် များပြားလာသည်။ ခဏအတွင်းမှာပင် လူအုပ်ကြီးဖြစ်လာသည်။ ထို့နောက် ဘွဲ့နှင်းသဘင်လမ်းမအတိုင်း စီးပွားရေးတက္ကသိုလ်ရှေ့မှ သူတို့ ချီတက်ခဲ့ကြသည်။ သူတို့ဦးတည်ရာ ရည်ရွယ်ချက်သည် လှိုင်တက္ကသိုလ်နှင့် သမိုင်ဝင်း အဆောင်တွေဆီ။ ထိုမှတဆင့် စက်မှုတက္ကသိုလ်သို့ ဖြစ်သည်။
အခန်း - ၂
ကြယ်တစ်ပွင့်ကြွေ
မြေသို့မကျ
ငါ့မျက်ရည်ပါးပြင်ဆင်း
မင်းမမြင်ရ။
(မောင်လူမှိန်၊ ဆိုက်ကို အလွမ်းဟောင်း)
အခုတော့ ပစ်ခတ်သံတွေ ငြိမ်သက်သွားခဲ့ချေပြီ။
ပစ်သောသူတို့က အားရအောင် ပစ်ခတ်ပြီးနောက် ကျော့ကျော့မော့မော့နှင့် ထွက်ခွာသွားကြသည်။ သူတို့အဖို့မှာ အညောင်းညာပြေ လေ့ကျင့်ခန်းတခု လုပ်လိုက်ရသလို လွယ်လွန်းလှသည်။
ကျန်ရစ်သူတို့မှာကား သွေးအလိမ်းလိမ်း မျက်ရည်အလူးလူး။ လက်နက်အင်အား အပြည့်အစုံ တပ်ဆင်ထားသူတွေက အင်အားအလုံးအရင်းနှင့် တဖက်သတ် ဝင်ရောက်ပစ်ခတ်သွားသော အဖြစ်အပျက်ကို အားလုံး ဒီအတိုင်းကြည့်နေလိုက်ကြရသည်။ တရုတ်ကပ်မှန်တွေ ကွဲကြေပြီး သမံတလင်းပေါ် ပြန့်ကြဲနေကြသည်။ အုတ်တိုင်တွေနှင့် နံရံတို့တွင် ကျည်ဆံဒဏ်ရာကြောင့် ပဲ့ပြီးဖွာလန်ထွက်နေကြသည်ကို အထင်းသား မြင်ရသည်။ ကျောင်းသားတယောက်က ကျည်ဆံထိမှန်ထားသောနေရာတွေကို ဆော့ပင်အနီနှင့် လိုက်ဝိုင်းပြီး အမှတ်အသားပြုနေသည်။
အပိုင်း (၁)
ခရစ်နှစ် ၁၉၈၈ ခုနှစ်။
အခန်း - ၁
အဓိကရုဏ်းဆိုတာ နားမပါတဲ့လူတွေကို နားကြားလာအောင် စကားပြောတဲ့နည်းဖြစ်တယ်။
မာတင်လူသာကင်း ဂျူနီယာ
၁၉၈၈ ခု မတ်လ ၁၃ ရက်။
ခြေသံတွေကို သူ ကြားနေသည်။ ပြေးလွှားနေသော ခြေသံတွေ။ အရေးတကြီး ပြေးလွှားနေသော ခြေသံတွေ။ လူတစ်ယောက် နှစ်ယောက်၏ ခြေသံမဟုတ်။ လူတွေ အများကြီး၏ ခြေသံတွေ။
ဘာတွေဖြစ်နေကြသနည်း။ မီးလောင်နေသလား။ ကမ္ဘာကြီးပျက်စီးလေပြီလား။ လူတွေ ဘာကြောင့်များ အရေးတကြီး ပြေးလွှားနေကြပါလိမ့်။
“ထွက်ကြဟေ့။ အားလုံးထွက်ကြ။ အားလုံးထွက်ကြ”
ခြေသံတွေသာမက အော်သံဟစ်သံတွေကိုပါ သူ ကြားရသည်။ သူ့မျက်လုံးတွေကို ကြိုးစားအားယူပြီး ဖွင့်ကြည့်သည်။ မျက်လုံးတွေ တော်တော်နှင့်ဖွင့်မရ။ အိပ်မက်များ မက်နေသလား။ သူ့ဖာသာ မသေချာ။ သို့သော် သူ့စိတ်တွင် စိုးရိမ်နေသည်။ တစုံတခုက သူ့ကို လှုပ်နှိုးနေသည်။ တစုံတခုက သူ့ကို စေ့ဆော်နေသည်။ အန္တရာယ်တခုခုတော့ ကျရောက်နေပြီ။ သူထမှ ဖြစ်မည်။ မထလို့ မဖြစ်။ မထမဖြစ်သော အကြောင်းတခုခုတော့ ဖြစ်ကိုဖြစ်နေပြီ။ ထစမ်း… စိုးအောင်… ထစမ်း။
သူ့ကိုယ်သူ နှိုးနေသည်။ သူ့… မျက်လုံးတွေကို အားယူဖွင့်ကြည့်လိုက်သည်။ စူးရှသော မီးရောင်သည် မျက်လုံးထဲသို့ တန်းတန်းမတ်မတ် ဝင်လာသောကြောင့် ရုတ်တရက် ပြန်မှိတ်လိုက်ရသည်။