Tuesday, February 18, 2014

ကြီးသန်း (နိုင်ငံရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူ) - ခင်ငြိမ်းသစ်

ပန်းချီ အနုပညာကို မြတ်နိုးတတ်တဲ့ ကိုသန်းတင်ဟာ မန္တလေးက ပန်းချီဆရာ ကိုချမ်းအေးရဲ့ ပန်းချီကားတွေကို မက်မက်စက်စက် ကြိုက်နှစ်သက်ပါတယ်။ ပန်းချီဆိုတာက ကိုယ့်ရဲ့ခံစားမှုကို တခြားလူထံ ပုံဖော်မျှဝေနိုင်တဲ့ ပေါင်းကူးတခုအဖြစ် ကိုသန်းတင်က ရှုမြင်ပါတယ်။ အဲဒီလိုပါပဲ၊ မတရားမှုတွေကို ဆန့်ကျင်တာဟာ တရားမျှတမှုကို ပုံဖော်နိုင်ဖို့ ပြည်သူတွေထံ မျှဝေတာလို့ ခံယူထားတဲ့ ကိုသန်းတင်ကို သူ့မိခင်အဖွဲ့ကလူတွေက ကြီးသန်း လို့ ချစ်စနိုး ခေါ်ကြပါတယ်။ ကြီးသန်းဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြဲစဉ်းစားနေတတ်သူတဦးဖြစ်လို့ သူဟာ လူငယ်တွေရဲ့အခန်းကဏ္ဍကို အလေးအနက်လည်းထားတဲ့သူပါ။ 

စစ်တွေထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ကြီးသန်း ကျန်းမာရေးအခြေအနေ အရမ်းစိုးရိမ်စရာကောင်းနေတယ်လို့ ကြားရတော့ ကျမတို့လင်မယားလည်း စိုးရိမ်နေပါတယ်။ ကြီးသန်းဟာ ကျမတို့လင်မယားအတွက် အကိုကြီးလည်းဖြစ်သလို၊ ယုံကြည်အားထားရတဲ့ တော်လှန်ရေးမိတ်ဆွေလည်း ဖြစ်လို့ပါပဲ။ 

ကြီးသန်းက တောင်ဥက္ကလာပမှာ နေပါတယ်။ ၁၉၈၈ ခုနှစ်က တောင်ဥက္ကလာမှာ တော်လှန်ရေးအင်အားစု အများကြီး အထိုင်ချကြပါတယ်။ အဲဒီလိုအထိုင်ချတဲ့ တော်လှန်ရေးအင်အားစုထဲမှာ ကြီးသန်းလည်း ပါပါတယ်။ အဲဒီတုန်းက ကျမတို့ BYLF နဲ့ မကဒ အဖွဲ့ တွေ့ဖို့ရှိပါတယ်။ တူတာတွေကို ပေါင်းလုပ်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ကျမတို့တွေ တံတိုင်းမွှေးအိမ်မှာ တွေ့ခဲ့ကြပါတယ်။ ကျမတို့ဘက်က ကျမ၊ အေးကျော်၊ ကိုလှဟန်တို့နဲ့ မကဒဘက်က တံတိုင်းမွှေး၊ ကြီးသန်း၊ စောလင်း(ခ)ညီစော (ကွယ်လွန်) တို့နဲ့ တွေ့ခဲ့ပါတယ်။ ကြီးသန်းက အသားညိုညို၊ လူပုံက ပိန်ပိန်သွယ်သွယ်၊ မျက်နှာထားကတည်တော့ ကျမ သူ့ကို စကားမပြောဘူးသေးခင်က နည်းနည်းတော့ လန့်တာပေါ့။ စကားပြောဖူးသွားတော့ မလန့်တော့ဘူး။ သူက ရည်မွန်ပြီး တည်တည်ငြိမ်ငြိမ် ရှိပါတယ်။ နိုင်ငံရေးကိုပဲ အာရုံစူးစိုက်ထားပြီး လူကြီးဆန်ဆန်ပဲ ကျမတို့နဲ့ ဆွေးနွေးပါတယ်။ 


အဲဒီနောက်ပိုင်းမှာတော့ ကျမတို့ အလုပ်သဘောနဲ့ မတွေ့ဖြစ်တော့ပေမယ့် လမ်းသွားရင်း ကြုံရင် လက်ဖက်ရည်ဆိုင်တွေ ဘာတွေတော့ ထိုင်ဖြစ်ပါသေးတယ်။ နောက်ပိုင်းတော့ ကြီးသန်း ကျန်းမာရေးမကောင်းလို့ အခြားအဖွဲ့တွေနဲ့ သိပ်မတွဲတော့ဘဲ သူ့အဖွဲ့နဲ့ သူပဲ ဆန့်ကျင်ရေးတွေဆက်လုပ်နေလို့ ကျမတို့နဲ့ သိပ်မတွေ့ဖြစ်တော့ပါ။ ကျမရဲ့ခင်ပွန်းက မကဒ အဖွဲ့ဝင်ဆိုတော့ သူက ကြီးသန်းနဲ့ နဂိုကတည်းက ခင်မင်နေတဲ့ သူတွေပါ။ သူတို့အုပ်စုမှာ ကြီးသန်းက လူကြီးဖြစ်ပြီး အရာရာမှာလည်း ကြီးသန်းကပဲ ထိန်းထိန်းသိမ်းသိမ်း လုပ်တတ်ပါတယ်။ သူ့မှာ အတွေ့အကြုံဟောင်းတွေလည်းရှိခဲ့တာမို့ သူဟာ ရှေ့မီနောက်မီ လူကြီးတယောက်လို့ ပြောရင်ရပါတယ်။ ကြီးသန်းက အခုမှ နိုင်ငံရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။ ၇၄ ခုနှစ်ကတည်းက ဦးသန့်အရေးအခင်းမှာ ပါဝင်ခဲ့တဲ့အတွက် ထိမ်းသိမ်းခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။ 

ကျမတို့နဲ့ ကြီးသန်းရဲ့ဆက်ဆံရေးက ကျမတို့လင်မယား မင်္ဂလာဆောင်ပြီးတဲ့ နောက်ပိုင်းမှာ ပိုခင်မင်ကြပါတယ်။ ကျမနဲ့လည်း အရင်ကတည်းက ခင်မင်၊ ကျမခင်ပွန်းနဲ့လည်း ခင်တယ်ဆိုတော့ ပိုပြီးရင်းနှီးသွားတာပါ။ ၂၀၀၅ ကိုဌေးကြွယ်တို့တွေ လွတ်မလာခင်အထိ ကိုမင်းဇေယျကြီးနဲ့ပေါင်းပြီး တိုးတိုးတိတ်တိတ် ဆန့်ကျင်လှုပ်ရှားနေပါတယ်။ ကြီးသန်းရဲ့အဖေက တိုင်းရင်းဆေးဆရာကြီး အဘယသုခ ဦးညွန့်တင် ဖြစ်ပါတယ်။ ဦးညွန့်တင်ဆုံးပြီးတဲ့နောက်တော့ ကြီးသန်း ညီမအငယ်ဆုံး ဆရာမဒေါ်ချိုချိုတင်က ဆေးကုတဲ့အလုပ်ကို ဆက်လုပ်ပါတယ်။ 

ဆရာမ လက်ထက်ကျတော့ ကလေးတွေကိုပဲ အဓိက ကုသပေးပါတော့တယ်။ ကျမ သားကြီးမွေးပြီး သားကြီးအဆုတ်က သိပ်မကောင်းတော့ ခဏခဏ ဆေးခန်း ပြေးရပါတယ်။ ဒါကို ကြီးသန်းကပဲ “ဟဲ့ ကလေးကို ပိုးသတ်ဆေးတိုက်တာတာ အားကုန်တယ်။ သွားလိုက် ငါ့ညီမ ဆီ” ဆိုပြီး လွှတ်လိုက်ပါတယ်။ ကျမတို့လည်း သားလေးကိုခေါ်ပြီး သွားကြပါတယ်။ ကျမတို့က ကျမတို့ရဲ့ လသားငယ်ငယ်လေးကို မကြာခဏ အင်္ဂလိပ်ဆေးတိုက်ရတာကို စိတ်ညစ်နေကြတဲ့အတွက်ကြောင့်ပါ။ ဆရာမဆီမှာ တနေ့ ကလေးအယောက် ၁၅၀ ပဲ လက်ခံပြီး ကုသပေးပါတယ်။ တိုကင်နံပါတ် ယူရပါတယ်။ စောင့်လည်း စောင့်ရပါတယ်။ ဆေးကအရမ်းလိုက်တော့ ကားကြီးကားငယ်နဲ့ ဆရာမထံ လာရောက်ကုသကြတာပါ။ ကျမတို့ကတော့ ဆေးခန်းသွားမည့်နေ့ဆိုရင် ကြီးသန်းကိုပဲ ဖုန်းဆက်ပြီး စာရင်းပေးခိုင်းလိုက်တာပါပဲ။ ကျမလိုပဲ နိုင်ငံရေး အသိုင်းအဝိုင်းကလူတွေ ကြီးသန်းကိုပဲအားကိုးပြီး တိုကင် ယူကြတာပါ။ ကြီးသန်းပြောပြောနေလို့ အန်တီ ဒေါ်စန်းစန်းတင် (နိုင်ငံရေးမှုနှင့် ထောင်ကျ) တို့ အိမ်က ကလေးတွေဆိုရင်လည်း နေမကောင်းရင် ဆရာမဆီမှာပဲ ကုသကြတယ်။ ကျမတို့ လင်မယား ဘာလေးဖြစ်ဖြစ် ကြီးသန်းဆီ ဖုန်းဆက်ကြပါတယ်။ 

တခါက မှတ်မှတ်ရရ ကျမတို့လင်မယား ရန်ဖြစ်ကြပါတယ်။ ရန်မှ တကယ်ကို အကြီးအကျယ် ဖြစ်ကြတာပါ။ ၂ ယောက်လုံးကလည်း အစွန်းရောက်ကြလေတော့ အလျော့လည်း မပေးချင်ကြပါဘူး။ ကြီးသန်းဆီကို ဖုန်းဆက်လိုက်တော့ ကြီးသန်း၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုတို့တွေ ရောက်လာပါတယ်။ ကြီးသန်းတို့က ကျမတို့ ၂ ယောက်ကို သူတို့နဲ့ အတူတူ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ ခေါ်ပါတယ်။ ကျမတို့လည်း သူတို့နဲ့ လက်ဖက်ရည်ဆိုင်လိုက်ထိုင်ရင်း ကြီးသန်းက စလိုက်နောက်လိုက်နဲ့ ကျမတို့လင်မယားကို ပြေလည်သွားအောင် ညှိနှိုင်းပေးပါတယ်။ ကြီးသန်းက တခွန်းမှ ဆုံးမစကားပြောတာမဟုတ်ပါဘူး။ ဟိုလိုစလိုက် ဒီလိုစလိုက်နဲ့ပဲ ဖြေရှင်းပေးသွားတာပါ။ ဆုံးမစကားပြောမယ်ဆိုရင်တောင် ကိုစိုးကတိုင်လိုက် ကျမကတိုင်လိုက် ဖြစ်နေပါအုံးမယ်။ အခုတော့ ရန်ဖြစ်တဲ့အကြောင်းမပါပဲ စရင်းနောက်ရင်း ပြန်တည့်သွားတော့ သူတို့တွေ နားတောင် မငြီးလိုက်ဘူးပေါ့။ 

ကိုဌေးကြွယ်ကတောင် နောက်နေပါသေးတယ်။ အရင်တုန်းက စည်သူ(ကွယ်လွန်) က နိုင်ငံခြားရေးဝန်ကြီး ဖြစ်နိုင်လောက်တယ် ထင်ခဲ့တာ။ အခုတော့ ကြီးသန်းလည်း နိုင်ငံခြားရေးဝန်ကြီးလောက်တော့ ဖြစ်နိုင်တာပဲတဲ့။ စည်သူက ထောင်ထဲမှာ အားလုံးနဲ့ အဆင်ပြေတဲ့အပြင် ကိုယ့်အချင်းချင်းကြားထဲက မကြေလည်မှုတွေကို ဖြေရှင်းရင် သိပ်တော်တာ။ ဒါကြောင့် မောင်စည်ကို ကျနော်တို့က ဘူးတရို့မောင်စည် (၎င်းအချိန်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက ဘူးထရို့ဂါလီ) လို့ ခေါ်ကြတာ။ ကျနော်က စည်သူ့ကို အမြဲပြောတာ မောင်စည်… ခင်ဗျားမှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့လေ။ 

ကြီးသန်းက ကျမတို့လင်မယားကို အမြဲတမ်းကူညီတတ်သူပါ။ တခါက ကျမတို့ မိတ္ထူဆိုင်ဖွင့်ဖို့အတွက် မိတ္ထူစက်တွေကို ဝယ်ထားပါတယ်။ ကားလမ်းမကြီးပေါ်က ဆိုင်ခန်းလေးကို တလ ၃ သောင်းနဲ့ငှားလိုက်ပြီးတော့မှ မီးတွေက ဆက်တိုက် ပျက်နေပါတယ်။ မီးစက်နဲ့ဆွဲရင် စာတမျက်နှာကို ၂၀ ကျပ်နဲ့ မကိုက်ပါဘူး။ ဒါကြောင့် ၆ သိန်းကျော်ပေးရတဲ့ မိတ္ထူစက်ကို အိမ်မှာပဲ သိမ်းထားလိုက်ပြီး အဲဒီဆိုင်ခန်းနေရာမှာ မီယာမီ ရေသန့်လုပ်ငန်း လုပ်ပါတယ်။ ရေသန့်လုပ်ငန်းဆိုတာ နွေရာသီမှာ အလုပ်ပိုဖြစ်တဲ့ လုပ်ငန်းပါ။ 

ဒါပေမယ့် စိတ်ညစ်စရာကောင်းတာက တကယ်ရေရောင်းရတဲ့ နွေလိုရာသီကြီးမှာ မီးမလာလို့ ရေသန့်စက်ရုံ မလည်နိုင်ပါဘူး။ ဒါကြောင့် ရေသန့်စက်ရုံက ဆိုင်တွေလိုသလောက် ရေဘူးတွေမပေးနိုင်တော့ ရောင်းရတဲ့လူတွေလည်း ဒုက္ခရောက်ကြပါတယ်။ ဒီလိုနဲ့ ကျမတို့လည်း ရေသန့်လာချတဲ့ ကားက ည ၁ နာရီ ၂ နာရီလောက်မှ ရောက်မယ်ဆိုရင်လည်း ည ၁ နာရီလောက်ကတည်းက ကျမ ခင်ပွန်းက ထပြီး ဆိုင်မှာစောင့်ရပါတယ်။ 

တကယ်တမ်းရာက်လာတော့ ရေဘူး ၁၀၀ မှာရင် ၂၅ ဘူးလောက်ရတာဆိုတော့ လုပ်ငန်းက မကိုက်ပါဘူး။ မိုးတွေရွာနေရင်တော့ ရေသန့်ဘူးတွေက ဆိုင်မှာ စုပုံနေပါပြီ။ ဒါကြောင့် သား ကျောင်းတက်ရမည့်အချိန်မှာ ပိုက်ဆံမလည်ဘူး ဖြစ်နေပါတယ်။ ဒီအချိန်မှာပဲ ကြီးသန်းက ကျမတို့ရဲ့ အခြေအနေကိုသိသွားပြီး ကျမတို့သိမ်းထားရတဲ့ မိတ္ထူစက်အတွက် ငွေ ၄ သိန်းပေးပါတယ်။ နောက်ပြီးသူက “ဒီမိတ္ထူစက်ကို ငါက အပိုင်ဝယ်တာ မဟုတ်ဘူးနော်။ နင်တို့ဆိုင်မှာ ပြန်သုံးမယ်ဆိုရင် အချိန်မရွေးလာယူ။ ကြားလား” လို့ ပြောပါတယ်။ သူက ကျမတို့ကို အကူအညီပေးတဲ့ သဘောပါပဲ။ ဒါပေမယ့် မီးက အဲဒီကတည်းက တောက်လျောက် မမှန်တော့ပါဘူး။ အရင်က မိုးတွင်းမှာ မီးလာပါသေးတယ်။ နောက်တော့ မိုးတွင်းမှာတောင် မီးမလာတော့ပါ။ အဲဒီ့ကာလက ကျမတို့အခက်အခဲပြေလည်ခဲ့ပေမယ့် ကြီးသန်းလက်ထဲမှာတော့ မိတ္ထူစက်ကြီးက ဖုန်သုတ်ရုံကလွဲလို့ ဘာမှ အသုံးမတည့်တော့ပါ။ 

၂၀၀၆ ခုနှစ် အောက်တိုဘာလမှာ ကျမခင်ပွန်း ဆေးရုံတက်ရပါတယ်။ ဆေးရုံရောက်ရောက်ချင်း ကျမ က ကိုခင်မောင်ဇော် (ကိုစည်သူရဲ့အစ်ကို) ကို ဖုန်းဆက်ပြီး ခေါ်လိုက်ရပါတယ်။ အဓိက ကျမ သတိရတာက ကိုခင်မောင်ဇော့်ဆီမှာ အားလုံးရဲ့ဖုန်းနံပါတ်တွေရှိတော့ လိုအပ်ရင် ဆက်သွယ်လို့ရအောင် ကိုဇော်ကြီးထံ ဖုန်းဆက်တာပါ။ နောက်မှ ကိုသန်းတင်တို့ကသိလို့ ကျမကိုတောင် ဆူပါသေးတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကြီးသန်းက နေ့တိုင်း ဆေးရုံမှာ လာစောင့် ပေးလေ့ရှိပါတယ်။ 

တချို့ညတွေမှာ စောင့်အိပ်မည့်လူမရှိရင် ကြီးသန်းက စောင့်အိပ်ပေးပါတယ်။ ကြီးသန်း စောင့်အိပ်တဲ့နေ့ဆိုရင် ညဘက်မှာ စောင့်ဖို့ငှားထားတဲ့ စပါယ်ရှယ်နာစ့် အိပ်ရင် မကြိုက်ပါဘူး။ ကြီးသန်းက ကျမကို “နင်သူတို့ကို ညအိပ်ခ ပေးထားတာလား” လို့ မေးတတ်ပါတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ညဘက်မှာ ငှားထားတဲ့ စပါယ်ရှယ်နာစ့်တွေက ၁၀ နာရီ လောက်ဆိုရင် ဘယ်နေရာသွားရှာရမလဲ မသိပါဘူး။ ဆေးရုံမှာရှိတဲ့ အခန်းတခန်းထဲမှာ သွားအိပ်နေကြလေ့ရှိပါတယ်။ တချို့ညတွေဆိုရင် ကျမက ည ၈ နာရီလောက်မှ ဆေးရုံက ပြန်ဖြစ်ပါတယ်။ ကြီးသန်းရောက်တဲ့နေ့ဆိုရင် ကျမကို စောင့်ပေးပြီး ပြန်လိုက်ပို့ပေးတတ်ပါတယ်။ အမျိုးသမီးတဦးတည်း ညကြီးမိုးချုပ်သွားတယ်ဆိုတာ အန္တရာယ်ရှိလို့ဆိုပြီး သူ စောင့်ပေးတတ်တာပါ။ ကြီးသန်းက စောင့်ရှောက်တတ်ပါတယ်။ 

ကျမ ခင်ပွန်း ဆေးရုံကို ၁ လ နီးပါးတက်ရပါတယ်။ ညဘက်ဆိုရင် ကျမက ကလေးတွေဆီကို ပြန်အိပ်ရပါတယ်။ ဒါကြောင့် ကိုသားကြီး(AAPP)၊ ကိုဌေးအောင်(AAPP) ကြီးသန်းတို့တွေ ကူညီစောင့်ပေးပါတယ်။ တရက်တော့ ကျမသားလေး နေမကောင်းလို့ နေ့လည် ၁၂ နာရီလောက်ကတည်းက အိမ်ပြန်သွားတော့ နေ့လည် တခင်းလုံးကနေ ည ၈ နာရီလောက်အထိ ကြီးသန်း စောင့်ပေးပါတယ်။ လူနာရဲ့အခြေအနေကလည်း စိတ်ချရပြီဆိုတော့ နေ့လည်ဘက်အတွက် ငှားထားတဲ့ သူနာပြုဆရာမလေးက ကြီးသန်းနဲ့ စကားစမြည်ပြောဖြစ်ပါတယ်။ 

ကြီးသန်းက “ဆရာမ ဒေါ်အောင်ဆန်းစုကြည်ကို သိလား” လို့ မေးပါတယ်။ ဆရာမလေးက “ဟင့်အင်း၊ ကျမ မသိဘူး။ စိတ်လည်း သိပ်မဝင်စားဘူး” လို့ပြောလိုက်လို့ ကြီးသန်း အကြီးအကျယ် စိတ်တွေတိုသွားပါတယ်။ ပြီးတော့ “ဒေါ်အောင်ဆန်းစုကြည်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး။ သူက သူ့ရဲ့မိသားစုဘဝကို စွန့်လွှတ်ပြီး နိုင်ငံကောင်းဖို့ ကြိုးစားနေတယ်။ ဒါကို ခင်ဗျားတို့က စိတ်မဝင်စားဘူးလို့ ပြောတာ၊ တာဝန်မဲ့လွန်းတယ်။ သူဟာ နှစ်ပေါင်းများစွာ နိုင်ငံရေးအကျဉ်းသားအဖြစ် နေတာပျော်လို့များ ထင်နေလို့လား” ဆိုပြီး ဒေါသနဲ့ ပြောပါတယ်။ ဆရာမလေးလည်း ဇက်ကလေးပုပြီး ကျမ နောက်တနေ့လာတော့မှ ကျမကို ပြောပြပါတယ်။ “အမရေ၊ မနေ့က အမတို့ သူငယ်ချင်း ဟို ဦးလေးကြီးလေ။ ကျမကို ငေါက်လိုက်တာ လွန်ရော။ ဒေါ်စု အကြောင်းမသိလို့တဲ့။ သူက ကြည့်တော့ အေးသလိုလိုနဲ့ ဒေါသ အတော်ကြီးတယ် အမ” တဲ့လေ။ နောက်တနေ့ ကြီးသန်း ကျမကို အိမ်ပြန်ပို့ပေးတော့ လမ်းမှာ ကျမကို ပြောပြပါတယ်။ 

“နင်စဉ်းစားကြည့်လေ ၁၀ တန်းအောင်ပြီးတဲ့ လူတယောက်က ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကိုတော့ သိသင့်ပါတယ်။ အမေရိကန်အကြောင်း၊ တရုတ်အကြောင်းမသိတာက ပြဿနာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးရဲ့အကြောင်းကို မသိတာက ပြဿနာအများကြီးဖြစ်နိုင်တယ် မောင်စိုးအတွက် ခေါ်ထားတဲ့ သူနာပြုဆရာမလေးဟာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းတောင် မသိဘူး။ ကိုယ့်တိုင်းပြည်အကြောင်းတော့ အဝေးကြီးပဲပေါ့” လို့ ပြောပြခဲ့ပါတယ်။ ကြီးသန်း ရဲ့ လူငယ်တွေအပေါ်ထားတဲ့ စံတခုပေါ့လေ။ 

ကြီးသန်းက ဟာသလည်း ပြောတတ်ပါသေးတယ်။ ကျမခင်ပွန်း ကောင်းကောင်းသတိရတော့ ဦးခေါင်းရဲ့ ဘယ်ဘက်အခြမ်းကို ခွဲစိတ်ထားတာမို့လို့ ခန္ဓာကိုယ်ရဲ့ ညာဘက် မလှုပ်ရှားနိုင်ပါဘူး။ မလှုပ်နိုင်ပါဘူးဆိုနေမှ ကျမ ခင်ပွန်းက အတင်းရုန်းကန်တတ်လို့ သူ့ကိုစောင့်ရတဲ့ သူနာပြုဆရာမလေးက ကုတင်ပေါ်က ပြုတ်ကျမှာကို အမြဲစိုးရိမ်နေတတ်ပါတယ်။ အဲဒီလိုဖြစ်တာကို ကြီးသန်းက သိသွားတော့ “မောင်စိုး… မင်း ငါ့အဖေ ဆုံးသွားတာကို ကံကောင်းတယ် မှတ်ပါ။ နို့မို့လို့ကတော့ မင်းကို တသက်လုံး အိပ်ယာထဲက ထလို့မရအောင် ဆေးဖော်ခိုင်းလိုက်မှာ” လို့ဆိုပြီး ရယ်ရယ်မောမော ပြောတတ်ပါတယ်။ 

တခါတုန်းက ကြီးသန်းကို မိန်းမ မယူဘူးလားလို့မေးကြည့်တော့ ကြီးသန်းက “ငါ မိန်းမ မယူဘူး။ ဘာလို့လဲဆိုတော့ ငါက နိုင်ငံရဲ့အရေးကို ထမ်းရွက်နေရင် မိသားစုဘဝရဲ့ လိုအပ်ချက်တွေကို ဖြည်းဆည်းနိုင်မှာ မဟုတ်ဘူး။ ငါ အဲလိုမဖြည်းဆည်းနိုင်ရင် ငါ ယူလိုက်တဲ့မိန်းမလည်း ဒုက္ခရောက်မယ်။ ကလေးတွေမွေးထားရင် ကလေးတွေပါ ဒုက္ခရောက်မယ်။ ငါကတော့ တော်လှန်ရေးမလုပ်ဘဲ မနေနိုင်လို့၊ မိန်းမ မယူဘူး” လို့ ပြောပြပါတယ်။ ကျမကပဲဆက်ပြီး “ဒါဆိုရင် မျိုးဆက်သစ် ဘယ်ရတော့မှာလဲ” လို့ပြောတော့ ကြီးသန်းက “နင်တို့ ကလေးတွေ၊ မှန်ကြီး (လှမျိုးနောင်) တို့ ကလေးတွေဆိုတာက မျိုးဆက်သစ်တွေပဲလေ။ နင်တို့ သူတို့ကို သေချာပြုစုစောင့်ရှောက်ကြ၊ သူတို့မှာ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ ကောင်းစေချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာအောင် နင်တို့မှာ တာဝန်ရှိတယ်။ ကလေးမွေးပြီး ပြီးရော မလုပ်ကြနဲ့ ကြားလား” ဆိုပြီး သူ စိတ်ပါလက်ပါ ပြောခဲ့ပါသေးတယ်။ 

ကြီးသန်းက “နိုင်ငံရေးသမားတွေမှာ တော်ဖို့တတ်ဖို့အပြင် ကိုယ်ကျင့်တရားကောင်းဖို့ အရေးကြီးတယ်။ မတရားမူကို ဆန့်ကျင်တော်လှန်ပါတယ်ဆိုတဲ့ လူတွေက မဟုတ်တာတွေလုပ်နေမယ်ဆိုရင် ပြည်သူတွေက ဟားလိမ့်မယ်။ ဘယ်တော့မှ အဟားမခံရစေနဲ့၊ စိတ်ဓာတ် အဆင့်အတန်းမကျစေနဲ့” ဆိုပြီး အမြဲဆုံးမတတ်ပါတယ်။ ကျမနဲ့ ဆေးရုံမှာတွေ့တဲ့တလျှောက် ကြီးသန်းဟာ နိုင်ငံရေးအကြောင်း (နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအသိုင်းအဝိုင်းကလူတွေရဲ့ ဘဝအခြေအနေတွေ) ကလွဲရင် ဘယ်အကြောင်းကိုမှ မပြောပါဘူး။ ကျမ အိမ်တွေမှာ ကျူရှင်လိုက်ပြနေတာကိုသိတော့ ကြီးသန်းက “နင် ကလေးတွေကို စာတွေချည်းပဲ သင်မနေနဲ့၊ ပြင်ပမှာ ဘာတွေဖြစ်နေတယ်။ ပြည်သူတွေရဲ့ခံစားချက်က ဘယ်လိုဆိုတာတွေကို သင်ပေး။ အဲဒါအရေးကြီးတယ်” ဆိုပြီး သတိပေးတတ်ပါသေးတယ်။ တချို့ အထိမ်းအမှတ်ပွဲတွေဆိုရင် ကျမရဲ့ သားသမီးတွေကိုခေါ်ခဲ့ဖို့ အမြဲ သတိပေးတတ်ပါသေးတယ်။ ဒါမှ ကလေးတွေဟာ သူတို့မိဘတွေနဲ့ မိဘရဲ့အသိုင်းအဝိုင်းကလူတွေဟာ ဘယ်လိုလူတွေဆိုတာကို နားလည်နိုင်မယ်လို့ အမြဲပြောတတ်သူပါ။ သူက တော်လှန်သော မျိုးဆက်သစ်တွေပဲ ဖြစ်စေချင်တာကိုး။ 

ကြီးသန်းက ဘယ်လောက်ပဲ မအားလပ်ပါစေ။ ကျမ ကလေးတွေမွေးနေ့ကစပြီး ကလေးတွေနဲ့ပတ်သက်ရင် သူ အပြေးလေး ရောက်လာတတ်ပါတယ်။ သူ ပြောတာက “နင်တို့ဆီလာတာ မဟုတ်ဘူး။ ငါက မျိုးဆက်သစ်လေးတွေကို အသိအမှတ်လာပြုတာ။ သူတို့ကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်” တဲ့။ ကြီးသန်းက အဲဒီလို စိတ်ဓာတ်ပြင်းထန်တဲ့ လူမျိုးလေ။ 

၂၀၀၇ သြဂုတ် ၇ ရက်နေ့မှာ တာရာမင်းဝေရဲ့ အသုဘအခမ်းအနားမှာ သြဂုတ် ၈ ရက် ၈ လေးလုံးအခမ်းအနားမှာ ကြီးသန်းနဲ့ တွေ့ခဲ့ပါသေးတယ်။ ကျမသားလေးကို ကြီးသန်းက တရားဟောနေတဲ့ ကိုဌေးကြွယ်၊ မင်းကိုနိုင်တို့ အနားအထိ ခေါ်သွားပါတယ်။ ပြီးတော့ သူက ရှင်းပြလိုက်ပါသေးတယ်။ သူတို့က မင်းအဖေနဲ့ အမေရဲ့ အရင်းနှီးဆုံးပုဂ္ဂိုလ်တွေ။ စည်သူမောင်နဲ့ ဒီငြိမ်းလင်းတို့ကိုတော့ သူတို့က တက္ကသိုလ်ကျောင်းသားတွေ၊ ၈၈ ရဲ့ ဒုတိယမျိုးဆက်၊ မင်းတို့လည်း သူတို့လိုပဲ ကြားလားတဲ့။ ၄ နှစ်အရွယ် ကျမသားက နားလည်သလိုလိုနဲ့ “ဟုတ်ကဲ့” တဲ့လေ။

သြဂုတ်လထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို လိုက်လံဖမ်းဆီးချိန်မှာ ကျမရဲ့အိမ်ကို ကြီးသန်း ရောက်လာပါတယ်။ အဲဒီအချိန်က ကျမတို့နေတဲ့နေရာက လုံခြုံမှုရှိပါတယ်။ ကျမအိမ်မှာ ပုန်းနေတာက မီးမီး (ခေါ်) သင်းသင်းအေး၊ ကိုစိန်လှိုင်တို့ ရှိနေပါတယ်။ ကြီးသန်းပုံစံကြည့်ရတာ ပင်ပန်းနွမ်းနယ်နေပါတယ်။ သူ ညဘက် အိပ်စရာနေရာမရှိလို့ ရွှေဂုံတိုင်ဆေးရုံမှာ လူနာစောင့်ပုံစံနဲ့ နေနေရတယ်လို့ ပြောပါတယ်။ ကျမ အိမ်မှာ လူတွေကလည်းရှိနေတော့ သူ အားနာနေပါတယ်။ ကျမကို သူက “ငါ့အိမ်ကို တအိမ်လုံးမွှေတာ၊ ရေပိုက်တွေတောင် မကျန်ဘူး။ သူတို့ ကင်မရာ ထဲက မန်မိုရီကဒ်ကို ရှာနေတယ်” လို့ဆိုပါတယ်။ ကျမလည်း ဘယ်လိုလုပ်ရမှန်း မသိတော့ပါဘူး။ ဒါကြောင့် ကျမရဲ့ အမအိမ်မှာနေမလားလို့ မေးတော့ အားနာတယ်။ သူတို့ကြောက်နေလိမ့်မယ်။ ရပါတယ်ဟာ ဆိုပြီး ပြန်သွားပါတယ်။ ကြီးသန်းလာတဲ့အချိန်မှာ ကျမရဲ့အိမ်မှာ မီးမီး (သင်းသင်းအေး) နဲ့ ကိုစိန်လှိုင် တို့က ရှောင်နေကြပါတယ်။ နောက်နေ့မှာ ကြီးသန်းအတွက် ကျမ ပုန်းဖို့ နေရာရှာပြီးချိန်မှာတော့ အာဖက်ဖ်အေကနေ ကြီးသန်းကိုမိသွားတဲ့ သတင်းကြေညာတာကို ကြားလိုက်ရပါတယ်။ ကျမတို့အားလုံးရဲ့ ရင်ထဲမှာလည်း မချိပါဘူး။ 

ကြီးသန်း စစ်ကြောရေးမှာ တော်တော်လေး အနှိပ်စက်ခံခဲ့ရပါတယ်။ ဒါပေမယ့် ကြီးသန်းက အံကျိတ်ခံနိုင်ခဲ့ပါတယ်။ တရားရုံးမှာလည်း အများပြည်သူရှေ့မှာ တရားစီရင်ဖို့ တောင်းဆိုခဲ့ပါသေးတယ်။ တကယ်တော့ ကြီးသန်းမှာ အသည်းရောဂါနဲ့ အစာအိမ်ရောဂါဟာ စိုးရိမ်စရာကောင်းလောက်တဲ့ အခြေအနေမှာ ရှိနေခဲ့တာပါ။ ကျမရဲ့အစ်ကိုကြီး ကျန်းကျန်းမာမာနဲ့ တိုင်းပြည်အတွက် ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဆုတောင်းပေးနေရင်းကြားထဲက ကြားလိုက်ရတဲ့ သတင်းဆိုးကြောင့် ကျမတို့ ပူပန်သောက ရောက်ခဲ့ရပါတယ်။ အခုတော့ သက်သာစပြုလာတဲ့ အခြေအနေအတွင်းမှာ ကြီးသန်း လွတ်မြောက်လာပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပါ။ 

စစ်အစိုးရရဲ့ အကျဉ်းထောင်တွေထဲက ကိုယ်ကျိုးစွန့်အနစ်နာခံနေကြတဲ့သူတွေနဲ့ ကျမတို့တတွေ ကြယ်တွေစုံတဲ့ ညရဲ့ ရွှန်းမြမြ လရောင်အောက်မှာ လေပြေလေညှင်းလေးတွေနဲ့အတူ ကျမတို့ ချစ်တဲ့တိုင်းပြည်ကြီးရဲ့ အနာဂတ်အကြောင်း ဆွေးနွေးတိုင်ပင်လိုပါသေးတယ်။ ကျမတို့ တတ်နိုင်တဲ့ဘက်က ဘယ်လိုကူညီနိုင်မှာလဲဆိုတဲ့ အရာတွေကို ဆွေးနွေးချင်တဲ့ ဆန္ဒပြင်းပြင်းပြပြ ရှိနေပါတယ်။ အနာဂတ်မျိုးဆက်တွေအတွက် သမိုင်းကြောင်းအမှန်တွေကို ပြန်ပြောင်း ပြောပြနိုင်ချင်ပါသေးတယ်။ လင်းလက်တောက်ပတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို မျှော်လင့်ရင်း… 

ခင်ငြိမ်းသစ် 

 

No comments: