Friday, April 30, 2010

တပ်မတော်က တာဝန်ယူနေပါသည် (ကာတွန်း စောငို)

နှစ် (၁၂၀) ပြည့် မေဒေးနေ့ အထိမ်းအမှတ် ပို့စကဒ်


နှစ် (၁၂၀) ပြည့် မေဒေးနေ့ အထိမ်းအမှတ် ပို့စကဒ်

ဒီဇိုင်း - အောင်ထက်


ကိုငြိမ်းသို့ ...

ဇော်မင်း (လူ့ဘောင်သစ်)

၁။ ဧပြီလ (၂၉) ရက်နေ့၊ ၂၀၁၀ ခုနှစ်။ မနက်ကိုးနာရီလောက် ဖုန်းမြည်လာလို့ ကောက်ကိုင်လိုက်တယ်။ တဖက်ကဆက်လာသူက ကဗျာဆရာ ကိုလွမ်းဏီ။

“ဟေ့လူ ... ကိုငြိမ်း ဆုံးသွားပြီ။ ဒီမနက် သုံးနာရီလောက်မှာ ဆုံးသွားတာလို့ ပြောတယ်”

ကျနော် မထင်မှတ်တဲ့ သတင်းမဟုတ်ပါဘူး။ အနှေးနဲ့ အမြန်တော့ ဒီလိုပဲဖြစ်လိမ့်မယ်လို့ ကျနော် တွက်ထားပြီး သားပါ။

ဟုတ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကိုငြိမ်းနဲ့ ကျနော် နောက်ဆုံးတွေ့ခဲ့တာက ဇင်းမယ်မှာ။ ဘားမားမီဒီယာ ကွန်ဖရင့် ကျင်းပခဲ့တဲ့ ဒီနှစ်၂၀၁၀ ဖေဖော်ဝါရီလထဲမှာ။ အဲဒီတုန်းကတည်းက ကိုငြိမ်း ကျန်းမားရေး မကောင်းတာကို သတိထားမိတယ်။ သူ့မျက်လုံးတွေက အတော်ကြီးဝါနေတယ်။ တစုံတခုကြောင့် အသည်းမှာ အားနည်းနေတယ်ဆိုတဲ့ လက္ခဏာ။ လမ်းလျှောက်ရင်ပဲ ဖြစ်ဖြစ်၊ ထိုင်နေတုန်းမှာပဲ ဖြစ်ဖြစ် ခါးကလေးကို ကုန်း လက်ပြင်ကို ကိုင်းပြီး နေနေတာကို သတိထားမိတယ်။

“ကိုငြိမ်း ... ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး” ဆိုပြီး ပြောထာထက် သူ့ကို ကျနော် များများ ပိုပြီး မပြောဖြစ်ပါ။

၂။ ၁၉၉၁ ခုနှစ်၊ မေလ (၅) ရက်နေ့။ လင်းအားကြီး အချိန်ပဲရှိသေးတယ်။ ကိုငြိမ်းတို့ရှိတဲ့ ပတ္တလားကုန်းဘက် ကနေ အမ် (၇၉) ဗုံးသီးပေါက်သံ သုံးချက် ဆင့်ကဲဆင့်ကဲ ဆိုသလို ကြားရတယ်။ ပြီးတော့ လက်နက်ငယ် ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်။ စကားပြောစက်ကိုင်ထားတဲ့ ကေအဲန်ယူ ကွန်မင်ဒိုဖြစ်သူ ကိုရှာဝါးက “ရန်သူက ပတ္တလားကုန်း ဘယ်ဘက်ခြမ်းကို တက်သိမ်းဖို့ ကြိုးစားနေတယ်” လို့ ပြောပါတယ်။ ကျနော်တို့ ဘက်ကိုလည်းကွေ့ပြီး ရန်သူစစ်ကြောင်းက ထိုးဆင်းလာနိုင်လို့ အားလုံးကိုယ့်သေနတ်ကိုယ်ဆွဲပြီး ကျနော်တို့ စခန်းချထားတဲ့ ၀ါးတဲတွေကနေ စိုးမိုးကုန်းတခုအပေါ်ကိုတက်ပြီး အဆင်သင့် နေရာယူထားလိုက်ကြတယ်။ စစ်အတွေ့အကြုံရင့်ကျက်တဲ့ ကိုရှာဝါးက ကျနော်တို့ ကျောင်းသားတပ်မတော်က ရဲဘော်တွေကို ကွပ်ကဲပေးတယ်။ မိနစ် (၂၀) လောက် ထိတွေ့မှုဖြစ်သွားပြီး လွယ်လွယ်နဲ့ မရမှန်းသိတော့ ပတ္တလားကုန်းကနေ ရန်သူ ပြန်ဆုတ်သွားပါတယ်။ ရန်သူတဦးသေပြီး နှစ်ဦးဒဏ်ရာ ရသွားတယ်လို့ စက်သတင်းအရ သိရတယ်။

နေ့လယ်ပိုင်းလောက်ရောက်တော့ ပတ္တလားကုန်းပေါ်က ကျောင်းသားရဲဘော်တချို့ ကျနော်တို့စခန်းဘက်ကို ဆင်းလာရင်း ပြောပြတယ်။ တက်လာတဲ့ ရန်သူတွေကို အမ် (၇၉) နဲ့ လက်ဦးအောင် ပစ်ထည့်လိုက်တဲ့သူက တပ်ခွဲမှူး ကိုငြိမ်းပါ တဲ့။ တိုက်ပွဲအပြီး မိုးစရွာပါတယ်။ နောက်ထပ် တလလောက်အထိ အဲသည့်မိုးဟာ တရက်မှ စဲတယ်လို့ မရှိပါ။ မုတ်သုန်ဝင်လာပြီးကိုး။ ရန်သူ့ထိုးစစ်ကလည်း မိုးမစဲသလို တလလုံးလုံး ကျနော်တို့ဂွင်ထဲမှာ မိုးနဲ့အတူ ထိုးစစ်ဆင်ပါတယ်။

ထိုစဉ်အချိန်က ကိုငြိမ်း အပါအ၀င် ကျနော်တို့ စုဖွဲ့မှုထဲက ရဲဘော်များအားလုံးဟာ ကျောင်းသားတပ်မတော် တပ်ရင်း (၁၀၁) ကပါ။ နဂိုက ဘုရားဆုံးဆူဒေသဘက်မှာ အခြေခံပါတယ်။ ကေအန်ယူရဲဘော်များနဲ့အတူတွဲပြီး ညောင်လေးပင်ခရိုင်ထဲက မုန်း၊ ကျောက်ကြီး၊ ရွှေကျင်နယ်တွေမှာ လှုပ်ရှားခဲ့တဲ့ကာလပါပဲ။

၃။ ၁၉၉၂ မေလ၊ ကေအဲန်ယူဌာနချုပ်တည်ရှိရာဖြစ်တဲ့ မာနယ်ပလော။ မြောက်အရပ်ကနေ တောင်ဘက်ကို ကြောက်မက်ဖွယ် တဟဲဟဲအသံပြုပြီး စီးဆင်းနေတဲ့ သံလွင်မြစ်ကြီးနဲ့ တောင်ကနေ မြောက်ဘက်အရပ်ကို တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ သောင်ရင်းမြစ်တို့အကြားမှာ တည်ရှိပါတယ်။ ကျန်တဲ့ တော်လှန်ရေး အဖွဲ့အစည်းများလည်း မာနယ်ပလောမှာ အခြေစိုက်ကြပါတယ်။ ဖွဲ့စည်းပုံအသစ်အရ ကိုငြိမ်းတို့ ကျနော်တို့အားလုံး ကျောင်းသားတပ်မတော် တပ်ရင်းအမှတ် (၂၁၂) ဆိုပြီး ဖြစ်လာတယ်။

၁၉၉၁ ဒီဇင်ဘာလကစပြီး ဖြစ်ခဲ့တဲ့ မာနယ်ပလောတိုက်ပွဲဟာ သင်္ကြန်မတိုင်ခင်မှာ အရှိန်လျော့သွားပါတယ်။ ရန်သူဘက်ကအဆိုအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်ပြီး သူတို့ဘက်က သဘောထားကြီးစွာနဲ့ ထိုးစစ်ကို ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုလို့ တော်တော်သေးတာပေါ့။ ပြီးခဲ့တဲ့ သုံးလခွဲလုံးလုံး အဝေးပစ်အမြောက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတုန်းကတော့ တိုက်လေယာဉ်တွေက စက်သေနတ်နဲ့ ပစ်၊ ရော့ကက်နဲ့ ပစ်နေတုန်းကတော့ သူတို့ဆီက ဘာသံမှမထွက်ခဲ့ပါလား။

အနော(အမ) မြောင်းမြဆိုင်လို့ ကျနော်တို့က အမည်ပေးထားတဲ့ အမကြီးလင်မယားရဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ ကျနော်နဲ့ ကိုငြိမ်းထိုင်ပြီး ရေနွေးကြမ်းသောက်နေပါတယ်။ အဲသည်တုန်းက မာနယ်ပလောမှာ လက်ဖက်ရည်ဆိုင် ၆ ဆိုင်လောက် ရှိပါတယ်။ လက်ဖက်ရည်ဆိုင်ဆိုပေမယ့် မည်ကာမတ္တ ဆိုင်လေးတွေပါ။ များသောအားဖြင့် နက်စ်ကော်ဖီကိုပဲ နို့ဆီနဲ့ လွယ်လွယ်ဖျော်ပြီး တခွက်ကို နှစ်ဘတ်ပေးရတယ်။ လက်ဖက်သုပ်လေး ဘာလေးလည်း ရောင်းကြတယ်။ ထိုင်းဘက်က ၀င်လာတဲ့ ကုတ်တို့၊ ပက်စီတို့၊ ဆဲဗင်းအပ်တို့လည်း ရောင်းသေးတယ်။ ကျနော်တို့ကတော့ လစာမရှိတဲ့ ကျောင်းသားရဲဘော်တွေဆိုတော့ ပေးစရာ ၂ ဘတ် မရှိလို့ များသောအားဖြင့် ရေနွေးကြမ်းပဲ ထိုင်သောက်နေတာပါ။

ဘန်ကောက်တို့၊ ဇင်းမယ်တို့လို မြို့ကြီးတွေကို အဖွဲ့အစည်းကိစ္စနဲ့ သွားလာခွင့်ရတဲ ဗဟိုကော်မတီဝင် ခေါင်းဆောင်တွေကတော့ မြို့ကပြန်လာရင် ခရီးသွားရင်းက ပိုနေတဲ့ လမ်းစရိတ် ငွေစလေးတွေနဲ့ လက်ဖက်ရည် ကော်ဖီတွေ၊ မုန့်တွေနဲ့ ငြိမ့်နိုင်ပေမယ့် ကျနော်တို့ ကိုငြိမ်းတို့လို လူများကတော့ တရက်မှာ ကော်ဖီတခွက် သောက်ရဖို့ဆိုတာ ကံထူးလွန်းမှသာ သောက်ရတာပါ။ “ဘဲကြီးရေ ... ကြံစမ်းပါဦးဗျ။ နေ့တိုင်း သူများဆိုင်မှာ ကော်ဖီဝယ်မသောက်ဘဲ ရေနွေးကြမ်းပဲ အလားကား တောင်းသောက်နေရတာ မျက်နှာပူလှပြီ” လို့ ကိုငြိမ်းက ကျနော့်ကို ပြောလာပါတယ်။ သူ့လိုပါပဲ ကျနော်လည်း အနောမြောင်းမြတို့ လင်မယားကို မျက်နှာပူရတာ များလွန်းလို့ မှတ်တောင်မမှတ်မိတော့။ “တရက်နှစ်ရက်လောက်တော့ ခင်ဗျားစောင့်ဗျာ။ ဘာလုပ်လို့ရမလဲ ဆိုတာ ကျနော်ကြည့်ဦးမယ်” လို့ ကျနော်က ကိုငြိမ်းကို နှစ်သိမ့်လိုက်ပါတယ်။

၎။ နောက်နှစ်ရက်အကြာ၊ အဲန်အယ်လ်ဒီ ရုံးနေရာ။ “လေးလေး၊ လေးလေးတို့ရုံးက အစည်းဝေးခန်းမှာထားဖို့ စားပွဲနဲ့ ကုလားထိုင်တွေလိုလို့ဆို” ဟု ကျနော်က မန္တလေး ဦးမြင့်အောင် (ယခုကွယ်လွန်) ကို မေးပါတယ်။ သူ ကလည်း “ဟုတ်တယ်၊ ခင်ဗျားတို့ လုပ်တတ်တယ်ဆိုရင် ဈေးလည်းသိပ်မကြီးဘူးဆိုရင် ၀ယ်ချင်တယ်ဗျာ” လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကျနော်လည်း အကွက်တခုတော့ဆိုက်ပြီဆိုတာ ချက်ခနဲ သဘောပေါက်လိုက်တယ်။ “ဒါဖြင့်ရင် တခြားဘယ်သူ့ကိုမှ မှာမနေနဲ့တော့ ကျနော်တို့ဆီမှာ စားပွဲကုလားထိုင် လုပ်တတ်တဲ့သူရှိတယ်” လို့ ကျနော်ကပြောတော့ ဦးမြင့်အောင်က “ဘယ်သူတုန်းဗျ” ဆိုပြီး မေးလာတယ်။ ကျနော်က “လေးလေး သိတယ် မဟုတ်လား။ တပ်ခွဲမှူး ကိုငြိမ်းလေ” ဆိုပြီး လိမ်ပြောလိုက်တယ်။ ဦးမြင့်အောင်က “သြော် .. ကျနော် ကိုငြိမ်းကို သိတာပေါ့၊ ဒါပေမယ့် သူလက်သမား လုပ်တတ်မှန်းမသိဖူး” လို့ ပြန်ပြောတယ်။ “ကိုင်း ... လေးလေးသာ ကျနော့်ကို စရန်ငွေ ဘတ်ငါးရာလောက် ပေးလိုက်” ဆိုပြီး ကျနော်က တောင်းလိုက်တယ်။ ဦးမြင့်အောင်က သဘောတူတယ်။ စားပွဲရှည်တလုံး ထိုင်ခုံခြောက်လုံးအတွက် ဘတ်ငွေ တထောင့်ငါးရာနဲ့ ဈေးတည့်လာခဲ့တယ်။

အဲဒီတုန်းက ကျနော့်တို့ ကျောင်းသားဌာနချုပ်ရုံးအနားက ကျောင်းသားတပ်မတော် တပ်ရင်း (၂၀၈) မှာ စားပွဲတွေ ကုလားထိုင်တွေကို ပကာသားတွေနဲ့လုပ်ပြီး အပိုဝင်ငွေရှာတဲ့ အသက်ကြီးကြီး အိမ်ထောင်သည် ကျောင်းသားတပ်ဖွဲ့ဝင်တဦး ရှိတယ်။ ကျနော် သူနဲ့ညှိလိုက်တယ်။ အဲန်အယ်လ်ဒီက မှာတယ်လို့တော့ သူ့ကို မပြောပါဖူး။

“ဘယ်လိုလဲ ဘဲကြီး၊ ထူးသလား” လို့ ကိုငြိမ်းက ကျနော့်ကိုမေးတယ်။ ကျနော်က “ထူးတယ်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ ခင်ဗျားမပြောနဲ့။ အပြိုင်အဆိုင်တွေ ပေါ်လာမှာစိုးလို့။ ပြီးတော့ ခင်ဗျားက လက်သမား လုပ်တတ်တယ် ဟုတ်ပလား” လို့ဆိုပြီး ကိုငြိမ်းကို ဇာတ်စုံခင်းပြလိုက်တယ်။ ပကာသားဆိုတာက မာနယ်ပလောမှာ ရှာရတာလွယ်တယ်လေ။ ဒါ့ကြောင့်ပါ။ ကိုယ့်ဈေးကွက်ကို သူများ လုသွားမှာကိုလည်း စိုးရိမ်ရသေးတာကိုး။ ပြီးတော့ နှစ်ယောက်စလုံး ငါးခူပြုံးပြုံးပြီး စရန်ရလာတဲ့ငွေနဲ့ အနောမြောင်းမြဆိုင်ကို ချီတက်ခဲ့ကြတယ်။

၅။ နောက်တပတ်အကြာ “ကိုငြိမ်း ရယ်ဒီပဲလား” လို့ ကျနော်ကမေးတော့ သူက လုပ်လိုက်လေဆိုတဲ့ မျက်နှာပေးနဲ့ ပြန်ဖြေပါတယ်။ ဒါနဲ့ တပ်ရင်း (၂၀၈) ကုန်းကနေ အဲန်အယ်လ်ဒီ ရုံးခန်းကို ပထမဆုံး စားပွဲရှည်ကြီးကို စသယ်ပါတယ်။ စားပွဲကြီးက နှစ်ယောက်သယ်တာတောင် အတော်လေးပါတယ်။ တခြားရဲဘော်များကို အကူအညီတောင်းရင် ဝေစုနည်းသွားမှာစိုးလို့ နှစ်ယောက်ထဲပဲ စားပွဲကြီးကို သယ်လာလိုက်တာ တနာရီလောက် ကြာမှ အဲန်အယ်လ်ဒီရုံးခန်းကို ရောက်ပါတော့တယ်။ လမ်းမှာက ဗွက်တွေကလည်း ထူဆိုတော့ နားရတာ ခဏ ခဏပါပဲ။ နောက် ကုလားထိုင်ခြောက်လုံးကို သုံးလုံးစီ ၀ါးလုံးရှည်နဲ့လျှိုပြီး နှစ်ခေါက်စီ ခွဲသယ်ရပါတယ်။ ပကာသားနဲ့လုပ်တာဆိုပေမယ့် လေးလိုက်တဲ့ဟာတွေ။

ပင်ပန်းရကျိုးနပ်ပါတယ်။ ချုပ်လိုက်ရင် ကျနော်တို့နှစ်ယောက်ရဲ့ အသားတင်အမြတ်ဟာ ဘတ်ငါးရာလောက် ရှိပါတယ်။ ဟိုဆိုင်ဒီဆိုင်မှာတင်နေတဲ့ ကော်ဖီအကြွေးတွေကိုဆပ်ပြီး ကိုငြိမ်းနဲ့ ကျနော် ရက်အတော်ကြာတဲ့ အထိ အောင်ပွဲခံနေပါတယ်။ ကော်ဖီတခွက်မှ နှစ်ဘတ်ဆိုတော့ ကျန်တဲ့ နီးစပ်တဲ့ရဲဘော်များကိုလည်း ဒကာခံနိုင်ပါသေးတယ်။ နှစ်ယောက်စလုံးလည်း တဆိုင်ပြီးတဆိုင်ပြောင်းပြီး တရက်ကို ကော်ဖီလေးငါးခွက် သောက်တဲ့အထိ ဖြစ်လာပါတယ်။

ခါတိုင်းဆိုရင် ကရင်လို “ညာသို” လို့ခေါ်တဲ့ လက်လိပ်ဆေးလိပ်ကို အသောက်များပေမယ့် အဲသည့် ရက်တွေ မှာတော့ နှစ်ယောက်သား ထိုင်းနိုင်ငံလုပ် စီးကရက် တဖွားဖွားနဲ့၊ ကြည့်တောင်ကောင်းသေးတော့။ ပြီးတော့ “ဖဒိုဝှီး” (နောက်ပိုင်းကွယ်လွန်) ဆိုတဲ့ ကေအဲန်ယူက ဗဟိုကော်မတီ လူကြီးတဦးကလည်း လဖက်ရည်ဆိုင်လေးတခု သောင်ရင်းမြစ်ကမ်းမှာ ကဗျာဆန်ဆန် မေးတင်ပြီး ဖွင့်ထားပါတယ်။ သူ့ဆိုင်မှာက တခါတရံ ၀က် ၏သားပေါက်စီတို့၊ ပဲပလာတာတို့ ရတတ်ပါတယ်။ ဘယ်အလွတ်ပေးမလဲ အဲသည့်ဆိုင်မှာလည်း သွားစားပြီး ဖင် ဂျွတ်တက်အောင်ထိုင်ကြတာကို မှတ်မိသေးတယ်။ စစ်အေးကာလ ဇိမ်ခံနည်းတမျိုးလို့ ဆိုမလားပဲ။

၆။ အဲသည့်အချိန်တုန်းက ကိုငြိမ်းက မောင်ငြိမ်းလူ (ဟယ်လ်ပင်) ဆိုတဲ့ ကလောင်နဲ့ အားရင်အားသလို ကဗျာတွေလည်း ရေးတယ်။ ကိုငြိမ်းပြောပြဖူးတာရှိတယ်။ သူ ဆယ်ကျော်သက်တုန်းက အစိုးရစစ်တပ်ထဲမှာ ရဲဘော် အနေနဲ့ ၀င်ခဲ့ဖူးတယ်။ အဲသည်တုန်းကတည်းက တိုက်ပွဲအတွေ့အကြုံတွေရှိခဲ့တယ်။ နောက်တော့ သူ့အဖေက (ဒု-ဗိုလ်မှူးကြီးလား၊ ဗိုလ်မှူးကြီးလား မမှတ်မိတော့) တပ်ကရအောင်နုတ်ပြီး နိုင်ငံခြားသင်္ဘော လိုက်ဖို့လား ဘာလားတော့မသိ။ ဘန်ကောက်ကို ပတ်စ်ပို့နဲ့ လွှတ်လိုက်တာ။

ရန်ကုန်ကတည်းကသိနေတဲ့ အမောင်ကျောင်းသားတချို့နဲ့ ဘန်ကောက်မှာ ပေါင်းမိပြီး ကျောင်းသား တပ်မတော်မှာ တာဝန်ထမ်းမယ်ဆိုပြီး နယ်စပ်ကိုရောက်လာတာ။ သူနဲ့ ဘန်ကောက်မှာ အတူနေနေတဲ့ ကျောင်းသားတချို့က ကိုငြိမ်းက လူကောင်သေးတော့ တောထဲမှာ မဖြစ်ပါဘူးဆိုပြီး မလိုက်နဲ့လို့ ပြောသေးတယ်တဲ့။ “နယ်စပ်ဆင်းတော့မယ်ဆိုတော့ ကျနော့်ကို ကိုခန့်ကြီးက (တာမွေက မောင်ခန့်လို့ လူသိများ) ပြောတယ်ဗျ။ ဒီကောင်လေး တောထဲမှာ ဘာလိုက်လုပ်မှာလဲ။ ပန်းတွေနဲ့ ပေါက်တမ်း ကစားနေတာမဟုတ်ဘူး။ သေနတ်တွေ ကျည်ဆံတွေနဲ့ စစ်တိုက်နေတာလို့ ပြောတယ်ဗျ” ဟု ကိုငြိမ်းက ရယ်မော၍ ကျနော့်ကို ပြောပြဖူးတယ်။ ကိုခန့်တယောက်လည်း ဆုံးသွားတာကြာပါပြီ။

ကိုငြိမ်းဟာ သူမှန်တယ်ထင်လို့ လုပ်မယ်လို့ သတ်မှတ်ထားတဲ့ အလုပ်တွေကို သူတတ်နိုင်သလောက် ရသလောက် နောက်ဆုံးကွယ်လွန်သည်အထိ လုပ်ခဲ့တယ်။ ရလိုမှုကြောင့် နိုင်ငံရေး မကစားဖူး၊ သူများအပေါ်မှာလည်း တကျီကျီ လုပ်နေတဲ့ လူစားမျိုးမဟုတ်ဖူး။ စောတော့စောလွန်းသေးတယ်၊ ဒါပေမယ့် သွားပြီဆိုတော့လည်း သွားနှင့်တော့ ကိုငြိမ်း ...။

ဇော်မင်း (လူ့ဘောင်သစ်)
(၃၀) ရက် ဧပြီလ ၂၀၁၀ ခုနှစ်

ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ ကူးယူဖော်ပြပါတယ်။

တော်လှန်သော ကဗျာဆရာ ( သို့မဟုတ် ) အကြွေစောဖို့ မနှမျောခဲ့သူ


စိုးနေလင်း

ငြိမ်းလူ …
ခင်ဗျားနဲ့ ကျနော့်ကြားမှာ
နယ်စည်းမခြား
မျဉ်းကြောင်းပါးပါးလေးတောင် မရှိခဲ့ကြဘူး။

ကဗျာရေးသူနဲ့ ကဗျာရေးသူ
ကဗျာရေးသူနဲ့ အယ်ဒီတာ
အနုပညာချစ်သူနဲ့ အနုပညာချစ်သူ
တထပ်တည်းတူညီတာက
အာဏာရှင်စနစ်တိုက်ဖျက်ရေး
ဘ၀ကို ပေးဆပ်ခဲ့ကြသူချင်း
ပန်းခင်းကို မြင်းစီးလျှောက်ကြည့်သူများမဟုတ်။

ချုံပုတ်ပေါ်
စိုင်ကော်လို့ ရောက်ခဲ့သူများ
ဗဟိုခွာအားပြင်းပြင်းနဲ့ မိုးပျံပူဖောင်းများ
အသိုက်အဆောက်ကောင်းသူများ
“ထားလိုက်စမ်းပါ အစ်ကိုရာ” တဲ့
ပါးစပ်ကိုမဲ့ လေသံကိုရွဲ့
သဲ့သဲ့သောသော ရယ်မောပစ်တတ်သူ။

စိုက်ထူခဲ့တဲ့ မိုင်တိုင်တွေကို အရွှန်းဖောက်
ရန်သူကို အကြောက်တရားမဲ့ ရင်ဆိုင်
ကျည်မိုးဖြိုင်ဖြိုင်ရွာချခဲ့ကြပုံ ...
.....................
ကြုံတဲ့အခါ ပုံဖော်ပြသ
ခနော်ခနဲ့ဘ၀မှာ
ကဗျာလေးတွေ ရေးချင်ရေး
“မတွေးတော့တာပဲ ကောင်းပါတယ် ... အစ်ကိုရာ” တဲ့
(ခုတော့ ... သူက)
စိတ်ချလက်ချထားခဲ့ပြီ။ ။

စိုးနေလင်း

(၂၉-၄-၂၀၁၀ နေ့တွင် ရုတ်တရက် ကွယ်လွန်သွားသော ရေးဖော် တော်လှန်ရေးသမား ကဗျာဆရာ ငြိမ်းလူအတွက် နှမျောတသမှုများစွာဖြင့် ...)

ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ ကူးယူဖော်ပြပါတယ်။


Thursday, April 29, 2010

ပြောင်းခင်းထဲက နေ (သို့) ရင့်မှည့်စေသော စာမျက်နှာ (ငြိမ်းလူ)

ထားခဲ့ညနဲ့
သွားမဲ့ည
မှောင်တာ တူတာပဲလား

ဖနောင့်မှာ
မနုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား

ထိတာနဲ့
ရုန်းဖို့လား
အနီလား
အစိမ်းလား

ကမ်းပါးကိုမထိတဲ့ လှိုင်းဆိုတာကော
ရှိလား

ညကို လမ်းလျှောက်
တောင်မြောက်ကို ကြည့်ခွင့်မရတာ
အပြစ်လား

ဖုန်းဆိုးတောင်ယာ
တသီတတန်း
ဒီလမ်းကိုတော့ ကဗျာမဖွဲ့နဲ့

တို့မှာ
တောင်တန်း
ကမ်းပါး
လမ်းသွားတွေရှိပါလျှက်
ဖြစ်ရရင်လေ
ရက်ရက်စက်စက်

အရည်ပြားပေါ်မှာ
ထင်ကျန်နေတဲ့
အမဲစက်တစက်အတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်တော့
မနက်ဖြန်မှာ
လ္ဘက်ရည်ဖန်ဖန်လေး
တခွက် …..
တိုက်လိုက်ပါ

ဒါပြီးရင်လေ
သူတို့က
ပါရီက နံရံတွေအကြောင်း
ဇီမာလမ်းဆုံအကြောင်း
ခင်ဗျားကို ကောင်းကောင်းပြောပြလိမ့်မယ်

ဆေးရေးနုတ်သွင်း
ချစ်ခြင်းသီဖွဲ့
ဗင်းနစ်ရဲ့
ပန်းခင်းလှေတွေအကြောင်း
မညောင်းတမ်းပေါ့

မြင်းတစီး
ဓားတလက်နဲ့
ဇောရိုးရဲ့
ရုပ်ရှင်ကို
မကြည့်ရစကောင်းလားလို့
စောင်းပါးရိပ်ခြေ
ပြောလေအုံးမယ်

ပြီးတော့ စစ်တွေနဲ့ညှပ်ထားတဲ့
ပေါင်မုန့်တချပ်လက်ဆောင်
စကပ်တိုတိုပေါင်ပေါ် တင်ပေးလိုက်မယ်

အဲဒီအချိန်မှာပဲ
အသံမကြားအောင်
ကြွေရေသုတ်
ပန်းကန်တချပ်ကွဲ
ဟန်ဆောင်ပြီး ထွက်ခွာသွားမြဲ … ...။

ခင်ဗျားတို့ လေ့လာနေကြ
ကဗျာထဲက
နာရီမဲ့တဲ့
အိုကိုးရဲ့ဘဝထဲမှာ ….
ကျနော်မွေးတုန်းကလည်း
လင်းကြက်တွန်စဲ
တောင်ယာပေါ်ချိန်ပဲနော် … …။


ဆရာမောင်သစ်ဆင်းအား ဦးခိုက်စွာဖြင့်

ငြိမ်းလူ

သရုပ်ဖော် - အောင်ထက်

ရိုးမပေါ်မှာ အိပ်ပါစေ

ကောဇာသက္ကရာဇ် ခွန်နှစ်ဆယ့်နှစ်
ခရစ်သက္ကရာဇ် နှစ်ထောင့်တဆယ်
ရိုးမဆွယ်မှာ နေကွယ်ခဲ့တဲ့ အချိန်လား။

လဇူလိုင်ကို
မင်း မပိုင်တော့ဘူးလို့ 
ငါ မပြောနိုင်ဘူး
မင်းက ရဲဝံ့သူကြီး တယောက်ပါ။

ငုယင်ဗန်ထရွိုင်း
သမိုင်းပုံရိပ်၊ အိပ်မက်ရှည်လျား
တံတားအောက်မှာ မင်းရပ်စောင့်တယ်။

ငှက်ဖျားအဆိပ်၊ ကြိတ်မှိတ်အာခံ
တိတ်ဆိတ်ညယံ၊ နွေမီးလျှံ၌
မောင်းပြန်တိုက်ချွတ်နေဆဲလား။

ဒေါင်းအိုးဝေ မီးကျည်
ရိုးမပေါ်က ကြယ်နီ
ဒီလှိုင်းတွေ မြင့်သစ်တဲ့ ရာသီ
ငါ့ဆီလာခဲ့အုန်းလေကွာ။

ကွမ်းတယာညက်၊ အရက်တလုံး
ပြည်ဖုံးကားချ၊ သေတမ်းကဗျာ
ဖွေရှာထုဆစ်နေစဉ်မှာ၊

သင့်ရဲဘော်တို့ ၊ ကဗျာအလံ
တဝက်ထူလွှင့်နေပြီကော။ ။

× × × × ×

(ရဲဘော်ရေးဖော် ငြိမ်းလူသို့  …)

မောင်လွမ်းဏီ
၂၉ - ၄- ၂၀၁၀

ဒေါက်တာ လွဏ်းဆွေဘလော့ဂ်မှ ပြန်လည်ကူးယူဖော်ပြပါတယ်။


ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း


ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း


* အမည် - ကိုမောင်မောင်ငြိမ်း
* အသက် - (၄၃) နှစ်
* ပညာအရည်အချင်း - အခြေခံပညာအထက်တန်း
* ဇနီးအမည် - မချမ်းလွန် (Internews)
* အဖအမည် - ဦးတင်မောင် (ဗိုလ်မှူးကြီး-ကွယ်လွန်)
* မွေးရာဇာတိ - ရန်ကုန်
* လက်ရှိတာဝန် - အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)။ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)။ အယ်ဒီတာချုပ်၊ ရိုးမ ၃ သတင်းဌာန။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွင် တပ်မတော်သားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ပြည်သူဘက်က ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းအပြီးတွင် လွတ်မြောက်ဒေသသို့ ထွက်ခွာလာခဲ့သည်။ မူလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကျောင်းသားတပ်မတော်တွင် တပ်ရင်းမှူးတာဝန်ထိ ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားတပ်မတော်နှင့် (PDF) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလတလျှောက် ရှေ့တန်းစစ်မြေပြင်များတွင် အချိန်အများစု တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးတာဝန်၊ နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ၏ အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကိုမောင်မောင်ငြိမ်းသည် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းလုပ်ငန်း ကော်မတီတို့တွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၀၆ ခုနှစ်မှစ၍ ရိုးမ ၃ သတင်းဌာန၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဗထူးအမည်ဖြင့် သတင်းများကို ရေးသားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ရိုးမ ၃ သတင်းဌာနမှ ထုတ်ဝေသော 'မြန်မာ့ သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ' အမည်ရှိ အစီရင်ခံစာကို ဦးစီးထုတ်ဝေခဲ့သည်။

ကိုမောင်မောင်ငြိမ်းသည် မောင်ငြိမ်းလူ(ဟယ်လ်ပင်) ကလောင်အမည်ဖြင့် ကဗျာများကိုလည်း ရေးသားခဲ့သည့်အပြင် စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေးဆရာများနှင့် စာပေလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်၊ ကြာသာပတေးနေ့၊ နံနက် ၃ နာရီအချိန်တွင် ရိုးမ ၃ သတင်းဌာနရုံး၌ အသဲရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ ချစ်လှစွာသော ဇနီးသည် မချမ်းလွန် ကျန်ရစ်ခဲ့သည်။
× × × × ×

သင်္ဂြိုဟ်မည့်အစီအစဉ်

* အချိန် - နေ့လည် (၁) နာရီ။
* နေ့ရက် - ၂၀၁၀ ပြည့်နှစ်၊ မေလ (၁) ရက် (စနေနေ့)။
* နေရာ - ဘန့်နူရာရပ်ကွက်၊ ဝပ်ဘွန်ယာဝပ်ဘုန်းကြီးကျောင်း။

အသုဘရှုတရားနာ (ယနေ့မှ သင်္ဂြိုဟ်မည့်ရက်အထိ)

* ညနေတရားနာချိန် - (ည ၈ နာရီ)
* နံနက်တရားနာချိန် - (နံနက် ၇ နာရီ)

Wednesday, April 28, 2010

အကွေ့နေ့ …

ကဗျာဆရာရေ …
ဟော့ဒီ
လောကဓံ စာမျက်နှာထက်မှာ
နေ့မအား ညမအား
ရိုးမနဲ့ စီးချင်းထိုး
ကဗျာပန်းခင်းကို ပျိုးရင်းမှ …
မီးခိုးတလူလူ ရွက်တလူလူနဲ့ …
ပူပူလောင်လောင် နွေခေါင်ခေါင်မှာ
ဘာမပြော ညာမပြောနဲ့
ခင်ဗျားပြောတဲ့ အကွေ့နေ့နဲ့
လွှင့်ထွက်ခဲ့ပေါ့ …။

ဆောင်းလူ
(ဧပြီ ၂၉၊ ၂၀၁၀)

(ဧပြီလ ၂၉ ရက်၊ ၂၀၁၀ နေ့မှာ ဘဝတပါးသို့ ကူးပြောင်းသွားတဲ့
ကဗျာဆရာ မောင်ငြိမ်းလူ (ဟယ်လ်ပင်) သို့ …)

သရုပ်ဖော် - အောင်ထက်

Tuesday, April 27, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၅)

ကျနော်ကပြောပြီး ရှေ့ကထွက်လာသည်။ ဆပ်သွားဖူးချုံကြီးသို့ရောက်လျှင် မြင်နေကျပုံစံအတိုင်း ပထမချုံကို မတင်၍ လေးဖက်သွားဝင်သွားပြီးတော့မှ ဆပ်သွားဖူးကိုင်းကို ကျော်တက်လိုက်တော့မှ ကျနော့်လှေကို ‘ဘွားခနဲ’ တွေ့လိုက်ရပါသည်။

ဂျစ်သည် ကျနော်တို့လှေကိုကြည့်ပြီး တအံတသြဖြစ်နေသည်။ လှေကြီးကို ပတ်ပတ်လည် လျှောက်ကြည့်လိုက်၊ ကိုင်ကြည့်လိုက် လုပ်နေသည်။ ဂျင်းနားကို ခေါ်တွေ့ချင်းမှာ ကျနော်တို့ ၂ ယောက် အတူနေ တွေ့သွားလိုခြင်းကြောင့် ဖြစ်သည်။ ကိုဉာဏ်ဝင်း ရကသ အတွင်းရေးမှူးကို ကျနော် သိပ်တွေ့သွားချင်ပါသေးသည်။

အလားတူ ကျွန်းတွင် အတွဲအများဆုံးဖြစ်သည့် ရဲဘော်ချစ်ဆွေ၊ ရဲဘော်အုန်းမော်၊ ရဲဘော်ကိုလတ်တို့ကို တွေ့သွားချင်ပါသေးသည်။ ဖထီးမန်းအောင်ကြည်က သိပ်များများမတွေ့ပါနဲ့၊ မကောင်းဘူးဆိုတာနဲ့ မတွေ့ရတော့ပါ။ ကိုဉာဏ်ဝင်းမှာ ရွှေမျက်မှန်လေး တဝင်းဝင်းနှင့် ကျနော့်ကို အလွန်ချစ်ရှာသည်။ ဝေဖန်ရေးလည်း အများဆုံးပေးပြီး နိုင်ငံရေးအရ အတော်ရင်းနှီးကြသည်။

“ဂျစ်ရေ … ခင်ဗျားနဲ့ ဒီမှာ နောက်ဆုံးတွေ့ကြတာပဲ။ ကျနော်တို့တိုက်ပွဲကတော့ အတော့်ကိုပြင်းပြီး အတော်စွန့်စားရဦးမယ်။ ကျနော်နဲ့ပတ်သက်ပြီး နောက်ဆုံး ဝေဖန်ရေးပေးစရာရှိတာ ပေးဗျာ”

“ မရှိပါဘူးဗျာ”

ဒါပဲ သူ ပြောသည်။

သူ ဘာမှ ရှေ့ဆက်မပြောပါ။ သူလည်း သူ့ရင်ထဲမှာ တခုခုတော့ခံစားနေရမှာ သေချာပါတယ်။ ကြာမြင့်စွာ တွဲခဲ့ရသော ရဲဘော်တယောက် တကယ်ပဲ ခွဲခွာသွားရမှာဆိုတော့။

“ကဲ … ခင်ဗျားလည်း ကြာကြာပျောက်နေရင် တမျိုးဖြစ်လိမ့်မယ်၊ ပြန်ရင်ကောင်းမလားပဲ”

“ဟုတ်တယ်၊ ပြန်တော့မယ်”

ဆိုပြီး တယောက်ကိုတယောက် အားပါးတရ နှုတ်ဆက်ကြပါသည်။

သူက …

“ခင်ဗျားတို့ တိုက်ပွဲ အောင်မြင်ပါစေဗျာ”

ချုံအပြင်သို့ ပြန်ထွက်ခဲ့သည်။ သူ့ကို ကျွန်းကလေးအစပ်အထိ လိုက်ပို့သည်။ ရေလက်ကြားလေးကို သူ ဖြတ်သွားသည်။ ပြီးတော့ သောင်ခုံပြင်ကြီးပေါ် တက်သွားသည်။ သူ့နောက်ကျောကို တဝလှမ်းပြီး ရပ်ကြည့်နေသည်။ တဖြည်းဖြည်းနဲ့ ဂျစ် ဝေးသွားခဲ့လေပြီ။ ကျနော် ပြန်လှည့်လာခဲ့သည်။

ဖထီးမန်းမှာထားသည့်လုပ်ငန်းကို ကျနော် စတင်လုပ်ပါတော့သည်။ ဒူးဆစ်အရွယ်လောက်ရှိသည့် ဆပ်သွားဖူးကိုင်းများကို ကျနော် ခုတ်ဖြတ်သည်။ ဆူးတွေကို သပ်ပစ်လိုက်သည်။ ဆပ်သွားဖူး ကိုင်း ၁၀ ကိုင်းလောက် ခုတ်ဖြတ်ထားလိုက်သည်။ လှေကို တွန်းချသည့်နေရာတွင် အောက်ခံ တလိမ့်တုံးအဖြစ်သုံးဖို့ ဖြစ်သည်။ ဆပ်သွားဖူးဆူးတွေကို ဓားနဲ့သပ်ရင်း ကျနော့် ဘယ်ဘက်ခြေသလုံးကို ဓားအရှိန်လွန်ပြီး နည်းနည်းထိသွားသဖြင့် အသင့်စုဆောင်းထားသော ပလာစတာနှင့်ကပ်ထားလိုက်သည်။

တနေ့က ကျနော်စိုက်ထားသည့် ကန်စွန်း ၅ မြောင်းက ၃ မြောင်းကိုဖော်လိုက်ရာ ဂုန်နီအိတ်နှင့် တအိတ်နီးပါး ရသည်။ နောက် ကန်စွန်းဘောင်ပေါ်မှ ဘီးစပ်ပင်တွေကို မြောင်းဘောင်ပေါ်တင်ပြီး သစ်ဆွေးမြေဆွေးများနှင့် ပြန်ဖုံးသည့်အတွက် ဘီးစပ်ရွက်တွေမှာဆွေးပြီး ဘီးစပ်ကိုင်းကလေးများက မဆွေးသေးပါ။

မြောင်းဘောင်အတွင်း ဟာလာဟင်းလင်းဖြစ်ပြီး ကန်စွန်းဥတွေက မြေတွင်းထဲမှာ ဥသလို ဖြစ်နေသည်။ ကျန်တဲ့ ကန်စွန်းမြောင်း ၂ မြောင်း ကျန်သေးသည်။ ဒါကတော့ ဘယ်သူစားစား၊ စားချင်တဲ့သူ ဖော်စားကြပေါ့။ သခွားသီးလည်း ကျနော် လျှောက်ခူးလိုက်တာ အခုထက်ထိ မှတ်မိသေးသည်။ ၂၇ လုံးတိတိ ဖြစ်သည်။ ကန်စွန်းဥရော၊ သခွားသီးပါ ချုံကလေးထဲသို့ မနေ့က အားလုံး ပို့ထားခဲ့ပြီးဖြစ်သည်။

ပြင်ဆင်စရာကိစ္စတွေကတော့ အားလုံး ပြီးသွားပါပြီ။ ဖထီးမန်းအလာကိုပဲ စောင့်နေသည်။ ပေါ်မလာနိုင်ပါ။ နေမွန်းတည့်လည်း ပေါ်မလာ။ ဘာဖြစ်လို့များ ဒီလောက်တောင် ကြာနေတာလဲ။ ဘာပြဿနာတွေ တက်နေသလဲ။ စိတ်က နည်းနည်းပူလာပါသည်။ တကယ်ပဲ ပေါ်မလာနိုင်ပါ။ မျှော်လိုက်ရတာ။ ပေါ်ပဲပေါ်လာတော့ ၃ နာရီခွဲလောက်မှာ ပေါ်လာသည်။ သူရောက်လာတော့ ကျနော်က …

“ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေရတာလဲ”

“ဘာမှ မဖြစ်ပါဘူး။ အားလုံး အေးအေးဆေးဆေးပဲ၊ လေထီး ဗိုလ်အုန်းမောင်နဲ့ ဆရာ ရာဂျန်ကို ကျနော် သွားတွေ့တယ်။ မဒညတ တပ်ပေါင်းစုအနေနဲ့ သွားဆွေးနွေး အကူအညီ တောင်းတာပေါ့ဗျာ။ ဒီည ကျနော်တို့ ကျွန်းကနေ ထွက်သွားတော့မယ်၊ သတင်းလုံခြုံမှုကို ၂ ပတ်လောက် ထိန်းပေးပါ။ ပြီးတော့ လှေကို ကူတွန်းချပေးဖို့ လူ ၆ ယောက်လောက် အကူအညီပေးပါ” လို့ ပြောတယ်။

လေထီးဗိုလ်အုန်းမောင်က “ဒီတိုက်ပွဲဟာ မှန်တယ်။ ကျနော်တို့ ထောက်ခံတယ်။ ကျနော်တို့လည်း အခြေအနေပေးရင် ဆက်တိုက်မယ်”။ ဆရာ ရာဂျန်ကတော့ “မန်းအောင်ကြည်တို့တိုက်ပွဲက သိပ်ပြီး စွန့်စားရမယ်” ရန်သူ မထင်မှတ်တဲ့အချိန်၊ မမျှော်လင့်တဲ့အချိန်မှာ အသေအချာ ရွေးချယ်ပြီးတော့မှတိုက်တာ ဖြစ်တယ်။ လူ ၆ ယောက် ၄ နာရီလောက် လာလိမ့်မယ်။

“ဗိုလ်အုန်းမောင်တို့က နို့ဆီ ၃ ဗူးရယ်၊ သကြားတထုတ်ရယ်၊ ခေါက်ဆွဲတထုတ်ရယ်၊ အမဲသားဗူး ၃ ဗူး၊ မီးအိမ်တလုံးနဲ့ ရေနံဆီတွေ ပေးလိုက်တယ်။ ပါတီရဲ့လက်ဆောင်လို့ ဗိုလ်အုန်းမောင်က ပြောပြီးပေးတယ်။ ဗိုလ်သန်းမြင့်ကိုလည်း ဆွေးနွေးခဲ့တယ်။ သတင်းလုံခြုံရေးကို ထိန်းပေးဖို့ သူတို့ကလည်း ထိန်းပေးမယ်လို့ ကတိပေးတယ်”

ဖထီးမန်းက ကျနော်ခုတ်ထားသည့် ဆပ်သွားဖူး တလိမ့်တုံးများကိုကြည့်ပြီး ...

“ကောင်းတယ်၊ ကောင်းတယ်”

ပြောလိုက်သေးသည်။ လာကူမည့် ရဲဘော်များကို ကျွန်းကလေးထိပ်တွင် သွားစောင့်ခိုင်းသည်။ မကြာပါချေ။ ၅ နာရီ နေခြည်ဆည်းဆာတွင် အရှေ့ဘက်ကမ်းခြေမှ ရဲဘော် ၆ ယောက်ကို လှမ်းမြင်ရသည်။ သူတို့ ခပ်ကျဲကျဲ လူစုခွဲ၍ သောင်ပြင်ကိုဖြတ်လာနေကြသည်။ ရေလက်ကြားကိုဖြတ်ပြီး ဂျယ်ရီကျွန်းကလေးသို့ အားလုံးကူးပြီးသောအခါ ကျနော် ရှေ့ကနေသွားပြီး ကြိုလာလိုက်သည်။

ဆပ်သွားဖူးချုံထဲသို့ အားလုံး ခေါ်သွင်းလိုက်သည်။ ရဲဘော် ၆ ယောက်သည် ကျနော်တို့လှေကိုကြည့်ပြီး တအံ့တသြ ဖြစ်နေကြသည်။ လှေကို ဝိုင်းကူတွန်းချပေးမည့်သူများတွင် ကိုလတ်(ကျွန်းဖျက်သိမ်းရေး ၅၂ ရက် အစာငတ်ခံတိုက်ပွဲတွင် ကျဆုံး)၊ ကိုသိန်းရှင် (အလုပ်သမား ဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ကိုသန်းကြည် (အမှုထမ်း ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ဆရာဦးလှဖေ၊ ကထိက(RFA သတင်းထောက် ဦးတင့်ဇော်)၊ ကိုလှရွှေ (တကသ)၊ ဗဖူးညွန့် (ပဲခူး) တို့ ၆ ယောက်ဖြစ်ပါသည်။

ဆရာဦးလှဖေ အမူအယာနှင့်အပြောကို ကျနော် ယခုထက်ထိ မြင်ယောင် ကြားယောင် မှတ်မိနေသေးသည်။ ဆရာက လှေကြီးကို လျှောက်ပတ်ကြည့်ပြီး သူ့လက်နှင့် လှေကို တိုင်းထွာကြည့်နေပါသည်။

ကျနော်က “၁၀ တောင်၊ ပေနဲ့ဆိုရင် ၁၅ ပေ ရှိတယ်”

သူက ဆက်ပြောသည်။

“လှေက ခိုင်ခန့်တယ်၊ ကောင်းတယ်။ ခင်ဗျားတို့ အောင်မြင်မှာပါ၊ ဘယ်နှရက်လောက် ဖြတ်ရမယ်လို့ မှန်းသလဲ”

“၁၀ ရက်လောက် ခန့်မှန်းတယ်ဆရာ”

“ဒီရက်အတွင်း ရောက်နိုင်ပါတယ်”

ပြောကြဆိုကြရင်း မှောင်ရီပျိုးလာပါပြီ။ ဖထီးမန်းက လမ်းစဖောက်ဖို့ ပြောပါသည်။ ကျနော်တို့ လျှို့ဝှက်လုံခြုံရေးကို ကာလကြာမြင့်စွာ ထိန်းသိမ်းခဲ့သော ဆပ်သွားဖူးချုံကြီး၏ အရှေ့ဘက်ခြမ်းကိုစ၍ ခုတ်ထွင် ရှင်းလင်းပါတော့သည်။

လှေတွန်းချမည့် လမ်းတလျှောက်တွင် ကြိုကြား ကြိုကြားခံနေသော ဆပ်သွားဖူးချုံကလေးများနှင့် အခြားချုံများကို ခုတ်ထွင်ရှင်းလင်းလိုက်သည်။ တနာရီလောက်ကြာမည် ထင်ပါသည်။ လှေတွန်းချမည့်လမ်းကြောင်း ရှင်းသွားလေသည်။

ဆက်လက်ဖော်ပြပါမည်။


Monday, April 26, 2010

လေးစားစွာဖြင့် ဂုဏ်ပြုပါတယ် …

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ဆုရရှိသွားသော
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ
ဦးကျော်သူ အား လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။

ပုံတူကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်

ဖုန်းဆိုးသစ်ပင်

အယ်မာရီမြို့
ရာသီကြိုတဲ့လပေမို့
ခဏတာပျက်ကြွေတဲ့သစ်ပင်
အမြစ်ရှင်သရွေ့ပွင့်ကုန်၏။

သင်္ကြန်မိုးတဖြောက်မှာ
အစို့အညှောက်ထွက်
မပျောက်မပျက်ရှိအပ်တဲ့
သတ္တိကိုပြ
ပကတိ စိမ်းစိမ်းစိုစို
နှစ်သစ်ကိုကြိုဘိ။

မြေဝါရောင်လိမ်းကျံတဲ့
ကန္တာရဝတီပါ
မြန်ပြည်သားတို့သင်္ကြန်
သူအသံ သူ့သံချပ်နဲ့
သူ့အရပ်ကိုဆင်
သည်သဘင်လွမ်းစရာ့။

နှစ်အကူးမှာ
ဗျစ်မူးအောင်သောက်
တောရောက်တောင်ရောက်
ပျောက်ဆုံးသွားတဲ့ သိင်္ဂါရအလင်္ကာ
ပြန်မရှာလေအား
နွေတံခါးကိုလှစ်
ရွက်သစ်တွေ ပွင့်သစ်ဝေလို့
စစ်ကြေငြာနေပါလ။

မလွမ်းစကောင်း
နှောင်းခဲ့ပြီးမှ
အဟောင်းတဲ့ကို သတိမရနဲ့တော့
အမိအဖကိုသော် ပစ်ဖယ်လို့
အနှစ်နှစ်ဆယ်ကျော်ပြီကော
သည်တောမှာ အညံ့မခံရာ။

အသစ်အဖူးတဲ့
နှစ်ဦးရဲ့သင်္ကေတပါ
ဘဝမှာရှုံးနိမ့်ခဲ့သမျှ
နာကြင်ခဲ့သမျှ
ခွဲခွာခဲ့သမျှ
အစကို ပြန်ပြန်ကောက်လို့တော့
ပိတောက်ဆိုတာ
တခါပွင့်ပြီးနောက်မှာ
ပျောက်ကွယ်ပျက်သုဉ်းသွားသည် မရှိပါ။

တောမီးအလောင်ခံရ
တောကြောင်အကိုက်ခံရ
နှင်းရိုက်ဒဏ်ခံရ
ခံရချက်အထွေထွေနဲ့
ပျက်ကြွေမသွားပါ
အနှစ်အသားမာမာမို့
အတာရေကိုအသောက်
တောက်ပ ဝါဝါဝင်း
သူ့အဆင်းသူ့ဟန်
နန္ဒမူ ဖန်ဂူထိပ်မှာ
လိပ်ပြာတသင်းသင်း
လူ့ပြည်ကိုဆင်း၏။

ဆောင်းအောင်းသစ်ပင်
လွင်ပြင်ကန္တာမှာ
အခါခါခမ်းခြောက်လည်း
ပိတောက်နှလုံးနဲ့
အပြုံးကိုလှစ်
နှစ်သစ်မှာ ပွင့်ပြန်ဘိ။ ။

စောငို
(အယ်မာရီလို)
ဧပြီ ၂၆၊ ၂ဝ၁ဝ

သရုပ်ဖော် - အောင်ထက်

စတင်ရုပ်လုံးပေါ်လာနေပြီဖြစ်တဲ့ ရွေးကောက်ပွဲလွန် နိုင်ငံရေး

“အခြေခံအကျဆုံး စိုက်ထူပေးရမယ့် အတွေးအခေါ်ဟာ နအဖ စစ်အာဏာရှင်စနစ်ကို ပြည်သူ့အားနဲ့ တိုက်ဖျက်မှသာ အောင်ပွဲခံနိုင်မယ်ဆိုတာ ဖြစ်ပါတယ်။
တခြားနိုင်ငံတခုက ဖယ်ရှားပေးနိုးနိုး၊ ကုလသမဂ္ဂမှာ အဖြေထွက်နိုးနိုး၊
သိုက်စာတွေ ဖတ်ပြတာမျိုး မလုပ်သင့်ပါဘူး။ နောက်ပြီး ညီညွတ်တဲ့ အတွေးအခေါ်တခု ရှိဖို့လိုကြောင်း သဘောပေါက်အောင် လုပ်ရပါမယ်။ တိုက်ပွဲပေါ်မှာအခြေခံတဲ့ ညီညွတ်မှုမျိုးကို ဘယ်လို တည်ဆောက်မယ်ဆိုတာကိုလည်း ဆက်တိုက်တွေးတော ပြင်ဆင်ရပါမယ်။ အဲဒီ တူညီတဲ့ အတွေးအခေါ်ရှိတော့မှ တူညီတဲ့ လုပ်ငန်းစဉ် ချမှတ်နိုင်ပါလိမ့်မယ်”



မတ်လ ၂၉ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖရဲ့ လိမ်ဆင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်တော့ ၀ိုင်းချီးကျူးကြ၊ ထောက်ခံကြတဲ့အသံတွေ ပဲ့တင်ထပ်မျှ ကြားကြရပါတယ်။ ဒါပေမယ့် ကာလလေးတခုပဲ ကြာလိုက်တယ်၊ တိုက်ရိုက် အပြစ်ဖို့သံတွေ၊ သွယ်ဝိုက် အပြစ်ဖို့သံတွေပါ တခါပြီး တခါ ကြားလာနေရပါတယ်။

ဒါတောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင် ရပ်တည်နေဆဲ ရှိပါသေးတယ်။ ရပ်တည်ခွင့်မရတော့ဘူးဆိုရင် ဘယ်လောက်များ ပြောကြမှာပါလိမ့်။ ဘက်မလိုက်တဲ့ မီဒီယာများက ဘယ်လောက်များ ဖော်ပြကြမှာပါလိမ့်။

လောကမှာ “အစက ငါမပြောလား” ဆိုတဲ့ လုပ်ဟန်ရှိတဲ့လူတွေ နည်းတာမှ မဟုတ်တာ။ တချို့လူတွေကျတော့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်တိုင် အပြစ်တင်လို့မကောင်းလို့ သူတပါး ပါးစပ်ကိုငှားပြီး ဝေဖန်နေတာလားလို့လည်း စဉ်းစားမိပါရဲ့။ ဒါကိုပဲ နိုင်ငံရေးရဲ့ လောကဓံရှစ်ပါးလို့များ ပြောကြမှာလား။

ဘာပဲပြောပြော အခုအခါမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြစ်တင်တာ၊ ကိုယ်ဘာကြောင့် ရွေးကောက်ပွဲဝင်တယ်ဆိုတာကို ရှင်းပြတာတွေ အမြောက်အမြား ဖတ်နေ၊ ကြားနေရတာ အမှန်ပါပဲ။ ဒီလို ပြောကြ၊ ရေးကြတာတွေမှာ နောက်ကြောင်းတွေ ပြန်သူက ပြန်၊ သမိုင်းကို လှန်သူက လှန်တာတွေလည်း အတော်များများ တွေ့နေရပါတယ်။

တချို့ ‘သိမီသူကြီးများ’ကတော့လည်း တခြားလူတွေ သေကုန်ပြီဆိုပြီး သမိုင်းကို နအဖ အကြိုက် ရေးပေးနေကြပါတယ်။ အဲဒီလိုရေးရင်း ပြောရင်းနဲ့ တချို့က စစ်တပ်က အာဏာသိမ်းတာဟာ တရားတယ် ဆိုတာမျိုးအထိတောင် ဖြစ်လာပါတယ်။

သူတို့ပြောတာ၊ ရေးတာတွေအရဆိုရင် ၁၉၅၈-၁၉၆၂-၁၉၈၈ တို့မှာ အာဏာသိမ်းခဲ့တာတွေဟာတောင်မှ အကျိုးနဲ့ အကြောင်းနဲ့ချည်းပဲ ဖြစ်နေပါတယ်။ အာဏာသိမ်းသူတွေကို အဆိုးမဆိုသာဆိုတဲ့ သဘောမျိုးတွေ တွေ့ရ၊ ကြားရပါတယ်။

တကယ်ကျတော့ ဒီနေ့အခါမှာ နအဖ ကိုယ်တိုင်ကတောင်မှ ၁၉၅၈ နဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းတာတွေဟာ တရားတယ်၊ မှန်တယ်လို့ သိပ်ပြောရဲတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ‘မယ်ဘော်’တွေကတော့ အဲဒီဗမာပြည်ရဲ့ သမိုင်းအမည်းကွက်တွေ အတွက် ကျန်နိုင်ငံရေးအင်အားစုတွေမှာသာ တာဝန်ရှိတယ်လို့ ဆိုနေ၊ ရေးနေကြပါတယ်။ မြက်ခင်းသစ် ဆောင်းပါးတွေလား၊ ဒါမှမဟုတ် မြန်မာ့အလင်း ပင်တိုင်ဆောင်းပါးတွေလား အောက်မေ့ရပါတယ်။

ရွေးကောက်ပွဲဝင်မယ်၊ ဒီချုပ်ကို ဝေဖန်တယ်ဆိုတော့ အရင်က ရှေ့တန်းထွက်ဖို့ နေနေသာသာ လမ်းပေါ်က ကြွေးကြော်သံကြားတယ်ဆိုရင်ပဲ အခန်းစည်းဆွဲချ၊ ပြတင်းပေါက်ပိတ် လုပ်နေတဲ့လူတွေတောင် မီဒီယာတွေမှာ နေရာတွေရနေကြတာ တွေ့ရပါတယ်။ လျှပ်တပြက်က ဦးမြတ်ခိုင်တို့များ အလုပ်တွေ များလှသပေါ့။

နအဖရဲ့ ရွေးကောက်ပွဲနဲ့ နီးလာတာနဲ့အမျှ နဂိုက အတိုက်အခံဆိုသူ၊ ဒါမှမဟုတ် အတိုက်အခံကိုယ်စားပြုတဲ့ မီဒီယာသမားဆိုတာလိုလိုတွေအကြားမှာ အယူအဆတွေနဲ့ ပြောပုံဆိုနည်းတွေ ကွဲပြားလာတာတွေ တွေ့လာရပါတယ်။ ပြည်တွင်းအတိုက်အခံနဲ့ ပြည်ပအတိုက်အခံတွေ (မနည်းလှတဲ့) အကြားမှာ ကွဲပြားတာတွေ တွေ့လာနေရပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံစိတ်ဓာတ်ဟာ တချို့လူတွေအဖို့တော့ ‘ချိတ်မာ’ ဖြစ်သွားလေပြီလား မသိပါ။ ဗမာပြည်နိုင်ငံရေးရဲ့ အဓိက ပဋိပက္ခဟာ စစ်အုပ်စုနဲ့ ပြည်သူလူထုအကြားက ပဋိပက္ခဖြစ်နေသေးသရွေ့ ရှစ်လေးလုံးအရေးတော်ပုံ စိတ်ဓာတ်ကို ကိုင်စွဲနေရ၊ ပြောနေရဦးမှာဖြစ်ပါတယ်။

တကယ်ကျတော့ ဇာတ်လမ်းက အခုမှရှိပါသေးတယ်။ မကြာခင်မှာ အများအပြား ပွင့်ကျလာကြဦးမှာပါ။ အကွဲတွေ၊ စုစည်းမှုတွေ။ ခြေလှမ်းတလှမ်းဟာ ဇာတ်လမ်းတလမ်း ဖြစ်သွားပါတော့မယ်။ သတိပြုသင့်တဲ့ အချက်တခုက အခုတွေ့နေရတဲ့ ရပ်တည်ချက်ပြောင်းတယ်ဆိုရာမှာ သာမန်ပြောင်းသွားတာ မဟုတ်ဘဲ မူလက နအဖရဲ့ လူဆိုးစာရင်းဝင်အဖြစ်ကနေ နအဖ အကြိုက်အဖြစ် ပြောင်းသွားတာ ဖြစ်တယ်ဆိုတာပါ။ နဂို အတိုက်အခံကနေ ကြားနေသမား ဖြစ်သွားတယ်ဆိုတာမျိုး မဟုတ်ပါဘူး။

ဒီအပြောင်းအလဲတွေ၊ ခြေလှမ်းတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကို အဖျက်သိမ်းခံဖို့ ဆုံးဖြတ်လိုက်ရာကနေ ပေါ်လာတဲ့ နောက်ဆက်တွဲတွေလားလို့ စဉ်းစားသူများ ရှိကောင်းရှိပါမယ်။ မဟုတ်ဘူးထင်ပါတယ်။ တော်တော်များများဟာ နအဖက ရွေးကောက်ပွဲလုပ်ဖို့ ကြေညာလိုက်ကတည်းက ပြင်ထားတဲ့ခြေလှမ်းတွေ လို့ ယူဆရပါတယ်။ အနှစ် နှစ်ဆယ်ကျော် ရပ်တည်နေတဲ့ စစ်အစိုးရကို တိုက်မရတော့ဘူးဆိုတဲ့ အယူအဆဟာ ပြည်ပအစိုးရတွေ၊ အဖွဲ့အစည်းတွေထဲမှာတောင် ပေါ်နေတာပါ။

ပြောရရင် စစ်အစိုးရကို အထင်ကြီးလာတာကနေ ဖြစ်ပေါ်လာတဲ့ စဉ်းစား တွေးခေါ်နည်းပါ။ တကယ်ကျတော့ အနှစ် နှစ်ဆယ်ကျော်ကာလမှာ အဲဒီ ပြည်ပအစိုးရတွေရော၊ အခု ရွေးကောက်ပွဲဝင်ရေးကို ပြောနေတဲ့ လူတွေရော စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဘာများ ထိထိရောက်ရောက် လုပ်ခဲ့ကြလို့လဲ။ ဗမာပြည် ပြည်သူလူထုကို ပစ်ထားပြီး လက်သင့်သလို လုပ်နေကြတာက များပါတယ်။

တဆက်ထဲမှာ ဖြစ်လာတာက အဲဒီလို လျှောက်လုပ်ရင်း၊ လျှောက်လုပ်ရင်းနဲ့ ပြည်သူလူထုကို အထင်သေးလာတာပါ။ တချို့ကဆိုရင် ပြည်သူလူထုကို “နအဖလက်မှာ ခွေးသေဝက်သေ သေရစ်တော့” လို့ မပြောရုံတမယ်ပါ။ အဲဒါက ကိုယ့်ကိုယ်ကို ကယ်တင်ရှင်လို့ ယူဆသူတွေရဲ့ စဉ်းစားနည်းဖြစ်ပါတယ်။ ဒီအထဲမှာ နိုင်ငံခြားသားရော၊ ဗမာပြည်သားရော ပါပါတယ်။

သူတို့ဟာ တရားခံရရှာ အပြစ်ဖို့တာလည်း ဝါသနာပါတတ်ပါတယ်။ အခုဆိုရင် မအောင်မြင်ရတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်စု ခေါင်းမာလို့ ... လို့ ပြောနေကြပါတယ်။ အမှန်ပြောရရင် ဗမာပြည်ရဲ့ကံကြမ္မာကို တကယ် အဆုံးအဖြတ်ပေး၊ ဖန်တီးမယ့် အင်အားဟာ ပြည်တွင်းမှာသာ ရှိတယ်ဆိုတဲ့ အယူအဆကို လက်ခံပြောဆိုလာကြတာဟာတောင်မှ သိပ်မကြာလှသေးဘူး မဟုတ်လား။

မှန်ကန်တဲ့ အတွေးအခေါ်တရပ်ကို လက်ခံလာအောင်၊ ကျအောင် လုပ်တယ်ဆိုတာ အချိန်ယူရပါတယ်။ နှစ်နဲ့တောင် ချီတတ်ပါတယ်။ ဒီလိုနဲ့ပဲ ပြည်သူလူထုဟာ မလှုပ်ဝံ့ဘူး၊ သနားစရာကောင်းတယ်၊ စီးပွားရေး အကြပ်အတည်းတွေနဲ့ လုံးချာလိုက်နေတယ် ဆိုတာတွေကို ကယ်တင်ရှင်များက တဖွဖွပြောပေးနေကြတဲ့ အကြားက စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကြီး ပေါ်လာခဲ့ပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ စတာတွေမှာ ဇန်န်ဝါရီလကနေ မတ်လလယ်အထိ ၂ လတာကာလမှာ ထောင်ချီ အလုပ်သမသပိတ်တွေ ၁၄ ကြိမ်တောင် ပေါ်ပေါက်ခဲ့ပါကရောလား။ ဒါဟာ သတ္တိကြောင်ကြောင်း ဖော်ပြနေတာလား။

အဲဒီလိုအခြေအနေတွေ ရှိပါလျက်ကနဲ့ နအဖလို စစ်အာဏာရှင်တွေကို အလျှော့ပေးပြီး ရေလိုက်ငါးလိုက်လုပ်မှ ဖြစ်မယ်ဆိုတဲ့ အယူအဆ ပေါ်လာတာဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုအယူအဆတွေ ပေါ်တယ်ဆိုတာ လူတယောက်နဲ့တယောက် အကြောင်းရင်းတွေက တူချင်မှတူကြမှာပါ။ ဒါပေမယ့် ဆုံစည်းရာအရပ်ကိုတော့ တခုတည်းလို ဖြစ်နေတာ တွေ့နေရပါတယ်။ တိုက်ဆိုင်တယ်လို့ပဲ ထားလိုက်ကြပါဦးစို့။

တခုပဲသတိပေးဖို့လိုမယ် ထင်ပါတယ်။ အဲဒါက အဲဒီ ကတွတ်ပေါက်မှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီရဲ့ လက်ရုံးတပ်များက ထိုင်စောင့်နေတယ်ဆိုတာပါ။ ဗိုလ်သိန်းစိုးကော်မရှင် ‘ကြောင်ကြီး’က ‘ယက်သဲ့ကြား တင်တဲ့ငါး ကြောင်စား’ ဖို့ အစစ ပြင်ထားပြီးပါပြီ။ မကြာခင် ပေါက်ကောင်ပေါ်တော့မှာပါ။ ပြည်ပရောက်နေသူတွေကတော့ အစားမခံရဘူးပေါ့။ ပြည်တွင်းမှာနေတဲ့ လူများထဲကတော့ ကံအကောင်းဆုံးလူဟာ လွှတ်တော်ထဲက လူပြက် ဖြစ်ပါလိမ့်မယ်။

တကယ့်ပြဿနာက ပြည်တွင်းကလူတွေကို ဘယ်လို ရဲရင့်လာအောင် လုပ်မလဲဆိုတာဖြစ်ပါတယ်။ တူညီတဲ့ အတွေးအခေါ်တခုချပေးဖို့ လိုပါတယ်။ နအဖဟာ မကောင်းဘူး၊ ချပစ်ရမယ် ဆိုတာလောက်က အတွေးအခေါ် မမည်ပါဘူး။ သာမန် အသိသက်သက်သာ ဖြစ်ပါသေးတယ်။

ဒီ့ထက်နက်ရှိုင်းတဲ့ စဉ်းစားတွေးခေါ်နည်းတွေ ပေးနိုင်ဖို့ လိုပါတယ်။ ဒါမှသာ အလိမ်အညာတွေ၊ အတုအယောင်တွေကို ခွဲခြားသိရှိနိုင်ပါလိမ့်မယ်။ နိုင်ငံရေးလုပ်သူတွေ၊ မီဒီယာတွေဟာ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် မျှော်လင့်ချက်မှားတွေ ပေးနေလို့မဖြစ်ပါဘူး။ အဲဒီ ထင်ယောင်ထင်မှားဖြစ်မှုတွေ ပျောက်သွားမှ လူထုဟာ ရဲရင့်လာမှာပဲ။ ဒါပေမယ့် ခက်တာက အဲဒီ ထင်ယောင်ထင်မှားဖြစ်မှုတွေကိုလည်း အတိုက်အခံဆိုတာတွေက ဖြန့်ဖြူးတာချည်း ဖြစ်နေတာပါပဲ။

အခြေခံအကျဆုံး စိုက်ထူပေးရမယ့် အတွေးအခေါ်ဟာ နအဖ စစ်အာဏာရှင်စနစ်ကို ပြည်သူ့အားနဲ့ တိုက်ဖျက်မှသာ အောင်ပွဲခံနိုင်မယ်ဆိုတာ ဖြစ်ပါတယ်။ တခြားနိုင်ငံတခုက ဖယ်ရှားပေးနိုးနိုး၊ ကုလသမဂ္ဂမှာ အဖြေထွက်နိုးနိုး၊ သိုက်စာတွေ ဖတ်ပြတာမျိုး မလုပ်သင့်ပါဘူး။ နောက်ပြီး ညီညွတ်တဲ့ အတွေးအခေါ်တခု ရှိဖို့လိုကြောင်း သဘောပေါက်အောင် လုပ်ရပါမယ်။ တိုက်ပွဲပေါ်မှာအခြေခံတဲ့ ညီညွတ်မှုမျိုးကို ဘယ်လိုတည်ဆောက်မယ် ဆိုတာကိုလည်း ဆက်တိုက်တွေးတော ပြင်ဆင်ရပါမယ်။ အဲဒီ တူညီတဲ့ အတွေးအခေါ်ရှိတော့မှ တူညီတဲ့ လုပ်ငန်းစဉ် ချမှတ်နိုင်ပါလိမ့်မယ်။

၁၃၀၀ ပြည့် အရေးတော်ပုံ၊ ၁၉၄၆ ခုနှစ် အထွေထွေသပိတ် စတာတွေဟာ တူညီတဲ့ အတွေးအခေါ်နဲ့ တူညီတဲ့ လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ခဲ့ကြတာဖြစ်ပါတယ်။ တခြားနိုင်ငံတွေကို ရှည်ရှည်ဝေးဝေး လှမ်းမျှော်ကြည့်နေဖို့ မလိုပါဘူး။ သမိုင်းဝင် အောင်ပွဲခံ အတွေ့အကြုံတွေဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။


ရဲဘော်ဖိုးသံချောင်း


Friday, April 23, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၅)

ဦးတင်ညွန့်ကို သူတို့ကခေါ်တွေ့ပြီးတဲ့ နောက်တနေ့ နေ့လည်မှာပဲ ကျနော်ကိုလည်း ခေါ်တွေ့တယ်။ ထောင်ထဲကလို့ပဲထင်ရတဲ့ ရုံးခန်းတခန်းဆီကို စောင်အုပ်ပြီးခေါ်သွားတာပေါ့။ အခန်းလေးက တခန်းတည်းပါ။ တထပ်အဆောက်အဦလေးထဲက အခန်းလေးတခန်းလို့ ကျနော် ထင်တယ်။

အထဲရောက်တော့ အတွင်းဘက်ရှိတဲ့ အခန်းတခန်းထဲကို တွန်းပို့လိုက်တယ်။ အဲ့ဒီမှာ စားပွဲတလုံး ချထားတယ်။ စားပွဲက လေးထောင့်ရှည်ရှည်ပေါ့။ စားပွဲထိပ်မှာက ထောက်လှမ်းရေးက ဗိုလ်မှူးတယောက် ထိုင်နေတယ်။ (သူ့နာမည်က ဗိုလ်မှူးစိုးမြင့်လို့ နောက်မှ သူ့ကိုယ်သူပြောပြလို့ သိရတယ်။)

တံခါးပေါက်နဲ့ မျက်နှာချင်းဆိုင် အတွင်းဘက်မှာက ‘သခင်သန်းထွန်း နောက်ဆုံးနေ့များ’ စတဲ့ ထောက်လှမ်းရေးရဲ့ ဝါဒဖြန့် စာအုပ်တွေကို နာမည်ခံရေးထုတ်နေတဲ့ မြရာပင်စာပေဆိုတာက (သူတို့ခေါ်တဲ့) ရဲဘော်မြ၊ ရဲဘော်ဘခက်၊ ရဲဘော် တင်ရှိန်ဆိုတဲ့ လူ ၃ ယောက် ထိုင်နေကြတယ်။ ကျွန်းကတည်းက ကျနော်တို့က အင်မတန် မုန်းတဲ့သူတွေပေါ့။ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ကျနော်တယောက်တည်း ကုလားထိုင်တလုံးမှာ ထိုင်ရတယ်။

ထောက်လှမ်းရေးဗိုလ်မှူးက သူ့ကိုယ်သူ ဘယ်သူဆိုတာ ပြောပြတယ်။ ပြီးတဲ့အခါကျတော့ မျက်နှာချင်းဆိုင်က ရှိတဲ့သူတွေနဲ့ မိတ်ဆက်ပေးတယ်။ သူတို့ ကျနော်ကို စီးကရက် တည်တယ်။ ကျနော်က (နဂိုကတည်းက ဆေးလိပ်မသောက်တဲ့ သူဆိုတော့) ငြင်းလိုက်တယ်။

အဲ့တော့ သူက အင်မတန်အေးဆေးတဲ့ လေသံနဲ့ ...

“ခင်ဗျားတို့က ထောင်ထဲမှာနေတာ ကြာသွားတော့ကာ အပြင်မှာကိစ္စတွေ ဘာမှမသိဘူး။ အထူးသဖြင့် ဗကပ ဗဟိုမှာ ဘာဖြစ်နေတယ်ဆိုတာ ခင်ဗျားက မသိဘူး။ ဟောဒီ ခင်ဗျားရှေ့က ထိုင်နေတဲ့ လူ ၃ ယောက်ကတော့ အဲ့ဒီက လာတဲ့လူတွေပဲ၊ သူတို့က အသိဆုံးပဲ၊ သူတို့ထက် ပိုသိတဲ့သူ မရှိဘူး။ အဲတော့ သူတို့ပြောပြတဲ့ဟာတွေကို ခင်ဗျား နားထောင်ကြည့်စမ်းပါဗျာ၊ ခင်ဗျား ရေးထားတဲ့ဟာတွေကိုလည်း ကျနော်တို့ ဖတ်ရပါတယ်။ အဲ့တော့ ထင်ထားတဲ့ဟာတွေနဲ့ တူလား မတူလားဆိုတာ သူတို့ပြောတာကို ခင်ဗျား နားထောင်ကြည့်စမ်းပါ”

အဲ့ဒီလို ပြောတယ်။ (သူညွှန်းတာ ကျနော်တို့ကို စာမေးပွဲစစ်တုန်းက ကျနော်ရေးခဲ့တဲ့ဟာတွေကို ညွှန်းတာ။)

သူက အဲလိုပြောလိုက်တော့ ကျနော်က ...

“ဗိုလ်မှူးနဲ့ကတော့ ထောင်အာဏာပိုင်နဲ့ဆိုတော့ ကျနော်က ပြောစရာရှိတာ ပြောရမှာပေါ့၊ ဒါပေမယ့် ဒီလူ ၃ ယောက်ကတော့ သစ္စာဖောက်တွေပဲ၊ လက်နက်ချတွေပဲ။ ကျနော့်မှာ သူတို့နဲ့ ပြောစရာ ဘာစကားမှ မရှိဘူး”

လို့ ကျနော် ပြောလိုက်တယ်။ ဒါဟာ ဦးတင်ညွန့်ပြောပြတာကို ကျနော်ကြားပြီးကတည်းက စဉ်းစားထားတဲ့ စကားတွေ။

အိုး … အဲဒီအချိန်မှာ ဗိုလ်မှူးစိုးမြင့်ဆိုတဲ့သူက အကြီးအကျယ် ဒေါပွသွားတယ်ဗျို့၊ မျက်နှာ အကြီးအကျယ် ပျက်သွားတယ်။ အိနြေ္ဒကို မဆယ်နိုင်ဘူး။ စကားပြောတော့လည်း အစကတော့ ‘ခင်ဗျားနဲ့ ကျနော်’ကနေ ချက်ချင်း ‘မင်းနဲ့ ငါ’ ဖြစ်သွားတယ်။ ဟို ၃ ကတော့ သိပ်မပျက်ဘူး။ သူတို့ ၃ ယောက်က ဒီဘက်မှာ ဗိုလ်မှူးစိုးမြင့်ထက် ဝါရင့်တာ သိပ်ပြီး သေချာတယ်။

ဒါပေမယ့် ဘယ်လိုပဲပြောပြော သူတို့နဂိုက စဉ်းစားထားတဲ့ ကျနော့်ကို ကျနော့်အကို ကိစ္စပြောပြပြီးတော့ မိချောင်းမျက် ရည်ကျပြမယ်ဆိုတဲ့ အစီအစဉ် ပျက်သွားတယ်။ နောက်ဆုံး သူတို့အချင်းချင်းပဲ စကားပြောကြတယ်၊ တိုးတိုး တိုးတိုးနဲ့။ “အင်း … ရုပ်ကတော့ သူ့အကိုနဲ့ ဆင်သားပဲ” ဒီလောက်ပဲ ပြောတယ်။ အခြားတော့ သူတို့ ဘာမှမပြောကြတော့ဘူး။ တခါတည်း နှုတ်ပိတ် သွားတယ်။ ကျနော် ထိပ်ကနေ ပိတ်ပြောလိုက်လို့။

ဗိုလ်မှူးစိုးမြင့်ဆိုတဲ့လူကတော့ ပြောရင်းပြောရင်း ဒေါသထွက်ထွက်လာတယ်။ ထိန်းလို့ မရဘူး။ သူကပြောလည်း ကျနော်ကတော့ ဘာမှမပြောဘူး။ နားထောင်နေတာပဲ။ ပြောရင်းပြောရင်းနဲ့ နောက်ကျတော့ စိန်ခေါ်တဲ့သဘောတွေ၊ ပြိုင်တဲ့သဘောတွေ ပါလာတယ်။ တခါကျတော့သူက

“မင်းက ဘာမှမသိဘဲ ပြောနေတာ၊ မင်းတို့ ဗဟိုရှိတဲ့ ရိုးမကိုသွားရင် မင်းလည်းသေမှာ၊ မင်းသွားရဲသလား။ သွားမယ်ဆို ငါ အခုထုတ်သွားပြီး မင်းကို ငါတို့ကိုယ်တိုင် လိုက်ပို့ပေးမယ်”

လို့ ပြောတယ်။ ဟာ … ဒီအထိပြောလာတာတော့ လွန်လာပြီလို့ ကျနော် စဉ်းစားမိတယ်။ (ဒါပေမယ့် သူတို့ ပြောတဲ့အတိုင်း လိုက်သွားလို့ရှိရင်လည်း လမ်းမှာ သတ်ပစ်လိုက်မှာ သေချာတယ်။) အဲ့တော့ ကျနော်က ခပ်အေးအေးပဲ ...

“ဒါဖြင့်လည်း ခင်ဗျားတို့ လွှတ်ကြည့်ပါလား၊ လိုက်ပို့ဖို့ မလိုပါဘူး”

လို့ တခွန်းပဲ ပြန်ပြောလိုက်တယ်။

အဲ့တော့ သူဘာမှ ဆက်မပြောတော့ဘူး။ နှုတ်ပိတ်သွားတယ်။ အဲ့လို လွှတ်ပေးမယ်လို့လည်း သူ အာမခံလို့ မရဘူးလေ။ ဒါပေမယ့် အကြီးအကျယ်ကို မျက်နှာပျက်သွားတယ်။ နောက်ဆုံးကျတော့ ပြောစရာကို မရှိလောက်အောင် နှစ်ဖက်ဖြစ် သွားကြတယ်။

နောင် … ကျနော် ထောင်က လွတ်လာတဲ့အခါကျတော့ ထောက်လှမ်းရေးကရော၊ ခုနက မြရာပင်အဖွဲ့က လူတွေကပါ ကျနော့်ဆွေမျိုးတွေ၊ ကျနော်တို့နဲ့ သိတဲ့သူတွေကို ကြုံတိုင်းကြုံတိုင်း ကျနော်က ‘သိပ်ခေါင်းမာတာပဲ’ လို့ လျှောက်လျှောက်ပြောကြတယ်။ အဓိပ္ပာယ်က မလွတ်တာလည်း မဆန်းဘူးလို့ ဆိုချင်သလား မသိပါဘူး။

ဒီလိုနဲ့ပဲ ကျနော်တို့စကားဝိုင်းဟာ အရည်ရရ အဖတ်ရရ ဘာမှမရှိဘဲနဲ့ ကျနော်ကို တိုက်ခန်းထဲ ပြန်ပို့လိုက်တယ်။ တိုက်ခန်းထဲ ပြန်ရောက်တော့ အင်မတန် စိုးရိမ်တကြီးနဲ့စောင့်နေတဲ့ ဦးတင်ညွန့်ကို တွေ့ရတယ်။ တပ်ထားတဲ့ မျက်မှန်ကြားထဲက မျက်လုံးလေးတွေ ဝိုင်းလို့ ကျနော့်ကိုမျှော်နေတာ။ ပြီးတော့ ကျနော်တို့ ၂ ယောက်သား အဲဒီအကြောင်းတွေ ပြန်ပြီး ပြောကြ၊ စားမြုံ့ကြတာပေါ့။

နောက် ဘာမှမကြာဘူး။ ရက်ပိုင်းအတွင်းပဲဖြစ်မယ်။ ကျနော်တို့ ၂ ယောက်ကို အင်းစိန်တွဲဖက်ထောင်ကို ပို့လိုက်တယ်။ တွဲဖက်ထောင် အဆောင် ၁ မှာ ကျနော်တို့ နေရတယ်။ (ကျနော်တို့ ကျွန်းမသွားခင်တုန်းကတော့ အဆောင် ၂ မှာ) အဲဒီတုန်းက အင်းစိန်တွဲဖက်ထောင်ကြီးထဲမှာ လူက နည်းနည်းလေးပဲရှိတယ်။ လွှတ်ကုန်ပြီကိုး။ အခုက လက်ကျန်လေးပဲ ကျန်တော့တာ။ အဲ့တော့ ထောင်ကြီးတခုလုံး ထားတဲ့သူတွေက ချောင်နေတယ်။ အဆောင် အားလုံးပေါင်း ၆ ခုလား၊ ၇ ခု လား ရှိတာ။

အဲ … လူက ၁ဝ ယောက်လောက်ပဲ ရှိတယ်ထင်တယ်။ နောက် အားလုံးကလည်း ကျွန်းက ပြန်လာကြတဲ့ သူတွေချည်းပဲ။ ကျနော်မှတ်မိသလောက် ကျနော်နဲ့ အတူနေရတာက ခုနက ဦးတင်ညွန့်၊ လူထုကိုစိန်ဝင်း၊ (မြန်မာနိုင်ငံ အလုပ်သမား ညီညွတ်ရေးပါတီဖြစ်လာတဲ့) ပြည်သူ့ရဲဘော်က ခေါင်းဆောင် ဗိုလ်မျိုးထွဋ်၊ နောက်ပြီးကတော့ ဗိုလ်ဟိန္ဒက၊ ဗမာပြည်ကွန်မြူနစ်ပါတီကို အကူအညီပေးလို့ အဖမ်းခံရတဲ့ ဦးချစ်ဆွေ၊ အဲ့ဒီလူတွေလောက်ပဲရှိတယ်။ ဒါ ကျနော်နဲ့ အတူ နေရတဲ့အဆောင်။

ဆက်လက်ဖော်ပြပါမယ်။

Thursday, April 22, 2010

ရွေးကောက်ပွဲဥပဒေများ သုံးသပ်ချက် (နိဂုံးပိုင်း)

“ပြည်သူတွေကနေ တခဲတနက်နဲ့ မဲဆန္ဒပေးပြီးရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းကိုတောင်မှပဲ ရွေးချယ် တင်မြှောက်ရေးကော်မရှင်အဖွဲ့ကနေပြီးတော့ အခန့်မသင့်ရင် မသင့်သလို ဥပဒေနဲ့မညီညွတ်ဘူးဆိုတဲ့ ကိစ္စရပ်တွေကို အကြောင်းပြပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ဖြုတ်နိုင်တဲ့သဘော ဖြစ်နေတယ်”

အများပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ကော်မရှင်ကနေ ခုံရုံးဖွဲ့စစ်ဆေးပြီး ရုတ်သိမ်းနိုင်ပေမယ့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းလာတဲ့ တပ်မတော်သား ကိုယ်စားလှယ်ကိုတော့ အမည်စာရင်းကြေညာပေးရုံသာ အခွင့်အာဏာရှိပါတယ်။ တကယ်လို့ ဥပဒေနဲ့ မညီညွတ်ခဲ့ရင်တောင် ကော်မရှင်က သီးခြားဆုံးဖြတ်ခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်း ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။

“ရှင်းရှင်းပြောရရင်တော့ တပ်မတော်ဘက်က ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ရင်တော့ ရွေးချယ်တင်မြှောက်ရေးကော်မရှင်မှာ ဘာမှ အခွင့်အာဏာမရှိဘူးဆိုတဲ့သဘော သက်ရောက်နေတယ်ဆိုတာကို တွေ့ရမယ်”

တပ်မတော်သားကိုယ်စားလှယ် ၂၅ % ဆိုတာကလည်း တပ်မတော်ကနေ မဲနဲ့ရွေးချယ်ထားတာမျိုးတော့ မဟုတ်ပါဘူး။ ကာကွယ်ရေးဦးစီးချုပ်တဦးတည်းကနေ ရွေးချယ်မယ့် ၂၅ % ပါ။ ကာကွယ်ရေးဦးစီးချုပ်က ရွေးထားတဲ့ အဲဒီ ၂၅ % ဟာလည်း ရွေးကောက်ပွဲသက်တမ်း ၅ နှစ်အတွက်တောင် တကယ်တော့ အာမခံချက်ရှိတာ မဟုတ်ပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်က မကြိုက်လို့ရှိရင် အချိန်မရွေး အကြောင်းပြချက် ပေးစရာမလိုဘဲနဲ့ အဲဒီ တပ်မတော်သား ကိုယ်စားလှယ်ကို ပြန်လည်ရုတ်သိမ်းပြီးတော့ နောက်တယောက်နဲ့ အစားထိုးခန့်ထားလို့ ရပါတယ်။ အခုလိုမျိုး အကြောင်းပြချက်ပြစရာမလိုဘဲ ပြန်လည်ရုတ်သိမ်းနိုင်တဲ့အချက်ကို ထည့်သွင်းပြဋ္ဌာန်းထားတာကရော ဘာသဘောပါလဲ။

“ဥပမာအားဖြင့် တပ်မတော်ကနေ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တဦးဦးက သေဆုံးသွားတယ်၊ ပင်စင်ယူသွားတယ်၊ ရာထူးကနေ အနားယူသွားတယ်ဆိုလို့ရှိရင် သူ့နေရာမှာ အစားထိုး ခန့်အပ်ပေးရမှာ ဖြစ်တယ်။ ဒါကတော့ သာမန်သဘောအားဖြင့်တော့ ရိုးသားတဲ့သဘောမျိုးအနေနဲ့ ယူဆမယ်ဆိုရင်လည်း ယူဆလို့ရတယ်။ သို့သော်လည်းပဲ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ တပ်မတော်သားတဦးဦး ကို ပြည်သူလူထုက တခဲတနက် ထောက်ခံလာတယ်ဆိုလို့ရှိရင် ဒီအပေါ်မှာလည်း ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ကို မူလနေရာကနေ ဖြုတ်ပစ်နိုင်ဖို့အတွက် အခွင့်အရေး သူ့မှာ ရှိတယ်၊ အဲဒီလူနေရာအတွက် အခြားလူတယောက်ကို အစားထိုးမှာဖြစ်တယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် ကာကွယ်ရေးဦးစီးချုပ်ထက်ကို ပိုပြီးတော့ အစွမ်းထက်တဲ့သူရှိနိုင်ရင် သူ့အနေနဲ့ အချိန်မရွေးဖြုတ်နိုင်တဲ့ သဘောမျိုးဖြစ်တာကို ရည်ရွယ်ပြီးတော့ ဒီဥပဒေကိုပြဋ္ဌာန်းထားတယ်လို့ ကျနော်တို့ကတော့ ထင်မြင်ယူဆတယ် ခင်ဗျ”

ဒီလိုဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ဒီလိုကော်မရှင် ဖွဲ့စည်းထားတဲ့အတွက် ရွေးကောက်ပွဲနိုင်မယ့်လွှတ်တော်မှာ ဘယ်လိုကိုယ်စားလှယ်တွေ ပါဝင်လာဖွယ်ရှိပါသလဲ။

“တပ်မတော်က ပုံသေအထိုင်ယူထားတဲ့ ၂၅ % ဗျာ၊ ရှိပြီးသားဗျာ။ နောက်တခါ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီး အဖွဲ့တွေကပြီး ရွေးကောက်ပွဲကို ပြန်လည်ဝင်ရောက်ရမယ်၊ လွှတ်တော်ထဲ ပြန်တက်လာဖို့ဆိုတဲ့ အင်အားတစုကလည်း ရှိတယ်ဗျာ။ နောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ အုပ်စုတစုကလည်း ရှိတယ်ဗျာ။ နောက်ပြီးတော့ လူထုက အင်မတန်မှ ကြည်ညိုလေးစားလောက်တယ်ဆိုတဲ့ ပါမောက္ခတွေ၊ အငြိမ်းစားကြီးတွေ ပေါ့ဗျာ၊ ရပ်ရွာမှာ လူလေးစားလောက်တဲ့သူတွေ ပါဝင်လာမယ်ဆိုရင် အဲဒီလူတွေဟာ လက်ရှိ နအဖ အစိုးရနဲ့ လက်ပွန်းတတီးရှိတဲ့သူတွေ များပါလိမ့်မယ်။ အဲ့တော့ အဲဒီ အင်အားစုက အများဆုံး လွှတ်တော်ထဲမှာ ၈၅ % ရှိပြီးတော့ အခု ကြားပေါက်အဖြစ်နဲ့ ဝင်ရောက်လာမယ့် နိုင်ငံရေးအရ ဝင်ပြီးယှဉ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ၁၀ %၊ ၁၅ % ရရင် အလွန်ဆုံးပဲလို့ ကျနော် မြင်ပါတယ်”

အခု ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့အောက်၊ အခုထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ အောက်မှာ ပေါ်ပေါက်လာဖွယ်ရှိတဲ့ အနာဂတ်လွှတ်တော်နဲ့ပတ်သက်ပြီးတော့ ဦးအောင်သိန်းရဲ့ သုံးသပ် ခန့်မှန်းချက် ဖြစ်ပါတယ်။

ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငုံကျုံးလျှံကတော့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရနိုင်တဲ့ အခွင့်အရေး၊ အလားအလာတွေတော့ရှိတယ်လို့ ခန့်မှန်းပါတယ်။

“တခြားပြည်နယ်တွေတော့ ကျနော်ပြောလို့မရဘူးဗျ၊ ဒါပေမယ့် ဥပမာ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ် ဆိုပါစို့။ ဒီဟာတွေက လူမျိုးရေးအရ ပိုပြီးတော့ ဘယ်လိုပြောမလဲ ချင်းတွေက ချင်းပြည်နယ်မှာပဲများတယ်ဆိုတော့ ချင်းပြည်နယ်မှာ ချင်းလူမျိုးတွေ ပြည်နယ်လွှတ်တော်အတွက် အရွေးချယ်ခံဖို့က ပိုများတယ်လို့ ယူဆတယ်။ ဒါပေမယ့် တချို့ဒေသတွေ (လူမျိုးတွေ ရောထွေးနေတဲ့ဒေသတွေ) မှာကျတော့ နည်းနည်း အခက်အခဲ ရှိနိုင်တယ်”

ဒါ့အပြင် ဒီဥပဒေတွေမှာ ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတရပ်ကို မှန်မှန်ကန်ကန် ပေးထားတဲ့အချက် တချက်ရှိတယ်လို့ ဒေါက်တာ ဆလိုင်းငုံကျုံးလျှံက ထောက်ပြပါတယ်။

“ကိုယ့်မဲပေးတဲ့ဟာကို ပြန်ပြီးတော့ စောင့်ကြည့်ပြီးတော့ မဲရေတွက်တဲ့အချိန်မှာ ကော်မရှင်က အများပြည်သူရှေ့မှာ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမယ်လို့ ပြောထားတယ်၊ အဲတော့ ပြည်သူတွေအားလုံး အနေနဲ့ ကိုယ်တို့ပေးထားတဲ့မဲ အမှန်အကန်အတိုင်း ကော်မရှင်က ရေတွက်လား မရေတွက်လားဆိုတာ စောင့်ကြည့်လို့ ရတယ်။ ကိုယ်စားလှယ်လောင်းတယောက်စီဟာ မဲရုံတခုမှာ မဲရုံကိုယ်စားလှယ်တယောက်နဲ့ အခု ကိုယ်စားလှယ်တယောက် ထားရှိခွင့်ရှိတယ်။ ဒီဟာက ကိုယ်စားလှယ်လောင်းတွေအတွက် တော်တော့ကို ကောင်းတဲ့အချက်ဖြစ်တယ်။ ဒီကိုယ်စားလှယ် ၂ ဦးက မဲရုံတရုံမှာ မဲရုံမှူးက မဲကိုလိမ်ညာပြီးတော့ အလွဲသုံးစား ပြုတာမျိုး မလုပ်အောင် သူတို့က စောင့်ကြည့်နိုင်တယ်။ မဲပေးခွင့်ကို ကိုယ့်ဘက်ကနေ စောင့်ကြည့်နိုင်တဲ့ လမ်းတွေရှိတယ်လို့ ကျနော် မြင်ပါတယ်”

မဲရေတွက်တာကိုလည်း ပြည်သူတွေ စောင့်ကြည့်ကြဖို့ကိုလည်း ဒေါက်တာ ဆလိုင်းငုံကျုံးလျှံက တိုက်တွန်းသွားပါတယ်။

အခုလို ကိုယ့်မဲကိုယ် မှန်မမှန်စောင့်ကြည့်ဖို့ အခွင့်အရေးပေးထားတာကတော့ ကောင်းပါရဲ့။ ဒါပေမယ့် မကောင်းတဲ့ အချက်ကတော့ အခု ဥပဒေတွေ ရေးသားထားပုံ၊ နောက် ကော်မရှင်ဖွဲ့စည်းထားပုံတွေကို လေ့လာလိုက်တဲ့အခါ စစ်အစိုးရက သူတို့မပါစေချင်တဲ့သူတွေကို စိစစ်ဖယ်ထုတ်ထားပြီးတော့ ကျန်တဲ့သူတွေထဲကနေသာ ပြည်သူတွေကို ရွေးချယ်ဖို့ အခွင့်အရေးပေးထားသလို ဖြစ်နေတဲ့အချက်ပါ။

ပြည်သူတွေအနေနဲ့ အနှစ် ၂၀ ကြာမှ တခါသာ မဲပေးခွင့်ရတဲ့ ဒီလိုအချိန်မျိုးမှာ အားလုံးထဲကနေ ကိုယ်ကြိုက်ရာကို ရွေးချယ်ခွင့်မရဘဲ စစ်အစိုးရခွင့်ပြုသမျှထဲကသာ ကိုယ်ကြိုက်ရာကို ရွေးချယ်ခွင့်ရမယ်ဆိုတာကတော့ သိပ်နစ်နာတဲ့ ဆုံးရှုံးမှုကြီးတခုပါလို့ ဆိုရမှာဖြစ်ကြောင်းပါ ခင်ဗျာ။

ဦးသိန်းမြတ် စီစဉ်တင်ဆက်သည့် ရွေးကောက်ပွဲဥပဒေများ သုံးသပ်ချက် (ဘီဘီစီ အထူးအစီအစဉ်) ကို ပြန်လည် ကူးယူဖော်ပြပါတယ်။


Wednesday, April 21, 2010

ရွေးကောက်ပွဲဥပဒေများ သုံးသပ်ချက် (၄)

“ဖြစ်နိုင်ရင်တော့ ကျနော်တို့ပေါ့နော်၊ အတိုက်အခံရဲ့အင်အားဖြစ်စေမယ့် မဲပုံးတခုကိုတော့ ကျနော် အထောက်အကူ ပြုချင်တယ်။ ဒီလူတွေချည်းပဲ ဝင်မယ်ဆိုရင်တော့ ကျနော်ကတော့ မထည့်ဘူး”

“မဲပေးပွဲဖို့ရာရယ် မဲက ဟိုဟာလုပ်ရအုံးမှာလေ၊ သူတို့က ဘယ်လို ပြဋ္ဌာန်းချက်တွေ၊ စည်းကမ်းချက်တွေ၊ ဥပဒေတွေ ထုတ်ဦးမလဲမှ မသိတာ။ အဲဒီအပေါ်မှာမူတည်ပြီးမှ သွားရမှာပေါ့၊ သွားလို့ရှိရင်ကြတော့လဲ”

“ဟို မမေးဖို့ရာ များပါတယ်။ ရာခိုင်နှုန်းကတော့”

“ပေးပြန်တော့လည်း ဟို ၂၀၀၈ တုန်းကလိုပဲ သူတို့ဘက်ကဟာတွေ အကုန်ဖြစ်သွားမှာလည်း စိုးတယ်လေ။ အဲဒါကြောင့်မို့ ကျနော် စဉ်းတော့စဉ်းစားနေတာပဲ၊ အခြေအနေအပေါ်ပဲကြည့်ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ အခြေအနေအပေါ်မှာကြည့်ပြီးတော့ နည်းနည်း လှုပ်ရှားရမှာပဲ၊ ဟိုဟာ ကြည့်လုပ်မှပဲနဲ့ တူတယ်”

ဒါတွေကတော့ မြန်မာနိုင်ငံအတွင်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သဘောထားတွေကို လက်လှမ်းမီသမျှ မေးကြည့်ထားတာပါ။ အခုလို လက်လှမ်းမီသလောက် လေ့လာ မေးမြန်းကြည့်ရာမှာတော့ မဲပေးမယ့် ပြည်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းပြတ်သားတဲ့အမြင် မရှိကြသေးဘူးဆိုတာကို တွေ့ရပါတယ်။

ဒါကလည်း သိပ်တော့မထူးဆန်းလှပါဘူး။ ၂၀၁၀ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုထားပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုတောင်မှ အခုအထိ သေသေချာချာ သိရသေးတာမှ မဟုတ်ဘဲကိုး။ ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေ ပါဝင်ခွင့်ရမယ်ဆိုတာကိုလည်း မသိရသေးသလို ကိုယ့်မဲဆန္ဒနယ်မြေမှာ ဘယ်သူတွေ ပါဝင်ယှဉ်ပြိုင်ကြမလဲ ဆိုတာကိုလည်း ပြည်သူတွေအနေနဲ့ မခန့်မှန်းနိုင်သေးတဲ့ အခြေအနေပါ။

မဲကို ဘယ်လိုပေးရမယ်၊ မဲပြားကို ဘယ်လိုပုံစံ လုပ်မယ်ဆိုတာကိုလည်း မကြေညာသေးပါဘူး။ ဒီအချက်တွေ တော်တော်များများကို ဆောင်ရွက်သွားမှာက ရွေးကောက်ပွဲ ကော်မရှင်ပါ။ ဒီ ရွေးကောက်ပွဲကော်မရှင်ကို ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးတော့လည်း အငြင်းပွားမှုတွေ ရှိနေကြပါတယ်။ ရန်ကုန်မြို့က ဥပဒေပညာရှင်
ဦးအောင်သိန်း ကတော့ …

“ဒီ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့် သွားကြည့်လို့ရှိရင် ရွေးကောက်ပွဲကျင်းပတာတို့၊ မဲဆန္ဒနယ် သတ်မှတ်တာတို့၊ မဲစာရင်းပြုစုတာတို့၊ သဘာဝအန္တရာယ်တို့၊ လုံခြုံရေးကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းတာတို့ ဒါကတော့ သိပ်ပြဿနာမရှိဘူးဗျ။ နိုင်ငံရေးပါတီတွေကို ဥပဒေနဲ့အညီဆောင်ရွက်ရန် ကြီးကြပ်မယ်၊ လမ်းညွှန်မယ်ဆိုတော့ နိုင်ငံရေး ပါတီတရပ်အနေနဲ့ ဖြစ်တည်လာတာကိုယ်နှိုက်က သူ့ရဲ့ ကြီးကြပ်လမ်းညွှန်မှု အောက်မှာပဲရှိနေရမယ် ဆိုတဲ့သဘောမျိုးဖြစ်တာကတော့ သိပ်တော့ သဘာဝမကျဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပါတီတရပ်ဆိုတာ နိုင်ငံရေးလမ်းစဉ် တရပ်ကို သူ လွတ်လွတ်လပ်လပ် ရွေးထားပြီးသား၊ ပြည်သူလူထုကို ချပြနိုင်တဲ့အခွင့်အလမ်း သူ့မှာရှိဖို့လိုတယ်”

ပါတီတွေကို မှတ်ပုံတင်ခွင့် ပြု မပြု၊ ပါတီခေါင်းဆောင်တွေကို လက်ခံ မခံဆိုတာတွေကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်မှာပါ။ ဒါတင်မကသေးပါဘူး၊ ပထမဆုံး ပါတီဝင် ၅၀၀ သို့မဟုတ် တထောင်ကို စိစစ်တဲ့ လုပ်ငန်းတွေကိုလည်း ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ဦးမှာပါ။ ရွေးကောက်ပွဲကော်မရှင်ဟာ ပါတီတွေကို ကြီးကြပ်ကွပ်ကဲရမယ်လို့ ဆိုထားပါတယ်။

ရှေ့နေ ဦးအောင်သိန်း (ဓာတ်ပုံ - အေအေပီပီ)

အခု ရွေးကောက်ပွဲဥပဒေတွေထဲမှာပါဝင်တဲ့ ကန့်သတ်ချုပ်ချယ်ထားတဲ့ အချက်အားလုံးနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်ရွက်ချက်အားလုံးကို အဓိကဆောင်ရွက်မယ့်သူဟာ ရွေးကောက်ပွဲကော်မရှင်ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဟာ နောက်ဆုံး ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ဘယ်တရားရုံးမှာမှ ထပ်ပြီး အယူခံလို့၊ စောဒကတက်လို့လည်း မရပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ကို ပေးအပ်ထားတဲ့အာဏာဟာ အခြေခံဥပဒေကို တောင်ကျော်လွန်ပြီး ပေးအပ်ထားတာဖြစ်တယ်လို့ နော်ဝေနိုင်ငံက အာရှလူ့အခွင့်အရေးကောင်စီရဲ့ ရှေ့နေ ဦးမင်းလွင်ဦးက ဆိုပါတယ်။

“အမှုအခင်းအနေနဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးအရတောင်းဆိုပြီ ဆိုလို့ရှိရင်လည်း သူတို့ဖွဲ့ထားတဲ့ ခုံအဖွဲ့ရဲ့ အဆုံးအဖြတ်က အတည်ဖြစ်တယ်၊ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားရဲ့ အခွင့်အရေးဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ် မပေးနိုင်တော့ဘူး၊ ဒီ ကော်မရှင်အဖွဲ့က ဆုံးဖြတ်တဲ့အတိုင်း လိုက်နာပြီးတော့ အပြီးသတ် အတည်ဖြစ်ရမယ်ဆိုတဲ့အချက်က ဥပဒေကိုအားလုံး ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့်အပ်နှင်းထားတယ်လို့ ကျနော်တို့က ပြောချင်တယ်ခင်ဗျ”

အဲဒီလို လုပ်ပိုင်ခွင့်တွေအပ်နှင်းထားတဲ့ ကော်မရှင်ကို ဘယ်လိုလူမျိုးတွေနဲ့ ဖွဲ့စည်းထားပါသလဲ။

“ဒီလိုဗျ၊ အခု ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်ထားတဲ့သူတွေထဲမှာပေါ့ဗျာ၊ အထင်ပေါ်အကျော်ကြားဆုံးနဲ့ ကျနော် သိတဲ့ မြင်တဲ့သူတွေက ဒုတိယ တရားသူကြီးချုပ်တို့၊ ဒုတိယ ရှေ့နေချုပ်တို့၊ အရင်က ဆေးရုံအုပ်ကြီးတို့ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေပေါ့နော်၊ နဂိုတည်းကလည်း သူတို့က စစ်ကောင်စီရဲ့ လက်အောက်မှာပဲ တာဝန်ထမ်းဆောင် ခဲ့ရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် ကော်မရှင်ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေအပေါ်မှာ သမာသမတ်နဲ့ ကြားနေတယ်ဆိုတာကတော့ လုံးဝဖြစ်နိုင်မယ်လို့ ကျနော် မထင်ပါဘူး။ သူတို့ အဆင့်ဆင့် ပြည်သူ့ဝန်ထမ်းဘဝ နေခဲ့စဉ်ကာလက စစ်ကောင်စီနဲ့ပတ်သက်ပြီးတော့ အင်မတန် အလွမ်းသင့်တဲ့သူ နောက် ဝေဖန်အမှုပြုတဲ့သူတွေ မဟုတ်တဲ့သူတွေနဲ့ ရွေးချယ်ဖွဲ့စည်း ထားတာဖြစ်တယ်ဆိုတာကတော့ ပိုသဘာဝကျပါတယ်။ အဲ့တော့ ဒီကော်မရှင်ရဲ့အနေအထားကို ကြည့်လို့ရှိရင် လွတ်လပ်တဲ့ကော်မရှင် ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာ ကြည့်တဲ့သူတိုင်း မြင်နိုင်တဲ့အနေအထားမျိုး ရှိပါတယ် နော”

ကော်မရှင်ရဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးဟာ စစ်တပ်ကလာတဲ့ ဗိုလ်ချုပ်ဟောင်း တယောက်ဖြစ်ပြီးတော့ ကျန်တဲ့သူ အများစုဟာလည်း ကော်မရှင် မဖွဲ့ခင်အချိန်အထိ ရာထူးကြီးဝန်ထမ်းတွေဘဝမှာ တာဝန်ထမ်းဆောင် ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကော်မရှင်ဟာ တိုင်းနဲ့ပြည်နယ် ကော်မရှင်တွေကနေ ရပ်ကွက် ကျေးရွာ အဆင့်အထိ ကော်မရှင် အသီးသီးကိုလည်း ဆက်လက်ပြီးတော့ ဦးဆောင် ဖွဲ့စည်းသွားမယ့်သူလည်း ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တုန်းကဖွဲ့ခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာလည်း အခုလက်ရှိ စစ်အစိုးရကပဲ ဖွဲ့စည်းပေးခဲ့တာပါ။ အဲဒီကော်မရှင်နဲ့ အခုကော်မရှင်တို့ကို နှိုင်းယှဉ်ရင်တောင်မှ မတူညီဘူးလို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။

ရှေ့နေ ဦးမင်းလွင်ဦး (ဓာတ်ပုံ - ခေတ်ပြိုင်)

“၉၀ ရွေးကောက်ပွဲကော်မရှင်တွေဖွဲ့တုန်းက နိုင်ငံရေးအရ အရှိန်အဝါရှိတဲ့သူတွေ၊ အတွေ့အကြုံရှိတဲ့သူတွေ၊ ပါတီစုံ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ပြီးတော့ ယှဉ်ပြိုင်ခဲ့ဖူးတဲ့သူတွေ၊ အတွေ့အကြုံရင့်ကျက်တဲ့သူတွေကို အဓိက အခြေခံ ထားတဲ့သူတွေဖြစ်တယ်၊ အခု ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကော်မရှင်မှာ ပါတဲ့သူတွေကြတော့ နအဖကနေပြီးတော့ သူတို့အနေနဲ့ ဂုဏ်သရေရှိတယ်၊ ယုံကြည်လေးစားလောက်တယ်လို့ နအဖက ထင်မြင်ယူဆတဲ့သူတွေကို သူတို့က ခန့်ထားတာ ဖြစ်တယ်”

အရင်တုန်းက ရွေးကောက်ပွဲကော်မရှင်ထဲမှာ ဗိုလ်မှူးချုပ် စောကြာဒိုးတို့လိုမျိုး၊ ဆရာချယ်တို့လို ပုဂ္ဂိုလ်မျိုးတွေ ပါဝင်ခဲ့တာမျိုးကို သူက ဆိုလိုတာပါ။ ဒါတင်မကပါဘူး၊ ရွေးကောက်ပွဲနောက်ပိုင်းမှာလည်း ကော်မရှင်ရဲ့ အာဏာဟာ ဆက်လက်ပြီးတော့ တည်ရှိနေဦးမှာပါ။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားချက်ရှိခဲ့ရင် ကော်မရှင်ကနေ ခုံရုံးဖွဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိ မရှိကို ဆုံးဖြတ်မှာပါ။

ဆက်လက်ဖော်ပြပါမယ်။

Sunday, April 18, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၄)

၁၉၇၀ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊
၁၃၃၃ ခုနှစ်၊ တော်သလင်းလပြည့်။

ဒီနေ့ည မြန်မာ့အသံက ည ၈ နာရီသတင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ လွတ်တဲ့သတင်း ကြေညာသွားပါတယ်။ မန်းဒါဝိတ်လွတ်သွားတဲ့သတင်းကိုပါ ကြေညာသွားတာ ကြားလိုက်ရပါတယ်။

တက်သုတ်ရိုက်၍ ပြင်ဆင်မှုတွေ ပြီးခဲ့ပါပြီ။ နဂိုစီစဉ်ထားတာက ပြင်ဆင်မှုတွေပြီးရင် ရက်သတ္တပတ် ၃ ပတ်လောက် အနားယူမယ်၊ ပြန်ပြီးအားမွေးမယ် စဉ်းစားထားတယ်။ ဒါပေမယ့် အခြေအနေတွေက မပေးအပ်တော့ပါ။ ၁၅ ရက်နေ့မနက်က ဖထီးမန်း စီစဉ်ညွှန်ကြားပြီးပြီ။ မနက်ဖြန် ၁၆ ရက်နေ့ ထွက်မယ်၊ ခင်ဗျား အရင်သွားနှင့်။ ကျနော် လေထီးဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်ကိုသွားတွေ့ပြီး ဆွေးနွေးစရာ၊ အကူအညီတောင်းစရာတွေ ရှိတယ်။ ခင်ဗျား အရင် စောစောသွားနှင့်ပါ။

မနက်မိုးလင်တော့ ဖိုကြီးကိုသွားတယ်၊ လွန်ခဲ့တဲ့ တရက်က ကိုချစ်ဆွေတို့ရဲဘော်တသိုက် လိပ်သောင်ကိုသွားတာ လိပ် ၂ ကောင်ရတယ်။ ဒီမနက် ဖိုကြီးကိုသွားတော့ လက်ဖက်ရည်နဲ့ မုန့်တလုံးပါ ဝေပေးတယ်။ ဒီမနက် လက်ဖက်ရည်ဝေတာ ကိုထွန်းကြည် (မင်းလှ)။ သူ လက်ဖက်ရည် ဝေတဲ့နေရာ။ ကျနော် စောစောစီးစီးသွားရပ်တော့ သူက မုန့်နဲပ လက်ဖက်ရည်ကိုထည့်ပေးရင်း သူက ပြောလိုက်သေးတယ်။

“အောင်မြင်ပါစေ” လို့ မင်္ဂလာနမိတ်နဲ့ အတိတ်ဆီးကြိုပြီး ပေးလိုက်တာပါ။ ကျနော် နားလည်ခံစားလိုက်တာက ကျနော်တို့တိုက်ပွဲကို အောင်မြင်ပါစေလို့ရည်ညွှန်းပြီး ဆုတောင်းပေးလိုက်တာပဲလို့ ခံစားလိုက်ရတယ်။

မုန့်တလုံး အပိုထည့်ပေးဗျာ။ ကိုထွန်းကြည်က လက်ဖက်ရည်တခွက်ပါ ထပ်ထည့်ပေးတယ်။ ကျနော် သူ့ကိုကြည့်ပြီး ပြုံးပြနှုတ်ဆက်လိုက်တယ်။ ပြီးတော့ ဖိုကြီးထဲက ထွက်လာတယ်။ ကျနော့် တာဇံဓားမြှောင်ကို ခါးမှာချိတ်ပြီး အရှေ့ဘက်ကမ်းခြေအတိုင်း တောင်ဘက် ဂျယ်ရီကျွန်းကလေးဘက်ကို ထွက်လာခဲ့တယ်။

ရာသီဥတုက သာယာနေတယ်။ လှိုင်းအိကလေးတွေက ကမ်းခြေသောင်ပြန့်ကို ပြေးဆော့ ရိုက်ပုတ် ကစားနေကြတယ်။ ကမ်းခြေကို ‘ဝု’ ဆိုတဲ့အသံနဲ့ အသာကလေးရိုက်ပြီးတော့ ‘ရှဲ’ ဆိုတဲ့အသံက သဲနှင့် ကျောက်စရစ်ခဲလေးတွေကို ပြန်ဆွဲချသွားတဲ့အသံ။

အရှေ့ဘက် ပင်လယ်ကြီးကို လှမ်းမျှော်ကြည့်လိုက်တော့ တက်သစ်စ နေမင်းကြီးဟာ အနီရောင်အဆင်းနဲ့ အရှေ့လောကဓာတ်ခွင်လုံးကို ပတ္တမြားနဲ့ပက်ဖြန်းပြီး ဆေးထားသလိုပါပဲလား။ ကျနော့်ခြေလှမ်းတွေ သွက်လာသည်။ ကျနော်စိတ်သည် တက်ကြွ၊ အရှေ့ဘက်ကမ်းခြေတခွင်လုံး ကျနော်တယောက်တည်း။ နံနက်ခင်း၏ လန်းဆန်းတက်ကြွမှုနှင့်အတူ ကျနော် သီချင်းတပုဒ်ကို လွတ်လွတ်လပ်လပ် အသံမြှင့်၍ ဆိုလိုက်သည်။

“အောင်ပွဲ အမြင်သန်ရမည် x x x ရဲရင့်တဲ့ သံဓိဋ္ဌာန်ကိုချီ x x x ဓားတောင်ကို ကျော်နင်းမည် x x x မီးပင်လယ်ကို ဖြတ်သန်းမည် x x x ဗမာပြည် အနာဂတ်ကို x x x ဒို့လူငယ်တွေ ပိုင်ဆိုင်သည် x x x စစ်အာဏာကိုတည် x x x ဖြိုဖျက်ပါလို့ x x x အောင်ပွဲ ဒို့ခံမည် x x x ချီလာပြီ x x x ချီလာပြီ x x x မုန်တိုင်းနီကြီး ချီလာပြီ x x x အဟောင်းအဆွေး ချေမွဖျက်ဆီးမည် x x x မိစ္ဆာကောင်များ ကျဆုံးမည် x x x အနီရောင် ရဲရဲအောက်မှာ x x x အမှောင်ထုကို ခွဲဖြိုပစ်တော့မည်”

ဤ ‘မုန်တိုင်းနီကြီး ချီလာပြီ’ သီချင်းကို စပ်ဆိုသူများမှာ ကိုလတ် (ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ဖိုးသံချောင်း (လူထု ဦးလှ+ဒေါ်အမာ သား) နှင့် ကျနော်တို့ ဖြစ်ပါသည်။

ကျနော့်အသံသည် ကမ်းခြေကို ပဲ့တင်ရိုက်၍ တောင်ကြောပေါ်အထိ ဟိန်းတက်သွားသည်။ ကိုကိုးကျွန်း၏ ကျွန်းစွယ်နှင့် တောင်စွယ်လေးအဆုံး သောင်ပြင်သို့ ရောက်လာသည်။ သောင်ပြင်ကိုဖြတ်ပြီး ပတ်ဝန်းကျင်ကို တချက်ဝေ့ကြည့်လိုက်သည်။ သောင်ခုံစပ်အဆုံး ရေလက်ကြားသို့ ဆင်းခါနီးတွင် နောက်ပြန်လှည့်၍ ကိုကိုးကျွန်း၏ အရှေ့ဘက်ကမ်းခြေ၊ အနောက်ဘက်ကမ်းခြေကို တဝကြည့်ခဲ့သည်။ ဤကျွန်းကလေးပေါ်တွင် ရဲဘော်ရဲဘက်များ၊ ခေါင်းဆောင်များ၊ ဘဝတူများနှင့်အတူ … လက်တွဲ၍ ရန်သူကို ခုခံတိုက်ပွဲဝင်ခဲ့ကြသည်။

ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ တက်ကြွခြင်း၊ ဆုတ်နစ်ခြင်း၊ ဒေါသများ၊ မျက်ရည်များ၊ လူ့ဘဝ၏ ကြုံတွေ့ရမြဲ လောကဓံတရားတို့နှင့်အတူ ဤကျွန်းကြီးပေါ်တွင် ထားရစ်ခဲ့တော့မည်။ ကျနော် ချာခနဲလှည့်၍ သောင်ခုံပေါ်မှ ဆင်းခဲ့သည်။ ပြီးတော့ ရေလက်ကြားကို ဖြတ်ကူးခဲ့သည်။

ဒီကနေ့ ဂျယ်ရီကျွန်းပေါ်သို့တက်လာခဲ့သည်မှာ လွန်ခဲ့သော ရက်များကကဲ့သို့ လှည့်စားမှု မပြုလုပ်တော့ပါ။ အတက်ခြေရာပဲ ပြလိုက်ပါသည်။ ဖိုခနောက်ဆိုင် အုန်ပင်ပျိုလေးပေါ်သို့ ပြုနေကျ ကင်းစောင့်ခြင်း အမှုကိုလည်း မပြုတော့ပါ။ ကျွန်းကလေးထိပ်၏ တခုသော ဆပ်သွားဖူးချုံအရိပ်ကိုခိုလျှက် ကျွန်းမကြီး သောင်ခုံဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ စိတ်ထဲကလည်း တွေးလိုက်သေးသည်။ အခုလောက်ဆို ဖထီး မန်းအောင်ကြည်တယောက် လေထီးဗိုလ်အုန်းမောင်တို့နှင့်တွေ့ပြီး ဆွေးနွေးကြပြီပေါ့။

ဂျယ်ရီကျွန်းကလေးသို့ ရောက်ပြီး နာရီဝက်ကျော်ကျော်တွင် အရပ်ပုပုနှင့် လူငယ်လေးတယောက် ကျွန်းမကြီး၏ သောင်ပြင်ပေါ်မှာပေါ်လာပြီး ရေလက်ကြားလေးသို့ ကူးဖြတ်လာသည်။ ပြီးတော့ ဂျယ်ရီကျွန်းကလေးပေါ်သို့ တက်လာသည်။ ကျွန်းကလေးပေါ်သို့ ရောက်လာပြီးနောက် တောင်ကြည့် မြောက်ကြည့် လျှောက်ကြည့်သည်။ ကျနော်က အသာလေးရပ်ပြီး ငြိမ်နေသည်။ ပြီးတော့မှ ကျနော် အသံပြုလိုက်သည်။

“ဂျစ်”

ကျနော်အသံပေးလိုက်မှုကြောင့် ကျနော့်ကိုတွေ့သွားပြီး သူ ပြုံးသွားသည်။ ကျနော့်အချစ်ဆုံးများထဲမှ တယောက်။ သူ့နာမည်က ‘ဂျင်းနား’။ လမ်းမတော် အလယ်ပိုင်း ရကသ မှ ဖြစ်သည်။ ကျနော် ခိုနားသည့်နေရာသို့ သူလျှောက်လာသည်။ ကျနော်က …

“ခင်ဗျားအတွက်တောင် မုန့်တတုံးအပို ကိုထွန်းကြည်ဆီက တောင်းခဲ့သေးတယ်”

“ဟာ … ကျနော်လည်း သောက်ပြီးပြီ”

“ထပ်စားဦးပေါ့”

နှစ်ယောက်သား လိပ်ဥနှင့်လုပ်ထားသောမုန့်ကို စားကြ၊ လက်ဖက်ရည် အတူသောက်ကြသည်။

“ကဲ … လာ၊ ကျနော်တို့နေရာကို သွားကြစို့”

ဆက်လက်ဖော်ပြပါမည်။

Friday, April 16, 2010

ရွေးကောက်ပွဲဥပဒေများ သုံးသပ်ချက် (၃)

ဒေါ်သန်းသန်းနုတို့ရဲ့ပါတီဆိုလို့ရှိရင် ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း အရေအတွက်ကိုတောင်မှ ဒီ ၅ သိန်း ဆိုတဲ့ငွေပမာဏကြောင့် ပြင်ဆင်သတ်မှတ်ရတာမျိုးကိုတောင် လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

“အစတုန်းကတော့ ကျမတို့က စဉ်းစားထားတာပေါ့လေ၊ ဥပဒေ မထွက်ခင်ကပေါ့။ ဖြစ်နိုင်လို့ရှိရင် တနိုင်ငံလုံး ဝင်ချင်တာပေါ့၊ ဒါပေမယ့် အခု ဥပဒေထွက်လာတဲ့အခါကျတော့ အမတ်တယောက်အတွက် အာမခံကြေးက ၅ သိန်း ဆိုတော့ အဲဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ရတဲ့သဘောမျိုးရှိနေပါတယ်။ အခုအချိန်အထိပေါ့လေ။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ပါတီက အတည်မဖြစ်သေးတော့၊ တရားဝင်လက်ခံမှု မရှိသေးတော့ ရန်ပုံငွေရှာဖို့ကလည်း အခုလောလောဆယ်ကတော့ ခက်တာပေါ့လေ။ ရန်ပုံငွေပေးမယ့်သူတွေကလည်း ကျမတို့ကို စောင့်ကြည့်အုံးမှာပေါ့။ အဲတော့ ကျမတို့က တနိုင်ငံလုံးအတိုင်းအတာနဲ့ မရဘူး၊ ကျမတို့ဥက္ကဋ္ဌကတော့ ၁၀၀ လောက်ပဲ ဝင်နိုင်လိမ့်မယ်ထင်တယ် ဆိုပြီးတော့ အဲလိုပြောပါတယ်”

ဒီတော့ အရင်တုန်းက ကိုယ်စားလှယ် တထောင် အရွေးခံမယ်ဆိုတဲ့နေရာမှာ တရာပဲ အရွေးခံနိုင်တော့တယ် ဆိုတော့ သူတို့ပါတီအနေနဲ့ လွှတ်တော်ထဲရောက်မယ့် အမတ်ဦးရေဟာ နည်းသွားတော့မယ့်သဘော ဖြစ်နေပါပြီ။ ဒီတော့ ကိုယ်စားလှယ်နေရာ တထောင်ကျော်ကို အားလုံးပါဝင်ယှဉ်ပြိုင်နိုင်မယ့်ပါတီဟာ ဘယ်နှပါတီများ ကျန်ပါသေးသလဲ။ အစိုးရက ဦးဆောင်ဖွဲ့စည်းမယ်လို့ သတင်းထွက်နေတဲ့ ကြံခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကလွဲပြီးတော့ တခြားပါတီများ ရှိနိုင်ပါဦးမလား။

ဒါ့အပြင် ပါတီတွေအနေနဲ့ ပုဂ္ဂလိကအလှူရှင်တွေဆီက လှူဒါန်းငွေကို လက်ခံနိုင်တယ်လို့ ဥပဒေတွေထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ တချို့နိုင်ငံတွေမှာ ငွေရှင်ကြေးရှင်တွေက ပါတီကို ငွေနဲ့ပေါက်ဝယ်တာမျိုး မဖြစ်ရလေအောင်၊ နိုင်ငံရေးကို ငွေနဲ့မကစားနိုင်အောင် လှူဒါန်းငွေကို ဘယ်လောက်ထက်ပိုပြီးတော့ လက်မခံရဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်မျိုး ထားတတ်ကြပါတယ်။ အခုရွေးကောက်ပွဲဥပဒေတွေမှာတော့ ဒါမျိုးသတ်မှတ်ချက် မပါပါဘူး။

အဲဒီလိုမပါရုံသာမက ကိုယ်စားလှယ်တယောက်ကို ရွေးကောက်ပွဲအသုံးစားရိတ် ကျပ် သိန်းတရာအထိ သုံးစွဲခွင့်ပြုထားတဲ့ ဥပဒေသတ်မှတ်ချက်လည်း ပါပါသေးတယ်။ ၅ သိန်းတောင်မှ မသုံးနိုင်တဲ့ ကိုယ်စားလှယ်တွေနဲ့ သိန်းတရာသုံးမယ့် ကိုယ်စားလှယ်ဟာ အင်အားအရာမှာ ဆင်နဲ့ဆိတ်လို ကွာခြားနေမှာပါ။ ဒီတော့ အခုအသစ်ဖွဲ့မယ့် ပါတီတွေအနေနဲ့ ကြံခိုင်ဖွံ့ဖြိုးရေး ပါတီတို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီတို့နဲ့ နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် တန်းတူအခွင့်အရေးရတယ်လို့ကော ဆိုနိုင်ပါသေးရဲ့လား။

“ရှိပြီးသားပါတီကတော့ သူက အဖွဲ့အစည်းလည်း ရှိနေတယ်၊ ပါတီဝင်တွေလည်း ရှိနေတယ်၊ ရန်ပုံငွေလည်း ရှိတယ်၊ ပါတီရုံးခန်းတွေလည်းရှိတော့ သူတို့ကတော့ အထူးအခွင့်အရေး ရနေတာပေါ့ဗျာ။ ဘာနဲ့တူလဲဆိုတော့ အပြေးပြိုင်ပွဲလိုပေါ့၊ သူတို့က အရင်တာထွက်လို့ရတယ်။ ကျနော်တို့က တာထွက်လို့မရသေးဘူး။ ဖိနပ်ရှာရ၊ အင်္ကျီရှာရနဲ့ အဲဒါနဲ့ကိုက အချိန်ကုန်နေတာ။ စည်းရုံးတဲ့သူက စည်းရုံးတောင် စည်းရုံးနေကြပြီလေ။ တနှစ်လောက်ရှိပြီ၊ ကျနော်တို့က အခုမှ စည်းရုံးခွင့်ရဖို့ကို လျှောက်လွှာ နေပြည်တော်ကိုသွားတင်ဖို့ပဲ ကြိုးစားနေရတုန်း”

ပမာဏကြီးမားလှတဲ့ ငွေကြေးဆိုင်ရာပြဋ္ဌာန်းချက်တွေဟာ ချမ်းသာကြွယ်ဝသူ စီးပွားရေးသမားကြီးတွေနဲ့ သူတို့နဲ့နီးစပ်သူ ပါတီတွေအတွက် အသာစီးရမယ့်အချက်လို ဖြစ်နေပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ အလေးအနက် ပါဝင်ယှဉ်ပြိုင်လိုသူဖြစ်ပါရက်နဲ့ ငွေ ၅ သိန်းမတတ်နိုင်လို့၊ ငွေ ၅ သိန်းစိုက်ထုတ်မယ့်သူမရှိလို့ ရွေးကောက်ပွဲ မဝင်နိုင်ဘူးဆိုလို့ရှိရင်ကော ဒါဟာ တရားမျှတတယ်လို့ ဆိုနိုင်ပါ့မလား။ ရွေးကောက်ပွဲဟာ ဆင်းရဲသားတွေနဲ့ လားလားမှ မထိုက်၊ အနားတောင် မသီလေနဲ့လို့ မဆိုသော်လည်း ဆိုဘိသကဲ့သို့ ဖြစ်နေပါပြီလား။ လူလူချင်း အဲဒီလိုများ အခွင့်အရေးခြားနားထားပြီ ဆိုလို့ရှိရင်တော့ ဒါကို ဥပဒေအမြင်နဲ့ သုံးသပ်ရင် ဘယ်လိုများဆိုနိုင်ပါမလဲ။

“၅ သိန်း အာမခံငွေတင်ရမယ်ဆိုတဲ့ဟာက ဆင်းရဲသားတွေ၊ ပိုက်ဆံမရှိတဲ့သူတွေ အမတ်မဖြစ်နိုင်အောင်၊ နိုင်ငံရေးပါတီ ဖွဲ့လို့မရအောင် တမင်သက်သက်ကို ဦးတည်ပြဋ္ဌာန်းထားတဲ့ဟာ ဖြစ်တယ်၊ အဲဒါကြောင့် ဒီပြဋ္ဌာန်းချက်တွေအားလုံးဟာ ဥပဒေလို့ ပြောလို့မရဘူး။ အာဏာလက်ဝယ်ရှိတဲ့သူတယောက်က စိတ်တိုင်းကျ ဟိုဘက်လူ ကာချင်၊ ဒီဘက်လူ ကာချင် ပြဋ္ဌာန်းလိုက်တဲ့အမိန့်တွေပဲလို့ ကျနော်ပြောတာဖြစ်ပါတယ်”

အခုပြောသွားတဲ့သူကတော့ ဥပဒေ ပညာရှင် ဒေါက်တာ ဆလိုင်းငုံကျုံးလျန် ဖြစ်ပါတယ်။

ဒေါက်တာ ဆလိုင်းငုံကျုံးလျန်ဟာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနား တက္ကသိုလ်က စင်တာဖော် ကွန်စတီကျူးရှင်းနယ် ဒီမိုကရေစီဋ္ဌာနရဲ့ ဒုတိယ ညွန်ကြားရေးမှူးလည်း ဖြစ်ပါတယ်။ သူကတော့ အခု နအဖ အစိုးရထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများဆိုတာဟာ တကယ်တော့ ဥပဒေကိုမဟုတ်ပါဘူးလို့ ဆိုပါတယ်။ အာဏာပိုင်အဖွဲ့အစည်းကနေ ဥပဒေလို့ နာမည်တပ်ပြီးတော့ထုတ်ပြန်တိုင်း ဥပဒေ မမည်ဘူးလို့ သူက ဆိုပါတယ်။ ဘယ်အချက်အလက်တွေကို ထောက်ထားပြီးတော့ ဒါတွေဟာ ဥပဒေမဖြစ်ဘူးလို့ သူ့အနေနဲ့ ပြောတာပါလဲ။

“အာဏာလက်ဝယ်ရှိနေသူတွေနဲ့ ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တယားလည်ပတ်ဖို့ လုပ်ဆောင်နေသူအားလုံးနဲ့လည်း အကျုံးဝင်ရမယ့် ဥပဒေဖြစ်ရမယ်၊ တစ်အချက်။ ဒုတိယအချက်က ဥပဒေတိုင်းဟာ အလယ်အလတ်ကျရမယ်။ သက်ဆိုင်သူ လူသားတိုင်းရဲ့ အခြေခံအခွင့်အရေးတွေကို သမာသမတ် အကာအကွယ်ပေးရမယ်။ ဒါပေမယ့် ဒီနေရာမှာ ဘယ်သူ့ကို မျက်နှာသာပေးတယ်၊ ဘယ်သူ့ကို ဖယ်ထုတ်ထားတယ်ဆိုတာ အားလုံးက သိတယ်။ တတိယအချက်က ဥပဒေတိုင်းဟာ ရှေ့ကိုဦးတည်ပြီးတော့ ပြဋ္ဌာန်းတဲ့ဟာ ဖြစ်ရမယ်။

နောက်ကြောင်းပြန်ပြီးတော့ အကျိုးသက်ရောက်မှုရှိစေမယ့် ပြဋ္ဌာန်းချက်မျိုး မဖြစ်စေရဘူး။ နောက်ပြီးတော့ စတုတ္ထအချက်က ဥပဒေတိုင်းဟာ တရားမျှတမှုရှိရမယ်၊ လူတဦးတယောက်၊ အဖွဲ့အစည်းတခု၊ ပါတီအဖွဲ့တခု စတဲ့ဟာတွေကို ဦးစားပေးခြင်း၊ ချုပ်ချယ်ခြင်း မရှိရဘူး။ နောက်ဆုံး အချက်က ဘက်လိုက်မှု လုံးဝ ကင်းစင်တဲ့ တရားစီရင်ရေးစနစ်တခု ရှိရမယ်။ ဆိုတော့ ဒီအချက် ၅ ချက်အနေနဲ့ ခြုံငုံပြီးတော့ ရွေးကောက်ပွဲဆိုင်ရာ ပြဋ္ဌာန်းချက်တွေအားလုံးကို ကြည့်လို့ရှိရင် ဥပဒေတွေမဟုတ်ဘူး။ ဒါဟာ အာဏာလက်ဝယ်ရှိသူတွေက သူတို့ရဲ့အာဏာကိုအသုံးပြုပြီးတော့ ကြိုက်သလိုပြဋ္ဌာန်းလိုက်တဲ့ အမိန့်တွေပဲဖြစ်တယ်လို့ ကျနော်တော့ မြင်ပါတယ်”

အခု သူပြောသွားတဲ့အထဲမှာ အရေးအကြီးဆုံးအချက်တခုက နောက်ကြောင်းပြန် သက်ရောက်မှုမရှိစေရဆိုတဲ့ အချက်ပါ။ နောက်ကြောင်းပြန်သက်ရောက်မှု မရှိစေရဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကတော့ ဥပဒေ မထုတ်ပြန်ခင်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအပေါ်မှာ အဲဒီဥပဒေကြောင့် အကျိုးသက်ရောက်မှု မရှိစေရဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

ဒါပေမယ့် အခုထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာတော့ အရင်က တရားစွဲပြီးတော့ ပြစ်ဒဏ်ကျခံထားပြီးသားဖြစ်တဲ့ အကျဉ်းသားတွေအပေါ်မှာ နောက်ထပ် ထပ်မံပြီးတော့ အကျိုးသက်ရောက်စေတဲ့၊ နစ်နာစေတဲ့အချက်တွေ ပါဝင်နေတဲ့အတွက်ကြောင့် အခု ဥပဒေတွေဟာ နောက်ကြောင်းပြန် သက်ရောက်နေတယ်လို့ ဒေါက်တာ ဆလိုင်းငုံကျုံးလျန်က ထောက်ပြပါတယ်။

ကဲ … ဒီတော့ နောက်ကြောင်းပြန်သက်ရောက်မှုနဲ့ပတ်သက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေမှာရော ဘယ်လိုများ ပြောထားပါသလဲ။

“ဒီ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃ မှာကိုက ဒီလိုမျိုးနဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေ မပြဋ္ဌာန်းရဘူး၊ ဒါမျိုး ပြဋ္ဌာန်းရင်လည်း အခြေခံဥပဒေနဲ့ဆန့်ကျင်တဲ့အတွက် အဲဒီဥပဒေဟာ အကျိုးသက်ရောက်မှု မရှိစေရဘူးလို့ အတိအလင်း ပြဋ္ဌာန်းထားတယ်”

နောက်ကြောင်းပြန်သက်ရောက်နေတဲ့အတွက်ကြောင့် အခုထုတ်ပြန်တဲ့ ဥပဒေတွေဟာ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေပြီးတော့ အလိုအလျောက် ပျက်ပျယ်တယ်လို့ ဒေါက်တာ ဆလိုင်းငုံကျုံးလျန်က ဆိုလိုတာဖြစ်ပါတယ်။

သောတရှင်များခင်ဗျား …

ဒီအချက်တွေက ဘာကိုဖော်ပြနေသလဲဆိုတော့ အခုထုတ်ပြန်လိုက်တဲ့ ဥပဒေတွေဟာ ရှေ့နောက်မညီဘဲ လိုသလိုရေးဆွဲထားတဲ့ ဥပဒေတွေဖြစ်နေတဲ့အပြင် လူ လူချင်း၊ ပါတီ ပါတီချင်း တန်းတူအခွင့်အရေး ပေးမထားဘဲ တချို့ကိုတော့ သာစေ၊ တချို့ကိုတော့ နာစေဆိုတဲ့ ဆန္ဒစွဲနဲ့ရေးဆွဲထားတဲ့ ဥပဒေတွေ ဖြစ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ။

ဆက်လက်ဖော်ပြပါမယ်။

Thursday, April 15, 2010

ပိတောက်စိမ်း

ပိတောက်တွေ စိမ်းတာကြာပြီ။

မပွင့်ခင် ပွင့်ဖတ် စိမ်း
ပွင့်ပြန်တော့လည်း ပွင့်ချပ် စိမ်း
အရာရာ စိမ်းစေဖို့
အစိမ်းတွေက ဖုံးလို့ထား
အလွမ်းများနဲ့ သင်္ကြန်ကြို
အရာရာ လိုနေတဲ့ အဖြစ်။

ပွင့်စမ်းပါ ပန်းပိတောက်
လျှမ်းတောက်တဲ့ ရွှေအဆင်း
ကိုယ့်ရနံ့ ကိုယ်သင်းလို့
ကိုယ့်သီချင်း ကိုယ်ဆိုစမ်းပါ့
လွမ်းသမျှ အတိုးချလို့
ပျော်လိုက်ပါရစေ။

ခုတော့
ပိတောက်တွေ စိမ်းတာ ကြာပြီ။ ။


ထိန်လင်း
၂၀၁၀ ဧပြီ ၁၄ ရက်

Wednesday, April 14, 2010

ရွေးကောက်ပွဲဥပဒေများ သုံးသပ်ချက် (၂)

“တပ် ပေါင်း … သေ နတ် … အောက် ချ၊ တပ် ပေါင်း … သက် သာ”

“ ဒီမိုကရေစီကျင့်စဉ်ဆိုတာဟာ မကျင့်သုံးတတ်ရင် မင်းမဲ့စရိုက်ဆန်သွားတတ်တယ်၊
ဒါကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ လိုတယ်”

ပြီးခဲ့တဲ့ တပ်မတော်နေ့တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိန့်ခွန်းပြောကြားရာမှာ ဒီမို
ကရေစီကျင့်စဉ်ဆိုတာ မကျင့်သုံးတတ်ရင် မင်းမဲ့စရိုက်ဆန်သွားတတ်တယ်လို့ ပြောသွားတာကို သောတရှင်တို့ အခု ကြားခဲ့ကြရပါပြီ။ ဒီ သဘောထား၊ ဒီ ခံယူချက်တွေဟာ အခု ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအပေါ်မှာလည်း ထင်ဟပ်နေတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ အခုထုတ်ပြန်တဲ့ ဥပဒေတွေဟာ အရင် ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲ ဆိုင်ရာဥပဒေတွေနဲ့နှိုင်းစာရင် ပါတီတွေအပေါ်မှာ ထိန်းချုပ်ထားတာ ကန့်သတ်ထားတာတွေ ပိုများလာတာကို တွေ့လာရလို့ပါ။ဥပမာအားဖြင့်ပြောရမယ်ဆိုရင် ရက် ၉၀ အတွင်းမှာ ပါတီဝင် တထောင် ရရမယ်၊ ၅၀၀ ရရမယ် မရရင် ပါတီဖျက်သိမ်းမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုး၊ ကိုယ်စားလှယ်လောင်းတယောက်ဟာ ကျပ်ငွေ ၅ သိန်း ဘဏ်ကိုသွင်းရမယ်ဆိုတာမျိုးတွေ ပါဝင်လာတာကို တွေ့ရပါတယ်။ ပြည်ထောင်စုဒီမိုကရေစီပါတီ နာမည်နဲ့ မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ဦးဋ္ဌေးကို ကျနော် ဆက်သွယ်ထားပါတယ်။ ပါတီသစ်တွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ ဘာတွေများ အခက်အခဲတွေရှိပါသလဲခင်ဗျ။

“ကျနော်တို့က ပါတီဝင်စာရင်း တထောင် စာရင်းပြရမယ်ဆိုတော့ အဲဒီအတွက်တွေက ရက်ပေါင်း ၉၀ အတွင်းမှာ အဆင်ပြေအောင်လုပ်ရမှာဆိုတော့ အချိန်ကတော့ ကျနော်တို့အတွက် အခက်အခဲရှိတာပေါ့၊ ဘာပဲဖြစ်ဖြစ် တည်ဆဲဥပဒေအရ အကြံပေးပိုင်ခွင့်တို့၊ တင်ပြပိုင်ခွင့်တို့၊ ပြင်ဆင်ပိုင်ခွင့်တို့မရှိတော့ သူ့ဥပဒေဘောင်အတွင်းမှာ အလုပ်လုပ်လို့ရအောင် လုပ်တဲ့အခါကျတော့ ပါတီသစ်တရပ်အတွက်ကတော့ အချိန်မလုံလောက်ဘူး၊ လူအင်အား အဆင်သင့်မရှိဘူး၊ ငွေရေးကြေးရေး အဆင်သင့်မရှိဘူးပေါ့ဗျာ”

ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)ရဲ့ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုကလည်း သူတို့ပါတီမှာလည်း အလားတူ အခက်အခဲမျိုးရှိတဲ့အကြောင်းကို ပြောပါတယ်။

ဒေါ်သန်းသန်းနု (ဓာတ်ပုံ-လျှပ်တပြက်)

“အဓိက ကျမတို့အတွက် စည်းရုံးရေးကာလက သိပ်နည်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ခုချိန်အထိ ကျမတို့ကို လက်ခံတယ်၊ မခံဘူးဆိုတာ ဘာမှအဖြေမရသေးဘူးလေ၊ နောက်တခါက အချိန်တိုအတွင်းမှာ ပါတီဖွဲ့စည်းမှု ကျစ်လစ် ခိုင်မာအောင်လည်း လုပ်ရမယ်၊ နောက်တခါ စည်းရုံးရေးကလည်း အပြေးအလွှား လုပ်ရဦးမယ်၊ အချိန်နည်းတော့ ရန်ပုံငွေရှာဖို့ကလည်း လွယ်ကူလိမ့်မယ်လို့ မျှော်လင့်ထားလို့ မရပါဘူး”

ရက် ၉၀ အတွင်းမှာ ပါတီဝင်အယောက် တထောင်ပြည့်အောင် စုဆောင်းရမှာဖြစ်သလို ပါတီဝင်တွေဟာ ၂၀၀၈ အခြေခံဥပဒေကို ခံဝန်ချက်ထိုးရမယ်ဆိုတဲ့အချက် အပါအဝင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (ဂ) နဲ့ ကိုက်ညီသူတွေဖြစ်အောင် စိစစ်ရွေးချယ်ရတဲ့အတွက် ခက်သထက် ပိုခက်စေတယ်လို့ ဦးဋ္ဌေးက ဆိုပါတယ်။ အဲဒီလို ရွေးချယ်ထားတဲ့အထဲကနေ ကိုယ်စားလှယ်လောင်းကို ထပ်ပြီး ရွေးချယ်ရတာလည်းဖြစ်တော့ အကန့်အသတ်တွေက များနေတယ်လို့ ဆိုပါတယ်။

“ပါတီဝင်စာရင်းမှာလည်း အခက်အခဲရှိသလို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ညီတာရှာရတဲ့အတွက် နည်းနည်းဘောင်က ကျဉ်းသွားတဲ့အတွက် အခက်အခဲ ရှိတာပေါ့ဗျာ”

ဒီလိုအခြေအနေကြောင့် ပါတီဖွဲ့စည်းပုံကိုပါ ပြန်ပြင်နေရတာတွေရှိတယ်လို့ ဦးဋ္ဌေးက ဆိုပါတယ်။ လူတယောက်ချင်းကို ရှင်းပြစည်းရုံးနေမယ့်အစား ပါတီစည်းမျဉ်းထဲမှာ အစိုးရပြဋ္ဌာန်းထားတဲ့ ဥပဒေရဲ့ ပုဒ်မ ၆ ကိုပါ ထည့်သွင်းရေးဆွဲရ တာမျိုးကို လုပ်ခဲ့ရတာပါ။ ဒီလိုကန့်သတ်ထားမြစ်ချက်တွေကိုပဲ ကောင်းပါတယ်လို့ မြင်သူ ပြောသူလည်း ရှိပါတယ်။ သူကတော့ ခေတ်သစ် ပြည်သူ့ပါတီ ဆိုတဲ့နာမည်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ဦးထွန်းအောင်ကျော်ဖြစ်ပါတယ်။

ဦးထွန်းအောင်ကျော် (ဓာတ်ပုံ-လျှပ်တပြက်)

“စနစ်တကျ ပါတီတွေဖြစ်ပေါ်လာဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပေးတာကတော့ အများကြီး ကောင်းပါတယ်”

ဟုတ်ကဲ့၊ စနစ်တကျဖြစ်ဖို့သတ်မှတ်ပေးထားတဲ့ စည်းကမ်းတွေဆိုတာက ဘယ်လိုစည်းကမ်းချက်မျိုးကို ပြောချင်တာပါသလဲခင်ဗျ။

“များသောအားဖြင့်ပေါ့လေ၊ ဥပမာ အနည်းဆုံး ပါတီတခုဟာ မှတ်ပုံတင်ပြီးရင် ရက်ပေါင်း ဘယ်လောက်မှာ အဖွဲ့ဝင် ဘယ်လောက်ရှိရမယ်၊ ဒီလိုဟာမျိုးတွေပေါ့နော်၊ နောက် ရွေးကောက်ပွဲဝင်လို့ရှိရင် အနည်းဆုံး ဘယ်နှနေရာ ဝင်ရမယ်၊ ပါတီတွေ အရည်အချင်းပြည့်မီအောင်လုပ်ပေးတယ်လို့ ကျနော်တို့မြင်ပါတယ်။ ကိုယ်စားလှယ် တယောက်ကို ၅ သိန်းတို့ဘာတို့တောင်းတာကတော့ ဘာပဲပြောပြောလေ ကိုယ်စားလှယ်တွေမှာက အခက်အခဲတွေ အများကြီးရှိမှာပါ”

အဲဒီလိုအခက်အခဲတွေရှိလာအောင် လုပ်ထားပေမယ့်လည်း ဦးထွန်းအောင်ကျော်က အဲဒီအပေါ်မှာ အကောင်းအမြင်နဲ့ သုံးသပ်ပါတယ်။

“ရှိတဲ့အခါကျတော့ ဒီလိုအခက်အခဲတွေ ရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲ မဝင်ဘူး၊ မှတ်ပုံမတင်ဘူး ဆိုတဲ့အခါ ကိုယ်စားလှယ် နည်းသွားအောင်လုပ်တဲ့သဘောမျိုး တဖက်ကပါသလို၊ တဖက်ကလည်း ကိုယ်စားလှယ်တွေဟာ ဘာပဲပြောပြော အလေးအနက်ထားပြီးတော့ ရွေးကောက်ပွဲကိုဝင်လာနိုင်အောင် နော်၊ ကိုယ်စားလှယ်တယောက်ဖြစ်ဖို့အတွက်ဟာ ပေါ့ပေါ့တန်တန် ဖြစ်လို့မရဘူး၊ ဒီလိုမှတ်ပုံတင်နိုင်မှဖြစ်မယ် ဆိုတဲ့ဟာကို တန်ဖိုးထားလာအောင် ဖန်တီးပေးတဲ့သဘောလည်း ပါပါတယ်”

ဦးထွန်းအောင်ကျော် အခုပြောတဲ့ကိုယ်စားလှယ်တယောက် ၅ သိန်းတင်ရမယ် ဆိုတာက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၁၈ (ဂ) မှာပါတဲ့ အချက်ကိုပြောတာပါ။ အခြားလွှတ်တော်တွေရဲ့ နည်းဥပဒေတွေမှာလည်း အလားတူ ပြဋ္ဌာန်းထားတာကိုတွေ့ရတဲ့အတွက် ဘယ်လွှတ်တော်မဆို လွှတ်တော်တခုမှာ ဝင်ပြိုင်ချင်တဲ့ကိုယ်စားလှယ်တိုင်းဟာ ငွေ ၅ သိန်းတင်ရမယ်ဆိုတဲ့အချက်လို့ ဆိုနိုင်ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းတော့ ကိုယ်စားလှယ်တယောက်ကို ငွေ တသောင်း အာမခံခိုင်းပြီးတော့ မဲအရေအတွက် ဘယ်လောက်ရလို့ရှိရင် အဲဒီငွေကို ပြန်ပေးမယ်ဆိုတဲ့ စည်းကမ်းချက် မျိုးထည့်သွင်းပြီးတော့ ရေးသားထားပါတယ်။ အခု ဥပဒေတွေထဲမှာတော့ ပြန်ပေးမယ်ဆိုတဲ့အချက်ကို ဘယ်နေရာမှာမှ ထည့်သွင်း ရေးသားထားတာမျိုး မတွေ့ရပါဘူး။ ဦးထွန်းအောင်ကျော်က ၅ သိန်းတောင်းတာကို အကောင်းမြင်ပေမယ့် ဦးဋ္ဌေးကတော့ ဒီအချက်ကြောင့် အခက်တွေ့စေတယ်လို့ ဆိုပါတယ်။

“ငွေရေးကြေးရေးကတော့ ပါတီမှတ်ပုံတင်ကြေးကတော့ ၃ သိန်းပေါ့ဗျာ၊ ကိုယ်စားလှယ်လောင်းဆိုရင် ၅ သိန်း ဆိုတော့ သတ်မှတ်ထားတဲ့ ထောင်ကျော်လောက်ရှိတဲ့ဟာကို ရွေးဖို့ဆိုရင် ကျနော်တို့မှာ ငွေတွေကို သိန်းကို ထောင်နဲ့ချီ လိုတာ။ ငွေရေးကြေးရေးကလည်း တကယ်တော့ အခုမှ ပါတီဖွဲ့တဲ့သူ ဘယ်သူမှ ပိုက်ဆံမရှိကြဘူး၊ ပါတီမှတ်ပုံတင်ဖို့လောက်နဲ့ ရုံးခန်းငှားဖို့တောင် အနိုင်နိုင် ရပ်တည်နေကြရတာကိုး”

ဆက်လက်ဖော်ပြပါမယ်။

Monday, April 12, 2010

ရွေးကောက်ပွဲဥပဒေများ သုံးသပ်ချက် (၁)

“အဲ အဓိကအားဖြင့်ကတော့ အခုထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေအရပေါ့နော် All Inclusive ဆိုတဲ့အချက်ကို သူတို့ ကန့်သတ်ထားတယ်၊ အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေကို ဥပမာ ဒေါ်အောင်ဆန်းစုကြည် နောက် ကျနော်တို့ SNLD ဆိုရင်လည်း ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးပေါ့နော်၊ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်။ ဒီ ၂ ယောက်ကို ပါတီထဲမှာ ဆက်လက်ပါဝင်ခွင့်မရှိတော့ဘူး ဆိုတဲ့သဘောမျိုး ကန့်သတ်ထားတဲ့အချက်၊ အဓိကအားဖြင့်တော့ အဲဒီအချက်ကို ကျနော်တို့ထောက်ပြလိုပါတယ်။ ပါတီတခုမှာ ဘယ်သူ့ကိုပဲဖြစ်စေ သူထည့်ချင်တယ်၊ ဖြုတ်ချင်တယ်ဆိုတာက ပါတီတခုရဲ့ လုပ်ပိုင်ခွင့်၊ အဲဒီလုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာ အစိုးရကနေပြီးတော့မှ ကော်မရှင်ရဲ့ကန့်သတ်ချက်တွေနဲ့ အစိုးရရဲ့ ဥပဒေတွေနဲ့ လာကန့်သတ်ထားတာမျိုးကတော့ ဒါ ကျနော်တို့ လက်မခံနိုင်ပါဘူး”

SNLD ရဲ့ခေါင်းဆောင် ဦးစိုင်းလိတ်ဖြစ်ပါတယ်။

တကယ်တော့ ထောင်ကျနေသူ နိုင်ငံရေးသမားတွေဟာ အစိုးရရဲ့မူဝါဒ၊ အစိုးရရဲ့ချုပ်ချယ်ကန့်သတ်မှုတွေကို ဆန့်ကျင်ကြသူတွေပါ။ လက်ရှိစစ်အစိုးရနဲ့ သဘောထားချင်း မတိုက်ဆိုင်သူတွေပါ။ ဒီတော့ ဒီအချက်ကို ကြည့်လိုက်လို့ရှိရင် အခုထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေတွေဟာ လက်ရှိစစ်အစိုးရနဲ့ သဘောထားမတိုက်ဆိုင်တဲ့သူတွေ ရွေးကောက်ပွဲမှာ ပါဝင်လို့မရအောင် ကန့်သတ်ပြဌာန်းထားတယ်လို့လည်း ဆိုနိုင်ပါတယ်။

ဒါဟာ သဘောထားမတူသူတွေ၊ ကွဲလွဲသူတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းနဲ့တော့ မကိုက်ညီဘဲ ဖြစ်နေပါတယ်။ ရှေ့နေကြီးဦးအောင်သိန်းကတော့ ထောင်ဒဏ်ကျခံနေရသူတွေနဲ့ပတ်သက်တဲ့ ဒီပြဌာန်းချက်တွေဟာ နိုင်ငံရေးပါတီအပေါ်မှာ ဝင်ရောက်စွက်ဖက်မှုလို့ မြင်ပါတယ်။

“ပါတီတရပ်ရဲ့ ခေါင်းဆောင်တယောက်ပဲဖြစ်ဖြစ်၊ ပါတီမှာ အရေးပါအရာရောက်တဲ့ လူပုဂ္ဂိုလ်တယောက်က ထောင်ထဲမှာရှိရုံနဲ့ သူ့ကိုပါတီကနေပြီးတော့ ထုတ်ပစ်မှသာလျှင် ရွေးကောက်ပွဲကိုဝင်ခွင့်ရှိမယ်ဆိုတဲ့ အခွင့်အလမ်းကို မပေးဘဲထားတာဟာဖြင့်ရင် မျှတမှန်ကန်မှု မရှိဘူးပေါ့နော်၊ ဒီဟာကာ ပါတီတရပ်ရဲ့ လုပ်ပိုင်ခွင့် အပေါ်မှာ မလိုလားအပ်ဘဲနဲ့ ဝင်ရောက်စွက်ဖက်တဲ့ကိစ္စလို့ ကျနော်က မြင်ပါတယ်”

ရှေ့နေကြီး ဦးအောင်သိန်းဖြစ်ပါတယ်။

အရေးကြီးတဲ့ နောက်ထပ်ပြဌာန်းချက်တခုကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေတွေထဲမှာ ပုဒ်မတချက်ပြဌာန်းပြီးတော့ ပယ်ဖျက်လိုက်တဲ့ အချက်ပါ။

ဒီတော့ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်အနိုင်ရအောင် ကြိုးစားခဲ့သမျှဟာ ဒီ ပုဒ်မတချက်တည်းနဲ့ပဲ အားလုံး ပျက်ပြယ်သွားပါပြီလား။ ၁၉၉၀ ခုနှစ်တုန်းက ပြည်သူတွေပေးထားခဲ့တဲ့ ဆန္ဒသဘောထားအားလုံးဟာလည်း ဒီပုဒ်မတချက်နဲ့ပဲ အားလုံး အဟောတိကံဖြစ်ရပါပြီလား။ လွှတ်တော်ခေါ်ယူပေးဖို့ပြဌာန်းထားတဲ့ ဥပဒေကို အခုလို လွှတ်တော်မခေါ်ဘဲ ဥပဒေရဲ့ရလဒ်ကိုပါ တခါတည်း ဖျက်သိမ်းပစ်လိုက်တာဟာ ဥပဒေကြောင်းအရကော ဆီလျှော်မှုရှိပါရဲ့လား။

“အဲဒီ တရားဝင်ထုတ်ပြန်ထားတဲ့ ဥပဒေအရလည်း ဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲကြီး ရှိလာခဲ့တယ်။ ပြည်သူတွေကိုယ်တိုင်လည်းပဲ လက်ခံကျေနပ်ခဲ့ပြီးတော့ ဆောင်ရွက်ခဲ့ပြီးသွားပြီ။ ဒီလိုအခြေအနေရဲ့ရလဒ်ကို ဥပဒေအရ သက်ရောက်ရမယ့်ရလဒ်ကို အကောင်အထည်ဖော်ခြင်းမရှိဘဲနဲ့ နောက်ထပ် ဥပဒေတရပ်ကို ပြဌာန်းလိုက်ပြီးတော့ ရှေ့ဥပဒေကို ဖျက်သိမ်းလိုက်တာဟာ ဥပဒေပြဌာန်းခြင်းဆိုင်ရာ ဥပဒေပြုခြင်း နည်းပညာဆိုင်ရာအရ ရှေ့နောက် ညီညွတ်ခြင်းမရှိဘူးလို့ ကျနော် ဥပဒေရှုထောင့်အရ ဒီလိုမြင်ပါတယ်”

လူငယ်ရှေ့နေကိုဖိုးဖြူ ဖြစ်ပါတယ်။

သောတရှင်များခင်ဗျား၊ ဒီလိုဥပဒေတွေနဲ့ ပြဌာန်းပြီးကျင်းပလိုက်တဲ့ ရွေးကောက်ပွဲကနေ အနာဂတ်မှာ လွှတ်တော်တရပ် ပေါ်ထွက်လာလို့ရှိရင်ရော အဲဒီလွှတ်တော်ဟာ ဘယ်လိုလွှတ်တော် ဖြစ်လာနိုင်ပါလဲ။ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကတော့ အခုလို သုံးသပ်ပါတယ်။

“အဲဒီလို ပြဌာန်းလိုက်တဲ့အခါကျတော့ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ တက်လာတဲ့လူတွေဟာ မိမိသဘောထားကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့်ဆိုတာ အလွန်အားနည်းသွားပြီ၊ ဒီအပြင်ကို အဲဒီပါတီ တရပ်အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုက်နာရမယ်လို့ ဆိုထားတဲ့အတွက် ဒါကိုဆန့်ကျင်ပြီးတော့ ပုံနှိပ်ထုတ်ဝေတာတို့၊ ဟောပြောစည်းရုံးတာတို့၊ လှုပ်ရှားတာတို့ ဒါတွေပါ တခုမှလုပ်လို့မရတော့ဘူး။ ဆိုတဲ့အခါကျတော့ ပေါ်ပေါက်လာတဲ့ ဒီလွှတ်တော်ဆိုတာဟာလည်း ဘယ်မှာ လွတ်လပ်တဲ့လွှတ်တော် ဖြစ်လာနိုင်မလဲခင်ဗျ။ ရာဘာစတန့်မ် ပါလီမန်ပဲ ဖြစ်လာမှာပေါ့”

ဒေါက်တာအေးချမ်းဖြစ်ပါတယ်။

သောတရှင်များခင်ဗျား၊ နိုင်ငံရေးသမားတွေသာမက မြန်မာနိုင်ငံအနှံ့အပြားနဲ့ နိုင်ငံတကာကပါ ငြင်းခုံဝေဖန်လို့ မဆုံးကြတဲ့ ဒီဥပဒေတွေဟာ ၂၀၀၈ ခု အခြေခံဥပဒေကို လက်မခံသူတွေ မပါဝင်အောင် ပြဌာန်းထားသလို စစ်အစိုးရနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ ထောင်ချခံနေရသူတွေကိုလည်း ပါဝင်ခွင့်မရအောင် ပြဌာန်းထားပါတယ်။

ဒါ့အပြင် ၁၉၉၀ ရလဒ်ကိုပယ်ဖျက်ထားပြီးတော့ ၁၉၉၀ တုန်းက အဓိက အနိုင်ရထားတဲ့ပါတီတွေအနေနဲ့လည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခက်အခဲကြုံတွေ့စေတဲ့ ဥပဒေတွေဖြစ်နေပါတယ်။ အခုကိုပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရော၊ SNLD ပါတီကပါ ပါတီမှတ်ပုံ မတင်၊ ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆိုနေကြတဲ့အတွက် ဒီဥပဒေတွေရဲ့အကျိုးဆက်တွေကို တွေ့နေမြင်နေကြရပြီလို့ ဆိုရမှာပါ။

နောက်တပတ် ဒုတိယပိုင်း အစီအစဉ်မှာတော့ ရွေးကောက်ပွဲဥပဒေတွေနဲ့အညီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှာဖြစ်သလို အခုရွေးကောက်ပွဲဟာ ပါတီကြီးတွေနဲ့ ငွေရှင်၊ ကြေးရှင်၊ ဓနရှင်တွေကို အထူးအခွင့်အရေးပေးထားသလားဆိုတာကို ဆက်လက်ပြီး လေ့လာသုံးသပ်သွားမှာမို့ စောင့်မျှော်နားဆင်ကြပါခင်ဗျာ။

ဆက်လက်ဖော်ပြပါမယ်။

Sunday, April 11, 2010

မြေဇာပင်နိုင်ငံများ (နိဂုံးပိုင်း)

အမှန်တော့ တောထဲထွက်ပြေးပြီး လက်နက်ကိုင်တိုက်ပွဲဆက်တိုက်နေသူတွေက တနေ့နေ့မှာတော့ အမေရိကန်တွေဟာ ကျိန်းသေပြန်ရောက်လာပြီး သူတို့ကိုကူညီလိမ့်မယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။ အဲသည်အချိန်တုန်းက မိသားစုများ အပါအဝင် လူပေါင်း ၇၈,ဝဝဝ လောက် (အဲသည်ထဲမှာ လူ ၁၅,ဝဝဝ လောက်က လက်နက်ကိုင်နိုင်တယ်) အမေရိကန်ကူညီလိမ့်ဦးမယ်လို့ ယူဆချက်နဲ့ လက်နက်ကိုင် တော်လှန်ရေးကို ဆက်လုပ်ခဲ့ကြတယ်။

အခု နှစ်ပေါင်း ၃ဝ ကျော် ၄ဝ နီးပါးကြာတော့ အမေရိကန်တွေ ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူးဆိုတာ သူတို့သိကြပါပြီ။ နောက်ဆုံးတော့ ကွန်မြူနစ်တွေကို သူတို့အရှုံးပေးလိုက်ရပြီဖြစ်တယ်။

ဒါပေမယ့် သူတို့မှာ အခြားရွေးစရာလမ်းမရှိပါ။ ထိုင်းနိုင်ငံဘက်ကိုလည်း ကူးလို့မရ။ ကွန်မြူနစ်တွေရဲ့ အကျဉ်းစခန်းတွေထဲမှာလည်း မနေနိုင်။ ဒါ့ကြောင့် ကမ္ဘာဦးလူသားဘဝကို ပြန်ရောက်ရင်း တောထဲ တောင်ထဲမှာပဲ အငတ်ငတ်အပြတ်ပြတ်နဲ့ ရောဂါအမျိုးမျိုး ဒဏ်ခံပြီးနေနေရပါတယ်။

ယခုအချိန်ထိ (Hmong)မှုန်းလူမျိုး ၁ဝဝ,ဝဝဝ လောက် လာအိုကနေ ထိုင်းနိုင်ငံကို ထွက်ပြေးကြပြီလို့ ဆိုတယ်။ လူသောင်းပေါင်းများစွာကလည်း ၁၉၇၅ ကနေ ၁၉၈ဝ ခုနှစ်အတွင်းမှာ သေဆုံးကုန်ပြီလို့ တရားမဝင် စာရင်းဇယားများအရ သိရတယ်။ အခြား မှုန်းလူမျိုး ၂,ဝဝဝ လောက်ကတော့ ပသက် လာအို ထိမ်းသိမ်းရေး စခန်းတွေမှာ ရှိနေဆဲပဲ။

၁၉၈ဝ ကျော်ခုနှစ်များမှာတော့ ပြင်ပအကူအညီ အနည်းအပါးပဲရတာကြောင့် မှုန်းခုခံရေးစစ်ပွဲဟာရှိတယ်လို့ ဆိုရုံလေးပါပဲ။ အမေရိကားမှာတော့ (Hmong Community)ဟာ လူ ၁ဝဝ,ဝဝဝ လောက် ရှိနေပါပြီ။ လာအိုအစိုးရကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်တော့ပေမယ့် ထို မှုန်းခုခံရေးအုပ်စုတွေကတော့ တတ်နိုင်သ၍ တိုက်ပွဲဝင်နေဆဲပါ။

ဒါပေမယ့် စစ်အေးခေတ်အပြီး ယိုးဒယားလိုနိုင်ငံရဲ့အစိုးရတွေက အင်ဒိုနီးရှားကို စစ်ပွဲဒေသအဖြစ်ထက် အရောင်းအဝယ်ဒေသအဖြစ် ပြောင်းလဲကျင့်သုံးလာတာကြောင့် အကူအညီပေးမှုတွေက တဖြည်းဖြည်း လျော့ကျလာတာမို့ (Hmong)ခုခံစစ်ဟာ ရပ်တည်နိုင်ရေးအဆင့်ထက် မပိုတော့ပါဘူး။ ၂ဝဝ၄ ခုနှစ် ဧပြီလအထိ (Hmong)မှုန်းလူမျိုး ၁၇,၆၆၉ ဦး တောထဲတောင်ထဲမှာ ရှိနေကြပါသေးတယ်။ ၂ဝဝ၇ အကုန်လောက်မှာတော့ ၄,ဝဝဝ လောက်ပဲ ကျန်ပါတော့တယ်။ တချို့က လက်နက်ချပြီး တချို့က ထိုင်းနိုင်ငံကို ထွက်ပြေးကြတာပါ။

(Hmong)မှုန်းလူမျိုးစုတွေအဖို့ နောက်ဆုံး သစ္စာဖောက်ခံရတာတချက်ကတော့ ၂ဝဝ၇ ဇွန်လအတွင်းက ဖြစ်ပါတယ်။ Gen Vang Pao နဲ့ သူ့လက်ထောက် ၁ဝ ယောက်လောက်ဟာ ကယ်လီဖိုးနီးယားမှာ အဖမ်းခံရတယ်။ ဒေါ်လာ ၉.၈ သန်းဖိုးတန်တဲ့ ခဲယမ်းမီးကျောက်နဲ့ လက်နက်တွေဝယ်ယူပြီး လာအိုအစိုးရကို ဖယ်ရှားဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။ သူ့မှာ အပြစ်ရှိကြောင်းတွေ့ရှိရရင် Gen Vang Pao ဟာ တသက်တကျွန်းကျခံရမှာ ဖြစ်ပါတယ်။ (Hmong) မှုန်းလူမျိုးစုတွေအဖို့ ဘယ်လောက် ခါးသီးနာကျည်းဖွယ်ရာ ကောင်းတဲ့ အတွေ့အကြုံပါလဲ။

၂ဝ၁ဝ ခု ဖေဖော်ဝါရီလ ၁ဝ ရက်ထုတ် Nation သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ (Hmong)မှုန်းဒုက္ခသည်တွေကို လာအိုနိုင်ငံကို ပြန်ပို့တဲ့ကိစ္စအပေါ် ဝေဖန်ထောက်ပြထားတာ တွေ့ရတယ်။ ဟိုတုန်းက ဘယ်လောက်ပဲ ရန်ညှိုး ရန်စတွေရှိရှိ အခုချိန်မှာတော့ ဒါတွေကိုသင်ပုန်းချေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို လာအိုကွန်မြူနစ်အစိုးရက လုပ်ပါ့မလားဆိုတဲ့အပေါ်လည်း မေးခွန်းထုတ်စရာပါ။

ဗီယက်နမ်စစ်အပြီးမှာ (Hmong)လူမျိုးစုတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့သစ္စာဖောက်ခံ ဒါမှမဟုတ် မေ့ပစ်ခံရတဲ့ တခုတည်းသောလူမျိုးစုတော့ မဟုတ်တော့ပါဘူး။ ၁၉၆ဝ ခုနှစ်ကျော်နှစ်များက (Hmong) လူမျိုးစုတွေကို လာအိုစစ်ပွဲထဲဆွဲသွင်းခဲ့တဲ့အချိန်နဲ့ တချိန်တည်းမှာလိုပဲ CIA ဟာ တောင်ဗီယက်နမ်ရဲ့ ကုန်းမြင့်ဒေသတွေက တောင်ပေါ်ဒေသလူမျိုးများကို ဗီယက်နမ်ကွန်မြူနစ်တွေရဲ့ ထိမ်းချုပ်မှုကိုဟန့်တားဖို့ စစ်ပွဲအတွင်း ဆွဲသွင်းခဲ့ပါသေးတယ်။ (ဒါကို နောက်အပတ်မှာ အကျယ်ရေးပါမယ်)

စစ်အေးခေတ်ရဲ့အခြားဘက်တဖက်မှာ ဖြစ်ပျက်ခဲ့တာကိုလည်း တင်ပြရပါမယ်။ သိကြတဲ့အတိုင်း စစ်အေးခေတ် အင်ဒိုချိုင်းနားစစ်ပွဲဆိုတာ ပြင်သစ်တွေဆုတ်သွားရပြီးနောက်ပိုင်း အမေရိကန်နဲ့ မဟာမိတ်တွေနဲ့ အင်ဒိုချိုင်းနား ၃ နိုင်ငံမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအင်အားစုတွေကတဖက်၊ တရုတ်၊ ရုရှားက အကြီးအကျယ် ကူညီထောက်ပံ့ထားတဲ့ ကွန်မြူနစ်အင်အားစုတွေကတဖက် ဖြစ်ခဲ့တဲ့စစ်ပွဲပါ။

စစ်အေးခေတ်ရဲ့နိုင်ငံရေးအကြပ်အတည်းကို အမြင့်မားဆုံးစစ်ပွဲ အသွင်သဏ္ဍာန်နဲ့ ဖြေရှင်းမှုရဲ့ နမိတ်ပုံရိပ်ဆိုရင်လည်း မမှားပါ။

စာလေးသွားမှာစိုးလို့ အတိုချုပ်ပြောရအောင်။ ၁၉၇၅ ဧပြီလ ၁၇ ရက်နေ့မှာ ကွန်မြူနစ်ခမာနီတွေ ကမ်ပူးချားမှာ အာဏာရတယ်။ ၁၉၇၈ ခု ဧပြီလ ၃ဝ ရက်နေ့မှာ ဗီယက်နမ်စစ်ပွဲပြီးသွားလို့ ဗီယက်နမ် ကွန်မြူနစ်တွေ အောင်ပွဲရတယ်။ ၁၉၇၈ ဒီဇင်ဘာလ ၂၅ ရက်မှာတော့ ဗီယက်နမ်စစ်တပ်က နယ်စပ်ကို ဖြတ်ကျော်ပြီး ရက်ပေါင်း ၂ဝ အတွင်းမှာ ကမ်ပူးချားမြို့တော် ဖနွမ်းပင်ကို သိမ်းလိုက်တယ်။ သိပ်မကြာပါဘူး၊ ၁၉၇၉ ဖေဖော်ဝါရီလမှာတော့ တရုတ် ကွန်မြူနစ်တပ်တွေက နယ်စပ်ကိုဖြတ်ကျော်ပြီး ဗီယက်နမ်ကို ဝင်တိုက်တယ်။ ကွန်မြူနစ်တွေ အချင်းချင်းဖြစ်တဲ့ စစ်ပွဲဆိုလည်း မမှားပါ။

ဗီယက်နမ်တွေဝင်သိမ်းလို့ ထိုင်းနယ်စပ်ကိုဆုတ်ခွာသွားရတဲ့ ခမာနီတွေကို ထိုင်းအစိုးရက ခိုလှုံရာနေရာတွေ ပေးထားတယ်။ အမေရိကန်ကလည်း ထိုင်းကနေတဆင့် ကူညီတယ်။ တရုတ်ကတော့ ထိုင်းပင်လယ်ကွေ့ထဲက ထိုင်းဆိပ်ကမ်းမြို့တွေကတဆင့် သူ့လက်နက်တွေကို ခမာနီတွေရှိနေတဲ့ ထိုင်း-ကမ်ပူးချား နယ်စပ်ကို ပို့ပေးပါတယ်။

သည်လို တရုတ်လက်နက်တွေကို ထိုင်းနယ်မြေကိုဖြတ်ကျော်ပြီး ခမာနီတွေဆီပို့ပေးဖို့ ခွင့်ပြုပေးရလို့ ထိုင်းနိုင်ငံကရတဲ့ အကျိုးအမြတ်ကတော့ ထိုင်းကွန်မြူနစ်ပါတီကို တရုတ်ကဆက်ပြီး ရုပ်ဝတ္ထုပစ္စည်း အကူအညီ မပေးတော့ပါဘူးဆိုတဲ့ ကတိကဝတ်ပါပဲ။ ၁၉၈၉ ခုမှာ ဗီယက်နမ်တွေ ကမ်ပူးချားက ဆုတ်ခွာတော့ ဆယ်နှစ်တာ ကမ်ပူးချားစစ်ပွဲမှာ ပေးလိုက်ရတဲ့ဆုံးရှုံးမှုက ဗီယက်နမ်စစ်သား ၅၂,ဝဝဝ ကျဆုံးပြီး ၂ဝဝ,ဝဝဝ ကျော် ဒဏ်ရာရခဲ့တာပါပဲ။ ကမ်ပူးချားပြည်သူတွေ ဘယ်လောက် သေကြေမယ်ဆိုတာ စဉ်းစားကြည့်ပေတော့။

သည်အဖြစ်အပျက်တွေဟာ အနီးခေတ် အရှေ့တောင်အာရှမှာဖြစ်ပျက်ခဲ့တဲ့ စစ်အေးတိုက်ပွဲရဲ့မှေးမှေးမှိန်မှိန် ပုံရိပ်တချို့ပါ။ ဆိုးတာက ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေဇာပင်ဖြစ်ခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ လူ့အဖွဲ့အစည်းတွေရဲ့ ရင်နာဖွယ်၊ ကြေကွဲဖွယ်၊ နာကျည်းဖွယ်အဖြစ်ပါ။ ကျွဲတွေကတော့ သူ့အလုပ် သူလုပ်တာပါပဲ။ မြေဇာပင်ဆိုတာ ရှိတယ်တောင် မအောက်မေ့ကြပါဘူး။

သည်လိုပဲ မဟာအင်အားကြီးနိုင်ငံတွေကလည်း သူ့အကျိုးစီးပွားအတွက် သူ့ပေါ်လစီအတွက် နိုင်ငံငယ်လေးတွေကို အသုံးချနေတာပါ။ “မွှေးတုန်းတော့ဖြင့် ပန်ချင်ပြန်တယ်၊ နံရင် ပစ်ပယ်” ဆိုသလို သူတို့အကျိုးစီးပွားတည့်တုန်းတော့ ပွဲထုတ်ပါလိမ့်မယ်။ သူတို့အကျိုးစီးပွားနဲ့ မကိုက်ညီတော့ဘူးဆိုရင်တော့ မိတ်ဆွေဟောင်းတွေကိုလည်း ပြောင်သစ္စာဖောက်ဖို့ ဝန်မလေးပါ။ မစားရဝခမန်း စကားအလှတန်ဆာဆင် ပြောနေပေမယ့် လက်တွေ့မှာ သူတို့အကျိုးစီးပွားပါပဲ။ ဒါကလည်း မဆန်းပါဘူး။ နိုင်ငံရေးမှာ ဆိုရိုးတခုရှိတယ် မဟုတ်လား။ “ထာဝရ မိတ်ဆွေ မရှိ၊ ထာဝရရန်သူ မရှိ၊ ထာဝရ အကျိုးစီးပွားပဲရှိတယ်” လို့။

တချို့က ဝေဖန်မယ်။ စစ်အေးခေတ်ကုန်သွားပြီ။ နိုင်ငံတကာအကျိုးစီးပွားတွေက တခုနဲ့တခု ဆက်စပ်နေကြပြီ။ စစ်အေးခေတ်ကလို အဖြစ်အပျက်တွေ မဖြစ်နိုင်တော့ပါဘူးလို့။ မှန်ပါတယ်။ ထပ်တူထပ်မျှ တူတာတွေတော့ ဖြစ်မလာနိုင်တော့ဘူးပေါ့။ ဒါပေမယ့် ဘယ်နိုင်ငံမှ သူတို့အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ကိစ္စတွေကို စိတ်ခံစားမှု အခြေခံတွေပေါ် မူတည်ပြီး မလုပ်ဘူး။ ရှုံးမဲ့မြင်းကို မလောင်းဘူး။ အားမရှိတဲ့သူကို မလေးစားဘူး။ သနားတာလောက်တော့ ရှိမှာပေါ့။

ဒါ့ကြောင့် အဖြစ်အပျက်တွေဟာ ပုံသဏ္ဍာန်အရ ပြောင်းချင်ပြောင်းမယ်။ အနှစ်သာရအရကတော့ သည်လို အဖြစ်အပျက်တွေဟာ ပုံစံတမျိုးနဲ့ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုတွေရှိနေဆဲပါ။ သူတို့နိုင်ငံကြီးတွေရဲ့ မဟာဗျူဟာကစားကွက်ထဲ မရောက်ဖို့ လိုပါတယ်။ မြန်မာပြည်ဟာ မြေဇာပင်နိုင်ငံမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဒါဖြင့် ဘာလုပ်ကြမလဲ၊။

အမှီအခိုကင်းရေး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရေး၊ ပြည်သူလူထုနဲ့အတူရှိနေရေး၊ ခေတ်နဲ့အညီ ပြောင်းလဲနေမှုတွေအပေါ် မျက်ခြည်မပြတ်ရေး၊ တီထွင်ဆန်းသစ်ရေး၊ မျိုးဆက်သစ်လူငယ်တွေကို လေ့ကျင့် ပျိုးထောင်ရေး၊ ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့ စကားအလှတန်ဆာတွေကို လက်တွေ့ လုပ်ငန်းများအဖြစ် ပြောင်းလဲနိုင်ပါမှ ကျနော်တို့နိုင်ငံကြုံတွေ့ရမဲ့ ခြိမ်းခြောက်မှုတွေ၊ ထောင်ချောက်တွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။

အဓိက ကတော့ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နဲ့ အမျိုးသားညီညွတ်ရေးအပေါ်အခြေခံပြီး လူထုအကျိုး သည်ပိုးနိုင်ကြဖို့ပါ။ သည်လို လုပ်နိုင်ဖို့ဆိုတာလည်း အနာဂတ်ခေါင်းဆောင်သစ်တွေရဲ့ အမြော်အမြင်ပေါ် မူတည်နေပါတယ်။ သူတို့လေးတွေရဲ့ အမြော်အမြင်ကလည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို သူတို့ ဘယ်လိုပုံစံနဲ့ အသုံးချမယ်။ ဘယ်နည်းဘယ်ပုံ ဆက်စပ်သွားမယ်ဆိုတဲ့ အသိညဏ်အပေါ်မှာ မှီတည်နေတယ်ထင်လို့ သည်စာကို ရေးပါတယ်။

မြင်းရည်တက်ဦးသာ

ကိုးကား
1. Conflict (Nelsen Rand)
2. From Ladle to Exile (Bui Tin)
3. Nation Feb 10, 2010.

ဓာတ်ပုံ- www.zicasso.com