Showing posts with label ဇွန်မှိုင်း. Show all posts
Showing posts with label ဇွန်မှိုင်း. Show all posts

Tuesday, December 30, 2014

ပန်းခြံထက်မှာ နတ်ဆိုးရဲ့ ကြုံးဝါးသံတွေ ရှိတယ် (ဇွန်မှိုင်း)


(၁) 

ကျနော် ပန်းဆိုးတန်းမှတ်တိုင်မှာ ဆင်းလိုက်ပြီး ဆူးလေဘုရားဘက်ကို လျှောက်ခဲ့တယ်။ သိတ်မကြာခင် ကျနော် မဟာဗန္ဓုလပန်းခြံရှေ့ကို ရောက်တော့မယ်။ စဉ်းစားကြည့်လိုက်တော့ ဒီပန်းခြံရှေ့ကို ကျနော် မရောက်ဖြစ်တာ တော်တော်တောင်ကြာခဲ့ပြီပဲ။ ဒီနေရာကို ကျနော့်စိတ်နှင့်ကျနော် မရောက်ဖြစ်ခဲ့တာတော့ လုံးဝ မဟုတ်ပါဘူး။ ဆူးလေစေတီတော်မြတ်ရှိရာ၊ မြို့တော်ခန်းမရှိရာ ပြီးတော့ ကျနော်ချစ်တဲ့ ပန်းဆိုးတန်းစာအုပ်တန်းရှိရာ ဒီနေရာ ဒီဝန်းကျင်တွေကို ကျနော် သိတ်လာချင်တာပေါ့။ ဒီဝန်းကျင်လေးဟာ ကျနော့်အတွက် အမှတ်ရစရာတွေ အများကြီးရှိတဲ့ နေရာလေးပါ။ 

ဒီနေရာလေးကို ကျနော် အင်မတန် ချစ်တယ်၊ အင်မတန်လည်း လာချင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ဒီနေရာလေးကို လာလို့မရခဲ့ဘူးလေ။ ကျနော် ဘယ်လောက်ပဲ လာချင်လာချင် စေတန်နတ်ဆိုးက ကျနော့်ကို လာခွင့်မပြုခဲ့ဘူး။ ကျနော့်ကို ဒီနေရာလေးဆီ လွတ်လပ်စွာလာရောက်ခွင့်ကို အဲဒီစေတန်နတ်ဆိုးက ကန့်ကွက်တားဆီးခဲ့တယ်။