Tuesday, February 18, 2014

ဧရာဝတီ ငို၍ပြောသည် (၁) - ကိုညို

ဧရာဝတီ ငို၍ပြောသည် xxx အမေအို ငို၍ပြောသည် xxx မျက်ရေချောင်းစီး xx မြစ်ကြီးနဒီ xx 

၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း အငို အရှိုက်ပိုင်ပိုင်နဲ့ အဆိုတော် ဒေါ်မာမာအေးရဲ့ သီချင်းလေးဟာ ဒီကနေ့အထိ နားထောင်လို့မငြီးနိုင်အောင်ပါပဲ။ 

၁၉၉၄ ခုနှစ်က စာရေးသူ အပါအဝင် မြန်မာကျောင်းသားလူငယ်များနဲ့အတူ မန္တလေးမြို့က နာမည်ကြီး ပန်ချီဒီဇိုင်းဆရာ စစ်ငြိမ်းအေးတို့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မြန်မာ့အရေး အိန္ဒိယပြည်သူတွေသိစေဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးတိုက်ပွဲလို့ နာမည်ပေးထားတဲ့ ပန်းချီပြပွဲတခု လုပ်ခဲ့ပါတယ်။ ပန်းချီဆရာ စစ်ငြိမ်းအေးက အဆိုတော် မာမာအေးရဲ့ သီချင်းစာသားလေးဖြစ်တဲ့ “ဧရာဝတီ ငို၍ပြောသည်” ဆိုတာကို ခေါင်းစဉ်အဖြစ်သုံးပြီး ဧရာဝတီမြစ်ပြင်ပေါ် ရွက်လွှင့်နေတဲ့ လှေတစင်းကို ရေးဆွဲထားတာပါ။ ဆည်းဆာညနေအရောင်က တည်ငြိမ်တဲ့ ဧရာဝတီရေပြင်အပေါ် သွေးနီရောင် ဟတ်ထင်ပြီး မိုးသားတွေက ညှို့မှိုင်းကာ ပြိုကျတော့မယ့်ပုံပါ။ မြန်မာပြည်ရဲ့ အမှတ်သင်္ကေတတခုလိုဖြစ်နေတဲ့ ဧရာဝတီရဲ့ ပူဆွေးသောကတွေကို နမိတ်ပုံဖွဲ့ရေးထားတာပါ။ ပြပွဲလာ အိန္ဒိယနိုင်ငံသားအများရဲ့ အာရုံစိုက်မှုခံရတဲ့ ပန်းချီကားတချပ်လည်း ဖြစ်ပါတယ်။ 


စာပေ၊ ကဗျာ၊ ဂီတဓာတ်ပုံ၊ ပန်းချီ အနုပညာတွေနဲ့ တချိန်က မြန်မာပြည်ရဲ့ပုံရိပ်ကို ဧရာဝတီနဲ့ ခိုင်းနှိုင်းလေ့ရှိပါတယ်။ မြန်မာပြည်ရဲ့ ပူဆွေးသောကဗျာပါဒတွေကို ဧရာဝတီ ငိုနေပြီလို့ ခိုင်းနှိုင်းဖွဲ့ဆိုကြပေမယ့်... ဒီကနေ့အချိန်မှာတော့ အမိဧရာဝတီမြစ်ကြီးကိုယ်တိုင် ရှိုက်ခါရှိုက်ခါ ဟစ်ငိုနေပါပြီ...။ ဒါကြောင့် ဧရာဝတီက ငိုကြွေးပြောပြတဲ့ ဧရာဝတီသမိုင်း၊ ဧရာဝတီဘဝကို၊ ဧရာဝတီနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ၊ ဧရာဝတီကို ချစ်ခင်မြတ်နိုးသူတချို့ရဲ့ ရင်ဖွင့်သံတွေနဲ့ တင်ပြလိုပါတယ်။ 

အခြေတည်ပြီးသော မြို့ပြများ xx အစဉ်လာကြီးမားခဲ့ကြရ xx ရာဇဝင်ဟောင်းရဲ့အမှတ်တရ ဒီမြေဟာ တို့ရဲ့အမိမြေ xxx ယဉ်ကျေးမှုတို့ရဲ့ နှလုံးသား xx ရှင်သန်နေတဲ့ တန်ခိုးရှင် xx ထုဆစ်ခဲ့တဲ့ အိပ်မက် ကဗျာ... 
(ထူးအိမ်သင်၏ ဧရာဝတီ သီချင်းမှ)

မြန်မာပြည်မြောက်ဖျားကနေ တည်ငြိမ်ညင်သာစွာနဲ့ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးကို မှီခိုပြီးပေါ်ပေါက်လာတဲ့ ရှေးခေတ်မြို့ပြနိုင်ငံတော်တွေကအစပြုလို့ ခေတ်အဆက်ဆက် စာဆိုအနုပညာရှင်တွေက ဧရာဝတီမြစ်ကြီးရဲ့ အလှအပ သဘာဝတွေအပြင် ခန်းနားထည်ဝါမှုနဲ့ တည်ငြိမ်ရင့်ကျက်မှုတွေ သမိုင်းအစဉ်လာနဲ့ ကျေးဇူးတရားတွေကို စာကဗျာ တေးသီချင်းတွေနဲ့ဖွဲ့ဆိုလို့မဆုံးနိုင်အောင်ဘဲ ဧရာဝတီဟာ သက်ရှည်သမိုင်းမြစ်ကြီးအဖြစ် စီးဆင်းနေတုန်းပါ။ 

တကယ်တော့ အများသိကြသလိုပဲ ဧရာဝတီဟာ မြန်မာပြည်မြောက်ဖျားက ကချင်ပြည်နယ် မေခ မလိခ မြစ်နှစ်သွယ်ဆုံစီးပြီးပေါ်လာသလို မြန်မာပြည် တစ်နိုင်တည်းမှာပဲစီးဆင်းပြီး မြန်မာပြည်သူတွေကသာပိုင်ဆိုင်တဲ့ မြန်မာ့ ဂုဏ်ဆောင် မြစ်မင်းကြီးလည်း ဖြစ်ပါတယ်။ မြန်မာရာဇဝင်မှာ အချက်အချာကျတဲ့ မင်းနေပြည်တော် သရေခေတ္တရာ ပြည်၊ တကောင်း၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ အမရပူရ၊ မန္တလေး စသည့်မြို့ပြနိုင်ငံတွေအပြင် စီးပွားရေးအချက်အခြာကျတဲ့ ရန်ကုန်၊ ပုသိမ်၊ ဟင်္သာတ၊ မုံရွာ၊ မြစ်ကြီးနား တောင်မြောက်တနံအလျားမြို့ကြီးတွေဟာ ဧရာဝတီကို မဏ္ဍိုင်ထားပြီး ပေါ်ပေါက်လာကြတာပါ။ 

မိုင် ၁၃၅၀ လောက်ရှည်တဲ့ မြွေကြီးတကောင်လို တွန့်လိမ်ပြီး ငြင်သာစွာ စီးဆင်းနေတဲ့ မြစ်မင်းဧရာဟာ စိုက်ပျိုးရေး လမ်းပမ်းဆက်သွယ်ရေး သစ်ဝါးလုပ်ငန်း ငါးဖမ်းလုပ်ငန်းနဲ့ မြစ်အနီးမြို့တွေရဲ့ သောက်သုံးရေကို ပါပေးဝေပါတယ်။ အဲဒီလို မြစ်တစ်စင်းရဲ့လုပ်နေကြ အထောက်အပံ့တွေသာမက တိုင်းရင်းသားလူမျိုးအချင်းချင်း ပေါင်းကူးဆက်စပ်ပေးတဲ့ ချစ်ကြည်ရေးကိုလည်း ဖော်ဆောင်နေပါတယ်။ 

ဧရာဝတီနဲ့ ဆက်စပ်တည်ရှိတဲ့ သစ်တောကြီးတွေ တောရိုင်းတိစ္ဆာန်တွေအပြင် ရေမြေသတ္တဝါတွေ ကျေးငှက်တွေနဲ့ သစ်ဝါးကြိမ်နွယ် ဆေးဖက်ဝင်အပင်တွေလည်း ဒီမြစ်ကြီးနဲ့ပဲ အညမည ဖြစ်နေကြတာပါ။ 

တကယ်တော့ ဧရာဝတီဟာ ဒဏ္ဍာရီဆန်ဆန် အလှတွေနဲ့ ပြည့်စုံနေတာပါ။ မြောက်ဖျားဟိမဝန္တာ တောင်စွယ်တောင်ရိုးတွေနဲ့ တောင်ထိပ်က ရေခဲအိုင်ကြီးတွေ၊ ရေခဲမြစ်တွေကနေ ဖြာဆင်းလာတဲ့ ဆေးပေါင်းခတဲ့ မြစ်ရေအပေါင်းဟာ မြစ်ကြီးနားအထက် ၂၇ မိုင်မှာရှိတဲ့ မြစ်ဆုံမှာလာပြီးဆုံတွေ့ရာက လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်သဘာဝနဲ့ ပဋိဇီဝဆေးဝါးမျိုးစုံကိုသယ်ဆောင်ပြီး ဧရာဝတီဆိုတဲ့ အမည်နာမနဲ့ မြန်မာပြည်တခုလုံးကို ဖြန့်ကျက်ပေးပါတယ်။ 

အင်မတန်ရေစီးကြမ်းတဲ့ မေခမြစ်နဲ့ အတော့်ကို ရေစီးငြင်သာတဲ့ မလိခမြစ်တို့ဆုံစည်းရာက ရေစီးပြေပြစ်ပြီး မိုင်ပေါင်း တထောင်ရှည်လျှားတဲ့ ဧရာဝတီမြစ်ကို ပေါ်ထွန်းစေတာက ထူးခြားပါတယ်။ ကချင်ပြည်နယ် သဘာဝဝန်းကျင် ထိမ်းသိမ်းရေးကို တက်တက်ကြွကြွလုပ်ဆောင်ပြီး ကချင် သဘာဝတောတောင်ရေးရာအကြောင်း စာပေဆောင်းပါးတွေ ရေးသားနေတဲ့ ဆရာကြီး လရှီဘောက်ဝါက “ကျနော်တို့ကချင်လူမျိုးတွေဟာ “မေခလို ကြမ်းပေမယ့် မေလိခနဲ့တွေ့ရင် နူးညံ့သွားမှာပါ” လို့ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ ညင်သာပျော့ပြောင်းမှုနဲ့ ပေါင်းစုံမိရင် ရှည်ကြာတဲ့ သိမ်မွေ့ညင်သာမှုကို ဖြစ်စေမှာပါလို့ ရေစီးကြမ်းတဲ့ မေခမြစ်နဲ့ ရေစီးငြင်သာတဲ့ မလိခမြစ်တို့ ပေါင်းစည်းပြီး ငြင်သာတဲ့ ရေစီးကိုဖြစ်ပေါ်စေတဲ့ ဧရာဝတီကို ခိုင်းနှိုင်းဆိုဆုံးမမှုတွေ ရှိတတ်ပါတယ်” လို့ ပြောဖူးပါတယ်။ 

ဒီနေရာမှာ ဧရာဝတီရဲ့ ထူးခြားတဲ့လက္ခဏာတခုကိုလည်း မန္တလေးမြို့သား စာရေးဆရာ အယ်ဒီတာ ဆရာကျော်ရင်မြင့်က အခုလို သတိတရ ပြောခဲ့ပါတယ်။ 

“ဧရာဝတီမြစ်က ဒုက္ခပေးလို့ လူတွေ ဒုက္ခရောက်တယ်ဆိုတာ ဒီနေ့အချိန်ထိတော့ မရှိသေးပါဘူး။ ဧရာဝတီမြစ်က ဇွန် ဇူလိုင်တွေမှာ ရေတွေလျှံတာ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီရေလျှံတာကလည်း မြစ်ဝန်းကျင်မှာရှိတဲ့ စိုက်ပျိုးရေးနယ်တွေအပေါ်မှာ နုံးတင်မြေနုတွေ ပိုချပြီးတော့ ကောင်းကျိုးပြုတဲ့ ရေလျှံမှုသာဖြစ်စေပါတယ်။ လူတွေကို ပူဆွေးသောကရောက်စေတဲ့မြစ်မျိုး သမိုင်းမှာ အခုချိန်ထိတော့ တကြိမ်မှမဖြစ်ဘူးသေးဘူးဆိုတာလေးလည်း ပြောချင်တယ်ဗျ”

မြန်မာပြည်ရဲ့ စီးပွားရေးအဖွံ့ဖြိုးဆုံးဒေသမှာလည်း ဧရာဝတီမြစ်ရိုးပေါ်မှာပဲ တည်ရှိခဲ့သလို ခေတ်သစ်နိုင်ငံရေးမှာ အဓိကကျတဲ့ အဖြစ်အပျက်တွေကလည်း ဧရာဝတီမြစ်ရိုးမှာပဲ အခြေတည်ခဲ့တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဖိုးသံချောင်းက ပြန်ပြောင်းပြောပြပါတယ်။ 

“အခုနောက်ပိုင်းသမိုင်းမှာရှိတဲ့ အဓိက နိုင်ငံရေးအဖြစ်အပျက်ကြီးတွေ အားလုံးကလည်း ဧရာဝတီမြစ်ရိုးပေါ်မှာ ဖြစ်ပွားတာပါ။ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ဆိုလိုရှိရင် အရင်တုန်းက စဉ်းစားချက်တမျိုးရှိခဲ့ပါတယ်။ ကျနော်တို့တတွေ အဲ့ဒီတုန်းက နယ်စပ်ဒေသတွေနဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ အများကြီးဖော်နိုင်ခဲ့တယ်။ ဗမာပြည် တော်လှန်ရေးသမိုင်းမှာမရှိဘူးတဲ့ တိုက်ပွဲတွေ၊ စစ်အစိုးရရဲ့တပ်ရင်းလိုက် ခြေမှုန်းတာ၊ စစ်အစိုးရရဲ့ တပ်ရင်းမှူးတွေကို အရှင်ဖမ်းမိတာ အဲ့ဒီလောက်ကြီးတဲ့ တိုက်ပွဲတွေ တိုက်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ခေါင်းထဲ ဒီ ဧရာဝတီမြစ်ရိုးမှာ သေနတ်သံ မပေါ်မချင်း ဒီ လက်နက်ကိုင်တော်လှန်ရေးဟာ အပြောင်းအလဲမရှိဘူး အပြောင်းအလဲ မဖြစ်သေးဘူး လို့ စဉ်းစားခဲ့ပါတယ်။ ဆိုလိုတာက ဧရာဝတီမြစ်ဝှမ်းရဲ့ အရေးပါမှု၊ သမိုင်းလက္ခဏာအရ အရေးပါမှုကြောင့်မို့ ဧရာဝတီမြစ်ဝှမ်းကိုရောက်အောင် ကျနော်တို့ တိုးရမယ်လို့ ကျနော်တို့ အဲ့ဒီလိုစီစဉ်ခဲ့တယ်” 

အဲ့ဒီလို ဧရာဝတီရဲ့ စစ်ရေးနိုင်ငံရေးအရ အရေးပါမှုကို တော်လှန်သူတွေကရော အုပ်စိုးသူတွေကပါ အရေးထားကြတာကို တွေ့ရပါတယ်။ ဥပမာ ဧရာဝတီနဲ့ မျဉ်းပြိုင်လိုဖြစ်နေတဲ့ ရန်ကုန်-မန္တလေး ကားလမ်းမကြီးကို စစ်အာဏာပိုင်တွေက အမြဲတစေ လုံခြုံရေးအရ စိုးမိုးထားလေ့ရှိတာကိုလည်း အလွယ်တကူမြင်ရမှာပါ။ အဲ့ဒီလို နိုင်ငံတော်ရဲ့ ပင်မ အသက်သွေးကြောကြီးဖြစ်သလို ထူးခြားတဲ့ ဂုဏ်အင်တွေ သမိုင်းဝိသေသတွေနဲ့ ရာဇဝင်ထွန်းပြောင်လှတဲ့ ကျနော်တို့ရဲ့မိခင် ဧရာဝတီကြီးဟာ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်လောက်ကစလို့ တဖြည်းဖြည်းနဲ့ နာတာရှည်ဝေဒနာသည်ကြီးလို ဖြစ်နေပါပြီ။ 

ဧရာဝတီကို အနီးကပ်မြင်တွေ့နေရတဲ့ မန္တလေးသား စာရေးဆရာကျော်ရင်မြင့်ကတော့ ...

“ပြီးခဲ့တဲ့ ၃ နှစ်ကျော်လောက်တုန်းက ဧရာဝတီမြစ်ကို ဆန်တက်ပြီးမှ ဗန်းမော်အထိ ဧရာဝတီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်တဲ့ဟာလေးတခု လုပ်ခဲ့ကြပါတယ်။ မြစ်ကြီးက ဘာနဲ့တူနေသလဲဆိုရင် HIV/AIDS ဆွဲကပ်နေတဲ့ လူမမာကြီးကိုမြင်ရသလိုပဲ သောင်တွေထွန်း ကမ်းပါးတွေပြိုတဲ့နေရာ ပြို အမျိုးစုံပါပဲ မြစ်ဘေးမှာလည်း သစ်တွေခုတ်ပြီးတော့ ပုံထားတာကများကြီး နောက်တခါ မြစ်ထဲမှာ ရွှေကျင်နေတာ အုပ်စုလိုက်ကြီး မော်တော်တွေနဲ့ ရွှေကျင်ပီးတော့ နေတဲ့ဟာတွေလည်း အများကြီးတွေ့ခဲ့ရတယ်။ သစ်တွေကိုတင်လာတဲ့ မော်တော်ကြီးတွေလည်း စုန်လာတာ မကြာခဏ တွေ့ရတယ်။ သဘာဝပတ်ဝန်းကျင် မြတ်နိုးတဲ့သူတွေရဲ့ အမြင်တွေနဲ့ကြည့်မယ်ဆိုလို့ရှိရင် တော်တော်ကို ရုပ်ပျက်ဆင်းပျက်မြင်ရတာတွေကို ကျနော်တို့ တွေ့ခဲ့ရပါတယ်ဗျ။ မှတ်တမ်းလည်း တင်ခဲ့ပါတယ်ဗျ”

နွေရောက်ပြီဆို စစ်ကိုင်းတံတားကြီးအောက်ခြေမှာ တပြန့်တပြောကြီး သောင်တွေထွန်းနေတာကို တွေ့ရမှာပါ။ ဧရာဝတီရဲ့ ပထမဆုံး မြစ်ကူးတံတားကြီးဖြစ်တဲ့ အင်းဝတံတားကြီးဆောက်ပီးကတည်းက နွေအခါမှာ နဂိုက မတွေ့ဖူးတဲ့သောင်တွေ ထွန်းလာပါတယ်။ ဒါပေမယ့် မိုးတွင်းမှာ ရေစီးကြမ်းတဲ့ ဒုတ္ထဝတီ မြစ်ငယ်မြစ်ရဲ့တိုက်စားမှုကြောင့် သောင်တွေ နှုံးတွေ ရေစီးနဲ့ ပျောက်သွားပါတယ်။ အခုဆိုရင် အင်းဝတံတားကြီးအပြင် ရတနာပုံတံတားကြီးပါ ထပ်တိုးလာပါပြီ။ မြစ်ငယ်မြစ်ကိုယ်တိုင်လည်း သူ့အထက်က ရေကာတာကြီးတွေ ဆောက်ထားတဲ့အတွက် ရေစီးအားတွေကျ မြစ်ကမ်းဘားတွေပြိုပြီး ဧရာဝတီရဲ့ သောင်ပြင်တွေကို အရင်လိုတိုက်စားနိုင်တဲ့အားက မရှိတော့ပါဘူး။ ဒါကြောင့်လည်း သောင်ပြင်ကြီးဟာ ဘော်လုံးကွင်းကြီးလို ဖြစ်နေပါပြီ။ မြစ်ကူးတံတားတွေဟာ သောင်ထွန်းစေတတ်ပါတယ်။ လက်ရှိ ဧရာဝတီရဲ့သောင်ထွန်းမှု အနေအထားကို ဆရာကျော်ရင်မြင့်ကပဲ အခုလိုပြောပြပါတယ်။ 

“မန္တလေးကနေပြီးတော့ အထက်တလျှောက်လုံးကြီးဟာ သောင်တွေနဲ့ပဲထွန်းပီးတော့ သောင်တွေ ဖုံးနေတာပါ မြစ်ကြောင်းဆိုတာ သေးသေးလေးပဲကျန်တော့တယ်။ ဖြောင့်ဖြောင့်တန်းတန်း မဟုတ်တော့ဘူး၊ ကွေးကောက်ပီးတော့မှ ခက်ခက်ခဲခဲသွားရတဲ့ အနေအထားပေါ့၊ ဖေဖော်ဝါရီကျော်လောက်ကစပီးတော့မှ မြစ်ကြောင်းက တော်တော်ကိုဆိုးသွားတဲ့ အနေအထားမှာ တွေ့နေရပါတယ်ခင်ဗျ။ ဒီလို များများစားစား သွားလာရခက်လောက်အောင် သောင်ထွန်းလာတာကတော့ ဒီဘက်နှစ်တွေမှာ ပိုပိုပီးတော့ ဆိုးလာတာပေါ့ ဟိုဘက် နှစ်နှစ်ဆယ်ကျော်လောက်ကလည်းပဲ သောင်တွေတော့ ရှိပါတယ်။ ဒါပေမယ့် မြစ်ကြောင်းသိပ်ပီးတော့ ကြပ်သွားအောင်မဖြစ်ဘဲနဲ့ နောက်ပိုင်းလောက်မှာ ပိုပြီးတော့ ဆိုးဆိုးရွားရွားနဲ့ မြစ်ကြောင်းကြပ်လာတယ်လို့ပဲ သတိထားမိပါတယ်” 

ဧရာဝတီကယ်ဆယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်နေတဲ့ ဓာတ်ပုံ ပန်းချီဒီဇိုင်းပညာရှင် ဆရာ စိုးဝင်းငြိမ်းကလည်း သူတွေ့ခဲ့ရတဲ့ ဧရာဝတီရဲ့ ကျန်းမာရေးအခြေအနေကို အခုလို ပြန်ပြောင်းပြောပြပါတယ်။ 

“မင်းဘူးဘက်သွားတဲ့လမ်းမှာ အရင်ကဆိုရင် သောင်ထွန်းတာတွေဟာ မှတ်မိသလောက်ကတော့ ငယ်ငယ်က ရေပေါ် ပေါ်ရုံလေးလောက်ထိပဲ တွေ့ဖူးတာ၊ အခုတွေ့လာတဲ့ နှုံးတွေကတော့ မြစ်လယ်မှာ သောင်ကြီးတွေ အမြင့်ကြီးတွေဖြစ်နေတာ အရင်က အဲ့ဒီနေရာတွေက သောင် ဒီလောက်အများကြီးရှိခဲ့တဲ့နေရာတွေ မဟုတ်ဘူး။ အခုတော့ များလာတာပေါ့လေ။ သွားရလာရတာတွေ မြစ်ကြောင်းတွေ ခက်လာတာရှိတယ်။ ရေစီးတွေ နှေးလာတယ်။ ကမ်းပါးတွေပြိုတာပေါ့လေ၊ အဲ့ဒါမျိုးတွေ အတော်များများ တွေ့ရတယ်။ ရေကြီးပြီးမှ ရွာတွေရွှေ့ရသည်အထိတော့ ကြုံဖူးပါတယ်။ မြစ်ရေတိုက်စားတဲ့ဒဏ်ကြောင့် ဧရာဝတီမြစ်ကြီးရဲ့ ဝေဒနာခံစားမှုတွေဟာ မန္တလေး၊ စစ်ကိုင်း အလယ်ပိုင်းလောက်မှာသာ မြင်ရမှာမဟုတ်ဘဲ မြစ်ဖျားကနေမြစ်အဆုံးထိ တောက်လျှောက်တွေ့နေရမှာဖြစ်တယ် လို့ ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။ 

“စစ်အစိုးရ သက်တမ်းကြာရှည်ခဲ့တာဟာ ဧရာဝတီမှာလည်း ကံဆိုးလာတယ်လို့ ပြောရမှာပါ။ ပြဿနာတွေဟာ မြစ်အဖျားကနေပီးတော့ မြစ်အဆုံးထိရှိနေတယ်လို့ ပြောရင်ရမယ်လို့ ထင်တယ်။ ဧရာဝတီဆိုတာက ဟိမဝန္တာနဲ့ ဆက်နေတဲ့ ဗမာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တောင်တွေပေါ်ကနေ စီးဆင်းတာပါ။ အဲ့ဒီအပေါ်မှာ မြစ်ဖျားခံတာ အဲ့ဒီတောင်တွေပေါ်က ရေပါ။ ရေဆိုတာက မိုးကလာတာပါ၊ မိုးဆိုတာက အောက်ကသစ်ပင်ကနေပီးတော့ ဆွဲဆောင်ယူတာပါ။ ဒါပေမယ့် အခုဟာ အဲ့ဒီဘက်မှာတောင်တွေဟာ ကတုံးတွေဖြစ်လာတယ်။ အခုနောက်ပိုင်း အဲ့ဒီမှာ ရေကာတာတွေ ဆောက်လာတဲ့အခါကျတော့ တောင်လိုက် တောင်လိုက်ကို ကတုံးဖြစ်သွားတာ။ အဲ့ဒါကို ကျနော်တို့ နေထိုင်တဲ့ တရုတ်ဘက်ကနေ အဲ့ဒီသွားပြီး အလုပ်လုပ်နေတဲ့ တရုတ်တွေက ပြောပြပါတယ်။ ကျနော် ဒီမှာ ဂူဂယ်လ်အတ် မြေပုံသူတို့ကိုပြတော့ အား... အဲ့ဒီနေရာ ဂူဂယ်လ်အတ်ထဲမှာတော့ စိမ်းနေတာပေါ့၊ မရှိတော့ဘူး မရှိတော့ဘူး အကုန်လုံး အဲ့ဒီမှာ ကတုံးပြောင်ဖြစ်နေပြီ။ အဲ... အဲ့ဒီလိုပြောတာ ရေရရာ အရင်းမြစ်နည်းလာတယ် အထွက်နည်းလာတယ်။ မြစ်ရေနည်းလာတဲ့ပြဿနာတွေ ရှိလာတယ်။ ထင်ရှားတဲ့အချက်တခုက သူတို့က ရေကာတာတွေ တံတားတွေကို ဆောက်ချင်သလိုလျှောက်ဆောက်တာ အဲ့ဒီလိုဆောက်တဲ့ဟာတွေကြောင့်မို့ သောင်တွေထွန်းချင်သလိုထွန်း ဖြစ်ချင်သလိုဖြစ်ကုန်တာ” 

ရောဂါဆိုးတွေ စုပြုံခံစားနေရပြီး နာတာရှည် လူမမာလိုဖြစ်နေတဲ့ ကျနော်တို့ရဲ့ဧရာဝတီမြစ်ကြီးအတွက် ကျနော်တို့ အမျိုးသားရေးပြဿနာတစ်ခုလို သဘောပိုက်ပြီး အမြန်ဆုံး ပြန်လည်နလံထူလာအောင် တညီတညွတ်တည်း လုပ်ဆောင်ရမယ့်အချိန် ရောက်နေပါပြီ။ နိုင်ငံတော်သမ္မတကြီးက သူ့ရဲ့သက်တမ်းတလျှောက် မြစ်ဆုံစီမံကိန်းကို ရပ်နားထားမယ်လို့ ကတိပြုထားတာဟာ သူ့သက်တမ်းကုန်ရင် ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ သဘောထားလည်း ဖြစ်နိုင်ပါတယ်။ ဧရာဝတီကို ဇီဝိန်ချုပ်စေမယ့် မြစ်ဆုံစီမံကိန်းကို တဖက်နိုင်ငံက ဆက်လက် အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာကို သတိပြုသင့်ပါတယ်။ ဧရာဝတီ ပျက်စီးမှုဟာ မြန်မာပြည် ကျဆုံးမှုဖြစ်ပါတယ်။ ဧရာဝတီကိုမှီပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး ယဉ်ကျေးမှုနဲ့ လူ့သမိုင်းအဆောက်အအုံကြီးတရပ်လုံး ဖြစ်တည်လာတာပါ။ ဧရာဝတီဟာ မြန်မာပြည်ရဲ့ သက်ရှိဝိဉာဉ်ဖြစ်ပါတယ်။ 

(အပိုင်း၂ ကို ဆက်လက်ဖော်ပြပါမည်) 

ယခုဆောင်းပါးကို ယခင် အာအက်ဖ်အေ ရေဒီယို ( စိတ်ယဉ်ကျေးမှု မှတ်စုများကဏ္ဍ) မှ အသံလွှင့်ခဲ့သလို အနည်းငယ် ပြင်ဆင်ဖြည့်စွက်ရေးသားပြီး ဖလားဝါး ဂျာနယ်မှာ ဖော်ပြခဲ့သည်။ 

ကိုညို (အော်စလို) 
၂၉ ဇန်နဝါရီ၊ ၂၀၁၄ 

 

No comments: