Sunday, February 16, 2014

ပျက် (မင်းသိုက်)

ဗမာပြည်ကြီး ပျက်သုဉ်းတာ ... စစ်အစိုးရ သောက်သုံးမကျလို့၊ ချိတ်ထမီဝတ်တွေ သောက်သုံးမကျလို့ လိမ်ညာကြံဖန်လှည့်ဖျားနေလို့ ... အစရှိသဖြင့် အလွှတ်တွေ မွှတ်နေအောင် မြင်နေ တွေ့နေ ဖတ်နေရတာ အများသားကလား။ 

ကျုပ်တို့ကတော့ သဘာဝအလှတရား ကိုးကွယ်တတ်သူမို့ ... မဟာရန်ကုန်ရွှေမြို့တော်ကြီးကို စနစ်တကျ ခေတ်အဆက်ဆက်ဖျက်ခဲ့တဲ့ တစ်နံပတ်တရားခံတွေအကြောင်း အွန်လိုင်းပေါ် ထူထူထဲထဲ ရေးသူ ဖွသူ ပွသူ မတွေ့ရသလောက်ပဲ။ 


ဟုတ်ပါတယ် ... “လေး - အောင် - လှ” သုံးဆက် ခုချိန်ထိတိုင် မာမူ ဘာဘူတို့နဲ့ ပေါင်းစားရောင်းစားခဲ့တဲ့ အဆိုးအပြစ်အနှစ်တွေသိချင်ရင် ဆာကူရာတာဝါတို့ ယူဇနပလာဇာတို့ပေါ်ကသာ တက်ရှု့ကြည့်ပေတော့။ 

မဟာရန်ကုန်ရွှေမြို့တော်နေ အနယ်နယ်အရပ်ရပ် လူတန်းစားအစုံ ဘာသာအဖုံ တိုင်းရင်းသား အမယ်စုံဘဝတွေ မှီတင်းနေထိုင်ရာ မီးခြစ်ပုံးသာသာ တိုက်လဘာဂျာတို့ မြင်ရတွေ့ရပါလိမ့်မယ်။

နိုင်ငံတကာအဆင့် ခြေဖျားမမီ စံမပီတဲ့ ... ကန်ထရိုက်တိုက်ခေါ် ထိုအသိုက်အမြုံတော်တို့ ဘယ်လိုဆောက်သွားတယ် ဘယ်လိုစံလွဲတယ် ဘယ်လိုလုပ်စားသွားကြတယ်ဆိုတာ ... ၄ ချောင်းထောက်တို့ .... .... မေးစမ်းထောက်ပြီး တင်ပြယှဉ်ပြဖို့ အချိန်ကျနေပလားလို့ပါ။      ။

No comments: