Showing posts with label အုပ်စိုးနိုင်. Show all posts
Showing posts with label အုပ်စိုးနိုင်. Show all posts

Monday, December 3, 2012

မီဒီယာအပွင့်နှင့် ချင့်ချိန်ကြစရာ (အုပ်စိုးနိုင်)

"အချို့မီဒီယာသမားများကား မာန်ကြီးလွန်းလှသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကြိုက်တဲ့ကဏ္ဍက မှားရဲလျှင် မှားကြည့်ကြစမ်း၊ တို့နဲ့ တွေ့သွားမယ်၊ ဘာမှတ်လို့လဲ ဆိုသော မာန်မျိုးဖြစ်ပါသည်။ ၎င်းစိတ်ဓာတ်မျိုးသည် မိမိကိုယ်ကို မဏ္ဍိုင်ကြီးသုံးရပ်ရဲ့ အထက်ကပဲ ရှိနေသလိုလို၊ အားလုံးက ကိုယ့်လက်ခုတ်ထဲက ရေလိုလို စဉ်းစားမှုမျိုး ဖြစ်ပါသည်။ တကယ်တော့ မီဒီယာသည် ..."

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အိုဘယ့် တို့မီဒီယာ ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ရေးခဲ့ဖူးသည်။ အဲ့ဒီတုန်းက ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတို့ရဲ့တိုက်ပွဲမှာ မီဒီယာသမားအချို့ကို အဖိနှိပ်ခံတို့ဘက်က ရပ်တည်ပေးကြဖို့ တိုက်တွန်းခဲ့ဖူးသည်။ ဒါကလည်း အခြေအနေ အချိန်အခါရဲ့လိုအပ်ချက်ကြောင့်ပင် ဖြစ်သည်။

တကယ်က မီဒီယာဆိုတာဘာလဲ၊ မီဒီယာ၏ သဘောသဘာဝကဘာလဲ၊ အဘယ်ကဲ့သို့ဖြစ်သင့်သည် စသည့် သီအိုရီလာ သဘောတရားများကို ကျနော်တို့ လေ့လာတီးခေါက်မိပြီး ဖြစ်ပါသည်။ လွတ်လပ်ပွင့်လင်းသော ဝန်းကျင်တခုအောက်တွင် မီဒီယာ၏အခန်းကဏ္ဍက မည်သို့ဖြစ်သင့်သည် ဆိုသည်ကိုလည်း အခွင့်သင့်တိုင်း ဆွေးနွေးခဲ့ကြဖူးပါသည်။

ကျနော့်မိတ်ဆွေတစ်ယောက်ကတော့ မီဒီယာရဲ့အသက်ဟာ ကြားနေရေးဟု ခိုင်ခိုင်မာမာ ကြွေးကြော်လေ့ရှိပါသည်။ သူ့ဌာနရဲ့အရေးအကြီးဆုံးမူက ကြားနေရေးဖြစ်သည်ဟုလည်း မကြာခဏ ဆိုလေ့ရှိပါသည်။ ဘက်မလိုက်တာဟာ တကယ်ပဲ ဘက်မလိုက်ကြဘူးလား၊ ဒါက ကျနော် မကြာခဏတွေးမိခဲ့သော အတွေးဖြစ်ပါသည်။ ကျနော့်အတွက်တော့ ကမ္ဘာပေါ်မှာ ဘက်မလိုက်သော မီဒီယာမျိုးရှိနေသည်ဟု ခုချိန်ထိ မသတ်မှတ်ဝံ့သေးပါ။ ကျနော်ညံ့တာလည်း ဖြစ်နိုင်ပါသည်။


Friday, November 23, 2012

စီးပွားရေးအပွင့် နှင့် ချင့်ချိန်ကြစရာ (အုပ်စိုးနိုင်)

“မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ တိုက်ရိုက်ပတ်သက်သူတွေရော၊ သွယ်ဝိုက်ပတ်သက်နေသူတွေရော လွှတ်တော်ထဲမှာ ထိုင်ခွင့်ရနေကြသည်။ ခရိုနီကြီးတွေရော၊ သူတို့ဆွေမျိုးတွေပါမကျန် လွှတ်တော်တက်ခွင့်ရနေကြသည်။ အုပ်ချုပ်ရေးယန္တရား၊ စီမံခန့်ခွဲရေးယန္တရားဘက်ကို လှည့်ကြည့်လိုက်ပါဦး။ ဗျူရိုကရက် အကြီးကြီးတွေနှင့် တက်ခနိုကရက် ဆိုသူတွေမှာလည်း ခရိုနီကြီးတွေနဲ့ မကင်းရာမကင်းကြောင်းတွေ ဖြစ်သည် …” 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်လာပြီဟု ဒီနေ့ပဲ သိရသည်။ တပြိုင်နက်တည်းမှာပင် ကမ္ဘာ့ဘဏ်ကလည်း ငွေသန်းပေါင်းများစွာကို မြန်မာပြည် အသွင်ကူးပြောင်းရေးကာလတွင် အသုံးချနိုင်ရန် အလို့ငှာ ထုတ်ချေးယူခွင့် ပြုလိုက်သည်။ အေဒီဘီ(အာရှဖွံ့ဖြိုးရေးဘဏ်) ဆီမှလည်း သတင်းကောင်းတွေကို ဆက်တိုက်ဆိုသလို ကြားနေရသည်။ မကြာခင် အီးယူက လာဦးမည်။

ဒါတွေဟာ တကယ်ပဲ သတင်းကောင်းတွေဖြစ်သလား။ တကယ်ပဲ ဒါတွေကို သတင်းကောင်းတွေအဖြစ်ပဲ ရှုမြင်ချင်သည်။


Tuesday, May 29, 2012

ပန်းတိုင် ရောက်ပြီလား ... (အုပ်စိုးနိုင်)


“ကိုယ့်ကိုယ်ကို ဒီမိုကရေစီလိုလားသူများ၊ ဒီမိုကရက်တစ်များဟု ယုံကြည်နေကြသူတွေထဲက အတော်လေး ခပ်များများဟာ အခြားသူတွေရဲ့ယုံကြည်မှုနှင့် ရွေးချယ်မှုများကို မလေးစားတတ်ကြ၊ ညှိနှိုင်းအဖြေရှာသောနည်းများကို မယုံကြည်တတ်ကြ၊ ကိုယ့်ယုံကြည်မှုနှင့် ဆန့်ကျင်နေလျှင် ကိုယ့်အချင်းချင်းပင်ဖြစ်စေကာမူ ရန်ဘက်အသွင် သဘောထားကာ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ချေမှုန်းပစ်ချင်တတ်ကြတာမို့ ...” 

We are heading towards heaven or the other way around.

(ချားလ်စ်ဒစ်ကင်)

တကယ်တော့ ကျနော်တို့အားလုံး အကောင်းဘက်ကို ဦးတည်နေတယ်လို့ အပြုသဘောဆောင်စွာဆိုနိုင်ကြပေမယ့် ဘာမဆို အချိန်မရွေး ပြောင်းသွားနိုင်သေးတယ်ဆိုတာကိုလည်း မမေ့မလျော့ကြဖို့ လိုပါတယ်။

Transition အကူးအပြောင်းကာလတိုင်းဟာ စိန်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်ရတတ်တာတော့ သဘာဝပါပဲ။

အခြေခံအားဖြင့်တော့ ပါတီစုံရွေးကောက်ပွဲကို အခြေခံတဲ့စနစ်တခုကတော့ ရှိနေပြီ။ ဒါပေမယ့် ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်တွေကတော့ အခိုင်အခံ့မဟုတ်သေးဘူးဆိုတာလည်း သိသာထင်ရှားနေတုန်းပဲ။ လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ စီးပွားရှာခွင့်၊ လွတ်လပ်စွာ တရားစီရင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုတဲ့ အခြေခံ ဒီမိုကရေစီမှတ်ကျောက်တွေနဲ့သာ တိုင်းလိုက်ရင်တော့ ရွှေပြည်တော် နည်းနည်းတော့ မျှော်တိုင်းဝေးနေသေးတာကို တွေ့ကြရမှာပါ။


Thursday, October 7, 2010

ခေတ်ပေါ် ဝေဒနာ (အုပ်စိုးနိုင်)

ခေတ်မီဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ နားထောင်လို့တော့ အတော်ကောင်းတာပါပဲ။ တကယ်တန်းမှာလည်း ခေတ်မမီဘူးဆိုရင် ဘဝမှာ နေဖို့ထိုင်ဖို့ ခက်လာတာ ကလည်း ငြင်းလို့မရပြန်ပါဘူး။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် သိပ်ပြီး မသိသာလှပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ရှင်သန်ရပ်တည် နေထိုင်ကြပြီ ဆိုရင်တော့ ‘ပညာ’ ဆိုတဲ့ စကားလုံးက မရှိမဖြစ် ဆိုသလောက်ကို အရေးပါနေခဲ့နေပြီပေါ့။

အိုင်တီခေတ်၊ ပညာလူ့အဖွဲ့အစည်း စတဲ့ စကားလုံးတွေနဲ့ ယဉ်းပါးခဲ့၊ ကြားဖူးခဲ့တာ ဆယ်ခုနှစ် ၂ ခုလောက် ရှိခဲ့ပါပြီ။ အရင်တုန်းကတော့ သာမန်ပါပဲ။ ခုတော့ တနေ့တခြား ပိုပိုပြီးတော့ သိလာရတာက ဒီနေ့ လူ့အဖွဲ့အစည်းထဲမှာ ပညာမရှိရင် အတော့်ကို ကသိကအောက် ဖြစ်ရပါလားဆိုတာပါပဲ။ သိစရာ တတ်စရာတွေကလည်း များသလားမမေးနဲ့၊ ဒီနေ့တမျိုး၊ နောက်နေ့ကျရင် နောက်တမျိုး။

ပစ္စည်းတွေကလည်း အသစ်အဆန်းတွေပေါ်လိုက်တာ တမျိုးပြီး တမျိုး။ ကွန်ပြူတာဝယ်ပြီးတော့လည်း ကွန်ပြူတာကို အများနည်းတူ သုံးတတ်အောင် လုပ်ရပြန်တယ်။ မူဘိုင်းဖုန်းဝယ်ပြီးတော့လည်း ကိုယ်ဝယ်ထားတဲ့ပစ္စည်း အကြောင်း အူမ ချေးခါးမကျန် သိအောင်လုပ်ရပြန်ရော။ ကင်မရာ၊ မိတ္တူကူးစက်၊ TV အကုန်လုံးပဲဆိုပါတော့။

အင်တာနက်ကို အသုံးပြုပြီး ဈေးဝယ်ရတာတွေ၊ Bill သွင်းရတာတွေ အပါအဝင် ဈေးသက်သာရာ သက်သာကြောင်းတွေကိုလည်း နေ့စဉ်နဲ့အမျှ သိအောင်ကြိုးစား နေရတာတွေ၊ လိုက်လံရှာဖွေနေရတာကလည်း အချိန်ပေးရ သေးတယ်။ ဘာမှမသိရင် ဘာမှလုပ်စရာမလိုဘူး အေးတာပဲဆိုပြီး ခပ်တည်တည်နဲ့ ထိုင်နေလိုက်မယ်တော့ စိတ်မကူးလိုက်လေနဲ့။ သူများ နှာခေါင်းပေါက်နဲ့ တချိန်လုံး အသက်ရှူနေရပြီသာ မှတ်ပေတော့။ ဟိုလူ့ကို အကူအညီတောင်းရ၊ ဒီလူ့ကို အကူအညီတောင်းရ အရပ်ကူပါ၊ လူဝိုင်းပါနဲ့။

ဒီကြားထဲမှာ ကလေးတွေကစားတဲ့ ဂိမ်းတွေအကြောင်းကလည်း သိဖို့ လိုသေးတယ်။ Play station 2 တို့၊ X box တို့ စုံနေတာပါပဲ။ Spiderman က ခေါင်းမိုးပေါ်ကနေ ဟိုဘက်ကို ခုန်လို့မရဘူးဖြစ်နေတယ်၊ ဘယ်ခလုတ်ကို နှိပ်ရမှာလဲ စတဲ့ ကိုယ်တခါမှ မတွေးခဲ့ဘူးတဲ့ မေးခွန်းတွေကို ဖြေနိုင်အောင်လည်း အချိန်ပေးရသေးတယ်။ မဖြေနိုင်ရင် တချိန်လုံး ဂျီကျနေရော။

ဒါတွေ ဒီလိုရေးနေလို့ ခေတ်မီပစ္စည်းကရိယာ လူသုံးပစ္စည်းတွေကို ဘယ်လို သုံးတတ်၊ သုံးနိုင်တယ်ဆိုတာကို သွယ်ဝိုက်ပြီး ကြွားဝါနေတယ်လို့ မထင်လိုက်ပါနဲ့။ ဒါတွေဟာ ဒီနေ့ခေတ်မှာ လူတိုင်းလို သုံးစွဲနေကြတဲ့ ပစ္စည်းပစ္စယတွေပါ။ အဓိကပြောချင်တာက ခေတ်မီလူ့အဖွဲ့အစည်းအတွင်းက ကျနော်တို့ရဲ့ မိသားစုဘဝတွေ အကြောင်းပါ။

လူတွေဟာ အသစ်အဆန်းတွေကို ခုံမင်တတ်ကြတယ်ဆိုတာ သဘာဝပါပဲ။ အသစ်အဆန်းတွေပေါ်လာပြီဆိုရင် ကိုယ်ကိုယ်တိုင်လည်း သုံးစွဲချင်တယ်၊ ကိုယ့်သားသမီးတွေကိုလည်း ဝယ်ပေးချင်တယ်။ အိမ်မှာလည်း ရှိုးပြထားချင်တယ်။ ဒါဟာ ဘာမှပြဿနာ မရှိပါဘူး။ ဒါပေမယ့် အရာတိုင်းမှာ အကောင်းနဲ့အဆိုး ဆိုတာ ဒွန်တွဲနေတတ်စမြဲ မဟုတ်လား။

အမှတ်တမဲ့ကြည့်ရင်တော့ နေတတ်ရင်၊ ကျေနပ်စရာပါ။ ခေတ်နဲ့အမီ နေနိုင် ထိုင်နိုင်၊ ဝတ်စားနိုင်၊ ပစ္စည်းအသစ်အဆန်းတွေ ကိုင်တွယ်သုံးစွဲနိုင်ကြတယ်ဆိုတာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် အခြားတဖက်မှာ ကျနော်တို့တတွေ တန်ဖိုးထားကြတဲ့ မိသားစုတန်ဖိုးတွေ၊ သံယောဇဉ်တရားတွေ လျော့ကျသွားကုန်ပြီဆိုတာကို ဘယ်သူမှ သတိမထားမိကြဘူး။

သိကြတဲ့အတိုင်း အနောက်တိုင်းယဉ်ကျေးမှုဆိုတာက ကျနော်တို့တွေရဲ့ ကိုယ်ပိုင်စံတွေ၊ တန်ဖိုးတွေနဲ့ အနည်းနဲ့ အများတော့ လွဲချော်နေတတ်တာပါပဲ။ လူတွေဟာ လူတွေနဲ့မတူတော့ဘဲ တနေ့တခြား စက်ရုပ်တွေလိုပဲ ဖြစ်လာနေ ကြတယ်။ သွားလည်း သုတ်သုတ်၊ လာလည်း သုတ်သုတ်၊ လင်နဲ့မယားတောင် အိမ်မှာ အတူတူတွေ့ကြဖို့အချိန်က အရမ်းနည်းလာတယ်။ ကိုယ့်ကလေးနဲ့ကိုယ် တီတီတာတာ ပြောဖို့ဆိုဖို့ အချိန်ဆိုတာကလည်း အတော့်ကို ရှားပါးလာတယ်။

ယောက်ျားဖြစ်တဲ့သူကလည်း ကွန်ပြူတာလုံးနဲ့ တချိန်လုံး မအားရအောင် ဖြစ်နေသလို၊ မိန်းမဖြစ်တဲ့သူကလည်း TV ချယ်နယ်ပေါင်းစုံ ဖြစ်ဖြစ်၊ Burmese Classic မှာပဲဖြစ်ဖြစ်၊ လက်မလည်အောင်ပါပဲ။ ကလေးကလည်း ကိုယ့်ကမ္ဘာနဲ့ ကိုယ်၊ အခန်းတံခါးပိတ်ပြီး ဂိမ်းစက်တလုံးနဲ့ အပြင်ကို ထွက်မလာတော့သလောက်ပဲ။ ဘယ်မှာလဲ နွေးထွေးတဲ့ မိသားစုဆက်ဆံရေး။ ကိုယ့်အိမ်သားတွေထက်စာရင် အခြားသူတွေနဲ့တောင် ပိုပြီး အဆက်အဆံ လုပ်ဖြစ်ကြသေးတယ်။ G talk တို့၊ Face book တို့မှာပေါ့၊ တခါမှမတွေ့ဘူး မမြင်ဘူးတဲ့ လူတွေနဲ့ အလွမ်းသည်လိုက်ရတာလည်း အမောပေါ့ဗျာ။ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေတို့၊ အွန်လိုင်းမှာ နေ့တိုင်း တွေ့ကြတာပေါ့နော် တို့၊ ဘာတို့ ညာတို့ပေါ့။

အရင်တုန်းက မိသားစုတွေခရီးသွားရင် အရမ်းပျော်ဖို့ကောင်းတယ်။ ကျနော့်သားက သူ့မျက်စိထဲမှာ မြင်သမျှ တွေ့သမျှကို အကုန်မေးတော့တာပဲ။ မြို့တွေ ရွာတွေအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း စသဖြင့်ပေါ့။ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ ပစ္စည်းတွေကလည်း အသစ်အဆန်းတွေ ပေါ်လာလိုက်၊ ကိုယ်ကလည်း ဝယ်ပေးလိုက်၊ ခုဆိုရင် ဘယ်ခရီးသွားသွား သူ့နားရွက်မှာ နားကြပ်က အမြဲတပ်ထားတယ်။ သီချင်းနားထောင်ရင် နားထောင်၊ ဂိမ်းစက် အသေးလေးတွေ ဆော့ချင်ဆော့။ သားက နီးနီးလေးနဲ့ ကိုယ်နဲ့ တဖြည်းဖြည်း ဝေးလာသလိုပဲ ခံစားနေရတယ်။ ဘုရား … ဘုရား နောက်ထပ်များ ဘာတွေ အသစ်အဆန်းတွေ ပေါ်လာဦးမှာလဲ။

အထူးသဖြင့် သားကို ကျနော်တို့တတွေရဲ့ ဘဝထဲကနေ ရှင်ရက်နဲ့ ဆွဲထုတ်သွားနိုင်တဲ့ ခေတ်မီမှုတွေကိုပေါ့။

နောက်တော့ အိမ်မှာ စည်းကမ်းထုတ်ကြည့်တယ်။ စာကျက်ချိန်က ဘယ်နှစ်နာရီ၊ ဂိမ်းဆော့ချိန်က တနေ့ ဘယ်နှစ်နာရီ၊ စနေ၊ တနင်္ဂနွေဆိုရင် နည်းနည်း ပိုရမယ်။ ကျန်တဲ့အချိန်တွေမှာ ဖေဖေတို့ မေမေတို့နဲ့ စကားပြောရမယ်၊ ဒါပဲ။

သားဟာ အခြေခံအားဖြင့်တော့ ဒီစည်းကမ်းတွေကို လိုက်နာပါတယ်။ သိပ်ကျေကျေနပ်နပ်ကြီးတော့ မဟုတ်ဘူးပေါ့၊ သူကလည်း နည်းနည်းတော့ ရစ်တာပေါ့။ ဥပမာ … မိသားစုနဲ့ စကားပြောတဲ့အချိန်တွေဆိုရင် “အောင်ဆန်းဦးက ဘာဖြစ်လို့ ကုလားနဲ့တူတာလဲ” တို့၊ “နော်ဝေကို ဗမာပြည်နဲ့ဝေးအောင် ဘယ်သူက လုပ်တာလဲ” တို့၊ “ဖေဖေ ဂိမ်းခွေ ရောင်းတဲ့ဆိုင်မှာ အလုပ်လုပ်ပါလား” တို့။ ဘာပဲဖြစ်ဖြစ် ကိုယ်ကလည်း အဆင်ပြေသလို လျှောက်ပြီးကြည့်ပြောတာပါပဲ၊ သားအဖတွေ စကားပြောဖြစ်နေရင် ပြီးတာပဲလေ။

ကလေးတွေကို ခေတ်နဲ့အညီပေါ်လာတဲ့ ကစားစရာတို့ ပစ္စည်းတို့ကို ပေးမသုံးဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒီလိုလုပ်ရင် ဘယ်တရားပါ့မလဲ။ အခြားကလေးတွေ သုံးရင် သူတို့လည်း သုံးချင်ပေမှာပေါ့။ ဒါပေမယ့် နည်းစနစ်တော့ နည်းနည်း ပြောင်းလိုက်တယ်။ ဥပမာ … သြကာသ အစ - အဆုံးရမှ၊ Play station 2 စက်ကို ဝယ်ပေးမယ်ဆိုတာမျိုးပေါ့။ ခုတော့ သူ နှစ်ခုစလုံးကို ရသွားပါပြီ။

ဟိုတလောက ဆောင်းပါးတပုဒ်မှာ ဖတ်လိုက်ရတယ်။ နောက်အနှစ် ၂၀ အတွင်း ကလေး ၁၀ ယောက်မှာ ၈ ယောက်လောက် မျက်မှန်တပ်ရ နိုင်တယ်။ အကြားအာရုံနဲ့ပတ်သတ်တဲ့ ရောဂါတွေကိုလည်း အရင်ကထက် ၆ ဆလောက်ပိုပြီး ကြုံကြရမတဲ့။ အဆိုးဆုံးကတော့ လူတွေဟာ သာမန်တွေးခေါ်မှုနယ်ပယ်ကနေ ခွဲထွက်ပြီး စဉ်းစားမှုတွေ တုံ့ပြန်မှုတွေက ဂိမ်းထဲက ဇာတ်ကောင်တွေနဲ့ ပိုပြီးတူလာကြပြီး လူ့အဖွဲ့အစည်းထဲမှာလည်း ကမောက်ကမဖြစ်ရပ်တွေ၊ မကြုံဖူးကြသေးတဲ့ သဘာဝလွန် ဘေးအန္တရာယ်တွေနဲ့လည်း ကြုံတွေ့ဖို့ရှိနေကြပါသတဲ့။

ဒါကြောင့်လည်း ငြိမ်နေရင် ပြီးတာပဲဆိုပြီး ကလေးတွေကို Digital World ထဲမှာ ပစ်ထားရတာဟာ အန္တရာယ်ရှိတဲ့ စွန့်စားမှုတခုလိုပဲ တနေ့တခြား ပိုပြီးတော့ ခံစားလာနေရတယ်။

ကျနော်တို့ဟာ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရပ်ရပ်အောက်မှာ မတူညီတဲ့ ယဉ်ကျေးမှုအချင်းချင်းတွေ တိုးမိ တိုက်မိကြတာတွေရှိသလို တခါတရံမှာ နယ်လုကြရတဲ့အဖြစ်မျိုးတွေကိုလည်း ကြုံကြရပါတယ်။ ကိုယ့်တန်ဖိုးတွေကို ရာနှုန်းပြည့် ထိန်းနိုင်ဖို့တော့ ဘယ်လိုမှ မလွယ်ပါဘူး။

ဒါပေမယ့် ရသလောက်ထိန်းနိုင်ဖို့လည်း ကြိုးစားကြည့်ကြရမှာပါ။ ရောမ - ရောက်နေပြီ၊ ရောမလို ကျင့်နိုင်ဖို့ပဲ ကြိုးစား ရတော့မှာပဲ မတတ်နိုင်ဘူးလို့ စိတ်လျှော့လိုက်သူတွေကိုလည်း တွေ့ဖူးပါတယ်။ အချို့က ရုန်းကန်လှုပ်ရှားနေရတဲ့ အတွက် ကလေးတွေအတွက် လိုအပ်သလောက် အချိန်မပေးနိုင်ကြပါဘူး၊ ဒီလိုမိဘမျိုးတွေကို နားလည်ပေးနိုင်ပါတယ်။

ကိုယ့်ကလေးက ဂိမ်းကစားရာမှာ Level ဘယ်လောက်ရောက်နေပြီဆိုပြီး အရမ်းဂုဏ်ယူပြိုင်ဆိုင်နေတဲ့ မိဘအချို့ ကိုလည်း တွေ့ဖူးပါတယ်။

“ကျမတို့ကတော့ ငယ်ငယ်က ဆရာတွေ အရိုက်အပုတ်ကို တော်တော်ခံခဲ့ရတယ်၊ ကစားစရာပစ္စည်း ကောင်းကောင်းတွေလည်း မသုံးဖူးခဲ့ဘူး။ အခု ကျမကလေးတွေကို လွတ်လပ်ခွင့် အပြည့်ပေးထားတယ်၊ ကြိုက်တာသာ ကစားပေတော့။ စာကျက်ဖို့လည်း ဖိအားမပေးဘူး၊ ဘာသာရေးအရလည်း သူတို့ကြိုက်တာ ရွေးချယ်နိုင်ပါတယ်” ဆိုတဲ့ မိဘတွေကိုလည်း တွေ့ဖူးပါတယ်။ ဒါမျိုးကိုတော့ အငြင်းအခုန် မလုပ်လိုပါဘူး။ မိသားစုတိုင်းမှာ ကိုယ်ပိုင်လမ်းပြမြေပုံ ရှိတတ်ကြတာပဲမဟုတ်လား။ အားလုံးကတော့ ကိုယ့်အိမ်ရှေ့က ကောင်းကင်က ပိုပြီး လင်းတယ်လို့ ထင်တတ်ကြတာပဲလေ။ ။

သရုပ်ဖော် - အောင်ထက်

Sunday, November 22, 2009

ဝေဖန်ရေးသမားဆိုတာ (အုပ်စိုးနိုင်)

ဝေဖန်ရေးဟာ တိုးတက်ရေးအတွက် အထောက်အပံ့ တစုံတရာဖြစ်စေတာ အမှန်ပါပဲ။ လုပ်ရပ်တခုခု၊ ဖြစ်ရပ်တခုခု ဒါမှမဟုတ် အရှိတရားတခုခုအပေါ် သုံးသပ်တင်ပြတာဟာ ဝေဖန်ရေးပါပဲ။ ဝေဖန်ရေးဆိုတာ ရှိပြီး၊ ဖြစ်ပြီးတဲ့အပေါ်မှာသာ တာဝန်ခံရတာ ဖြစ်ပါတယ်။ မဖြစ်သေးတာကို ကြိုတင် ကောက်ချက်ဆွဲတာမျိုးကတော့ ဝေဖန်ရေး မဟုတ်ပါဘူး။ ခန့်မှန်း ဖော်ပြချက် ဒါမှမဟုတ် ဟောကိန်း စသဖြင့် တခုခုဖြစ်နိုင်ပါတယ်။

ဘယ်လူ့အဖွဲ့အစည်းမှ ဝေဖန်ရေးနဲ့ ကင်းကွာခဲ့မှာမဟုတ်တာ သေချာပါတယ်။ ခေတ်အဆက်ဆက် မှားတာကိုပဲဖြစ်ဖြစ်၊ မှန်တာကိုပဲဖြစ်ဖြစ် ထောက်ပြထုတ်ဖော်ခဲ့ကြမှာပါ။ အချို့အခြေအနေတွေမှာ ဝေဖန်ရေးဟာ ကျန်းမာသန်စွမ်းဖွံ့ဖြိုးပြီး အချို့အခြေအနေတွေမှာ ဝေဖန်ရေးဟာ သိုသိုသိပ်သိပ်နဲ့သာ ရှိနေနိုင်ပါတယ်။ ဒါဟာ လောကဓမ္မတာပါ။

ဝေဖန်ရေးဟာ စံနစ်တကျအသုံးပြုတတ်မယ်ဆိုရင် ဆေးဝါးသဖွယ် အကျိုးကိုဖြစ်စေနိုင်ပါတယ်။ ဝေဖန်ရေးကို ပရမ်းပတာ အသုံးပြုမယ်ဆိုရင်တော့ ဒါဟာ လက်နက်တစင်းလို ထိခိုက်ရှနာစေကြမှာပါ။ ဝေဖန်တာဟာ ကောင်းပါတယ်လို့ မူအရ ဆိုကြစေကာမူ ဝေဖန်ရေးဟာ နှစ်ဖက်ဓားသွားလို သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်နေဆဲပါပဲ။

ဝေဖန်ရေးဟာ လိုအပ်တယ်လို့ပဲ ဆိုကြပါစို့ရဲ့။ သူ့မှာ တာဝန်နှစ်ခုတော့ ရှိသင့်ပါတယ်။ တခုက မှားတယ်၊ ဒါမှမဟုတ် မှန်တယ်ဆိုတာကို ခိုင်ခိုင်လုံလုံ ထောက်ပြနိုင်ဖို့နဲ့ ဒုတိယအချက်အနေနဲ့ အပြုသဘောဆောင်စေဖို့ ဖြစ်ပါတယ်။ အဲဒီ တာဝန်နှစ်ခုကိုမှ အနည်းဆုံး မကျေပွန်နိုင်ခဲ့ဘူးဆိုရင် အဲဒီဝေဖန်ရေးဟာ အနည်းနဲ့အများတော့ အပြစ်အနာအဆာ ရှိနေ မှာ သေချာလှပါတယ်။ ထောက်ပြတဲ့လူကို အခြားလူတွေက ထပ်ပြီး ထောက်ပြစရာတွေရှိနေဦးမယ်ဆိုရင် ဒါဟာ စိတ်မသက်မသာဖြစ်စရာပါ။ ဒါပေမယ့် လူဟာအမှားတော့ ကင်းနိုင်မှာမဟုတ်ပါ။

ဝေဖန်ရေးစစ်စစ်ဆိုရင် ဝေဖန်သူဟာ ကိုယ်ပြောချင်တဲ့ ပြောနေတဲ့အကြောင်းအရာကို ကိုယ်ကိုယ်တိုင် သေသေချာချာ သိဖို့လိုပါတယ်။ လေကိုဖမ်းပြီး ဝါးရမ်းချည်တာမျိုး မဖြစ်စေရပါဘူး။ ပြောရရင်ပြီးရောဆိုတဲ့ မည်ကာမတ္တစိတ်မျိုး မမွေးကြရပါဘူး။ စေတနာမပါတဲ့ ဝေဖန်ရေးဟာ ဆားမပါတဲ့ဟင်းလိုပဲ အမြဲပေါ့ပျက်ပျက်ဖြစ်နေကြမှာပါ။

အချို့က ဝေဖန်ရေးသမားတယောက်မှာ မှားတာ မှန်တာကိုပဲပြောပြဖို့ တာဝန်ရှိတယ်။ ပြုပြင်တာ မပြုပြင်တာဟာ သူ့တို့ တာဝန်မဟုတ်ဘူးလို့ ယူဆကြသူတွေလည်း ရှိပါတယ်။ ဆိုလိုတာက ပြောချင်တာ ပြောပြီးပြီ၊ ဒါပဲ။ ပြောလိုက်လို့ သိသွား ကုန်ကြပြီ၊ ဒါဟာ လုံလောက်ပါတယ်လို့ ယူဆကြသူတွေဖြစ်ပါတယ်။

အချို့ကတော့ အမှားကိုပြုပြင်စေချင်တဲ့ အမှန်ကိုအသိအမှတ်ပြုစေချင်တဲ့ စေတနာမျိုးမှမရှိဘူးဆိုရင် ဝေဖန်ရေးဆိုတဲ့ စကားကို မသုံးသင့်ဘူး။ ဝေဖန်ရေးဟာ အနည်းဆုံး တစုံတယောက် ဒါမှမဟုတ် လူ့အဖွဲ့အစည်းကို အကျိုးဖြစ်စေတဲ့ အပြုသဘော ဖော်ပြချက်တခုခုသာ ဖြစ်သင့်တယ်လို့ ဆိုကြပါတယ်။

ဝေဖန်သူနဲ့ အဝေဖန်ခံရသူကြားမှာ အပြုသဘောချဉ်းကပ်မှု တစုံတရာမရှိခဲ့ဘူးဆိုရင် ဝေဖန်ရေးဟာ ဘယ်လောက်ပဲ မှန်မှန် တခါတရံမှာ အကျိုးမပြုဘဲ အချည်းအနှီးဖြစ် တတ်ပါတယ်။ အချို့သူတွေဟာ ဝေဖန်ရေးကို ပြုပြင်စေလိုတဲ့ ရည်ရွယ်ချက်ထက် …

၁။ ပုဂ္ဂိုလ်ရေး နစ်နာစေလိုခြင်း

၂။ အုပ်စု၊ ဂိုဏ်းဂဏကိုပါ သွယ်ဝိုက်ထိခိုက်စေလိုခြင်း

၃။ မိမိ အခန်းကဏ္ဍကို မသိမသာ သို့မဟုတ် သိသိသာသာ ထူထောင်လိုခြင်းစတဲ့ အချက်တွေကို ပေါ်လွင်လိုတဲ့အတွက် ဆောင်ရွက်နေကြတာတွေကိုလည်း တွေ့နေရပါတယ်။

စေတနာမှန်တဲ့ ဝေဖန်သူများဟာ လုပ်ရပ်တခုခု ဖြစ်ရပ်တခုခု ဒါမှမဟုတ် အရှိတရားတခုခုကို ထောက်ပြတဲ့နေရာမှာ ထောက်ပြတဲ့အချက် မှန်ကန်ကြောင်းကို ခိုင်လုံအောင် ကြိုးစားကြပါတယ်။ မှားယွင်းနေတာတွေကို မှန်ကန်အောင် ပြုပြင် စေလိုတဲ့စေတနာ ပေါ်လွင်အောင် ပြောပြ၊ ရေးပြကြပါတယ်။ အပြုသဘောဆောင်တဲ့ စကားလုံးတွေကို တတ်အားသမျှ ရွေးချယ်သုံးနှုန်းပြီး အဝေဖန်ခံရတဲ့သူ နားဝင်လာအောင် စည်းရုံးကြပါတယ်။ အဝေဖန်ခံရတဲ့သူကို ချောင်မှာပိတ်ပြီး ဖမ်းဖို့ထက် ထွက်ပေါက်ပိတ်နေရင်တောင် ကူညီဖွင့်ပေးနိုင်အောင်လမ်းပြဖို့ ကြိုးစားပေးကြပါတယ်။ ဒါဟာ လေးစား ကြည်နူးစရာကောင်းတဲ့ ဝေဖန်ရေးမျိုးပါ။

အတင်းအဖျင်းနဲ့ စကားတင်းဆိုခြင်းသက်သက်မှာ မွေ့လျော်နေကြသူများဟာ မိမိကိုယ်ကိုမိမိ ဝေဖန်ရေးကောင်းသူများလို့ မယူဆထိုက်ကြပါဘူး။ သိက္ခာရှိရှိ တည်တည်တံ့တံ့နဲ့ အပြုသဘော ရေးသားပြောဆိုမှုတွေကတော့ အများရဲ့လေးစားမှု အသိအမှတ်ပြုမှုတွေကို ရကြမှာမလွဲပါ။

ဝေဖန်မှုတိုင်းကို လူတိုင်းက သဘောတူချင်မှတူကြမှာပါ။ ဒါပေမယ့် ဝေဖန်သူဟာ ရိုးသားမှုရှိကြောင်း ဖော်ပြနိုင်တယ် ဆိုရင် အဝေဖန်ခံရသူနဲ့ သူ့ရဲ့ပရိသတ်ထံကပင် နားလည်လေးစားမှုကို ရရှိနိုင်ပါတယ်။

ငယ်ကျိုးငယ်နာဖော်ပြီး ပွဲဆူအောင်လုပ်ကြတဲ့ ဝေဖန်ရေးမျိုးကတော့ ရေပွက်ပမာ ခဏတာတော့ အုတ်အော်သောင်းနင်း ဖြစ်ကောင်းဖြစ်မှာပါ။ နားလည် ချင့်ချိန်တတ်ကြသူတွေရဲ့ရင်ထဲမှာတော့ သူတို့အတွက် နေရာမရှိတတ်ကြပါဘူး။ အချို့က ပွင့်ပွင့်လင်းလင်း ဝေဖန်ရတာကို ကြိုဆိုရမယ်လို့ ဆိုကြပါတယ်။

ပွင့်လင်းရမယ်ဆိုတာကို ခေတ်ပေါ်ယဉ်ကျေးမှုတခုလို လူတော်တော်များများက ယူဆနေကြပေမယ့် အရာခပ်သိမ်း ပွင့်လင်းရလောက်အောင် ခေတ်ကာလကြီးက တကယ်ကော အခြေအနေပေးနေရဲ့လားဆိုတာလည်း စဉ်းစားကြစရာပါ။ အငိုလွယ်ပြီး အရှိုက်ခက်လှတဲ့ ဒီလောကကြီးမှာ ဝေဖန်ချင်တိုင်း ဝေဖန်လို့မရလောက်အောင် သိမ်မွေ့တဲ့ကိစ္စတွေက မရေမတွက်နိုင်အောင် ရှိနေကြတာပါ။

သီးကြ၊ ပွင့်ကြတာဟာ မင်္ဂလာဖြစ်ပေမယ့် အချိန်မတိုင်မီ သီးကြ၊ ပွင့်ကြတိုင်း ရသမြောက် မမြောက်ကတော့ စောင့်ကြည့် နေကြရဆဲပါ။ ခေတ်မီဆက်သွယ်ရေးကရိယာတွေကို လူတိုင်းအသုံးပြုနိုင်ကြတဲ့ခေတ်ကြီးမှာ အခြားသော စစ်မျက်နှာ အသီးသီးနဲ့အတူ ဝေဖန်ရေးဖွံ့ဖြိုးလာမှုဟာ ကြိုဆိုချင်စရာကောင်းလှသလို ‘လွတ်လပ်စွာဖော်ပြခွင့်’ ကို ‘လွပ်လပ်စွာ စော်ကားခွင့်’ နဲ့ မှားယွင်းနားလည်သူတွေနဲ့ ကြုံရရင်လည်း သက်ပြင်းချနေကြရရုံပါပဲ။ အချို့ကလည်း ဒါကိုပင် ‘ဒီမိုကရေစီ’ ရယ်လို့ လွဲမှားစွာ ဘာသာပြန်နေကြပြန်ပါသေးတယ်။

ဗုဒ္ဓယဉ်ကျေးမှုနယ်ပယ်မှာတော့ ‘မှန်သော်လည်း အကျိုးမရှိလျှင် မပြောအပ်’ ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမအချို့ကို လိုက်နာနိုင် အောင် ကြိုးစားကြသူတွေလည်း ရှိပါတယ်။ အမှန်တရားမှာ မျက်နှာနှစ်ခုမရှိရဘူးဆိုပြီး ငါ့စကားနွားရ ရေရွတ်တတ်ကြသူ တွေကိုလည်း တွေ့ဖူးခဲ့ကြပါပြီ။

ဘာပဲဖြစ်ဖြစ် စစ်မှန်တဲ့ဝေဖန်ရေးနဲ့ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေပေါ်လာဖို့ကတော့ အားလုံး ဝိုင်းဝန်းကြိုးစား ကြရမှာပါ။ နောက်ပြီး အပြုသဘောဆောင်တဲ့ ဝေဖန်မှုဟာ တိုးတက်ရေးအတွက် အားဆေးတခွက်ဆိုတာကိုလည်း မမှိတ်မသုန် ယုံကြည်ကြရအောင်ပါ။

အုပ်စိုးနိုင်

Wednesday, November 18, 2009

ကမ္ဘာကြီးရဲ့ လားရာ (အုပ်စိုးနိုင်)

၂၁ ရာစုကို ဝင်လာကတည်းက ပညာရှင်အသီးသီးက မေးခွန်းတွေ၊ ထင်မြင်ချက်တွေ အမျိုးမျိုးထုတ်လာခဲ့ကြတယ်။ ဒီနေ့ကမ္ဘာကြီးဟာ ဘယ်လမ်းကို သွားနေကြသလဲလို့ပေါ့။ ကမ္ဘာကြီးဆိုတာထက် ဒီနေ့လူ့အဖွဲ့အစည်းတွေက ဘယ်လမ်းသွားနေကြသလဲလို့ ဆိုလိုတာပါ။ အကောင်းမြင်သူတွေရော၊ အဆိုးမြင်သူတွေရော နှစ်ဖက်စလုံးက ကိုယ့်အမြင်အမျိုးမျိုးကို တင်ပြလာကြတယ်။

အချို့ကလည်း ကမ္ဘာကြီးဟာ အပေါ်ယံအားဖြင့် ဖွံ့ဖြိုးတိုးတက်နေတယ်၊ အတွင်းအနှစ်သာရအားဖြင့် အပြင်ထန်ဆုံး ဖောက်လွဲဖောက်ပြန်ဖြစ် နေပြီး အဆုံးစွန်ပျက်သုဉ်းခြင်းတခုဆီကို ရှေ့ရှုနေတယ်လို့ ဆိုကြတယ်။ ရုပ်ဝတ္ထုတွေ ဖွံ့ဖြိုးတိုးတက်နေတာ လျှင်မြန်လာတာနဲ့အမျှ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီး နိမ့်ကျလာနေတယ်လို့ ဆိုကြတယ်။ ပညာရှင်တယောက်က သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြတယ်။

“ကမ္ဘာကြီး ဘယ်ကိုသွားနေတယ်ဆိုတာ ကျနော် သေသေချာချာ မသိပါဘူး။ ဒါပေမယ့် ဘယ်လိုသွားနေတာလဲဆိုရင်တော့ အနီးစပ်ဆုံး မှန်ကန်အောင် ကျနော် ပြောပြနိုင်ပါတယ်။ ကမ္ဘာကြီးဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး အခြေခံအောက်မှာသာ နာမည်အမျိုးမျိုး ပြောင်းပြီး နှစ်ရှည်ကာလများစွာ သွားနေခဲ့တာပါ” တဲ့။

လူတိုင်းက ယဉ်ကျေးမှုတွေ မြင့်လာတယ်လို့ အစဉ်တစိုက် သုံးစွဲခဲ့ကြ ပါတယ်။ ဒါဟာ လှပတဲ့တင်စားမှုတခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သဘောမတူသူတွေကတော့ ယဉ်ကျေးမှုမြင့်လာတယ်ဆိုတာထက် ဟန်ဆောင်မှုတွေ ပိုပြီးမြင့်လာတယ်လို့ ဆိုကြပါတယ်။ သမိုင်းဦးဘုံမြေ ခေတ်ကနေ မြေခေတ်၊ စက်ခေတ်၊ နည်းပညာခေတ်၊ ဘယ်လိုပင် ပြောင်းခဲ့စေကာမူ လူဟာ သူ့ရဲ့မူလသဘာဝ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရိုးသားမှုမှန်သမျှကိုတော့ ဆုံးရှုံးခဲ့ပုံရတယ်လို့ ဆိုကြပါတယ်။

ခေတ်မီဖို့၊ ဖွံ့ဖြိုးဖို့ တိုးတက်ဖို့ အပြိုင်အဆိုင် ကြိုးစားကြရင်းနဲ့ လူဟာ အခြားတဖက်က အပြိုင်ဖြစ်လာတဲ့ ဆိုးကျိုးတွေကို ဟန်ဆောင် ဖုံးကွယ်ပြီး ရှင်သန်နေခဲ့ကြပါတယ်။ လူဟာ အံ့မခန်းမျှော်လင့်ချက်တွေ အပေါ် ရင်ခုန်နေရင်းနဲ့ပဲ အံ့မခန်း ဘေးဒုက္ခတွင်းတွေထဲကို ဆင်းမှန်းမသိ ဆင်းနေခဲ့ကြပါတယ်။ အစိုးရအသီးသီးက တဖွဖွရေရွတ်နေကြတဲ့ စကားတွေကို ကြည့်လိုက်ပါ။ ‘လတ်တလော အကျိုးစီးပွား’ ဆိုတဲ့ စကားလုံးကို အတွင်ကျယ်ဆုံး ကြားရနိုင်ပါတယ်။ ဒီစကားလုံးရဲ့တန်ဖိုးက သူ့တာဝန်ကို သူကျေပွန်လေလေ၊ ကမ္ဘာကြီးရဲ့အနာဂတ်ဟာ မရေမရာ ဖြစ်လာလေလေပါပဲ။

ကမ္ဘာကြီးဟာ ကမ္ဘာစစ်ကြီး ၂ ခုကိုကြုံပြီး ဆိတ်ငြိမ်စစ်ကာလကြီး တခုကိုလည်း တိုးတိုးတိတ်တိတ်နဲ့ လူသိရှင်ကြား ဖြတ်သန်းခဲ့ပြီးပါပြီ။ လူတွေဟာ ကျွန်တွေ အများကြီးပိုင်ဖို့ ကြိုးစားကြရင်း၊ မြေတွေ အများကြီး ပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း၊ ဈေးကွက်တွေ အများကြီး ပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း၊ လက်နက်တွေအများကြီးပိုင်ဖို့ ကြိုးစားကြရင်း၊ နည်းပညာတွေ အများကြီးပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း ကမ္ဘာကြီးဟာ ကိုယ့်ထောင်ချောက်နဲ့ကိုယ် ပိတ်မှန်းမသိ ပိတ်မိနေခဲ့ပါတယ်။

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကို နာမည်အမျိုးမျိုးပြောင်းကာ ရေလောင်းပေါင်းသင်ကြရင်းနဲ့ပဲ ရောဂါဘယအသစ်အဆန်းပေါင်းစုံနဲ့ သဘာဝပတ်ဝန်းကျင်အချို့ ယွင်းပျက်သုဉ်းမှုကြီးဟာ ကမ္ဘာကြီးရဲ့ နောက်ကျောမှာ ဓားတချောင်းနဲ့ အသင့်ဖြစ်နေခဲ့ပါပြီ။

ရုရှား မဟာအောက်တိုဘာ တော်လှန်ရေးပြီးစမှာ လူတွေဟာ လိုချင်တာတွေရတော့မယ် ထင်ခဲ့ကြပါတယ်။ ဂျာမဏီ ဘာလင်တံတိုင်း ကြီးပြိုပြီးတဲ့အခါမှာတော့ လူတွေဟာ လိုချင်တာကို အခုမှရတော့မယ်လို့ ထင်လာကြပြန်ပါတယ်။ ဒါပေမယ့် အမေရိကန်က တိုက်အမြင့်ကြီး ၂ လုံး ပြိုသွားပြီးတဲ့အခါမှာတော့ လူတွေဟာ ကမ္ဘာကြီးရဲ့ လားရာအပေါ် ဘယ်လိုထင်မြင်ချက်မျိုး ပေးရမှန်းမသိ ဖြစ်ခဲ့ကြပါတယ်။ အဲလ်ဖရက်နိုဗယ်လ်ကတော့ သူမသေခင်မှာဘဲ တဖက်မှာ ကမ်းပြိုရင် တဖက်မှာ သောင်းထွန်းတတ်တယ်ဆိုတာကို နားလည်သွားခဲ့ပါပြီ။

ကမ္ဘာကြီးဟာ ငွေများ တရားနိုင်တာထက် ပိုပြီးယဉ်ကျေးတယ်လို့ ယူဆနိုင်တဲ့ လူများတရားနိုင်တဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ အာဏာရှင်စနစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒါဟာ ကျေနပ်စရာပါ။ ဟားမား[စ်]အဖွဲ့ပဲဖြစ်ဖြစ်၊ တက်ဆင်ရှီနာဝပ်ပဲဖြစ်ဖြစ် လူများတော့ တရားနိုင်ခဲ့ကြပါပြီ။

ကိုယ်စားပြုဒီမိုကရေစီစနစ်ဟာ အကန့်အသတ်နဲ့သာ မှန်ကန်ခွင့် ရှိနေဆဲပါ။ ပါလီမန်ရွေးကောက်ပွဲစနစ်အောက်မှာ နိုင်ငံအစိုးရတိုင်း ခေါင်းဆောင်တိုင်း သူတို့ကိုယ်စားပြုထားတဲ့ ကျောထောက်နောက်ခံ အဖွဲ့အစည်းတိုင်းက လတ်တလော အကျိုးစီးပွားတိုင်းကို ဦးစားပေး မဟာဗျူဟာအဖြစ် သတ်မှတ်ခဲ့ကြတာ မဆန်းလှပါဘူး။

ဒီကနေ့ ကိုယ့်လူထုကျေနပ်ဖို့၊ ဒီကနေ့ စီးပွားရေးဘဝ ပြေလည်ဖို့က အဓိကပါ။ ဒီကနေ့ ဒါမလုပ်နိုင်တဲ့ ဘယ်အစိုးရမဆို မနက်ဖြန်မှာ အချိန်မရွေး ပြုတ်ကျသွားနိုင်တာမို့ ရေရှည်အကျိုးထက် ရေတိုအကျိုး ကြည့်မှုတွေက ရှေ့တန်းရောက်လာတာ တကယ်တော့ မဆန်းလှပါဘူး။ နောင်တချိန်မှာ ကမ္ဘာကြီးဘာပဲဖြစ်ဖြစ် လေးနှစ် တကြိမ် ရွေးကောက်ပွဲ နိုင်ဖို့ လူထုကို လတ်တလော အကျိုးစီးပွားအမျိုးမျိုးနဲ့ ဖြားယောင်း နိုင်ဖို့ကိုပဲ နိုင်ငံရေးပါတီတွေက ပိုပြီးအာရုံစိုက်တတ်ကြပါတယ်။

အမေရိကန်တွေဆိုရင် သူတို့ရဲ့ လတ်တလောအကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ အချို့စာချုပ်စာတမ်းတွေကို လက်မှတ်ထိုးဖို့ ငြင်းဆန်နေဆဲပါ။ လူတွေရဲ့ အရမ်းကာရော တီထွင် ဖန်တီးမှုတွေ၊ ဇွတ်တရွတ် ကိုယ်ကျိုးစီးပွားဖက်တွယ်မှုတွေကြောင့် ကမ္ဘာကြီးဟာ ကိုယ့်ထောင်ချောက်နဲ့ကိုယ် ပိတ်မိနေရတဲ့ အဖြစ်မျိုးနဲ့ တိုးနေရတာဆိုရင် မမှားပါ။

ကမ္ဘာကြီးရဲ့ကျန်းမာရေးဆိုပြီး အစိုးရတိုင်းနီးပါးက ဟန်ဆောင်ကြွေးကြော် တတ်ကြပါတယ်။ လူ့အခွင့်အရေး၊ ဖူလုံရေး၊ မျှတရေး၊ သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေး စသဖြင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့ကြားက ကွာခြားချက်ကတော့ ကြီးနေတုန်းပါပဲ။

ကမ္ဘာလက်နက်ပြိုင်ဆိုင်မှုအတွက် သုံးစွဲနေတဲ့ ငွေကြေးပမာဏဟာ အေအိုင်ဒီအက်(စ်)လို ကပ်ရောဂါမျိုးအတွက် သုတေသနလုပ်တဲ့ လုပ်ငန်းသုံးငွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အဆမတန် နည်းနေတာကို တွေ့ကြရ မှာပါ။ ကမ္ဘာကြီးမှာ သန်းနဲ့ချီတဲ့ ကလေးသူငယ်တွေ အဟာရ ချို့တဲ့မှုရဲ့ အကျိုးဆက်အဖြစ် နှစ်စဉ်သေဆုံးနေကြရပေမယ့် ဒါတွေကို စိတ်လှုပ်ရှားစွာနဲ့ အပူတပြင်းဆောင်ရွက်နေကြတဲ့ အစီအစဉ်တွေ ကတော့ မရှိသလောက် နည်းပါးလွန်းတာကို တွေ့ကြရမှာပါ။

မျှော်စင်အမွှာညီနောင်ကြောင့် လူငါးထောင်ကျော်သေသွားတဲ့အခါမှာ ဒေါ်လာဘီလီယံနဲ့ချီပြီး ကုန်ကျနိုင်တဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး စီမံချက်ကြီးတွေက ပြူးတူးပြဲတဲနဲ့ ရှေ့တန်းကိုရောက်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာကြီးဟာ ပိုပြီးယဉ်ကျေးလာတယ်ဆိုတာထက် ပိုပြီး ဟန်ဆောင်တတ်လာတယ်လို့ သုံးသပ်ကြတာ ဖြစ်ကောင်းဖြစ်မှာပါ။

ကျေးပိုင်ကျွန်ပိုင်စနစ်က အသွင်သစ်ပြောင်းပြီး ဖြစ်ထွန်းလာတာ သွေးစုပ်တဲ့စနစ်က ပုံစံပြောင်းပြီး နှိပ်စက်လာတာ ဒါကိုပဲ အမြင့်ဆုံး ဖြစ်ထွန်းမှုတွေထဲမှာ နေပျော်နေပြီလို့ဆိုသူတွေကလည်း ဆိုနေကြ ပါတယ်။ ကရင်မလင်နန်းတော်ကြီးက ပွင့်လင်းရမယ်လို့ မျက်စပစ် လိုက်ပြီး ချမ်းသာတာကောင်းတယ်လို့ ခေါင်းဆောင်ကြီး တဦးက ကြွေးကြော်ပြီးတဲ့နောက်မှာ အချို့ကလည်း သမိုင်းနိဂုံးချုပ်ပြီ ဆိုပြီး အလန့်တကြား ထ အော်လာကြပါတယ်။

ကျေးလက်က လူအများစုကြီးက မွဲမြဲမွဲနေကြပြီးတော့ မြို့ပြက လူစု လူဝေးကြီးဆီမှာလည်း ကုလို့မရနိုင်တဲ့ ရောဂါအသစ်အဆန်း ပေါင်းစုံကို ခေတ်သစ်ကြီးရဲ့လက်ဆောင်အဖြစ် ရနေကြပါပြီ။ ကမ္ဘာကြီးပူနွေးလာတယ်ပဲ ပြောပြော၊ ဖန်လုံအိမ် အာနိသင်အကြောင်းပဲ ငြင်းခုံ ငြင်းခုံ၊ အဆိပ်လို လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့မျိုးတွေကို နေ့စဉ်ရှူရှိုက်ရင်း ကြီးပြင်းနေကြတဲ့ ကမ္ဘာလူထုကြီးဟာ လတ်တလော အကျိုးစီးပွားတွေကိုသာ တွင်တွင်မျက်မှောက်ပြုနေကြရင်းနဲ့ အသေအပျောက်တွေ တစထက်တစ ပိုများလာနေတဲ့၊ ကမ္ဘာရာသီဥတု အပြောင်းအလဲတွေအကြောင်းကို ကြိုးစားပြီး မေ့ထားနေကြပုံရပါတယ်။

လူ့သမိုင်းမှာ မကြုံဖူးလောက်အောင် လိုအပ်သမျှတွေကိုရနိုင်တဲ့ ခေတ်ကြီးလို့ အကောင်းမြင်သူတွေကဆိုကြပေမယ့် ကွန်ပြူတာ၊ မိုဘိုင်းဖုန်းနဲ့ တယ်လီဗီးရှင်းနား မကပ်နိုင်သူတွေက ဒုနဲ့ ဒေးပါ။ ယဉ်ကျေးချင်ဟန်ဆောင်ထားတဲ့ ပေးစာကမ်းစာ အကူအညီလောက်နဲ့ တော့ ကမ္ဘာ့လူမွဲတွေ နာလန်ထလာဖို့ဆိုတာလည်း မလွယ်လှပါဘူး။

လူဟာ လူအချင်းချင်းကိုရော သဘာဝတရားကြီးကိုပါ အစဉ်တစိုက် အံတုဖို့ကြိုးစားရင်း ခေတ်သမိုင်းအဆက်ဆက်ကို ချီတက်လာခဲ့ကြပါ တယ်။ အဲဒီလူကိုပဲ လူအချင်းချင်းကရော၊ သဘာဝတရားကြီးကပါ ဒဏ်ခတ်ဖို့ကာလတခုဟာ ရှေးမဝေးလှတဲ့ အနာဂတ်တခုမှာ စောင့်ကြို နေပါတယ်လို့ ဆိုကြပါတယ်။ ကမ္ဘာကြီး ဘယ်ကိုသွားနေတယ်ဆိုတာ အပျင်းပြေလောက်ပဲဖြစ်ဖြစ်၊ စဉ်းစားကြည့်ကြရအောင်ပါ။ ။

Thursday, November 12, 2009

အိုဘယ့် တို့မီဒီယာ (နိဂုံးပိုင်း)


အခြားခေါင်းဆောင်ကြီးတဦးက ကျနော့်ကို ပြောပြဖူးပါသည်။ သူ့ကို နယ်မြေခံသတင်းထောက်တဦးက အင်တာဗျူး လုပ်သည့်အကြောင်း၊ သူ့ကို မလေးမစား အလုပ်ခံရသည်ဟု ခံစားလိုက်ရသည့်အကြောင်း ရင်ဖွင့်ပါသည်။ ထိုသတင်းထောက်က သူ သတင်းပို့ရန် အချိန်ကပ် နေသဖြင့်၊ ပြောချင်တာတခုခု မြန်မြန် ပြောပေးရန် တောင်းဆိုသည်ဟု ဆိုပါသည်။

ခေါင်းဆောင်ကြီးက “ခင်ဗျား တခုခုတော့မေးလေ … ကျနော်က ဘာပြောရမှန်း မသိဘူးဗျ” ဟု ပြန်ပြောပါသည်။ “ရပါတယ် ကိစ္စမရှိဘူး … ဆရာ့အသံပါရင်ပြီးရော၊ ဘာပဲဖြစ်ဖြစ် ပြောသာပြောချလိုက်၊ သင့်တော်တဲ့အပိုင်းကို ကျနော်ကြည့်ပြီး ထည့်လိုက်မယ်”ဟု ပြောကြောင်း ဆိုပါသည်။ “အတော်ခွကျတဲ့လူဗျာ အသံပါရင်ပြီးရော ဆိုတော့ ကျနော် လက်ခေါက်မှုတ်ပြီး ထည့်ပေးလိုက်ရင် ကောင်းမလား ဆိုပြီး စဉ်းစားမိသေးတယ်” ဟု ကျနော့်ကို ရယ်ရယ်မောမော ပြောပြခဲ့ဖူးပါသည်။

ဒီပဲယင်းကိစ္စဖြစ်သောအခါ သတင်းတွေက အမျိုးမျိုးထွက်လာခဲ့ပါသည်။ ဖြစ်ရပ်ကြီးကျယ်ခဲ့တာကိုတော့ အားလုံး သိပြီးဖြစ်၍ အကျယ် မရေးလိုပါ၊ ကျနော်တို့ကလည်း ကျနော်တို့ ပူပန်စိတ်နှင့်မို့ အဖြစ်မှန်တွေလူထုသိဖို့ Media တွေကို အားကိုးတကြီး ချဉ်းကပ်ရပါသည်။ သတင်းအများစု မှန်ကန်ကြောင်း နောက်ပိုင်းတွင် အတည်ပြု၍ ရသော်လည်း၊ အချို့သတင်းများမှာ ခုထိအတည်မပြုနိုင်သေးပါ၊ အချို့မှာ မှားယွင်းပါသည်။

ကျနော်တို့တင်ပြသည့် သတင်းအချို့ မှားယွင်းသောအခါ အတိုက်အခံ တွေဟာ ဒီလိုပဲဆိုပြီး အပြစ်ပုံချပါသည်။ နအဖ က မဟုတ်ပါ၊ ကျနော်တို့၏ ကြားလူများက အပြစ်တင်တာ ဖြစ်ပါသည်။ ကျနော်တို့ ကလည်း အခြေအနေကို ရှင်းပြရပါသည်။ “မြန်မာပြည်မှာ စစ်အုပ်စုတက်လာကတည်းက ဘယ်သူကများ ရာနှုန်းပြည့် အမှန်အတိုင်း သိခွင့်ရလို့လဲ၊ ဘာမှအတည်ပြုလို့ မရတာ၊ အတည်ပြုဖို့ ခက်ခဲတာကိုက မြန်မာပြည်ရဲ့အခြေအနေမှန်ပဲ။ အမှန်အတိုင်း သိခွင့်မရလို့ မှားတာဟာ အပြစ်မဟုတ်ဘူး”လို့ ပြန်ပြော ခဲ့ရပါသည်။ မီဒီယာသမားအချို့က ကျနော်တို့ကို မျက်မာန်တော် ရှသွားခဲ့ပါသည်။

အတိုက်အခံ (အဖိနှိပ်ခံ) ဘက်က ရပ်တည်သည်ဟုအထင်ခံရသဖြင့် နဝတ နိုင်ငံခြားရေးဝန်ကြီးကို အင်တာဗျူး တောင်းလို့မရဘူးဆိုကာ ဝမ်းနည်းပက်လက်ဖြစ်နေပုံရသော ကျနော်တို့လူများကို မြင်ခဲ့ရ ဖူးပါသည်။ ပြည်သူ့ သစ္စာဖောက်တွေက ရန်သူလို့ သတ်မှတ်ခံ ရတာကို ဂုဏ်ယူပုံမရသည့်အပြင် ကိုယ့်ကိုယ်ကိုယ် အားငယ်နေပုံပင် ပေါက်နေပါသည်။

ကျနော်တို့ အင်အားစုတွေအနေနှင့် တလျှောက်လုံးတွင် တတ်နိုင်သမျှ လူထုဘက်ကရပ်တည်ပြီး စွမ်းသလောက် ဆောင်ရွက်ခဲ့ကြပါသည်။ ဒီကနေ့ မီဒီယာရဲ့အရေးပါမှုကိုလည်း ကျနော်တို့က အလေးထား ပါသည်။ သတိပြုမိကြပါသည်။ Media Ethic အရ ဆောင်ရွက်ကြရတာတွေ ကိုလည်း နားလည်မှုရှိပါသည်။ Media သမားတွေထဲမှာ၊ ကိုယ်ယုံတဲ့အတိုင်း မှန်မှန်ကန်ကန် ရပ်တည် လုပ်ကိုင်နေကြသူအချို့ ကိုလည်း ကျနော်တို့တွေ့ပါသည်၊၊ အချို့ဆိုလျှင် ကျနော် တလေးတစား ရှိပါသည်။ သို့သော် ကျနော် ယခု တင်ပြခဲ့သည် များမှာ ဝါးလုံးရှည်နှင့် ရမ်းလို၍မဟုတ်ပါ၊ အချို့သော ငါးခုံးမများကြောင့် တလှေလုံး မပုပ်စေလို၍ ဖြစ်ပါသည်။

ကျနော်ကတော့ ကျနော်တို့တပ်မှူးတွေကို ဒိုင်လူကြီး မဖြစ်စေချင်ပါ၊ အဖိနှိပ်ခံဘက်က ရပ်ရတာကို၊ ဂုဏ်ငယ် တယ်လို့ မခံစားစေလိုပါ။ လူထု ဦးစိန်ဝင်းတို့၊ အိုးဝေ ဦးညိုမြတို့၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့၊ အမေ ဒေါ်အမာ တို့လို လူထုဘက်က ပြတ်ပြတ်ရပ်ခဲ့တဲ့၊ မီဒီယာသမားတွေ ဖြစ်စေချင်ခဲ့သူဖြစ်ပါသည်။ ဦးချစ်မောင်ဆိုလျှင် ဘယ် နိုင်ငံရေး ပါတီအဖွဲ့အစည်းကိုမှ တရားဝင်မဝင်ခဲ့ပေမင့် လူထုဘက်ကရပ်ခဲ့သော သတင်းစာဆရာ တယောက် ဆိုသည့်ဂုဏ်ကိုမူ တောင့်တခဲ့တဲ့သူ ဖြစ်ပါသည်။

မြန်မာပြည် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် နိုင်ငံအချို့က ငွေကြေး အရ၊ ရုပ်ဝထ္တုအရ အကူအညီအချို့ပေးပါသည်။ ထိုခေါင်းစဉ်အောက် ထိုရည်ရွယ်ချက် အောက်တွင်ရှိနေသူများမှာ ကျနော်တို့နှင့် တလှေထဲစီး တခရီးထဲသွားကြသူများဟု ကျနော်တို့က ရိုးရိုးသားသား ယုံကြည်ပါ သည်။ ကျနော်တို့ ရဲဘော်ရဲဘက်များဟုလည်း သုံးစွဲလိုပါသည်။

ထို့ကြောင့်ပင် အချို့အင်အားစုများကို ကျနော်တို့ မီဒီယာဟု ဆိုလိုရခြင်း ဖြစ်ပါသည်။ သည်အဆိုကို သီအိုရီအရ သုံးစွဲတင်ပြခြင်းမဟုတ်ပါ။ လတ်တလော အခြေအနေအောက်မှ ကျနော်တို့ ပြည်သူလူထု အကျိုးစီးပွားကို ချဉ်းကပ်သုံးစွဲခြင်းသာ ဖြစ်ပါသည်။ အားလုံးကိုယ်စီမှာ မိမိနှစ်သက်ရာ သင့်တော်သော နည်းလမ်းပေါင်းစုံ၊ နည်းနာပေါင်းစုံကို ကျင့်သုံးနိုင်ခွင့်ရှိကြပါသည်။ သို့သော် မည်သည့်နည်းနာကမျှ သေနင်္ဂဗျူဟာကို သစ္စာ မဖောက်သင့်ပါ။

တတ်နိုင်သလောက် ချုပ်၍ဖော်ပြပါမည်။ ရန်သူက မီဒီယာတင်းပုတ်ကြီး နှင့် လူထုကို မညှာမတာ ထုပါသည်။ ကျနော်တို့က မဆိုစလောက်သော မီဒီယာသွားကြားထိုးတံကလေးဖြင့် ပြန်တွန်းလှန် နေရသော အခြေအနေ ဖြစ်ပါသည်။ သွားကြားထိုးတံလေးမှာမှ ယိုင်နဲ့နဲ့ဖြစ်နေရလျှင် ကျနော်တို့ ဘယ်တော့မှ နာလံထူကြတော့မှာ မဟုတ်ပါ။ ကျနော့်အနေဖြင့် ဘယ်သူဘယ်ဝါ ပုဂ္ဂိုလ်ရေးရာပြောဆိုရန် ဆန္ဒလုံးဝမရှိပါ။ မူသဘောများကိုသာ အဓိက ပြောလိုပါသည်။

ကျနော်တို့ အယူအဆက ဒီမိုကရေစီတော်လှန်ရေး ခရီးစဉ်အောက်မှာ မီဒီယာသမားတိုင်းက အဖိနှိပ်ခံ လူထု ဘက်ကသာ ပြတ်ပြတ်သားသား ရပ်စေချင်ပါသည်။ ဒီမိုကရေစီဆန့်ကျင်သူနှင့် ဒီမိုကရေစီလိုလားသူတို့၏ ပဋိပက္ခ ပိုများလာလေလေ မီဒီယာ၏ အရေးပါမှုက ပိုလာလေလေဖြစ်မှာ သေချာပါသည်။

သည်ဆောင်းပါးကို ရေးသားရသည်မှာလည်း ကျနော်တို့လူတွေကို ပိုမိုဦးတည်၍ မေတ္တာရပ်ခံသည့်သဘော ဖြစ်ပါသည်။ မကသော အရုပ်များ ကြိုးရှုပ်နေသည်ကိုတော့ ကျနော်တို့ တားနိုင်မည်မဟုတ်ပါ၊ မီဒီယာသည် ပြည်သူ့အတွက် ဖြစ်စေလိုသော စေတနာဖြင့် ဤစာကို ရေးပါသည်။ ။

လူ့ဘောင်သစ် ဂျာနယ်

အတွဲ ၈ အမှတ် ၁

အောက်တိုဘာလ ၂၀၀၃ ခုနှစ်


Tuesday, November 10, 2009

အိုဘယ့် တို့မီဒီယာ (၁)


ဘီအိုင်အေ၊ ဘီဒီအေ ခေတ်ကလည်း တော်လှန်ရေး လိုအပ်ချက်အရ၊ တော်လှန်ရေးတပ်များကို ဖုတ်ပူမီးတိုက် ဖွဲ့ခဲ့ကြရသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ကိုသာအခြေခံလျှက် ဖွဲ့ခဲ့ကြခြင်းဖြစ်ပြီး စည်းရုံးရေးအတွေ့အကြုံနှင့် စည်းကမ်းပိုင်းများမှာ အားနည်းခဲ့ကြပါသည်။ well trained army ကြီးလုပ်ဖို့ အချိန်များစွာ မရခဲ့ကြပါ။ သည့်အတွက် အမှားအယွင်းအချို့ရှိခဲ့သည်။ သို့သော် ယင်းကိစ္စများကို နယ်ချဲ့မှတပါး မည်သူကမျှ ရေးကြီးခွင်ကျယ် Highlight မလုပ်ခဲ့ကြ။ တခုချင်းကိစ္စထက် တခုလုံးကိစ္စကိုသာ ပိုမိုဦးစားပေးခဲ့ ကြပါသည်။

နောက်ပိုင်း တစုံတရာပွင့်လင်းခဲ့သော ခေတ်များတွင်မူ ရေးနိုင် သလောက် ပြန်ရေးကြတာ တွေ့ရှိခဲ့ပါသည်၊ ကျနော်တို့လည်း ဖတ်ခဲ့ရပါသည်။ ပြဿနာ မရှိလှပါ။ တိုက်ရိုက် ပတ်သက်သူများက သို့မဟုတ် သေသေချာချာသိသူများက တစုံတရာ ပြန်လည် ခုခံဖြေရှင်းနိုင်၊ ငြင်းခုံနိုင်သောဝန်းကျင်အောက်တွင် ကိုယ့်တာဝန် ကိုယ်ယူနိုင်ကြပါသည်။

သည်လိုပြောသည့်အတွက် ကျနော်တို့အင်အားစုများအား Watch မလုပ်ရဘူးဟု ဆိုလိုခြင်းမဟုတ်ပါ။ ကျနော်တို့ Movement မှာလည်း အားနည်းချက်များ ရှိပါသည်။ တပြိုင်နက်ထဲမှာပင်လျှင် မီဒီယာ၏ အားနည်းချက်များကိုလည်း ကျနော်တို့က တွေ့ပါသည်။ တခါတရံ ကျနော်တို့ လူတွေက Activist လို လုပ်ကြပါသည်။ တခါတရံ Acadamic လိုလုပ်ကြပါသည်။ တခါတရံ Journalist လို လုပ်တာတွေလည်း တွေ့ပါသည်။ တဦးထဲက သုံးမျိုး လေးမျိုးစလုံး လုပ်ကြတာလည်း တွေ့ပါသည်။ ဒီကနေ့ မီဒီယာသမားတွေရဲ့ Role က ဘာလည်းဆိုတာ လေ့လာရပါဦးမည်။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့လည်း Audience ပရိတ်သတ်တွေဖြစ်သောကြောင့် ဖြစ်ပါသည်။

နောက်တချက် ‘ဘက်’ကိစ္စဖြစ်ပါသည်။ ‘ဘက်’ ရပ်တည်မှုမရှိသော မီဒီယာမျိုးဖြစ်လာအောင် ကြိုးစားချင်သူများ ရှိကြပါသည်။ ကျနော်တို့တိုင်းပြည် ဒီမိုကရေစီအလင်းရောင်အောက်မှာ လင်းလင်းချင်းချင်း ရှိလာမည့် တချိန်ချိန်တွင် ဒီကိစ္စကို ကျနော်တို့ အားကို အားပေးကြရပါမည်။ ကိုယ့်ဘာသာကိုယ် ဘယ်ဘက်ကပဲ ရပ်ရပ်၊ အဲ့သည်လို မီဒီယာမျိုး ခိုင်ခိုင်မာမာရှိလာဖို့လည်း ကျနော်တို့ လိုလားပါသည်။

ယခုလောလောဆယ်မှာတော့ ကမ္ဘာပေါ်မှာ ဘက်မရှိသော မီဒီယာမျိုးကတော့ ကျနော်တော့ မမြင်မိသေးပါ။ (ကျနော် ညံ့တာလည်း ဖြစ်နိုင်ပါသည်) အစိုးရတခုခု၊ နိုင်ငံရေး အဖွဲ့အစည်းတခုခု၊ ဘာသာရေး အဖွဲ့အစည်းတခုခု၊ စီးပွားရေးအုပ်စု တခုခု၊ အင်ဂျီအို တခုခု … တခုခုသော တခုခု၏ဘက်တွင် ရှိနေကြသည်သာဖြစ်သည်ဟု မြင်နေရပါသည်။ ‘ဘ-ခြောက်လုံး’ အခြေခံပေမင့် ဖွဲ့စည်းထားသော နာမဝိသေသနများ၊ ကြိယာဝိသေသနများ၊ ခေါင်းစဉ်တပ်ပုံများကို ကြည့်လိုက်ရုံနှင့်ပင် ဘယ်ဘက်ကရပ်ပြီး ပြောချင်နေတာလဲဆိုတာ ရိပ်မိရပါသည်။

သို့သော် သူတို့နှုတ်ဖျားက လွတ်လပ်ချင်စိတ်များကိုတော့ တပြားသားမျှ မလျှော့ကြပါ။ အချို့သတင်းများဆိုလျှင် သတင်းသမား၏ Preconceived idea ကို ရုပ်လုံးမပေါ်ပေါ်အောင် ဖော်ထားမှန်း သိသာလှပါသည်။ သတင်းသမားများ သည် Comment ပေးလို့ရပါသည်။ News Commentary ဆရာကြီးတွေကို ကျနော်တို့တွေ့ဖူးပါသည်။ အားလုံးက လေးစားရသော ဆရာကြီးများလည်း ရှိပါသည်။ သူတို့မှာ သင့်တင့် လုံလောက်သော အတွေ့အကြုံနှင့် ဗဟုသုတ၊ ရိုးသားသော စိတ်နေသဘာဝတို့ ရှိပုံရပါသည်။ သည့်အတွက်လည်း အောင်မြင်ကြပုံ ပေါ်ပါသည်။

ငွေတမတ်နှင့် ငါးကြင်းခေါင်းကိုင်သူများကိုလည်း တွေ့ဖူးပါသည်။ ငါ့မှာလည်း ပြောခွင့်ရှိတယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ အလကားလူကြီးပါဟု လက်လွတ်စပယ် ပြောကြလျှင်ရပါရိုးလား။

ကျနော်တို့ အင်အားစုများက ကိုယ့်အမြင်ကို ကိုယ်ပြောလျှင် အဆိုးမြင်လွန်းသည်၊ Negative တွေများလွန်းသည်ဟု တံဆိပ်ကပ်လေ့ ရှိကြပါသည်။ သို့သော် မိမိကိုယ်မိမိ ကြားနေများဟု ကြွေးကြော်သူများကိုယ်တိုင် တင်ဆက်သည့် သတင်းများ၊ ဆောင်းပါးများ၊ အစီအစဉ်များကို လေ့လာကြည့်သောအခါ တခါတရံ၊ သူတို့ကပင် နိုင်ငံရေးသမားတွေထက် ပိုပြီး ကဲနေကြတာကိုလည်း ဖတ်ရ၊ ကြားရပါသည်။ အော် … သည်လိုတော့လည်း လုပ်လို့ရပေကသားပဲဟု တွေးမိခဲ့ပါသည်။

မနှစ်က ကျနော့်ကို ဖုန်းဖြင့် အင်တာဗျူးတခု လုပ်ခဲ့ပါသည်။ မြန်မာပြည်တွင်း အခြေအနေတချို့နှင့်ပတ်သက်ပြီး ကျနော့် အမြင်ကို ပြောပြပေးဖို့ဖြစ်ပါသည်။ မပြောပြခင် ကြိုတင်စည်းကမ်းတခု သတ်မှတ်ပေးပါသည်။ အခြားသူများ၏ Comment နှင့် မတူအောင် ပြောပေးဖို့၊ အခြားသူတွေ ဘာပြောထားတယ်ဆိုတာကိုလည်း ကျနော့်ကိုပြောပြပါသည်။ မေးသူမှာ လူချင်းကလည်း အတော်ခင်နေသူဖြစ်သည့်အတွက် ကျနော် စိတ်အနှောင့်အယှက် ဖြစ်သွားပါသည်။

“ကျနော်မြင်တာ ကျနော်ပြောလို့မရဘူးလား။ အခြားသူတွေနဲ့ တူချင်လည်း တူမှာပေါ့” ဟု ပြန်ပြောမိပါသည်။ “သတင်းတွေက လှအောင် လုပ်ရတာဗျ၊ ဘာပဲဖြစ်ဖြစ် ပြောကြည့်ပေါ့” လို့ သူက ကျနော့်ကိုပြောခွင့်ပြုခဲ့ပါသည်။ ကျနော်က အခြားခေါင်းဆောင် တယောက်နှင့် တူကောင်းတူနေနိုင်မည့်အမြင်ကိုပင် ပြောပြမိပါသည်။ သို့အတွက် ကျနော့်အသံကို သူ မသုံးခဲ့ပါ၊ ဒါက သူ့လုပ်ပိုင်ခွင့်ထဲက ကိစ္စဖြစ်သော်လည်း တခုခုတော့ မှားနေသလို ကျနော်ခံစားရပါသည်။ သတင်းတွေကို ဘာကြောင့် လှအောင်လုပ်ဖို့လိုသလဲဆိုတာ ကျနော် တကယ်မသိပါ။

တခါကလည်း Economic sanction ကိစ္စနှင့်ပတ်သက်ပြီး ကျနော့်ကို မေးရာ ကျနော်က sanction လုပ်ကို လုပ်ရမယ်၊ ထောက်ခံတယ်လို့ ပြန်ပြောခဲ့ပါသည်။ ကျနော့် အင်တာဗျူးအပြီးမှာ အင်တာဗျူးလုပ်သူက ကျနော့်ကို ဝမ်းသာကြောင်း ပြောခဲ့ပါ သည်။ “ကျေးဇူးပဲဗျာ … တချို့လူတွေက sanction လုပ်တာ မကောင်းဘူးလို့ပြောထားတာရှိတော့၊ ခင်ဗျားပြောလိုက်တာ သိပ်ကောင်းသွားတယ်၊ ကျနော့်သတင်းကို Balance လုပ်ဖို့ ကောင်းသွားတာပေါ့ … ဒါမှ မျှသွားတယ်”ဟု ပြောခဲ့ပါသည်။

သတင်းသမားဟာ တကယ်ကော Balance ဖြစ်အောင်လုပ်ပေးဖို့ တာဝန်ရှိလို့လား၊ ကျနော် စဉ်းစားခဲ့ဖူးပါသည်။ နောက်တကြိမ် အကြောင်းတိုက်ဆိုင်၍ ဖုန်းပြောကြရသောအခါ ထိုကိစ္စကို ကျနော်က အရင်ဆွေးနွေးခဲ့ပါသည်။ သူက ကျနော့်ကို ကောင်းကောင်းမွန်မွန်ပဲ ပြန်ရှင်းပြပေးပါသည်။ “ကျနော်တို့က သတင်းသမားဆိုတော့ ကြားလူတွေ ဖြစ်သွားပြီ၊ နှစ်ဘက် စလုံးကို တတ်နိုင်သလောက် မျှအောင်စဉ်းစားပေးရတာတွေ ရှိလာတယ်”ဟု သူ့ခံယူမှုကို ရိုးရိုးသားသား ပြောပြခဲ့ပါသည်။

လူတဦးချင်းစီ၏ စိတ်ဓာတ်ခံယူမှု၊ ယုံကြည်မှုများကို ကျနော်တို့က ဘာမျှကန့်ကွက်လိုစိတ် မရှိပါ။ ကန့်ကွက်လျှင်လည်း တရားမျှတမှာ မဟုတ်ပါ၊ ပြဿနာက ကျနော့်ရင်ထဲမှာ ကိုယ့်ဘာသာကိုယ် ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။ ကျနော်တို့က သူ့ကို တင်းပုတ်နဲ့ သွားကြားထိုးတံ တိုက်တဲ့တိုက်ပွဲမှာ၊ ရှေ့တန်းစစ်မျက်နှာက ကျနော်တို့ရဲ့ မီဒီယာတပ်မှူးလို သဘောထားခဲ့ တာ ဖြစ်ပါသည်။

သူက ‘တပ်မှူး’ မလုပ်ချင်တော့ဘဲ ‘ဒိုင်လူကြီး (ကြားလူ)’ ပဲ ဖြစ်ချင်သည်ဟု ပြောလာသောကြောင့် ဖြစ်ပါသည်။ ကျနော့် မိတ်ဆွေ ထိုသူသည် တသက်လုံး အဖိနှိပ်ခံနှင့် ဖိနှိပ်သူတို့၏ပဋိပက္ခတွင် အဖိနှိပ်ခံဘက်ကသာ ပြတ်ပြတ်သားသား ရပ်ခဲ့သူဖြစ်ပါသည်။ သူ ‘တပ်မှူးဘဝ’ ကနေ၊ ‘ဒိုင်လူကြီး’ ဘယ်အချိန်က ဖြစ်သွားခဲ့မှန်း ကျနော်ပင် သေသေချာချာ မသိခဲ့ပါ။ အခြားသူတွေရော သိခဲ့ပြီလား ကျနော် မသိပါ။ ကျနော်ဆိုခဲ့ပါပြီ၊ တဦးချင်း၏ ကိုယ်ပိုင်ရွေးချယ်မှုများကို ကျနော် အလေးထားပါသည်။

သို့သော် ကျနော် ကြားလူပဲ လုပ်တော့မယ်ဆိုပြီး ကျနော်တို့ရဲ့ ကတုတ် ထဲကနေ သူထွက်သွားတာကိုလက်ခံနိုင်အောင် ကျနော် အချိန်အတော် ယူခဲ့ရပါသည်။ သူ့ ဖြတ်သန်းမှု၊ သူ့ ကျွမ်းကျင်မှုနှင့် အတတ်ပညာ၊ သူ့ စိတ်စေတနာကောင်းတွေကို ကျနော်တို့ အပြည့်မရနိုင်တော့ဘူး ဆိုသောအသိသည် ကျနော့်စိတ်ကို အနှောင့်အယှက်ဖြစ်စေခဲ့တာ အမှန်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမယ်။