Showing posts with label ဇော်မင်း. Show all posts
Showing posts with label ဇော်မင်း. Show all posts

Wednesday, June 18, 2014

ကရင်တစီး၊ ဗမာတစီး ချက်ခြင်းစီး (ဇော်မင်း)

ဆောင်းပါးတွေရေးတော့ ဘာပဲပြောပြော နိုင်ငံရေးနဲ့ပတ်သက်ရတာပေါ့။ အတည်ပေါက်တွေ ရေးရတာမို့ တခါခါ ဆောင်းပါး ဆိုတာတွေဟာ လူတွေကို ဆရာလုပ်နေသလို ဖြစ်နေတယ်လို့ တွေးမိတယ်။ ဆရာလုပ်တာကို လောကကြီးမှာ ဘယ်သူမှ မခံချင်ပါ။ မကြိုက်ကြပါ။ ကျနော်လည်း ကျနော့်ကို ဆရာလာလုပ်ရင် မကြိုက်တတ်သူတဦးပါ။ တခြားသူတွေလည်း ဘယ်ခံချင်ပါ့မလဲလို့ စိတ်ထဲမှာ ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် လူတွေကို ဆရာလုပ်ရတဲ့ ဆောင်းပါးမျိုးတွေကိုရေးဖို့ တခါတခါ ငြီးငွေ့လာတယ်။ အပြောင်အပျက် စာကလေးတွေ ရေးရရင် အပျင်းလည်းပြေသလို စိတ်မှာလည်း ပေါ့ပါးတာပေါ့။ ဟုတ်တယ်မို့လား။ 

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အစိုးရနဲ့ ငြိမ်းချမ်းရေးစကားပြောကြတော့ အစိုးရဆီက အခွင့်အလမ်းတွေရခဲ့ကြတယ် မဟုတ်လား။ ကျောက်စိမ်းတူးခွင့်တို့၊ မိုင်းရှူးရတနာမြေတို့၊ တခြားသတ္ထုမိုင်းတွေ တူးဖော်ခွင့်တို့၊ သစ်ခုတ်ခွင့်တို့၊ ရွှေတူးခွင့်တို့၊ ဘာကုမ္ပဏီ ညာကုမ္ပဏီတွေ ထူထောင်လုပ်ကိုင်ခွင့်တို့ရခဲ့တာကို မှတ်မိနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ဆင်းရဲလေတော့ အစိုးရကပြန်ကြည့်တဲ့ သဘောမျိုးလားတော့ မသိဘူး။ ဒါမှမဟုတ် သွယ်ဝိုက်ပြီး လာဘ်ထိုးတာ များလားပေါ့။ စဉ်းစားကြည့်တာပါ။ ဘယ်သူ့ကိုမှ အပြစ်တင်တာ မဟုတ်ပါဘူး။ 


Tuesday, May 13, 2014

တာဝန်သိမှ တရားရှင်သန် (ဇော်မင်း)

လွန်ခဲ့တဲ့ လေးငါးရက်လောက်က နိုင်ငံခြားတိုင်းပြည်တစ်ခုက သတင်းတပုဒ်ကို ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းကို ဖတ်လိုက်ရတော့ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုမျိုးလုပ်ရင် ဒီလိုမျိုး အကျိုးဆက်ရှိပါလားလို့ မှတ်သားရပါတယ်။ သတင်းက ဘာကိစ္စလဲဆိုတော့ အစိုးရဝန်ကြီးတစ်ပါး ပုဂ္ဂိုလ်ရေး အသုံးစရိတ်များနေတဲ့အပေါ်မှာ ဝေဖန်ခံရတာ ဖြစ်ပါတယ်။ အဲသလို အဝေဖန်ခံရပြီး နောက်တော့ အဲဒီဝန်ကြီးဟာ တာဝန်သိသိနဲ့ သူ့ရာထူးကနေ နှုတ်ထွက်ပေးခဲ့ပါတယ်။ ဝန်ကြီးရာထူးမှာ ရသလောက်တော့ နေဦးမဟဲ့ဆိုပြီး ကုတ်ကပ်နေတာမျိုး မလုပ်ပါဘူး။ 

အဲဒီ ဝန်ကြီးကတော့ လက်ရှိအာဏာရ ဗြိတိသျှအစိုးရရဲ့ ဝန်ကြီးတစ်ပါး ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့နာမည်ကတော့ မာရီယာ မီးလားလို့ ခေါ်ပါတယ်။ အဆိုပါ အမျိုးသမီးဝန်ကြီးရဲ့ တာဝန်ကတော့ ယဉ်ကျေးမှု၊ သတင်း မီဒီယာနဲ့ အားကစားရေးရာဝန်ကြီးဌာန ဖြစ်ပါတယ်။ အခုလက်ရှိ ဗြိတိန်နိုင်ငံမှာ အာဏာရယူထားတဲ့ နိုင်ငံရေး ပါတီက ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ဦးဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီပါ။ 


Wednesday, March 19, 2014

အင်္ဂလိပ်စာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (ဇော်မင်း)

ဘာသာစကားတွေဟာ အသုံးဝင်လှသလို လူ့အဖွဲ့အစည်းအတွင်း အရေးကြီးတဲ့ကဏ္ဍမှာ တည်ရှိနေပါတယ်။ လူတဦးတယောက်ဟာ ပထမဆုံးအနေနဲ့ မိမိရဲ့မိခင်ဘာသာစကားကို လည်လည်ပတ်ပတ် ပြောတတ်ဆိုတတ် ရေးသား ဖတ်မှတ်နိုင်ဖို့ လိုပါတယ်။ အဲတာကနေ တဆင့်တက်ပြောရမယ်ဆိုရင် မိမိရဲ့ မိခင်ဘာသာစကားမဟုတ်တဲ့ နောက်ထပ် ဘာသာစကားတခုခုကို တတ်ကျွမ်းရင် ပိုပြီးအကျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ထပ်ဘာသာစကားတခုလို့ ပြောလိုက်တဲ့အခါမှာ ဘယ်လိုဘာသာစကားမျိုးကို လေ့လာသင်ယူဖို့လိုမလဲဆိုတာကလည်း စဉ်းစားဖို့ လိုလာပြန်ပါတယ်။ 

ယေဘုယျတင်ပြရမယ်ဆိုရင် ကနေ့ကမ္ဘာကြီးမှာ မိခင်ဘာသာစကားအပြင် နောက်ထပ်လေ့လာနေကြတဲ့ သင်ယူနေကြတဲ့ ဘာသာစကားကတော့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကား ဖြစ်ပါတယ်။ ဒါကိုလည်း အများသိထားပြီးသားပါ။ တခြားသော ဘာသာစကားတွေကို သင်ယူလေ့လာတာမျိုးရှိပေမယ့် ရာခိုင်နှုန်းအများစုအနေနဲ့ပြောရရင် အင်္ဂလိပ်ဘာသာစကားကို သင်ယူကြတာက များတာကြောင့် ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အင်္ဂလိပ်စကားဟာ အခုဆိုရင် ကမ္ဘာသုံး ဘာသာစကားတရပ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းလိုလိုက ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာရပ်ကို မိခင်ဘာသာစကားပြီးရင် ဒုတိယဘာသာစကားအဖြစ် သင်ကြားနေကြပါတယ်။ 


Friday, March 7, 2014

လူထုအခြေပြု လူမှုအဖွဲ့အစည်းများနဲ့ ပွင့်လင်းမြင်သာမှု (ဇော်မင်း)

အခုဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ အဖွဲ့အစည်း အသင်းအပင်းတွေ တစထက်တစ တိုးတက်များပြားလာနေတာ တွေ့ရပါတယ်။ ဘာသာရေး လူမှုရေးဆောင်ရွက်တဲ့ အသင်းအပင်းတွေ၊ ပညာရေး ကျန်းမာရေးကိစ္စများအတွက် ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ စသဖြင့် အမျိုးအစား စုံလင်လှပါတယ်။ 

ဒါ့အပြင် အလုပ်သမား လယ်သမား အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းများလည်း ရှိပါသေးတယ်။ အမျိုးသမီးအခွင့်အရေး ကလေးသူငယ်အခွင့်အရေး စတာတွေအတွက် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများလည်း အတော်လေး များပြားလာတာ တွေ့ရပါတယ်။ ဒီလို အဖွဲ့အစည်းတွေဟာ နိုင်ငံတော် အာဏာရယူဖို့ ရွေးကောက်ပွဲအောင်နိုင်ဖို့ စတာမျိုးတွေကို ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီလို အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒီလိုအဖွဲ့အစည်းမျိုးတွေကို နိုင်ငံတကာမှာ လူထုအခြေပြု လူမှုအဖွဲ့အစည်း များဆိုပြီး ယေဘုယျအားဖြင့် သတ်မှတ် ခေါ်ဆိုကြပါတယ်။


Wednesday, February 26, 2014

စားကျက်မြေနဲ့ သမ္မတကြီးပြောတဲ့ နွားနို့ (ဇော်မင်း)

မှတ်မိနေတဲ့ကိစ္စတခု ရှိပါတယ်။ အဲဒါက ဘာတုန်းဆိုတော့ ၂ဝ၁၂ ခုနှစ် သြဂုတ်လအတွင်းက လွှတ်တော်မှာ စားကျက်မြေကိစ္စနဲ့ပတ်သက်လို့ အပြန်အလှန် ငြင်းခုံဆွေးနွေးတာတွေ ဖြစ်ခဲ့ပါတယ်။ အဆိုတင်တဲ့ဘက်က မြန်မာနိုင်ငံဟာ နောင်မှာ စက်မှုနိုင်ငံတော်အဖြစ် တည်ဆောက်တော့မှာမို့ စားကျက်မြေဆိုတာ လိုအပ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် စားကျက်မြေတွေကို လယ်ယာမြေအဖြစ် အသွင်ပြောင်းဖို့နဲ့ စက်မှုဇုံတွေအဖြစ် အသွင်ပြောင်းဖို့ လိုအပ်တယ်လို့ တင်ပြလာပါတယ်။ အဲသလို တင်ပြလာတဲ့အဆိုဟာ ဆွေးနွေးဖို့တောင် မလိုအပ်ဘူးလို့ ကန့်ကွက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကန့်ကွက်တဲ့ဘက်က ရှုံးနိမ့်သွားတဲ့အတွက် ဒီအဆိုဟာ လွှတ်တော်အတွင်းမှာ မပြီးပြတ်သေးဘဲ ဆက်လက်ဆွေးနွေးဖို့ ရှိလာပါတယ်။ 

စားကျက်မြေတွေကို အသွင်ပြောင်းဖို့ တင်ပြလာတဲ့သူတွေကို မေးခွန်းတခု မေးလိုပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံဟာ နောင်မှာ စက်မှုနိုင်ငံတော်အဖြစ်သွားတော့မယ်ဆိုတာ ဘယ်ကာလ ဘယ်နှစ် အပိုင်းအခြားကိုဆိုလိုသလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဘယ်အချိန် ဘယ်ကာလရောက်ရင် ကျွဲနွားကို သုံးစရာမလိုတော့ဘူးလို့ အတိအလင်း တင်ပြတာမျိုးကိုတော့ မတွေ့ရပါဘူး။ ပကတိအခြေအနေအတိုင်း ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ အခုအထိ လယ်ယာစိုက်ပျိုးရေးကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်နေတုန်းပါပဲ။ လယ်ယာစိုက်ပျိုးရေးမှာလည်း ကျွဲနွားကို အခြေပြုပြီး စိုက်ပျိုးနေရဆဲ တိုင်းပြည်လည်း ဖြစ်ပါတယ်။ ကျွဲနွားကို အခြေပြုထားရဆဲဖြစ်တာကြောင့် ကိုယ်ခိုင်းစားရတဲ့ ကျွဲနွားတွေကို ကောင်းကောင်းမွန်မွန် ကျွေးမွေးဖို့လည်း တဖက်မှာ လိုလာပြန်ပါတယ်။ အဲဒါကြောင့် ကျွဲနွားတွေကို အစာကျွေးဖို့အတွက် စားကျက်မြေဆိုတာ မရှိမဖြစ်လိုအပ်နေသေးတယ်ဆိုတာ မမေ့သင့်ပါဘူး။ 


Thursday, February 6, 2014

ဝက်သားဟင်း၊ ချဉ်ပေါင်၊ ကွန်ဖော့ဇုံနဲ့ ကျော်ကြားလိုသူများ (ဇော်မင်း)

မွေးမြူရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်၏ ဟိုရက်တုန်းက ပြောစကားသည် မိုက်ရိုင်းလွန်းသည်။ လူတွေကို လီးပဲဟု ပုဆိုးလှန်မပြယုံ တမယ်သာ ကျန်တော့သည်။ သူ့ကိုယ်သူ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး ရည်ညွှန်းသည်။ အမှန်ဆိုရင် သူဟာ အရပ်သား ပြည်ထောင်စုဝန်ကြီးသာ ဖြစ်သည်။ စစ်ဗိုလ်ချုပ် မဟုတ်တော့။ သို့သော် စစ်သွးစစ်မာန်ကား မကုန်သေး။ လူတွေကို စိန်ခေါ်နေသည်။ နိုင်ငံသားတွေကို စိန်ခေါ်နေသည်။ တိုင်းရင်းသားအပေါင်းကိုလည်း စိန်ခေါ်နေခြင်းဖြစ်သည်။ စစ်ဗိုလ်ပဲဖြစ်ဖြစ်၊ အရပ်သား ဝန်ထမ်းပဲဖြစ်ဖြစ် ပြည်သူ့အစေခံသာ ဖြစ်သည်။ အခုတော့ ပြောနေသည့်လေပေါက်က မင်းတရားလေးတပါးအလားပင် ဖြစ်သည်။ ပြည်သူတို့ ဝန်ကြီးအရ ကံဆိုးလေစွ။ ဦးအုန်းမြင့်သည် မိကောင်းဖခင် သားသမီးမှ ဟုတ်ပါလေစ။ 

ဦးအုန်းမြင့်သည် သတ္တိကောင်းလွန်းလို့ အဲသလိုပြောသည်ဟု မထင်။ နောက်ကွယ်မှာ ထောက်ခံထားသူတို့ အရှိန်အဝါနဲ့ပြောတာ ဖြစ်ပေလိမ့်မည်။ ဗိုလ်ချုပ်ဘဝတုန်းက သေနတ်ကိုင်ထားပြီး လက်နက်မရှိသူတွေကို ပါးတွေ တဖြန်းဖြန်းရိုက်ခဲ့သလို လုပ်ချင်တာတွေလည်း လုပ်ခဲ့သည့်သူများဖြစ်သည်။ အခု အမှန်တကယ် သတ္တိရှိရင် လက်နက်မပါဘဲ တယောက်ထဲ လမ်းပေါ်ထွက်၍ စိန်ခေါ်ရဲသလော။ သူတို့ခေတ် ဗိုလ်ချုပ်ဆိုတာမျိုးက လက်ထဲမှာ လက်နက်မရှိရင် ရွာသိမ်ရွာမွှားက ရွာလူမိုက်လောက်တောင် စွာရဲတာမှ မဟုတ်တာ။ 


Saturday, August 17, 2013

ရာဇဝတ်မှုများမှသည် မျက်ဖြေကော်မရှင်သို့ (ဇော်မင်း)

မကြာသေးခင်ကပဲ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဝန်ကြီးဦးအောင်မင်း လူသိရှင်ကြားပြောလိုက်တဲ့ကိစ္စတခု ရှိပါတယ်။ ကျောင်းသားတပ်မတော်လို့ ခေါ်တဲ့ ABSDF ခေါင်းဆောင်ဟောင်းတွေ အပါအဝင် လက်ရှိအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စများနဲ့ဆက်စပ်လို့ တရားစွဲဆိုတာ အရေးယူတာမျိုး နိုင်ငံတော်က မလုပ်ပါဘူးတဲ့။ သို့သော်လည်း အတိတ်က ရာဇဝတ်မှုကျူးလွန်ထားတာတွေရှိလို့ ကျူးလွန်ခံခဲ့ရတဲ့ ပြည်သူတွေထဲက တစုံတဦးက တရားစွဲဆိုမယ်ဆိုရင်တော့ ရုံးတော်မှာရင်ဆိုင်ရလိမ့်မယ်လို့ ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ ဒီစကားကို အစိုးရနဲ့ ABSDF နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပွဲအပြီးမှာ ပြောလိုက်တာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ အတော်များများက မှတ်ချက်ချပါတယ်။ ဘာတုန်းဆိုတော့ အစိုးရဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းတွေမှာ အဆင့်နှစ်မျိုးထား နှစ်ဖက်ခွပြီး လုပ်နေတာလို့ ဆိုကြပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတုန်းကလည်း တခါထဲ အပြီးသတ် လွှတ်ပေးလိုက်တာမျိုးမဟုတ်ဘဲ ပုဒ်မ ၄ဝ၁ နဲ့ ထောင်သက်ကို အကြွေးချန်သလို ချန်ထားပြီးမှ လွှတ်ပေးတာမျိုး ဖြစ်နေတာကို ကြည့်ပါလားဆိုပြီး ထောက်ပြလာသူတွေလည်း ရှိပါတယ်။ မှန်ပါတယ် ဒါဟာလည်း နှစ်ဖက်ခွထားတဲ့ ပေါ်လစီမျိုးလို့ ဆိုနိုင်ပါတယ်။ အစိုးရခေါင်းဆောင်တွေ မကြည်မသာဖြစ်တဲ့အချိန်မှာ ပြန်ဖမ်းလို့ရတယ်၊ တရားရုံးပို့လို့ရတယ်၊ ထောင်ချလို့ရတယ်လို့ ပြောတာနဲ့အတူတူပဲ ဖြစ်ပါတယ်။ တနေရာမှာ အဖုကလေး အထစ်ကလေး ချန်ထားတယ်လို့လည်း ပြောမယ်ဆိုရင်လည်း ရပါတယ်။