Thursday, October 29, 2009

ကျောင်းသား ထောင် တော်လှန်ရေးသမား (၁၀)


လူငယ့်တပ်ဦးက လူတွေရှိတယ်။ အဲဒီထဲမှာ ကျောင်းသားတွေလည်း ပါတယ်။ ဆိုတော့ … ကျနော်တို့ ရောက်သွားတဲ့ အခါကျတော့ ဒါ … ပထမဆုံး ဗကသ အလံကိုင်ပြီး ဝင်လာတဲ့လူလို့ ပြောလို့ရတယ်။ အဲဒီနောက်မှာ တဖွဲဖွဲဝင်လာလိုက်ကြတာ နောက်ဆုံး ကျနော်တို့ ကိုကိုးကျွန်းပို့ခံရတဲ့အချိန်ကျတော့ တိုက်တွေထဲမှာ ကျောင်းသားတွေက အများစုဖြစ်နေတယ်။

အဲဒီနေရာမှာ ကျနော်ထပ်ပြောချင်တာက စစ်အစိုးရဟာ(ဗိုလ်နေဝင်းတို့ဟာ) ဘာဖြစ်လို့ ကျောင်းသားတွေရဲ့ ကျောင်းသားသမဂ္ဂအပေါ် ဒီလောက်စိတ်နာရသလဲဆိုတာ ပြန်ပြီးတော့ (အခုအချိန်ပေါ့) သုံးသပ်လို့ရပြီလို့ ထင်တယ်လေ။ ဘာကြောင့်ဆိုတော့ ဗိုလ်နေဝင်းရုပ်လုံးလည်း အကုန်ပေါ်သလောက်ဖြစ်နေပြီ။

နောက် … သူနဲ့အတူတူ စစ်အုပ်စုကို တည်ထောင်ခဲ့တဲ့ သူ့နောက်ကနေပြီးတော့ စစ်အုပ်စုကို ရုပ်လုံးဖော်ခဲ့ကြတဲ့ လူတွေလည်း အတော်လေး ပုံပေါ်လာပြီဆိုတော့ ပြောလို့ရပြီလို့ ကျနော်ထင်တယ်။ အဲဒီတော့ ဗမာပြည် စစ်အုပ်စုကို ပထမဆုံး ပန္နက်ရိုက် တည်ထောင်ခဲ့ကြတဲ့ ဗိုလ်နေဝင်း၊ ဦးအောင်ကြီး၊ ဗိုလ်တင်ဖေ၊ ဗိုလ်မောင်မောင်၊ နောက်ပြီးကျတော့ ဆိုရှယ်လစ်ပါတီနဲ့မကင်းတဲ့ တခြား စစ်ဗိုလ်တွေ အများကြီးပဲ။ ကျနော်နာမည်တွေ အပြည့်အစုံပြောဖို့ ဒီမှာ ရှည်နေမှာစိုးလို့ မပြောတော့ဘူး။

အဲဒီတော့ ဒီလူတွေရဲ့သမိုင်းကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ … သူတို့ဟာ ကျောင်းသားသမဂ္ဂနဲ့ ဘာမှ မပတ်သက် ဖူးဘူး။ သူတို့ထဲမှာ တက္ကသိုလ်ရောက်တာလည်း ရှိတယ်၊ မရောက်တာလည်း ရှိတယ်။ အင်္ဂလိပ်ခေတ်တုန်းကဆိုရင် ကျောင်းသားသမဂ္ဂဟာ တက္ကသိုလ်မှာမှ ရှိတာမဟုတ်ဘူး။ အထက်တန်းကျောင်းတွေမှာလည်း ရှိတယ်။ အဲဒီလူတွေဟာ အထက်တန်းကျောင်းတွေမှာလည်း သမဂ္ဂနဲ့ ကင်းဝေးတယ်။ တက္ကသိုလ်မှာလည်း ကင်းကင်းပဲ။

ဒါ … လက်ရှိ စစ်အုပ်စု ထိပ်သီးတွေအထိ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့် … အစရှိသဖြင့် ဗိုလ်မောင်အေး … သူတို့မျိုးဆက်အထိ အားလုံးဟာ ကျောင်းသားသမဂ္ဂနဲ့ အင်မတန် ကင်းတဲ့လူတွေ။

သူတို့ခေတ်တုန်းက (သူတို့ကျောင်းတက်နေကြတဲ့ခေတ်တုန်းက) ကျောင်းသားသမဂ္ဂတွေက အင်မတန် လှုပ်ရှားနေကြတဲ့အခါ။ အင်မတန် ပြင်းပြင်းထန်ထန်လှုပ်ရှားပြီး၊ အင်မတန် အသက်ဝင်နေတဲ့အခါ။ သူတို့ ဘာကောင်လဲ။ ဘယ်သူမှာမှ အဲဒီသမိုင်းမရှိဘူး။ ရှိလိုက်ရင် တယောက်နှစ်ယောက်ပဲ၊ ဒါဟာ ချွင်းချက်ပဲ။ အဲဒီ လူ ၁ဝဝ ထဲမှာ တယောက် နှစ်ယောက်ပဲ ရှိတယ်။ အဲဒီတော့ သူတို့တတွေက ကျောင်းသားသမဂ္ဂနဲ့ ဘယ်သူမှမပတ်သက်ဘူး။

နောက်တခုက သူတို့ထဲက တခြားလူတွေ၊ တချို့လူတွေကျတော့ သူတို့မိဘများ အဆက်အဆက်တွေက (ကျနော် နာမည် မပြောတော့ဘူး) အင်္ဂလိပ်ဗျူရိုကရက် အဆက်တွေ၊ အင်္ဂလိပ်အရာရှိအဆက်တွေ။

အဲဒါကြောင့်မို့ သူတို့က ကျောင်းသား သမဂ္ဂတွေကို ငယ်ငယ်ကလေးတည်းက သူက အရိုးထဲက မုန်းတာ။ ကျောင်းသားသမဂ္ဂထဲ သူတို့ပါရင် သူတို့အဖေ အလုပ်တွေ ထိခိုက်မယ်။ နောင် သူတို့ကြီးလာရင်လည်း သူတို့လည်း ဗျူရိုကရက်ယန္တရားထဲမှာ ဝင်ပါကြမယ်လို့ စဉ်းစားထားတဲ့လူတွေ။ အဲဒီတော့ သူတို့နောင်ရေးကို လည်း ထည့်တွက်ရမှာဖြစ်တယ်။ ဒါမို့ သူတို့ ကျောင်းသားသမဂ္ဂကို ငယ်ငယ်လေးကတည်းက မုန်းတာ။ သွေးထဲ အသားထဲကမုန်းတာ။

အဲဒီတော့ သမဂ္ဂကြီးကိုဖြိုပစ်ဖို့လည်း နည်းနည်းမှ ဝန်မလေးဘူး။ သူတို့ ဘာ သံယောဇဉ်မှမရှိဘူး။ သမဂ္ဂဟာ သူတို့ မျက်စိထဲမှာ အပို အဆောက်အဦကြီးတခု၊ သက်သက်ကို အနှောင့်အယှက်ပေးနေတဲ့ အဆောက်အဦကြီး တခု ဒီလိုပဲ မြင်တာ။

အဲလိုအမြင်နဲ့ တလျှောက်လုံးမွေးခဲ့တဲ့အငြိုးဟာ ဒီနေ့အထိပဲ။ စစ်အုပ်စုမှာ မျိုးဆက်အဆက်ဆက် ပြောင်းခဲ့ တယ်။ တတိယမျိုးဆက်ကိုရောက်ပြီလို့ ပြောလို့ရတယ်။ အဲဒီမျိုးဆက်တွေဘယ်လိုပြောင်းပေမယ့်၊ သူတို့ချင်းက ပဋိပက္ခတွေ ဘယ်လိုရှိပေမယ့် သူတို့အထဲမှာ ထိန်းသိမ်းထားတဲ့ အငြိုးတွေကျတော့ မျိုးဆက်တခုနဲ့တခု လွှဲပေးပစ်ခဲ့ကြတယ်။ အဲဒါကို နောက်မျိုးဆက်ကလည်း လက်ခံခဲ့တယ်။ ခုံခုံမင်မင်လက်ခံပြီး အဲဒီအငြိုးတွေနဲ့ပဲ တိုင်းပြည်ကို အုပ်ချုပ် ရန်လုပ်နေတာပဲ။

အဲ … အငြိုးတွေဆိုတဲ့အထဲမှာ နံပါတ် ၁ ဗိုလ်နေဝင်းရဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ်အငြိုး၊ အဲဒီအငြိုးက အခု ဒေါ်အောင်ဆန်းစုကြည်ထိ ဆက်တာပဲ။ ကွန်မြူနစ်ပါတီပေါ် အငြိုး၊ ဒါ … တလျှောက်လုံးပဲ။ အဲ … ကျောင်းသားသမဂ္ဂအပေါ် အငြိုး၊ ဒါလည်း ဒီနေ့အထိပဲ။ ဗိုလ်နေဝင်းအငြိုးတွေကို အခုနောက်ဆုံး စစ်အုပ်စုက၊ နအဖအုပ်စုက ဘာပဲပြောနေနေ ဘယ်လိုမှ မစွန့်ပစ်ပါဘူး။

ဆက်လက်ဖော်ပြပါမယ်။

Wednesday, October 28, 2009

ကျနော် ဘာမျှ မတတ်နိုင်ပါ

တခါတုန်းက ကျနော်ဟာ မိသားစုနေထိုင်ရာမြို့နဲ့ မိုင်ပေါင်း ၇ဝဝ လောက်ဝေးကွာတဲ့ နယ်စွန်နယ်ဖျားတခုကို ရောက်ခဲ့ပါ တယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာရယ်၊ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးစနစ် မကောင်းတာရယ်တို့ကြောင့် အိမ်နဲ့ စာအဆက်အသွယ်လုပ်တယ်ဆိုရင် တလလောက်ကြာတဲ့ထိအောင်ပါပဲ။

အနီးစပ်ဆုံး မြို့နဲ့တောင် တပတ်မှ ၂ ရက်လောက်သာ ကားရှိပါတယ်။ အဲဒီလိုကြားထဲမှာ ကျနော်က ငှက်ဖျား အကြီးအကျယ် ဖြစ်လိုက်ပါတယ်။ ဆေးဝါး မပြည့်မစုံ၊ သွားလာရေးခက်ခဲဆိုတော့ ကျနော့်ဘဝကို အဲဒီနေရာမှာပဲ ဇာတ်သိမ်းရလိမ့်မယ်လို့ ထင်ခဲ့မိပါတယ်။

အဲဒီအချိန်မှာ ကျနော့်စိတ်ထဲ အတွေးတခုဝင်ခဲ့ပါတယ်။ အဲဒါကတော့ ကျနော့် မိသားစုနဲ့ပတ်သက်တဲ့အတွေးပါ။ တကယ် လို့များ ကျနော် အဲဒီနေရာမှာပဲသေသွားခဲ့ရင် ကျနော့်မိသားစုက ကျနော့်အသုဘကို မီမှာမဟုတ်သလို ကျနော် သေသွားပြီ ဆိုတာကိုတောင် အချိန်အများကြီး နောက်ကျမှ သိရလိမ့်မယ်ဆိုတဲ့ အတွေးပါပဲ။

ဒီတော့ ကျနော် ဘာလုပ်ရမလဲ။ ပထမတော့ စဉ်းစားကြည့်ရင်း စိတ်မကောင်းဖြစ်တာတွေ၊ ပူပင်သောကရောက်တာတွေ ရော စုံလို့ပေါ့။ ဒါပေမယ့် နောက်ဆုံးတော့ ကျနော့်မှာ သုံးသပ်ချက်စိတ်ကူးတခုရသွားပါတယ်။ အဲဒါကတော့ ငါ ဘာမှ မတတ်နိုင်ဘူး ဆိုတဲ့ အတွေးပါပဲ။

ဒီလိုနဲ့ နောက်တကြိမ် အဲဒီလိုမျိုး ထပ်ပြီးကြုံရပြန်ပါတယ်။ နောက်တကြိမ်ကတော့ စစ်အစိုးရက ကျနော်တို့ကို ပုဒ်မ မတပ်၊ တရား မစွဲ၊ ဘာမှအကျိုးအကြောင်းမပြဘဲ ရက်ရှည်ဖမ်းပြီး စစ်တပ်အကျဉ်းစခန်းတခုမှာ ဖမ်းဆီးခဲ့တဲ့အချိန်ပါ။

အဲဒီတုန်းက ကျနော်တို့ဟာ ဘယ်အချိန်မှာ ကိုယ့်ကို ဘာပုဒ်မနဲ့ ဘယ်လို စီရင်ချက်ချမယ်၊ ဘယ်အချိန် ပြန်လွှတ်မယ်၊ ဘယ်လိုတွေဆက်ပြီး ရင်ဆိုင်ရမယ်ဆိုတာ ဘာမှမသိရသလို မိသားစုနဲ့လည်း အဆက်အသွယ် အဖြတ်ခံထားရပါတယ်။

အဲဒီလိုအချိန်မှာ တွေးပြီးပူမိတာက မိသားစုစားဝတ်နေရေးနဲ့ မိခင်ရဲ့ကျန်းမာရေးပါ။ မိသားစုက ကိုယ့်အပေါ် တစုံတရာ မှီခိုနေတဲ့အချိန်မှာ ကိုယ်က ဘာမှလုပ်ကိုင်မပေးနိုင်ဘူးဆိုတော့ စိတ်ပူစရာပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ်က ကိုယ့် အတွက်တောင် မရေရာလှတဲ့ အကျဉ်းစံ။ သေသေချာချာ တွေးကြည့်လိုက်တော့ အပြင်မှာဘာပဲဖြစ်ဖြစ် ကျနော် ဘာမှ မတတ်နိုင်ပါ။

အကယ်၍ အဲဒီအချိန်မှာ ကျနော့်အမေ သေဆုံးသွားခဲ့တယ်ဆိုရင် ကျနော့်ပူပင်သောကတွေက သူ့ကို အသက်ပြန်ရှင် လာအောင် ကယ်တင်နိုင်ပါမည်လား။ အကယ်၍ ကျနော်က ပြင်းပြင်းထန်ထန် ငိုကြွေးလိုက်ရင်ရော အားလုံးအဆင်ပြေ ချောမွေ့သွားမည်လား။

ဒီကောင်က ခံစားချက်မှမရှိတာ၊ သံယောဇဉ်မှမရှိတာလို့ တချို့က ထင်ကောင်းထင်ပါလိမ့်မယ်။ သေသေချာချာ တွေးကြည့်မယ်ဆိုရင်တော့ အဲဒီလိုအခြေအနေမျိုးမှာ ကျနော်တို့က ဘာတတ်နိုင်ပါမည်နည်း။ ဒါက ကျနော့်ရဲ့ အတွေ့အကြုံပေါ်မှာဖြစ်ပေါ်လာခဲ့တဲ့ အတွေးတခုပါ။

ကျနော်တို့အနေနဲ့ သိတတ်တဲ့အရွယ်ရောက်ကတည်းက ပူပင်သောကတွေ အနည်းနဲ့အများ ရှိခဲ့ကြတာပါပဲ။ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ စီးပွားရေး စသဖြင့် ဖြစ်ရပ်တွေအများကြီးပေါ်မှာ အခြေခံကြတဲ့ ပူပင်သောကတွေဖြစ် ပါတယ်။ အဲဒီ ပူပင်သောကတွေက ဘာကြောင့်ပေါ်ပေါက်လာခဲ့ပါသလဲ။

အဆင်မပြေမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကြောင့်ဖြစ်ပါတယ်။ အဆင်မပြေတဲ့အခါ အဆင်ပြေချင်တယ်၊ အဆင်မပြေတဲ့ အရာဟာ မကောင်းဘူးဆိုတာသိတော့ အဲဒီလို မကြုံတွေ့ချင်ဘူး စသဖြင့် စိုးရိမ်သောကတွေ ပေါ်ပေါက်ကြတာဖြစ်ပါ တယ်။

စိုးရိမ်ကြောင့်ကြမှုတွေ၊ ပူပင်သောကတွေဖြစ်ပေါ်တာကို အပြစ်တင်လို့မဖြစ်ပေမယ့် အဲဒီလို ပူပင်နေရုံနဲ့ အခက်အခဲတွေ အောင်မြင်ပြီးမြောက်သွားတာကိုတော့ ကျနော်တို့ မတွေ့ဖူးပါ။ တွေ့ဖူးတဲ့လူလည်း မရှိဘူးလို့ ထင်ပါတယ်။ ပြီးမြောက် အောင်မြင်တယ်ဆိုတာဟာ လုပ်ဆောင်မှုများကြောင့်သာ ဖြစ်ပါတယ်။

ဒီတော့ ကျနော်တို့အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို မလိုအပ်ဘဲထားသင့်ပါသလား၊ မွေးမြူသင့်ပါသလားဆိုတာကို တွေးကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ပညာရှင်တယောက်ကတော့ ခုလို ဆိုပါတယ်။

စိုးရိမ်ကြောင့်ကြမှုများ၏ အများစုမှာ မဖြစ်ခဲ့ဖူးသောအရာများ၊ မဖြစ်သေးသောအရာများ၊ လုံးဝ မဖြစ်နိုင်သောအရာ များအတွက် တင်ကြိုပူပန်နေကြခြင်းဖြစ်သည်။ အချို့သောသူများကမူ လောကတွင် တခါမျှမဖြစ်ခဲ့ဖူးသော အရာများ၊ တခါမျှ မဖြစ်သေးသောအရာများအတွက် ကြိုတင်ပူပန်နေကြခြင်းဖြစ်သည်

ဒီတော့ ကျနော်တို့ ပူပင်နေကြတဲ့အရာတွေကရော ဘယ်လိုအရာတွေပါလဲ။ သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ပူပန်ခြင်းနဲ့ လက်တွေ့ဘဝကို ယှဉ်တွဲစဉ်းစားဖို့ လိုအပ်ပါတယ်။ ဥပမာဆိုပါစို့ မိဘကို အရမ်းစိတ်ပူနေတဲ့သူတယောက်က သူ့မှာ အခွင့်အလမ်းလည်းရှိမယ်၊ ဆန္ဒလည်း တကယ်ရှိမယ်ဆိုရင် မိဘဆီရောက်အောင်ပြန်လိုက်ဖို့ လိုပါတယ်။

အဲဒီလို အခွင့်အလမ်းမရှိဘူးဆိုရင်လည်း အခွင့်အလမ်းရှိအောင်ဖန်တီးဖို့ ကြိုးစားဖို့သာလိုအပ်ပါတယ်။ ပူပင်သောက ရောက်နေမယ့်အစား အကောင်းဆုံး အလုပ်တခုခုကို လုပ်ဆောင်ဖို့သာလိုအပ်ပါတယ်။ ထိုင်ပြီးပူနေလို့၊ တချိန်လုံး ငိုနေလို့ ကိုယ်တွေ့ချင်တဲ့သူရှေ့ ချက်ချင်းရောက်သွားတာ၊ ကိုယ်ဖြစ်ချင်တာ ချက်ချင်းအထမြောက်သွားတာ မတွေ့ဖူးပါ။ လက်တွေ့ လုပ်ဆောင်မှုများကိုသာ ဦးစားပေးလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကျနော်တို့အနေနဲ့ ကိုယ်ဘာမှမတတ်နိုင်တဲ့ အခြေအနေတခုကို တခါတရံမှာ ကြုံတွေ့ကောင်း ကြုံတွေ့ နိုင်ပါတယ်။ အဲဒီအခါတွေမှာ ကိုယ်ဘာမှမတတ်နိုင်ဘူးဆိုတာကို နှလုံးပိုက်ရင်း လက်ရှိအနေအထားကို ပိုပြီးကောင်းမွန် တဲ့ အနေအထားတခုဖြစ်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ကိုယ့်ရဲ့ ရည်မှန်းချက်၊ ဆုံးဖြတ်ချက်တွေကို တပိုင်းတစနဲ့ ဖျက်ဆီးပစ်လိုက်ရတဲ့ အဖြစ်မျိုးတွေကို ကြုံတွေ့ကောင်း ကြုံတွေ့နိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြံပြု လိုတာကတော့ ကိုယ့်ရဲ့လမ်းကြောင်းကို ကိုယ့်မျှော်မှန်းချက်တွေအတိုင်း ဖြောင့်ဖြောင့်မတ်မတ် ဆက်လျှောက်နိုင်ဖို့ပါပဲ။

ထိန်လင်း

၁၊ ၆၊ ဝ၃

ရေစီးသံ ဂျာနယ်

အတွဲ ၇၊ အမှတ် ၁

မေလ ၁၆ ရက်၊ ၂၀၀၃ ခုနှစ်

ကန္တာရ ဥယျာဉ်

အညှောက်ပေါက်ချိန် မတန်သရွေ့တော့

မျိုးစေ့ဆိုတာ

မြေဆီလွှာအောက်မှာ နေရဦးမှာပေါ့လေ …။


ရှင်သန်ကြီးထွားခွင့် မှော်အတတ်တွေ

မီးစုန်းကဝေလို ဆော့ကစားခဲ့လေသမျှ

အရိပ်ဝေမယ့် အခက်ကိုချိုး

မျိုးစေ့ချမယ့် အသီးကိုခြွေ

ဒဏ်ရာရ ရာသီရှည်ထဲမှာမှ

စနစ်တကျ စိုက်ပျိုးမိခဲ့ပြီ …။


တောအုပ်ဖြစ်ချင်သူ မဟုတ်ပါဘူးကွယ်

တန်းတူရည်တူ အခွင့်အရေးနဲ့

အပင်လေးတပင်အဖြစ်

အခက်၊ တရွက်၊ တပွင့်၊ တသီး၊

ဖောက်ထွက်ကြီးထွားနိုင်ခွင့်လေးသာ

မြေဆီလွှာတွေ မအက်ကွဲခင်ကတည်းက

ရည်စူးဆုပန်ခဲ့သူပါ …။


မလိုတမာ ဓားချက်ပြင်းပြင်းနဲ့

ဖြစ်တည်ခြင်းတွေ ခုတ်ဖြတ်နေမှတော့

ကံတရားတွေ ဖျက်ပိုးကျ နာပြီပေါ့ …။


ပညတ်တွေနောက် မလိုက်ကြပါနဲ့ကွယ်

ဟော့ဒီရာစုသစ် ဒီခရီးထဲမှာ

လူဆိုတာ ဘယ်အခန်းက ပါဝင်သလဲ

ဂရပ်(ဖ်)မျဉ်း တတန်းတည်းဆွဲကြည့်ပါ

အဲဒီလူတွေ စိုက်ပျိုးတဲ့အပင်ကိုလည်း

စွတ်စိုမျှတတဲ့ ရာသီကောင်းကောင်းဖြင့်

တောအုပ်ဖြစ်ခွင့်မပေးချင်နေ

ရှင်သန်ကြီးထွားခွင့်သာ

ညီညီမျှမျှ

ရွာကျစေကွယ် …။

ဘမိုးမြင့်


Friday, October 23, 2009

အိုက်ဒီယော်လော်ဂျီခေတ် မကုန်ပါဘူး

“ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ် …”


ဒီလေးငါးလအတွင်း ဂျာနယ်တွေဖတ်ရတာ အရင်ကလို ငါးရှဉ့်နဲ့ ဂဏန်းအကြောင်းလောက် မဟုတ်တော့လို့ ပျင်းစရာမကောင်းတော့ဘူး။ လူတွေအကြောင်း နိုင်ငံရေးအကြောင်းတွေ သူ့ထက်ငါ အပြိုင်အဆိုင် ရေးလာကြလို့ လှုပ်ရှားသက်ဝင်ဖြစ်ပြီး ဖတ်ကောင်းလာတယ်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဆိုသလို ငယ်ဘဝကို ပြန်တမ်းတ လွမ်းဆွတ်မိတယ်။

မကောင်းလည်း ဖတ်ရတယ်

ဖတ်ကောင်းတာ ကိစ္စမရှိဘူး။ ပိုက်ဆံတော့ တော်တော်ကုန်တယ်။ ဘိန်းစွဲသလိုစွဲပြီး မဖတ်ရမနေနိုင်တော့ အသစ်မပါ သလောက်ဖြစ်ပြီး အဟောင်းတွေချည်း ပြန်ထည့်ထားတဲ့ ဂျာနယ်မျိုးလည်း ဝယ်ဖတ်ရတာကိုး။ သတင်းသမားဆိုတာ ကြိုက်လည်းဖတ်၊ မကြိုက်လည်း ဖတ်ရပါတယ်။ မကောင်းမှန်းသိပေမယ့်လည်း ဒီတပတ် ဘယ်လိုမကောင်းတာလည်း ဆိုတာ သိထားသင့်ပါတယ်။

ရန်/ငါ ပြတ်လို့သာ

ကလိမ်ကကျစ်လုပ်တဲ့ နိုင်ငံရေးသမားနဲ့ ပုတ်သင်ညို နိုင်ငံရေးသမား မရှိမဟုတ်ပါဘူး။ ရှေးက ရှိသလို အခုလည်း ရှိနေတာပါပဲ။ ဒါပေမယ့် နယ်ချဲ့တွေနဲ့ ဖက်ဆစ်တွေကို မစေ့စပ်တမ်း ရန်/ငါမျဉ်းပြတ်ပြတ်နဲ့ တိုက်ခိုက်ခဲ့ကြသူတွေလည်း သိန်းနဲ့သန်းနဲ့ချီ ရှိခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်အားလုံးဟာ နိုင်ငံရေးသမားတွေပါ။ ဖဆပလ ဆိုတဲ့အဖွဲ့ကြီး နှစ်ခြမ်းကွဲ သွားခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ဖဆပလ ဆိုတဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်တဲ့ နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေး တပ်ပေါင်းစုကြီးကြောင့် နယ်ချဲ့သမားတွေနဲ့ ဖက်ဆစ်တွေကို အောင်နိုင်ခဲ့ကြတယ်ဆိုတာ မေ့ဖျောက်မပစ်သင့်ပါဘူး။

ပူးပေါင်းလုပ်နည်း ၂ နည်း

နိုင်ငံရေးပါတီတခုထူထောင်တယ်ဆိုတာ လာရာအရပ်မတူကြတဲ့ အလွှာပေါင်းစုံကလူတွေ ပူးပေါင်းဖွဲ့စည်းထားရတာ ဖြစ်တယ်။ လူတွေဟာ မူလဗီဇနောက်ခံဘဝတွေ မတူကြတာနဲ့အမျှ အတွေးအခေါ် အယူအဆတွေ မတူနိုင်ကြပါဘူး။ အဲဒီလိုမတူတဲ့သူတွေအချင်းချင်း အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်း ၂ မျိုးသုံးကြပါတယ်။ ပထမ နည်းက တူညီတဲ့ ဘုံရပ်တည်ချက်တခုရှာပြီး ဘုံသဘောတူညီချက်တခုနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်တယ်။ အဲဒီအချိန်မှာ တဦးချင်းအယူအဆတွေကို ရှေ့တန်းမတင်ဘဲ ဘုံသဘောတူတာကို လုပ်ကြဖို့ဖြစ်တယ်။ နောက်တနည်းကတော့ အယူအဆတခု အိုက်ဒီယော်လော်ဂျီ တခုကို သက်ဝင်ယုံကြည်ကြသူတွေအချင်းချင်း ပေါင်းစည်းလုပ်ကိုင်ခြင်းဖြစ်တယ်။ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ ဒီမိုကရေစီပါတီ စတာမျိုးတွေဖြစ်တယ်။

ပါတီမှန်ရင် ဝါဒရှိရမယ်

နိုင်ငံရေးပါတီဆိုတာ အိုက်ဒီယော်လော်ဂျီ တခုတော့ ရှိကိုရှိရပါတယ်။ အရင်းရှင်စနစ် အိုင်ဒီယော်လော်ဂျီဖြစ်ဖြစ်၊ ဆိုရှယ်ဒီမိုကရက်ဖြစ်ဖြစ်၊ ဆိုရှယ်လစ် ကွန်မြူနစ်ဖြစ်ဖြစ်၊ အစိုးရအရင်းရှင်စနစ်ဖြစ်ဖြစ်၊ အစ္စလာမ်မစ်ဖြစ်ဖြစ်၊ ခရစ်ယာန် ဒီမိုကရက်ဖြစ်ဖြစ် အယူဝါဒတခုအပေါ်မှာ တည်ဆောက်ရပါတယ်။ အိုက်ဒီယော်လော်ဂျီပေါ်မှာ မတည်ဆောက်ဘဲနဲ့ နောက်ခံဘဝအမျိုးမျိုးက ယုံကြည်မှုအသီးသီးနဲ့လာတဲ့လူတွေဟာ ဘယ်လိုလုပ်ပြီး အတူတကွပူးပေါင်းလုပ်ကိုင်နိုင်ကြမှာ လဲ။ အိုက်ဒီယော်လော်ဂျီမရှိရင် မျက်မမြင် လှမ်းလျှောက်သလိုဖြစ်မှာပါ။ ဟိုတိုး ဒီတိုးနဲ့ လိုရာခရီး မရောက်နိုင်ပါဘူး။ နိုင်ငံရေးလုပ်မယ်ဆိုရင် အိုက်ဒီယော်လော်ဂျီ ရှိကိုရှိရပါတယ်။

တစ္ဆေအခြောက်ခံရသူတွေ

အိုက်ဒီယော်လော်ဂျီခေတ်ကုန်ဆုံးပြီလို့ ဟောနေကြသူတွေက ကွန်မြူနစ်တစ္ဆေအခြောက်ခံရတဲ့ ကွန်မြူနစ်ဟောင်းတချို့နဲ့ လစ်ဘရယ်ဒီမိုကရက်တချို့ဖြစ်ကြတယ်။ အိုင်ဒီယော်လော်ဂျီပဲခေါ်ခေါ်၊ ဝါဒပဲခေါ်ခေါ်၊ သဘောတရားပဲခေါ်ခေါ် ဘယ်လိုပဲ ခေါ်ခေါ် အိုက်ဒီယော်လော်ဂျီဆိုတာ ကွန်မြူနစ်၊ ဆိုရှယ်လစ်သဘောတရားတွေကိုသာ ပြောတာမဟုတ်ပါဘူး။ အဒမ်စမစ် တို့၊ ဂျွန်မေးနဒ်ကိန်းတို့ရဲ့ စီးပွားရေးအယူအဆတွေဟာလည်း အိုက်ဒီယော်လော်ဂျီပါပဲ။ သမ္မတ ရေဂန်တို့၊ ဗြိတိသျှဝန်ကြီး ချုပ် မာဂရက်သက်ချာတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး အယူအဆတွေလည်း အိုင်ဒီယော်လော်ဂျီတွေပါပဲ။ ဒါကြောင့် ရေဂန့် အိုက်ဒီယာတွေကို ရေဂန်နောမစ် (Reaganomic) လို့တောင် ခေါ်ခဲ့ကြပါတယ်။ မာဂရက်သက်ချာရဲ့ အိုက်ဒီယာတွေကို လည်း သက်ချာဝါဒ (Thatcherism) လို့ ခေါ်ခဲ့ကြပါတယ်။

အိုက်ဒီယာ ချွတ်ခြုံကျသူသာ ရှိတယ်

ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ် နိုင်ငံရေးနဲ့ နိုင်ငံရေးပါတီဆိုတာရှိနေသရွေ့ အိုက်ဒီယော်လော်ဂျီ ရှိနေမှာသာဖြစ်တယ်။ ခေတ်တွေပြောင်းရင် အိုက်ဒီယာတွေလည်း လိုက်ပြောင်းမှာပဲ။ ဒါ သဘာဝဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီက တခုမဟုတ် တခုရှိနေမှာဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့လူသာရှိတယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့ခေတ်ဆိုတာ လုံးဝ မရှိနိုင် ဘူး။ အိုက်ဒီယော်လော်ဂျီက ချွတ်ခြုံကျပြီး ပျောက်ကွယ်သွားတယ်ဆိုတာ လုံးဝမရှိဘူး။ ခေတ်တွေ ပြောင်းလဲတိုးတက် တာနဲ့အမျှ လူသားတွေရဲ့ အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲတိုးတက်ပြီး အိုက်ဒီယော်လော်ဂျီ အသစ် အသစ်တွေ ပေါ်ထွက်လာမှာပဲဖြစ်တယ်။ ဒါဟာ သိပ္ပံနည်းကျ အယူအဆဖြစ်သလို သဘာဝတ္ထဗေဒအရလည်း သဘာဝကျတဲ့ အယူအဆဖြစ်တယ်။ ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ်၊ ဘယ်နိုင်ငံ ဘယ်လူမျိုးမှာဖြစ်ဖြစ်၊ နိုင်ငံရေးကို အိုက်ဒီယော်လော်ဂျီကသာ ဆက်ပြီးဦးဆောင်နေမှာ ဖြစ်ပါတယ်။

မကွဲမှ ထူးဆန်းတာ

နိုင်ငံရေးဆိုတာ အိုက်ဒီယာတွေကိုအခြေခံပြီး လုပ်ကြတာဖြစ်တော့ တယောက်နဲ့တယောက် အိုက်ဒီယာမတူလို့ သဘောကွဲကြတယ်ဆိုတာ အဆန်းမဟုတ်ဘူး။ မကွဲဘဲနဲ့ အားလုံး တသွေးတသံတည်းဖြစ်နေတာကမှ ထူးဆန်းတာ။ အလွှာပေါင်းစုံကရောက်လာတဲ့လူတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ၊ ဘယ်လိုနည်းနဲ့မှ အတွေးအခေါ်တွေ တထပ်တည်းကျ တာ မဖြစ်နိုင်ဘူး။ အတွေးချင်း၊ အမြင်ချင်း၊ သဘောပေါက်ပုံချင်း၊ အဓိပ္ပာယ်ကောက်ပုံချင်း အနည်းနဲ့အများတော့ ကွဲပြားခြားနားမှု ရှိကြမှာချည်းပဲ။ ဒါပေမယ့် သဘောထားချင်းမတူတာနဲ့ ရန်သူဖြစ်သွားကြတာမှ မဟုတ်တာ။ အခြေခံ သဘောတရားတွေ တူညီကြတယ်၊ ရည်မှန်းချက်ပန်းတိုင်းချင်းတူကြတယ်ဆိုရင် အတူတွဲပြီး ဆက်လုပ်လို့ရပါတယ်။ အတ္တအကျိုးစီးပွားကို အလွန်အမင်း ရှေ့တန်းမတင်ကြရင် သဘောမတူကြလည်း ဘယ်တော့မှ ရန်မဖြစ်ပါဘူး။ အတ္တလွန်ကဲလို့ ရန်ဖြစ်ကြတာပါ။

ဂိုဏ်းတွေစုထားတဲ့ ပါတီ

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် အာဏာရယူထားနိုင်ခဲ့တဲ့ LDP ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေအများကြီးနဲ့ တည်ဆောက်ထားတာဖြစ်တယ်။ သူ့ဂိုဏ်းငါ့ဂိုဏ်း အသာစီးရဖို့ နေ့တိုင်းယှဉ်ပြိုင်နေကြရတယ်။ ဒါပေမယ့် ရှေးရိုးစွဲ အယူအဆတွေ ကိုင်စွဲတာချင်း၊ စီးပွားရေးလုပ်ငန်းကြီးတွေကို အကာအကွယ်ပေးတဲ့ အယူအဆချင်းတူနေကြတော့ လက်တွဲပူးပေါင်းနေနိုင်၊ လုပ်နိုင်ခဲ့ကြတယ်။ အရေးကြီးတာက ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့အစွဲကြီး ချွတ်နိုင်ဖို့ဖြစ်တယ်။ အယူအဆမတူတာတွေကို သည်းခံတတ်မှ သဘောထားကွဲတာတွေကို ကြည်ကြည်ဖြူဖြူ လက်ခံနိုင်မှ ရင့်ကျက်တဲ့ နိုင်ငံရေးသမားလို့ ခေါ်နိုင်ပါတယ်။

နိုင်ငံရေး ရင့်ကျက်ဖို့လို

နိုင်ငံရေးမှာ သဘောထားကွဲမူဆိုတာ ရှိမြဲပဲ။ ရှေးကရှိသလို အခုလည်းရှိတာပဲ။ ကမ္ဘာမှာရှိသလို မြန်မာမှာလည်း ရှိတာပဲ။ အဆန်းမဟုတ်ပါဘူး။ ဝံသာနုခေတ်က ကွဲခဲ့သလို ဂျီစီဘီအေလည်း ကွဲခဲ့တာပဲ။ ဒို့ဗမာအစည်းအရုံးလည်း ကွဲတာပဲ။ ရဲဘော်သုံးကျိပ်လည်း ကွဲတာပဲ။ ကွန်မြူနစ်တွေကွဲသလို ဆိုရှယ်လစ်တွေလည်း ကွဲတာပဲ။ ဖဆပလလည်း ကွဲတာပဲ။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ်။ ကျေညက်ဖို့ ကျမ်းရင်း ကျမ်းခိုင်တွေ ဖတ်ရပါမယ်။ အိုက်ဒီယော်လော်ဂျီခေတ် မကုန်ပါဘူး။ အိုက်ဒီယော်လော်ဂျီဆိုတာ ချွတ်ခြုံကျပြီး ကွယ်ပျောက်သွားရိုးမှ မရှိတာ၊ အိုက်ဒီယော်လော်ဂျီ ချွတ်ခြုံကျတဲ့သူမျိုးသာ ရှိပါတယ်။

သစ္စာ သတင်းဂျာနယ်

အတွဲ ၂၊ အမှတ် ၁၀၊ ၂၀ အောက်တိုဘာ ၂၀၀၉၊ အင်္ဂါနေ့ထုတ် မှ …

သရုပ်ဖော် - သစ္စာ သတင်းဂျာနယ်


ကျောင်းသား ထောင် တော်လှန်ရေးသမား (၉)


မန္တလေးထောင်

အဲလို ထောက်လှမ်းရေးကနေ မန္တလေးထောင်ထဲကို ခေါ်သွားရော။ မန္တလေးထောင်ဆိုတာ အခုထောင် မဟုတ်ဘူး နန်းတွင်းထဲက ထောင်။ အခုက ထောင်ကပြောင်းသွားပြီ။

ထောင်ထဲဗူးဝ စဝင်ကတည်းက ကျနော့်အတွက်တော့ ဘာမှ မျက်စိစိမ်းမနေဘူး။ အကုန်လုံး ကျနော် မျက်စိ ယဉ်နေတဲ့၊ ရောက်ဖူးနေတဲ့နေရာတွေကြီးပဲ။ စ ခေါင်းငုံ့ဝင်ရတဲ့ ဗူးကလေးက စပြီးတော့ အဲဒီ အထဲ ကြက်တူရွေးခန်း၊ နောက် … ကြက်တူရွေးခန်းဟိုဘက်က ထမင်းဖိုကြီး၊ အကုန်လုံး ကျနော် မှတ်မိတယ်၊ သိနေသေးတယ်။ အဲဒီ ထမင်းဖိုကြီး ကိုကျော်ပြီးတော့ ထောင်ကျဝိုင်းထဲ ဝင်ဝင်ချင်း ညာဘက်မှာ တိုက်ပိတ်တဲ့ တိုက်ခန်းအရှည်တခုရှိတယ်။

အဲဒီတိုက်အကြောင်း ကျနော် အရင်ကတည်းက ကျနော် သူများပြောပြထားလို့ သိတာ။ ကျနော့် အဖေတို့ ဘာတို့နဲ့ ထောင်ထဲသွားတော့ အဲဒီတိုက်ခန်းအရှည်လေးက ထူးဆန်းလို့ မေးကြည့်တယ်။ “အဲဒါဘာလဲ” “ဟ … အဲဒီဟာ Leper တိုက်လို့ ခေါ်တယ်ကွ” တဲ့။ “အဲဒီ ထောင်ထဲမှာ ကိုယ်ရေပြားရောဂါရှိတဲ့လူတွေကို တခြားထောင်သားတွေနဲ့ ခွဲပြီးထားတာ။ ဥပမာ Leprosy သမားတွေပေါ့လေ။ အဲဒါကြောင့်မို့ Leper တိုက်လို့ခေါ်တယ်” တဲ့။ ကျနော် အဲဒါခေါင်းထဲကနေပြီးတော့ ဘယ်တော့မှ မမေ့နိုင်ဘူး။ အဆောက်အဦလေးကလည်း အုတ်ကို အနီတွေသုတ်ထားတော့ နီကျင်ကျင်နဲ့။

အဲဒီ ဟိုဘက်မှာတော့ အဆောင်ကြီး။ ကျနော်လေ အဆောင်ကြီးကိုပဲ လည်တဆန့်ဆန့်နဲ့ ဘယ်သူကိုတွေ့ရမလဲ၊ ဦးလေးနဲ့ ဘယ်မှာတွေ့ရမလဲ၊ တခြား အသိမိတ်ဆွေတွေနဲ့ ဘယ်လိုတွေ့ရမလဲ၊ လည်တဆန့်ဆန့်နဲ့သွားတယ်။ အဲဒီတော့ အဲလိုတွေးနေတုန်းရှိသေး Leper တိုက်ရှေ့တင်ပဲ ရပ်လိုက်ရောဗျာ။ ကျနော့်ကိုခေါ်သွားတဲ့ ဝါဒနဲ့ နောက်တယောက်က။ ထောင်မှူးတယောက်ပါတယ်။ ရပ်ပြီးတော့ အဲဒီ ညာဘက်ချိုးပြီး Leper တိုက် ပထမဆုံး အခန်းထဲ ထည့်လိုက်တာ။

“ဟာ” ဆိုပြီး ဖြစ်သွားတာ။ “ဟ … ဒါ အနူတွေထားတဲ့နေရာပဲ။ ငါ့ကို ဘာလို့ ဒီထဲထည့်တာလဲ” သူတို့ ဘာမှ မပြောဘူး။ ကျနော့်ကို အတင်းထည့်ပြီးတော့ အပြင်ကနေ တံခါးပိတ်ပြီး ဝုန်းဒိုင်းဆိုပြီး ပိတ်ပြီး ထွက်သွားတာ။

ကျနော်က ဦးလေးတွေ ဘာတွေနဲ့ တွေ့ရမယ်၊ ဘော်လီဘော ကစားရမယ်၊ စာအုပ်တွေ ဖတ်ရမယ်၊ တူရိယာ သင်လိုက်မယ်။ အဲလိုထင်ခဲ့တာ အခုတော့ လက်ပါးတိုက်ထဲမှာ ဘယ်သူမှမရှိဘူး။ အင်မတန်ကို ကြောက်စရာ ကောင်းတဲ့ သံတံခါးကြီးနဲ့ ပြတင်းပေါက်ကလေး သေးသေးလေးကလည်း ဟိုး … အမြင့်ကြီးမှာ။ အင်မတန် ချောက်ချားစရာကောင်းတဲ့ နေရာတခု ကျနော်ရောက်သွားတယ်။ အဲဒီတုန်းက အဲဒီလက်ပါးတိုက်ကို (၂)တိုက် လို့ခေါ်တယ်။ ဒါ နောင်မှ ကျနော်သိရတာ။

မန္တလေးထောင်ထဲမှာ အဲဒီတုန်းက တိုက် ၄ တိုက်ရှိတယ်။ ၁ တိုက်၊ ၂ တိုက်၊ ၃ တိုက်၊ ၄ တိုက်။ အဲဒီထဲမှ ၁ တိုက်၊ ၂ တိုက်၊ ၄ တိုက်ကတော့ ကျနော်တို့ “နိုင်ငံရေး ထိန်းသိမ်းတယ်” လို့ ခေါ်တယ်။ အဲဒီတုန်းကအကျဉ်းသားလို့ မခေါ်ဘူး။ “ထိန်းသိမ်းတွေ” လို့ ခေါ်တာ။ အဲဒါတွေကိုထားတယ်။

နောက် ၃ တိုက်လို့ ခေါ်တဲ့ဟာကတော့ ဆေးရုံထဲမှာ ရှိတယ်။ အဲဒီဟာကတော့ ထောင်သားတွေကို ပိတ်တာ။ ထောင်သားတွေအတွက်ထားတာ တခုတည်း။ ကျန်တဲ့ဟာတွေ အားလုံးကတော့ ဒီ နိုင်ငံရေးသမားတွေကိုပဲ ထားတာလေ။ ၄ တိုက်ဆိုတာက ကြိုးတိုက်။ ကြိုးကျတဲ့လူတွေထားတာ၊ ကြိုးသမားတွေကို ထားတာ။ အဲဒီအချိန် ကျတော့ ကြိုးသမားဆိုတာလည်း မရှိသလောက်ဖြစ်နေပြီ။ ကြိုးတိုက်ထဲမှာလည်း အကျဉ်းသားထားတာ လုံးလုံးမရှိတော့ဘူး။ နိုင်ငံရေးသမားတွေပဲ ထားတာ။

အဲဒီတော့ ကျနော်က ဒီ ၂ တိုက် (Leper တိုက်) ထဲရောက်သွားတော့ ကျနော့်အခန်းဘေးမှာက ဦးဇင်းလေး ၂ ပါး။ မန္တလေးမှာ သံဃာလှုပ်ရှားမှုဖြစ်တော့ သံဃာတွေ အများကြီးဖမ်းတဲ့ထဲမှာပါလာတဲ့ ဦးဇင်းလေး ၂ ပါး။ သူတို့က ကျနော်ကို အများကြီး အကူအညီပေးတယ်။ အကူအညီပေးတယ်ဆိုတဲ့နေရာမှာ ရုပ်ဝတ္ထုပစ္စည်းအရ၊ ခွက်လိုသလား ဘာလိုသလား အဲဒါမျိုးကလည်း ပေးတယ်။ နောက် ထောင်အသိပညာလည်း ပေးတယ်။ နောက်ပြီးကျတော့ အဆက်အသွယ်တွေလည်း လုပ်ပေးတယ်။ ကျနော်နေတဲ့တိုက်ထဲမှာ ဘယ်သူရှိတယ်၊ ကျနော့်ဦးလေးက ဘယ်မှာရှိတယ် … စတာတွေ သူတို့က အကုန်လုံးပြောပြတယ်။ အဆက်အသွယ် လုပ်ပေးတယ်။

အဲဒီတော့ အဲဒီ ဦးလေးဆီကတဆင့်သိရတာက ကျနော်နေတဲ့တိုက်ထဲမှာ သံဃာတွေ ရှိတယ်။ လူငယ့်တပ်ဦးက ရဲနီတွေ ရှိတယ်။ နောက်ပြီးကျမှ ကျနော်တို့ဆီကလူတွေ တဖြေးဖြေးရောက်လာတယ်။ အဲဒါတွေ အကုန်လုံး သိနေရတယ်။

အရင်ပြောခဲ့သလိုပဲ ၆၃ ခုနှစ်အကုန် ငြိမ်းချမ်းရေးပျက်တဲ့အခါကျတော့ ကျောင်းသားတွေကို တောထဲကို မောင်းထုတ်လိုက်တာ။ အဓိကအားဖြင့် တောထဲကိုမောင်းထုတ်တယ်လို့ ပြောရမယ်။ ဘာလို့ဆိုတော့ ထွက်ပြေးကြတာ အားလုံးလိုလို လွတ်သွားကြတယ်။

အဲဒီမတိုင်ခင်က ၆၂ အာဏာသိမ်းတော့ ဖမ်းထားတဲ့ ကျောင်းသားတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတဲ့ သူတို့ ရုပ်ပြဟာတခု လုပ်တော့မယ်ကျတော့ လွှတ်ပေးရတယ်။ အဲဒီကျောင်းသားတွေ ထောင်က လွတ်လာပြီ။ ထောင်ထဲမှာ ကျောင်းသား (ကျနော်တို့ရောက်တဲ့အထိ) လုံးဝမရှိဘူးလို့ ဆိုရမလောက်။

ဆက်လက်ဖော်ပြပါမယ်။

Thursday, October 22, 2009

မွတ်သိပ်မှု


နေခြည်ရဲ့အနမ်းကို

တောင့်တနေရှာတဲ့ ပန်းပွင့်တွေ

ညကြီးသန်းခေါင် မိခင်နဲ့ကွဲကွာသွားတဲ့

ငှက်ကလေးတွေ။


တမိုးကြီးချုပ်လို့ နွားတအုပ်နဲ့

မျက်စိလည်နေကြတဲ့

နွားကျောင်းသားတွေ။


“ဗီတာမင်ဒီ” နဲ့

စကားစမြည်ပြောဖို့

စောင့်နေကြတဲ့ အိပ်ရာဖျာအောက်က

ကဗျာတွေ။


လေညင်းနဲ့အတူ အလည်လာမယ့်

ဧည့်သည်ရဲ့ခြေသံကို

ရင်တလှပ်လှပ်ခုန်ပြီး

ညလုံးပေါက် ထိုင်စောင့်နေကြတဲ့

ပြတင်းတံခါးပေါက်တွေ။


အရုဏ်ကို ကိုယ်ဝန်ဆောင်ထားပြီး

မမွေးဖွားတဲ့ညဆိုတာ

ဘယ်တုန်းကရှိခဲ့ဖူးလို့လဲ။


ညဟာ စက်ဝိုင်းပေါ်

လမ်းလျှောက်နေတာ မဟုတ်ဘူး။


ကြောင်လိမ်လှေကားပေါ်

တထစ်ချင်း လှမ်းလှမ်းတက်နေတာ။


မောင်သင်းခိုင်

မဟေသီ၊ အမှတ်-၁၈ဝ၊ ဒီဇင်ဘာ၊ ၁၉၉၉။