ဝေးလှတဲ့ ဈေးက
ချွေးတမြမြနဲ့
အပြေးတမျှ ပြန်လာတယ်။
လင်ကို သားကို၊ သမီးကို မြေးကို
သီးရွက်သားငါး၊ ချိုချဉ်ဖန် ငန်ခါးနဲ့
စားစေတော့လို့
မနားမနေ အသော့ချက်
မီးတဖက် ရေတဖက်
လက်နှစ်ဖက် ချာချာလည်။
ရန်ကုန်တက္ကသိုလ်
စိမ်းစိုလှပ၊ အာရှဥယျာဉ်
ကမ္ဘာ့တခွင်မှာ စာတင်ထင်ရှားခဲ့ပါတယ်။
ရေကန်အသင့်၊ ကြာအသင့်နဲ့
ပင်မြင့်ပင်စောက်၊ ပင်အောက်အခြေ
မောင်တွေမယ်တွေ၊ ဖော်ရွေရယ်ရွှင်
ကြည်လင်သာယာ၊ မြန်မာအနာဂတ်
သားမြတ် သမီးမွန်၊ ကျွန်ခေတ်တော်လှန်
ခံယူခဲ့ကြ သခင်ဘဝဖြင့်
လှပသမိုင်း ရှိခဲ့တယ်။
ပိတောက် ကံ့ကော်
အကြော်စကား၊ စိန်ပန်းများနဲ့
နံ့ရှားကြိုင်လွင့်၊ ခါတန်သင့်မှာ
ပွင့်မျိုးစုံ ဝေဆာ
ကန်ထဲမှာကြာ၊ ကန်ဘောင်မှာ ပိတောက်
လေသင့်ရာ ကြိုင်လှောက်လို့
မိုးသောက် နေဝင်၊ နွေဝင်မိုးကူး
အလှထူးတဲ့ ဒို့နယ်မြေ။