Showing posts with label တူမောင်ညို. Show all posts
Showing posts with label တူမောင်ညို. Show all posts

Tuesday, June 25, 2013

တောင်သာဗိုလ် နှင့် ဗိုလ်ရွှေမန်း (တူမောင်ညို)

အကြမ်းဖက်သမား စွမ်းအားရှင်များက မိထ္ထီလာ၊ ဥက္ကံ၊ လားရှိုး အစရှိသောမြို့များမှ အကြမ်းဖက်မှုများတွင် တုတ်/ဓားကိုင်ပြီး အစွမ်းပြပါသည်။ သင်္ကန်းဝတ်စွမ်းအားရှင်က ‘မျိုးစောင့်ဥပဒေ’ နဲ့ အစွမ်းပြပါသည်။ ယင်းသို့ အစွမ်းပြမှုများကို ‘တိုင်းမဂ္ဂဇင်းအား ကန့်ကွက်ချက်’ ဆိုသည်ဖြင့် သမ္မတ ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက လက်ခုပ်တီး၍ သြဘာပေးလိုက်သည်။ ရပ်တည်ပြလိုက်သည်။ 

အကြမ်းဖက်မှုများနောက်ကွယ်တွင် ကြံ့ဖွံ့အစိုးရရှိနေသည်ကို ကိုယ်ထင်ပြလိုက်ခြင်းဖြစ်သည်။ 


Friday, March 20, 2009

အခြားတဖက်ကနေ ရှာကြည့်ပါဦး

တူမောင်ညို

(၂၀၀၉ ခုနှစ်၊ မတ်လ ၁၉ ရက် )


ဘာကြောင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကိုမှ တဖက်သတ်စွန့်လွှတ်ခိုင်းနေကြရတာလဲ။

လမ်းပြမြေပုံကို စွန့်လွှတ်ပါလို့ပြောကြပါလား။

(NLD) က အလျော့မပေးလို့၊ အလျော့ပေးလိုက်ရင်

ပြဿနာ ပြေလည်သွားလိမ့်မယ်လို့ စဉ်းစားတာဟာ မူမဲ့တဲ့ စဉ်းစားနည်းဖြစ်သည်။ အညံ့ခံအလျော့ပေးခြင်းဖြစ်သည်။


၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို (နအဖ) သတင်းစာတွေက “ဒိတ်အောက်သွားပြီ” လို့ ရေးသည်။ ယခု (ကို) အောင်သူငြိမ်းက “ခံစစ်သေ” လို့ ရေးသည်။ မာနယ်ပလောကျဆုံးသွားတာကိုပင် သင်ခန်းစာယူဖို့ ပြောနေသည်။


ရေးတဲ့သူသာကွဲသည်၊ အာဘော်က အတူတူပင်ဖြစ်သည်။ အနှစ်သာရက ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ခိုင်းကြတာဖြစ်သည်။


ဒိတ်အောက်တယ်လို့ပြောပြော၊ ခံစစ်သေလို့ပဲဆိုဆို ယခုလိုပြောနေရေးနေကြရတာကပင် ၁၉၉၀ပြည့် ရွေးကောက်ပွဲရလဒ်၏ အသက်ဓာတ်နဲ့ သန်စွမ်းခိုင်မာမှုကို အသိအမှတ်ပြုနေရတာပဲ မဟုတ်ပါလား။


ပြောနေကြသလိုသာ ၁၉၉၀ပြည့် ရွေးကောက်ပွဲရလဒ်ကို လွယ်လွယ်နဲ့ ဖျက်သိမ်းနိုင်ခဲ့ရင် (နဝတ-နအဖ) စစ်အစိုးရ လက်ခမောင်းခတ်နေခဲ့မှာကြာလှပေါ့။ ၁၉၉၀ ပြည့် မေလ ၂၇ ရက်နောက်ပိုင်းကစပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းဖို့ (နဝတ-နအဖ) စစ်အစိုးရက မီးကုန်ယမ်းကုန်ကြိုးပမ်းခဲ့တာပါ။


ဘာဖြစ်ခဲ့ပါသလဲ။ တည်ရှိနေတဲ့ ပြဿနာပြေလည်မသွားတဲ့အပြင် ပြဿနာသစ်တွေသာ တရစ်ရစ်ပြီး ထပ်တက်လာခဲ့တယ် မဟုတ်ပါလား။ နက်ရှိုင်း ကျယ်ပြန့်လာနေခဲ့တယ်မဟုတ်ပါလား။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပြဿနာ အားလုံးကိုကျော်လွှားနိုင်ပါ့မလား။

“၂၀၁၀ ရွေးကောက်ပွဲသည်သာ မြန်မာ့နိုင်ငံရေး၏ ဗဟိုချက်မ၊ မြန်မာနိုင်ငံပြဿနာများ ပြေလည်သွား ဖွယ်ရာလမ်းကြောင်း အဖြစ်မမြင်မိသေးပါ” ဟု အောင်သူငြိမ်းက ဖွင့်ဟဝန်ခံထားသည်။


ဘာကြောင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကိုမှ တဖက်သတ်စွန့်လွှတ်ခိုင်းနေကြရတာလဲ။ လမ်းပြမြေပုံကို စွန့်လွှတ်ပါလို့ပြောကြပါလား။ (NLD) က အလျော့မပေးလို့၊ အလျော့ပေးလိုက်ရင် ပြဿနာ ပြေလည်သွားလိမ့်မယ်လို့ စဉ်းစားတာဟာ မူမဲ့တဲ့ စဉ်းစားနည်းဖြစ်သည်။ အညံ့ခံအလျော့ပေးခြင်းဖြစ်သည်။


ပြဿနာမှန်သမျှ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်တွင် တင်ပြီး အပေးအယူအလျော့အတင်းပြုလုပ်ကြ ရမည်သာဖြစ်သည်။ စားပွဲဝိုင်းပေါ်မရောက်ခင် ကြိုတင်အလျော့ပေးခိုင်းနေခြင်း၊ စွန့်လွှတ်ခိုင်းနေခြင်းများမှာ တရားမျှတမှု မရှိပါ။ နည်းလမ်း မကျပါ။


ပိတ် ၄ ပိတ်စွန့်လွှတ်ကြောင်းကြေညာလျှင် တွေ့မည်ဟုပြောခြင်းမှာအကျပ်ကိုင်ခြင်း နှင့် နိုင်ငံတကာကို လှည့်စားခြင်းသာဖြစ်ပါသည်။


မာနယ်ပလောစခန်းနဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ဟာ အနှစ်သာရအရ မတူညီတဲ့ ကိစ္စ ၂ ရပ်၊ အခြေအနေ ၂ ရပ်ဖြစ်ပါသည်။


ဒါကိုမျဉ်းပြိုင်ထားပြီးသုံးသပ်လို့မရပါ၊ ကောက်ချက်ဆွဲလို့မရနိုင်ပါ။ မာနယ်ပလောသည် စစ်ရေးအခြေခံ စခန်းတခုသာဖြစ်ပါသည်။ ဆုံးရှုံးသွားတဲ့ မာနယ်ပလော စခန်းပြန်ပေးပါလို့ ဘယ်သူကမှ တောင်းဆိုတာ မကြားမိပါ။


ထို့အတူ နိုင်ငံတကာကလည်း ပြန်ပေးပါလို့ ပြောသံမကြားပါ။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ် ဆိုသည်မှာ (နဝတ-နအဖ) စစ်အစိုးရ၏တည်ဆဲဥပဒေများအရ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲမှရရှိလာသည့် တရားဝင်ရလဒ်ဖြစ်ပါသည်။


၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ဟာ (NLD) တဖွဲ့ထဲနဲ့ပဲ သက်ဆိုင်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ လူထုဆီက တစုံတရာ မဲအရေအတွက်ရခဲ့တဲ့ ပါတီတွေနဲ့လည်း သက်ဆိုင်ပါသည်။ (NLD) ကို လူထုမဲတွေစုပုံပေးခဲ့တာဘာကြောင့်လဲဆိုတာ မေးစရာလိုသေးလို့လား။


(NLD) ကို အားမလို အားမရဖြစ်ရတာတွေ အများကြီးရှိတယ်ဆိုတာကိုလက်ခံပါသည်။


ဘယ်လိုပဲ အရည်ဆန်ပြီးပြောင်းရွှေ့နေပါစေ နှစ်လ ၂၀ လုံးလုံးနိုင်ငံရေးအာဏာသည် (န၀တ-နအဖ) စစ်အစိုးရလက်ထဲတွင်သာ ရှိနေပါသည်။ ဘယ်ကိုမျှပြောင်းရွှေ့မသွားပါ။ ယင်းအာဏာဖြင့် အတိုက်အခံဟူသမျှ၊ လှုပ်ရှားမှုမှန်သမျှကို ဖိနှိပ်နေခြင်းဖြစ်သည်။ ချေမှုန်းနေခြင်းဖြစ်သည်။


သို့သော်လည်း မြန်မာ့နိုင်ငံရေးတိုက်ပွဲ အဓိကမျက်နှာစာသည် ၁၉၉၀ မတိုင်ခင်က တောတွင်းမှာ (လက်နက်ကိုင်တိုက်ပွဲ) တည်ရှိနေခဲ့သော်လည်း ၁၉၉၀ မေလ ၂၇ ရက်နောက်ပိုင်းမှာ မြို့ပေါ်ရောက်လာပါသည်။


၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်သည် (န၀တ-နအဖ) စစ်အစိုးရအဖို့ အဓိကထားတိုက် ဖျက်ပစ်ရမည့် အချက်အချာကိစ္စဖြစ်လာပါသည်။ သို့အတွက် (န၀တ-နအဖ) စစ်အစိုးရအနေဖြင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ်တိုက်ဖျက်ရေးကို အဓိကထားလုပ်ဆောင်ခဲ့ပါသည်။ ဒီကနေ့အထိ လုပ်ဆောင်နေဆဲဖြစ်ပါသည်။


သို့ပါ၍ ကျနော်တို့အနေဖြင့် (နအဖ) စစ်အစိုးရနဲ့ နှစ်ကိုယ့်တစ်စိတ်လုပ်ပြီး ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းရေးဘက်တွင် ပါဝင်မလား၊ သို့တည်းမဟုတ် (NLD) နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုဘက်မှ တစိတ်တည်း တဝမ်းတည်းနေပြီး ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို ခုခံကာကွယ်မလားဆိုတာ ရွေးချယ်ကြရပါလိမ့်မည်။


ယင်းကသာ “ရပ်တည်ချက်ပြဿနာ” ဖြစ်ပါသည်။ ယင်းရပ်တည်ချက်ရှိမှသာ ၂၀၁၀ ကို ရင်ဆိုင်ဖြတ်သန်းနိုင်ပါလိမ့်မည်။


အခုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ခံစစ်သေလို့ မြင်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ပါလားလို့ မတိုက်တွန်းရဲဘူး။ အားလုံးစုဆုံနိုင်မယ့် ဗဟိုချက်ကလည်း ပျောက်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပြေလည်ရေးလမ်းကြောင်းအဖြစ် မမြင်မိသေးပါဟုဆိုတော့ တော်တော်တော့ခက်နေပြီ။ မိုးမှောင်ကျပြီး ထွက်လမ်းဘယ်မမြင်ဆိုသလို ဖြစ်နေပြီ။


ဘာပဲဖြစ်ဖြစ် ၂၀၁၀ ကိုဖြတ်သန်းနိုင်ဖို့ အောလ်တာနေးတစ်တခုတော့ အခြားတဖက်ကနေ ရှာကြည့်ပါဦး။



Saturday, November 8, 2008

(တူမောင်ညို) ကိုသြဘာအလွမ်း

ကိုသြဘာအလွမ်း
(ကွယ်လွန်သူ ကိုစိုးဝင်းညို သို့)


တူမောင်ညို
၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်


'ကိုသြဘာအလွမ်း'


ဒီလိုပဲ ခေါင်းစဉ်တပ်ရပါတော့မည်။


သွားတဲ့လူက ဘာကိုမျှ ငဲ့ကွက်ထောက်ထားမနေဘဲ စိမ်းစိမ်းကားကား ကျောခိုင်းထွက်ခွာသွားတဲ့အခါ ကျန်ရစ်သူတို့မှာ အလွမ်းနှင့် မျက်ရည်ကို ထွေးပွေ့ထားရုံသာ။


မည်မျှကြာမြင့်အောင် လွမ်းကြမည်ကိုကား တပ်အပ်သေချာ ကျနော်မသိနိုင်ပါ။ ထိုအခါ “…… ကြာရင်မေ့” ဆိုတဲ့ စကားတရပ်ကို နာကျင်စွာ သတိရမိပါသည်။ လူမှုရေး ဆန်ဆန်၊ ၀တ္တရားဆန်ဆန် လွမ်းဆွတ်သတိရနေတာထက် ဘယ်လောက် ပိုမိုနိုင်ကြမည်နည်း။


လွမ်းဆွတ်သတိရခြင်းသည် ၀တ်ကျေတန်းကျေ ဖော်ပြကြရသည့် လူမှုဆက်ဆံရေး အသွင်သဏ္ဍာန်တစ်ရပ် ဖြစ်ပါသလား။ ဒါမှမဟုတ် နှလုံးသားမှ ယိုစိမ့်စီးဆင်းလာသော တကယ့် ခံစားမှုတရပ်လား။


ယခုအချိန်တွင် ကျနော်အတွက်တော့ ကိုသြဘာကို လွမ်းတရုံသာ တတ်နိုင်ပါတော့မည်။ ကိုသြဘာကား လူ့လောကြီးမှ အပြီးအပိုင် ထွက်ခွါသွားခဲ့ပါပြီ။ ဖြူဖွေးသော ဒီဇင်ဘာ နှင်းပွင့်ကလေးများပင် သူ့အုတ်ဂူထက်တွင် ထူထပ်စွာ ကျနေခဲ့ပြီလား မသိပါ။


ကိုသြဘာ မဆုံးခင်ကပင် ကိုသြဘာ၏အခြေအနေကို ကျနော် သိနေရသည်။ ကိုသြဘာ ဆေးရုံတင် ထားရပြီ၊ အသက်ရှူစက် တပ်ထားရပြီ၊ အခုထိ သတိမရသေးဘူး။ အသည်း အလုပ်မလုပ်တော့ဘူး။ အစာအိမ်ထဲမှာ သွေးယိုနေတာ မရပ်သေးဘူး။ သူ့နှမ ငြိမ်းငြိမ်း နော်ဝေရောက်လာပြီ စတဲ့ စတဲ့ သတင်းများကို ကျနော် ကြားသိနေခဲ့ရပါသည်။ ယင်းဖြစ်ရပ်များသည် ကိုသြဘာ၏ နောက်ဆုံးခရီးအတွက် ကနဦး ပြင်ဆင်မှုများပင် ဖြစ်ပါသည်။


များမကြာမီ ကိုသြဘာ၏ နောက်ဆုံးသတင်းစကားကို ကြားရတော့မည်ဟု အားလုံးက အလိုလိုပင် သဘောပေါက်နေကြပြီးလည်း ဖြစ်ပါသည်။ မျှော်လင့်ချက်မဲ့ခဲ့ပြီပေါ့ ... ကိုသြဘာ။


ကိုသြဘာ၏နောက်ဆုံးသတင်းကို ရေဒီယိုကတဆင့် ကျနော်ကြားခဲ့ရသည်။ မျှော်လင့်ထားပြီးသား သတင်းမို့ တုန်လှုပ်ခြင်းတော့ မဖြစ်ခဲ့မိပါ။


ကိုသြဘာသည် ၁၉၈၈ မှ ယခု နောက်ဆုံးအချိန်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး ဘက်တွင် ရပ်တည်သွားခဲ့သည်။ ယင်းသည်ပင် ကိုသြဘာ၏သမိုင်း၊ ကိုသြဘာ၏ဘ၀ ဖြစ်ပါသည်။


ပထမတော့ ကိုသြဘာသည် မာနယ်ပလော လွတ်မြောက်နယ်မြေမှ တော်လှန်ရေးသမား၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တ်ဦး။ ထို့နောက် အပြောင်းအလဲ၏ရေစီးများ၊ လှိုင်းလေများ၊ အပြောင်းအလဲများက ကျနော်တို့ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးသော သံလွင်၊ သောင်ရင်း မြစ်ရေတွေလိုပင် ထာဝစဉ် စီးဆင်းနေမည်သာ။


ထိုသို့ တသွင်သွင်စီးဆင်းနေသော အပြောင်းအလဲမြစ်ရေများတွင် ကိုသြဘာတို့ ကျနော်တို့ အတူ ကူးခတ်ဖြတ်သန်းခဲ့ကြသည်။ သို့ဖြင့် ကျနော်နှင့် ကိုသြဘာတို့ ဝေးသွားကြသည်။ တခါတရံ ဖြတ်သွားဖြတ်လာ ဆုံဖြစ်ကြသေးသည်။ နောက်တော့ ကမ္ဘာတစ်ခြမ်းစီ ဝေးသွားကြသည်။


နောက်တော့ သူသည် ရေဒီယိုသတင်းသမားတစ်ယောက် ဖြစ်လာသည်။ ရေခဲသော၊ နှင်းမှုန်ဖွေးဖြူသော၊ သန်းကောင်ယံနေထွက်သော ဗိုက်ကင်းတို့၏ ဇာတိရပ်မြေ နော်ဝေမှ သူ၏ ပြာအက်အက် ရှတတအသံဖြင့် သတင်းဖတ်သည့်အသံကို ကြားလာရသည်။ နောက် ကြာတော့ ‘အသက်ရှည်ရာ အနာမဲ့ကြောင်း’ ၏တွင် ကိုသြဘာအမည်ဖြင့် သူ့အသံကို အပတ်စဉ် ကြားလာရတော့သည်။


ထိုအစီအစဉ်တွင် သူက ကိုသြဘာအဖြစ် ကျန်းမာရေးရာ သုတအဖြာဖြာကို မေးမြန်းသူ၊ သိလိုသူ။ သူသည် ထိုအစီအစဉ်၌ သူ၏ နဂိုအသံဖြစ်သည့် ပြာအက်အက် ရှတတအသံကို ချွဲပြစ်ပြစ်လုပ်၍ ပြောထားသဖြင့် ကျနော် ပြုံးမိသေးသည်။ သဏ္ဍာန်လုပ် သရုပ်တူရမည်ဟူသော စကားရှိသည်။ ထို့ကြောင့်ပဲ ထင်သည်။ သူလည်း ကိုသြဘာနှင့်တူရန် အသံလုပ်၍ သရုပ်တူခဲ့ရသည်လား မသိ။ နောင်တွင် သူ့ကို ကိုသြဘာအဖြစ် သဘောကျ သွားခဲ့သည်။ သူနှင့် အသံ လွှင့်ဘက် ဆရာမ (DR ဒေါ်ခင်စောဝင်း)၏ အဖြေကလည်း သဘာဝကျလှသည်။ အပေးအယူ ရှိလှသည်။ အံဝင်ခွင်ကျ ရှိလှပါသည်။


ထိုသို့ ခွင်ကျလှသည့် အသံလွှင့်ချက်များရှိပါသည်။ ‘ဖိုးချစ်ပုံ ဖွားချစ်ပုံ’၊ ‘ကိုအောင်ဒင် မရွှေပွင့်’ စသဖြင့် ဖြစ်ပါသည်။ ကျနော့်နှစ်သက်မှုနှင့် ကျနော့်အကြိုက်ကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။ လူနှစ်ဦးတည်း အသံဖြင့် သရုပ်ဖော်ကြရသည်မှာ မလွယ်ကူပါ။ ဘေးကနေ ကောင်း၊ မကောင်း ဝေဖန်ရသည်မှာ လွယ်ကူပါ သည်။ ကိုယ်တိုင် ၀င်ရောက် လုပ်ကိုင်ကြည့်လျှင် မလွယ်ကူကြောင်း ကောင်းကောင်းသိနိုင်ပါသည်။ သူတို့၏ အသံဖြင့် သရုပ်ဖော်ချက်များသည် ပိုင်နိုင်သရုပ်ပေါ်လှပါသည်။ အသက်ဝင်၍ သဘာဝကျနေပါသည်။


မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော “ဟုတ်တာပေါ့ ကိုရာ…. မှန်တာပေါ့ ညီရာ” ဆိုတဲ့ အစီအစဉ်ကဲ့သို့ အသက်မဲ့ပြီး စက်ရုပ်ဆန်သော လှုပ်ရှားမှုမျိုး မဟုတ်၊ မြန်မာ့ရုပ်သံမှ ပုဂ္ဂိုလ်နှစ်ဦး၏ လှုပ်ရှားမှုသည် ၀န်ထမ်းဆန်လွန်းလှသည်။ စိတ်ပါလက်ပါ မရှိချေ။ တာဝန်အရ ရရှိလာမည့် လစာရိက္ခာအတွက် လုပ်ဆောင်နေကြရခြင်းမျိုး ဖြစ်သည်။ သို့အတွက် ကျွန်းကုလားထိုင်တွင် အမြိုင့်သားထိုင်၍ ကိုယ်ဖတ်ရမည့် စာပိုဒ်ကို အလှည့်ကျ မမှားမယွင်းအောင် သတိထား ဖတ်နေကြရခြင်းဖြစ်သည်။ ခံစားချက်မပါ။ စိတ်လှုပ်ရှားမှု မပါ။ သို့အတွက် အသက် ကင်းမဲ့၍ ခြောက်သွေ့နေသည်။ သဘာဝမကျ။ သို့အတွက် စိတ်ပျက်စရာကောင်း လှသည်။ ကျနော် မကြိုက်ပါ။


ထိုသို့ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ချက်နှင့် အထက်တွင်ဖော်ပြခဲ့သည့် ‘ဖိုးချစ်ပုံ ဖွားချစ်ပုံ’၊ ‘ကိုအောင်ဒင် မရွှေပွင့်’၊ ကိုသြဘာတို့ အသံလွှင့်မှုများနှင့် အခြားနားကြီး ခြားနားလှပါသည်။ ကိုအောင်ဒင်တို့၊ မရွှေပွင့်တို့၊ ကိုသြဘာတို့၊ ဖိုးချစ်ပုံ ဖွားချစ်ပုံတို့သည် အသက်ဝင်လွန်းလှသည်။ ပြင်ပတွင် ပြောဆိုနေကြသလိုပင် စိတ်ပါလက်ပါ။ စိတ်အေးလက်အေး ရှိလှပါသည်။ ယင်းသို့ဖြစ်ရသည်မှာ ကိုအောင်ဒင်၊ မရွှေပွင့်၊ ကိုသြဘာ၊ ဖိုးချစ်ပုံ၊ ဖွားချစ်ပုံ အဖြစ် သရုပ်ဆောင်(အသံဖြင့်)ကြသူများ၏ နောက်ခံကားဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ချစ်မြတ်နိုးမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဘက်က ရပ်ခံမှုများ၊ သက်ဝင်ယုံကြည်မှု များကြောင့်ဟုပင် ကျနော် ထင်မြင်ယူဆမိပါသည်။


ကျနော်၏ အဆိုပါ ထင်မြင်ယူဆချက်မှာ ညှိနှိုင်းအဆိုပြုလုပ်ခြင်းသာ ဖြစ်ပါသည်။


ထိုအသံလွှင့်ချက်များတွင် ဖိုးချစ်ပုံ ဖွားချစ်ပုံတို့ ဇာတ်လမ်းသည် အသက်ပါဆုံး ဖြစ်ပါသည်။ ‘မိချစ်ပုံတို့ကတော့ လုပ်ချလိုက်ပြန်ပြီ’ ဆိုပြီး တဟားဟားနှင့် ရယ်ကာ အဆုံးသတ်လိုက်သော ဖိုးချစ်ပုံ၏ အသံကို ကြားယောင်နေဆဲ ဖြစ်ပါသည်။


ယနေ့လို လမ်းပြမြေပုံ ‘အဆင့် ၄’ (ပြည်သူ့ဆန္ဒခံယူပွဲ) အတွက် စည်းရုံးပြင်ဆင်ကြရာ တွင် ထိုသို့ အသက်ပါလှသော အသံလွှင့်ဇာတ်လမ်းများ၏ တန်ဖိုးကို ကျနော် စဉ်းစားတွက်ချက်နေမိပါသည်။ ထိုသို့သော သရုပ်ဆောင်များနှင့် သင့်တော်သော အသံလွှင့်ဇာတ်လမ်းများ ထုတ်လွှင့်နိုင်လျှင် ကောင်းလေစွဟုလည်း ဆန္ဒဖြစ်ပေါ်ပါသည်။ ဒါတွေထားပါတော့။


သို့ဖြင့် ကိုသြဘာသည် အသံလွှင့်သတင်းသမားဖြစ်ခဲ့သည်။ ‘တိုင်းကျော်’ အမည်ဖြင့်လည်း ဝေဖန်သုံးသပ်ချက်တွေ အသံလွှင့်သွားခဲ့သည်။ အခြားသူများတော့ မပြောတတ်ပါ။ ကိုသြဘာသည် နိုင်ငံရေးသမား၊ နိုင်ငံရေးနယ်ပယ်မှ အသံလွှင့်သတင်းသမားနယ်ပယ်သို့ ရောက်သွားသူ ဖြစ်ပါသည်။ သူ့တွင် နိုင်ငံရေးစိတ်ဝိဉာဉ် ရှိနေသည်၊ သူ၏တင်ပြချက်များတွင် နိုင်ငံရေးဝိညာဉ် ပါရှိနေသည်။ သို့အတွက် သူ့တင်ပြချက်များသည် အသက်ဝင်နေခြင်း၊ ခံစားမှု ပါနေခြင်းဖြစ်မည်ဟု ထင်ပါသည်။


ပျစ်ပျစ်နှစ်နှစ် သုံးနှုန်းသွားသော စကားလုံးတချို့မှအပ သူ့တင်ပြချက်များကို ကျနော် နှစ်သက်မိပါ သည်။ သူသည် ပိဿလေးနဲ့ နံဘေးပြစ်ဆိုသလို စကားလုံး ပျစ်ပျစ်နှစ်နှစ် သုံးရသည်ကို နှစ်ခြိုက်ဟန် တူပါ သည်။ သူက စကားပြောရာတွင်ပင် သူနှင့်ရင်းနှီးသူ၊ သူနဲ့ တရပ်တည်းသား ငယ်ပေါင်းကြီးဖော်များ နှင့်ဆိုလျှင် အဆဲကလေးနှင့် စတတ်ပါသည်။ ယင်းသည် နစ်နာစေလိုသည့်သဘော ဟုတ်ဟန်မတူပါ။ သူ၏ ရင်းနှီးမှုကို ဖော်ပြသည့် သူ၏ ကိုယ်ပိုင်ဟန်ပင် ဖြစ်ပါလိမ့်မည်။ ယင်းသို့သော အမူအကျင့်နှင့် ဟန်သည် ပြင်ရခဲ ဖျောက်ရခဲ အကျင့် ဖြစ်ပါ လိမ့်မည်။ မရင်းနှီးကြသောသူများ၊ တစိမ်းတရံဆန်များကတော့ အစတွင် တမျိုးထင်ကြလိမ့်မည်။ ကြာလျှင် သူတို့လည်း ကိုသြဘာကို နားလည်သွားကြပါလိမ့်မည်။


သူ နော်ဝေရောက်ပြီးမှ ကျနော်နှင့် တခါသာ ပြန်ဆုံဖြစ်ပါသည်။ ထိုသို့ ပြန်လည်ဆုံ တွေ့မှုသည် ယခုအခါ ကျနော်နဲ့ သူ၏ နောက်ဆုံးတွေ့ခဲ့ကြသည့် ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ပါပြီ။ ထိုသို့ဆုံကြစဉ်က ယင်းသို့ပြန်လည်ဆုံတွေ့မှုကို သူရော ကျနော်ပါ နောက်ဆုံးအကြိမ် ဖြစ်လိမ့် မည်ဟု မတွေးခဲ့ မထင်ခဲ့ကြပါ။ ယခုတော့ နောက်ဆုံးပြန်လည်ဆုံတွေ့ခြင်း ဖြစ်သွားခဲ့ပြီ။


ထိုစဉ်က သူ့သဏ္ဌာန်သည် နေလောင်ခံထားရသည့် ခရမ်းညိုသီးတလုံးကဲ့သို့ မဲပြာဖျော့တော့နေ ပါသည်။ အသံကတော့ နဂိုအသံပင်။ သို့သော်လည်း မောလှိုက်သံစွက်နေခဲ့ပြီ။ သောက်လိုက်ရသည့်ဆေးက လည်း မနည်းမနောပင်။


ထိုညက မိကျောင်းမျက်ရည်ဆိုင်တွင် သူက ဧည့်ခံကျွေးမွေးခဲ့သည်။ ထုံးစံအတိုင်း စားကြသောက်ကြ သည်။ သူက ဟိုတို့ဒီတို့သာ စားသည်။ ရေကလွဲ၍ ဘာမျှမသောက်၊ ဟိုရောက်သည်ရောက် စကားဖောင်ဖွဲ့ကြ သည်။ အတိတ်၏အရိပ်များ၊ ပစ္စုပ္ပန်တွင် ပြောင်းလဲနေကြသူများ၊ ပြီးတော့ တခါက မာနယ်ပလော၊ မယ်ဖောထက ယစ်ရွှေရည်၊ ဒီကနေ့နိုင်ငံရေး၊ ပြည်တွင်းလှုပ်ရှားမှုများ၊ ပြီးတော့ သူ၏ အသံလွှင့် အတွေ့အကြုံများထဲက ရယ်စရာ၊ မောစရာ၊ သောစရာ အကြောင်းအရာများ။ သို့ဖြင့် ထိုညက အတော်ညဥ့်နက် သွားသည်။ နောက်ဆုံး သူ တည်းခိုနေသည့် ဖွန်ထစ်ဟိုတယ်ကိုလိုက်ပို့တော့ မိုးကလေးများပင် ခပ်စိတ်စိတ် ရွာနေခဲ့ပြီ။


ယင်းနောက် သူ နော်ဝေပြန်ရောက်သွားသည်။ ဖုန်း တစ်ခါနှစ်ခါဆက်လာသည်။ နောက်တော့ အဆက်ပြတ်သွားသည်။ သိပ်မကြာခင် နိုဝင်ဘာလလယ်လောက်တွင် ထင်သည်၊ ကိုမင်းမင်းဦးပြောသဖြင့် သူ၏ နောက်ဆုံးအခြေအနေကို သိရပြန်သည်။

သို့ဖြင့် ရေဒီယိုသတင်းသမားတစ်ဦး၏ နောက်ဆုံးခရီးသတင်းကို ရေဒီယိုသတင်းက တဆင့် ကြားသိရပါတော့သည်။


ဤသည်မှာ ကိုသြဘာနှင့်ပတ်သက်၍ ကျနော်၏ အလွမ်းဖြစ်ပါသည်။ သတင်းကြားခါစက အလွမ်း သည် လှုပ်ခတ်နေခဲ့သဖြင့် မရေးဖြစ်ပါ။ အနည်မထိုင်သေးသော အလွမ်းကို ရေးပြလို့မဖြစ်နိုင်ဟု ထင်ပါသည်။ ဟိုတစ သည်တ်စ လှုပ်ခတ်နေသဖြင့် ဆက်စပ်ရခက်နေပါသည်။ ဖမ်းဆုပ်ရ ခက်နေပါသည်။ ဝေ့၀ဲဝိုးဝါးနေပါသည်။ သို့ဖြင့် ကျနော်သည် ကျနော်၏ အလွမ်းအနည်ထိုင်ချိန်ကိုစောင့်ပြီး အနည်ထိုင်ချိန်တွင် ရေးချလိုက်ခြင်းဖြစ်ပါသည်။


ကျနော်၏ ကိုသြဘာကိုလွမ်းသော အလွမ်း၌ အတိတ်တချိန်က အတူဖြတ်သန်းခဲ့ဖူးသည့် ပုံရိပ်အချို့၊ အမှတ်ရချက်အချို့၊ ထင်မြင်ချက်အချို့၊ ဝေဖန်အကဲဖြတ်ချက်အချို့တို့ ပါဝင်နေပါလိမ့်မည်။ ထိုအချက်များ သည်ပင် ကိုသြဘာကိုလွမ်းသော အလွမ်းများ၏ အခက်အလက်များပင် ဖြစ်ပါသည်။


ကိုသြဘာသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချစ်မြတ်နိုးသူ၊ ထိုအရေးတော်ပုံအတွက် သူစွမ်းသလောက်၊ သူ့တာဝန်သူ ထမ်းဆောင်သွားခဲ့သူ၊ ယင်းအချက်သည် ကိုသြဘာအလွမ်းတွင် လွမ်းစရာအကောင်းဆုံးအချက်၊ အမှတ်ရစရာ အကောင်းဆုံးအချက်၊ ဂုဏ်ယူစရာအကောင်းဆုံးအချက် ဖြစ်ပါသည်။


ထိုသို့သောအလွမ်းများဖြင့် ကိုသြဘာကို ကျနော် လွမ်းပါသည်။

٭٭٭٭٭


တူမောင်ညို


ရိုးမ ၃ မှ ကူးယူဖော်ပြပါသည်။