Showing posts with label အတွေ့အကြုံ. Show all posts
Showing posts with label အတွေ့အကြုံ. Show all posts

Tuesday, February 4, 2014

နှလုံးသားဒိုင်ယာရီ (၂၃) - အုပ်ကြီးဖေ

၃-၅-၂၀၀၂

ရှေ့သို့ဘဝခရီးဆက်ရပေအုံးမည်။ ဒေါလောခူရွာလေးမှတဆင့် မိသားစုအသိုက်အမြုံရှိရာ ထိုင်း- မြန်မာနယ်စပ်သို့ ရက်အတော်တော်ကြာကြာ ခရီးနှင်ခဲ့ရသည်။ နွေကာလခရီးစဉ်တလျှောက် အခက်အခဲဆုံးမှာ ရေပင်ဖြစ်သည်။ 

နွေရာသီသို့ရောက်သည်နှင့် တောတောင်ရေမြေတို့မှာလည်း ခမ်းခြောက်လာခဲ့သည်။ ရေကို လမ်းခရီးတလျှောက် ချွေတာသုံးစွဲကြရသည်။ ရေရရှိရန်အတွက် တစ်ရက်တာခရီး အကွာအဝေးခန့်သွားရသည်။ ရေငတ်သည့်ဒဏ်ကြောင့် အချို့အသက်ဆုံးရှုံးခဲ့ရသည်ပင်ရှိခဲ့သည်။ ၂၀၀၂ ခုနှစ်၊ သင်္ကြန်ကာလကိုတော့ သံလွင်မြစ်ကမ်းနံဘေး၌ပင် ဆင်နွှဲလိုက်ရသည့်အဖြစ်က ယနေ့ တိုင်အမှတ်တရရှိနေခဲ့သည်။ ခရီးပြင်းတစ်ခုကို ၁၄ ရက်ခန့် ဖြတ်သန်းလွန်မြောက်ပြီးနောက် နယ်စပ်တပ်စခန်းရှိရာသို့ ပြန်ရောက်လာခဲ့သည်။ 

ကျနော် ပြန်လည်ရောက်ရှိချိန်တွင်တော့ BPA (Burma Patriotic Army) မှာလည်း ကိုယ်ပိုင်တပ်စခန်းအဖြစ် ရပ်တည်နေပေပြီ။ ထိုင်း-မြန်မာနယ်စပ် တောင်ကြောတစ်လျှောက်တွင်တော့ ကရင်နီတပ်မတော်က အခိုင်အမာတပ်စွဲထားပြီး ကျနော်တို့ BPA မှာ နယ်စပ်တောင်ကြောမှ မြန်မာပြည်အတွင်းပိုင်း ကိုက်၁၅၀၀ ခန့်တွင် တပ်စွဲခွင့်ပြုထားသည်။ မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသော စခန်းပင်ဖြစ်ပေတော့သည်။ မြန်မာ့တပ်မတော်မှ ညပိုင်း ကင်းအလဲအလှယ်လုပ်သည်ကိုပင် မီးရောင်အောက်တွင် မြင်တွေ့နိုင်ပေသည်။ 


Saturday, February 1, 2014

ကား ကြီး ကား ငယ် အ သွယ် သွယ် ဖြင့် ... (ကျော်ကျော်ငြိမ်းချမ်း)

၁၉၉၀ လောက်က မာနာပုလော DAB Conference မှာ ထင်တယ်... (လက်တကမ်းမှာ မှတ်တမ်းမှတ်ရာ မရှိလို့ ရက်စွဲအတိအကျ မပြောနိုင်ပါ) ... NDF(DAB) အဖွဲ့ဝင် တိုင်းရင်းသားအားလုံးနဲ့ ဒီမိုကရေစီအင်အားစုအားလုံး (အကျိတ်အနယ် ဆွေးနွေးပြီး) အတူတကွ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်မယ်... အဲဒီ ပြည်ထောင်စုကြီးကနေ ဘယ်တိုင်းရင်းသားမှ ခွဲမထွက်ပါဘူးဆိုပြီး ဖက်ဒရယ်ပြည်ထောင်စုနဲ့ပတ်သက်လို့ ပထမဦးဆုံးအကြိမ် ဆုံးဖြတ်ချက် ချနိုင်ခဲ့တဲ့ အစည်းအဝေးမှာပေါ့ ...။ 

အဲဒီအစည်းအဝေးကမှတဆင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲရေး ကော်မတီတို့... ဘာတို့... ပေါ်လာတာ၊ နောက်တော့မှ မဲသရောထ စာချုပ်၊ သူးမွဲကလိုး သဘောတူညီချက်တို့ စသဖြင့် နောက်ကလိုက်လာတာပေါ့...။ (ပြောချင်တာက သမိုင်းမှာ အရေးကြီးတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တချို့ ချမှတ်နိုင်ခဲ့တဲ့ ညီလာခံတခုပေါ့ဗျာ...) 

အဲဒီ အစည်းအဝေးကြီးမှာ ထုံးစံအတိုင်း နိုင်ငံရေးအစီရင်ခံစာနဲ့ပတ်သက်လို့ (အတည်မပြုခင်) ကိုယ်စားလှယ်တွေ ပြန်မေးသမျှကို ကြေလည်အောင်ပြန် ဖြေရှင်း၊ အပြန်အလှန် ဆွေးနွေးချက်တွေထဲက သဘောတူညီချက်တွေကို ဖြည့်စွက်ဖို့၊ မှတ်တမ်းတင်ဖို့လုပ်ရတဲ့ နိုင်ငံရေးအစီရင်ခံစာ အချောသတ်ရေးအဖွဲ့မှာ ပဒိုစောသန်းအောင် (ကေအန်ယူ ဒုဥက္ကဋ္ဌ)၊ ဗိုလ်ချုပ်မောင်မောင် (ဒီအေဘီ စစ်ရေးတာဝန်ခံ)၊ နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး)၊ ဒေါက်တာတူးဂျာ (ကေအိုင်အို)၊ ဦးတွတ် (ဦးတင်မောင်ဝင်း) စသဖြင့် ပါကြပါတယ်။ အချက်အလက်ပိုင်းမှာ အထောက်အကူပေးဖို့ မကဒတ ကိုယ်စား ကျနော်လည်း ပါပါတယ်။ (အဲဒီခေတ်က သုတေသနနဲ့မှတ်တမ်းမှာ ကျနော်တို့အဖွဲ့က “အနူတောမှာ လူချော” ပေကိုး ...) 


Thursday, January 9, 2014

နှလုံးသားဒိုင်ယာရီ (၂၁) - အုပ်ကြီးဖေ

၉-၃-၂၀၀၂ 

မတ်လသည် မြန်မာ့နိုင်ငံရေးတွင် အရေးပါသောလတစ်လဟုဆိုရမည်။ တော်လှန်ရေးနေ့ချဉ်းကပ်လာသည်နှင့် မြို့တော်ရန်ကုန်မှာလည်း လှုပ်လှုပ်ရှားရှားဖြင့်သက်ဝင်လာခဲ့သည်။ ရန်ကုန်မြို့အတွင်း ကျင်လည်လှုပ်ရှားရန် အခွင့်မသာတော့။ ညစဉ်ညတိုင်း ရဲနှင့်ရဝတ များမှ နေ့/ညမပြတ် ဧည့်စာရင်းများ စစ်ဆေးလျက်ရှိသည်။ ထို့ကြောင့် ကျနော် ဒုတိယအကြိမ်မြောက် အေးရွာဘက်သို့ ခြေဦးလှည့်ရပြန်သည်။ 

ကမ်းနားဈေးအနီးတစ်ဝိုက်တွင်လည်း လက်နက်အပြည့်အစုံနှင့် တပ်မတော်သားအတော်များများ ရှိနေသည်ကိုတွေ့ရသည်။ လှေဆိပ်သို့ရောက်သည်နှင့် စက်လှေငှားကာ အေးရွာသို့ အမြန်ကူးလိုက်ရသည်။ အခြေအနေတစ်ခုခုကြောင့် အဖမ်းခံရမည့်အဖြစ်မရောက်စေရန် အထူးသတိထားနေရသည်။ အေးရွာသို့ရောက်ပြန်တော့လည်း တပ်မတော်သားများနှင့်ကျနော် ရေစက်က ထပ်ဆုံကြရပြန်သည်။ မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးကိုကြိုတင်ယူထားဟန်တူသည်။ နောက်ကြောင်းပြန်လှည့်ရန် စဉ်းစားလိုက်ပြန်တော့လည်း လမ်းခရီးတစ်လျှောက် အစစ်အဆေးများကြမ်းနေကြောင်း ကြားသိရသည်။ 


Tuesday, December 31, 2013

နှလုံးသားဒိုင်ယာရီ (၂၀) - အုပ်ကြီးဖေ

၃၀-၃-၂၀၀၂ 

ကရက်သို့ရောက်ရှိပြီးနောက် ရွာဟောင်းဘက်သို့ ခြေဆန့်ကြည့်ခဲ့မိသည်။ ရွာဟောင်းရှိ အထင်ကရနေရာ အတော်များများပျောက်ဆုံးနေသည်ကိုတော့ သတိထားမိသည်။ နတ်စင်ကြီးများ၊ ထန်းပင်များနှင့် ကုက္ကိုလ်ပင်ကြီးများမှာတော့ မျိုးတုံးပျောက်ကွယ်နေပြီ။ ဝမ်းသာစရာဟူ၍ ရွာဦးစေတီနှင့် ဆရာတော်ကျောင်းမှာတော့ ရှေးမူမပျက် တည်ရှိနေဆဲဖြစ်သည်။ ယခင်ရွာဟောင်းရှိ ကျနော်နေထိုင်ရာ အိမ်အနောက်ဘက်ခြမ်းရှိ အလွန်ကြီးမားသော ရှေးဟောင်းအုတ်ဂူကြီးများမှာလည်း လုံးဝပင်မတွေ့ရတော့ နှမျောတသဝမ်းနည်းနေမိပြန်သည်။ 

ကျနော် ရောက်တုန်းရောက်ခိုက် ဆရာတော်ကျောင်းပေါ်သို့ တက်ရောက်ဝတ်ပြုလိုက်သည်။ ဆရာတော်ကို ကျနော်မှတ်မိသော်လည်း ဆရာတော်က အမှတ်တမဲ့ဖြစ်နေခဲ့သည်။ “အမေလုံးရီရဲ့သား ဝင်းကိုကြီးပါ” ဟု မိတ်ဆက်လိုက်မှ “အော်... ဝင်းကိုကြီး ကိုး” ဘုန်းဘုန်းက “ဒီမှာ အလုပ်လာလုပ်နေတဲ့ ယိုးဒယားတွေ ထင်နေတာကွဲ့” ဟု မိန့်တော်မူလေသည်။ 


Wednesday, December 25, 2013

နှလုံးသားဒိုင်ယာရီ (၁၉) - အုပ်ကြီးဖေ

၂၈-၂-၂၀၀၂ 

ဘဝ၏အတိတ်ဆိုးများ တည်ရှိခဲ့ရာ “အေးရွာ” ဟု ဆိုရမည်။ ကျနော့်ကိုမွေးဖွားခဲ့သည်မှာ အေးရွာ ဖြစ်ခဲ့သလို ဘဝဒဏ်ရာဒဏ်ချက်တို့ကလည်း အေးရွာ၌ပင် အစပြုခဲ့ရသည်။ လူ့ဘဝထဲသို့ မုန်တိုင်း ကြမ်းကြမ်းနှင့် ဝင်ရောက်ခဲ့ရသည့် ကျနော်၊ မာတာမိခင်က ကျနော့်ကိုမွေးပြီးသည်နှင့် မရဏမင်း၏ခေါ် ဆောင်ရာသို့ ကောက်ကောက်ပါအောင်လိုက်သွားခဲ့ရသည်။ 

အမိမဲ့သားကျနော့်ကို မေတ္တာသက်ဝင် ချစ်ခင်ကြရမည့်အစား ဂြိုဟ်ဆိုးဖြင့် ဝင်ရောက်လာသူတစ်ဦးအဖြစ်သာ အားလုံးက လက်ခံယုံကြည် အသိအမှတ်ပြုခဲ့ကြသည်။ အမေ့နာရေးကြောင့် ရပ်နီးရပ်ဝေးမှ ဆွေမျိုးသားချင်း အတော်များများလည်း လာခဲ့ကြသည်။ မည်သူမျှ လိုလိုလားလား ကျနော့်ကို မနှစ်သက်ကြ။ စွန့်ပစ်မည့်ဘေးပင် နီးကပ်ခဲ့ရသည်။ ကံတရားသည် တရံတခါ ဆန်းကြယ်လွန်းသည်ဟု ဆိုရမည်။ အမေ့ညီမဝမ်းကွဲတော်စပ်သူ အမေ လုံးရီ က ကျနော့်ကိုမွေးရန် တာဝန်ယူလိုက်သည်။ အမေလုံးရီသည် အပျိုကြီးတစ်ဦးလည်းဖြစ်သည်။ 

အားလုံးက ဝိုင်းဝန်းရှုတ်ချ ပြစ်တင်ကြသော်လည်း အမေလုံးရီက မမှုခဲ့။ အရာအားလုံးကို ဥပက္ခာပြုပြီး ကျနော့်ကို ကျွေးမွေးစောင့်ရှောက်ရန် ဆုံးဖြတ်လိုက်သည်။ အမေ့နာရေးပြီးသည်နှင့် အဖေလည်း ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရသည်။ နောက်ပိုင်းသိလိုက်ရသည်က တပ်မတော်ထဲ ဝင်ရောက်သွားကြောင်းပင်။ အမေလုံးရီနေထိုင်ရာ သန်လျင်-ကျောက်တန်း ရေလယ်ဘုရား အနောက်စူးစူးရှိ ကရက်ရွာလေးသို့ အနှီးထုပ်ဘဝနှင့်ပင် ကျနော်ရောက်ရှိခဲ့ရသည်။ 


Friday, December 20, 2013

နှလုံးသားဒိုင်ယာရီ (၁၈) - အုပ်ကြီးဖေ

၂၆-၂-၂၀၀၂

အညတြသူပုန်တစ်ဦး စီးနင်းလိုက်ပါခဲ့သော သာစည်-ရန်ကုန်အမြန်ရထားကြီးမှာ အရှိန်အဟုန် ခပ်ပြင်းပြင်းဖြင့် သူ့ရည်မှန်းချက်ပန်းတိုင်သို့ ဦးတည်ခုတ်မောင်းလျက်ရှိသည်။ ခရီးစဉ်တလျှောက် ပင်ပမ်းနွမ်းနယ်မှုဒဏ်ကြောင့် မည်မျှကြာကြာ ကျနော် အိပ်ပျော်သွားသည် မသိ၊ မဟာရန်ကုန်မြို့သို့ဝင်ခါနီးမှ လန့်ကာနိုးထခဲ့ရသည်။ ရန်ကုန်ရောက်တော့မည်ဆိုသည့်အသိက ရင်ကို အတော်လှုပ်ခတ်စေခဲ့သည်။

ရန်ကုန်ရောက်လျှင် မည်သို့ ဆက်လက်လွင့်မျောနေမည်ကို မတွေးခဲ့၊ ယခင်နေခဲ့ဖူးသော နေရာဟောင်းများကရှိနေခဲ့သည်။ ရထားကြီး မလွှကုန်းဘူတာအနီး အရှိန်လျှော့တော့ ဆင်းရန်ပြင်လိုက်သေးသည်။ မြဲမြံစွာချည်နှောင်ထားသော ခရီးဆောင်အိတ်မှာ လွယ်လင့်တကူ ဖြုတ်မရ၊ သို့နှင့် ဘူတာကြီးသို့ ဆိုက်ရောက်သွားခဲ့ရသည်။ ရထားပေါ်မှဆင်းပြီး ဘူတာကြီးအပြင်သို့ ဦးတည်လျှောက်လှမ်းလိုက်သည်။ ကျနော့်အရှေ့ မနီးမဝေးတွင် ယူနီဖောင်းအပြာရောင်နှင့် လူတစ်ဦးက ခရီးသည်များထံမှ တစ်ခုခုတောင်းခံနေကြောင်း တွေ့လိုက်ရသည်။


Monday, December 2, 2013

ပွဲစား (ကျော်သူ)

Photo: ပွဲစား (ကျော်သူ)

အိမ်ပွဲစား၊ ခြံပွဲစား၊ တိုက်ပွဲစား၊ ကားပွဲစား၊ ကျောက်ပွဲစား၊ စိန်ပွဲစား၊ ရွှေပွဲစား စသဖြင့် ပွဲစားများ သည် ယခင်ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းလာသော လူ့အဖွဲ့အစည်းအတွင်းရှိ ပွဲစားများဖြစ်သလို ယခု ခေတ်ကာလတွင် လက်နက်ပွဲစား၊ လူပွဲစား၊ ငြိမ်းချမ်းရေးပွဲစား ဟူ၍ ပေါ်ပေါက်လာပြန်သည်။ အမှန်စင်စစ် ပွဲစားဟူသည် အကျိုးဆောင်ပေးသော လုပ်ငန်းတစ်ရပ်ဟု အဓိပ္ပါယ်ခေါ်ဆိုနိုင်သည်။ လူ့လောကတို့တွင် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းဟူ၍ တိုင်းနိုင်ငံ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များလည်း စည်းမျဉ်းစည်းကမ်း ဥပဒေသများရှိခဲ့သလို ပွဲစားလောကတွင်လည်း ပွဲစားများစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများရှိခဲ့ ကြောင်းသိရှိခဲ့ရသည်။ ယင်းတို့သည် ရောင်းသူနှင့်ဝယ်သူတို့ အဆင်ပြေချောမွေ့ရန် လုပ်ဆောင်ရာတွင် ရောင်းသူ၏ ကုန်ပစ္စည်းများအားလည်း ကြားမှနေ၍ အမြတ်တင်ရောင်းချခြင်း မပြုလုပ်ရ ပွဲစားတို့သည် ထိုက်သင့်သော အခကြေးငွေကိုသာ ယူဆောင်ခွင့်ရှိသည်။ မတရားလောဘစိတ်ဖြင့် မိမိ၏ ဆောင်ရွက်ခွင့် အဖိုးအခကိုမြှင့်တင်၍ မယူဆောင်ရ။ လူတစ်ဦးနှင့်တစ်ဦး လုပ်ဆောင်သော လုပ်ဆောင်မှုများအား အဆင် ပြေစေရန် မိမိမှ လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ပေးရသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ပွဲစားလောကတွင်လည်း မဇ္ဈိမပဋိပဋာစိတ်မွေးဖွားပြီး လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ပါက ကုသိုလ် ကြံဖန်၍ရမည့် ပရဟိတလုပ်ငန်းတစ်ရပ်အဖြစ်လည်း ခံယူနိုင်မည်ဖြစ်သည်။ သို့တည်းမဟုတ် မိမိ၏ အတ္တ စိတ်များလွှမ်းခြုံကာ ရောင်းသူနှင့်ဝယ်သူကြား မတရားအမြတ်ထုတ်လိုသော လောဘစိတ်ဖြင့် ဆောင်ရွက် မည် ဆိုပါက မိမိ၏ ဂုဏ်သိက္ခာ၊ မိမိ၏သမိုင်း၊ မိမိ၏ မှတ်ကျောက်တို့ ပြိုပျက်ကာ သံသရာဝဋ်ဆင်းရဲ ဘဝမှလွတ်ကင်းမည် မဟုတ်သလို အပယ်ဘုံမှလည်း ကျွတ်ဖို့လမ်း ရှိမည်မဟုတ်ချေ။
 
 အမှန်စင်စစ် ပွဲစား ဟူ၍ ပေါ်ပေါက်လာရခြင်းမှာ ရောင်းသူ/ဝယ်သူတို့၏ အချိန်မအားလပ်မှု ကြောင့်၊ လုပ်ငန်းသဘောတရား မကျွမ်းကျင်မှုတို့ကြောင့် ပေါ်ပေါက်လာသော လူအဖွဲ့အစည်းတစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ပွဲစားဟူသည် အတ္တများကိုဖြုတ်၍ မှန်မှန်ကန်ကန် မဇ္ဈိမပဋိပဋာလမ်းစဉ်အား ကျင့် သုံးလိုက်နာပြီး မိမိအား ရောင်းသူဝယ်သူတို့မှ သဒ္ဒါကြေး၊ မေတ္တာကြေးကိုသာ လက်ခံရယူလျှင် ပရဟိတ ပွဲစားဟူ၍ပင် ခေါ်ဆိုနိုင်ပေလိမ့်မည်။
 
 သို့သော် ယခုခေတ်ကာလ အတိုင်းအတာအရ စီးပွားရေး ကပ်ဘေးအမျိုးမျိုး၊ လူမှုရေး ကပ်ဘေး အမျိုးမျိုး၊ ငြိမ်းချမ်းရေး ကပ်ဘေးအမျိုးမျိုး၊ သဘာဝဘေး ကပ်ဘေးအမျိုးမျိုး ကြုံတွေ့နေရသောကြောင့် ပွဲစားတည်းဟူသော လောကတွင်လည်း လောဘ၊ ဒေါသ၊ မောဟများ လွှမ်းခြုံခံရမှုတည်းဟူသော အဓမ္မဝါဒီများ ဆုပ်ကိုင်ထားသော အတ္တသမားများ ပေါ်ပေါက်လာခဲ့ရပါသည်။ သို့ရာတွင် အကျိုးဆောင် ပေးမှုတည်းဟူသော စကားလုံး၏ တန်ဖိုးအား တန်ဖိုးမြှင့်တင်ရန်၊ တန်ဖိုးရှိရန်၊ နတ်လူအပေါင်း သာဓုခေါ် ဆိုနိုင်ရန်အတွက်မှု မိမိတို့ အကျိုးဆောင်ပေးမှု လုပ်ငန်းသည် လူသားတို့အတွက်၊ ကမ္ဘာ့ပြည်သူတို့ အတွက်၊ မြန်မာပြည်သူပြည်သားများအတွက် အကျိုးရှိသော၊ တန်ဖိုးရှိသော  သာဓုခေါ်ဆိုနိုင်သော လုပ်ငန်းရပ်ဖြစ်ဖို့ အရေးကြီးသည်။
 
 လောဘ၊ ဒေါသ၊ မောဟများကြောင့်၊ လူပွဲစား၊ လက်နက်ပွဲစား၊ ငြိမ်းချမ်းရေးပွဲစားများ ပေါ်ပေါက် လာခဲ့သည့်အပြင် ကျွန်တော် တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ခဲ့သော၊ မထင်မှတ်ခဲ့သော၊ ပွဲစားလုပ်ငန်း တစ်ရပ် ပေါ်ပေါက်လာပြန်တော့သည်။ ယင်းပွဲစားသည်ကား “မသာပွဲစား … အသုဘပွဲစား … လူသေ ပွဲစား … နာရေးပွဲစား” ဟူ၍ပင် ဖြစ်တော့သည်။ လူသားတစ်ယောက် ကမ္ဘာမြေပြင်ကိုရောက်ရှိပြီး ကမ္ဘာ မြေပြင်မှ ထွက်ခွာသွားချိန်တွင် ဝမ်းနည်းပူဆွေးသောကများဖြင့် အပူမီးများ လွှမ်းခြုံခံနေရသော လူတို့ထံမှ လူသားချင်းစာနာစိတ်မွေးဖွား၍ ကူညီဖေးမကာ အပူမီးများ ငြိမ်းအေးပေးရမည့်အစား ထိုအပူသည်၊ ဒုက္ခ သည်တို့ထံမှ မညှာမတာ လူသားချင်းစာနာစိတ် မထားဘဲ လူစိတ်ပျောက်ကာ မိမိရလိုမှုတည်းဟူသော လောဘစိတ်တို့ဖြင့် အမြတ်ထုတ်ကြသည့် လောဘသားများ၊ အတ္တသမားများ၊ အဓမ္မဝါဒီသမားများ၊ လူစိတ်ပျောက်နေသည့် သူတို့ပင် ဖြစ်တော့သည်။

 ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် လူတစ်ယောက် သေဆုံးသွားသည့်အခါ နာရေးရှင် မိသားစုတို့ဘက်မှ သက်ဆိုင်ရာဆရာဝန်၏ အမှန်တကယ်သေဆုံးကြောင်း ထောက်ခံစာ၊ ထို ရပ်ကွက်မှာ နေထိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံစာ၊ မြို့နယ်ဒေသန္တရဆေးခန်း၏ ထောက်ခံစာ (သေဆုံးကြောင်း အမှတ်စဉ်နံပါတ်ပါရှိသည်။) စသည့် အထောက်အထားများပြည့်စုံလျှင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၇ဝ၉၂၇၇၊ ၇ဝ၄၇၈၄၊ ဝ၉ ၃၁ဝ ၄၃၉၁၅၊ ၅၈၁ ၉၂၄ များအား ဆက်သွယ်လျှင် အသင်းရုံးချုပ်ရှိရာမှ နိဗ္ဗာန်မော်တော်ကားမောင်းသူ၊ ယာဉ်နောက်လိုက်တို့နှင့်အတူ အသင်းသူ/သားတစ်ဦး အနည်းဆုံးလိုက်ပါကာ သေဆုံးသူ၏ နေအိမ် (သို့) ဆေးရုံရှိရာသို့ အမြန်ဆုံးလာ ရောက်ကာ ကွယ်လွန်သူ၏ရုပ်ခန္ဓာအား နိဗ္ဗာန်ယာဉ်မော်တော်ကားဖြင့် သက်ဆိုင်ရာသုဿန်များသို့ ပို့ဆောင်ပေးပြီး ကျန်ရစ်သူမိသားစု၏ ဆန္ဒအရ တိုက်ရိုက်မီးသင်္ဂြိုဟ်ပေးခြင်း (သို့) အအေးခန်းထားပေး ခြင်းတို့ကို (အခမဲ့) ဝန်ဆောင်ပေးမှုတို့အား လုပ်ဆောင်ပေးလျှက်ရှိသည်။ အအေးခန်းထားရှိပါက (၃) ရက်စာ အအေးခန်းထားခ ကုန်ကျငွေအား ရန်ကုန်မြို့စည်ပင်သာယာအဖွဲ့သို့ ကျွန်တော်တို့အသင်းမှ ကာယကံရှင် မိသားစုများကိုယ်စား နာရေးအကူငွေအဖြစ် ကုသိုလ်ဖြစ်ဆောင်ရွက်ပေးခဲ့ကာ မီးသင်္ဂြိုဟ်ခ ကုန်ကျစရိတ်အားလည်း အကူငွေအဖြစ် ပေးဆောင်ကုသိုလ်ယူလျှက်ရှိသည်။ အအေးခန်းထားပြီးသင်္ဂြိုဟ် မည့် နေ့ရက်တွင်ခန်းမငှားခြင်း၊ ဂူသွင်းခြင်းတို့ကိုမူ နာရေးရှင်များမှ ပေးဆောင်စေခဲ့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းအဖွဲ့အနေဖြင့် အများပြည်သူတို့မှ စေတနာထက်သန်စွာဖြင့် လှူဒါန်းထားသော အလှူငွေတို့အား အပူမီးများ လွှမ်းခြုံခံနေရသော အများပြည်သူအပေါင်းတို့အား  ကူညီ ဖေးမအားပေးမှုများကို စိတ်စေတနာသန့်စွာဖြင့် အနစ်နာခံကာ လူသားချင်းစာနာစိတ်များ မွေးဖွားကာ ဆောင်ရွက်ပေးနေသော ပရဟိတစစ်စစ် အသင်းအဖွဲ့ တစ်ခုဖြစ်ပါသည်။
 
 ဤတွင် လူတစ်ယောက် သေဆုံးသွားပါလျှင် ထိုသေဆုံးသွားသော လူ၏မိသားစုများ မိတ်ဆွေ အပေါင်းအသင်းများမှ နာရေးအတွေ့အကြုံမရှိခဲ့ပါလျှင် အထက်တွင် ကျွန်တော်ဖော်ပြထားသော “မသာ ပွဲစား … အသုဘပွဲစား … လူသေပွဲစား … နာရေးပွဲစား” များတို့သည် လူသားချင်းစာနာစိတ်ကင်းမဲ့စွာဖြင့် အမြတ်ထုတ်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာခဲ့တော့သည်။ ကာယကံရှင်မိသားစုများထံသို့ ဝင်ရောက်ကာ အားပေးနှစ်သိမ့်သည့် ပုံစံမျိုးဖြင့်ဝင်ခဲ့ပြီး မိမိမှာ နာရေးကိစ္စရပ်များအား အတွေ့အကြုံ များစွာရှိပါကြောင်း။ ထို့ကြောင့် မိမိမှ ဤနာရေးကိစ္စရပ်အား အစအဆုံး ကူညီပေးပါမည်ဖြစ်ကြောင်း၊ နိဗ္ဗာန်ယာဉ်ခေါ်ဆိုခ၊ မီးသင်္ဂြိုဟ်ခ၊ အအေးခန်းထားခ၊ ပန်းအလှပြင်ခ၊ ဆီမီးအမွှေးတိုင်ထွန်းခ၊ ကန်တော့ပွဲ တင်ခ၊ ဘုန်းကြီးပင့်ခ၊ သံဃာတော်များအား ဝတ္ထုငွေလှူခ၊ အလောင်းအား ရေချိုးအလှပြင်ခ၊ အုန်းသီးခွဲ၍ သင်္ဂြိုဟ်ပေးခ၊ စည်ပင်ဝန်ထမ်းများအား စေတနာကြေးငွေပေးခ၊ သင်္ဂြိုဟ်မည့် အခမ်းအနားအား ကြီးကျယ် ခမ်းနားစွာဖြင့် ကျင်းပနိုင်ရန် ခန်းမအတွင်း ကော်ဇောခင်းခ၊ ထိုင်ခုံခင်းခ ဟူ၍ ကာယကံရှင်မိသားစုတို့ ရိုးသားလျှင် ရိုးသားအလျှောက်၊ ‘အ’ လျှင် ‘အ’ သလောက်လုပ်ကြံ၊ လိမ်လည်၊ လှည့်ဖျား၊ သွေးဆောင် ကာ အခကြေးငွေတို့အား ကိုယ်ချင်းစာနာစိတ်မဲ့ကာ မတရားကြေးဟူ၍ အကုသိုလ်ယူခြင်းပင် ဖြစ်တော့ သည်။ ထို့ကြောင့်ကြမ်းတမ်းသော လူမှုဘဝများအား ရင်ဆိုင်ကြုံတွေ့နေရသော၊ လောကဓံတရား လှိုင်းတံ ပိုးများကြား လူးလိမ့်ခံစားနေရသော အပူသည် မိဘပြည်သူများအနေဖြင့် ဟန်ဆောင်မှု၊ လှည့်ဖြားမှု၊ ဖြား ယောင်းမှု၊ သွေးဆောင်မှုများဖြင့် ယုတ်ညံ့သော စိတ်ဓာတ်တို့ဖြင့် မတရားသောနည်းလမ်းဖြင့် ရှာဖွေစား သောက်နေကြသော ထိုထိုသော မသာပွဲစား၊ နာရေးပွဲစား၊ လူသေပွဲစားများအား မိမိတို့ ခံစားနေရသော အပူမီးများ လောင်ကျွမ်းခံရမှု ကြုံတွေ့နေရသော အချိန်ကာလအတွင်း သတိရှိရှိဖြင့် ရင်ဆိုင်ဖြေရှင်းကြဖို့ အရေးကြီးလှပေသည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း စည်ပင်သာယာအဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များအတိုင်း လိုက်နာကာ အပူသည်နာရေးရှင်တို့အား လုပ်အားပေး လူမှုရေးသမားမောင်မယ်များမှ အသင်း၏ ပေးဆပ်မှုများ၊ တာဝန်ယူမှုများအား သိရှိစေရန် ရှင်းလင်း ပြောကြားခြင်းနှင့် အသင်းမှ ဆောင်ရွက်ပေးမှုများအား ငွေကြေးတစုံတရာပေးဆောင်ရခြင်း မရှိပါကြောင်း ကာယကံရှင်တို့အား လက်မှတ်ရေးထိုးစေမှုများအား သက်သေ အထောက်အထားဖြင့် ကူညီဖေးမမှုများကို လုပ်ဆောင်ပေးလျှက်ရှိသည်။ သို့ရာတွင် အချို့သော နာရေးပွဲစားများသည် သူတို့အိတ်ထဲသို့ ထည့်သွင်း လိုက်သော ငွေကြေးတစုံတရာအား ကျွန်တော်တို့အသင်းအား ပေးဆောင်ရသည်ဟူ၍ ထင်ယောင်ထင် မှား ဖြစ်စေရန်၎င်း၊ ကျွန်တော်တို့အသင်းမှ သဘာဝပတ်ဝန်းကျင်သစ်တော ထိန်းသိမ်းမှုအတွက်၎င်း၊ ငွေကြေးချွေတာမှုကြောင့်၎င်း ကွယ်လွန်သူအား အလူမီနီယမ်အခေါင်းဖုံးဖြင့် တစ်နည်း မှန်ခေါင်းဖြင့် ပြင်ဆင်ပေးပြီးသည့်နောက် မီးသင်္ဂြိုဟ်စက်တွင်းသို့ သေဆုံးသွားသူတို့၏ ရုပ်အလောင်းအား ထည့်သွင်းပြီး သည့်နောက် သင်္ဂြိုဟ်စက်အတွင်းတွင် သစ်သားကဒ်ဖြင့် ရုပ်အလောင်းအား မီးသင်္ဂြိုလ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း ကျန်ရစ်သူ ကာယကံရှင် မိသားစုတို့အား “ခင်ဗျားတို့ရဲ့ အဖိုး၊ ဦးလေး၊ အဒေါ် တို့ရဲ့ နောက်ဆုံးသင်္ဂြိုဟ်ပေးမှုကို ပက်လက်ကြီး သင်္ဂြိုဟ်မှာလား” ဟူ၍၄င်း၊ “အခေါင်းလေးနဲ့ ဆိုရင်ပိုပြီး တင့်တယ်ပါတယ်ဗျာ” ဟူ၍ တစ်နည်း သစ်သားခေါင်းဝယ်ရန် သွေးဆောင်ဖြားယောင်း လှည့်စားမှုများ ပြုလုပ်ကာ အခေါင်းရောင်းဆိုင်မှ ကော်မရှင်ရယူခြင်း ကာယကံရှင်တို့မှ အခေါင်းဖိုးအား အဆမတန် ဈေးမြှင့် တောင်းဆိုခြင်းများကို ပြုလုပ်လေ့ရှိသည်။ ထို့အပြင် အဆိုးဝါးဆုံးသော လုပ်ရပ်တစ်ခုမှာ လူမှုရေး လုပ်ငန်း လုပ်ဆောင်မှုအားအသုံးချကာ ထိုထိုသော နာရေးပွဲစားများ၊ မသာပွဲစားများဖြင့်ပူးပေါင်း၍ သင်္ဂြိုဟ်ပေးရမှု အလောင်းဦးရေ စံချိန်ချိုးရမှုများကို လုပ်ဆောင် ကြသော အသင်းများလည်းရှိပါသည်။ ထိုကဲ့သို့သော အသင်းအဖွဲ့များနှင့် ပါတ်သက်မိသော နာရေးကာယကံရှင် များအနေဖြင့်(အခမဲ့) သင်္ဂြိုဟ် ပေးခွင့်ရခဲ့သော်ငြားလည်း တကယ်တမ်း ကုန်ကျငွေများသည် (အခမဲ့) မဟုတ်ချေ။ ထို နာရေးပွဲစား များနှင့် ချိတ်ဆက်ထားသော အသင်းအဖွဲ့အနေဖြင့်( အခမဲ့) ကူညီပေးခဲ့သော်လည်း နာရေးပွဲစား များ၏ စည်းရုံးလှည့်ဖြားမှုတို့ကြောင့် အခေါင်းဝယ်စရိတ်၊ ပန်းပြင်ဆင်စရိတ်၊ လူစီးကားငှားစရိတ်၊ ဘုန်းကြီးပင့် ဝတ္ထုငွေစရိတ်တို့အား ညှိနှိုင်းဈေးများဖြင့် အနည်းဆုံး(သုံးသောင်း) မှ (တစ်သိန်း)ခန့် ကုန်ကျတော့မည် ဖြစ်ပေသည်။ နဂိုကတည်းက မိမိတို့၏ စားဝတ်နေထိုင်ရေးအရ မီးသင်္ဂြိုဟ်စရိတ်မတတ်နိုင်၍ (အခမဲ့) ကူညီသည် ဟူသော ကူညီမှုအသင်းများကို အကူအညီတောင်းခါမှ ကုန်ကျငွေများ ထပ်မံကုန်ကျရသည့် အတွက် နာရေးရှင်များအနေဖြင့် ဘဝရပ်တည်မှုများ နိမ့်ပါးသည်ထက် နိမ့်ပါးကုန်ကြရတော့သည်။ ထို့ကြောင့် နာရေးကိစ္စသော်၎င်း၊ ကျန်းမာရေးကိစ္စသော်၎င်း၊ ပညာရေးကိစ္စသော်၎င်း၊ သဘာဝဘေးကိစ္စ သော်၎င်း အကူအညီတောင်းခံကြမည့် အပူသည် ဒုက္ခသည်များအနေဖြင့် မိမိတို့ အကူအညီတောင်းခံ ကြမည့် လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များ၊ ပေးဆပ်ခဲ့မှုများ၏ သမိုင်းရာဇဝင် အချက် အလက်များအား သိရှိထားရန်လိုအပ်ပေသည်။ အများပြည်သူတို့အား အမှန်တကယ် အနစ်နာခံ၍ ပေးဆပ်ကူညီဖေးမခဲ့သော အသင်းအဖွဲ့ဟုတ်မဟုတ်၊ အများပြည်သူတို့အား ကူညီသယောင်ယောင်ဖြင့် ကိုယ်ကျိုးရှာ နာမည်ကြီးချင်သော ပရဟိတအမည်ခံ အတ္တသမားများဟုတ်မဟုတ် အများပြည်သူတို့ အနေဖြင့် လေ့လာသုံးသပ်ထားဖို့ အချိန်တန်ပြီဖြစ်တော့သည်။
 
 ကျွန်တော်အနေဖြင့် ကျွန်တော်တို့၏ ပရဟိတတည်းဟူသော လုပ်ငန်းရပ်ကြီးအား အများပြည်သူ တို့အား ထဲထဲဝင်ဝင်၊ လေးလေးနက်နက်၊ ဖိဖိစီးစီး ကူညီဖေးမပေးမှုများ လုပ်ကိုင်နိုင်ရန်အတွက် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများအား သတိပေးစာသားဆောင်ပုဒ်အား နာရေးဝန်ထမ်း (ယာဉ် မောင်း/နောက်လိုက်)များ နေ့စဉ်တွေ့မြင်နိုင်သော တာဝန်ကျနေရာချိတ်ဆွဲထားသည်။ ယင်းဆောင်ပုဒ်မှာ 

ရဲ ဘော် တို့
  ‘ ငို ’ မ ပြ နဲ့ . . . ‘ ကြွေ ’ မ ပြ နဲ့
  ‘ လမ်း ကြောင်း ’ ရင် . . . ‘ လိုင်း ပြောင်း ’ သွား မယ်။
  ‘ ဂွ င် ဖန်’  ရင် . . . ‘ အ နှ င် ခံ ’ ရ မယ်။
         ဒါဘဲ
             ကျော်သူ

 ထို့အပြင် အသင်းသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်၍ အကူအညီတောင်းကြသော နာရေးရှင်များ သိရှိရန်အတွက်လည်း အောက်ပါစာသားအား ကျွန်တော်၏ လက်ညိုးထိုးထားသောပုံဖြင့် ချိတ်ဆွဲထား ရတော့သည်။

“မ သာ ပွဲ စား   မ လာ ရ”
        ပုံ / ကျော်သူ

 ကျွန်တော်သည် ပရဟိတလုပ်ငန်းများအား လုပ်ဆောင်ခဲ့သည်မှာ (၁၃) နှစ်တာကာလသို့ ရောက်ရှိလာခဲ့သည်နှင့်အညီ ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား စစ်မှန်သောပရဟိတ၊ တန်ဖိုးရှိသောပရဟိတ၊ ပြည်သူများ၏ပရဟိတ၊ လူသားတိုင်း၏ပရဟိတ ဟူသော မှတ်ကျောက် အတင်ခံ နိုင်ရန်အတွက် ညီနောင်ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား ထိုကဲ့သို့သော ပရဟိတ လောကအား နာမည်ဖျက်မည့် ပွဲစားများနှင့် ပါတ်သက်မှုမရှိစေဘဲ စီးပွားရေး၊ နိုင်ငံရေးသမားများ၏ အနု နည်းဖြင့် စည်းရုံးသိမ်းသွင်းမှု၊ သွေးဆောင်ဖြားယောင်း မှုတည်းဟူသော ပိုးချည်မျှင်မှလွတ်ကင်းနိုင်ရန် သတိဟူသော အသိတရားဖြင့် ရပ်တည်ကြကာ မိမိတို့လုပ်ဆောင် ပေးဆပ်မှုများအား ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင်ပြုပြီး အတ္တများဖြုတ်ချကာ အများပြည်သူတို့အား ကူညီဖေးမပေးနိုင်သော လိပ်ပြာသန့် သည့်၊ သိက္ခာရှိသည့်၊ သီလလုံသည့် အများပြည်သူတို့ဘက်မှ မားမားမတ်မတ်ရပ်တည် ပေးဆပ်သွားနိုင် သူများ ဖြစ်ကြစေရန် တိုက်တွန်းနှိုးဆော် လိုက်ရပါတော့သည်။
ပရဟိတ သစ္စာဆိုရဲသည့်
            
(ကျော်သူ)
အိမ်ပွဲစား၊ ခြံပွဲစား၊ တိုက်ပွဲစား၊ ကားပွဲစား၊ ကျောက်ပွဲစား၊ စိန်ပွဲစား၊ ရွှေပွဲစား စသဖြင့် ပွဲစားများသည် ယခင်ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းလာသော လူ့အဖွဲ့အစည်းအတွင်းရှိ ပွဲစားများဖြစ်သလို ယခု ခေတ်ကာလတွင် လက်နက်ပွဲစား၊ လူပွဲစား၊ ငြိမ်းချမ်းရေးပွဲစား ဟူ၍ ပေါ်ပေါက်လာပြန်သည်။ အမှန်စင်စစ် ပွဲစားဟူသည် အကျိုးဆောင်ပေးသော လုပ်ငန်းတစ်ရပ်ဟု အဓိပ္ပာယ်ခေါ်ဆိုနိုင်သည်။ 

လူ့လောကတို့တွင် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းဟူ၍ တိုင်းနိုင်ငံ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များလည်း စည်းမျဉ်းစည်းကမ်း ဥပဒေသများရှိခဲ့သလို ပွဲစားလောကတွင်လည်း ပွဲစားများစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများရှိခဲ့ကြောင်း သိရှိခဲ့ရသည်။ ယင်းတို့သည် ရောင်းသူနှင့်ဝယ်သူတို့ အဆင်ပြေချောမွေ့ရန် လုပ်ဆောင်ရာတွင် ရောင်းသူ၏ ကုန်ပစ္စည်းများအားလည်း ကြားမှနေ၍ အမြတ်တင်ရောင်းချခြင်း မပြုလုပ်ရ ပွဲစားတို့သည် ထိုက်သင့်သော အခကြေးငွေကိုသာ ယူဆောင်ခွင့်ရှိသည်။ မတရားလောဘစိတ်ဖြင့် မိမိ၏ ဆောင်ရွက်ခွင့် အဖိုးအခကိုမြှင့်တင်၍ မယူဆောင်ရ။ လူတစ်ဦးနှင့်တစ်ဦး လုပ်ဆောင်သော လုပ်ဆောင်မှုများအား အဆင်ပြေစေရန် မိမိမှ လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ပေးရသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ 


Friday, November 29, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၈ (မင်းကျော်ခိုင်)

ကျနော် ကံကောင်းတယ်ပဲပြောကြပါစို့။ နယ်စပ်ကအထွက် ရဲဂိတ်မှာ ကားပေါ်က တခြားခရီးသည်တွေကို စစ်ကြပေမယ့် ကျနော် အစစ်မခံရဘူး၊ လွတ်လွတ်ကျွတ်ကျွတ်ပဲ ဘန်ကောက်ကိုရောက်သွားခဲ့တယ်။ ဘန်ကောက်ရောက်တော့ အဝေးပြေးကားဂိတ်တွေက မတူကြဘူး၊ ထိုင်းနိုင်ငံတောင်ပိုင်းဆိုရင် တနေရာမှာ၊ ထိုင်းနိုင်ငံမြောက်ပိုင်းဆိုရင် တနေရာ။ ဘယ်သူ့မှလည်း မမေးရဲဘူး၊ မဲဆောက်ကားဂိတ်ဘယ်မှာလဲဆိုတာ။ ရဲတွေ အဖမ်းကြမ်းတယ်ဆိုတာ စမ်ခက သူငယ်ချင်းတွေပြောတာ သတိရပြီး လန့်တာလည်း ပါတာပေါ့။ 

အဖမ်းခံရမှာမကြောက်ပေမယ့် လောလောဆယ်ဘာတခုမှ အဆက်အသွယ်မရသေးခင် လုပ်ငန်းကိစ္စမပြီးသေးခင် အဖမ်းခံလို့မဖြစ်သေးဘူးလေ။ အဲဒီလိုနဲ့ ထိုင်းစကားမတတ်တဲ့ ကျနော်၊ ဘာလက်မှတ်၊ ဘာပတ်စ်ပို့မှမရှိတဲ့ ကျနော် ယောင်လည်လည်နဲ့ တွေ့ရာဘတ်စ်ကားစီးပြီး အလွန်ကျယ်တဲ့ ကွင်းကြီးတခုကို ရောက်သွားတယ်။ ကွင်းကြီးနားမှာ ကျနော်တို့ဆီက ရွှေရောင်စေတီတွေလိုမျိုးတွေ (ထီးတော်မပါတာကလွဲလို့) အုတ်တံတိုင်းအမြင့်ကြီးတခုနောက်ကွယ်မှာတွေ့ရတော့ ဘုန်းကြီးကျောင်းလား၊ ဘာလားပေါ့။ နောက်မှ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မြဘုရားနေရာဆိုတာ သိရတယ်၊ 

အဲဒီမြဘုရားရဲ့အနီးမှာက တော်တော်ကျယ်ပြီး သန့်ပြန့်တဲ့ ထိုင်းဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတခု တွေ့တယ်၊ ကျောင်းနာမည်က ဝပ်ဖို (WAT PO)၊ ဒါတွေက နောက်မှသိရတာပါ။ မနက်ပိုင်း ဘန်ကောက်ကိုရောက်ပြီး ဘတ်စ်ကားစီးလာခဲ့တာဆိုတော့ ဒီကွင်းကြီးထဲရောက်တော့ နေ့လည် ၁၂ နာရီကျော်နေပြီ။

Thursday, November 28, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၇ (မင်းကျော်ခိုင်)

သူတို့စာဖတ်ပြီး ကျနော်တို့ရဲ့ရည်မှန်းချက် မပြောင်းကြပါဘူး။ ဒါပေမယ့် ကျနော်တို့ အုပ်စုထဲက ကျောင်းသူနှစ်ယောက်နဲ့ အကသ ကျောင်းသားညီငယ်တွေကို ပြတ်ပြတ်သားသားမေးရတယ်။ ခုချိန်မှာ ပြန်မယ်ဆိုရင်ပြန်နိုင်တဲ့အကြောင်း၊ ရှေ့မှာ ဘယ်လိုဒုက္ခတွေကိုရင်ဆိုင်ရမယ်ဆိုတာ ဘာမှပြောလို့မရသေးတဲ့အကြောင်းတွေ ရှင်းပြတယ်။ သူတို့ကလည်း မပြန်ဘူး၊ အကိုတို့နဲ့ပဲ တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ပြီးသားဆိုပြီး ကျနော်တို့နဲ့ ရှေ့ခရီးဆက်ဖို့လိုက်မယ်လို့ အားလုံးကပြောတော့ ကျနော်တို့ ရှေ့ခရီးဆက်ဖြစ်ကြတယ်။ 

(အဲဒီအချိန်တုန်းက ကျနော်တို့အားလုံးရဲ့ရည်ရွယ်ချက်က မြန်မာပြည်မှာ စစ်အာဏာရှင်စံနစ်ဆိုးကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ပြည်မှာ စစ်ပညာသွားသင်ကြပြီး မြန်မာ့တပ်မတော်ဖွဲ့၊ ပြီးတော့ ဖက်ဆစ်ဂျပန်နဲ့ ဗြိတိသျှနယ်ချဲ့တို့ကိုတော်လှန်ကြသလို ကျနော်တို့လည်း နယ်စပ်မှာ စစ်ပညာသင်၊ ပြီးရင် ပြည်တွင်းပြန်ဝင်ပြီး ပြည်သူထူထုနဲ့အတူ လက်နက်ကိုင်တိုက်ပွဲဝင်ကြမယ်၊ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်လာကြတာပါ။) 

Wednesday, November 27, 2013

အမေရိကရောက် ကျနော် ဒုက္ခသည် - ၄ (ထက်ရာဇာ)

ကျနော်ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းပေါင်းများစွာက နေ့စဉ်နဲ့အမျှ ကျနော့်စိတ်ကို ဖိစီးထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ နိစ္စဓူဝ နှင်းတောထဲကို ဖြတ်သန်းခဲ့ရတဲ့ ဘယ်တော့မှမေ့မရနိုင်တဲ့ အမေရိကန်ရောက် ဒုက္ခသည်တဦးရဲ့ အဆင်းရဲဆုံးသော စတင်ဖြတ်သန်းမှုတွေလို့လည်း ဆိုနိုင်ပါတယ်။

ဒီလိုနဲ့ တရက်မှာတော့ ကျနော့်ဆီကို ဖုန်းတလုံးဝင်လာပါတယ်။ ကျနော်နဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကွဲသွားခဲ့တဲ့ ကျနော်တို့ရပ်ကွက်ထဲက ကျနော့်ငယ်သူငယ်ချင်း သူရိန်နေမင်းဦး(ခ)မင်းမင်း (သူလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ပါ။ ၁၉၉၆ ခုနှစ်က ကွန်လွယ်သွားခဲ့ပါတယ်။)ရဲ့အကို ကိုမိုးကျော်ဦးပါ။ ကျနော် အရမ်းအံ့သြသွားသလို အမေရိကမှာ မိတ်ဆွေတယောက်ရပြီဆိုတဲ့စိတ်က ကျနော့်ကို အားရှိစေခဲ့ပါတယ်။ သူက ဆူရှီသင်ချင်ရင်လာခဲ့ သူ ချီကာဂိုမှာရှိတယ်လို့ပြောပြီး ကျနော့်အတွက် ချီကာဂိုကိုလာမယ့် လေယာဉ်စရိတ်နဲ့ အသုံးစရိတ်ပါ စာတိုက်က ပို့ပေးလိုက်ပါတယ်။


Tuesday, November 26, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၆ (မင်းကျော်ခိုင်)

ကျနော်တို့ မွန်ဗဟိုစခန်းမှာ သိပ်မကြာခဲ့ပါဘူး၊ ဒါပေမယ့် ရန်ကုန်က စထွက်ခဲ့ကြတဲ့ရက်တွက်လိုက်ရင် ရက် ၂၀ ကျော်ပြီ။ နောက်ဘယ်နှစ်ရက် ဆက်လျှောက်ရမယ်ဆိုတာ မသိကြဘူး။ ဗဟိုစခန်းကနေထွက်တော့လည်း တတောင်တက် တတောင်ဆင်းနဲ့ပါပဲ။ ဒီတခေါက် လမ်းပြတွေကတော့ မွန်ပြည်သစ်ရဲ့ တခြားတပ်စိတ်တစိတ်ပါ။ အားလုံး ကျနော်တို့အပေါ် ဂရုစိုက်ကြပါတယ်၊ လမ်းသွားရင်းနားကြတဲ့အခါ ကျနော်မေးကြည့်တယ် မွန်ရဲဘော်လေးကို။ နောက်ဘယ်နှစ်တောင်တက်ရဦးမလဲလို့။ ဟာ... အကိုရာ ဟိုမှာမြင်နေရတဲ့တောင်ကို ကျော်လိုက်ရင်ရောက်ပြီ ဘုရားသုံးဆူကို တဲ့။ ဒါနဲ့ တောင်ကြီးဖဝါးအောက်ပေါ့ကွာဆိုပြီး စိတ်တင်းထားရတာပေါ့။

အမှန်ပြောရရင်အားလုံးဟာ တော်တော်တော့ ပန်းနေကြပြီ။ မှောင်ရီပျိုးပျ နေဝင်ရီတရောမှာ တောင်ခြေတခုက ရွာတရွာကို ရောက်ကြတယ်။ တောင်ယာလုပ်ကိုင်စားသောက်ကြတဲ့သူတွေ နေကြတာ၊ ရွာနာမည်တော့ မမှတ်မိတော့ဘူး။ တောင်ယာဆိုတာ တောင်တွေပေါ်မှာ စပါးတို့ ပဲတို့ စိုက်ကြတာ။ တချို့တောင်စောင်းတွေမှာ လှေခါးထစ်စိုက်ခင်းတွေလုပ်ထားပြီး စိုက်ကြတာ လမ်းမှာတွေ့ခဲ့သေးတယ်။ 

ရွာထဲဝင်ကြတော့ ရွာသူရွာသားတယောက်မှ မတွေ့ရဘူး။ အိမ်တွေအားလုံးကတော့ တဲကြီးတဲငယ်တွေပါပဲ။ ကျနော်တို့လည်း ထူးခြားလှချေလားပေါ့၊ နေ့လည်နေ့ခင်းလည်းမဟုတ်ဘဲ ညဘက်အိပ်ချိန်ရောက်ခါနီးမှာမှ ရွာသားတယောက်မှ မရှိတဲ့အိမ်တွေတွေ့ရလို့ပါ။ ဒါနဲ့ပဲ ကြုံရာအိမ်တွေပေါ် ကိုယ့်အုပ်စုနဲ့ကိုယ်တက်ပြီး ညစခန်းချဖို့ ပြင်ကြတာပေါ့။ အိမ်တွေအားလုံးမှာ အိမ်ရှေ့တံခါးပေါက်ရယ်လို့ မရှိကြဘူး၊ အခန်းရယ်လို့လည်း မရှိဘူး၊ အိမ်ရှေ့နဲ့ အိမ်နောက် ဒိုးယိုပေါက်ချည်းပါပဲ။ 


အမေရိကရောက် ကျနော် ဒုက္ခသည် - ၃ (ထက်ရာဇာ)

ဒီလိုနဲ့ အိပ်လိုက်စားလိုက်နဲ့ တလလောက်နေအပြီးမှာတော့ အိုင်အာစီလို့ခေါ်တဲ့ ဒုက္ခသည်ကူညီတဲ့ရုံးက ကျနော့်ကို ဖုန်းဆက်လာပါတယ်။ (အဲဒီအချိန်အထိ ကျနော့်မှာ ဟမ်းဖုန်းမရှိသေးပါဘူး၊ အစိုးရက အလကားပေးထားတဲ့ အိမ်ဖုန်းသာရှိပါသေးတယ်။) နောက် ၃ ရက်ကြာရင် စက်ရုံတခုကို အလုပ်ဝင်ဖို့ အင်တာဗျူးသွားရဖို့နဲ့ သူတို့ အိမ်ကို ကားနဲ့လာကြိုပြီး စက်ရုံကိုပို့ပေးမှာဖြစ်ကြောင်း အကြောင်းကြားလာတာပါ။

၃ ရက်မြောက်တဲ့နေ့မှာတော့ ဒုက္ခသည်ကူညီရေးရုံးက ကားရောက်လာပြီး ၄၅ မိနစ်လောက်မောင်းရတဲ့ တခြားမြို့ကို စတင်ထွက်ခွာလာခဲ့ကြပါတယ်။ ကားပေါ်မှာ ဒုက္ခသည်ရုံးက အမေရိကန်မ ၂ ယောက်၊ ကျနော်နဲ့ အီရတ် အီရန်နဲ့ ဆိုမားလီးယားက ဒုက္ခသည် စုစုပေါင်း ၁၁ ယောက်ပါပါတယ်။ ကားမောင်းပြီး ၁၅ မိနစ်လောက်အကြာကြမှ အေဂျင်စီက အမေရိကန်မက စပြီး စကားစပါတယ်။ အခုသွားနေတဲ့စက်ရုံဟာ ကြက်သွန်နီတွေကို စည်သွပ်ဗူးသွပ်တဲ့စက်ရုံဖြစ်ပြီး အခုခေါ်လာတဲ့လူအားလုံး အလုပ်ရမှာဖြစ်ကြောင်းနဲ့ တနာရီကို ၈ ဒေါ်လာခွဲကနေ အမြင့်ဆုံး ၁၄ ဒေါ်လာထိရမှာဖြစ်ကြောင်းပြောတော့ ကျနော် အပါအဝင် ဒုက္ခသည်တွေရဲ့ အနာဂတ်စိတ်ကူးက ရွှေရောင်တောက်လာရပြန်ပါတယ်။ (အဲဒီတုန်းက ၈ ဒေါ်လာခွဲကိုသာမြင်ပြီး အမေရိကမှာ ၈ ဒေါ်လာခွဲဟာ အနိမ့်ဆုံးလစာဖြစ်ကြောင်းကိုလည်း မသိသေးတဲ့အချိန်ဖြစ်ပါတယ်။)


Sunday, November 24, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၅ (မင်းကျော်ခိုင်)

ခရီးဆက်ကြရင်း တောထဲမှာ ရွာလည်နေတဲ့ လူ ၃ဝဝ ကျော်အုပ်စုကြီးနဲ့ သွားဆုံကြတယ်၊ အဲဒီနေရာက ရွာနဲ့ သိပ်မဝေးဘူး သူတို့နဲ့ပါလာတဲ့လမ်းပြက လမ်းမှားပြီး လည်နေတာလေ။ ဒါနဲ့ အုပ်စုကြီး ၂ စု ပေါင်းလိုက်ကြပြီး အနီးဆုံးရွာကို ဆက်အတူသွားကြတယ်။ ရွာရောက်တော့မှ အဲဒီ လမ်းမှာလည်နေတဲ့အုပ်စုထဲက ကျနော်နဲ့မတွေ့တာ အတော်ကြာပြီဖြစ်တဲ့ (သူ အဆိုတော်ဖြစ်ကတည်းက ဆိုပါတော့) ကျော်မြင့်လွင် (ခ) ထူးအိမ်သင်ပါ။ သူနဲ့ ပြန်တွေ့တွေ့ချင်း သူက ဟေ့ရောင် ဒါပဲ ... ဒါပဲလိုတယ် လို့ပြောရင်း သူ့လက်ညှိုးကို ကွေးပြတယ်။ 

ဒါနဲ့ ကျနော်လည်း သူ့ကြည့်ပြီး ဟုတ်ပါပြီ ငါ သိပါတယ် အားလုံးက ဒါပဲလိုတယ်ဆိုပြီးထွက်လာကြတာ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး... အဆိုတော် မပြောရဘူး ဝတ်လာတာက အင်္ကျီဖြူ ဘောင်းဘီဖြူ နဲ့၊ ဒို့ အခုသွားနေကြတာ သီချင်းသွားဆိုဖို့မဟုတ်ဘူးလို့ပြောတော့ သူက ရှက်ကိုးရှက်ကန်းနဲ့ မင်းကလည်းကွာ ငါလည်း ကြုံသလိုကြံဖန်ပြီး ထွက်လာရတာလေ လို့ပြောတယ်။ အမှန်က သူ့ကို အားလုံးကသိနေတော့ သီချင်းဆိုဖို့ဆိုပြီး မလိမ့်တပတ်နဲ့ စစ်ထောက်လှမ်းရေးကနေလွတ်အောင် ကြံဖန်ထွက်လာခဲ့တာလို့ သူပြောပါတယ်။ 

ရွာထဲမှာ ၂ ရက်နေရတယ်၊ ရွာနာမည်တော့ ကျနော် မမှတ်မိတော့ဘူး။ ရွာကနေဆက်ထွက်ကြတော့ လမ်းခုလတ်မှာ အသားလတ်လတ် အသက် ၂ဝ ကျော်လူငယ်တယောက်က ကျနော်တို့ကို ဆီးကြိုတယ်။ သူက ရွာအဝင်ဘုန်းကြီးကျောင်းကို ကျနော်တို့ကိုခေါ်သွားပြီး သူဟာ CRDB ဦးတင်မောင်ဝင်းရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အကြောင်း၊ ကျနော်တို့အားလုံးကို ထိုင်း-မြန်မာနယ်စပ်မှာ လိုအပ်တဲ့ အကူအညီအားလုံးပေးဖို့ အဆင်သင့်ရှိနေပါကြောင်း ပြောပါတော့တယ်။ 


Saturday, November 23, 2013

နှလုံးသားဒိုင်ယာရီ (၁၇) - အုပ်ကြီးဖေ

၂၅-၂-၂၀၀၂ 

ဘဝတွင် ဝမ်းအကျင့်၊ နှုတ်အကျင့်ကိုဖျောက်ရန် ခက်ခဲသည်ဟုဆိုရမည်။ တော်လှန်ရေးနယ်မြေ ကျင်လည်နေထိုင်စဉ်ကာလ ထမင်းကိုသာ အားပြုစားသောက်တတ်ကြသည်။ နံနက် ၄ နာရီထိုးသည်နှင့် အိပ်ယာမှထကာ ချက်ပြုတ်ကြပြီး ၆ နာရီထိုးသည်နှင့် နံနက်စာကိုစားသောက်တတ်ကြသည်။ ညနေစာကိုတော့ ၃ နာရီထိုးသည်နှင့်စားသောက်ပြီးဖြစ်သည်။ ထိုမှာ နိစ္စဓူဝဖြေရှင်းရသော ဝမ်းရေးဖြစ်သည်။ 

သာစည်ဘူတာအနီး ရွှေဝတ်မှုံတည်းခိုခန်းရောက်တော့လည်း နံနက် ၆ နာရီထိုးသည်နှင့် ဝမ်းမီးက ပူလောင်ထကြွသောင်းကျန်းနေတော့သည်။ မုန့်ပဲသရေစာ မစားတတ်၊ မတင်းတိမ်၍ဖြစ်မည်။ ဝမ်းမီးငြိမ်းစေရန်အတွက် ထမင်းဆိုင်ရှာတော်ပုံဖွင့်ရသည်။ ဘူတာနှင့်မနီးမဝေးနေရာတွင် ထမင်းဆိုင်ကိုရှာတွေ့လိုက်သည်။ “မခိုင်” မြန်မာထမင်းဆိုင်ဟူ၍ ဖြစ်သည်။ 

ကျနော်လည်း ထမင်းဆိုင်ထဲသို့ဝင်ရောက်သွားပြီး “အစ်မရေ အမဲသားဟင်းနဲ့ ထမင်းတစ်ပွဲချပေးပါ” ဟုဆိုတော့ ဆိုင်ရှင်က အံ့သြနေပုံရသည်။ ခဏအကြာ “မောင်လေးရေ ထမင်းက အခုမှချက်တုန်းရယ်” ဟုဆိုလာသည်။ ကျနော်ကလည်း “အစ်မရေ ထမင်းကြမ်းရှိရင်လည်း ဖြစ်ပါတယ်ဗျာ” ဟု ထပ်မံတောင်းဆိုလိုက်သောကြောင့် မနေ့ညကကျန်သော ထမင်းကြမ်းနှင့် အမဲသားဟင်းတစ်ပွဲ လာရောက်ချပေးသည်။ မျက်နှာရှေ့ကျရောက်လာသော ထမင်းနှင့်ဟင်းကို မြိန်ယှက်စွာ စားသောက်လိုက်ရမှ မီးကိုရေနှင့်ငြှိမ်းသကဲ့သို့ ဝမ်းသည်လည်း ငြိမ်သက်သွားရလေတော့သည်။ 


ကျနော်နဲ့ ခရီးကြမ်းလမ်း - ၄ (မင်းကျော်ခိုင်)

တကယ်တမ်း ကျနော်တို့အုပ်စုကြီး ဓနိတောရွာကနေ ခရီးဆက်ကြတုန်းက ခြေလျှင်ခရီး မဟုတ်ခဲ့ပါဘူး၊ ကုန်တင်စက်လှေတွေနဲ့ပါ။ မွန်ပြည်သစ်တပ်ဖွဲ့က ပင်လယ်ပြင် ကုန်သည်တွေဆီကနေ ချောဆွဲလာတဲ့ ကုန်တင်စက်လှေ ၆ စီးနဲ့ပါ။ စက်လှေတွေက တော်တော်ကြီးပါတယ်။ ကျနော်က သင်္ဘောစီးဖူးတယ်ဆိုတာ ရန်ကုန်နဲ့ ဓနုဖြူ သင်္ဘောပဲ စီးခဲ့ဖူးတာ။ ခုဟာက ကုန်တင်တဲ့စက်လှေတွေဆိုတော့ သင်္ဘောဝမ်းဗိုက်ထဲ ကုန်တွေထားတဲ့နေရာမှာ ကျနော်တို့လူတွေထိုင်ပြီး လိုက်ခဲ့ရတာဆိုတော့ သက်တောင့်သက်သာရှိလှတာတော့ မဟုတ်ဘူး။ ကုန်ပစ္စည်းတွေဆိုရင်တော့ ကုန်တွေ အထပ်ထပ်ဆင့်တင်ပြီး အလေးချိန်စီးပေမယ့် ခု လူတွေဆိုတော့ အလေးချိန်တွေက ကုန်တွေလောက် မများတော့ဘူးလေ၊ အဲဒီတော့ စက်လှေက ပင်လယ်ပြင်လှိုင်းလုံးတွေကြားမှာ အနည်းနဲ့အများတော့ လူးပြီပေါ့။ ဒါတောင် ရာသီဥတုကောင်းမယ့်အချိန်စောင့်ပြီး ထွက်ကြတာပါ။ 

ကျနော်တို့ လှိုင်းမူးပြီးအန်လိုက်ကြတာ ပြောရရင် တချို့များ မစင်(ချီး) ပါအန်ထွက်တဲ့အထိပါပဲ။ တသက်နဲ့တကိုယ် အဲလောက်အထိ ပင်လယ်လှိုင်းမူးပြီးအန်ခဲ့တာ တသက်မမေ့နိုင်အောင်ဖြစ်ခဲ့ရတယ်။ စက်လှေ ၆ စီးမှာ တစီးကို လူ ၅ဝ စီတင်ပြီး သွားခဲ့ရတဲ့ ပင်လယ်ခရီးကြမ်းပါပဲ။ ဓနိတောရွာကနေ ညဥ့်နက်သန်းခေါင်ကျော်မှာ စထွက်ခဲ့ကြတာ ၇ နာရီလောက် ပင်လယ်လှိုင်းမူးပြီး စီးခဲ့ကြပြီးမှ ဒူးယားရွာကိုသွားလို့ရမယ့် ပင်လယ်ကမ်းစပ်ကိုရောက်ကြတယ်၊။ ကျနော်တို့အားလုံးက သင်္ဘောဝမ်းဗိုက်ထဲကနေ မူးလိုက် အန်လိုက်နဲ့လိုက်ခဲ့ရတာဆိုတော့ ဖြတ်ခဲ့ရတဲ့ ပင်လယ်လမ်းခရီးတလျှောက် ရှုခင်းတွေကြည့်ဖို့ဆိုတာတော့ စဉ်းစားသာကြည့်ပါတော့...။ ဘယ်နေရာတွေကနေဖြတ်ပြီး ဘယ်နေရာကိုရောက်တယ်ဆိုတာလဲ မသိခဲ့ရတဲ့ မမေ့နိုင်တဲ့ ပင်လယ်ခရီးကြမ်းပါပဲ။ 


Wednesday, November 20, 2013

အမေရိကရောက် ကျနော် ဒုက္ခသည် - ၂ (ထက်ရာဇာ)

ဒီလို နေ့နဲ့ည မှားတဲ့ဒဏ်ကိုခံပြီးတော့ စတင်ဒုက္ခရောက်တာကတော့ အစားအသောက်ပြဿနာပဲဖြစ်ပါတယ်။ ရောက်တာကလည်း ရက်ပိုင်းပဲရှိသေးတော့ ဘယ်မှ မသွားတတ် မလာတတ်။ နောက်တချက်က ကျနော်တို့ရောက်တဲ့အချိန်က ဘိုအိုင်စီးမြို့မှာ နှင်းက သဲသဲမဲမဲကြနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အနည်းဆုံး ၄ လက်မလောက်ကနေ ၈ လက်မနီးပါးရှိတဲ့ နှင်းတောထဲမှာ ဘယ်မှာ ဘာဆိုင်ရှိမှန်းမသိဘဲ ကျနော်လည်း မသွားရဲတာ အမှန်ပါပဲ။ 

အဲဒီတုန်းက ဒီလောက်အေးနေတဲ့အတွက် အရက်ဝယ်ချင်ရင်တောင် ကျနော့်မှာ အိုင်ဒီကတ်ပြား မရသေးတဲ့အတွက် အရက်က ဝယ်မရ။ (အမေရိကမှာက အရက်ဝယ်ဝယ် ဆေးလိပ်ဝယ်ဝယ် အသက်ပြည့်ကြောင်း မိမိ အိုင်ဒီကတ်ပြားကိုပြပြီးမှ ဝယ်လို့ရပါတယ်။) အစားအသောက်ကလည်း သူတို့ ရေခဲသတ္တာထဲမှာထည့်ပေးထားတဲ့ အမဲသားအစိမ်းတွေကို ပြုတ်လိုက် ကျော်လိုက်နဲ့ပဲ စခန်းသွားခဲ့ရတဲ့နေ့တွေလည်း ဖြစ်ပါတယ်။


Monday, November 18, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၃ (မင်းကျော်ခိုင်)

ကျနော်တို့လည်း ကျောင်းသူနှစ်ယောက်ကို သူတို့ထမီ ယောင်္ကျားလေးတွေပုဆိုး ကတောင်းကျိုက်သလို ကျိုက်ခိုင်းပြီး ရှေ့က သူများတွေဖြတ်သလိုသာ ဖြတ်တော့ဆိုပြီးပြောတော့ သူတို့လည်း ကွိကွိကွကွ အိအိအအ အော်သံတွေနဲ့ မျှော့တောကြီး ဖြတ်ကြတာပေါ့။ ဟိုဘက်ကမ်းရောက်မှ ကျနော်တို့က ပါလာတဲ့ မီးခြစ်နဲ့ မျှော့ကြီးတွေကို အပူမြိုက်ပြီး ခွာချပေးကြရတယ်။ 

အားလုံး အိုကေပြီ။ မျှော့ကွင်းကြီးကျော်ခဲ့ပြီးမှ ကားလမ်းဖြတ်ဖို့ တဖက်လမ်းကနေ လမ်းကြောင်းရှင်း အချက်ပြမယ့် မွန်ပြည်သစ်ကရဲဘော်ရဲ့ အချက်ပေးသံကို မျှော်ရတယ်။ နာရီဝက်လောက်အကြာ ရဲဘော်ရဲ့ အချက်ပေး လက်ခေါက်မှုတ်သံကြားတော့ ကျနော်တို့ရန်ကုန်အုပ်စုက ရှေ့ဆုံးကနေ ပြေးကူးကြတယ်။ ကျနော်တို့နောက်က ကျန်အုပ်စုတွေကလည်း တန်းစီပြီး လိုက်ကူးကြတာပေါ့။ ဖြစ်ချင်တော့ လူအုပ်ကြီး ၃ ပုံ ၁ ပုံ ကူးပြီးတော့မှ ရဲဘော်လေးရဲ့ဟာ လမ်းမှားသွားပြီ၊ ဒီလမ်းက ရွာအဝင်လမ်း မဟုတ်ဘူး၊ တောထဲဝင်တဲ့လမ်းဆိုလို့ နောက်ထပ် ကိုက်တရာသာသာလောက်ဝေးတဲ့ လမ်းအမှန်ရောက်အောင် ဝရုန်းသုံးကား ပြေးကြရပြန်တယ်။ 


Saturday, November 16, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၂ (မင်းကျော်ခိုင်)

မွန်ပြည်သစ်ရဲ့ ဗိုလ်မှူးဆိုသူက ကျနော်တို့တယောက်ချင်းစီရဲ့မျက်နှာတွေကို သူ့လက်နှိပ်ဓာတ်မီးနဲ့ထိုးကြည့်ရင်း ကျနော့်ဘေးမှာထိုင်နေတဲ့ ရဲလွင်ရဲ့မျက်နှာကိုလည်း မြင်လိုက်ရော ဟာ... ဆရာပါလား၊ ဆရာ ကျနော့်ကို မမှတ်မိဘူးလား... ကျနော် ထွန်းအောင်လေ ဆရာ... ဆိုပြီး အံ့သြဝမ်းသာသွားတဲ့အသံ ကြားလိုက်ရတယ်။ ကျနော်လည်း ရဲလွင်ကို တံတောင်နဲ့တွတ်ပြီး မင်း ကြည့်ရှင်းလိုက်ဆိုတဲ့အထာပေးလိုက်တယ်။ 

ရဲလွင်က ဟာဗျာ... ခင်ဗျားမျက်နှာ ကျနော်မြင်မှမမြင်ရတာ ဘယ်လိုလုပ်မှတ်မိမှာလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီမှာတင် ဗိုလ်မှူးထွန်းအောင်ဆိုတဲ့သူက သူ့မျက်နှာသူ သူ့ဓာတ်မီးနဲ့ပြန်ထိုးပြီး ဆရာ ကျနော် ဆရာ့ဆီမှာ တနင်္ဂနွေအပါတ်တိုင်း စာလာလာမေးခဲ့တာလေ၊ အဲဒီတုန်းက ကျနော်က ဘုန်းကြီးဝတ်ကြီးနဲ့ပါဆရာ... ဆရာ ဒါ ဆရာ့သူငယ်ချင်းတွေ မဟုတ်လား၊ ဘာမှမပူနဲ့ဆရာ၊ ကျနော် အားလုံးတာဝန်ယူတယ်ဆိုပြီး သူ့တပည့်ရဲဘော်တွေကို ဟေ့ ဒါ ငါ့ဆရာကွ၊ ငါ တက္ကသိုလ်မှာ စာပေးစာယူကျောင်းတက်တုန်းက ငါ့ကို စာအမြဲပြပေးတဲ့ ငါ့ဆရာပဲ...လို့ ပြောပြီးသကာလ ကျနော်တို့အုပ်စု ဓနိတောရွာထဲ ရင်ကော့ဝင်နိုင်ခဲ့ကြပါတယ်။ 


Thursday, November 14, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၁ (မင်းကျော်ခိုင်)

ကျနော်တို့ ရန်ကုန်ကနေ ထိုင်းနိုင်ငံနယ်စပ်ကိုထွက်ခဲ့ကြတာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၄ ရက်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့ပါ။ ကျနော် အပါအဝင် ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနက ကျူတာ ရဲလွင်၊ နောက် မောင်တူး၊ တခြားဌာနတွေက ကျူတာ ၄ ယောက်အပါအဝင် ပေါင်း ၇ ယောက်။ 

ရန်ကုန်က မထွက်ခွာခင်ညက ကျနော့်အိမ်နောက်ဘက်က အမျိုးသားဘော်ဒါဆောင်မှာ လူခွဲအိပ်ကြပြီး မနက်လင်းအားကြီး ၄ နာရီခွဲမှာထ၊ ကျနော့် အဖေနဲ့အမေကို အားလုံးကန်တော့ကြပြီး အမေထုတ်ပေးတဲ့ ကျပ်ငွေ ငါးထောင်နဲ့ ကျနော်တို့အိမ်ရှိတဲ့ ၆ မိုင်ခွဲကနေ အောင်ဆန်းကွင်းမှာရှိတဲ့ မော်လမြိုင်-မုဒုံ ကားဂိတ်ကိုထွက်ခဲ့ကြတယ်။ 

ရန်ကုန်-မုဒုံ ဟိုင်းလပ်ကားစီးပြီး မုဒုံရောက်တဲ့အထိဘာမှ ပြဿနာမရှိဘဲ ရောက်ခဲ့ကြတယ်။ ဟိုင်းလပ်ကားပေါ်မှာ သူငယ်ချင်း အဆိုတော်မွန်းအောင်နဲ့ ဆုံကြသေးတယ်။ သူက သူ့အစီအစဉ်နဲ့သူသွားမှာဆိုတော့ မုဒုံမှာပဲ သူနဲ့ကျနော် လမ်းခွဲကြတယ်။ ကျနော်တို့က မွန်ပြည်သစ်ပါတီနဲ့ ချိတ်ထားပြီးမို့ပါ။


အမေရိကရောက် ကျနော် ဒုက္ခသည် (ထက်ရာဇာ)

ထိုင်း-မြန်မာနယ်စပ်မှာ ၅ နှစ်လောက်နေပြီးတော့ ၂၀၀၉ နှစ်စပိုင်းလောက်မှာ အမေရိကနိုင်ငံမှာ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ အခြေချနေထိုင်ခွင့်ပြုကြောင်းကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ အမေရိကန်သံရုံးကနေ ကျနော့်ဆီကို စာပို့လာခဲ့ပါတယ်။ တဆက်တည်းမှာပဲ အမေရိကကိုထွက်ရမယ့် ရက်စွဲနဲ့ အမေရိကကိုစီးရမယ့် လေယာဉ်လက်မှတ်လည်း တခါတည်း ပါလာပါတယ်။ 

ဒီလိုနဲ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလလည်လောက်မှာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းနဲ့ အုံးပြန့် ဒုက္ခသည်စခန်းမှာရှိတဲ့ ကျနော် အပါအဝင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ပြုတဲ့ အယောက် ၁၀၀ နီးပါးကို စခန်းတွေကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘုံမိလေဆိပ်ကို ဘတ်စ်ကားယာဉ်တန်းတွေနဲ့ ပို့ဆောင်ခဲ့ပါတယ်။ လမ်းတလျှောက်လုံး ဒုက္ခသည်တွေအားလုံးဟာ တယောက်နဲ့တယောက် နောက်လိုက် ပြောင်လိုက်နဲ့ ဘန်ကောက်လေဆိပ်ကို ရောက်လာကြပါတော့တယ်။ 

ဘန်ကောက်လေဆိပ်ကနေ လေယာဉ်ပေါ်ကိုတက်ခါနီးမှာတော့ ဒုက္ခသည်တွေရဲ့ အမူအယာတွေက ပြောင်းလဲသွားခဲ့ပါပြီ။ ကိုယ့်မြေကိုယ့်ရေကို ထားခဲ့ရခဲ့တဲ့အပြင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ထိုင်းနိုင်ငံကိုစွန့်ခွာပြီး တခါမှမသိတဲ့ အမေရိကဆိုတဲ့ တိုင်းပြည်ကို သွားကြရတော့မယ်လေ။ ကျနော်ကိုယ်တိုင်လည်း စိတ်ထဲမှာ ယောက်ယက်ခတ်နေတယ်ဆိုတာ ဝန်ခံပါတယ်။ အမေရိကဆိုတာက ရုပ်ရှင်ထဲမှာမြင်ဖူးတယ် စာအုပ်ထဲမှာ ဖတ်ဖူးတယ် ဒါပဲ။ ခုတော့ ဘာမှန်းမသိတဲ့တိုင်းပြည်တခုကို အပြီးသွားရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားတာတော့ အမှန်ပဲ။