Showing posts with label ကိုညို. Show all posts
Showing posts with label ကိုညို. Show all posts

Friday, March 27, 2015

တရားရုံးထဲမှာ လက်ထိတ်ဖြုတ်ပေးပါ (ကိုညို)

လက်ပံတန်းသပိတ်ကျောင်းသားတွေကိုလည်း တရားရုံးထဲ လက်ထိတ်တန်းလန်းတွေနဲ့ ခေါ်သွင်းနေတာတွေ့ရတော့ အတော်လေး အံ့သြတယ်။ ကျောင်းသူ မဖြိုးဖြိုးအောင်က တရားရုံးဥပဒေနဲ့ မလျှော်ညီလို့ လက်ထိတ်ဖြုတ်ပေးပါလို့ တောင်းဆိုတာကြောင့် တရားသူကြီးက လက်ထိတ်ဖြုတ်ပေးလိုက်တယ်လို့ သတင်းကြားရပါတယ်။ 

မြန်မာနိုင်ငံ တရားရုံးတွေမှာ တရားစီရင်ဆုံးဖြတ်မှုမရှိသေးဘဲ တရားခံလို ပြုမူဆက်ဆံတာမျိုး၊ အာမခံပေးလို့ရမယ့် အမှုတွေဖြစ်သော်ငြားလည်း ရာဇဝတ်သား၊ ဒုစရိုက်မှု ကျူးလွန်တော့မလိုလို တရားရုံးထဲအထိ ခြေကျဉ်း၊ လက်ထိတ်တွေနဲ့ ရုံးထုတ်နေမှုဟာ အတော့်ကို အရုပ်ဆိုးလွန်းပါတယ်။ မြန်မာနိုင်ငံက တရားရုံးတွေ အဲလောက်အထိ လူ့ယဉ်ကျေးမှု မရှိ၊ စာနာဂရုဏာတရား ခေါင်းပါးကုန်ကြပြီလားလို့ မေးခွန်းထုတ်ရတော့မှာ ဖြစ်တယ်။

Tuesday, March 17, 2015

ကျောင်းသားတွေ နိုင်တယ်၊ ရှုံးတာက ကျနော်တို့ အားလုံး (ကိုညို)

အောင့်ထားတာတွေ အန်ပစ်လိုက်ပြီ။ သွေးခွဲတယ်တော့ မထင်နဲ့၊ မြင်တာကို တည့်တည့်ပဲပြောမယ်။ ကျောင်းသားတွေ နိုင်တယ်၊ နိုင်ငံရေးသမားတွေ ရှုံးတယ်။ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေ ရှုံးတယ်။ နိုင်ငံရေးပါတီတွေ ရှုံးတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ရှုံးတယ်။ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ရှုံးတာပဲ။ ဘာကြောင့် ရှုံးလဲဆိုတော့... ကျောင်းသားတွေကို ထိရောက်စွာ မကူညီ၊ မဝန်းရံလို့ပါ။ (နာရေးကူညီမှု၊ ပညာရေးကွန်ယက်နဲ့ အဖွဲ့အနည်းငယ်၊ လူအနည်းငယ်လောက်သာ ဝန်းရံတယ်) 

ဒါကြောင့် လက်ပံတန်းမှာ ကျောင်းသားတွေ မနာသင့်ဘဲ နာရတယ်၊ အရိုက်မခံသင့်ဘဲ ခံရတယ်။ သူတို့ကို ဝန်းရံမှု အင်အားနည်းလို့ အထိနာတာဖြစ်တယ်။ နိုင်ငံရေးသမားတွေ၊ ပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေနဲ့ နောက်ဆုံး ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေက လက်တွေ့ကျကျ ဝန်းရံလုပ်ဆောင်ရမယ့်အရာကို မလုပ်ခဲ့ကြဘူး။ 


Tuesday, February 17, 2015

မိုင်းတင်း၊ မိုင်းငေါ့ နဲ့ ကျနော်... (ကိုညို)

မိုင်းတင်း ၁၉၈၀...။ 

ကျနော်နေထိုင်ရာ ကျောက်မဲမြို့နယ်ထဲက ရှမ်းရွာကြီးတရွာပေါ့။ ရှမ်းသူပုန်တွေ ကျက်စားသွားလာတတ်တယ်လို့ ကြားဖူးနေကျ။ ၁၉၈၀ မှာ ကျနော် ၁၀ တန်းအောင်တော့ မြို့နယ်လူကြီးတွေက လုပ်အားပေးဖို့ခေါ်တယ်။ 

ဒါနဲ့ စာရင်းပေးပြီး တောရွာတွေကို ကွင်းဆင်းကြတယ်။ လုပ်ရမယ့်အလုပ်က စီးပွားရေးစစ်တမ်းကောက်ဖို့တဲ့...။ 

ကျနော်တို့ကို ကွင်းမဆင်းခင် အတွေ့အကြုံရှိတဲ့ တာဝန်ရှိလူကြီးက ရှမ်းတိုင်းရင်းသားတွေ ရွာကိုဝင်မယ်ဆို ရွာသူကြီး (သို့မဟုတ်) ရွာထဲက သြဇာရှိတဲ့ လူကြီးတွေကို အရင်ဆုံး သွားရောက်ဂါရဝပြုမိတ်ဆက်ဖို့ မှာထားတယ်။ 


Tuesday, February 10, 2015

အစိုးရဆိုတာ ပြည်သူလူထုရဲ့ မိဘ မဟုတ်ပါ (ကိုညို)

အာဏာရှင် အစိုးရတွေက သူတို့လက်ထဲ အာဏာ လက်ကိုင်ရတာနဲ့ သူတို့ကိုသူတို့ တိုင်းပြည်ရဲ့ တန်ခိုးရှင်တွေ၊ ကယ်တင်ရှင်တွေ၊ မိဘတွေလို့ ထင်တတ်ကြတယ်။ 

အစိုးရဆိုတာ... တန်ခိုးရှင် မဟုတ်၊ ပြည်သူရဲ့ဆန္ဒကို ဖော်ဆောင်ပေးရတဲ့ ပြည်သူ့ အစေခံသာဖြစ်တယ်။ မိဘလို့ သဘောထားရမှာ မဟုတ်၊ ပြည်သူကို လုပ်ကြွေးပြုစုရမယ့် အစေခံသာဖြစ်တယ်။ ပြည်သူရဲ့ အခွန်ဘဏ္ဍာတွေ စားနေသူသက်သက်မို့ ပြည်သူကို ကျေးဇူးပြန်ဆပ်ရမှာဖြစ်တယ်။ 

အစိုးရဟာ ပြည်သူ့ကျေးဇူးရှင် မဟုတ်၊ ပြည်သူကသာ အစိုးရရဲ့ ကျေးဇူးရှင်ဖြစ်တယ်။ အစိုးရဆိုတာ ပြည်သူ့ရဲ့ ကျေးကျွန်သက်သက်သာ ဖြစ်တယ်။ 


Monday, February 2, 2015

၂၀၁၅ ဟာ ဒီမိုကရေစီ လမ်းဆုံ ဖြစ်တယ် (ကိုညို)

ဒီမနက်စောစော နေပြည်တော်ဆွေးနွေးပွဲသွားတဲ့ NNER အဖွဲ့ဝင်တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေ တည်းခိုမယ့် စည်ပင်ဧည့်ရိပ်သာ တည်းခိုခန်းများကို ဝန်ကြီးအမိန့်အရ မငှားရမ်းနိုင်တော့ဘူးဆိုပြီး တည်းခိုခန်းဝင်းတံခါးကို ပိတ်ထားတဲ့သတင်း အွန်လိုင်းပေါ်တက်လာတယ်။ 

အစိုးရဝန်ကြီးက ဘာကြောင့် ဒီအမိန့်ထုတ်ရသလဲ။ ဘာသဘောလဲ။ ဆွေးနွေးပွဲကို အစိုးရကိုယ်တိုင် လက်ခံကျင်းပနေတာ မဟုတ်ဘူးလား။ ဆွေးနွေးပွဲကို ဆက်မလုပ်ချင်တော့တဲ့ သဘောလား။ အစိုးရအဖွဲ့အစည်းတခုက ဒီလောက် ကလေးဆန်တဲ့ အလုပ်မျိုး မလုပ်သင့်ပါ။ ဒါဟာ မပြင်နိုင်တဲ့ အကျင့်ဟောင်း၊ စရိုက်ဟောင်းတွေ ငုတ်နေရာက ပြန်ပေါ်လာတာ ဖြစ်တယ်။

Monday, December 29, 2014

အရေးတော်ပုံအနံ့ ရတယ်၊ သပိတ်စုံရင် သူပုန်ထလိမ့်မယ် (ကိုညို)

ပြည်သူနဲ့ အယုံအကြည် ပျက်သွားပြီ 

ကြံ့ဖွတ်အစိုးရ မတရားမှုတွေကို ၃ နှစ်အတွင်း ပြည်သူတွေ သည်းမခံနိုင်ဖြစ်လာပြီ။ အုပ်ချုပ်သူတွေနဲ့ ခရိုနီတွေ၊ ဝန်ထမ်းတွေရဲ့ ဓနဥစ္စာ တဖက်စောင်းနင်း ပိုင်ဆိုင်မှု၊ စီးပွားရင်းနှီးမှုနဲ့ အရင်းအမြစ်မှန်သမျှ လောဘတကြီး သိမ်းကြုံး လက်ဝါးကြီးအုပ်မှု၊ နဂိုအကျင့်စရိုက်ကို မပြောင်းလဲ မပြုပြင်နိုင်မှု၊ ရာထူးစည်းစိမ်နဲ့ ဂုဏ်အရှိန်အဝါ၊ လာဘ်လာဘ ဆုံးရှုံးမှာကို စိုးရိမ်ပူပန်မှု၊ အကြောက်တရား ကြီးမားမှု၊ စစ်ဗြူရိုကရေစီယန္တယားရဲ့ ခိုင်မာအားကောင်းမှုဟာ ဒီကနေ့ ဒီမိုကရေစီအရွေ့ကို အနှောက်အယှက်ပေးလာတယ်။ 

လူထု မကျေနပ်မှုကို တနေ့တခြား ကြီးမားစေတယ်။ လတ်တလောအခြေအနေက ကျင့်ဝတ် စံနှုန်းမရှိတဲ့ တရုတ်အစိုးရအပေါ် လိုက်လျော ဆက်ဆံလွန်းတာပါ။ စစ်ယူနီဖောင်းချွတ် အရပ်သား သမ္မတ တက်ခါစ အခြေအနေနဲ့ ဆန့်ကျင်ဘက်အဆင့်ထိ ပြောင်းလဲသွားတယ်။ သမ္မတ ဦးသိန်းစိန်ကို အရင်လို လက်ခုတ်တီး ကြိုဆိုမယ့်သူ ရှားပါးနေတာ သတိပြုမိတယ်။ အစိုးရနဲ့ ပြည်သူ အယုံအကြည်ပျက်သွားတာက ၈၈ အာဏာသိမ်းစစ်အစိုးရနဲ့ ဆက်ဆံခဲ့ကြသလိုပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အရွေ့ 

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ဟာ အရဲစွန့်ဝင်လိုက်တာဟာ အစိုးရရော၊ လွှတ်တော်နဲ့ပါ ယုံကြည်မှုတည်ဆောက်ပြီး ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်ကနေ တဖြည်းဖြည်းလုပ်ယူမယ့် အဓိပ္ပာယ်ပြခဲ့တယ်။ 


Wednesday, November 12, 2014

အော်စလိုက သူခိုး (ကိုညို)

ဒီနေ့ ကျနော်အလုပ်လုပ်တဲ့ဆိုင်မှာ သူခိုးတယောက် မိတယ်။ ဈေးဝယ်တယောက်က သတင်းပေးလိုက်လို့ ဆိုင်တာဝန်ခံက ခဏမေးစရာရှိတယ်ဆိုပြီး သူခိုးကို ရုံးခန်းထဲ ခေါ်လာတယ်။ သူခိုးက ထွားထွားကျိုင်းကျိုင်း၊ အရှေ့ဥရောပ (ရိုမေးနီးယား) နိုင်ငံသား၊ အရက်နံ့ရတယ်။ 

အပေါ်အနွေးထည်အထူကို ချွတ်ခိုင်းတယ်။ မချွတ်ဘူး၊ ဂျစ်ကန်ကန် ပြန်ဟောက်တယ်။ ငါ့ဘာကြောင့်ခေါ်တာလဲ၊ ဘာညာနဲ့ ဆဲတယ်။ ကိုယ့်ဆိုင်တာဝန်ခံကလည်း သူခိုးကို ဇွတ်မချွတ်ခိုင်းဘူး။ စီစီတီဗွီမှတ်တမ်းကို ပြန်ကြည့်တယ်။ ချောကလက်တောင့် ပတ်ကင်တွေထားတဲ့နေရာမှာ သူခိုးက အပီအပြင် ထည့်နေတာ...။ ခိုးနေတဲ့ သူ့ပုံကြီးမြင်ပေမယ့် သူခိုးက ငြင်းနေတယ်။ 


Tuesday, September 16, 2014

ပျောက်ဆုံးနေတဲ့ ရတနာ (ကိုညို)

“ဖေဖေ... ဂိုဒေါင်ထဲက သမီးစက်ဘီးလေး မရှိတော့ဘူး” 

အလုပ်ကအလာ အိမ်တံခါးဝအရောက် ဆီးပြောလိုက်တဲ့ သမီးစကားကြောင့် အမောဆို့သွားတယ်။ လွန်ခဲ့တဲ့ ၂ ရက်ကပဲ မိသားစု စက်ဘီးစီးထွက်ကြသေးတယ်။ အပြန် သမီးဘီးကို သော့ခတ်မခတ် သတိမထားမိခဲ့။ အခုတော့ ကိုယ့်သတိလက်လွတ်မှုကြောင့် သမီးရဲ့မွေးနေ့လက်ဆောင် စက်ဘီးအသစ်လေး ပါသွားပြီ။ 

အပတ်မင့်တိုက်ခန်းတွေရဲ့ အများသုံးစတိုခန်းဂိုဒေါင်လေးမှာ အိမ်တိုင်းနီးပါးက မိမိအကန့်နဲ့မိမိ စက်ဘီးတွေ တန်းစီ သိမ်းဆည်းလေ့ရှိတယ်။ ဆောင်းတတွင်းလုံး ဘီးမစီးနိုင်လို့ သော့ခတ်သိမ်းခဲ့ပေမယ့် နွေဦးပေါက်လာရင် လူတိုင်း ကိုယ့်စက်ဘီးတွေ ပွတ်တိုက်မွန်းမံပြီး ပြန်အသုံးပြုလာတယ်။ 


Tuesday, August 12, 2014

မရှိတာထက် မသိတာခက် (ကိုညို)

လှေပျက်ကြီး ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် နော်ဝေးနိုင်ငံမှာ ပြောင်းရွှေ့အခြေချနေထိုင်မယ်ဆိုရင် ၂ နှစ်အတွင်း နော်ဝေးဘာသာစကားနဲ့ နော်ဝေးလူနေမှုဘဝ၊ သမိုင်း၊ နိုင်ငံရေးနောက်ခံတွေကို မသင်မနေရ လေ့လာသင်ကြားရပါတယ်။ ဒါကို နော်ဝေးတွေက Introduction Program နော်ဝေးနိုင်ငံအကြောင်း အခြေခံသိကောင်းစရာအစီအစဉ် လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ် ဆောင်းဦးပေါက်မှာ ကျနော်လည်း အဆိုပါ အင်ထရိုပရိုဂရမ်ကို သင်ကြားလေ့လာပါတယ်။ 

နော်ဝေးစကား၊ နော်ဝေးစာ၊ နော်ဝေးသီချင်း၊ လူမှုရေး၊ ယဉ်ကျေးမှု အနုပညာတွေကို ပြတိုက်တွေ၊ ပြခန်းတွေ လက်တွေ့ကြည့်ရှု့လေ့လာရတဲ့ အစီအစဉ်တွေလည်း ပါပါတယ်။ တရက်မှာ ကျနော်တို့ကို သင်တန်းဆရာက အော်စလို ပင်လယ်ကမ်းမြောင်ကို မေးတင်နေတဲ့ ဗစ်ဒွိုင်း Bygdøy အရပ်ကို သွားလေ့လာပါတယ်။ 


Thursday, August 7, 2014

၈၈ နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ (ကိုညို)

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘီဘီစီ မြန်မာပိုင်းကနေ သမ္မတ ဦးသိန်းစိန် ၈၈ ကာလက ဆန္ဒပြမှုကို ဖိနှိပ်တဲ့ အဓိကနေရာမှာ ပါဝင်တယ်လို့စွပ်စွဲတဲ့ ဝီကီလိခ်သတင်းနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နဲ့ ဆက်သွယ်မေးမြန်းတယ်။ ဦးရဲထွဋ်ရဲ့ အင်တာဗျူးထဲမှာ ဒီကနေ့ နိုင်ငံရေးလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်တွေကိုရော၊ လှုပ်ရှားတက်ကြွသူတွေကိုရော အနာပေါ်တုတ်ကျပြီး စွပ်စွဲပြောဆိုသွားတာတခုက... ၈၈ ထဲက သင်ခန်းစာကိုသာ ဖော်ထုတ်သင့်တယ်၊ ၈၈ ကို အကြောင်းပြုပြီး နိုင်ငံရေးထိုးနှက်ဖို့ မသင့်ဘူး... ဆိုတာပဲ။ ဒီတော့ ပြောစရာနည်းနည်း ဖြစ်လာတယ်...။ 

ဒီကနေ့ နိုင်ငံရေးတက်ကြွသူတွေက ၈၈ ကိုအကြောင်းပြုပြီး နိုင်ငံရေးထိုးနှက်နေတယ်လို့ ကျနော် မမြင်ပါ။ အစိုးရဘက်က လုပ်ဆောင်သင့်တဲ့ အခြေခံအလုပ်တွေ လုပ်ဖို့ပျက်ကွက်နေလို့ အများပြည်သူရဲ့ မယုံကြည်မှုက အခြေခံလာတာ ဖြစ်တယ်။ 


Tuesday, July 29, 2014

ကျောက်ဆူးက ပြောတဲ့သမိုင်း (ကိုညို)

သမိုင်းဝင်မြို့လေး 

လွန်ခဲ့တဲ့ သီတင်းပတ်က နွေရာသီ အားလပ်ရက်မို့ ကျနော်တို့မိသားစု အော်စလိုမြို့ရဲ့ အနောက်တောင်ပိုင်း ပင်လယ်ကမ်းခြေမြို့ငယ်လေးဖြစ်တဲ့ လန်းဂဆွန်း( Langesund) မြို့လေးကို အလည်ခရီးသွားခဲ့တယ်။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီဂျာမဏီတွေသိမ်းပိုက်ပြီး ဒိန်းမတ်၊ ဆွီဒင်နဲ့ နော်ဝေး အထက်အောက် ပင်လယ်ပြင်ထွက်ပေါက်ကို စိုးမိုးထားနိုင်တဲ့ စစ်ရေးမဟာဗျူဟာကျတဲ့ဒေသမို့ ဟစ်တလာရဲ့ ပင်လယ်ပြင်ထိန်းချုပ်ရေး ရေတပ်ဖွဲ့တွေ အခြေချခဲ့တဲ့အရပ်လည်းဖြစ်တယ်။ ဒီနေ့အထိ ပင်လယ်ဝကို စီးမြင်နိုင်တဲ့ တောင်ကုန်း၊ တောင်ထိပ်တွေမှာ နာဇီဂျာမဏီတွေရဲ့ ခိုင်မာတဲ့ ဘန်ကာကြီးတွေ၊ အမြောက်လက်နက် တပ်ဆင်အသုံးပြုတဲ့ နေရာတွေ၊ မြေအောက်လှိုင်ခေါင်းတွေကို အခိုင်အမာ တွေ့နေရတုန်းပါ။

ကျောက်ဆောင်ထက်က ကျောက်ဆူး 

အဲဒီနေရာလေးတွေဟာ လှပအေးချမ်းပြီး နိုင်ငံကူးသဘောင်္နဲ့ မော်တော်တွေ၊ ငါးဖမ်းစက်လှေတွေ၊ အမဲလိုက်အဖွဲ့တွေနဲ့ စည်ပင်သာယာနေတယ်။ ဒေသခံ မိတ်ဆွေ ကိုမောင်မောင်က ကျောက်ဆောင်တွေထူပြောတဲ့ ကမ်းရိုးတန်းနဲ့ ကမ်းခြေကျောက်ဆောင် တခုနဲ့တခုကို ပေါင်းကူးတံတားထိုး ဆက်သွယ်ထားရာနေရာတွေဆီ လိုက်ပို့ပေးတယ်။ စင်ယော်ငှက်မျိုးစုံနဲ့ ဘဲ၊ ဟင်္သာ၊ ငန်းနဲ့ ကနေဒါက ရွှေ့ပြောင်းငှက်မျိုးစုံဟာ လွတ်လွတ်လပ်လပ် အစာရှာ ပြေးလွှားနေကြတယ်။ အန္တရာယ်မပေးတတ်မှန်းသိနေလို့ လူမြင်လည်း မတုန်လှုပ်ဘူး။ ပေါင်မုန့်လေးတွေဖဲ့ကျွေးရင် ငှက်တွေအားလုံး အနားကပ်လာတတ်တယ်။ ည ၁၀ နာရီကျော်ပေမယ့် နွေအခါမို့ ဆည်းဆာက တောက်ပတုန်း။ 


Sunday, July 27, 2014

ခင်ဗျားတယောက်ထဲကျန်ရင်... (ကိုညို)

ငယ်ငယ်ကကြားဖူးပြီး ကြိုက်ခဲ့တဲ့ အဆိုတော်မင်းမင်းလတ်ရဲ့ သီချင်းတပုဒ်အမည်ပါ။ တေးရေးသူက ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပုသိမ်မောင်စိမ်းသူ။ ငယ်တုန်းကတော့ လေးလေးနက်နက်စဉ်းစားတတ်လို့ ကြိုက်ခဲ့တာမဟုတ်၊ သံစဉ်ဆန်းတာရယ်၊ တေးစာသားက ရိုးရှင်းပေမယ့် ကဗျာလည်းဆန်၊ ဒဿနလည်းပါလို့ ကြိုက်မိတယ်ထင်ပါရဲ့...။ ဒီကနေ့အချိန်မှာ အဲဒီသီချင်း ပြန်နားထောင်ချင်စိတ် ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေတယ်။ ပြန်ကြားချင် ခံစားချင်နေတယ်။ မှတ်မိသလောက်စာသားတချို့ ပြန်တွေးကြည့်တယ်...။ 

ဒီကမ္ဘာပေါ်မှာ ××× အသက်ရှိတဲ့လူတွေ 
သေဆုံးပြီး ခင်ဗျားတယောက်ထဲသာ ×× 
အသက်ရှိလို့ ×× ဆက်လက်ခါကျန်ရင် ×× ပြောစမ်း ခင်ဗျား ဘာလုပ်အုံးမလဲ ×× 
ငါးများနဲ့ မြက်နဲ့ ကျောက်ခဲတွေ ××× ပေါ်ဦးသက် ပန်းချီကားတွေနဲ့ ×× 
မန္တလေးက အရက်ချက်တဲ့ စက်ရုံတွေ ××× မိုးကုတ်ပတ္တမြားတွေရယ် ×× 

သီချင်းက အားလုံးပေါင်းမှ ကောရပ်စ်အသေးတခု အပါအဝင်မှ သုံးပိုဒ်ပဲရှိတာ။ အဲဒီပထမအပိုဒ်ကတော့ ရှင်းတယ်။ ဘယ်သူမှမရှိတဲ့ ကမ္ဘာကြီးမှာ တယောက်ထဲကျန်ရစ်နေတဲ့ လူတယောက်ကိုရှိသမျှ အားလုံးပိုင်ဆိုင်ခွင့်ပေးလိုက်တာ။ တနည်းပြောရရင် တိုင်းပြည်မှာရှိတဲ့ ရုပ်ဝတ္တုဥစ္စာတွေရှိရှိသမျှ ကြွယ်ဝချမ်းသာနေသူတဦး...။ ဒါပေမယ့် သူ့အနားမှာ ဘယ်သူမှ မရှိဘူး။ သူ့အတ္တပဲရှိတယ်။ ဘယ်သူ့ရဲ့မေတ္တာမှ မရှိဘူး၊ သူ့လောဘနဲ့သူ...။ ဒုတိယသီချင်းပိုဒ်လေးက ပိုပြီးသရုပ်ပေါ်လာလိမ့်မယ်...။ 


Wednesday, July 23, 2014

ကျနော်တွေ့ကြုံခဲ့တဲ့ ယင်၊ ခြင် ကြွက်၊ ပိုးဟတ်နဲ့ သန်း၊ ကြမ်းပိုးတွေ အကြောင်း (၁)

အေးခဲနေတဲ့ ဆောင်းတတွင်းလုံးပျောက်နေတဲ့ ယင်ကောင်တွေ ပြန်ပေါ်လာတယ်။ တနေ့က မုန့်ဟင်းခါးချက်တော့ ငံပြာရည်နံ့၊ ငါးညှီနံ့ရလို့နဲ့တူတယ် ယင်ကောင်တွေ ဘယ်က ဘယ်လို ထွက်လာလည်း မသိ၊ တကောင်ပြီးတကောင်။

နွေဆို ပန်းဝတ်ရည်စုတ်တတ်တဲ့ ပျားကောင်လေးတွေ အိမ်ထဲ အလည်ရောက်တတ်လို့ ပျားရိုက်တံလေးတခု အိမ်မှာဆောင်ထားတာ ပျားမရိုက်ရဘဲ ယင်ချည်း သတ်နေရတယ်။ အခုလည်း ပူလို့ နောက်ဖေးတံခါး ဖွင့်ထားတာကို အခွင့်ကောင်းယူပြီး ယင်တကောင် ဝှီးခနဲ ပျံလာတယ်။ သားက သူ့မိုက်ခရိုစကုတ်နဲ့ ယင်ကောင်ရိုက်ပြီး အနုစိတ်ကြည့်တတ်တယ်။ မှန်ဘီလူးနဲ့ အနီးကပ်ကြည့်လိုက်ရင် မျက်လုံးပြူးပြူးရဲရဲ၊ အမွှေးအမျှင်တွေနဲ့ ကြောက်စရာ့ယင်ကောင်ကို သမီးနဲ့သားက စိတ်ဝင်တစား အလုအယက် ကြည့်ကြတယ်။ 

ဒီယင်ကောင်တွေကလည်း အနံ့ခံတာ သိပ်ကောင်းတယ်။ ဟင်းချက်ဖို့ ငပိ၊ ငါးခြောက်လေး ထုတ်လိုက်ရုံရှိသေးတယ် ချက်ချင်း ဝီခနဲ အပြေးရောက်လာတယ်။ သိပ်မြန်တယ်။ ပြီးတော့ ဘယ်နည်းဘယ်ပုံ အင်ဖော်မေးရှင်း ပို့လိုက်လည်းမသိ။ နောက်ထပ်၊ နောက်ထပ် အကောင်တွေ တိုးလာတယ်။ နောက်ဆုံး အလုပ်တွေ ခဏဖယ် ယင်စစ်ဆင်ရေး အရင်လုပ်ရတော့တယ်။ 


Saturday, July 19, 2014

သူ့မိဘတွေကိုလည်း အားနာပါ (ကိုညို)

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး သတိထားမိတာတခုက အာဇာနည်နေ့ရောက်တိုင်း ဗိုလ်ချုပ်ရဲ့သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးကို လူတော်တော်များများက လှောင်ပြောင် ရှုတ်ချတဲ့ ပြောဆိုမှုနဲ့ အရေးအသားတွေ မြင်နေရတာပါပဲ...။ ကျနော့်စိတ်ထဲအရှိတရား အတိုင်းပြောရရင် အတော်ဝမ်းနည်းတယ်။ အများက ဦးအောင်ဆန်းဦးကို အပြစ်တင်တာ နားလည်သဘောပေါက်ပေးနိုင်ပေမယ့် တဖက်မှာလည်း လိုတာထက်ပိုပြီး အလွန်အကျွံ ပြောနေ၊ ရေးနေ၊ အပြစ်တင်မဆုံးဖြစ်နေကြလို့ သူ့ရဲ့ညီမ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့မိဘနှစ်ပါးဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ကိုလည်း အားနာသင့်တယ်၊ သူတို့ မျက်နှာနဲ့ ကျေးဇူးတရားတွေကို ထောက်ထားသင့်တယ်လို့ ခံစားမိပြီး ဒီဆောင်းပါးကို ရေးတာဖြစ်တယ်။ 

ဦးအောင်ဆန်းဦးနာမည်ကို ကျနော်တို့ ၈၈ ပြည်သူ့အရေးတော်ပုံမှာ စပြီးကြားဖူးတယ်။ အောင်ဆန်းဦး ပြန်လာမယ်၊ ဒီမိုကရေစီတိုက်ပွဲကို ဦးဆောင်မယ်ဆိုတဲ့ ကောလဟလတွေနဲ့ စိတ်ခွန်အားတက်ခဲ့တယ်။ နောက်ပိုင်း အမေရိကားနိုင်ငံသား အောင်ဆန်းဦးရဲ့ ပြည်သူ့ထံ အိတ်ဖွင့်ပေးစာတွေတောင် ထွက်လာသေးတယ်...။ အဲဒီတုန်းက ဗိုလ်ချုပ်ရဲ့သားကြီး ဦးအောင်ဆန်းဦးကို တိုင်းပြည်ခေါင်းဆောင်အဖြစ် ကျနော်တို့ စိတ်ကူးမျှော်မှန်းခဲ့တယ်။


Thursday, July 10, 2014

သတင်းမီဒီယာလောကကို အမြန်ဆုံး ကာကွယ်စောင့်ရှောက်ကြ (ကိုညို)

ဒီကနေ့ ပခုက္ကူတရားရုံးကနေ ယူနတီဂျာနယ်က ဦးတင့်ဆန်း အပါအဝင် သတင်းသမား ၄ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် အပြစ်ဒဏ်ပေးလိုက်တယ်ဆိုတာ... သတင်းလောကသားတွေအပေါ် အစိုးရက တိတိကျကျ စိန်ခေါ်လိုက်တာ ဖြစ်တယ်။ မင်းတို့သတင်းသမားတွေ သတိထားနေကြ၊ ဘာတတ်နိုင်သလဲ၊ ဒါ နမူနာပဲလို့ နားရွက်တံတွေးဆွတ်ပြီး သွေးတိုးစမ်းလိုက်တာ ဖြစ်တယ်။ 

ဒါကို သတင်းသမားတွေ ငြိမ်ခံနေမယ်ဆို နောက်ပိုင်း ပိုမိုတင်းကြပ်တဲ့ဥပဒေတွေ တခုပြီးတခုထုတ်ပြီး ချောင်ပိတ်ရိုက်လိမ့်မယ်။ ယူနတီသတင်းထောက်တွေက နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောက်ယှက်တာ မဟုတ်ဘူး။ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ဆောင်မှုတွေကို ပြည်သူတွေသိအောင် ထောက်ပြညွှန်ပြခဲ့တာ ဖြစ်တယ်။ 


Tuesday, July 8, 2014

အော်စလိုက မက်ထရိုမှာ... (ကိုညို)

ပွတ်ခါသီခါလေးပဲ။ တံခါးပိတ်ပါတော့မယ်လို့ ကြေငြာတဲ့အသံရယ်၊ တံခါးပိတ်ချိန်ရယ်၊ ကိုယ်လည်း ရထားတွဲထဲအရောက်၊ ရထားဘီးလည်း စလှိမ့်၊ အံကိုက်ပဲ။ အချိန်စက္ကန့်ပိုင်းလေးတွေဟာ ဘယ်လောက်အထိ အရေးပါသလဲ ဒီနိုင်ငံရောက်မှ လက်တွေ့သိရ မြင်ရတာပါ။ ရထားတွဲက ခုံလွတ်တွေ သိပ်မကျန်တော့အနားမှာ လွတ်နေတဲ့ နှစ်ယောက်ထိုင်ခုံအစွန်မှာ ထိုင်လိုက်တယ်။ အနွေးထည်ပေါ် တင်ကျန်နေတဲ့ နှင်းပွင့်လက်ကျန်တွေကို သပ်ချလိုက်တယ်။ 

ကျနော့်ရှေ့ထိုင်ခုံမှာ ထိုင်နေတဲ့ ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးက စာအုပ်တအုပ်ဖတ်နေတယ်။ သူ့ဘေးက အမျိုးသားက သတင်းစာပေါ်က မျက်မှန်ကိုမခွာ။ ကျနော့်ဘေးကလူကို မသိမသာအကဲခတ်လိုက်တော့ သူကလည်း ပြူတင်းပေါက်မှန်ကနေ အပြင်ဘက်ငေးနေတယ်။ ဘေးကမျက်စောင်းထိုးခုံမှာ အသက် ၆၀ ဝန်းကျင် နော်ဝေး အဖွားကြီးတယောက်နဲ့ သူ့ဘေးမှာ မြီးကောင်ပေါက် အာဖရိက ကျောင်းသူလေးတယောက်။ ကလေးမလေး အိုင်ဖုံးကနေ နားထောင်နေတဲ့ သီချင်း စည်းဝါးသံ တရှုးရှုး တရွှတ်ရွှတ်ဟာ နားကြပ်ကတဆင့် ကျနော့်နားဝထိ ရောက်နေတယ်။ ဒီခေတ်လူငယ်တွေ သီချင်းနားထောင်ရင် ငြိမ့်ငြိမ့်ညောင်းညောင်း မရှိ၊ ဆူဆူညံညံ စူးစူးရှရှ၊ မြန်မြန်ထက်ထက် အတုံးလိုက် အတစ်လိုက် စကားလုံးတွေနဲ့။ 


Sunday, July 6, 2014

တန်ပြန် အကြမ်းဖက် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ပါ (သို့မဟုတ်) မိမိကိုယ်ကိုတည်ဆောက်ပါ (ကိုညို)

ရပ်ကွက်တိုင်းမှာ လူထုက ကိုယ့်ဖာသာ ဖွဲ့စည်းထားတဲ့ လုံခြုံရေးနဲ့ အကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့တွေ ဖွဲ့ဖို့ လိုအပ်နေပြီလား။ အဲဒီအခြေအနေရောက်နေပြီလား...။ နေ့ခင်းကြောင်တောင် လူအုပ်စုနဲ့၊ ဆိုင်ကယ်အုပ်စုနဲ့၊ လမ်းမှာတွေ့တဲ့လူတိုင်းကို မဲမဲမြင် အကုန်ရိုက်သတ်တဲ့ခေတ် ရောက်နေပြီကိုး...။

အမှန်တော့ ပြည်သူတွေကို အကြောက်တရားတွေ၊ စိုးရိမ်သောကတွေ၊ သံသယတွေ၊ မယုံကြည်မှုတွေ ဆိုတဲ့ စိတ်ဓာတ်တွေ ရိုက်သွင်းပေးနေတာဖြစ်တယ်။ ဒါမှ အာဏာပိုင်တွေက လူထုကို အလွယ်တကူ ထိမ်းချုပ်နိုင်မှာ၊ အမိန့်ပေးနိုင်မှာဖြစ်တယ်လေ။ လူတွေညီညွတ်ပြီး၊ အစိုးရအပေါ် မကျေနပ်မှုတွေ၊ ဆန့်ကျင်စိတ်တွေ မပေါ်အောင် ဒီနည်းနဲ့ ထိမ်းချုပ်တာဖြစ်တယ်။

အာဏာရှင်ကြီးစိုးတဲ့ နိုင်ငံတိုင်းမှာ ဒီလို ဖြစ်ရပ်တွေ ရှိတယ်။ တောကြောင်တွေမွေးပြီး လူထု စည်းလုံးညီညွတ်မှုကို ဖြိုခွဲနေတာဖြစ်တယ်။ ဒါမှ အစိုးရကို၊ လက်နက်ကိုင်တပ်တွေကို လူတွေက အားကိုးယုံကြည်မှာလေ။ ဗုဒ္ဓခေတ် အိန္ဒိယ ရာဇဝင်မှာ လဇ္ဇဝီတွေရဲ့ ညီညွတ်မှုနဲ့ တည်ဆောက်ထားတဲ့ ဝေသာလီကို ဖြိုခွဲခဲ့တာ ဒီအတိုင်းပဲ။


Sunday, June 22, 2014

အရှုံးထွက်နေတဲ့ ထွက်ပေါက် (ကိုညို)

မွန်းကြပ်မှုရဲ့ ထွက်ပေါက် 

ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းတွေတက်ကြည့်ရင် အများဆုံးလိုလို မြင်ရတတ်တာက အစိုးရနဲ့ အာဏာရှိ အကြီးအကဲတွေ ဝန်ကြီးတွေကိုဝေဖန်တဲ့ သတင်းအတိုအထွာတွေနဲ့ မကြေမနပ် ရင်ဖွင့်ချက်တွေပါ။ ဒါ့အပြင် ဖိုတိုရှော့ပ်နဲ့ ဖန်တီးပြုပြင်ထားတဲ့ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ ဟာသ သရုပ်ဖော်ဓာတ်ပုံတွေ၊ ကာတွန်းနဲ့ ဂရပ်ဖစ်ဒီဇိုင်းပုံတွေ ဖြစ်တယ်။ ဒါတွေဟာ သောကစိတ်နဲ့ မွန်းကြပ်နေသူတွေ၊ မကျေမနပ်ဖြစ်နေသူတွေ၊ အုပ်ချုပ်သူတွေအပေါ် အလိုမကျဖြစ်နေသူတွေရဲ့ တဒင်္ဂစိတ်ထွက်ပေါက်တွေလည်း ဖြစ်တယ်။ 

လူထု အဆုံးအမ

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်ရောက်ခဲ့ရရှာတဲ့ အဖိနှိပ်ခံ ပြည်သူတွေဟာ လွတ်လပ်ပြီး မိမိတို့ စိတ်ကြိုက် လိုရာဘဝဖြစ်မလာတဲ့အခါ အုပ်ချုပ်မင်းလုပ်သူ တာဝန်ရှိသူတွေအပေါ် ငြိုငြင်မုန်းတီးတတ်တာ သဘာဝပါ။ 


Friday, June 20, 2014

တရားရုံးထဲ ခြေကျင်း၊ လက်ထိတ် ဖြုတ်ပေးပါ (ကိုညို)

ဖေ့စ်ဘွတ် သတင်းစာမျက်နှာတွေမှာ ကိုထင်ကျော်ကို ခြေကျင်းဒေါက်ခတ်ရက်နဲ့ တရားရုံးဝင်းထဲ ဆန္ဒပြနေတာမြင်ရတော့ စိတ်အတော်ထိခိုက်တယ်။ လူတယောက်ကို တရားရုံးထုတ်ပြီဆို ခြေကျင်းဒေါက်၊ လက်ထိတ်ခတ်ထားတာတွေ ဖြုတ်ပေးသင့်တယ်။ လူ့ဂုဏ်သိက္ခာကို လေးစားသင့်တယ်။ ကိုထင်ကျော်ဟာ သူခိုး ဂျပိုး မဟုတ်ဘူး။ အများပြည်သူအတွက် မိမိကိုယ်ကျိုးစွန့်ပြီး လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာအတွက် လှုပ်ရှားနေတဲ့ နိုင်ငံရေးသမားဖြစ်တယ်။ 

ကျနော်တို့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာလည်း တရားစွဲခံရတဲ့လူတိုင်းကို တရားရုံးထဲဝင်တာနဲ့ လုံခြုံရေးရဲက လက်ထိတ်ဖြုတ်ပေးတယ်။ အချုပ်အနှောင် မရှိစေရဘူး။ တရားသူကြီးကိုယ်တိုင်လည်း လက်ထိတ်၊ ခြေထိတ်နဲ့ဝင်လာသူကို လက်မခံဘူး။ တရားရင်ဆိုင်နေတဲ့ ပုဂ္ဂိုလ်မှမဟုတ်၊ ရဲလည်း လက်နက်ကိုင်ပြီး တရားရုံးခန်းမထဲ ဝင်ခွင့်မရှိ။ ရုံးတော်ရဲ့ဂုဏ်သိက္ခာကို ပမာမခန့်မပြုရဘူး။ ဒါ ကိုယ်တွေ့မို့ ပြောတာ...။ 


Wednesday, June 11, 2014

အိန္ဒိယက မြန်မာ့ဒီမိုကရေစီခံတပ်ကြီး အန်ကယ်လ် ဂျော့ခ်ျ (ကိုညို)

ကျနော်တို့ သူ့ကို စတွေ့ဖူးတာ ၁၉၉၂ ပြည်ထောင်စုနေ့က ဖြစ်လိမ့်မယ်။ ကျနော်တို့ မြန်မာကျောင်းသားလူငယ်တွေ နယူးဒေလီကိုရောက်လာတာ လအနည်းငယ်အကြာ မြန်မာသံရုံးရှေ့မှာ သူကိုယ်တိုင် ဦးဆောင်လှုံ့ဆော်ကျင်းပတဲ့ မြန်မာ့အရေးဆန္ဒပြပွဲမှာပါ။ အသားလတ်လတ်၊ အရပ်မြင့်မြင့် မျက်မှန်တပ်ထားပြီး မဖီးမသင် ပွယောင်းယောင်းဆံပင်နဲ့ သူ့ဟန်ပန်ဟာ သာမန်အရပ်သားတယောက်နဲ့ ဘာမှမကွာခြားပါ။ သူအမြဲလိုလို ဝတ်ဆင်လေ့ရှိတဲ့ ပြည်တွင်းဖြစ် ရိုးရာပင်နီရောင် ချည်ထည်အင်္ကျီတိုနံ့နံ့၊ ချည်ဘောင်းဘီရှည်ဖြူ  (Kurta Pajama) ဝတ်စကလည်း သူ့ရဲ့ စိတ်သဘောထား ရိုးသားဖြူစင်မှုကို ညွှန်းပြနေတယ်။ 

သူ့ဟန်ပန်က မိန့်ခွန်းပြောရင် အစပိုင်းတော့ လေသံအေးအေး ငြင်ငြင်သာသာ၊ နောက်တော့ အသံပြင်းလာပြီး အချက်ကျကျနဲ့ လက်သီးလက်မောင်းတွေတန်းပြီး မာန်ပါပါပြောတယ်။ အဲဒီတုန်းက သူက ဖမ်းဆီးထားတဲ့နိုင်ငံရေးသမား၊ ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာအမြန်လွှဲပြီး စစ်တပ်က စစ်တန်းလျှားပြန်ဖို့ အိန္ဒိယပြည်သူတွေက အပြင်းအထန် လိုလားနေတယ်လို့ ပြောသွားတာ မှတ်မိနေသေးတယ်။ သူ့နာမည် အပြည့်အစုံက ဂျော့ခ်ဖာနန်ဒေ့စ် (Georg Fandenesh) ဖြစ်ပြီး ကျနော်တို့ မြန်မာတွေက အန်ကယ်လ်ဂျော့ခ်ျလို့ ခေါ်လေ့ရှိတယ်။ သူဟာ မြန်မာ့ဒီမိုကရေစီအရေးမှာ အိန္ဒိယက ဘယ်ဝန်ကြီး၊ ဘယ်နိုင်ငံရေးသမားနဲ့မှမတူ အစွမ်းကုန် တက်ကြွလှုပ်ရှားဆောင်ရွက်တတ်သူ၊ မြန်မာတွေဘက်က အမြဲရပ်တည် အကာအကွယ်ပေးသူ၊ အိန္ဒိယက မြန်မာ့ဒီမိုကရေစီခံတပ်ကြီးဖြစ်တယ်။