Showing posts with label မောင်လှဝင်း (မြင်းခြံ). Show all posts
Showing posts with label မောင်လှဝင်း (မြင်းခြံ). Show all posts

Friday, November 14, 2008

မောင်လှဝင်း (မြင်းခြံ) ကာဝိုင်းဟာ နှင်းခါးသင်တိုင်းနဲ့ (နိဂုံးပိုင်း)

ခုချိန်ဆို ကာဝိုင်း ဟာ နှင်းခါးသင်တိုင်းနဲ့ ပြာမှိုင်းနေရော့မယ် နိုင်ဝင်းဆွေရေ … (၄)


မောင်လှဝင်း (မြင်းခြံ)


‘မိုးသောက်ကြယ်နီ’ က ဇာတ်ထဲက ‘သမုသယဘုမ္မာ’ ဆိုတဲ့ဇာတ်ထဲမှာ သူက ‘ဟတ္တိဗလ’အဖြစ် သရုပ်ဆောင်ခဲ့ သလို ဒီဇာတ်စင်ပေါ်မှာ သူ ကဗျာရွတ်ဖူးပါတယ်။ ဒီဇာတ်ခုံပေါ်မှာပဲ သူနဲ့ကိုရန်လင်းတို့ ကြိုးစားပမ်းစား သရုပ်ဖော် တင်ဆက်တဲ့ပြဇာတ်တွေ တင်ဆက်ခဲ့ဖူးပါတယ်။ သူနဲ့ ကိုရန်လင်းတို့ ဘယ်လောက် အနုပညာမြောက်အောင် ကြိုးစား ကြိုးစား၊ သီချင်းတွေ အသံတွေ လျှပ်စစ်မီးဆလိုက်တွေ ဘယ်လောက် ကောင်းအောင်လုပ်လုပ် သူတို့ ပြဇာတ်တွေက ဘယ်လောက် အနုပညာမြောက်မြောက် အောင်မြင်တယ်လို့ မပြောနိုင်ပါ။


ဘာကြောင့်လဲဆိုတော့ ပရိတ်သတ်ဟာ ဝ၊ ရှမ်း၊ လားဟူ စတဲ့ အမျိုးသားများ၊ လူထုများ၊ တပ်မတော်သား များဖြစ်ကြပြီး ဒီပရိတ်သတ်များက နားမလည်ကြလို့ပါပဲ။ ဗမာရဲဘော်ပရိတ်သတ် ၁ဝဝ လောက်သာ နားလည် ခံစားပြီး ကောင်းတယ်ပြောကြပေမယ့် အများစုက နားမလည်လို့ မအောင်မြင်ဘူးလို့ ပြောရတာပါ။


ဒီပြဿနာကို ကျနော်တို့ ဝိုင်းဝန်းစဉ်းစားခဲ့ကြပါတယ်။ အဓိကအားဖြင့် ဘာသာစကားမပေါက်လို့ လူထု နားမလည်တာလို့အဖြေထုတ်ပြီး နောက်ပိုင်းမှာ ရှမ်းဘာသာစကားပြော ပြဇာတ် တပုဒ် နှစ်ပုဒ်လောက် ကိုကျော်ဆိုင် ကြိုးစားတင်ပြခဲ့ဖူးပါသေးတယ်။


အသံလွှင့်ပြဇာတ်အတွက် ကြိုးပမ်းရင်း၊ စင်တင်ပြဇာတ်တွေ လုံးပမ်းရင်း၊ သီချင်းဂီတတွေ ဖန်တီးရင်း သူနဲ့ ကိုရန်လင်းတို့ ငယ်ပေါင်းကြီးဖက် သူငယ်ချင်းတွေလို ရင်းနှီးသွားခဲ့ကြပါတယ်။ အနုပညာလုပ်ရင်း၊ အတူသောက်ရင်း၊ အတူခံစားချက်ဖလှယ်ကြရင်းနဲ့ ပိုမိုရင်းနှီးသွားတာလို့ ပြောလို့ရပါလိမ့်မယ်။


အစပိုင်း ကျနော်နဲ့ ကာဝိုင်းမှာ ကြိတ်ဆုံလုပ်စဉ်က ကိုကျော်ဆိုင် အရက် ဒါလောက်မသောက်သေးပါ။ ပါတီစည်းကမ်းကို လေးစားလို့ဖြစ်ပါလိမ့်မယ်။ ကိုကျော်ဆိုင်နဲ့ ကိုရန်လင်းတို့ အရက်မူးပြီး မိုးရွာထဲ ကိုရန်လင်းက တယောထိုး၊ ကိုကျော်ဆိုင်က ချစ်ပြုံးနှင်းဆီ သီချင်းအော်ဆိုနေတဲ့သတင်းကို ကျနော် အဝေးကနေ ကြားသိခဲ့ရ ပါတယ်။


ကိုကျော်ဆိုင်ဟာ ချစ်ပြုံးနှင်းဆီ သီချင်း၊ ချစ်မိုးကြီးသီချင်းနဲ့ မိုးသက်လေနှင်သီချင်းတို့ကို အသဲစွဲကြိုက်နှစ်သက် တတ်တာ ကျနော် သိပါတယ်။ ကျနော်နဲ့ ကိုကျော်ဆိုင်တို့ ကိုရန်လင်းတို့ အမြဲတစေ ရင်းနှီးချစ်ခင်မှုရှိကြပါတယ်။ အနုပညာကို ချစ်ခင်မြတ်နိုးမှုလည်း တူညီကြပါတယ်။ ဒါပေမယ့် သဘောထားချင်းတော့ မတူညီပါ။ နိုင်ငံရေးသဘောထားချင်းလည်း မတူညီသလို အနုပညာသဘောထားချင်းလည်း မတူညီပါ။ ကျနော်တို့ အပြင်းအထန် ငြင်းခုံခဲ့ဖူးပါတယ်။ ဒါပေမယ့် အခင်မင်ပျက်မသွားကြပါ။


ကိုကျော်ဆိုင်ဟာ သူ့စာမူ သူ့အနုပညာကို မသုံးရင် မသုံးနဲ့၊ ပြင်တာကိုတော့ လက်မခံနိုင်ဘူးဆိုတဲ့ သဘောထား ရှိပါတယ်။ သူတို့စီစဉ်တဲ့ စင်တင်ပြဇာတ်တပုဒ်တလေဟာ ပါတီအကျိုးစီးပွားထိခိုက်တာမျိုး ရှိတတ်ပါတယ်။ ဒါကို သက်ဆိုင်ရာ အဖွဲ့အစည်းက ဝေဖန်ထောက်ပြတာမျိုးရှိရင် သူရော ကိုရန်လင်းတို့ကပါ သိပ်လက်မခံကြပါ။ သက်ဆိုင်ရာအဖွဲ့အစည်းက ဒီပြဇာတ်ရဲ့ ဒီအခန်းကို ဖြုတ်ပေးပါလို့ ပိတ်ပင်တားမြစ်ရင် သူတို့က စိတ်ဆိုးပြီး ပြဇာတ်တခုလုံးကို မကတော့ဘဲ ရပ်ပစ်လိုက်တာမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် ယုံကြည်ချက်နဲ့ တော်လှန်ရေး လာလုပ်တဲ့ စာရေးဆရာတဦးအဖြစ် ကျနော် သူ့အပေါ် နားလည်ခွင့်လွတ်ခဲ့ပါတယ်။ ပါတီကလည်း သူ့အပေါ် တတ်နိုင်သမျှ အပျော့ပျောင်းဆုံး သဘောထားခဲ့ပါတယ်။


သူနဲ့ မကျုံတို့နေထိုင်ရာ အိမ်ကလေးကို ကျနော် မကြာခဏ ဝင်ထွက်စားသောက်ခဲ့ပါတယ်။ အသားဟင်းလျာ ရှားပါးချိန်မှာ ကိုကျော်ဆိုင်ဟာ လားသား၊ မြင်းသားတွေကို လားသေတဲ့အခါ သွားရောက်ဖျက်ယူပြီး ရေရှည်ခံအောင် ငပိသိပ်ပါတယ်။ ‘လားသားငပိ’ ဟင်းနဲ့ သူဧည့်ခံတာကို ကျနော် ဟားခဲ့ဖူးပါတယ်။


ကိုကျော်ဆိုင်ကို ပါတီကထောက်ပံ့ထားတဲ့ငွေဟာ ကိုကျော်ဆိုင်တဦးတည်းအတွက် နေထိုင်စားသောက် လို့ရပေမယ့် မကျုံပါတိုးလာတဲ့အခါ သူတို့နေထိုင်ရေးစားသောက်ရေး အနည်းငယ် အခက်အခဲတွေ့ပါတယ်။ ဒါပေမယ့် မကျုံဟာဘဝကို ဒေါင်ကျကျ၊ ပြားကျကျ ရင်ဆိုင်နိုင်သူပါ။ မှုန့်ပဲသားရေစာ တိုလီမိုလီပစ္စည်းတွေ ရောင်းတာ၊ အရက်ရောင်းတာ စသဖြင့် သူ တတ်နိုင်တာလေးတွေရောင်းပြီး အိမ်ရဲ့စားသောက်စရိတ်ကို ဖာထေးပါတယ်။


သူတို့ဇနီးမောင်နှံဟာလည်း ချစ်ချစ်ခင်ခင်ရှိကြပါတယ်။ ဒါပေမယ့် ပြဿနာက ကလေးမရခြင်းပါ။


“မကျုံက ကလေးသိပ်လိုချင်နေတာ၊ ခု ကလေး ရှိမလာတော့ သူ့ကိုယ်သူ ကလေးမရနိုင်တော့ဘူး ထင်နေတယ်။ ဒါကြောင့် ဟိုကလေး ဒီကလေးတွေ့ရင် သူက မွေးစားချင်နေတယ်။ ပြဿနာက သူ မဟုတ်ပါဘူး၊ ကိုယ်ပါ၊ ကိုယ်ဟာ မြို့ပေါ်မှာတုန်းကလည်း ဘယ်တုန်းကမှ ကလေးရှိခဲ့ဖူးတာ မဟုတ်ဘူး”


“ဒါဘာဖြစ်သလဲဗျ၊ ခင်ဗျား ဒီကိစ္စအကျိုးအကြောင်း မကျုံကို ဖွင့်ပြောလိုက်ပေါ့”


“သူ့ဘဝတလျှောက်လုံး စိတ်ထိခိုက်သွားမှာစိုးလို့ ကိုယ် မပြောရက်ဘူးကွာ”


လို့ ကိုကျော်ဆိုင် ဖွင့်ပြောခဲ့ပါတယ်။ ကလေးမရှိတာကလွဲလို့ သူတို့အိမ်ထောင်ရေး သာသာယာယာ၊ တယောက်နဲ့တယောက် အပြန်အလှန် ချစ်ခင်စုံမက်ကြတာမို့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ပါတီနဲ့ တော်လှန်ရေး ဘဝအတွင်းမှာပဲ ကိုကျော်ဆိုင်ဟာ ဘာပြဿနာမှ ကြီးကြီးမားမားမရှိခဲ့။ ပျော်ပျော်ရွှင်ရွှင်နေထိုင်လာခဲ့ပါတယ်။ သည့်နောက်ပိုင်း ဆက်ရေးရမယ့်အကြောင်းတွေကတော့ သိပ်ပျော်စရာမကောင်းလှပါ။ ကိုကျော်ဆိုင်ဟာ သူ့စာ၊ သူ့ပြဇာတ်၊ သူ့အနုပညာတို့အပေါ် တည်းဖြတ်တာမခံနိုင်ကြောင်းကို ပြောပြီးပါပြီ။


နောက်ပိုင်းမှာတော့ သူဟာ ဒီမိုကရေစီမူကြီး ငါးရပ်ဆိုတာကို တင်လာပါတယ်။ ပါတီက ဒီမိုကရေစီ ၄ ရပ်ကို လက်ခံထားတဲ့အချိန်မှာ သူက စင်ပြိုင်တင်လာတာပါ။ အပြင်မှာလည်း သူ့အယူအဆကို ဝါဒဖြန့်တာ ပြောတာ ဆိုတာ လုပ်ပါတယ်။ တကယ်တော့ သူ့လုပ်ရပ်တွေ ဟာ ပါတီစည်းမျဉ်းနဲ့ မကိုက်ညီပါ။ တချို့ကိစ္စတွေမှာ သက်ဆိုင်ရာက ဝေဖန်ဆွေးနွေးလုပ်တာမှအပ သူ့အပေါ်ဘာမှ ကြီးကြီးမားမား ဖိအားပေးခဲ့တာမျိုး မရှိပါ။


အဲဒီအချိန်က ပါတီအပေါ်မကျေနပ်တဲ့ ပညာတတ် (ဗမာစာပေပညာတတ်နဲ့ တရုတ်စာပေပညာတတ်) တချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေရဲ့ဂယက်နဲ့ အနုပညာအယူအဆ ဂယက်တွေလည်း သူ့ကို ရိုက်ခတ်ခဲ့ပါတယ်။ သူ့ရဲ့ ဝတ္ထုတပုဒ်ကို ဂျပန်လိုဘာသာပြန်ဆို ထုတ်လိုက်တယ်ဆိုတဲ့ သတင်းလည်း သူ ကြားသိပါတယ်။ တော်လှန်ရေးအတွင်းဆိုတော့ သူ့ရဲ့ဘာဝတ္ထုကိုမှ ထုတ်ဝေပေးနိုင်ခြင်းမရှိတဲ့ ဘဝအခြေအနေနဲ့ပတ်သက်ပြီး သူ ဆက်နွယ်စဉ်းစားတာတွေလည်း ရှိပါလိမ့်မယ်။ နောက်ပိုင်းကာလတခုမှာတုန်းက လူထုဘဝနဲ့ ကျေးလက်အခြေ အနေ၊ လူတန်းစားတိုက်ပွဲအကြောင်းတို့ကို သူလေ့လာချင်တယ်ဆိုလို့ ကျနော် အကူအညီပေးခဲ့ရပါတယ်။


ကျေးလက်သွားနေဖို့ သူ့အတွက် ရိက္ခာ၊ ထောက်ပံ့ကြေးငွေ၊ ဘာသာပြန် ရဲဘော်စသဖြင့် အကူအညီပေးရပါ တယ်။ ကျေးရွာဒိုင်နယ် ကေဒါတွေလိုလည်း သူ့ကို ကောင်းကောင်းမွန်မွန် စောင့်လျှောက်ဖို့မှာထား ရပါတယ်။ ဒါ ကျနော်တဦးချင်းအနေနဲ့ လုပ်တာမဟုတ်ပါ။ သက်ဆိုင်ရာအထက်အဖွဲ့အစည်းသို့ တင်ပြပြီးခွင့်ပြုချက်အရ စီစဉ်ပေးရတာပါ။


ဒီမိုကရေစီ ငါးရပ်အတွေးအခေါ်ကိုကိုင်ပြီး ပါတီရဲ့လူတန်းစားပေါ်လစီနဲ့ မကိုက်ညီတာ တွေဖော်ထုတ်ဖို့ သူကြိုးပမ်းနေ မှန်း မသိမဟုတ်ပါဘူး။ သိပါတယ်။ ဒါပေမယ့် သူ့ရဲ့ယုံကြည်မှုဆိုင်ရာပြဿနာလည်း ဖြစ်နေပြန် သူ့ကိစ္စကလည်း ပါတီနဲ့တော်လှန်ရေးအကျိုး ထိခိုက်လာစေမယ့် အန္တရာယ်လည်း မရှိသေးပါ။ ချုပ်လိုက်ရင်တော့ သူ့ကိုခွင့်လွတ်ပြီး စောင့်ရှောက်ထားတာပါ။ ပန်ဆန်းမှာ နောက်ဆုံးအချိန် ရောက်တဲ့အထိ အဲဒီသဘောအတိုင်း သာ ရှိခဲ့ပါတယ်။


သူ ကျေးလက်ဆင်းရာကပြန်အလာ ကျနော်နဲ့တခါတွေ့တော့ သူ ပျော်ရွှင်နေတယ်။ လားဟူစကားလည်း မတောက်တခေါက် တတ်လာတယ်။ ရွာလူထုနဲ့လည်း ကိုကျော်ဆိုင်ဟာ ချစ်ကျွမ်းတဝင် ရင်းရင်းနှီးနှီး ရှိကြောင်း ကြားရတယ်။ ကိုကျော်ဆိုင်ဟာ လူထုနဲ့တသားတည်းကျအောင် ကျေးရွာနေထိုင်တတ်တာကိုတော့ ကျွန်တော် ယုံတယ်။


ပန်ဆန်းမှာ ပါတီအနေနဲ့ ‘၈၉ ဆုံးရှုံးနစ်နာမှု အရေးအခင်း’ နဲ့ကြုံတော့ သူ အတော်တုန်လှုပ်ခြောက်ခြားသွား တယ်လို့ ကြားသိရပါတယ်။ ကျနော်က အကျဉ်းခန်းထဲမှာဆိုတော့ အသေးစိတ်တော့ မသိပါ။ သူ့ဇနီးက ‘ဝ’ အမျိုးသားပေမယ့် သူက‘ဗမာ’ ဆိုတော့ သူ့အပေါ် အာဏာသိမ်းတပ်ဖွဲ့တချို့ရဲ့ ဆက်ဆံပြုမူပုံကြောင့် ခြောက်ခြောက်ခြားခြား ဖြစ်သွားပုံရပါတယ်။


ကျနော် ပန်ဆန်းကို ကျောခိုင်းထွက်ခွါချိန် လမ်းမှာ သူနဲ့တွေ့ပါတယ်။ ဟင်းရွက်ရှာက ပြန်လာတာပါ။ ကျနော် ထွက်သွားပြီဆိုတာ သူ သိပါတယ်။ သူကများ အာဏာသိမ်းတပ်ဖွဲ့ကိုသွားပြီး လက်တို့လေမလားဆိုပြီး ကျနော် စိုးရိမ်စိတ်ဝင်တာ အမှန်ပါ။ ဒါပေမယ့် သူ မလုပ်ပါဘူး။ တကယ်က သူလည်း ပန်ဆန်းကို စွန့်ခွာခဲ့ပြီးသားပါ။ မကျုံက ပါတီနောက်ကို လိုက်ချင်တယ်။ သူက မလိုက်လိုတော့ပါ။ သူနဲ့ တခြားသူ ၂ ဦးပေါင်းပြီး သုံးဦးသား ပါတီသစ်တခု တခဏလောက် ဖွဲ့လိုက်ပါသေးတယ်။ ခဏဆိုမှ တခဏလောက်ပါပဲ။ ဒီနောက် ပန်ဆန်းကို သူ ပြန်ဝင်သွားတယ်။


သူ စာတစောင်ရေးပြီး ပါတီကိုနှုတ်ဆက်သွားသေးတယ်လို့ ကြားသိရပါတယ်။ စာထဲမှာ သူ့အမြင် သူ့ခံစားချက် တွေကို ဖော်ပြထားတယ်လို့ ကြားသိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ပင်ကိုယ်ရိုးသားသူ၊ စစ်အစိုးရကို ဆန့်ကျင်တော်လှန်တဲ့ စာရေးဆရာတယောက်ပါ။ တော်တော်စောတဲ့ကာလကတည်းက မာ့က်စ်ဝါဒကို သက်ဝင် ယုံကြည်စွာနဲ့ လွတ်မြောက်ဒေသကို ထွက်လာခဲ့သူပါ။ အယူအဆတွေပြောင်းလဲခဲ့ပေမယ့် ရန်သူအပေါ် လက်နက်ချ အညံ့မခံဘဲ တော်လှန်ရေးအတွင်းမှာပဲ သူ့ဘဝကို နိဂုံးချုပ် အဆုံးသတ်ခဲ့ရသူပါ။


ရှစ်လေးလုံးကာလတုန်းကလည်း မြို့တွေမှာ သူ့စာအုပ်တွေကို ဈေးကြီးပေးပြီး လိုက်လံရှာဖွေ ဝယ်ယူကြ၊ လေ့လာဖတ်ရှုကြတယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိရပါတယ်။ ဒါလည်း သူ့တန်ဖိုးဖော်ပြချက်တခုပါပဲ။


နောက်ပိုင်းကာလ သူ့သတင်းကိုတော့ ကျနော်တို့အဝေးကပဲ ကြားရပါတယ်။ အသေးစိတ် အပြည့်အစုံ မသိပါ။ ဘယ်သတင်းက အမှန်ဆိုတာကိုလည်း မသိတော့ပါ။


တချိန်မှာ သူ့အကြောင်းအမှတ်တရ စာအုပ်တအုပ်ထုတ်ဖြစ်တဲ့အခါ ရေးကြသားကြရင်တော့ သိကြရမှာပါ။ ကျနော်တို့အထဲကလည်း သူ့အကြောင်းပြောပြနိုင်၊ ရေးသားနိုင်တဲ့ ပုဂ္ဂိုလ်များရှိပါသေးတယ်။ အခွင့်သင့်ရင် ရေးကြပါလိမ့်မယ်။ ကျနော်အနေနဲ့ကတော့ သူ့အကြောင်းစဉ်းစားတိုင်း ကာဝိုင်းမှာ လတချို့ သူနဲ့အတူနေခဲ့ရတာ ကို သတိမရဘဲ မနေနိုင်ပါ။


ခုချိန်ဆို ကာဝိုင်းဟာ နှင်းခါး သင်တိုင်းပြာမှိုင်းနေရော့မယ် ‘နိုင်ဝင်းဆွေ’ရေ့ …။


ရေစီးသံဂျာနယ်

၂၀၀၃ ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လ


Sunday, November 9, 2008

မောင်လှဝင်း (မြင်းခြံ) ကာဝိုင်းဟာ နှင်းခါးသင်တိုင်းနဲ့ (၂)

ခုချိန်ဆို ကာဝိုင်း ဟာ နှင်းခါးသင်တိုင်းနဲ့ ပြာမှိုင်းနေရော့မယ် နိုင်ဝင်းဆွေရေ … (၂)


မောင်လှဝင်း (မြင်းခြံ)


လူထုကို အလုပ်အကြွေးပြုဖို့ရောက်လာတဲ့ ကိုကျော်ဆိုင်ကို ကာဝိုင်းရွာကလေးက လူထုက ပွဲကျင်းပပြီး ကြိုဆို ခဲ့ပါတယ်။ သူတို့က ကိုကျော်ဆိုင်ကို နိုင်ဝင်းဆွေအဖြစ် မသိကြပါ။ နွေတညကိုလည်း သူတို့ မဖတ်ဘူးပါ။ မသိန်းရှင်ဆီ ပို့ပေးပါ တို့၊ မဟူရာမေတ္တာတို့ကိုလည်း မဖတ်ဖူးကြပါ။ သူတို့က ကိုကျော်ဆိုင်ကို ကိုကျော်ဆိုင် အဖြစ်သာ သိပါတယ်။


လူထုကပွဲဆိုတာ ဝ တောင် (တောင်ပိုင်း ဝ နယ်) ပန်ဆန်းမြို့နယ် နမ်ဖတ်ဒိုင်နယ်မှာ ကျင်းပတတ်တဲ့ ကပွဲမျိုးပါ။ နမ်ဖတ်ဒိုင်နယ်ရုံးက ကာဝိုင်းရွာကလေးမှာတည်ပြီး ကာဝိုင်းသား ပီဆန်မောင်က ဒိုင်နယ်မှူး တာဝန်ယူထားပါ တယ်။ ဒိုင်နယ်မှူးက အခါအားလျှော်စွာ စီစဉ်ကျင်းပပေးတဲ့ လူထုကပွဲတခုမှာ ကာဝိုင်းရွာနဲ့ နာရီဝက်ခရီးတောင် မဝေးတဲ့ ပန်မာလမ်းရွာ‘ပိန္နဲပင်ရွာ’က ‘မကျုံ’လည်း လာရောက်ပါဝင်ပါတယ်။


ညအခါ လသာသာမှာ တယောက်နဲ့တယောက် လက်ချင်းတွဲပြီး ဝ သီချင်းတွေဆိုကာ တွဲကကြပါတယ်။ မကတတ်စရာ မရှိပါ။ လူတိုင်း ဝင်ကလို့ ရပါတယ်။ ဝ သီချင်းဆိုတဲ့အခါ တယောက်နဲ့တယောက် လက်ချင်းတွဲ တွဲထားတဲ့လက်တွေကို အပေါ်မြှောက်လိုက် အောက်ပြန်ချလိုက် ကိုယ်ကလက်ချင်းတွဲဖို့ ကိုယ်လက်ကိုသာ ပေးလိုက် သူ့ အလိုအလျှောက် ကပွဲထဲမှာ ပါဝင်ပြီးသားဖြစ်သွားပါပြီ။ (လက်ချင်းတွဲပြီး ဝိုင်းကြီးပတ်လည်လို လူထုအဝိုင်းကြီး လှုပ်ရှားကကြရပါတယ်) သီချင်းတွေက လက်တန်းသီချင်းတွေပါ တချို့သီချင်းတွေက အဓိပ္ပာယ် သိပ်ကောင်းပါတယ်။ စာသား သိပ်လှပါတယ်။


“ကျော်ဆိုင်ရေး … ဝိုး ဝိုး …”


လူထုက ကိုကျော်ဆိုင်ကို လက်တန်းသီချင်းနဲ့ သီဆိုဂုဏ်ပြုပါတယ်။ ဒီပွဲမှာ ကိုကျော်ဆိုင်က ‘ဟီးရိုး’ပါ။ သူဟာ အဖိုးကြီးတွေနဲ့ လက်ချင်းတွဲတဲ့အခါ တွဲ၊ အဖွားကြီးတွေနဲ့ လက်ချင်းတွဲတဲ့အခါ တွဲ။ တခါတလေတော့လည်း ‘မကျုံ’ နဲ့ လက်ချင်းတွဲဆက်မိတာလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် သူဟာ မကျုံနဲ့ ရင်းရင်းနှီးနှီး မရှိကြသေးပါ။ မချစ်၊ မကြိုက်ကြသေးပါ။


အဲဒီအချိန်တုန်းက သူကြိုက်နေတာ တခြားတယောက်ဖြစ်ပါတယ်။ ပန်ဆန်းက ဗမာ အမျိုးသမီး ရဲဘော်မလေး တဦးကို သူကြိုက်ခဲ့ပါတယ်။ ကောင်မလေးက သူ့ကို ပြန်မကြိုက်ပါ။ ကာဝိုင်းမှာ ကျနော်နဲ့အတူနေပြီး ကြိတ်ဆုံ လုပ်နေကြစဉ်အတွင်း ပန်ဆန်းက သူကြိုက်တဲ့ ဗမာရဲဘော်မလေးနဲ့ အတော်တူတဲ့ ဝ မလေးတယောက်ကို သူမြင်မိပြီး သူ ရောဂါသည်းပါတော့တယ်။ တန်းတန်းစွဲ ဖြစ်နေပါတော့တယ်။


“မကြိုက်ပါနဲ့ ကိုကျော်ဆိုင်ရာ၊ ကောင်မလေးက အသက် အတော်ငယ်တယ်။ ၁၅ နှစ် ၁၆ နှစ်လောက်ပဲရှိဦး မယ်။ မသင့်တော်ပါဘူး”ဆိုပြီး ဖျက်တော့ သူက နဝဒေးတို့ ရှင်နှောင်းတို့ကို ကိုးကားပါတော့တယ်။ မေတ္တာဘွဲ့တွေ အမျိုးမျိုးရွတ်ပါတယ်။ ကျနော်ဖျက်ပေမယ့် သူက မဖျက်တော့ ဧည့်သည်အဖြစ်နဲ့ သူ့အလိုကို လိုက်ရပါတယ်။


ဒီ ‘ဝ’မကလေးနေတဲ့ရွာက ကာဝိုင်းရွာကနေ မိနစ်လေးဆယ်လောက် လမ်းလျှောက်သွားရတယ်။ ရွာက ချိုင့်ထဲမှာဆိုတော့ ရွာကိုသွားရင် ချိုင့်ထဲ ဆင်း၊ အပြန်ကျတော့ ချိုင့်ထဲက ပြန်တက်လာရ၊ ဝက်ဝံတွေ ကျားသစ်တွေရှိတဲ့ တောအုပ်ထဲကဖြတ်ပြီး နေဝင်မိုးချုပ်ပြန်လာကြရ။ သူကတော့ အချစ်အတွက် အသက်ပင်သေသေပေါ့။ ကျနော်ကတော့ ညနေတိုင်း ဒီလောက်ဝေးတဲ့ခရီး သူ့ကိုနေ့တိုင်းလောက်နီးနီး လိုက်ပို့ရတဲ့ ဒုက္ခက မသေးလှ။


“တခုတော့ရှိတယ် ခင်ဗျားကို ရိုးရိုးသားသား ပြန်ကြိုက်ရင်တော့ ခင်ဗျားသဘောပေါ့၊ ဒါပေမယ့် အာဏာတို့၊ သေနတ်တို့နဲ့ အရှိန်သြဇာသုံးပြီးတော့ ယူတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ဗျာ” ကျနော် ဒါလောက်တော့ သတိပေးရတယ်။


အဲဒီတုန်းက ကျနော်နဲ့သူနဲ့ နှစ်ယောက်သား ဒိုင်နယ်ရုံးမှာနေကြတယ်။ ကိုယ့်ဖာသာ ချက်စားကြတယ်။ ဒိုင်နယ်မှူးက သူ့အိမ်မှာ လာစားဖို့ခေါ်ပေမယ့် ကိုကျော်ဆိုင်က မစားချင်။ ဒိုင်နယ်မှူးက အချက်အပြုတ်လည်း ကောင်း၊ သားစို ငါးစိုနဲ့ အရံရိက္ခာ အစုံအလင်လည်း ရှိ၊ စေတနာလည်းကောင်းပေမယ့် သူက ဒိုင်နယ်မှူးကို လူတန်းစား မမှန်သူ၊ သွေးစုပ်သူ မြေရှင်လို့ မြင်နေတယ်။


“မဟုတ်ပါဘူးဗျ၊ အဲသလိုသေချာရင် သူ့ကို ဒိုင်နယ်မှူးတာဝန်က ဖြုတ်ချလိုက်မှာပေါ့ဗျ” ဆိုပြီး ရှင်းပြပေမယ့် လည်း သူ နားမဝင်။ သူက တခါတလေ တင်းမာတယ်။ သူ မှန်တယ်ထင်တဲ့အယူအဆကို တင်းတင်းမာမာ ကာကွယ်တတ်တယ်။ လူတန်းစားခွဲခြားကြည့်ရေးကိုလည်း သူ အလွန်စိတ်အားထက်သန်တယ်။


သူဟာ ‘ထက်မြက်’ နဲ့အတူတွဲပြီး ‘အိုယန်းဟိုင်ရဲ့တေးသံ’ ရေးသားထုတ်ဝေခဲ့သူပေကိုး။ (မြို့ပေါ်မှာနေတုန်းက အဖြစ်အပျက်တခုကို ပြန်ပြီး သတိရမိသေးရဲ့။ တခါတုန်းက သူ ကျနော်တို့ မြို့ကိုလာပြီး ‘မိုးကြိုမုန်တိုင်း’ စာအုပ်အတွက် (ဒါမှမဟုတ်) အဲဒီလိုမျိုး စာပေအယူအဆအတွက် လာဆွေးနွေးတာပဲ။ စာပေနယ်ရဲ့ ညီညွတ်ရေးပြိုကွဲစေမယ့် သူ့အယူအဆဟာ မမှန်ဘူးလို့ ကျနော်တို့က ပြန်လည်ဆွေးနွေးတယ်။ သူကလည်း ခေါင်းမာ၊ ကျနော်တို့ကလည်း အဲဒီကိစ္စမှာ နည်းနည်းမှမလျော့ ဒီလိုနဲ့ သူလည်း တပ်ခေါက်ပြီး ရန်ကုန်ကိုပြန်သွား တယ်)။


ဒိုယ်နယ်ရုံးဆိုတဲ့ သက်ကယ်မိုး၊ ထရံကာ အိမ်ခန်းလေးထဲမှာ ကြွက်ကလည်း ပေါလိုက်တာများလိုက်တာ လွန်ရော။ ကြွက်သတ်ဆေးချပြီး ကြွက်တွေကိုနှိမ်နှင်းတာ နေ့တိုင်းနေ့တိုင်း ကြွက်သေ ၁ဝ ကောင် ပတ်ဝန်းကျင် ခန့် ရတတ်တယ်။ ဒါပေမယ့် ကြွက်တပ်မဟာရဲ့အင်အားက သိသိသာသာ လျော့သွားတယ်ရယ်လို့ မရှိ။ နောက်ဆုံး ကျနော်တို့နှစ်ယောက်က ကြွက်သေကို နိုင်နှင်းအောင်မရှင်းနိုင်လို့ အခန်းမှာ ကြွက်ပုပ်နံ့တွေ တထောင်းထောင်း လှိုင်နေတယ်။ ကြွက်ပုပ်နံ့မခံနိုင်တာနဲ့ ကြွက်နှိမ်နှင်းရေးတိုက်ပွဲကို လက်လျော့ အလျှော့ပေး လိုက်ရတော့တယ်။


ကိုကျော်ဆိုင် ကြိတ်ဆုံလုပ်တာက အချိန်လည်းကြာတယ်။ လက်လည်း ဝင်တယ်။ သူ့အဖေလုပ်တာ သူတွေ့ဖူး၊ မြင်ဖူးခဲ့ပေမယ့် သူကိုယ်တိုင် လက်တွေ့လုပ်ဖူးတာမဟုတ်တော့ စမ်းတဝါးဝါး။ မြေကြိတ်ဆုံးလုပ်မယ့်မြေကြီးက မြေဝါ။ ဒီမြေဝါမျိုးရအောင်ရှာပေးပါဆိုလို့ ရှာရတယ်။ နောက်ဆုံး မိနစ် ၄ဝ ခရီးဝေးတဲ့ ရွာတရွာက မြေဝါကို သူသဘောကျလို့ အဲဒီမြေကြီးကို လူထုတွေက တောင်းကြီး တောင်းငယ်နဲ့ ထမ်းလာပြီး ဒိုင်နယ်ရုံးထဲ လာပို့ကြတယ်။


မြေကြိတ်ဆုံလုပ်တဲ့အခါမှာ ကြိတ်ဆုံရဲ့ကြိတ်သွားအတွက် ဝါးငုတ်တွေကို အသားသေအောင် ပုံရိုက်ထားတဲ့ ကြိတ်ဆုံမြေသားထဲမှာ စီပြီးစိုက်ထည့်ရတယ်။ ဝါးငုတ်တွေဟာ ကြိတ်သွားအဖြစ် တခုနဲ့တခုပွတ်တိုက်ကာ စပါးကိုဝါးရမှာဆိုတော့ ဝါးငုတ်လုပ်မယ့် ဝါးအမျိုးအစားဟာ ရေရှည်ခံဖို့ လိုတယ်။ မာဖို့ လိုတယ်။ ဒါအတွက် ကိုကျော်ဆိုင် တောင်းဆိုထားတဲ့ သုံးနှစ် ကျပ်တင်ထားတဲ့ဝါး တဲ့။ သူ လိုအပ်သမျှရှာဖွေပေးနေရတဲ့ ကျနော်နဲ့ ဒိုယ်နယ်မှူးတို့ အကြပ်ရိုက်တော့တာပဲ။ သုံးနှစ် ကျပ်တင်ထားတဲ့ဝါးဆိုတော့ ရှာဖို့ဘယ်လွယ်ပါ့မလဲ ခုချက်ချင်း ကျပ်တင်လို့ရတာ မဟုတ်ဘူးလေ။


တရက်ခရီးသွားရတဲ့ ဗဟိုရုံးစိုက်ရာ ‘ပန်ဆန်း’ကိုလူလွတ်ပြီး ဆိုင်းကုန်းက ဆိုင်းဆရာကြီး ‘ဘသက်ရှည်’ထံ ပတ္တလားလုပ်ရာမှာသုံးတဲ့ ကျပ်တင်ဝါး ရှိ မရှိ လှမ်းမေးရတယ်။ ဘသက်ရှည်ထံကလည်း မရှိဆိုတဲ့ အဖြေရတယ်။ ဒိုင်နယ်အသီးသီးကိုလည်း သုံးနှစ် ကျပ်တင်ဝါးရှာပေးနိုင် မလားဆိုပြီး စာရေးမေးမြန်းတယ်။ ဘယ်မှာမှ မရ။


တနေ့ ကိုကျော်ဆိုင်၊ ဒိုင်နယ်မှူးပီဆန်မောင်နဲ့ ကျနော်တို့ ဒိုင်နယ်မှူးရဲ့အိမ်ပေါ်ကနေ မီးဖိုဘေးမှာထိုင်နေကြတုန်း (ဝ နယ်ကအိမ်တွေရဲ့ ကြမ်းပြင်ပေါ်မှာ လေးထောင့် ကွက်မီးဖိုခုံ အိမ်တိုင်းမှာ ရှိတယ်။ အဲဒီမီးဖိုဘေးမှာ ဧည့်သည်နဲ့အိမ်ရှင်ထိုင်စကားပြောရင် ဒီနေရာဟာ ဧည့်ခန်းပဲ။ အဲဒီမီးဖိုဘေးမှာ လူတွေထိုင်ပြီး အစည်းအဝေး လုပ်ရ၍ ဒါ အစည်းအဝေးခန်းပဲ) မီးဖိုရဲ့အထက်က ဆင့်ပေါ်မှာ အစီအရီတင်ထားတဲ့ ‘ဝါးပိုးဝါး’ အကြီးကြီးတွေကို လက်ညှိုးထိုးပြီး ဒိုင်နယ်မှူးကို မေးရတယ်။


“ဒါတွေက ဘာ လုပ်တဲ့ဝါးတွေလဲ”


“စပါးထည့်တဲ့ ဝါးကျည်တောက်တွေလေ”


စပါးကို ဝါးပိုးဝါးအကြီးကြီး ထဲထည့်ပြီး အမြဲခြောက် သွေ့နေအောင် မီးဖိုအထက်က ဆင့်မှာတင်ထားတာလေ။


“ဒီဝါးကျဉ်တောင့်တွေ မီးဖိုပေါ်မှာဒီလိုတင်ထားတာ ဘယ်နှစ်နှစ်ရှိပြီလဲ”


“ငါးနှစ်” တဲ့။


ရပြီပေါ့၊ သုံးနှစ် ကျပ်တင်ထားတဲ့ဝါး။ ဒိုင်နယ်မှူးကလည်း ဒါမျိုးဆိုရင် သုံးနှစ် ငါးနှစ်တောင် မကဘူး အနှစ်နှစ် ဆယ် မီးဖိုပေါ်မှာတင် ထားတဲ့ဝါးတွေရှိသတဲ့။ ကိုကျော်ဆိုင်ဟာ အိမ်တိုင်းအိမ် တိုင်းမှာရှိတဲ့ ဝါးကျည်တောက်ကြီးတွေထဲက သူ အကြိုက်ဆုံး၊ အကောင်းဆုံး ဝါးတွေကို ရွေးယူခဲ့ပါတယ်။ လူထုကလည်း နှမျောတွန့်တိုခြင်းမရှိဘဲ ပေးလှူကြပါတယ်။


လူထုအကူအညီနဲ့ ကိုကျော်ဆိုင်ဟာ သူကြိုက်တဲ့ အဝါရောင်မြေသားနဲ့ နှစ်ရှည်ကျပ်တင်ဝါးတွေကို ရခဲ့ပါတယ်။ ဒါပေမယ့် သူကြိုက်တဲ့ ဝ မကလေးကိုတော့ မရပါ။ ယောက်ျားယူသွားလို့ မင်္ဂလာဆောင်ကို ကျနော်တို့အား ဖိတ်ပါသေးတယ်။ “ဝ မင်္ဂလာဆောင်လေ့လာရတာပေါ့၊ သွားရအောင်”ဆိုပြီး ကျနော်ကခေါ်ပေမယ့် သူ မလိုက် ပါ။ “ခင်ဗျားပြောတော့ ငယ်သေးတယ်ဆို” လို့ ကျနော့်ကိုသာ အပြစ်တင်ပါတယ်။


ကိုကျော်ဆိုင်အတွက်သာ ငယ်တယ်လို့ပြောတာပါ။ တောင်ပေါ်နေ လူမျိုးစုများဟာ သူတို့အချင်းချင်းကတော့ အသက် ၁၄ နှစ်၊ ၁၅ နှစ် စသဖြင့် ငယ်ငယ်ရွယ်ရွယ်အချိန်မှာ အိမ်ထောင်ပြုသူ အများအပြား ရှိတတ်ပါတယ်။ သည်အသက်အရွယ်နဲ့ အတွေ့အကြုံ အတော်များများရှိခဲ့ပြီးသားမို့ ကိုကျော်ဆိုင် ထူးထူးခြားခြား အသည်း မကွဲပါ။ ကြိတ်ဆုံလုပ်ခြင်း ကိုသာ သူ အာရုံစိုက် အလုပ်လုပ်ခဲ့ပါတယ်။


ကျနော်တို့နှစ်ယောက် အမြဲလိုလိုစားလေ့ရှိတဲ့ဟင်းကတော့ ပဲပုပ်ရည်ဖျော်ဟင်း။ ဒိုင်နယ်ရုံးမှာ ကျနော်တို့ အတွက် တလစာပဲပုပ်ချပ်တွေ ပုံပေးထားပါတယ်။ ကိုကျော်ဆိုင်ချက်တဲ့ ပဲပုပ်ရည်ဖျော်ဟင်းကို ကိုကျော်ဆိုင် ခူးလာတဲ့ ပိန္နဲရွက်နုနု၊ ပိန္နဲသီးနုနု ကလေးနဲ့တို့စားရတဲ့ အရသာကို ကျနော် မကြာခဏ တမ်းတမိတတ်ပါတယ်။


ဒိုင်နယ်ရုံးမှာ ကျနော်တို့အတူနေစဉ်ကာလအတွင်း ကိုကျော်ဆိုင်တလှည့် ကျနော်တလှည့် ငှက်ဖျားထပါတယ်။ ကျနော်တို့အတွက် ငှက်ဖျားဟာ အဆန်းမဟုတ်တော့ပါ။ ဒါကြောင့် ကျနော်တို့ရဲ့အဖျားကို ‘ငှက်ဖျားအို’လို့ ခေါ်ပါတယ်။ ဒိုင်နယ်မှူးက ဆေးဝါးအကြောင်း နည်းနည်းပါးပါး နားလည်တော့၊ သူပဲ ဆေးလာထိုး၊ စားဆေးတွေပေးနဲ့ ဂရုတစိုက်ပြုစုပါတယ်။


နမ်ဖတ် ဒိုင်နယ်ရုံးဟာ ကာဝိုင်းရဲ့ နတ်ညောင်ပင်ကြီးနဲ့ ကပ်နေတာပါ။ အဲဒီနားတဝိုက် သစ်ပင်ကြီးတွေ အတော် များများရှိပြီး တောအုပ်ကလေးတခုလို ဖြစ်နေပါတယ်။ ဒီသစ်ပင်တွေ အောက်ရောက်ရင် အေးစိမ့်သွားပါတယ်။ တည ငှက်ဖျားကြောင့် အိပ်ပျော်သွားရာကနေ ချွေးစေးတွေထွက်ပြီး ကျနော် လန့်နိုးလာတယ်။ ဒိုင်နယ်ရုံးတံခါးကိုဖွင့်ပြီး အပြင်ကိုလှမ်းကြည့်လိုက်တော့ သစ်တောအုက်ကလေးတဝိုက် နှင်းခါးတွေ မိုးရွာသလို ရွာချနေတယ်။ လေကလည်း တဝှီးဝှီးတိုက်နေတယ်။ ပိန်းပိန်းပိတ်နေတဲ့ အမဲရောင်ညထဲမှာ အဝေးဆီက အော်သံလိုလို ရှိုက်ကြီးတငင် ငိုနေသံလိုလို အသံတခုကို ခပ်သဲ့သဲ့ လေးကြားရတယ်။


ကုတင်ပေါ်ပြန်ရောက်ပေမယ့် အိပ်မပျော်တော့ပါ။ ဘာကြောင့် ဝမ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုနေရတာလဲ။ ဘယ်သူ ငိုနေတာလဲ။ ဒီအသံ ဘယ်ကလာတာလဲ။ အော်ခေါ်သံ ဘယ်ကလာ သလဲ။ စဉ်းစားရင်း ငှက်ဖျားကြောင့် မူးဝေဝေဖြစ်နေရာက အောက်ဗမာပြည်အကြောင်း သတိရလာတယ်။ စဉ်းစားလာမိတယ်။ ခေါ်သံ … ခေါ်သံ ငိုညည်းသံတွေ၊ ဒီအသံတွေ ဘယ်ကလာသလဲ။ ဗမာပြည်က များလား။ ခေါ်သံ၊ သားတို့ရဲ့ ခေါ်သံများလား၊ ဗဟိန်းဝင်း၊ ဗထူးဝင်းတို့ရဲ့ ခေါ်သံလား။


ကျနော် ပြတင်းပေါက်ဖွင့်လိုက်တယ်။ နှင်းခါးမိုးတွေ သဲသဲမဲမဲရွာနေတုန်းပဲ။ ကျနော့် ရင်ထဲအလွမ်းတွေ ပြည့်လာ တယ်။ ‘သားတို့ရေ’လို့ စူးစူးတစ်တစ် ကျနော်အော်ဟစ်ပြီး နှင်းတောထဲမှာ သားတို့ကို လိုက်ရှာချင်တယ်။ ကျနော်ဟာ အလုပ် တာဝန်တွေဆက်တိုက် လေ့လာရေးဆက်တိုက်၊ လူထုကြားထဲသွားလာနေတာ ဆက်တိုက်ဖြစ်တော့ အောက်ရပ်အောက်ရွာက ဇနီးသည်နဲ့ သားတို့အကြောင်း စဉ်းစားချိန် မရပါ။ စဉ်းလည်းမစဉ်းစားမိပါ။ လွမ်းဆွတ်တမ်းတတဲ့ စကားမျိုးလည်း တခွန်းမှ မဟဖူးပါ။ တော်လှန်ရေးအတွင်းမှာ လူထုအတွင်းမှာ ကိုယ့်ဘဝ ကိုရော ကိုယ့်အတ္တကိုပါ နှစ်မြှုပ်ထားတာပါ။


အခု ငှက်ဖျားတရေးနိုးကာလမှာမှ အားနည်းချက် အမြှေးပါးလေးတွေပေါက်ထွက်ပြီး အလွမ်းစိတ်တွေ ပွင့်အံကျလာတာဖြစ်ပါလိမ့်မယ်။ ဒါနဲ့ ဒီခံစားချက်နဲ့ ကျနော် ကဗျာ ထရေးပါတယ်။ ရေးရင်း ရေးရင်း လက်တွေ့လာလို့ ကဗျာဟာ မဆုံးနိုင်တော့ပါ။ ဘယ်နှစ်ရက် ဆက်ရေးရသလဲ မမှတ်မိတော့ပါ။ မဆုံးနိုင်တဲ့ ကဗျာရှည်ကြီးဖြစ်လာပါတယ်။


ဒီကဗျာကို ကိုကျော်ဆိုင်ဖတ်ကြည့်ပြီး သူ့ရင်ထဲ ထိသွားပါတယ်။ ပြောချင်တာက ဒီလိုပါ။ ဒီကဗျာအကြောင်း သူ့ရဲ့ အနုပညာအကြောင်း တဖွဖွပြောပါတယ်။ အရှည်ကြီးရေးထားတဲ့ အဲဒီကဗျာစာအုပ်ကလေးကို သူခဏခဏ တောင်းဖတ်ပါတယ်။ အရင်တုန်းက သူ ကဗျာရေးတယ်လို့ ကျနော်မသိဖူးပါ။ အခုတော့ “ကဗျာအနုပညာရဲ့ စူးရှမှုရှိပုံကို သူခံစားရပြီ” တဲ့။ အဲဒီကစလို့ သူ ကဗျာတွေ တောက်လျှောက်ရေးလာတော့တာပါပဲ။


ကိုကျော်ဆိုင်နဲ့ပတ်သက်လို့ ဒီအဖြစ်အပျက်ကလေးဟာလည်း အမှတ်တရရှိနေလို့ တင်ပြလိုက်တာပါ။

ကိုကျော်ဆိုင် မြေကြိတ်ဆုံးလုပ်တာ နောက်ဆုံးမှာ နမူနာအဖြစ် မြေကြိတ်ဆုံ လေးငါးလုံး ပြီးသွားပါတယ်။ စပါးကို စမ်းသပ်ကြိတ် ကြည့်တယ်။ ဒါပေမယ့် ဆန်ဖြူထွက်နှုန်း သိပ်မကောင်းပါ။ ကြိတ်ဆုံက တခါတလေ ထစ်နေပါတယ်။ အတင်းဖိကြိတ်ရင်လည်း ဆန်တွေ ကျိုးကျေကုန်ပါတယ်။ လူထုက သူတို့ရဲ့ လက်ထောင်းဆုံလောက် မကြိုက်ကြပါ။


ဒါနဲ့နောက်ဆုံးမှာ ကျနော် တရုတ်ပြည်ဘက်သွားပြီး ဆန်ကြိတ်စက်၊ စပါးလှေ့စက်တွေ သွားဝယ်ပါတယ်။ ဒီလိုနဲ့ အရင်ထမင်းငတ်ခဲ့တဲ့တောင်ပေါ်မှာ စပါးကြိတ်စက်တွေ၊ လျှပ်စစ်မီးတွေ ရောက်ရှိလာခြင်းဖြစ်ပါတယ်။


ဆက်လက်ဖော်ပြပါမယ်။


Friday, November 7, 2008

(မောင်လှဝင်း-မြင်းခြံ) ကာဝိုင်းဟာ နှင်းခါးသင်တိုင်းနဲ့

ခုချိန်ဆို ကာဝိုင်း ဟာ နှင်းခါးသင်တိုင်းနဲ့ ပြာမှိုင်းနေရော့မယ် နိုင်ဝင်းဆွေရေ …..


မောင်လှဝင်း (မြင်းခြံ)


‘ဝ’တောင်တန်းတွေကို လွမ်းတယ်။

လွမ်းရလွန်းလို့ အိပ်မက်တောင် မက်တတ်တယ်။

‘ဝ’တောင်တန်းတွေက တောင်စဉ်ခုနှစ်ထပ်လို့ တင်စားခေါ်လို့ရနိုင်လောက်တဲ့ တောင်တန်းတွေလေ။ တောင်ထိပ်တခုကိုအရောက် ဟိုဘက်မှာ နောက်ထပ်တောင်တန်းတခုကို လှမ်းမြင်ပြန်ရော။ အိပ်မက်ထဲမှာ ပြာပြာမှိုင်းမှိုင်း ‘ဝ’တောင်တန်းတွေက ကျနော့်ကို လက်ယပ်ခေါ်လို့ပေါ့။ ‘ဝ’ တောင်တန်းတွေပေါ် ကျနော် တောင်ဝှေးနဲ့ မတက်၊ မြင်းလည်း မစီး။ ကောင်းကင်ထဲပျံဝဲပြီး ‘ဝ’ တောင်တန်းတွေကို လင်းယုန်မြင်ကွင်း ကနေကြည့်ရှုရတာ ထူးခြားတဲ့အရသာတမျိုး။


တခါတလေ ကျနော်ချစ်တဲ့‘ဝ’ပြည်သူ အဖိုးကြီး အဖွားကြီးတွေကို ဆင်းပြီးနှုတ်ဆက်တယ်။ သူတို့မျက်နှာတွေက ပြုံးချိုမြ။ သူတို့က လှိုက်လှိုက်လှဲလှဲနဲ့ ဆီးကြိုကြ။ နွေးထွေးကြ။ တခါတလေကျတော့လည်း အိပ်မက်ထဲက ‘ဝ’ပြည် တောင်တန်းတွေက ကြောက်စရာ။ မုန်တိုင်းထန်နေချိန်မှာ တောင်တွက လှိုင်းတွေလို ခုန်လို့။ မိုးခြိမ်းသံတွေ၊ လျှပ်စီးတွေ၊ မိုးကြိုးတွေ။ နှင်းခါးတွေထူပိန်းနေတဲ့ စိမ်းပြာပြာချောက်ထဲကနေ သေဆုံးသူကို တမ်းတတဲ့ ဝမ်းပမ်းတနည်း ငိုညည်းသံကို ကြားရတယ်။ ခေါင်းတလားထဲက ထမင်းငတ်လို့ သေရသူ ရုပ်အလောင်းရဲ့မျက်နှာကို ငုံ့အကြည့်မှာ ချွေးစေးတွေပြန်ပြီး အိပ်မက်ကနေ လန့်နိုးလာတယ်။


တခါတလေကျတော့ အိပ်မက်ထဲက ‘ဝ’ တောင်တန်းတွေပေါ်မှာ ကိုကျော်ဆိုင်နဲ့ ပြန်ဆုံမိတတ်တယ်။

ကိုကျော်ဆိုင် ‘ဝ’တောင်တန်းတွေပေါ် စတင်ရောက်ရှိတာတဲ့အချိန်တုန်းက အလွန်ချောတဲ့ မြင်းကြီးတကောင်ကို စီးပြီး ခန့်ခန့်ငြားငြားနဲ့ပေါ့။ ပါတီက သူ့ကို အနွေးထွေးဆုံးကြိုဆိုခဲ့တာပါ။ ကျနော် သိရှိရသလောက်ဆိုရင် သူဟာ လွတ်မြောက်ဒေသအရောက် ပြည်သူ့အသံ သတင်းထောက်တာဝန်ကို စတင်တာဝန်ယူ ထမ်းဆောင်ခဲ့တယ်။ ပြည်သူ့အသံမှာ သူ ဆောင်းပါတွေ အများအပြား ရေးခဲ့တယ်။ ပြည်သူ့အသံက သူ့ဆောင်းပါးတွေကို အသံလွှင့်ပေးခဲ့တယ်။ ( ရန်သူစစ်အစိုးရရဲ့ဘေးရန်ကြောင့် လွတ်မြောက်ဒေသသို့ သူတို့ ထွက်လာရပုံအကြောင်း ‘ရာဇတောဝါ’ ဆိုတဲ့ ဆောင်းပါးကလေးကို မှတ်မှတ်ရရ သတိရမိပါတယ်)။


သတင်းထောက်ဘဝနဲ့ လွတ်မြောက်ဒေသထဲက ၈၁၅ ဒေသကို သူသွားရောက်ပြီး သတင်းယူတာ၊ ပြည်သူ့ဘဝ ကွင်းဆင်းလေ့လာခဲ့တာတွေကို မှတ်မိတယ်။ အလုပ်တာဝန်မရှိချိန်မှာတော့ ‘စပယ်တော’ စခန်းမှာ စာတွေဖတ်၊ စာတွေရေးပေါ့။ ပါတီဟာ ရှိတဲ့အခြေအနေထဲက သူ့ကို အလွတ်လပ်ဆုံး အခွင့်အရေးပေးထားတယ်လို့ ကျနော် နားလည်ခဲ့တယ်။ ဝတ္တုရေးပါ။ ထုတ်ဝေပေးနိုင်တဲ့တနေ့ ထုတ်ကြတာပေါ့ဆိုတဲ့ သဘောထားမျိုးရှိခဲ့ပါတယ်။ ဒီလို အခွင့်အရေးရပေမယ့် ကိုကျော်ဆိုင်ဟာ ကာယအလုပ်ကို တက်တက် ကြွကြွလုပ်ပါတယ်။ တိုက်ပွဲကြီး ၃ ရပ်ထဲ က ကုန်ထုတ်လုပ်ရေးတိုက်ပွဲတခုအနေနဲ့ သီးနှံထုတ်လုပ်ရေးလုပ်တာကို ဆိုလိုတာပါ။ (သူဟာ အလုပ်ကြမ်း လည်း အတော်ကလေး လုပ်နိုင်ပါတယ်။ အရင်ကလဲ ဘဝနာခဲ့သူ၊ အလုပ်မျိုးစုံ လုပ်လာခဲ့သူပေကိုး။


သူ့တို့ ညီအစ်ကိုတတွေ ပင်ပန်းကြီးစွာနဲ့ ထင်းခုတ်ခဲ့ရတဲ့အကြောင်း ‘ဘဝစာမျက်နှာ’အဖြစ် ရေးထားတဲ့ သူ့ဝတ္တုလေးတွေကို သွားသတိရမိတယ်)။ စိုက်ပျိုးရေးအတွက် မြေပေါက်ရင်း ဆီးမီးတောက်ဥ သူကောက်ဝါး လိုက်တော့ အဆိပ်မိသွားလို့ ဆေးကုယူရတဲ့ အဖြစ်ကိုလည်း အမှတ်ရမိပါတယ်။ သူက အသီးအရွက် ရှာဖွေစားသောက်တတ်တဲ့ အလေ့လည်းရှိတယ်။ ဟိုအရွက် ဒီအရွက် တွေ့ကရာ အရွက်တွေ ကောက်ဝါးနေတတ်တယ်။ အရွက်အတော်များများကိုလည်း ဘယ်ဟာက စားရတယ်၊ ဘယ်ဟာက စားမရဘူးဆိုတာ သူ သိတယ်။ ဆီမီးတောက်ဥကိုတော့ သူ မသိလို့ အဆိပ်မိသွားတာပါ။


ပါတီက အခါအားလျော်စွာ ထုတ်ဝေတဲ့ ‘တော်လှန်ခေတ်’ ဂျာနယ်ထဲမှာ သူ ဝတ္တုတွေ ရေးတယ်။ သူ စာအုပ်တွေ ဖတ်ရာမှာ ‘ဟယ်မင်းဝေး’ကို သူအရူးအမူးစွဲလန်းတာကို သတိပြုမိတယ်။ ဟယ်မင်းဝေးရဲ့ဝတ္ထုထဲမှာ ဘယ်နေရာကို ဘယ်လိုရေးထားတာ အနုပညာအရ ဘယ်လောက်လှပကြောင်း သူ တဖွဖွပြောနေတတ်တယ်။ စာရေးဆရာတွေထဲက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့စာရေးဆရာတွေကိုလည်း အံ့သြအားကျစိတ်နဲ့ သူ မကြာခဏပြောနေတတ်တော့ ‘ဒီလူတနေ့နေ့ ကိုယ့်ကိုယ်ကိုများ သတ်သေလေမလား’ ဆိုတဲ့ သံသယ စိတ်တောင် ဝင်မိပါတယ်။


အဲဒီကာလက သူ ဝတ္တုရှည်ကြီးတပုဒ် ရေးတယ်။ ဘယ်နေရာကို သူဘယ်လို သရုပ်ဖော်ရေးသားတယ်ဆို တာပြောပြီး သူ့ဝတ္ထု တပိုင်းတစကိုပေးဖတ်ပြီး ဝေဖန်ခိုင်းတယ်။ ကိုယ်က ကိုယ်မြင် သလိုဝေဖန်လိုက်ရင်လည်း သူက မခံနိုင်ဘူး။ ရှူးရှူးရှားရှား သူ့အနုပညာဘက်က အကျောက်အကန် ခုခံကာကွယ်လေ့ရှိတယ်။


ကျနော်က ဒေသလုပ်ငန်း၊ လူထုလုပ်ငန်း၊ တာဝန်ထမ်းဆောင်ရသူဆိုတော့ ကျနော့် လုပ်ငန်း အတွေ့အကြုံတွေကို တနေ့မှာ သူ့ကိုပြောပြမိတယ်။ ဝ’နယ်ဒေသမှ ကြွက်ကပ်ဘေးကျရောက်လို့ လူတွေထမင်းငတ်ပြီး သေဆုံးကြရပုံ၊ လမ်းဘေးမှာတင် ငတ်လို့လဲသေနေတဲ့ အလောင်းတွေကို တွေ့ရတတ်ပုံ၊ ‘အီမျိုး’ကလေးလမ်းဘေးမှာ လဲသေမလိုဖြစ်နေတုန်း ရဲဘော် နိုင်ဦး ကကောက်ယူကယ်တင်ကာ သမီးအဖြစ် မွေးမြူခဲ့ပုံ၊ ပါတီက ကယ်ဆယ်ရေးလုပ်ငန်းအဖြစ် ရိက္ခာမျိုးစေ့၊ ပေါက်တူး၊ ပေါက်ပြား၊ စောင်၊ အိုးခွက် ပုဂံတို့ ကအစ လိုလေးသေးမရှိ ပြည်သူတွေကို ခွဲဝေပေးခဲ့ပုံ။


ပါတီရဲ့လမ်းညွှန်ချက်အရ လူထုဘဝမြှင့်တင်ရေးအတွက် ကျနော်တို့ လုံးပမ်းတိုက်ခိုက်ခဲ့တဲ့အတွက် အရင်က လူ ၇ဝ - ၈ဝ လောက်ငတ်သေခဲ့ရတဲ့ နမ်ဖတ်ဒိုင်နယ် ကာဝိုင်းရွာကလေးမှာ အခုအိမ်တိုင်အိမ်တိုင် စပါးတွေ ပိုလျှံပြီး စပါးကျီကလေးတွေ ဆောက်လာကြပုံတွေကို ပြောပြလိုက်တယ်။ အရင်ကဆိုရင် စပါးကျီရှိဖို့ဝေလားဝေး စပါးမရှိလို့လူတွေဟာ မျောက်ဥတူးစားခဲ့ရတယ်။ မျောက်ဥတူးရင်း ထမင်းငတ်လို့အားပြတ်ပြီး လဲသေတာတွေရှိခဲ့တယ်။


အခုပြဿနာကတော့ စပါးကြိတ်ဖို့ပြဿနာပဲ၊ ဒီကလူထုက စပါးကို လက်ဆုံနဲ့ထောင်းစားကြရတာ၊ ပင်လည်းပင်ပမ်း အချိန်လည်းကုန် အချိန်ကုန်လို့ သူတို့ရဲ့စိုက်ပျိုးထုတ်လုပ်ရေးကို ထိခိုက်တယ်။ စပါးကြိတ်ဖို့ပြဿနာဖြေရှင်းနိုင်ရင် လူထုဘဝမြှင့်တင်ရေးအတွက် အများကြီးအထောက်အကူဖြစ်မှာပဲ။ အနည်းဆုံး လက်ကြိတ်ဆုံလောက် လုပ်ပေး နိုင်ရင်ကိုပဲ သူတို့ရဲ့ငရုပ်ဆုံထောင်းသလိုမျိုး လက်ဆုံမောင်းထောင်းတာထက်တော့ ပိုပြီးခရီးတွင်မှာပဲ။


ကျနော့် စကားကြောင့် သူတက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။ သူက လူထုအတွက် မြေကြိတ်ဆုံလုပ်ပေး မယ် တဲ့၊ “ခင်ဗျား လုပ်တတ်သလား” လို့ မေးတော့ သူ့အဖေက မြေကြိတ်ဆုံလုပ်သူတဲ့ သူက သူအဖေလုပ်တာ ကို ကလေးဘဝသက်တမ်းတလျှောက်လုံး ကြည့်လာမြင်လာခဲ့တာမို့ ဖြစ်ရမှာပေါ့ တဲ့။ လူထုအတွက် မြေကြိတ် ဆုံလုပ်ပေးဖို့ သူနဲ့ကျနော် သဘောတူညီလိုက်ကြပါတယ်။ သူနဲ့သက်ဆိုင်တဲ့ အထက်အဖွဲ့အစည်းကို ခွင့်တောင်းပြီး ခွင့်ပြုချက်ရရှိတဲ့အခါမှာ ကျနော်နဲ့ ကာဝိုင်းရွာသို့ အတူတက်ခဲ့ကြပါတယ်။ ကာဝိုင်းရွာကလေး တည်ရှိရာ ဒီ ဝ တောင်ပေါ်မှာ သူနဲ့ ‘မကျုံ’ တို့ စတင်တွေ့ခဲ့ကြတာပါ။


ဆက်လက်ဖော်ပြပါမယ်။