လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ယောက် စာသင်ခန်းရှေ့မှာ ဘွားခနဲ ပေါ်လာပြီး ဆရာမ ဧည့်သည် ရောက်နေတယ်
ဟု ပြောလာတော့ သင်ခန်းစာထဲ စိတ်ဝင်စားနေချိန်မို့ ဘယ်သူမှန်း မသိသေးသော ဧည့်သည်ဆိုသူအပေါ် ငြိုငြင်စိတ်ပင်ဝင်သွားမိသည်။ ကလေးတွေကို မြန်မာစာ သဒ္ဒါ လေ့ကျင့်ခန်းတချို့ လုပ်ခိုင်းထားပြီး ဧည့်သည် ဆရာ ဆရာမများ နားနေခန်းဆီ ထွက်ခဲ့သည်။
ဧည့်သည်ဆိုသူက မြင့်မြင့်စန်း အမေ ထင်ပါရဲ့။ တမြန်နေ့က ချောင်းထဲမှာ ရေချိုးနေရင်း မြင့်မြင့်စန်းအမေ လှေလှော်လာတာတွေ့တော့ အတန်းထဲမှာ ခဏခဏ မူးလဲသော မြင့်မြင့်စန်း၏ ကျန်းမာရေးကိစ္စ ဆွေးနွေးရအောင် ကျွန်မနဲ့ လာတွေ့ပါဦးဟု ပြောမိသည်။ တကယ်တော့ မြင့်မြင့်စန်း အမေက နေ့လယ် ကျောင်းဆင်းချိန်လိုမျိုး လာရမှာ။ အဲဒါဆို စာသင် မပျက်တော့ဘူးပေါ့။
ဆရာ ဆရာမများ နားနေခန်း ဝင်ပေါက်မရောက်ခင်လေးမှာ လှမ်းမြင်လိုက်ရသော မြင်ကွင်းတစွန်းတစလေးက ဖြူဖြူ့ခြေလှမ်းတွေကို တုန့်ခနဲ ရပ်သွားစေသည်။
နားထဲမှာပါ ဆူညံလာအောင် ရင်ခုန်သံတွေကို မြန်လာစေသည်။ ပါးစပ်ကို လက်ဝါးနှင့်အုပ်ရင်း ခြေစုံရပ်နေမိပေမယ့် ဒူးတွေ တဆတ်ဆတ်တုန်နေသည်။ နားနေခန်း ပြတင်းပေါက်ဘေးမှာရပ်၍ ရေတွေ ဖွေးဖွေးလှုပ်နေသော ကျောင်းရှေ့ မြင်ကွင်းကိုငေးကြည့်နေ သူ၏ နောက်ကျောကိုသာ လှမ်းမြင်လိုက်ရပေမယ့် အဲဒီ လူက ဖိုးသိုက် ဆိုတာ သူမ သိလိုက်သည်။ မဖြစ်နိုင်ဘူး ထင်ပါရဲ့။ ဖြူစိတ် စွဲလို့များလား။ ကမ္ဘာတစ်ခြမ်းစာ ဝေးခဲ့ပြီးသားသူက ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာဖို့ဆိုတာ ရုပ်ရှင်ဆန်လိုက်တာ။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
7 months ago
