Showing posts with label မောင်အောင်ပွင့်. Show all posts
Showing posts with label မောင်အောင်ပွင့်. Show all posts

Tuesday, February 18, 2014

မိဂသမ္ပဒါ မြစ်ကမ်းပါးမှာ (မောင်အောင်ပွင့်)

လူဟာ 
ကြိုးစင်ပေါ်အတက် 
ဗွက်အိုင်လေးကို ရှောင်သွားရဲ့ 
လူဟာ 
သူ့မိသားစုဝင်တိုင်းရဲ့ ခြေသံဘယ်သူဆိုတာ 
အိပ်ရာထဲက အတိုင်းသားသိရဲ့ 
ဘဝခုံမင်စိတ်ဟာ တိတ်တိတ်တွယ်ကုပ်တယ် 
သစ်မြစ်မှာ ကာလသုံးပါး အမျှင်တန်းတန်း။

မြားက 
လက်ယာနံပါးကနေ လက်ဝဲနံပါးကို ထုတ်ချင်းပေါက်တာတောင် သုဝဏ္ဏသျှမ်ရယ် သွေးပွက်ပွက်အန်တဲ့ကြားက 
ငါ့မှာ ရန်သူမရှိ၊ အမိအဖတို့မှာလည်း ရန်သူမရှိတဲ့ 
ရန်သူမရှိ မိတ်ဆွေသာရှိတယ် 
မုန်းသူမရှိ ချစ်သူသာရှိတယ်တဲ့။ 


Thursday, November 14, 2013

ဒုံးဝေးတဲ့ကောင် (မောင်အောင်ပွင့်)

တွေးခေါ်တယ်၊ ယူဆတယ်၊ ယုံကြည်တယ်
အဲဒီ လှေကားထစ်တွေ ကျော်နင်းပြီးရင်
ကြည်လင်ခိုင်မြဲတဲ့ ကိုယ်ပိုင်အဘိဓမ္မာရပြီ။

စစ်ပွဲမှာ အစွမ်းထက်ဖို့ ဒုံးကိုထွင်တယ်
အဲဒီဒုံးကိုခွင်းဖို့ ဒုံးခွင်းဒုံးကို ထွင်တယ်
အဲဒီ ဒုံးခွင်းဒုံးကို ခွင်းဖို့ ဒုံးခွင်းဒုံးခွင်းဒုံးခွင်း
တခွင်းခွင်း တဒုံးဒုံး မဆုံးတော့ဘူး။


Thursday, February 28, 2013

ရွှေစည်းခုံ အရုဏ်ပွဲ (မောင်အောင်ပွင့်)

အလို ... အညာသူ အပျိုပေါက်မလေးပါလား
ခြင်္သေ့ကြီး လက်နှစ်ဖက်ကြား
ခွေခွေလေး အိပ်နေလိုက်တာ။

သမီး လုံမငြိမ်းချမ်းရေ
ဒီမှာ သမီးအရွယ် မိန်းမသားလေး တယောက်
ဒုက္ခဆိုက်ပုံတော့
တောရိုင်း သံမဏိ လက်သီးချက်
ဒရစပ် ဖွပ်ဖွပ်ချေ
အဝတ်နွမ်းတစ ပုံချထားတဲ့အတိုင်း။


Sunday, November 25, 2012

မြစ်များ စီးဆင်းတဲ့အကြောင်း (မောင်အောင်ပွင့်)

“စိန်လောရင့်မြစ်ဟာ ရေပဲ
ပြီးတော့
မစ္စစ္စပီမြစ်ဟာ ရွှံ့နောက်ရည်တွေ
ဒါပေမယ့်
သိမ်းမြစ်မှာတော့ သမိုင်းအရည်တွေဗျို့”။
၁၉ ရာစု နိုင်ငံရေးပညာရှင် ဂျွန်ဘန်း 

သူ့မြစ်ဝှမ်းကနေ ကြွားဝင့်လိုက်တာ
ငါ သဘောတူတယ်
ကိုယ့်ပြည် ကိုယ့်မြစ်ကို ကိုယ်ချစ်လို့
ပျစ်ပျစ်နှစ်နှစ် ပြောထည့်ဝံ့တာ
ငါ သဘောတူတယ်
ဂျွန်ဘန်း ပြောခွင့်ရှိတာ
ငါ သဘောတူတယ်
ငါဟာ
ဒို့တွေချစ်တဲ့ ဧရာဝတီမြစ်ဝှမ်းက
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ယောင်ထုံးမှာ
ဂင်္ဂါမြစ်ဝှမ်းသား မဟတ္တမဂန္ဒီဂျီးရဲ့
နံရိုးပြိုင်းပြိုင်းတွေကြားမှာ
ယုတ်စွဆုံး
မယ်နံချောင်းဖရား မြစ်ဝှမ်းသား
ဘုရင် ဘူမိဘောရဲ့ နှာခေါင်းဖျားက
ကျလုဆဲ ချွေးတစ်စက်မှာ
သူတို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် အချစ်စိတ်တွေ
တဖိတ်ဖိတ် ပြိုးပြက်လင်းလက်နေတာ
ငါ အခါခါ ပူဇော်မိပါရဲ့
ဂျွန်ဘန်း ခင်ဗျား
မြစ်တိုင်းဟာ သမိုင်းအရည်တွေပါဗျ။