Showing posts with label ခင်လွန်း. Show all posts
Showing posts with label ခင်လွန်း. Show all posts

Sunday, January 11, 2015

ငုပ်ကောင် (ခင်လွန်း)

အဖြစ်က 
တနေ့တုန်းက
နှစ်ခြမ်းကွဲတယ် 
မနေ့က 
လေးစိတ်ကွဲတယ် 
ဒီနေ့ 
အစိတ်စိတ်အမွှာမွှာ 
တစစီ။ 

လက်ညှိုးငေါက်ငေါက်တွေကြား 
ရေပန်းအစားဆုံးကတော့ 
“ယုံကြည်မှု” ဆိုလား 
ကိုယ်စွဲလေး...။ 


Thursday, April 17, 2014

တည်ရှိခြင်း၏အဓိပ္ပာယ် (ခင်လွန်း)

မိုးကောင်းကင်မှာ 
ငါတို့ရဲ့အရုပ်တွေကို ရေးသွားကြတယ် 

မင်း၊ ငါ၊ သူ၊ သူများ … 

တယောက်တလှည့်ဆီကြည့်ကြ။ 

အရောင်အမျိုးမျိုးသုံးလို့ 
အလင်းအမှောင် အထူအပါး 
အနီးအဝေး … 


Wednesday, January 29, 2014

အကြမ်းဖက်အုပ်စုနဲ့ စကားပြောခြင်း (ခင်လွန်း)

သံပရာသီးဟာ 
ကမ္ဘာကြီးလောက် မချဉ်ဘူး 

ပူရှိန်းရှိန်း အခွံရယ် 
ဖန်ခါးခါး အစေ့ရယ် 
သင် မသုံးခင် 
နာနာလေး လှိမ့်ပေးရလိမ့်မယ် 

စစ်ပွဲတွေ 
အရည်တရွှမ်းရွှမ်းနဲ့ 
ကမ္ဘာကြီးခမျာတော့ 
ညှစ်ချလိုက်တိုင်း 
လူ့သွေးတွေ …
သွေးတွေ။ 


Sunday, December 16, 2012

လိပ်တကောင်၏ အိပ်ရာထအတွေး (ခင်လွန်း)

ထုံးစံအတိုင်းမနက်လို
ယောင်ချာချာ
တကယ်လုပ်ရမှာတွေက အများကြီး
ချိန်းထားတဲ့လူတွေရှိ
စကားတခွန်းပြောရမယ်
မေးခွန်းတခုမေးရမယ်
ဟင့်အင်း သို့မဟုတ်
အင်း လုပ်ရမယ်
မသိသလိုနေလိုက်ရမယ့်
နည်းဗျူဟာသုံးရမယ်
ကိုယ့်စိတ်ကို မမြင်စေရဘူး။


Monday, October 22, 2012

သွေးစုတ်ဖုတ်ကောင် (ခင်လွန်း)

- လေထဲမှာ သွေးညှီနံ့
နားထဲမှာ တော်လဲသံ
ငါတို့ကမ္ဘာ ဂြိုဟ်ပြာကြီးဟာ
ရန်ဂြိုဟ်ထဲက ရုန်းမထွက်နိုင်တော့ဘူး။

- သေနတ်ကိုပိုက်ရင်း သူ ပုံပြော
စစ်ပွဲများ ရပ်ဖို့လိုပြီ
စစ်ပွဲများ ချက်ချင်းရပ်
စစ်ပွဲများ အလိုမရှိ
သေနတ်မောင်းခလုပ်ပေါ်က လက်ညှိုးမကွေးလိုက်ခင်
သူ ပုံပြော
စစ်ဆန့်ကျင်ရေး
လက်ညှိုးတကွေး
မောင်းခလုပ်ပေါ်က လက်ညှိုးတကွေး ငြိမ်းချမ်းရေး
စစ်ဥဿုံကင်းမဲ့တဲ့ ငြိမ်းချမ်းရေး
ထာဝရငြိမ်းချမ်းရေး တဲ့..။


Wednesday, September 19, 2012

လဒ (ခင်လွန်း)

အလို ...
မြန်မာပြည်က
မြို့ကြီးတွေပေါ်မှာ လဒတွေဝဲလို့

၁။ 

မြန်မာပြည်၊ ဟိမဝန္တာ
စသည် စသည်
တချို့နေရာအနည်းအကျဉ်းလေးမှတပါး
တခြားကမ္ဘာမှာ
လင်းတငှက်တွေ မျိုးသုဉ်းသွားတော့မတဲ့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက
အလန့်တကြားပြောဆို
ဘယ်လိုမျိုးစိတ်မျိုးလဲ

အသေအပုပ်ကောင်တွေက
သူတို့သဘာဝရဲ့ သူတို့အာဟာရ
မသဒီစရာ အမင်္ဂလာသတ္တဝါ
ဒီလိုအစွဲကြီးခဲ့တဲ့ ငှက်မျိုးစိတ်ဟာ
ကမ္ဘာမှာ လိုအပ်တယ်
ဂေဟဗေဒစနစ်တွေ ဟန်ချက်မပျက်ယွင်းရေး
ရေ မြေ လေ မီး ဓာတ်ကြီးလေးပါး ထိန်းညှိသန်စွမ်းရေး
သူတို့ကို အလေးထား နေရာပေးရမယ်
လင်းတငှက်တွေ မျိုးတုံးမသွားရေး
စောင့်ရှောက်ကာကွယ်ပေးရမယ်
ကမ္ဘာကြီး ရင်လေးနေတာလေ

၂။ 

စက်တင်ဘာ ၂၀၀၇
အလို ...
လဒတွေ မြို့ကြီးတွေပေါ်ဝဲလို့


Sunday, September 16, 2012

ဥစ္စာစောင့် (ခင်လွန်း)

ရေကြည်ရာမြက်နုရာ အရှာလာသူမဟုတ်
သိုက်ကြိုးမဖြတ်ရသေးတဲ့
လူဝင်စားအလား
ခေါ်သံတွေ ငါကြား

အတိတ်ဘဝက တဘဝလား
အခုဘဝက တဘဝလား
နှစ်ခုပေါင်းမှ တဘဝလား
ငါ့တကိုယ်ထဲ နှစ်ဘဝလား
ငါ့ကိုယ်ငါ မကွဲပြား။

တချို့လဲ
တတိယဘဝ
သိုက်နန်းပြောင်းသွားကြပြန်ပါပြီ။