Showing posts with label စစ်အုပ်စု သက်တမ်းရှည်နေသရွေ့. Show all posts
Showing posts with label စစ်အုပ်စု သက်တမ်းရှည်နေသရွေ့. Show all posts

Wednesday, September 9, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ (နိဂုံးပိုင်း)


ကျနော် နားလည်လိုက်ပါတယ်။ သူ့ဇနီးက နောက်အိမ်ထောင် ပြုထားပြီးပြီ။ ကလေးတွေရအောင်တောင်းပြီး သူ့မိဘအိမ် ပြန်ထားဖို့စိတ်ကူးကြောင်း၊ ကျနော့်ကို ပြောထားခဲ့ဖူးပါတယ်။ (ပြောတဲ့အတိုင်း လက်နက်ကိုင် တော်လှန်ရေး ဆင်းသွားပြီး မြစ်ဝကျွန်းပေါ်မှာပဲ ကျဆုံးသွားခဲ့ပါတယ်)


“ကိုင်း … ဒီလိုဆို ခု ဘယ်သွားမလဲ၊ ဘယ်သူ့ဆီသွားကြရင် ကောင်းမလဲ”


“ဗိုလ်အုန်းမောင်က မှာထားတာရှိတယ်။ လွတ်တဲ့အခါ သူ့အိမ်ဝင်ပါဦး ပြောတယ်”


ဘူးဝမှာ ကျနော့်ငွေ လက်ကျန်ရှိသေးတာမို့ သွားထုတ်ပြီးတာနဲ့ တောင်ဥက္ကလာပဘက် ထွက်မယ့်ကားပေါ် တက်လိုက်ကြပါတယ်။


ကိုကိုးကျွန်းတိုက်ပွဲနဲ့ပတ်သက်ပြီး ရေးနိုင်သူ ပေါင်းစပ်နိုင်သူတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် အများစုက ဒီမိုကရေစီဆိတ်သုဉ်းတဲ့နေရာမှာ ရှိနေကြတယ်။ သူတို့ကတော့ ကျွန်းရဲဘော်တွေနဲ့ ကျွန်းမှာ အတူနေခဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေပါ။ သူတို့ ရေးနိုင်လာတဲ့တနေ့မှာ ဒီ ပန်းချီကားချပ်ကြီး အတော်အတန် ပြည့်စုံသွားနိုင်ပါတယ်။


ရေးနိုင်မယ့်တနေ့ကို စောင့်ကြိုကြပါစို့။



ငါတို့နားမှ သူရဲကောင်းများ



· ပါတီရှိလျှင် - ဖူးချစ် ရှိသည်။

ပါတီရှိလျှင် - ဗက်သွန်း ရှိသည်။

ပါတီရှိလျှင် - လျူးဟူလန်း ရှိသည်။

ပါတီရှိလျှင် - ဗန်ထရွိုင်း ရှိသည်။

ပါတီရှိလျှင် - သူရဲကောင်း ရှိသည်။


သူ့ရပ်သူ့မြေ

သူ့ဌာနေမှ သူရဲကောင်းများ။

· ပါတီရှိလျှင် - သန်းထွန်း ရှိသည်။

ပါတီရှိလျှင် - ဗဟိန်း ရှိသည်။

ပါတီရှိလျှင် - ဘသင် ရှိသည်။

ပါတီရှိလျှင် - ဌေးလှ ရှိသည်။

ပါတီရှိလျှင် - သူရဲကောင်းရှိသည်။


ငါ့ရပ် ငါ့မြေ

ငါ့ဌာနေမှ သူရဲကောင်းများ။

· သည်ရပ်သည်မြေ - သည်ဌာနေမူ

သည်လိုသူရဲကောင်း - ရှားဘိတောင်ဟု

(အောက်)အောက်မေ့မိခဲ့

သတိမမူ ဂူမမြင်ခဲ့။


ဒီနေ့ကာလ

ကျလာတာဝန် - လွန်ကျေပွန်၏။

အသက်စွန့်မည် - စိတ်ကရည်၏။

ပါတီယုံမှတ် - အသက်အပ်၏

ဒီရပ်ဒီမြေ

ဒီဌာနေမှ သူရဲကောင်းများ။


· ငါသိပါပြီ

ပါတီရှိလျှင် - သူရဲကောင်း ရှိသည်။

ပါတီရှိလျှင် - သိန်းကြည် ရှိသည်။

ပါတီရှိလျှင် - ၈ ယောက်ရှိသည်။

ဒီကျွန်း ဒီမြေ

ဒီဌာနေမှ သူရဲကောင်းများ ။



(ပြီးပါပြီ)


တိုက်ပွဲဝင် ရဲဘော်တဦး



Tuesday, September 8, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ (၂၅)


ကျလာတာနဲ့ အလုအယက် ကောက်ကိုင်ကြည့် လက်နဲ့ပွတ်ကြည့် ဆိတ်ကြည့်ကြတယ်။ အညိုရောင် မျက်နှာပြည့် ဖောင်းဖောင်းလေးနဲ့ ချစ်စရာပါ။ ဒီ ကြယ်သီးလေးကို အိမ်နဲ့အင်တာဗျူးတွေ့ရစဉ် ရလာခဲ့တဲ့ မျက်နှာသုတ်တဘက်ကြီး အစွန်းမှာ အပ်နဲ့တွယ်ချုပ်ထားလိုက်မိပါတယ်။


နောက်တော့ ကျနော်တို့ ၇ ယောက်စလုံး အပေါ်ထပ် အခန်းကျဉ်း တခန်းထဲပို့ပါတယ်။ မူလအခန်းကြီးကို ၃ ပိုင်း ပိုင်းထားတာမို့ လမ်းလျှောက်လို့ မကောင်း။


ဒီ အချိန်က ဦးနုရဲ့အဖွဲ့တွေ ‘ဆင်ဖြူတော်’ နာမည်နဲ့ တခြားအဆောင်တွေမှာ ရှိနေပြီဖြစ်တယ်။ ရုပ်ရှင်မင်းသား မောင်မောင်တာလည်း ပါတယ်လို့ အုတ်ရိုးသတင်းက ဆိုပါတယ်။


မကြာခင် ကျနော်တို့အဆောင် အောက်ခန်းတွေမှာ ‘ဇူဇကာ စစ်ဆင်ရေး’ နဲ့ ကုန်သည် ပွဲစားတွေ ရောက်လာပြန်တယ်။ ကိုအောင်ဘော် ဦးလေးကြီးတယောက် ပါလာပါတယ်။ ပြင်းစရာ တယ်မရှိလှတော့ပါ။ မဆလခေတ်မှာ နို့ဆီခွက်ခေါက် ခေါ်နေစရာမလို အချိန်တန် လူတွေပြည့်နေတာချည်းပါပဲ။


(၆)


မှတ်မှတ်ရရ ၁၉၇၃ ခု၊ ဧပြီလ ၁၃ ရက်


နံနက်ခင်းကတည်းက ထောင်ထဲမှာ လှုပ်လှုပ်လှုပ်လှုပ်၊ အုတ်အုတ်ကျက်ကျက် အသံတွေကြားနေရပါတယ်။ သင်္ကြန်အကြိုနေ့မို့ အလှူရှင်ပေါ်ပြီး စားကောင်းသောက်ဖွယ်များ ကျွေးမလို့လား၊ မဟုတ်ပါ။


မကြာခင် ကျနော်တို့အဆောင် အောက်ထပ်က ဇူဇကာတွေ အသံကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ တယောက်ပြီးတယောက် ခေါ်ထုတ်နေတာလည်း တွေ့ရတယ်။ (သြော် … လူတွေ လွှတ်နေတာကိုး) အဆောင် နေ ဝါဒါတွေလည်း မြူးကြွနေပါတယ်။ ပေးထား၊ ချန်ထားတဲ့ လက်ကျန်ပစ္စည်းတွေ သူတို့ရတော့မှာလေ။


ကျနော်က အခြေအနေတွေ(အထူးသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်)တွက်ပြပြီး “ကျနော်တို့လည်း ပါနိုင်တယ်၊ ဘွန်း (Bond) အထိုးခိုင်းရင် မထိုးကြဖို့” ကြိုဆွေးနွေးထားလိုက်ပါတယ်။


၁၂ နာရီလောက်ရှိတော့ အပေါ်ထပ်ရှိ ကျောင်းသားရဲဘော်တွေ တယောက်ချင်း လာခေါ်ပါတယ်။ သူတို့ဖြတ်သွားတဲ့အခါ ကျနော်က စာရေးဟန်ပြပြီး (လက်မှတ် မထိုးကြဖို့) ခေါင်းယမ်းပြတော့ သူတို့က ခေါင်းညိတ်ပြကြတယ်။


နေ့ခင်း ၃ နာရီလောက်မှာ ကျနော့်ကို စ,ခေါ်ပါတယ်။ အောက်ဆင်း တံခါးမကြီးနားရောက်မှ စောင်အုပ်ပါတယ်။ တိုက်ပုလေး တခုရှေ့မှာကျမှ ဖွင့်ပေးပါတယ်။ ဘခက်နဲ့တွေ့စဉ်က အခန်းမဟုတ်၊ အပေါက်ဝမှာ စွပ်ကျယ် လက်ပြတ်နဲ့ ဗလမောင် ဒု တပ်ကြပ် တင်လှ … ကျောက်ရုပ်ကြီးတရုပ်လို တောင့်တောင့်ကြီး ရပ်လို့။


အခန်းထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး စားပွဲ ကုလားထိုင်နဲ့ အခံ့သားထိုင်နေကြတယ်။ ကြိုဆိုတဲ့ လက္ခဏာ မရှိသလို တရားလို တရားခံ မျက်နှာထားမျိုးလည်း မဟုတ်။ ခံစားချက်မရှိတဲ့ မျက်နှာတွေနဲ့ …။


“ထိုင်ဗျာ၊ အချိန်လည်း မရှိတော့ဘူး၊ ခင်ဗျားကို လွှတ်ပေးတော့မယ်၊ မလွှတ်ခင် ထုံးစံအတိုင်း လုပ်စရာ ရှိတာလေးတွေ လုပ်ကြရအောင်” … လို့ တယောက်က ပြောတယ်။ ကျန်တယောက်က ကျနော့်မျက်နှာကို စေ့စေ့ကြီး စိုက်ကြည့်နေတယ်။ (ဒါလား ဆိုက်ကို) ဆက်ပြောတယ်။


“ဒီ စာရွက်လေး ဖတ်ကြည့်ပါဦး”


အသင့်ချထားတဲ့ စာရွက်တရွက်ကို ထိုးပေးလာတယ်။ ကျနော် ကတိုက်ကရိုက် ယူဖတ်လိုက်တယ်။


၁။ ကျနော် ထောင်ကထွက်ရင် နိုင်ငံရေး မလုပ်တော့ပါ … တဲ့။ ချက်ချင်းပြန်ပေးလိုက်ပြီး သူတို့ကို ပြန်စိုက်ကြည့်လိုက်မိတယ်။


“ဖတ်ပြီးပြီလား?”

(ပြီးပြီ)


“မြန်လှချည့်လား?”

(နံပါတ် ၁ တချက်နဲ့ လုံလောက်ပါတယ်။)


“ဘယ်လိုလဲ?”

(ခင်ဗျားတို့ဟာက ‘ဘွန်း’ ပဲ)


“ကျနော်တို့က ခင်ဗျားတို့လို လူမျိုးတွေကို စိတ်ချလက်ချ ဒီအတိုင်းလွှတ်မပေးရဲဘူးလေ”

(ဘာပဲဖြစ်ဖြစ် ကျနော် လက်မှတ်မထိုးနိုင်ဘူး)


“ဒီလိုဆိုလည်း သွားပေဦးတော့ပေါ့၊ ဟေ့ … ဆရာတင်လှ ခေါ်သွား”


တင်လှရဲ့ တဟားဟား ရယ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ “ဟား … ဟား … ဟား ကြိုက်ပြီ၊ ဒီလိုခေါင်းမာတဲ့ကောင်တွေရဲ့ခေါင်းတွေ ရိုက်ခွဲလာခဲ့တာ များပြီ၊ လာလိုက်ခဲ့”


အတိုချုပ်လိုက်ရင်တော့ တိုက်အခန်းကျဉ်းလေးထဲ ဒလိမ့်ခေါက်ကွေး ရောက်သွားပါတယ်။ နေရာသစ်မို့ အခန်းကို စူးစမ်းလေ့လာရင်း ဘာတွေဖြစ်လာဦးမလဲ စဉ်းစားနေမိတယ်။ အိုက်လိုက်တာကလည်း လွန်ရော။


နာရီဝက်လောက်ကြာတော့ တံခါးဖွင့်သံကြားရပြီး နောက်တယောက်ရောက်လာတယ်။ ပျော်ရပြန်ပါပြီ။ A.B ပဲပေါ့။ သူက တခွိခွိ ရယ်ပြီး သူ့ဖြတ်သန်းမှုကို မိတ်ဆက်ပြပါတယ်။


“ဘူးဝဘက် ခေါ်မသွားဘဲ ဟိုငနာ ၂ ကောင်ဆီရောက်သွားကတည်းက တိုက်ထဲတော့ တန်းနေပြီ၊ အပြင်မှာ နေရသလောက် အချိန်ဆွဲနေလိုက်ဦးမယ် … လို့ စဉ်းစားရင်း သူတို့ပေးတဲ့ စာရွက်ကို စိမ်ပြေနပြေ ဖတ်နေတာ ပေါ့၊ သူတို့ ကျနော့် မျက်နှာရိပ်မျက်ကဲ မမြင်ရအောင် စာရွက်ကိုမြှောက်ပြီး ကွယ်ဖတ်ထားတယ်။


ဆက်လက်ဖော်ပြပါမယ်။


Thursday, August 27, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့(၂၄)


ကျနော်တို့ရဲဘော်တွေနဲ့ သစ္စာဖောက် ၃ ဦးတို့ ထိပ်တိုက်ရင်ဆိုင်ပြီးတဲ့နောက် (လွတ်တဲ့သူ လွတ်ကုန်ကြတဲ့ အထိ) သူတို့ကိုခေါ်မတွေ့လို့ ရဲနီတွေ ပူစပ်ပူလောင် ဖြစ်လာကြပါတယ်။ ထောင်မှူး ကျော်မင်းကတဆင့် “ရဲဘော်မြ၊ ကိုဘခက်တို့နဲ့ တွေ့ပါရစေ” လို့ တင်ပြကြပါတယ်။
အကြောင်းပြန်ကြားချက်ကတော့ “ခင်ဗျားတို့နဲ့ ကျနော်တို့ ဘာပြဿနာမှ မရှိတော့ဘူး၊ မကြာခင် လွှတ်ပေးတော့မှာပါ” တဲ့။
“မဟုတ်ပါဘူး၊ ကျနော်တို့အနေနဲ့ တခြားတင်ပြဆွေးနွေးစရာတွေလည်းရှိလို့ ခဏစီဖြစ်ဖြစ် တွေ့ချင်ပါတယ်” လို့ ထပ်ဆင့် တင်ပြကြပြန်တယ်။
ဒါကြောင့် ရဲနီအားလုံး အဆောင်ထဲကသာမက တိုက်ထဲက ရဲနီတွေပါတပေါင်းတည်း ခေါ်တွေ့ပါတယ်။ ၂ဝ ကျော်လောက် ရှိပါမယ်။ ဒါပေမယ့် ကျနော်တို့အခန်းထဲက ရဲနီကြီးတယောက် ပါမသွားပါ။ တနာရီလောက်ကြာမှ တခေါက် ပြန်ခေါ် ပါတယ်။
ဖြစ်ပုံက ချန်ထားတဲ့ကိစ္စ သူတို့က မေးမြန်းတောင်းဆိုတော့ ဘခက်က “ --- ရဲ့ ညီကို ပြောတာ မဟုတ်လား၊ ဒီကောင်က ဘဝင်မြင့်နေတာ၊ ကျနော်တို့ကို ခွေးလို့ပြောသွားတဲ့ကောင်ပဲ၊ တွေ့ပြီးပြီ” လို့ပြောမှ နာမည်တူ တနယ်ထဲသားချင်းပါ လို့ ရှင်းပြရကြောင်း၊ ရဲနီကြီး ဦးအောင်ရက ပြန်ပြောပြပါတယ်။
သူတို့က အခွင့်အရေးတွေ တောင်းဆိုခဲ့ကြောင်း၊ စာနယ်ဇင်းမဖတ်ရလို့ ကမ္ဘာကြီး ဘာဖြစ်နေတယ်ဆိုတာ မသိရကြောင်း၊ အသစ်တက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးသစ် ပဲရစ်ဒီကွေးလျား ဘယ်နိုင်ငံသားမှန်းမသိ ဖြစ်ရကြောင်း၊ ဒါကြောင့် စာဖတ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ကြောင်း မိတ်ဆက်ပေးပါတယ်။
ဘခက်တို့ဘက်က “ခင်ဗျားတို့ ဆရာကြီး သခင်စိုး အင်းစိန်ထောင်ထဲမှာပဲ အေးအေးဆေးဆေး စာဖတ် ကျမ်းပြု နေကြောင်း သီးသန့် အိမ်ကလေးတလုံးနဲ့ သီးခြားထားတာဖြစ်ကြောင်း၊ ကိုယ့်အိမ် တံခါးကိုယ့်စိတ်ကြိုက် ဖွင့်ချင်ဖွင့် ပိတ်ချင်ပိတ်လို့ရကြောင်း၊ ဒါ့အပြင် ဆရာကြီးက ကျန်းမာရေးအတွက် အလေးမ လေ့ကျင့်ခန်းတွေ လုပ်နေကြောင်း၊ ထောင်ထဲမှာပဲ မခင်စုနဲ့ နောက်ထပ် ကလေးတယောက် ရနေပြီဖြစ်ကြောင်း” … စသည်များလည်း ပါ,ပါတယ်။
“ခင်ဗျားတို့ စိတ်ချလက်ချသာနေ လွှတ်ပေးဖို့ စီစဉ်နေပါတယ်” လို့ ကတိပေးလိုက်ကြောင်းလည်း … ရှင်းပြပါတယ်။
ပြောတဲ့အတိုင်းပါပဲ၊ ၃ လလောက်ရှိတော့ ရဲနီတွေအားလုံး လွတ်သွားကြပါတယ်။
အဆောင်မှာ ကျွန်းပြန်ဆိုလို့ ကျွန်တော်တို့ ၇ ယောက်ပဲ ကျန်ပါတော့တယ်။ တိုက်ထဲမှာတော့ ၄-၅-၆ ယောက် ကျန်နိုင်သေးတယ်။ ကျနော်တို့ကို လက်ကျန်တွေနဲ့ မရောဘဲ ထားပါတယ်။ မကြာခင် အထက်အခန်းမှ ကျောင်းသား ရဲဘော်တွေနဲ့ အဆက်အသွယ် ရလာပါတယ်။
သူတို့ပွဲတောင်းချက်အရ ညနေမှာ ပြည်သူ့အသံက သီချင်းတွေ၊ တခြား တော်လှန်ရေးသီချင်းတွေ ကျွန်းအာဇာနည် ရဲဘော် ၈ ဦး (ပေါင်း ၉ ပုဒ်) သီချင်းတွေကို ကျနော်က ဆိုပြရပါတယ်။ ဝါဒါတွေ ဂျူတီချိန်းချိန် တနေ့ တပုဒ်, နှစ်ပုဒ် လောက်ပဲ ဆိုပြခွင့်ရတာပါ။
အဆောင်နံပတ် ၄ နဲ့ကပ်လျက်ရှိတဲ့ အဆောင်နံပတ် ၅ မှာလည်း အကျဉ်းသားများ ပြည့်နေပါတယ်။ ၄ ဆောင် အပေါ်ထပ် ကျွန်းပြန်ရဲဘော်တွေနဲ့ ၅ ဆောင်အပေါ်ထပ်ရှိ ရွှေရတု လှုပ်ရှားမှုမှ ထိန်းသိမ်းခံကျောင်းသားများ ဆက်သွယ်မိခဲ့ကြပြီး ဖြစ်တယ်။
ညအချိန် အဆောင် ၄ အပေါ်ထပ် ကျွန်းပြန်တွေမှ ဆေးလိပ်မီး ဝှေ့ယမ်းအချက်ပြမှုကို ၅ ဆောင်က ကျောင်းသားများ ဖတ်လို့ရသွားရာက သတင်း အပြန်အလှန် ပို့နိုင်ခဲ့ကြတာဖြစ်တယ်။
နောက် ကျနော်တို့ ၇ ယောက်ကို လူရှင်းထားတဲ့ ၅ ဆောင်အောက်ထပ်ကို ရွှေ့ပေးရာက ရွှေရတု ကျောင်းသားတွေနဲ့ အထက်အောက် တိုက်ရိုက်ဆက်သွယ်မှု ရခဲ့တာပါ။
အထက်က တက်တက်ကြွကြွ ဆက်သွယ်ရေးလုပ်ပေးနေသူ နှစ်ဦးကတော့ ကျောင်းသားတွေပဲ ဖြစ်ကြတဲ့ ကိုခင်မောင်ဝင်း နဲ့ ကိုမောင်မောင်ပါ။ တယောက်က ပုပု၊ တယောက်က ရှည်ရှည် အိုင်တီ အစ် (it) အတွဲပါ။
တခါတော့ အရှေ့မြောက်စစ်ဒေသ တိုက်ပွဲတခုကမိလာတဲ့ ရဲဘော်လေးတယောက်အကြောင်း သိကြရတယ်။
“ယူနီဖောင်းကြီးနဲ့မိလာတာ၊ အဲဒီ ယူနီဖောင်း ခုအထိ သူ့ဆီမှာရှိဆဲ”… လို့ အပေါ်ထပ်က စာတစောင်ကျလာတယ်။ ကျနော်တို့ ရဲဘော်အားလုံးရဲ့မျက်လုံးတွေ တောက်ပြောင်သွားကြတယ်။
“ကြည့်ချင်လိုက်တာ” … လို့ တသံတည်း ထွက်လာကြတယ်။ “ကြံစမ်းပါဦး”… လို့လည်း တောင်းဆိုလာကြတယ်။
နောက်တနေ့ညနေ ဝါဒါတွေရှင်းခါစ သီချင်းဆိုပြပြီးတာနဲ့ ကြမ်းခင်းပျဉ်ကို ဖောက်ထားတဲ့ အပေါက်ကနေ ကုန်းကြည့်နေတဲ့ အပေါ်ထပ်က ရဲဘော်ကို သမံတလင်းပေါ်မှာ လက်နဲ့ စာရေးပြလိုက်တယ်။
“နက်ဖန် ရေချိုးဆင်းရင် ကိုတင်ဝင်း (အရှေ့မြောက်)ကို P.A ယူနီဖောင်းဝတ်ပြီး ဆင်းခဲ့ပါ”… လို့။
စဉ်းစားသာ ကြည့်ကြပါတော့၊ အားလုံးရဲ့ခံစားချက်မှာ စိတ်တုန်လှုပ်တာက တဖက်၊ ကြည်နူးရတာက တဖက် ဆင်းလာတုန်း ယူနီဖောင်းကြီး ဆွဲချွတ်ပစ်လိုက်မလား? ယူနီဖောင်းကြီးနဲ့ပဲ တိုက်ထဲ ပို့လိုက်မလား?
သို့သော် ဘာမှမဖြစ်၊ ချပ်ချပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်ဆင်းလာတဲ့ ရဲဘော်ဟာ (ရေမချိုးမီ) ရေကန်ပတ်ပြီး လမ်းလျှောက်လိုက်၊ ကျန်းမာရေးလေ့ကျင်းခန်း လုပ်ပြလိုက်နဲ့ ကျက်သရေရှိလိုက်ပါဘိ။ ခုတင်ပေါ်မှာ အိပ်သလိုလိုနဲ့ကြည့်သူ လမ်းလျှောက်ရင်း ကြည့်သူ ကွယ်ကြည့်သူတွေ အားလုံး ပီတိပြုံး ကိုယ်စီနဲ့ပေါ့။
အသေးစိတ်ကအစ စိတ်ထဲမှတ်တေးထားကြပြီး သူတို့ ပြန်ထွက်သွားတာနဲ့ စားမြုံ့ပြန်ကြတော့တယ်။ အင်္ကျီကျယ်သီး ဘယ်နှစ်လုံး၊ အရောင်က ဘာ၊ ယူနီဖောင်းအသားက ဘာ အစ၊ အရောင်က ဘယ်တပ်နဲ့ နီးစပ်တယ်၊ ချုပ်ပုံက ဘယ်လို … စသည် မြိန်ရေရှက်ရေ ပြောမိကြတယ်။ ဒါနဲ့ မပြီး။ ညနေရောက်တော့ တခါ စာရေးပြလိုက်တယ်။
“ယူနီဖောင်းက ကြယ်သီးတလုံး လိုချင်တယ်။ ချပေးလိုက်ပါ”
ဆက်လက်ဖော်ပြပါမယ်။

Friday, August 21, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့(၂၃)


မနေ့က တညနေလုံး လမ်းလျှောက်ရင်း စကားလုံးစီထားတဲ့ အချက်အလက်တွေထဲက အဓိက ကျတဲ့ ဝါကျတွေ အသုံးဝင်လာပါပြီ။
“ဟုတ်ပြီ ကျနော်ပြောမယ်၊ ကျနော်ချစ်တဲ့ လေးစားကြည်ညိုတဲ့ ရဲဘော်တွေ ခေါင်းဆောင်တွေဟာ သူတို့ အသက်ကိုစွန့်ပြီး တော်လှန်ရေးလုပ်ရင်း ရာသက်ပန် တော်လှန်ရေးသမားဘဝကို ခံယူသွားခဲ့ကြပါပြီ။ ဒါပေမယ့် ဒီအထဲက တချို့ရဲဘော်တွေကျတော့ အပြီးအပိုင် မစွန့်လွှတ်နိုင်လို့ တော်လှန်ရေးခရီးလမ်းဆုံးအောင် မလိုက်ပါ နိုင်ဘဲ တပိုင်းတစနဲ့ ကျန်နေရစ်ခဲ့ကြတာ တွေ့ရတယ်။
- ဒီထောင်ထဲမှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဧပြီ ထိုးစစ် နာမည်တပ်ပြီး Suppression (ဖိနှိပ်ရေး) လုပ်ခဲ့တယ်။ ရဲဘော်တော်တော်များများ တောင့်ခံကြတယ်။ ဒီအထဲက ကျနော် လေးစားတဲ့ ရဲဘော်တယောက်ဟာလည်း အချိန်အတော်ကြာ တောင့်ခံထားပါတယ်၊ ထမင်းမကျွေး ရေမပေးဘဲ တိုက်ခန်းကျဉ်းတွေထဲ လူအပြည့် ထည့်ထားတာပါ၊ တခါတရံ ဝင်ရိုက်လိုက်သေးတယ်။
အညံ့ခံတဲ့ သူကို အဆောင်ပြန်ပို့ပြီး ကောင်းကောင်းကျွေးမွေးတယ် … တဲ့။ သူဟာ နောက်ဆုံးကျန်တဲ့အထိ တောင့်ခံနေပါသေးတယ်။ နောက်ဆုံး သေရမယ့်အချိန်ရောက်တော့ တောင့်မထားနိုင်တော့ဘူး၊ ‘အညံ့ခံ လက်မှတ် ဘွန်း(BOND)’ ထိုးပေးလိုက်ရတယ်။
- အဆောင်ပေါ်ပြန်ရောက်တော့ ယူကြုံးမရ အဆောင်နံရံတိုင်ကြီးကို ခေါင်းနဲ့တိုက်တိုက်ပြီး ငိုတယ်ဆိုပဲ။ ပါးစပ်က သူ့နာမည်ကို ရွတ်ရွတ်ပြီး “--- မင်းခွေးဖြစ်ပြီ၊ --- မင်း ခွေးဖြစ်ပြီ” … လို့လည်း ရွတ်ဆိုသတဲ့။
- ကဲ … ဒီတော့ ခင်ဗျားတို့ စဉ်းစား၊ မခံနိုင်လို့ လက်မှတ်ထိုးမိတဲ့ ပါတီဝင်တယောက်ကတောင် သူ ခွေးဖြစ်ပါပြီလို့ ခံယူတယ်ဆိုရင် ဒူးထောက်လက်နက်ချရုံတင်မက ကိုယ့်ပါတီ ကိုယ် သစ္စာဖောက်တဲ့သူတွေဟာ ဘာဖြစ်သွားမလဲ? ကိုယ်ဘာသာ ဆုံးဖြတ်ပေတော့ …”
ကျနော်က အသက်မရှူအားဘဲ တရစပ် ပြောချလိုက်ပါတယ်။
မင်းသားခေါင်းစွပ်ကြီး ပြုတ်ကျသွားပါပြီ။ မျက်နှာကြီး ညိုမည်းသွားကာ ဝုန်းခနဲ ထရပ်လိုက်ပါတယ်။ တင်ရှိန်ရော အပေါက်ဝမှာ အသံခိုးဖမ်းနေတဲ့ ၂ ယောက်ပါ လှုပ်လှုပ်ရှားရှားဖြစ်သွားကြတာ သတိထားလိုက်မိတယ်။
ဘခက်က စားပွဲကိုလက်ဝါးနဲ့ တဖျန်းဖျန်းရိုက်ရင်း …
“ခင်ဗျားက ကျုပ်တို့ကို ခွေးလို့ ပြောတာပေါ့၊ ဟုတ်လား၊ ဒီမယ် ကို-- ခင်ဗျားကို ဘယ်တော့မှ မလွှတ်ဘူး၊ ဒါပဲ” … လို့ အံကြိတ်ပြီး ပြောပါတော့တယ်။
“ကျနော်ကလည်း ခင်ဗျားတို့ခေါ်လို့လာတာ။ လွတ်ချင်လို့လာတာ မဟုတ်ဘူး။ ကြိုက်သလောက်သာထား” … လို့ အရသာရှိရှိ ပြောပစ်လိုက်ပါတယ်။
ကျနော့် ရည်မှန်းချက် ပေါက်မြောက်သွားပေပြီ။
(၅)
မျှော်တော်ဇောနဲ့ မောနေတဲ့ အခန်းထဲက ရဲဘော်တွေ … ကျနော့်ကိုမြင်တာနဲ့ အားရဝမ်းသာ ဖြစ်ကုန်ကြတယ်။
“ကဲ … ထမင်းချန်ထားတယ် မဟုတ်လား၊ ဆာလှပြီ၊ စားရင်း ပြောကြတာပေါ့”
ကျနော့် ဇာတ်လမ်းလည်း ကြားပြီးရော အားလုံး ကျွက်ကျွက်ညံသွားကြတယ်။
“ဘယ်လို လုပ်ရမလဲ? တခြားအဖွဲ့အစည်းကလူတွေကိုကော ပြောရမလား?”
“ပြောပေါ့၊ ကျနော်တို့ ဘယ်လိုရပ်တည်တယ်ဆိုတာ အသိပေးရမယ်။ ဒါမှ သူတို့ ဘယ်လို ရပ်တည်ရမယ် … ဆိုတာ စဉ်းစားနိုင်လိမ့်မယ်”
ရဲနီတွေကလွဲပြီး ကောင်းသောဂယက် ဖြစ်သွားပါတယ်။ သူတို့က ‘လေကျယ်တာပါ၊ အဲဒီလို ပြောရင် တိုက်ထဲရောက်သွားမှာပေါ့’ လို့ပြောကြောင်း တခြားအဖွဲ့အစည်းတွေက ပြန်ပြောပြလို့ သိကြရတယ်။
အထက်ခန်း၊ ဘေးက အခန်းတွေလည်း သတင်းဖြန့်လိုက်ပါတယ်။ ရဲဘော်အသီးသီးက မောင်းတင်ထားကြပေပြီ။ နောက်ပိုင်းခေါ်တွေ့တဲ့အခါ ၃ ယောက်တတွဲ ၄ ယောက်တတွဲတွေ ဖြစ်သွားပါတယ်။ ပွဲကလည်း တစတစနဲ့ ပိုကြမ်းလာပါတယ်။
ကိုအောင်ဘော်တို့အဆိုင်းကတော့ သာသာနဲ့နာနာနှက်လာတဲ့ အဆိုင်းဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ လက်ရှိဖြစ်နေတာ ခင်ဗျားတို့ပြောတာတွေနဲ့ ကျုပ်တို့ ခံနေရတာတွေဟာ ခါးတောင်းကျိုက်တခြား ဖင်တခြား ဖြစ်နေတယ်လို့ ‘လှောင်ပြောင်’ ပြီး ရိခဲ့ကြတာကြားလို့ ပြုံးမိရသေးတယ်။
(အုတ်ရိုးသတင်းတခုအရ ဖိုးသံ(ချောင်း)က သူတို့နဲ့ စကားမပြောဘူး၊ ပါလာတဲ့ MI ဗိုလ်မှူး စိုးမြင့်ကို “သူတို့က သစ္စာဖောက်တွေ ကျနော် စကားမပြောနိုင်ဘူး၊ ပြောစရာရှိရင် ခင်ဗျားတို့နဲ့ပဲ ပြောမယ်” … လို့ ရပ်ခံခဲ့ကြောင်းကြားကြရလို့ ကျန်ရဲဘော်များ ပိုပြီး အားတက်ကုန်ပါတယ်။ ကြုံလို့ မေးကြည့်တော့ ဟုတ်ကြောင်း သိရတယ်။)
နောက်ဆုံးအဆိုင်းကတော့ ပွဲအကြမ်းဆုံး ဖြစ်သွားပါတယ်။ DSI အရာရှိဟောင်း ကရင်ကြီး ကိုအောင်နိုင်က …
“ဒီမယ် ကိုမြ၊ ခင်ဗျားနဲ့ကျနော် ပဲခူးရိုးမကတည်းက သိခဲ့ကြတာဖြစ်တယ်။ ခင်ဗျားကို ဖမ်းမိသွားတော့ ‘အသေဖမ်းမိခြင်း’ လို့ သတင်းစာထဲ ထည့်လိုက်တယ်။ အဲဒါကိုပြပြီး လက်နက်ချမလား၊ မချဘူးလား မေးတယ်၊ သေရမှာကြောက်ပြီး ခင်ဗျား လက်နက်ချလိုက်တာ မဟုတ်လား?” လို့ ချက်ကျကျ မေးခဲ့တယ်။
ရမ်းဗြဲကျွန်းသား ရခိုင်ကလေး ကိုကံမြင့်က “ခင်ဗျားတို့ဟာ ရန်သူနဲ့ပေါင်းပြီး ယုတ်ယုတ်မာမာတွေ လုပ်ခဲ့ကြတယ်။ ခင်ဗျားတို့လည်း ရန်သူပဲ။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ” လို့ ကြိမ်းခဲ့တယ်။
ရဲဘော် အောင်ထီက “ခင်ဗျားတို့က ကျနော်တို့ကို လွှတ်ပေးမယ် ပြောတယ်။ ဒီနေ့ လွှတ်ရင် နက်ဖန် တောခိုပြီး ခင်ဗျားတို့ကို တိုက်မယ်”လို့ ပြောပြန်တယ်။
သူတို့တတွေကတော့ အဆောင်ပြန်မရောက်ဘဲ တိုက်ထဲရောက်ကုန်ကြပါတယ်။
မကြာမီ ဒုတိယအသုတ် (၃ဝ ကျော်) လွှတ်ပေးလိုက်ပါတယ်။ ဗိုလ်အုန်းမောင်၊ ဦးခင်မောင်မြင့် အပါအဝင် ပြည်သူ့တိုးတက်ရေးပါတီက ရဲဘော်များ၊ ကိုဉာဏ်ဝင်း၊ ကိုတင်မောင်ဝင်း ညီအကို၊ ထက်မြက်၊ ကျနော်တို့ အခန်းထဲက ကိုဌေးမောင်၊ ကိုညွန့်ခေါင်၊ ကိုခင်မောင်ဇော် စသည့် ရဲဘော်တွေ လွတ်သွားပါတယ်။
ကိုဉာဏ်ဝင်းတို့ ညီအစ်ကိုကို သူတို့ဖခင်ရဲ့တပည့်ဖြစ်ခဲ့ဖူးတဲ့ မျက်မှန်တင်ဦးက သူကိုယ်တိုင် ကားမောင်းပြီး အိမ်တိုင်ယာရောက် ပို့ပေးတယ်ဆိုတဲ့ အုတ်ရိုးသတင်းတခုလည်း ထွက်လာခဲ့တယ်။
ဆက်လက်ဖော်ပြပါမယ်။

Thursday, July 16, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့(၂၂)


တင်ရှိန်က ပထမဆုံး ဗမာပြည်ထဲက ပါတီခေါင်းဆောင်တွေနဲ့ ရဲဘော်တွေ တရုတ်ပြည်ထဲ ဘယ်လိုဝင်ကြတယ် ဆိုတာ စ ပြောပါတယ်။ တဖြည်းဖြည်း ရုပ်လုံးဖော်လာပါတယ် သခင်သန်းထွန်း နောက်ဆုံးနေ့များ ၂ တွဲစလုံး ဖတ်ထားပြီးမို့ အသစ်အဆန်း မပါ။ သူ ပြောလို့ အရှိန်ရပြီဆိုတာနဲ့ “နေဦး” လို့ ကျနော်က လက်ပြပြီးတားပါတယ်။
“ကျနော်သိတာ ကြားတာက ခင်ဗျားပြောသလို မဟုတ်ဘူး” ပီကင်းရေဒီယိုက ဘယ်လို ပြောတယ်၊ ပြည်သူ့ အသံက ဘယ်လို ပြောတယ်၊ ပဲခူးရိုးမရောက်ဖူးတဲ့ရဲဘော်တွေက ဘယ်လိုပြောတယ် ဆိုပြီး သူ့စကားကို ချေဖျက်ပါတယ်။
“ပြည်သူ့အသံ ဆိုတာလဲ တရုတ်အသံပဲ၊ တရုတ်ပြည်ထဲက လွှင့်နေတာ …”
“မဟုတ်ဘူး၊ ကြူကုတ်က လွှင့်နေတာ”… ကျနော်က ဘယ်ကသိထားတဲ့ အချက်အလက်မှန်း မသိ ချေဖျက်ရပြီးရော ရမ်းတုတ်လိုက်ပါတယ်။
အဆောင်ထောင့် ကျွန်းသားတိုင်ကြီးပေါ်မှာ ခဲဆံနဲ့ မှိန်ဖျော့ဖျော့လေး ရေးခြစ်ထားတဲ့ ‘ကြူကုတ်ကို ပါတီက ၆၈ ခုနှစ်မှာ သိမ်းလိုက်ပြီ’ဆိုတဲ့ စာတမ်းလေးကြောင့်လား?။ ကျွန်းတုန်းက တယောက်ယောက်ရဲ့ ခန့်မှန်းပြောဆိုချက်ကြောင့်လား မသိ။ (ခု ဒီစာရေးနေစဉ်မှာတော့ ပြုံးမိပါတယ်။)
ဒီနေရာမှာ အချက်အလက် ခိုင်မာတိကျဖို့ ပြိုင်နေတာမဟုတ်။ ရပ်တည်ချက်ချင်း ပြိုင်နေတာဖြစ်လို့ ပြဿနာ မရှိ။
သူကတော့ အတော် ရှုံ့သွားပါတယ်။ သို့သော် ဆက်လက်ကြိုးစားပြီး အချက်အလက်တွေ တင်ပါတယ်။
ယဉ်ကျေးမှုတော်လှန်ရေးကာလမှာပဲ သခင်ဗသိန်းတင် ခေါင်းဆောင်တဲ့အစုက သခင်သန်းမြိုင်ကို သေဒဏ်ပေးပြီး အဆုံးစီရင်လိုက်ပြီဖြစ်ကြောင်း ပြောပြန်တယ်။ (တလောကမှ သခင်သန်းမြိုင်တယောက် ဖျားနာသေဆုံးသွားကြောင်းသိရလို့ ဒီ စာရေးနေစဉ်မှာ ဒုတိယံပိ ပြုံးမိပြန်ပါတယ်။)
ထားပါတော့ ဘခက်အလှည့်ကို ဆက်လိုက်ပါဦးမယ်။
ဘခက်က ချောင်းသံပေးလိုက်ပြီး။ “ခင်ဗျားက ဗမာပြည်ကွန်မြူနစ်ပါတီအပေါ်အမြင်ဆိုတဲ့ မေးခွန်းနံပါတ် ၁ ကို ‘ဗမာပြည်၏ တခုတည်းသော ပစ္စည်းမဲ့လူတန်းစားပါတီ’ လို့ ဖြေထားတယ်။ အရင်ကတော့ ဟုတ်ခဲ့တယ်။ အခု မဟုတ်တော့ဘူးဗျ”ဆိုပြီး ‘နောက်ဆုံးနေ့များ’ထဲက အချက်အလက်တွေ ရွတ်ဖတ်သရဇ္ဈယ်ပါတော့တယ်။
ကျနော်ကလည်း ထုံးစံအတိုင်း ရေးလိုက်မှတ်လိုက် ပြုံးလိုက်။ သူ အရှိန်တက်လာတာနဲ့ တားလိုက် ချေဖျက်လိုက် လုပ်နေပါတယ်။
သူက တော်တော်နဲ့ မရပ်၊ ပါတီဗဟို ရုံးအုပ်လုပ်လာသူဆိုတော့ လမ်းစဉ်အမှားတွေအကြောင်း၊ ဗဟိုကော်မတီတွေအကြောင်း၊ ဖြုတ် ထုတ် သတ် ကိစ္စတွေအကြောင်း စာအုပ်လွတ် တတွတ်တွတ် ရွတ်ပြလို့ ကောင်းနေပါတယ်။
“ ဗန်းမော်တင်အောင်နဲ့လည်း တွေ့ပြီးပါပြီ။ ဖြုတ် ထုတ် သတ် ကိစ္စတွေပြောပြတော့ ‘ဟုတ်ရဲ့လား ကိုမြရယ်’ လို့ စုတ်တသတ်သတ် ဖြစ်သွားတယ်။ ခင်ဗျားတို့ ကျွန်းမှာ နောက်ဆုံးတိုက်ပွဲတိုက်တော့ ‘အလဟဿ သေကုန်တော့မှာပဲ၊ ကျနော်တို့ ကိုကိုးကျွန်းသွားချင်တယ်။ ပဲခူးရိုးမ ဖြုတ် ထုတ် သတ် ကိစ္စတွေ ရှင်းပြပြီး ရဲဘော်တွေ အသက်ကယ်ပေးချင်တယ်၊ ခွင့်ပြုပါ’ … လို့ ဗိုလ်မှူးကြီး တင်ဦး (မျက်မှန်)ဆီ တင်ပြပါသေးတယ်။ သူက နောက်မှသွားကြတာပေါ့၊ ပြောတာနဲ့ မလာဖြစ်တာ ကိုယ့်ရဲဘော်တွေပဲဗျာ” … ဆိုပြီး လူတန်းစားမေတ္တာ တွေ ထုတ်ပြနေပါသေးတော့တယ်။ (တောက် … လာလိုက်လို့ကတော့ ပွဲကြီးပွဲကြီးကောင်း ဖြစ်သွားမယ်။)
“ခင်ဗျားဖြေတဲ့အထဲမှာ တော်လှန်ရေးကောင်စီနဲ့ပတ်သက်ပြီး ဖောက်ပြန်တဲ့စစ်အုပ်စုလို့ အကဲဖြတ်တယ်။ ကျနော်တို့က ဒီလိုမထင်ဘူး။ သူတို့ဟာ ဆိုရှယ်လစ်လမ်းစဉ်ကို ရိုးရိုးသားသား ယုံကြည်လုပ်ကိုင်နေသူတွေပဲ၊ မလုပ်တတ် မကိုင်တတ်တာတွေ ရှိချင်ရှိမယ်။ သူတို့အထဲမှာ ဖောက်ပြန်တဲ့အပိုင်းလည်း ရှိချင်ရှိမှာပေါ့။ ဒါတွေကို ပါတီတွင်းတိုက်ပွဲနဲ့ ပြောင်းလဲပစ်နိုင်တယ်လို့ ယုံ … (ကျနော် ပြုံးလိုက်တာ မြင်လိုက်ဟန်တူပါတယ် ယုံရဲ့နောက်မှာ ‘ကြည်’ လိုက်မလာဘဲ) ထင်တယ်” (အင်း … ရမယ် … ရမယ်)
“နောက်တခု မဆလ ကို ဆိုရှယ်လစ် အတုအယောင်လို့ ဖြေတယ်။ ဒါလည်း ကျနော်တို့နဲ့ ကွဲတယ်” … ဆိုပြီး သိဒ္ဓွိတင်တာတွေ လုပ်လာပြန်တယ်။ နေကလည်းစောင်း နားကလည်းညည်းလာပြီမို့ …
“ကဲ … ခင်ဗျား ရှင်းလင်းချက်တွေလည်း အတော်ရှည်လှပါပြီ။ ဒါပေမယ့် ကျနော့်ထင်မြင်ချက်တွေလည်း တချက်တလေတောင် ပြောင်းမသွားပါဘူး” … ဆိုပြီး ဘရိတ်အုပ်ပစ်လိုက်ပါတယ်။
“တခြားပြောချင်တာရှိသေးလား?” လို့လည်း မေးလိုက်ပါတယ်။ သူလည်း အတော်တော့ မောနေပုံရပါတယ်။
“အေးဗျာ ကျနော်လည်း ခင်ဗျားလို ငယ်ငယ်လေးကတည်းက ယုံကြည်ချက်နဲ့ တော်လှန်ရေး လုပ်လာတာပါ၊ မိဘမေတ္တာ ဆွေမျိုးသားချင်းမေတ္တာတွေ မျက်ကွယ်ပြုခဲ့တယ်။ ခု ကျနော် အိမ်ထောင်ကျပြီး သားသမီးရလာမှ မိဘမေတ္တာဆိုတာ ဒီလောက်အထိတောင်ပါပဲလားလို့ သိလာတယ်။ ခင်ဗျားကိုလည်း အိမ်က လာတွေ့သွားပြီမဟုတ်လား? သူတို့မေတ္တာကို ခင်ဗျားခံစားမိမှာပါ။ မကြာခင် အမြန်ဆုံစည်းပါတော့မယ်။ ကဲ … နောက်ဆုံးအနေနဲ့ ကျနော်တို့ သိချင်တာလေးတခုတော့ ဖြေသွားဗျာ”
( အင်း … ခုမှပဲ ကျနော် စောင့်နေတဲ့အကွက် ရောက်လာပါတော့တယ်)
“ကျနော်တို့ အလင်းဝင် ရဲဘော်တွေထဲကို ၃ မျိုး ၃ စားခွဲနိုင်တယ် ထင်ပါတယ်။ နံပါတ်တစ် အမျိုးအစားက နိုင်ငံရေးလည်းစွန့်လွှတ် လူမှုရေးလည်း ဖောက်ပြန်ကြတယ်။ နောက်တမျိုးကျတော့ မာ့က်စ်ဝါဒ လီနင်ဝါဒကို မစွန့်လွှတ်၊ ဒါပေမယ့် လူမှုရေးကျတော့ ဖောက်ပြန်တာရှိတယ်။ နောက်ဆုံး အမျိုးအစားက မာ့က်စ်ဝါဒ လီနင်ဝါဒကို ဆက်လက်ကိုင်စွဲ တိုက်ပွဲဝင်နေကြပြီး လူမှုရေးဘက်မှာလည်း မှဲ့တပေါက်မစွန်းအောင်နေတဲ့သူလို့ တွေ့ရတယ်။ ကျနော်တို့ကို ဘယ်လိုအမျိုးအစားထဲကလို့ သတ်မှတ်ချင်ပါသလဲ?”။
ဆက်လက်ဖော်ပြပါမယ်။