Saturday, February 8, 2014

ပျံလွင့်နေဆဲ... ဂီတာတစ်လက်ရဲ့တေးသွား (သို့မဟုတ်) စည်သူ - ခင်ငြိမ်းသစ်

လူငယ်လေးတစ်ယောက်ဟာ ဂစ်တာတစ်လက်နဲ့ တေးသီချင်းတွေကို ကောင်းကောင်းမွန်မွန် တီးခတ်နိုင်သလို၊ သူ့ရဲ့ စိတ်နုလုံးထဲမှာ တိုင်းပြည်ကိုချစ်တဲ့ စိတ်ကလည်း အမြင့်မားဆုံးမှာ ရှိနေခဲ့ပါတယ်။ ခင်မောင်တိုး၊ ခင်ဝမ်း၊ စိုင်းထီးဆိုင်၊ ထူးအိမ်သင်ရဲ့ သီချင်းတွေကို ကြိုက်တယ်။ သူဟာ တေးသွားတစ်စဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ သူဟာ အာဏာရှင်တွေကို တော်လှန်ခဲ့တယ်။ သူဟာ အမှန်တရားကိုလက်ကိုင်ပြုခဲ့တယ်။ 

သူဟာ သူ့ပတ်ဝန်းကျင်ကနေ နှုတ်ဆက်ထွက်ခွာသွားတဲ့အခါမှာ သူ့အတွက် မိတ်ဆွေတွေက မျက်ရည်မိုးတွေသွန်းဖြိုးခဲ့ရတယ်။ အဲဒီ့ လူငယ်လေးမှာ ဘာအပြစ်တွေရှိနေပါသလဲ၊ အဲဒီ့လူငယ်လေးက တည်ဆဲဥပဒေလို့ ဆိုတဲ့ မတရားသဖြင့် ချည်နှောင်ထားတဲ့ မျော့ကြိုးတွေကို ကိုက်ဖြတ်ခဲ့တာပါ။ အဲဒီ့အတွက် အပြစ်မရှိတဲ့အကြောင်း သူ့ကို မတရားစီရင်တဲ့ တရားသူကြီးကို ပြန်ပြောပြခဲ့ပါတယ်။ 

ကိုစည်သူဟာ ၁၉၈၈ ခုနှစ်က ရုက္ခဗေဒ (ဒုတိယနှစ်)ကို တက်ရောက်ပညာသင်ကြားနေတဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာ ငွေစက္ကူအရေးအခင်းဖြစ်တော့ သူလည်း ပါဝင်ခဲ့ပါတယ်၊ သူက အမှန်တရားကို မြတ်နိုးတယ်၊ ပြည်သူလူထုရဲ့သောကကို သူ့မိသားစုရဲ့သောကလို သဘောထားတာကြောင့် သူ ပါဝင်ခဲ့တာပါ။ အဲဒီလိုပါဝင်ခဲ့ပေမယ့် ကိုစည်သူရဲ့ဖခင်ဟာ တိုင်းပြည်အတွက် ရှေ့တန်းတစ်နေရာမှာ အသက်စွန့်ခဲ့တဲ့လူဖြစ်ပါတယ်။ ကိုစည်သူရဲ့ဖခင်ကလည်း တိုင်းပြည်ကိုချစ်ခဲ့သလို သူကိုယ်တိုင်လည်း သူ့တိုင်းပြည်ကို ချစ်ပါတယ်။ မြေပေါ်မြေအောက် သယံဇာတတွေရှိနေပေမယ့် တိုင်းပြည်ကြီးက ဆင်းရဲနိမ့်ပါးနေတာဟာ စစ်အာဏာရှင်တွေကြောင့်လို့ နားလည်ကြတဲ့ လူငယ်တွေထဲမှာ ကိုစည်သူလည်း ပါဝင်ခဲ့ပါတယ်။ 


ဒါကြောင့် ၁၉၈၈ မတ်လမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီ့နောက်တော့ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေဖို့အတွက် ၁၉၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာစေရန် စည်းရုံးလှုပ်ရှားခဲ့ပါတယ်။ အဲဒီ့နောက်တော့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးကို ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရေစီရေးဆိုင်ရာ လှုပ်ရှားမှုအစည်းအရုံး (မကဒ) မှာ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သလို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေး ကော်မတီ (မကဒဖ) မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၈၈အရေးတော်ပုံကာလအတွင်းက နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ် ၁၁၆ ဦးလက်မှတ်ရေးထိုးပြီး ကြားဖြတ်အစိုးရဖွဲ့စည်းရေး လှုပ်ရှားမှုကို တက်တက်ကြွကြွ လှုပ်ရှားခဲ့ပါတယ်။ 

စစ်တပ်က အာဏာလွဲပြောင်းယူလိုက်ပြီး လမ်းမတွေပေါ်မှာ ကျောင်းသားလူငယ်တွေအပါအဝင် ပြည်သူလူထုကို သေနတ်တွေနဲ့ ပစ်သတ်ပြလိုက်တဲ့အခါ ဒီမိုကရေစီလိုလားသူတွေကို အင်အားသုံးဖိနှိပ်လိုက်တဲ့အချိန်မှာ ကျောင်းသားလူငယ် အတော်များများက စစ်အာဏာရှင်တွေကို အနုနည်းတစ်မျိုးထဲနဲ့ ဖယ်ရှားလို့မရတော့ဘူးလို့ နားလည်ခဲ့ကြသလို ဗိုလ်ချုပ်အောင်ဆန်းကိုလည်း အားကျခဲ့ကြတာကြောင့် လက်နက်ကိုင်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောခိုကြပါတယ်။ 

အဲဒီလို တောခိုကြတဲ့သူတွေထဲမှာ ကိုစည်သူလည်း ပါဝင်ခဲ့ပြီး ကိုစည်သူက မြန်မာပြည် မြောက်ဖျားပိုင်းဖြစ်တဲ့ ကချင်ဒေသထဲကို တောခိုသွားခဲ့တာပါ။ အဲဒီ့နောက်တော့ ကိုစည်သူဟာ မြန်မာပြည်ထဲကိုပြန်လာခဲ့ပြီး သင့်တော်တဲ့နေရာတစ်ခုမှာ ပုန်းအောင်းနေစဉ်မှာပဲ ၁၉၉၁ ဇွန်လအတွင်းမှာ စစ်ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ကိုစည်သူနဲ့အတူတူ သူ့ရဲ့ငယ်သူငယ်ချင်းလည်းဖြစ် တစ်ရပ်ကွက်တည်းအတူနေသူ ကိုစိုးထိုက်၊ တစ်ဖွဲ့တည်းအတူတူ လှုပ်ရှားဆောင်ရွက်ခဲ့သူ ကိုဌေးကြွယ်တို့လည်း ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ 

စစ်ကြောရေးမှာ ကိုစည်သူ့ကို ဘယ်လောက်နှိပ်စက်ခဲ့တယ်ဆိုတာကို ကိုစည်သူက မပြောခဲ့ပါဘူး။ ဒါပေမယ့် ကိုစည်သူရဲ့လက်တွေကို ဘလိတ်ဓားတွေနဲ့ မွန်းထားတာကိုတော့ သူနဲ့ အတူတူအဖမ်းခံခဲ့ရတဲ့ ကိုဌေးကြွယ်၊ ကိုစိုးထိုက်တို့ တွေ့မြင်ခဲ့ရပါတယ်။ သူတို့ သုံးဦးကို ၁၉၈၉ ခုနှစ် ၄ လပိုင်း ၂ဝ ရက် က စမ်းချောင်းမြို့နယ်မှာ ပေါက်ကွဲခဲ့တဲ့ဗုံးနဲ့ ပတ်သက်တယ်လို့ မသင်္ကာတာကြောင့် ဖမ်းဆီးခဲ့တာပါ။ သူတို့ကို စစ်ကြောရေးစခန်းတွေကနေပြီး အင်းစိန်ထောင်ကို ပို့ထားပါတယ်။ အဲဒီ့အချိန်က နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးတဲ့အခါမှာ စစ်ကြောရေးစခန်းတွေကိုခေါ်သွားပြီး ထောက်လှမ်းရေးတွေက သူတို့လိုချင်တဲ့ အမှုသွားအမှုလာရအောင် ပုံစံအမျိုးမျိုးနဲ့ စစ်ကြောပါတယ်။ 

အဲဒီလိုစစ်ကြောပြီးတာနဲ့ အင်းစိန်ထောင်က တိုက်ခန်းတွေထဲကိုပို့ပြီး တိုက်ပိတ်လိုက်ပါတယ်။ ရာဇဝတ်မှုတွေကိုတောင် အချုပ်ဘဝမှာ အချုပ်ထောင်ဝင်စာပေးပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ထောင်ဝင်စာ မပေးတဲ့အပြင် သူတို့ကို ဘယ်နေရာမှာထားတယ်ဆိုတာကိုတောင် မိသားစုဝင်တွေ မသိစေရပါဘူး။ ကိုစည်သူတစ်ဦးတည်းကို သီးသန့်ခွဲချုပ်ထားပြီး ကိုဌေးကြွယ်နဲ့ ကိုစိုးထိုက်ကို သပ်သပ်ချုပ်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားလောင်းလျာတွေကို အဲဒီ့အချိန်က အာဏာယူထားတဲ့ နဝတအစိုးရအနေနဲ့ စိတ်ဓာတ်ရေးရာအရ ကျဆင်းသွားအောင်လို့ နှိပ်စက်ခဲ့ပါတယ်။ 

ဒီလိုချုပ်နှောင်ပြီး စိတ်ဓာတ်ရေးရာအရ နှိပ်စက်ခံနေရတဲ့ နိုင်ငံရေးအချုပ်သားတွေအပေါ် ပြစ်ဒဏ်ချမှတ်ခံရပြီးပြီဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားစစ်စစ်တွေက ပစ်ပယ်မထားပါဘူး၊ သူတို့ရတဲ့ အခွင့်အရေးထဲနေ ခိုးဝှက်ပြီး ကျွေးမွေးကြရပါတယ်။ အဲလိုခိုးဝှက်ကျွေးမွေးတာကို ထောင်အာဏာပိုင် သိသွားရင် ကျွေးတဲ့လူတွေလည်း ပြစ်ဒဏ်ထိပါတယ်။ ဒါပေမယ့် ထောင်ကဝန်ထမ်းတွေ မသိအောင် ခိုးဝှက်ကျွေးရတာရယ်၊ ထောင်ဝင်စာလာတဲ့ လူတွေရဲ့ထောင်ဝင်စာကို ထောင်ဝင်စာမလာတဲ့ လူတွေပါ အားလုံးစုပေါင်းစားကြရတာဖြစ်လို့ စားလို့ရယုံလောက်ပဲရပါတယ်။ ဒီလိုနဲ့ ၆ လကြာအောင်ချုပ်နှောင်ခံထားရပြီး ၁၉၉၁ ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ အထူးစစ်ခုံရုံးကနေ ကိုစည်သူ ထောင်ဒဏ် ၁၂ နှစ်၊ ကိုဌေးကြွယ် ထောင်ဒဏ် ၁၅ နှစ်နဲ့ ကိုစိုးထိုက် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံခဲ့ရပါတယ်။ 

စစ်ခုံရုံးတွေကနေ အမိန့်ချတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ရှေ့နေငှားပြီး ချေပခွင့်မပေးပါဘူး။ အင်းစိန်ထောင်ထဲက အခန်းကျဉ်းလေးတစ်ခုအတွင်းမှာ တရားရုံးပုံစံ နိုင်ငံတော်အလံတစ်ခုကို နံရံမှာချိတ်ဆွဲထားပြီး တရားသူကြီးထိုင်ဖို့ စားပွဲကုလားထိုင်တစ်စုံနဲ့ အချုပ်သားထိုင်ဖို့ ထိုင်ခုံတွေပဲရှိပြီး တရားစီရင်တာကို လာရောက်နားထောင်ခွင့်တွေလည်း မပေးပါဘူး။ ကိုယ်နဲ့လုံးဝမသိတဲ့လူတွေက တရားလိုဘက်က 'လိုပြသက်သေ' အဖြစ် သင်ပေးထားတဲ့အတိုင်း ထွက်ဆိုကြပါတယ်။ ပြီးရင်တော့ တရားသူကြီးက သူ့ရှေ့က စားပွဲပေါ်မှာတင်ထားတဲ့ စာအိတ်တွေကိုဖွင့်ပြီး ဖတ်ပြပါတယ်။ အဲဒီ့စာအိတ်ထဲမှာ ဘယ်သူ့ကို ဘယ်နှစ်နှစ်ချမယ်ဆိုတာက ပါပြီးသားပါ။ အဲဒီလို အမိန့်မချခင် တရားသူကြီးက သူ့ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း ဖမ်းဆီးခံထားရသူတွေကို အပြစ်ရှိသလား၊ မရှိဘူးလားလို့ မေးမြန်းလေ့ရှိပြီး အဲဒီလိုမေးလိုက်တဲ့အချိန်မှာ ကိုစည်သူက ''အပြစ်ရှိသလား၊ မရှိဘူးလား မေးမနေနဲ့ ၊ မတရားသူတွေရဲ့ တရားစီရင်တာကို ကျွန်တော်တို့ အသိအမှတ်စရာအကြောင်းမရှိဘူး။ ခင်ဗျားတို့ကြိုက်သလောက်နှစ်ကို ကြိုက်သလိုချလို့ရတယ်။ ဒါဟာ မတရားမှုပဲ။ သမိုင်းကနေ သက်သေပြလိမ့်မယ်'' လို့ ပြောခဲ့ပါတယ်။ 

ထောင်ဒဏ်ချမှတ်ခံရပြီးတဲ့နောက်မှာတော့ ကိုစည်သူတို့ အင်းစိန်ထောင်ထဲမှာနေရပါတယ်။ ကိုစည်သူဟာ ဂစ်တာအတီးကောင်းသူတစ်ဦးဖြစ်တဲ့အပြင် သီချင်းကိုလည်း ကျကျနန သီဆိုနိုင်သူလည်းဖြစ်ပါတယ်။ လူငယ်ဘာသာဘာဝ တစ်ခါတစ်လေတော့လည်း ထားခဲ့တဲ့သံယောဇဉ်အမျှင်တန်းတဲ့အခါမျိုးမှာတော့ ကိုစည်သူက ပြည်မှာဆောင်းတို့၊ သံလွင်ချောင်းခြား၊ ဝေးခဲ့ပြီ ပန်းခရမ်းပြာတို့နဲ့ လွမ်းတတ်တယ်လို့ သူနဲ့ အတူတူနေခဲ့သူတွေက ပြောပြပါတယ်။ ကိုစည်သူရဲ့ဖခင်ဟာ တပ်မတော်သားတစ်ဦးဖြစ်ပြီး ကိုစည်သူ ခပ်ငယ်ငယ်ထဲက တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုစည်သူက သူ့မိခင်ကိုလွမ်းတဲ့အချိန်ဆိုရင်တော့ အမေသီချင်းတွေကို ဆိုတတ်ပါတယ်။ 

ထောင်ကျသွားတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်လှမ်းရေးကပဲ တိုက်ရိုက်ကိုင်တွယ် ထိမ်းချုပ်တာကြောင့် ထောင်ဝန်ထမ်းတွေလည်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ရင် ဈေးရောင်း၊ ဈေးဝယ်ကစလို့ သတိထားကြသလို ဘယ်လိုအခွင့်အရေးကိုမှ ထောက်လှမ်းရေးမသိဘဲ မပေးရဲကြတာကြောင့်လည်း ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက ပိုပြီးတော့ အနေကြပ်ကြပါတယ်။ အနေရ အထိုင်ရ ကြပ်တည်းတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေအချင်းချင်း ဒေါသထွက်တတ်ပါတယ်။ အချင်းချင်းစကားများတာမျိုးကနေ တစ်ယောက်ကို တစ်ယောက် တံဆိပ်ကပ်ကြတဲ့အထိ ပြဿနာတွေက ကြီးထွားတတ်သွားတာက သဘာဝလို့ပဲ ပြောရမယ်ထင်ပါတယ်။ 

ဒါပေမယ့် ထူးခြားတာက ကိုစည်သူရဲ့ ထောင်သမိုင်းမှာ ဘယ်သူနဲ့မှ စကားမများဖူးဘူးလို့ သိရတယ်။ နိုင်ငံရေးအကျဉ်းသားတွေကြားထဲမှာ ကိုယ်နဲ့ တူရာတူ စုနေတတ်ကြတဲ့ အုပ်စုလေးတွေရှိပါတယ်၊ တစ်ခါတစ်ရံ အုပ်စုလေးတွေကြားထဲမှာ အယူအဆမတူတာတွေကြောင့် အချင်းများကြတာတွေ ရှိပါတယ်။ အဲဒီ့တစ်ဖက်နဲ့တစ်ဖက် မတည့်ကြတဲ့ အုပ်စုလေးတွေကို ကိုစည်သူက ကြားဝင်ညှိနှိုင်းပေးလေ့ရှိပါတယ်။ အဲဒီလိုညှိနှိုင်းတဲ့အခါမှာ သူက တမင်းစားဖို့တောင် သတိမရတတ်လို့ သူ့ကို ထောင်ထဲမှာ ဘူးတရိုစ့် မောင်စည် (''ဘူးတရိုစ့် ဂါလီ'' ထိုအချိန်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး) လို့တောင် ခေါ်ကြတယ်တဲ့။ 

သူက အဲဒီလိုကြားဝင်ညှိနှိုင်းပေးတတ်ပေမယ့်လည်း စကားတွေအများကြီး ပြောနေတတ်တဲ့လူတော့ မဟုတ်ဘူး။ စကားနည်းနည်းပဲပြောပြီး အလုပ်များများလုပ်တတ်တဲ့လူ ဖြစ်တယ်။ သူက တစ်ခုခုကိုလုပ်ရင်လည်း စူးစူးစိုက်စိုက်လုပ်တတ်ပါတယ်။ ထောင်တွေထဲကို ICRC ဝင်မလာခင်တုန်းက အကျဉ်းထောင်တွေထဲမှာ စာဖတ်ခွင့်၊ စာပေလေ့လာခွင့်တွေ မရခဲ့ကြပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေဆိုတာက ကျောင်းသားလူငယ်တွေ၊ ပညာကိုလေ့လာချင်တဲ့ လူတွေများကြတာကြောင့် ထောင်ထဲကို Dictionary၊Time Magazine တွေကို ခိုးဝှက်သွင်းပြီး အင်္ဂလိပ်စာကို ခိုးချောင်ခိုးဝှက်လေ့လာကြရပါတယ်။ 

ဝန်ထမ်းတွေမမြင်အောင် ချောင်လေးတစ်ချောင်မှာ ကုပ်ကုပ်ကလေးထိုင်ပြီး စာတွေကို ဖတ်ရပါတယ်။ တလာစီရင် မမိအောင်လည်း သတိကြီးကြီး ထားရပါတယ်။ ထောင်ထဲမှာ မနက်စောစော လိုက်လံစစ်ဆေးတာကို ထောင်ဝေါဟာရအရ တလာစီတယ်လို့ခေါ်ပြီး တလာစီလို့ တရားမဝင်ပစ္စည်းတွေမိလို့ကတော့ စစ်ခွေးတိုက်ကို ဒေါက်ခတ်ပြီး ပို့လိုက်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ထဲမှာ စာပေလေ့လာတယ်ဆိုတာ ဘဝနဲ့ရင်းပြီး၊ အသက်နဲ့ရင်းပြီး လုပ်ရတာပါ။ အခြေအနေ နည်းနည်းကောင်းတဲ့အချိန်မှာပဲလုပ်လို့ရပြီး အခြေအနေမဟန်တာနဲ့ စာဖတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ စာဖတ်ခွင့်ရတာနဲ့ ကိုစည်သူဟာ အခြားအလုပ်တွေကိုမေ့ထားလိုက်ပြီး စာကိုပဲ အာရုံစိုက်ပြီး ဖတ်ပါတယ်။ ထောင်ကျနေတဲ့ အရှုံးထဲကနေ ရတဲ့အမြတ်ကို ရအောင်ယူတတ်တဲ့သူပါ။

နိုင်ငံရေးအကျဉ်းသားတွေကို တစ်ထောင်ထဲမှာမထားဘဲ ဟိုထောင်၊ ဒီထောင်တွေကို ခွဲပို့တာက စစ်အစိုးရလက်ထက်မှာ လုပ်နေကြ၊ ဖြစ်နေကြဖြစ်ရပ်ပါပဲ။ ရန်ကုန်မှာနေတဲ့လူတွေကို နယ်ထောင်တွေကို ပို့မယ်၊ နယ်ကလူတွေကို ရန်ကုန်ထောင် ပို့မယ်၊ ဒါက လုပ်ရိုးလုပ်စဉ်။ ထောင်ဝင်စာလာတွေ့ရတဲ့ မိသားစုတွေအတွက်ကတော့ ဒုက္ခပင်လယ်ဝေရတာပေါ့။ ထောင်ဝင်စာအတွက် ကုန်ကျငွေတွေအပြင် ခရီးစားရိတ်ပါ အပိုဆောင်းကုန်ကြခံကြရပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ကိုစည်သူ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို သာယာဝတီထောင်ကို ပြောင်းရပါတယ်။ 

၁၉၉၉ ခုနှစ်အတွင်းမှာ ထောင်တွေထဲကို ထောက်လှမ်းရေးတွေဝင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အင်တာဗျူးပါတယ်။ ဘာကြောင့်ဗျူးတယ်ဆိုတာကို ဘယ်သူကမှ အတိအကျမပြောနိုင်ပေမယ့် အဲဒီ့အချိန်က ကျွန်မတို့ကြားတာက ထောက်လှမ်းရေးသင်တန်းဆင်းတွေကို လက်တွေ့လုပ်ခိုင်းတာလို့ ဆိုပါတယ်။ ထောင်ထဲကို အဲဒီလို လာပြီးစစ်မေးရင်ဖြစ်နိုင်ခြေရှိတာက နိုင်ငံတော်လို့ခေါ်ကြတဲ့ လွတ်ငြိမ်းသက်သာရင်လည်းလာလိမ့်မယ်၊ ဒါမှမဟုတ် နောက်ထပ် ပြစ်မှုပြစ်ဒဏ်တိုးတာအတွက်လည်း ဖြစ်နိုင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားအများစုကတော့ ၄ဝ၁၊ အပိုဒ် (၁)လို့ခေါ်တဲ့ လွတ်ငြိမ်းသက်သာခွင့်ကို လက်မှတ်မထိုးဘူးလို့ ဆုံးဖြတ်ထားကြပါတယ်။ ပုံမှန်ဆိုရင် ၁၉၉၉ ဧပြီလမှာ ကိုစည်သူ လွတ်ရမှာပါ၊ သာယာဝတီထောင်ထဲကို ထောက်လှမ်းရေးတွေ လာစစ်တဲ့အထဲမှာ ကိုစည်သူလည်းပါခဲ့ပြီးတော့ ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်ရဲ့''ဆန့်ကျင်ဘက် နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်နေဆဲဖြစ်သည်'' ဆိုတဲ့ မှတ်ချက်ကြောင့် နအဖ အစိုးရက ကိုစည်သူကို ပြန်လွှတ်မပေးတော့ဘဲ ၁ဝ(က) နဲ့ ဆက်လက်ထိမ်းသိမ်းထားခဲ့ပါတယ်။ 

သာယာဝတီထောင်ထဲမှာ ၅ တိုက်၊ ၈ တိုက်နဲ့ တိုက် ၂ဝ ဟာ ကျွန်မတို့နေရတဲ့ အမျိုးသမီးတိုက်နဲ့ နီးနီးလေးပါ။ ၁၉၉၉ မေလလောက်ကနေစပြီး ညတိုင်းလို ၈ တိုက်ထဲကနေ ဝေးခဲ့ပြီပန်းခရမ်းပြာတို့၊ ခွန်အားဖြည့်မိငယ်တို့ကို ဆိုနေတဲ့အသံ ကြားရပါတယ်။ ဒီလိုသီချင်းတွေကို သာမန်ရာဇဝတ်မှုအကျဉ်းသားတွေ သီဆိုတဲ့ အလေ့မရှိပါဘူး။ အများအားဖြင့်တော့ နိုင်ငံရေးအကျဉ်းသားတွေပဲဆိုတတ်ကြလို့ ကျွန်မတို့အမျိုးသမီးတိုက်က နိုင်ငံရေးအကျဉ်းသူတွေအားလုံးဟာ ဒါ နိုင်ငံရေးအကျဉ်းသားတစ်ဦးပဲဖြစ်နိုင်တယ်လို့ ကျွန်မတို့ ယူဆခဲ့ကြပါတယ်။ 

သိပ်တော့မကြာလှပါဘူး၊ အဲဒီ့တိုက်မှာ နောက်ထပ် လူတွေထပ်ရောက်လာပြီးတော့ ကျွန်မတို့တိုက်ကို စာတစ်စောင်ရောက်လာပါတယ်။ အဲဒီ့စာအရဆိုရင် လွတ်ရက်စေ့သွားတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ချို့ကို ပြန်မလွတ်ပေးဘဲ နိုင်ငံတော်အား နှောက်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁ဝ(က)အရ ထိမ်းသိမ်းထားရသူတွေဖြစ်တဲ့ ကိုစည်သူ၊ ကိုဌေးကြွယ်၊ ကိုယဉ်ထွေး၊ ကိုဇေယျ၊ ဦးအောင်မေသု၊ ကိုမဲ၊ ကိုသန်းထိုက်၊ ဇော်အောင်တို့ဖြစ်ပါတယ်။ 

၈ တိုက်နဲ့ အမျိုးသမီးတိုက်က ပုံမှန်အဆက်အသွယ်ရှိကြပြီး သူတို့တိုက်ကနေ နေ့စဉ်သတင်းတွေကို ပို့လေ့ရှိပါတယ်။ ကျွန်မတို့အမျိုးသမီးတိုက်ကတော့ အပြင်နဲ့ အဆက်အသွယ်ပြတ်လို့ ထောင်ဝင်စာထွက်တော့မှပဲ အိမ်တွေကပြောပြတဲ့ သတင်းတွေကိုသိရပြီး သူတို့ ၈ တိုက်နဲ့ အဆက်အသွယ်ရတော့မှ ကျွန်မတို့ နေ့စဉ်ပုံမှန်သတင်းတွေသိရသလို၊ သူတို့တိုက်ကနေ သမိုင်းတွေ၊ ဂျပန်စာတွေကိုလည်း လေ့လာလို့ရအောင် ပို့ပေးကြပါတယ်။ 

၂ဝဝ၁ ခုနှစ် မတ်လရောက်တော့ ကျွန်မတို့ဆီကိုလာတဲ့ ဆေးမှူးကနေတစ်ဆင့် ၈ တိုက်က ကိုစည်သူတစ်ယောက် နေမကောင်းဘူးဆိုတဲ့အကြောင်းကို ကြားရပါတယ်။ ဒီသတင်းကိုကြားတော့ ကျွန်မတို့က ဘာကြောင့် နေမကောင်းတာလဲ၊ ဘာရောဂါလဲလို့ မေးလိုက်ပါတယ်။ ဆေးမှူးက ကျွန်မတို့ကို ကိုစည်သူ ဘာရောဂါဖြစ်ပါတယ်လို့ သေချာမပြောဘဲနဲ့ ဝေ့လည်ကြောင်ပတ်နဲ့ ထင်ယောင်ထင်မှားဖြစ်အောင်တော့ ပြောသွားပါတယ်။ သူပြောသွားတဲ့ ပုံအတိုင်းဆိုရင်တော့ ကိုစည်သူက HIV ဖြစ်နေတဲ့ပုံမျိုးပါ။ ဒါကြောင့် ကျွန်မတို့က ထောင်ထဲမှာ ၁ဝ နှစ်ကျော်နေနေရတဲ့ အပြင်တိုက်ထဲက အခန်းတွေထဲမှာပဲ ပိတ်လှောင်ခံထားရတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် HIV ဖြစ်တာလဲမေးလို့ ဆေးမှူး ထွက်ပြေးသွားပါတယ်။ 

၂ဝဝ၁ ခု ဧပြီ ၆ ရက်နေ့က ကျွန်မ သာယာဝတီထောင်ကနေ လွတ်လာပါတယ်။ ကျွန်မအနေနဲ့ ထောင်ကနေ ပြန်လွတ်လာကာစက ကိုစည်သူတို့အိမ်ကို သွားလည်လိုက်ပြီးနောက်တော့ ထပ်မဆက်သွယ်ဖြစ်တော့ပါဘူး။ မေလထဲမှာ ကျွန်မအမှုတွဲ အေးအေးမိုးကပြန်လွတ်လာပြီးတော့ ကျွန်မတို့လည်း ဘဝမှာ ပြန်လည်ရပ်တည်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့အချိန်လည်းဖြစ်ပါတယ်။ ၂ဝဝ၁၊ ဇူလိုင် ၁ဝ ရက်နေ့ကတော့ ကိုစည်သူ သာယာဝတီဆေးရုံပေါ်ကို ရောက်နေတဲ့အကြောင်း ကြားရပါတယ်။ 

ဘာဖြစ်လို့လဲမေးတော့ အဆုတ်ရောင်ပြီး အသည်းပါကြီးနေတယ်လို့ ကြားရပါတယ်။ ကျွန်မတို့ စိတ်ထဲမှာတော့ ဆေးရုံပေါ်ရောက်နေပြီဖြစ်လို့ သက်သာသွားမှာပဲလို့ ထင်ခဲ့ပေမဲ့ ဇူလိုင် ၁၂ ရက်နေ့မှာ အောက်စီဂျင်ဘူးလိုတယ်ဆိုလို့ ကိုညီညီထွန်း(ဗကသ)က ရန်ကုန်ကနေငှားပြီး သွားပို့ပါတယ်။ ကျွန်မရဲ့ ခင်ပွန်းနဲ့ ကိုစည်သူ့မိတ်ဆွေတစ်ချို့လည်း နောက်ကနေလိုက်သွားတော့ ဝေဒနာအပြင်းအထန်ခံစားနေရတဲ့ ကိုစည်သူက အသံတောင်မထွက်နိုင်တော့ပေမယ့် ငါ အလျော့မပေးဘူးဆိုတဲ့ပုံစံနဲ့ လက်သီးဆုပ်ပြခဲ့ပါသေးတယ်။ 

တကယ်တော့ ကိုစည်သူခံစားခဲ့ရတဲ့ဝေဒနာက သာမန်ဖြစ်လေ့ရှိတဲ့ ဒေသဖျားတစ်ခုပါပဲ။ အဲဒီလိုအဖျားမျိုးကို သာယာဝတီထောင်ထဲမှာ လူတော်တော်များများဖြစ်ခဲ့ဖူးပါတယ်။ ကျွန်မတို့ အမျိုးသမီးတိုက်မှာ သီသီအောင်လည်း ဖြစ်ခဲ့ဖူးတယ်၊ အဖျားတက်လာရင် ချမ်းတုန်လာတတ်ပြီး အဖျားရက်ရှည်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တိုင်းလည်း ထောင်ဆရာဝန် ဒေါက်တာအောင်သန်းက ငှက်ဖျားဆေးကိုပဲ တိုက်တယ်။ သီသီအောင်ကတော့ သူ့ကို သွေးမစစ်ဘဲ ငှက်ဖျားဆေးတိုက်တာကို မသောက်နိုင်ဘူးပြောလို့ ဆရာဝန်နဲ့ စကားများပြီး ပြဿနာဖြစ်ခဲ့ပါသေးတယ်။ အဖျားက တော်တော်နဲ့ မပျောက်တော့ တီဘီဆေးတိုက်မယ်လုပ်လို့ ကျွန်မတို့တိုက်က လူတွေနဲ့ အဲဒီ့ဆရာဝန်စကားများပြီး နောက်ပိုင်း ဆရာဝန်က ကျွန်မတို့တိုက်ကလူတွေ နေမကောင်းဘူးဆိုပြီးခေါ်ရင် မလာတော့ပါဘူး။ 

ကိုစည်သူ ဒေသဖျား စဖျားတော့လည်း ဒေါက်တာအောင်သန်းက သူ့ဖော်မြူလာအတိုင်း ငှက်ဖျားဆေးတွေ စတိုက်ပါတယ်။ ဒါနဲ့မသက်သာတော့ ငှက်ဖျားဆေးကိုလည်း မရပ်ဘဲနဲ့ တီဘီဆေးကိုပါ တွဲပြီး တိုက်ပါတော့တယ်။ ထောင်ဆရာဝန်က အဲဒီ့ဆေးတွေကို တိုက်နေပေမယ့် သွေးစစ်ပြီးတော့မှ တိုက်တာမျိုးမဟုတ်ဘဲ စိတ်ကူးတဲ့ရာတိုက်နေတဲ့ သဘောပါ၊ ဒါပေမယ့် ကိုစည်သူကတော့ ဆရာဝန်ကို ယုံကြည်ခဲ့ပါတယ်။ ဆေးတွေကို လက်တစ်ခုပ်စာမက သောက်နေရပေမယ့် မသက်သာတော့ တစ်တိုက်ထဲအတူနေသူတွေဖြစ်တဲ့ ကိုဌေးကြွယ်တို့က ကိုစည်သူ့ကို ဒီဆေးတွေမသောက်တော့ဖို့ ပြောပါတယ်။ ဆရာဝန်နဲ့တွေ့ပြီးတော့ ဆွေးနွေးခဲ့တာကိုလည်း ဆရာဝန်က ဂရုမစိုက်ပါဘူး။ ငှက်ဖျားဆေးနဲ့ တီဘီဆေးတွေကို တွဲပြီးတိုက်နေတုန်း ဇွန်လထဲမှာ အအေးမိပြီး ချောင်းဆိုတာပါ ထပ်ဖြစ်လာပါတယ်။ အဲဒီလိုဖြစ်လာတဲ့အချိန်အထိလည်း ဘာမှ သေချာစမ်းသပ်တာ၊ စစ်ဆေးတာမရှိဘဲ Amoxycillin လို Benedry လိုဆေးမျိုးကိုပဲ ထပ်ထပ်တိုက်ပါတယ်။ 

ဇွန်လကုန်ပိုင်းလောက်ရောက်တော့ ကိုစည်သူတစ်ယောက် အသက်ရှုရ ကြပ်တာတွေ၊ မောတာတွေဖြစ်လာလို့ ဒေါက်တာအောင်သန်းက ရှိရှိသမျှ ပိုးသတ်ဆေးတွေကို သောက်ခိုင်းပြီး အဲဒါကို Mechingun Thrapy ခေါ်တဲ့ ဆေးအတွဲလိုက်တိုက်တဲ့ ကုထုံးနဲ့ ကုသခဲ့ပြန်ပါတယ်။ အဲဒီ့နောက်တော့ ကိုစည်သူဟာ ဆေးဒဏ်ပိသွားပြီး အစာမစားနိုင်တော့ပါဘူး။ အစာမစားနိုင်တော့တာကြောင့် ရေဓာတ်လည်းခမ်းလာပြီး ခန္ဓာကိုယ်ရဲ့ အပူချိန် ၁ဝ၇ံ ဖာရင်ဟိုက်အထိ ရောက်ရှိလာတာကြောင့် ဇူလိုင် ၆ ရက်နေ့မှာ သာယာဝတီဆေးရုံကြီးကို တင်ခွင့်ပြုလိုက်ပါတယ်။ 

သာယာဝတီ ဆေးရုံပေါ်ကိုရောက်တဲ့အထိ ထောင်ဆရာဝန် ဒေါက်တာအောင်သန်းက ကိုစည်သူ ဘာရောဂါ ဖြစ်တယ်ဆိုတာကို မပြောနိုင်ခဲ့ပါဘူး။ သာယာဝတီဆေးရုံကြီးရောက်တော့ အထူးကု ဆရာဝန်တွေ၊ မြို့နယ်ဆရာဝန်ကြီးတွေကိုယ်တိုင် လာရောက်ကြည့်ရှုပြီး ဆေးအတွဲလိုက်သောက်ခိုင်းတဲ့ ကုထုံးကိုရပ်ဆိုင်းလိုက်ပြီး ရောဂါအဖြစ် အဆုတ်ရောင်ပြီး အသဲကြီးနေတယ်လို့ အတည်ပြုပေးပါတယ်။ 

ဇူလိုင် ၁၂ ရက်နေ့ည ၈ နာရီဝန်းကျင်မှာ ကိုစည်သူ သေဆုံးခဲ့ပါတယ်။ ကိုစည်သူသေဆုံးတာနဲ့ပတ်သက်ပြီး မြို့နယ်ဆရာဝန်ကြီးရဲ့မှတ်ချက်ကတော့ ကိုစည်သူဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ပိုးသတ်ဆေးပမာဏထက် ၅ သောင်း မီလီဂရမ်ပိုပြီး သောက်သုံးထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ့ဆေးစာရွက်ကိုလည်း ထောင်ဆရာဝန်နဲ့အတူ ထောင်ဝန်ထမ်းတွေက ဖျောက်ဖျက်လိုက်ပါတယ်။ ၁၃ ရက်နေ့မှာ ကိုစည်သူ့ဈာပနကို လိုက်လံပို့ဆောင်ဖို့အတွက် ရန်ကုန်ကနေ ဘဘဦးအုန်းမြင့်(ကွယ်လွန်) အပါအဝင် လူ ၁၃ ယောက်ခန့် သာယာဝတီကို လိုက်သွားကြပါတယ်။ 

လမ်းတစ်လျှောက် ထောက်လှမ်းရေးတပ်ဖွဲ့တွေက စစ်ဆေးခဲ့ပြီး ရန်ကုန်က ကျောင်းသားတစ်ယောက် သေဆုံးသွားလို့ အလောင်းလုကြလိမ့်မယ်လို့လည်း နယ်မြေခံ ရဲတပ်ဖွဲ့တွေကိုလည်း တပ်လှန့်ထားခဲ့ပါသေးတယ်။ ဇူလိုင် ၁၄ ရက်နေ့က ကိုစည်သူကို မြှုပ်နှံထားတဲ့မြေနေရာကို ကျွန်မနဲ့ အမှုတွဲအေးမိုးတို့ သွားတော့ နောက်က ထောက်လှမ်းရေးတွေ ရောက်လာပြီး ထောင်က ၁ ပွင့်နဲ့အရာရှိ ဦးတင်အေးပါ ရောက်လာပါတယ်။ နောက်ပြီး ကျွန်မတို့ကို ဘာလာလုပ်တာလဲ၊ ဘာညာနဲ့ ဟောက်လွှတ်တာ ခံရပါသေးတယ်။ 

အမှန်တကယ်ကတော့ ကိုစည်သူ ရောဂါစဖြစ်တဲ့အချိန်ကတည်းက မှန်မှန်ကန်ကန် ဆေးကုသခွင့်ရမယ်ဆိုရင် ကိုစည်သူ သေဆုံးစရာအကြောင်းမရှိပါဘူးလို့ ထင်ပါတယ်။ ကိုစည်သူရဲ့ အသက်ကို နှုတ်ယူသွားတာက မလိုအပ်ဘဲ ပိုးသတ်ဆေးတွေသောက်ရတာရဲ့ ဘေးထွက်ဆိုးကျိုးပါ။ ကိုစည်သူ သေဆုံးတာအတွက် တာဝန်အရှိဆုံးသူတွေကတော့ အမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေရယ်၊ စစ်အစိုးရရဲ့ လက်ကိုင်တုတ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ထောင်ဆရာဝန်ရယ်မှာ တာဝန်အရှိဆုံးပါ။ အချုပ်ကတော့ စစ်အာဏာရှင်တစ်စုလုံးမှာ တာဝန်ရှိပါတယ်။ 

ဒီလိုပဲ အကျဉ်းထောင်တွေထဲမှာ မသေသင့်ဘဲသေနေရတဲ့လူတွေ အများကြီးရှိပါတယ်။ ကိုစည်သူဟာ အကျဉ်းထောင်ထဲကို ရောက်သွားခဲ့ရတာက တိုင်းပြည်ကို ချစ်မြတ်နိုးလို့ဆိုတာကို ဘယ်သူငြင်းဆိုချင်ပါသလဲ။ သူ့ရဲ့ လူငယ်ဘဝတွေကို အကျဉ်းထောင်ထဲမှာ ကုန်ဆုံးခဲ့ရပေမယ့် သူ့မှာ အငြိုးတွေ အမုန်းတွေ မရှိပါဘူး။ သူရဲ့ ယုံကြည်ချက်က နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးညှိနှိုင်းပြီးမှပဲ အဖြေရှာရမယ်လို့ ယုံကြည်ခဲ့ပါတယ်။ သူက သဘောထားကြီးတယ်၊ တိုင်းပြည်ကို ချစ်တယ်။ တီထွင်နိုင်စွမ်းတွေ ရှိတယ်၊ အဲဒီလိုလူမျိုးတစ်ယောက်ကို တိုင်းပြည်က စွန့်လွှတ်လိုက်ရတယ်။ ကျွန်မတို့တိုင်းပြည်မှာ အဲဒီလိုလူငယ်ပေါင်း မြောက်မြားစွာကို လွှင့်ပြစ်နေခဲ့ရပါတယ်။ 

ဒါဟာ တိုင်းပြည်အတွက် နစ်နာတယ်လို့ ကျွန်မ ယုံကြည်ယူဆမိပါတယ်။ အဲဒီ့ လူတွေအတွက် လက်ရှိအစိုးရဟာ မိသားစုဝင်တွေကို တရားဝင်တောင်းပန်ဖို့လိုသလို ဗိုလ်ခင်ညွန့်ကိုယ်တိုင်လည်း အကျဉ်းထောင်အတွင်း သေဆုံးသွားသူတွေရဲ့မိသားစုတွေကို တောင်းပန်သင့်ပါတယ်။ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ဆိုရင်တော့ ဝန်ခံတောင်းပန်တယ်ဆိုတဲ့ အဆင့်တစ်ခုကို ဖြတ်သန်းဖို့လိုတယ်ဆိုတာကို တာဝန်ရှိနေသူတွေ၊ တာဝန်ယူခဲ့ဖူးသူတွေ သိမယ်လို့ ယူဆမိပါကြောင်း။ ။ 

ခင်ငြိမ်းသစ် 

No comments: