Tuesday, February 4, 2014

စိတ်နောက်ကိုယ်ပါ ရူးသွပ်နေသူတွေ (ကိုညို)

ဗိုလ်ချုပ်အုန်းမြင့်ဟာ အာဏာရှင်ရဲ့ သဘောသဘာဝနဲ့ စရိုက်လက္ခဏာကို နည်းနည်းပွင့်လင်းလာတဲ့ ဒီဘက်ခေတ်ထဲမှာ ထင်ထင်ရှားရှား ပြသလိုက်တာဖြစ်တယ်။

တကယ်တော့ ပြည်သူနဲ့ နိုင်ငံရေးသမားတွေကိုသာမက လူသားအချင်းချင်း လေးစားမှုမရှိ၊ လေးစားရကောင်းမှန်းလည်း မသိတဲ့ ဒီမိုကရေစီနဲ့မထိုက်တန်တဲ့စရိုက်ကို သိသာထင်ရှားအောင်ပြလိုက်တဲ့ အာဏာရှင် ဗိုလ်ချုပ်စရိုက်မှန်ဖြစ်တယ်။ ဒါက လူသိရှင်ကြားမို့ပါ။

ဒီဗိုလ်ချုပ်တွေဟာ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးလွန်းတတ်သလို လူတဖက်သားကိုလည်း အထင်သေးတတ်တယ်။ ဥပမာ ဗလွတ်ရှလွတ်၊ အရည်မရ အဖတ်မရစကားတွေ လေကြောရှည်ပြီး မရပ်မနားပြောတတ်တဲ့အကျင့်ပေါ့...။ ဒါမျိုး စစ်ခေါင်းဆောင်တွေတိုင်း ကျင့်သုံးလေ့ရှိတယ်။

စကားများများပြောနိုင်ရင် ပညာရှိတယ်လို့ မိမိဖာသာထင်တတ်ပုံပဲ...။ ကျနော် မြင်ဖူးသမျှ ဥပမာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း... ဆိုရင်လည်း အလွန်အမင်း လေကြောရှည်တယ်။ ဦးရဲထွဋ်လည်း မထူးဘူး။ လူတော်တော်များများ မသိကြတာ တခုရှိတယ်...။ အဲဒီဗိုလ်ချုပ်တွေအားလုံးက သူတို့ဆရာကြီးကို အတုခိုးပြီး လေကြောရှည်နေကြတာဗျ...။ အတိအကျပဲ။


ကျနော့်မှာ တပ်မှူးများညီလာခံမှာ သြဝါဒပေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မိန့်ခွန်းအသံဖိုင် ရှိတယ်... အားပါးပါး... ၂ နာရီနီးပါး ကြာတယ်။ အာလည်း အာနိုင်တဲ့ အဖိုးကြီး။ နန်းစတော့ပ် အာတာဗျာ...။ အစည်းအဝေးတက်တဲ့ သူ့လက်အောက် ဗိုလ်ချုပ်တွေ ဘယ်လို နားတွေတပ်ပြီး သောတဆင်နေကြလဲမသိဘူး...။

လွှတ်တော်ထဲ အိပ်ငိုက်ကြသလို သူတို့ ချုပ်ကြီး သြဝါဒပြောနေတုန်းရော အိပ်ရဲကြလားမသိ။ ဒီအဖိုးကြီးမိန့်ခွန်း ကျုပ် သတင်းလုပ်ဖို့ နားထောင်ကြည့်တာ... စိတ်ဝင်စားစရာ မက်ဆေ့ တခုမှမရှိဘူး...။ ကိုယ်တောင် အိပ်ငိုက်တယ်၊ အဟုတ်ပြောတာ...။ ပြီးတော့... ချုပ်ချုပ်ကြီးအသံက လူပုံနဲ့မလိုက်ဘူး၊ ညောင်နာနာနဲ့၊ ပျင်းတွဲတွဲ အချိန်ဆွဲပြောနေတာက ဆီဆုံထဲက ပွတ်တိုက်ထွက်လာတဲ့ အသံအတိုင်းပဲ တအီအီနဲ့...။ ဒီလောက် တန်ဖိုးမဲ့တဲ့ မာရသွန်မိန့်ခွန်း( ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အားကျမခံ) သူမို့လို့ ဟောရဲတယ်။ သူ့ထက်မိုက်သူတွေက သူ့စကားကို စိတ်မပါဘဲနားထောင်နေတဲ့ သူ့တပည့် စစ်ဗိုလ်ချုပ်တွေပဲ...။ ဒီကတည်းက စစ်ဗိုလ်ချုပ်ကြီးတွေရဲ့စိတ်ဓာတ်ကို ကျုပ် သေချာသဘောပေါက်သွားတယ်။ ဒီလူတွေဟာ စိတ်ပျက်စရာကောင်းတဲ့ စိတ်ဝေဒနာရှင်တွေဗျ...။

တိုင်းပြည်ထဲ လှည့်ပတ် အာရှည်ပြီး ဟောက်စားလုပ်နေကြတာ... တကယ်တမ်းတော့ လေးနက်တဲ့ အတွေးအခေါ်လည်း မရှိဘူး။ ကိုယ့်ဖာသာ အထင်တလုံးနဲ့ မိုးတလုံး လေတစ်လုံးဖြစ်နေတာ... ပိုရူးတာက အဲလို ခပ်ကြောင်ကြောင် စစ်ဗိုလ်ချုပ်တွေရဲ့စကားနဲ့ အမိန့်တွေ၊ ဥပဒေတွေကို ဖောလိုက်ပြီး ရေလိုက်ငါးလိုက်လုပ်နေကြတဲ့ စရိုက်ပျက်တွေဗျ ...။ သူတို့က ဟို... စစ်ဗိုလ်ချုပ်တွေထက်... ပို သနားစရာ... ကောင်းတယ်။။ အရူးတပည့် စိတ်ပေါ့သွပ်သူတွေ၊ စိတ်နောက်နေသူတွေလို့ ပြောရမလားမသိ ...။

စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်တဲ့ ဗမာပြည်နိုင်ငံရေးလောကဟာ ဘယ်လောက်များ ရုပ်ပျက်ဆင်းပျက်နိုင်သလဲဆိုတာ ကြာကြာ မစောင့်ရပါဘူး... ပေါ်လာလိမ့်မယ် စောင့်ကြည့် ...။ သနားစရာလည်း ကောင်း၊ ရီစရာလည်း ကောင်းတယ်...။ အရူးတွေ ဗိုလ်ကျအုပ်ချုပ်တာခံနေရတဲ့ ကျုပ်တို့ ပြည်သူတွေအတွက် ရင်နာတယ်။ ။

ကိုညို 
၀၄ ဖေဖော်ဝါရီ၊ ၂၀၁၄။

 

No comments: