Thursday, February 27, 2014

သူ့ကို ခလုတ်တိုက်သွားသူတွေအားလုံးကို သတိရနေတဲ့ “ဘိုး ပိန်” (ခန့်အောင်)

မနေ့က ကျနော် နဲ့ ကိုလွမ်းဏီ၊ အဘကို သွားကြိုတယ်။ တလမ်းလုံး သူနဲ့ ကိုလွမ်းဏီ ဟိုရောက် ဒီရောက် စကားတွေ ပြောလာကြတယ်။ ကျနော်နဲ့ စကားမပြောဖြစ်ဘူး။ ကိုလွမ်းဏီအိမ်ရောက်တော့မှ အဘ ကျနော့်ကို မှတ်မိလား မေးလိုက်တော့မှ အဘ က မြင်တော့ မြင်ဖူးသလိုပဲကွ ဒါနဲ့ မင်းက ဘယ်သူတုန်းတဲ့၊ နာမည်ပြောလိုက်တော့မှ “မသာရဲ့ ငါလုပ်လိုက်ရ သေတော့မယ်၊ စောစောက ဘာလို့မပြောတုန်း” တဲ့ ဘပိန်တို့က တွေ့လိုက်တာနဲ့ အဲလိုမျိုး။

သူ သတိတရနဲ့ စမေးတာက လူ့ဘောင်သစ်က အရှည်ကြီး ထွန်းထွန်း အဲဒီကောင် ဘယ်ရောက်နေလဲတဲ့ US မှာလေလို့ ဖြေလိုက်တယ်။ ဟေ့ စိုးငြိမ်းကြီး အမေရိကားရောက်ပြီး ဘာမှ မကြားရပါလားတဲ့၊ ဒါနဲ့ အောင်လေးတကောင် ရောတဲ့၊ သူက အမေရိကား VOA မှာ မင်းသားလုပ်နေတယ်လို့ ပြောလိုက်တော့ ဖြစ်မယ် ဖြစ်မယ် ဒီကောင်က တဲ့၊ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောတယ်။ ချက်ချင်းဆိုသလိုပဲ ဘပိန်က ပြောနေတဲ့စကားဝိုင်းနဲ့ ဘာမှမဆိုင်တော့သလို တနေရာကို ငေးပြီး တွေးနေတယ်။


ခဏနေတော့ မောင်ဦးနဲ့ သန္တာရော ဘာကြားသေးလဲ မေးပြန်တယ်၊ ဒီလိုပါပဲ အဘရယ် အမေရိကားဆိုတော့ သိတဲ့အတိုင်းပဲ ရုန်းဟယ် ကန်ဟယ်ပေါ့။ ဝဏ္ဏ တယောက်လည်း ပျောက်သွားလိုက်တာကွာ ဘာသံမှကို မကြားဘူးလို့ သတိတရနဲ့ ပြောရှာတယ်။ မပျိုက ဒီကောင့်အကြောင်းကို အမြဲပြောတယ်။ ကိုအိုက်နဲ့ မရီတာ အကြောင်းတော့ တချက်တချက် ကြားတယ်ကွ၊ ထွန်းစိန် မိန်းမ ခင်ကြည် တောင် သူ့အမေ နေမကောင်းလို့ မယ်စဲ့ကို ပြန်ရောက်နေတယ်လို့ ဒီရက်ထဲ ကြားမိသေးတယ်၊ သူတို့နဲ့တအုပ်ထဲ ဟိုကောင်အကြောင်းရော ဘာကြားသေးလဲ တဲ့၊ ဘယ်သူလဲမေးတော့ တအောင့်လောက်စဉ်းစားပြီးမှ ထားဝယ် နဲ့ အယ်ထာ တဲ့၊ သူမေးတဲ့ လူတွေကတော့ စုံနေရောပဲ၊ နောက်ဆုံး ရဲနောင်၊ ကိုခင်စိုး အထိ၊ ဂင်ဂင် နဲ့ မချိုအကြောင်းလည်း မေးတယ်။

မင်းကိုလည်း ငါတို့က မရှိတော့ဘူး ထင်နေတာတဲ့ ...

ဘပိန်ဆိုတာက ပြည်ချစ်လက်ကျန် ရဲဘော်ကြီးတဦးပေါ့။ ABSDF ကျောင်းသားဖြတ်သန်းမှု သမိုင်းအချိုးအကွေ့တခုမှာ ချန်ထားလို့မရတဲ့ ပုဂ္ဂိုလ်တဦးပါ။

၁၉၉၄ ခုနှစ်လောက်က မာနယ်ပလောမှာ ABSDF မိုးသီးဇွန်အုပ်စုကို ကေအန်ယူ ဗိုလ်ချုပ်မြ တို့က စိတ်ကောက်နေတဲ့အချိန်၊ ကေအန်ယူ နယ်မြေက ထွက်ခွာဖို့ပြောတဲ့အချိန်၊ မာနယ်ပလောနယ်မြေ မိုးသီးဇွန်အုပ်စုမှာ အဲဒီလို နိုင်ငံရေး ရာသီဥတုကြမ်းနေချိန်မှာ ကြားထဲက အကူအညီပေးဖို့ နေနေသာသာ လာလည်မယ့်လူတွေ၊ သတင်းမေးမယ့်လူတွေတောင် နားရွက်မခပ်ရဲတဲ့ ကာလ၊ အခြေအနေ။

အဲဒီအချိန်မှာ မိုးသီးဇွန်အုပ်စုကတပ်ဖွဲ့တွေ ဗမာပြည်တောင်ပိုင်း နယ်မြေသစ်မှာ ထိုးဖောက်အခြေချရေး၊ ဗမာပြည်အလယ်ပိုင်း သုံးဖွဲ့အတွင်း ဖြန့်ခွဲနေထိုင်ရေးတွေ ဖြစ်လာခဲ့တယ်။ အဲဒီလိုဖြစ်နေတဲ့ အခြေအနေမှာ တပ်က ရဲဘော်တွေ၊ လက်နက်တွေ၊ ပစ္စည်းတွေကို သယ်ယူဖို့ အခက်အခဲတွေ ရှိခဲ့တယ်။

ဒီအခက်အခဲ အတော်များများကို ထိုင်းနိုင်ငံ မဲစရီးယန်းမှာရှိနေတဲ့ ပြည်ချစ် ရဲဘော်ဟောင်းကြီးတွေဖြစ်တဲ့ အဘ ဦးစိုးထွဋ် (ဆုံး) ရယ်၊ ဘပိန် တို့က သယ်ယူပို့ဆောင်ရေးကိစ္စတွေနဲ့ သူတို့နေအိမ်တွေကိုပါ စခန်းထောက်တွေအဖြစ်အသုံးပြုပြီး ထိုင်းအာဏာပိုင်သိရင် သူတို့ပါ ဘဝပျက်ရမယ့်ကိန်းကို သိသိကြီးနဲ့ စိတ်ရောကိုယ်ပါ အကူအညီပေးခဲ့ကြတယ်။

ဒါက ဘပိန်တို့နဲ့ ကျနော်တို့တွေ စခဲ့တဲ့ ရေစက်၊ ဒုတိယအကြိမ် ပြန်တွေ့ခဲ့ရတာတွေလဲ ရှိသေးတယ် ...။ ။

ဓာတ်ပုံ - ယမုံနာ

 
 

No comments: