Showing posts with label ခင်မမမျိုး. Show all posts
Showing posts with label ခင်မမမျိုး. Show all posts

Sunday, March 29, 2015

ယမမင်း တိုင်းပြည် (ခင်မမမျိုး)

မတ်လ ၂၅ ရက်နေ့၊ ၂၀၁၅
လက်ပံတန်းတရားရုံး

သာယာဝတီထောင်က ထွက်လာတဲ့ ယာဉ်တန်းတွေနောက်လိုက်ရင်း လက်ပံတန်းတရားရုံးကို သွားဖြစ်ခဲ့ကြပါတယ်။ လက်ပံတန်းတရားရုံးရှေ့မှာတင် စိတ်မကောင်းစရာ မြင်ကွင်းတွေက ဆီးကြိုနေတော့တာပါပဲ။ တရားရုံးဝင်ပေါက်ရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တားဆီးထားကြတယ်။

ရဲတွေရှေ့မှာတော့ ငိုယိုနေကြသူတွေ။ တယောက်က ငိုရင်း ပြောတယ်။ မတရားမလုပ်ကြပါနဲ့တဲ့။ ဘာဖြစ်နေတာလဲလို့ သွားမေးတော့ ဖမ်းဆီးခံထားရတဲ့ မိဘတွေကို ဝင်ခွင့်မပြုလို့တဲ့။ အဝေးကြီးက လာရတာပါ။ သမီးလေးကို တွေ့ချင်လို့ပါဆိုတဲ့ မိခင်တယောက်ကို ကူညီဖေးမပေးရင်း၊ ကိုယ်တိုင်မျက်ရည်တွေ စီးကျလာတာကို သတိရလိုက်မိတယ်။ ရက်စက်လိုက်ကြတာ။ ယမမင်းတိုင်းပြည်များ ဖြစ်နေလေရော့သလား။


Wednesday, March 4, 2015

အစာငတ်ခံ ဆန္ဒပြခြင်း (ခင်မမမျိုး)

ဒီနေ့တနေ့လုံး အစာငတ်ခံ ဆန္ဒပြတာနဲ့ပတ်သက်ပြီး ငါ စဉ်းစားနေခဲ့တယ်။ လူအများက ခန္ဓာကိုယ်အကြောင်းကို အပြောများကြတယ်။ ဒါပေမယ့် မယုံကြည်ကြဘူး 

ဘော်ဘီဆဲင်ဒ် (၁၉၈၁ ခုနှစ်) 

၁၉၈၁ ခုနှစ်က အိုင်ယာလန်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲကြီးဟာ အိုင်ယာလန် နိုင်ငံရေးသမိုင်းမှာ မှတ်တိုင်ကြီးတခု ဖြစ်သွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ ရီပတ်ပလင်ကန် အကျဉ်းသား ဘော်ဘီဆဲင်ဒ် အပါအဝင် အကျဉ်းသား ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ဒီအစာငတ်ခံဆန္ဒပြပွဲနဲ့ ထောင်တွင်းတိုက်ပွဲတွေဟာ ဗြိတိသျှ အစိုးရရဲ့ အကျဉ်းထောင်ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပြီး မြောက်ပိုင်းအိုင်ယာလန်ရဲ့ နိုင်ငံရေးအခြေအနေကို ကမ္ဘာကို မီးထောင်ထိုးပြခဲ့ပါတယ်။ အစာငတ်ခံဆန္ဒပြပွဲမှာ အဓိကသုံးခဲ့ကြတဲ့ လက်နက်ကတော့ လူ့ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်။ 

လူ့ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုခြင်း (The body as a weapon) ဆိုတဲ့ သဘောတရားဟာ နိုင်ငံရေး အန်တုမှု (political defiance) နဲ့ လူမှုဗေဒ (sociology)၊ မနုဿဗေဒ (anthropology) ဘာသာရပ် စတာတွေမှာ အရေးကြီးတဲ့ သဘောတရားတရပ်ဖြစ်ပြီး အစာငတ်ခံ ဆန္ဒပြခြင်းကနေ အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်းအထိ အကျုံးဝင်ပါတယ်။ အသေခံဗုံးခွဲ တိုက်ခိုက်မှုမှာတော့ ပြည်သူလူထုအကြားမှာ ဗုံးခွဲမှုတွေက အကြမ်းဖက်မှု (Terrorism) ဖြစ်ပြီး၊ တဖက်ရန်သူရဲ့ပစ်မှတ်ကို ချေမှုန်းတာကတော့ လက်နက်ကိုင် တော်လှန်ရေး (Armed Struggle) ဖြစ်တဲ့အတွက် ဒီဆောင်းပါးမှာ ထည့်သွင်းဆွေးနွေးခြင်း မပြုပါဘူး။ အကြမ်းမဖက် တိုက်ပွဲနည်းနာတခုဖြစ်တဲ့ အစာငတ်ခံ ဆန္ဒပြခြင်းကိုပဲ သီးခြား ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။ 


Tuesday, February 24, 2015

တရားဥပဒေစိုးမိုးရေး ဆိုရာဝယ် (ခင်မမမျိုး)

တရားဥပဒေစိုးမိုးရေးဆိုတဲ့ သဘောတရားဟာ တစတစနဲ့ နိုင်ငံလုံးဆိုင်ရာနဲ့ နိုင်ငံတကာဆိုင်ရာ သဘောတရားတခုအဆင့်ကို တိုးမြင့်ရောက်ရှိလာခဲ့ပါတယ်။ ဒီသဘောတရားကို ကမ္ဘာတဝှမ်းက ပြည်သူလူထု၊ အစိုးရများနဲ့ အဖွဲ့အစည်းများက လက်ခံကျင့်သုံးလာကြပါတယ်။ နိုင်ငံများရဲ့ နိုင်ငံရေးစနစ်နဲ့ ဥပဒေရေးရာ စနစ်များရဲ့ အခြေခံအုတ်မြစ်အဖြစ်လည်း ယူဆလာကြပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ လိုအပ်ချက်တရပ်အဖြစ်လည်း အသိအမှတ်ပြုလာကြပါတယ်။ 

၂၀၀၅ ခုနှစ်မှာကျင်းပတဲ့ ကမ္ဘာ့ညီလာခံမှာ တရားဥပဒေစိုးမိုးရေးကို နိုင်ငံအဆင့်နဲ့ ကမ္ဘာ့အဆင့်တွေမှာ အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံအကြီးအကဲများစွာက အသိအမှတ်ပြုခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဆုံးဖြတ်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂက အသိအမှတ်ပြုခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့်ဆိုင်ရာ အဆင့်မြင့်အရာရှိများ တက်ရောက်တဲ့ ညီလာခံများကျင်းပဖို့ ကမ္ဘာ့ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ 


Friday, July 25, 2014

နှောင်းနောင်တ (ခင်မမမျိုး)

အာဇာနည်နေ့။ 

အာဇာနည်ခေါင်းဆောင်ကြီးများကို စိတ်ထဲက ရည်စူးအလေးပြုပြီးချိန်မှာ အင်တာနက်ဝပ်ဘ်ဆိုက်တွေမှာ တင်ထားတဲ့ “အာဇာနည်နေ့၊ ဒို့မမေ့”ဆိုတဲ့ သီချင်းလေးကို ပြန်နားထောင်လိုက်မိပါတယ်။ ဒီလိုနဲ့ သီချင်းနားထောင်နေရင်း စိတ်ထဲမှာ အရင်တုန်းကတည်းက မတင်မကျဖြစ်ခဲ့ဖူးတဲ့ အတွေးလေးတခုက ပြန်ပေါ်လာပါတယ်။ ဗိုလ်ချုပ်တို့ကျဆုံးပြီးချိန်မှာ ဗိုလ်ချုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေက “ဒီလို လုပ်ကြံမှုကြီးရဲ့ ခြေလှမ်းတွေကို ငါတို့တတွေ သတိမထားမိလေခြင်း၊ ဗိုလ်ချုပ်တို့လို ခေါင်းဆောင်ကြီးတွေကို မကာကွယ်လိုက်နိုင်လေခြင်း”လို့ ယူကြုံးမရဖြစ်ခဲ့ကြမှာ အသေအချာပါပဲ။ 

သမိုင်းအချက်အလက်တွေကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်တို့လုပ်ကြံခံရမှုကြီး မဖြစ်ပွားခင်မှာ လုံခြုံရေး ရှုထောင့်အရ ထည့်သွင်းစဉ်းစားစရာတွေဖြစ်တဲ့ pre- incident indicators တွေ ရှိနေခဲ့ပါတယ်။ ကြိုတင်စီစဉ်ထားတဲ့ ရာဇဝတ်မှုခင်းတွေ၊ လုပ်ကြံမှုတွေတိုင်းမှာ မှုခင်းမဖြစ်ပွားမီကတည်းက အန္တရာယ် အချက်ပြမီးတွေလို့ဆိုနိုင်တဲ့ group-related indicators, target-related indicators နဲ့ incident-related indicators တွေ ပေါ်ထွက်လေ့ရှိပါတယ်။ ဒီလို ပေါ်ထွက်လာပြီးမှ ရာဇဝတ်မှုခင်းတွေနဲ့ လုပ်ကြံမှုတွေ အောင်မြင်သွားခြင်းကတော့ ရလာတဲ့ သတင်းအချက်အလက်တွေကို အမှုမဲ့ အမှတ်မဲ့နေခြင်း၊ ရန်သူဘက်ကို အထင်သေးခြင်းနဲ့ မိမိဘက်ကို အထင်ကြီးခြင်းတို့ပဲ ဖြစ်ပါတယ်။ 


Tuesday, June 24, 2014

ပြည်ထောင်စု မပြိုကွဲရေး ဆိုရာဝယ် (ခင်မမမျိုး)

ပြည်ထောင်စု မပြိုကွဲရေး .......................................... ဒို့အရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး .................. ဒို့အရေး 
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ......................... ဒို့အရေး 

ဆိုတဲ့ စာတမ်းတွေကို မြို့အနှံ့၊ နယ်အနှံ့မှာ ဆိုင်းဘုတ်တင်ထားတာတွေ၊ တိုင်း၊ တပ်မ၊ တပ်ရင်းနဲ့ အစိုးရ ဌာနဆိုင်ရာအသီးသီးမှာ ဆိုင်းဘုတ်တင် ချိတ်ဆွဲထားတာတွေ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ဖျော်ဖြေရေး မီဒီယာတွေမှာ ထည့်သွင်းထားတာတွေကို ကျွန်ုပ်တို့အားလုံး တွေ့မြင်နေကြရပါတယ်။ နိုင်ငံတော်မူဝါဒဖြစ်တဲ့ ဒီစကားလုံးတွေဟာ စကားလုံး အနှစ်သာရအနေနဲ့ကြည့်မယ်ဆိုရင် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒီမူဝါဒတွေကို အမှန်တကယ် ကျင့်သုံးနိုင်ခဲ့ခြင်းရှိပါသလားဆိုတာကို လေ့လာဆန်းစစ်ရန် လိုအပ်လာပါတယ်။ 


Tuesday, May 20, 2014

မြန်မာနိုင်ငံနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (ခင်မမမျိုး)

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာကြီး ရှိနေသည်။ ရှိခဲ့သည်မှာလည်းကြာပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟူသည် နိုင်ငံတခု၏ တည်ထောင်ရာ အုတ်မြစ်။ အုတ်မြစ်က အစ ပြဿနာဖြစ်နေတော့ မည်သည့် နိုင်ငံရေးအဆောက်အအုံမှ ခိုင်ခိုင်မာမာ တည်ဆောက်၍မရဘဲ ဖြစ်လာတော့သည်။

အဆိုပါ ပြဿနာကြီးက ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့သည်။ တဦးချင်းအခွင့်အရေးနှင့် အုပ်စုလိုက် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှုများ အားနည်းခဲ့သောကြောင့် ပြည်သူအများမှာ ဆင်းရဲတွင်းသို့ နစ်ခဲ့ရသည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူထုလူတန်းစား အလွှာအသီးသီးတို့၏ ဘဝပေါင်းများစွာ ထိခိုက်နစ်နာခဲ့ရသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးခဲ့ရသည်။

တရားခံသည်ကား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ အုတ်မြစ်မမှန်မှုကြောင့် ခေါင်းထောင်ထလာသည့် စစ်အာဏာရှင်စနစ်။


Saturday, May 10, 2014

ဘီလူးရုပ်ရှင်၊ ရေခဲထုပ်နှင့် မြင်းလှည်းစီး ခရီးသည် (ခင်မမမျိုး)

ဆောင်းပါး ခေါင်းစဉ်လေးကိုကြည့်ပြီး ဘာတွေပါလိမ့်လို့ တွေးနေကြမလားပဲ။ တကယ်ကတော့ ခရီးတခုသွားရင်း တွေ့ကြုံခဲ့ရတာလေးတွေရဲ့ ခေါင်းစီးလေးတွေကို ပေါင်းစပ်ထားတာပါ။ 

ခရီးတွေ အများကြီးသွားဖြစ်ခဲ့ပေမယ့် ဒီဆောင်းပါးနဲ့ပတ်သက်နေတဲ့ ၄၈ နာရီ ခရီးလောက် ပင်ပန်းတာမရှိခဲ့သလို၊ လမ်းပေါ်က သင်ခန်းစာတွေ အများအပြားရစေခဲ့တဲ့ ခရီးလေးလို့ဆိုရင်လည်း မမှားပါဘူး။ 

ဧပြီလ ၁၉ ရက်နေ့မှာ လားရှိုးမှာ သင်တန်းတခု ပေးဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့ညမှာကကျတော့ သံတောင်ကြီးမှာ ပရိသတ် ၂၀၀၀ ကျော်နဲ့ကျင်းပမယ့် အမျိုးသမီးများကို မဲပေးစို့ ဆိုတဲ့ ကင်ပိန်းကလည်း ရှိပါတယ်။ သွားရမယ့်နေရာတွေကို ဖိတ်ကြားချက်များရှိလာရင် နှစ်လ၊ သုံးလလောက် ကြိုတင်ပြီး ရက်ပေးစီစဉ်လေ့ရှိပေမယ့် ဒီတခေါက်မှာတော့ လားရှိုးခရီးစဉ်က ကြားဖြတ်ဝင်လာတာကြောင့် ကြိုတင်စီစဉ်မှုအပိုင်းတွေမှာ အားနည်းသွားပါတယ်။ 


Thursday, March 27, 2014

တပ်မတော်နေ့လော၊ တော်လှန်ရေးနေ့လော ... ...(ခင်မမမျိုး)

မတ်လ ၂၇ ရက်နေ့။

ပြည်လုံးကျွတ် ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲခဲ့တဲ့နေ့။

ဒီနေ့ကို အစိုးရအချို့က တပ်မတော်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ စာရေးသူကိုယ်တိုင်လည်း မြန်မာ့နိုင်ငံရေးသမိုင်းကို သမိုင်းနောက်ခံကားချပ်တွေနဲ့ ဆက်စပ်လေ့လာခြင်း မပြုလုပ်နိုင်ခင်ကာလက တပ်မတော်နေ့အဖြစ်သာ သတ်မှတ် လက်ခံထားခဲ့ပါတယ်။ မတ်လ ၂၇ ရက်နေ့၊ တပ်မတော်နေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ စတာတွေမှာလည်း အလယ်တန်း၊ အထက်တန်း ကျောင်းသူအနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။

သို့ပေမယ့် အချိန်တန် အရွယ်ရောက်လာပြီး၊ ကျောင်းသုံးစာအုပ်တွေနဲ့ အစိုးရသတင်းစာတွေထဲက သမိုင်းတွေကိုသာမက သက်ရှိ သမိုင်းအဘိဓာန်ကြီးများနဲ့ သမိုင်းသုတေသနစာအုပ်တွေကို ဖတ်မိလာချိန်မှာတော့ မတ်လ ၂၇ ရက်ကို တပ်မတော်နေ့အဖြစ် မဟုတ်ဘဲ တော်လှန်ရေးနေ့အဖြစ်သာ သတ်မှတ်လက်ခံလာမိပါတော့တယ်။ ဒီလိုသတ်မှတ်လာရခြင်းဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အစိုးရ၊ နိုင်ငံရေးပါတီ စတာတွေအပေါ်မှာ အခြေခံထားခြင်းမရှိဘဲ၊ သမိုင်းဖြစ်ရပ်မှန် အချက်အလက်များအပေါ်မှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနဲ့ လေ့လာဆန်းစစ်ပြီးမှ သဘာဝကျကျ ရှုမြင်သုံးသပ်ထားချက်သာ ဖြစ်ပါတယ်။


Sunday, January 12, 2014

ဘာကြောင့် တောင်းစားသူတွေ များနေတာလဲ (ခင်မမမျိုး)

သူတို့ကို လူအများက သူတောင်းစားတွေလို့ ခေါ်ကြတယ်။ အများခေါ်နေတာ ဖြစ်ပေမယ့် ဘာကြောင့်လဲ မသိ၊ ကျွန်မ နားထဲမှာ ရင့်သီးသလိုပဲ။ ဒါကြောင့် တောင်းစားသူတွေလို့ပဲ သုံးနှုန်းချင်ပါတယ်။ 

ဒီနေ့ညနေတုန်းက လမ်းမပေါ်မှာ တောင်းနေတဲ့ မိသားစုလေးတခုတွေ့တယ်။ အမျိုးသမီးတယောက်၊ ကလေးနှစ်ယောက်နဲ့ ရင်ခွင်ပိုက် ကလေးလေး။ 

အမျိုးသမီးပုံက ခါတိုင်းတွေ့နေကျ တောင်းစားသူတွေပုံ မဟုတ်ဘူး။ မျက်စိသူငယ်၊ နားသူငယ်နဲ့။ ဒါနဲ့ သေချာမေးမိတော့ သူက တောင်းစားဖူးသူ မဟုတ်ဘူး။ 

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ရွာလေးတရွာက။ လယ်အလုပ်မကောင်းလို့ ယောက်ျားက မြို့တက်အလုပ်လုပ်တယ်။ နောက်တော့ မြို့မှာ မိန်းမ ထပ်ယူတယ်။ ကောင်မလေးက ကလေးတွေ လက်ဆွဲလိုက်လာရှာတယ်။ တာဝန်မယူဘူး။ လက်မခံဘူး။ 


Wednesday, July 17, 2013

ထန်းတပင်ရွာမှ အပြန် (ခင်မမမျိုး)

လက်က တဆစ်ဆစ်ကိုက်နေတယ်။ 

အဖျားရှိန်ကြောင့် မျက်လုံးတွေပူပြီး ခေါင်းတွေ မူးနောက်နေတယ်။ 

ချော်လဲထားတဲ့အရှိန်နဲ့ ကိုယ်ခန္ဓာဘယ်ဘက်တခြမ်း အောင့်နေတယ်။ 

ဒါပေမယ့် စာရေးလိုစိတ်ဆန္ဒကို ကျွန်မ ထိန်းလို့မရဘူး။ 

 အဖြစ်က ဒီလိုပါ။ 

ဒီနေ့ ဒဂုံဘက်က သီလရှင်သင်ပညာရေးကျောင်းတခုကို သြစတြေးလျနိုင်ငံ၊ တက္ကသိုလ်တခုမှ ဆရာမတဦး ခေါ်သွားပြီး လိုအပ်တာတွေ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးဖို့ needs assessment သွားလုပ်ဖြစ်ကြတယ်။ အဲဒီမှာ ကလေးတွေရဲ့ ပညာသင်ယူရတဲ့ ဘဝအခြေအနေလေးတွေကိုလေ့လာမိရာက ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေရဲ့ ပညာရေးကိုပါ ထည့်သွင်းဆွေးနွေးမိသွားကြတယ်။ 

ဒါနဲ့ပဲ ပါလာတဲ့ ဆရာမတယောက်က လှည်းကူးဘက်မှာ အကောင်အထည်ဖော်နေတဲ့ ကျောင်းပြင်ပကလေးတွေကို ပညာသင်ကြားပေးရေး စီမံချက်တခုကို လိုက်ပြပေးမယ်လို့ အကြံပြုလာတယ်။ ပညာရေးနဲ့ပတ်သက်ရင် လေ့လာလိုစိတ်ရှိသူတို့ရဲ့ထုံးစံအတိုင်း ဘယ်သူငြင်းကြပါ့မလဲ။ 


Saturday, July 13, 2013

ပလက်ဖောင်းပေါ်က အတွေးစများ (ခင်မမမျိုး)

မန်မာပြည်ပြန်ရောက်ပြီး သုံးရက်လောက်မှာ မိသားစု၊ ဆွေမျိုးနဲ့ မိတ်ဆွေများက လိုက်ပါပို့ဆောင်ပေးတဲ့ နေရာတွေကိုသွားရင်း ပလက်ဖောင်းကိစ္စကို စပြီး သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် ပလက်ဖောင်းပေါ်ကို ခြေမချရသေးတာကြောင့် အမြင်နဲ့ မရေးသင့်ဘူးထင်လို့ စာမရေးဖြစ်ခဲ့ပါဘူး။ ဒီနေ့တော့ အနားယူမယ်ဆိုပြီး ချိန်းဆိုထားမှုတွေ မလုပ်ထားတာကြောင့် အေးအေးဆေးဆေး ပတ်ဝန်းကျင်ကို လေ့လာခွင့်ရသွားခဲ့ပါတယ်။ 

ပထမဆုံးအနေနဲ့ နေထိုင်ရာဝန်းကျင်ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်က ပလက်ဖောင်းပေါ်ကို စတင်ခြေချဖြစ်ပါတယ်။ အဲဒီမှာတင် အင်မတန်ထူးဆန်းတဲ့ ကိစ္စတွေကို တွေ့ရတော့တာပါပဲ။ လူသွားစင်္ကြန်ဆိုတဲ့ ပလက်ဖောင်းပေါ်မှာ ကားတွေက အစီအရီ တက်ရပ်ထားကြပါတယ်။ တချို့နေရာများဆိုရင် ကားသုံးစီးကပ်ပြီး ရပ်ထားတာကြောင့် လူက လမ်းမကြီးပေါ် လမ်းဆင်းလျှောက်ရပါတယ်။ 

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မီးစက်ကြီးများကလည်း ပလက်ဖောင်းနေရာကို အပြည့်အဝ နေရာယူထားပါတယ်။ ဒီကြားထဲ ဆောက်လက်စ ဆောက်လုပ်ရေး လုပ်ငန်းခွင်များကလည်း ပလက်ဖောင်းပေါ်က ဖြတ်သန်းသွားလာသူများရဲ့ လုံခြုံရေးအတွက် အကာအရံများ ထားရှိဖို့နေနေသာသာ၊ သဲတွေ၊ ကျောက်တွေကိုတောင် ပလက်ဖောင်းပေါ် ပုံထားလိုက်ကြသေး။ 


Wednesday, June 26, 2013

ဘဝစာမျက်နှာသစ် (ခင်မမမျိုး)

၂၀၁၂ ခုနှစ်မှာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေ စတင်လာခဲ့ပါတယ်။ ဒီလိုစတင်လာချိန်ကစပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးသမားများကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ လွှတ်တော်တွင်း နိုင်ငံရေးသမား၊ နိုင်ငံရေးမီဒီယာ စသဖြင့် ရွေးချယ်မှုများ ပြုလုပ်ပြီး နိုင်ငံရေးခရီးကို ရှေ့ဆက်လှမ်းကြပါတယ်။ 

အချို့ကတော့ နိုင်ငံရေးလှုပ်ရှားမှုကိုရပ်ဆိုင်းပြီး လူမှုရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆက်လုပ်ကြပါတယ်။ အချို့ကတော့ ပြည်ပမှာ အခြေစိုက်ပြီး နိုင်ငံရေးအပြောင်းအလဲကို အွန်လိုင်းကနေ ဆန့်ကျင်ဝေဖန်မှုတွေ ဆက်လက် ပြုလုပ်ကြပါတယ်။ 

ဒီလိုအခြေအနေမှာ ကျွန်မအတွက်လည်း ဘယ်လမ်းကို ဆက်လျှောက်မလဲဆိုတဲ့ မေးခွန်းတခုကို ကိုယ့်ဘာသာကိုယ် စတင်မေးမြန်းလာခဲ့ပါတယ်။ 


Wednesday, June 12, 2013

ဆူးထွင်းအပ် (ခင်မမမျိုး)

တခါတရံမှာ လူတဦးတယောက်ကို အခြားလူတယောက်က တမင်တကာပဲဖြစ်ဖြစ်၊ အမှုမဲ့ အမှတ်မဲ့ပဲဖြစ်ဖြစ်၊ စေတနာနဲ့ပဲဖြစ်ဖြစ် ပြုမူဆက်ဆံပြောဆိုမှုလေးတွေဟာ တဖက်သားရဲ့ရင်ထဲမှာ ဆူးစူးသလို ဒဏ်ရာအနာတရလေးတွေ ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် လူကြီးမိဘ၊ ဆရာသမားတွေရဲ့ ပဲ့ပြင်ဆုံးမမှုတွေကို ကလေးငယ်တွေက မတရားဘူးလို့ လက်ခံသွားမိတဲ့အခါ ဒီကလေးငယ်တွေရဲ့ နုနယ်တဲ့ နှလုံးသားတွေမှာ ဆူးလေးတွေ စိုက်ဝင်သွားတတ်ကြပါတယ်။ ပဲ့ပြင်ဆုံးမမှုဆိုတာမှာ စေတနာနှင့် အကျိုးကိုမျှော်ပြီး ဆုံးမကြတာများပေမယ့် တခါတရံမှာ ဒေါသအလျောက် လက်လွန်ခြေလွန် ဖြစ်သွားတတ်တာတွေ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူတယောက်ဟာ ထိခိုက်နာကျင် ခံစားရပြီဆိုရင် မတရားမှု (injustice) ရဲ့ အရိပ်အငွေ့လေးတွေက သူ့အာရုံကို လွှမ်းမိုးလာတတ်ပါတယ်။ အဲဒါကို injustice gap လို့ ပညာရှင်များက သတ်မှတ်ကြပါတယ်။ အဲဒီ injustice gap က ကြီးထွားရင် ခွင့်လွှတ်နိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒီထက်ပိုဆိုးတာက negative emotions တွေ ထွက်ပေါ်လာတတ်ပါတယ်။ ခံပြင်းစိတ်၊ လက်စားချေလိုစိတ်၊ အရွဲ့တိုက်လိုစိတ် စတာတွေ ဖြစ်လာတတ်ပါတယ်။ အနည်းဆုံးတော့ တိုက်ဆိုင်မှုတွေရှိလာတဲ့အခါ စိုက်ဝင်နေတဲ့ ဆူးလေးကြောင့် တနုံ့နုံ့ ခံစားရတတ်ပါတယ်။


Sunday, May 12, 2013

ပုန်းတမ်းရှာတမ်း ကစားခြင်း (ခင်မမျိုး)

ကျွန်မတို့ငယ်ငယ်တုန်းက တူတူပုန်းတမ်းကစားကြတဲ့အခါ ပုန်းနေသူက အသံပေးရပြီး လိုက်ရှာသူက တူတူ အသံပေးရာကို လိုက်ရှာရပါတယ်။ တခါတရံကျတော့လည်း ပုန်းနေသူက လေးငါးယောက်၊ လိုက်ရှာသူက တယောက်ဖြစ်ပြီး အရင်ဆုံးမိတဲ့သူက တခါပြန်ပြီး လိုက်ရှာသူ ဖြစ်သွားပါတယ်။ ဒါက ကလေးဘဝ ကစားကြတဲ့အခါတုန်းကပါ။ 

လူကြီးဘဝမှာ ဂိမ်းတွေကစားကြတဲ့အခါကျတော့ ပုန်းတမ်းရှာတမ်း ကစားရတာက တူတူပုန်းတမ်း ကစားသလောက် မလွယ်ကူတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပုန်းနေသူက အသံပေးရတာ မဟုတ်ဘဲ၊ ရှာဖွေသူကသာ ပုန်းနေသူရဲ့ သဲလွန်စကို ဉာဏ်လွှာပြီး လိုက်ရှာကြရတာကြောင့်ပါ။ 

လူတစ်ယောက် (သို့မဟုတ်) အင်စတီကျူးရှင်းတစ်ခုရဲ့ လုပ်ဆောင်ချက်တွေဟာ အခြားလူတစ်ယောက် (သို့မဟုတ်) အခြားအက်စတီကျူးရှင်းတခုရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာ အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ရှိနေမယ်ဆိုရင် ဒီလူနှစ်ယောက် (သို့မဟုတ်) အင်စတီကျူးရှင်းနှစ်ရပ်အကြားမှာ မဟာဗျူဟာအရ အပြန်အလှန် မှီခိုဆက်စပ်မှု (strategic interdependence) ဖြစ်တည်နေပြီလို့ ဆိုနိုင်ပါတယ်။ 


Monday, May 6, 2013

ပြန်လည် ဆုံဆည်းကြရာဝယ် (ခင်မမမျိုး)

(၁) 

အချိန်က ၁၉၉၇ ခုနှစ်၊နရာက ဆူးလေဘုရားအနီးမှာပါ။ 

ဒီတုန်းက ရန်ကုန်မှာ ကွန်ပျူတာသင်တန်းတက်ရင်း စာတိုပေစလေးတွေ ရေးဖြစ်ခဲ့ပါတယ်။ စာစောင်တခုမှာ လစဉ်ရေးခွင့်ရတာကြောင့် ရေးထားတဲ့စာမူလေးတွေကို ဆူးလေဘုရားအနီးက လမ်းဘေးလက်နှိပ်စက်ရိုက်တဲ့ အစ်မကီးတွေဆီမှာ လက်နှိပ်စက်ရိက်ခိုင်းပီး စာပေတိုက်ကို သွားပို့နေကျပါ။ပီးတဲ့အခါ စာပေတိုက်က မိတ်ဆွေများနဲ လက်ဖက်ရည်သောက်ရင်းစကားပြောပီး ဆူးလေ-ပန်းဆိုးတန်းတဝိုက်က စာအုပ်အဟောင်းဆိုင်တွေမှာ စာအုပ်မွှေ၊ အဟောင်းဆိုင်က ဦးလေးကီးများနဲစကားပြောနတ်ဆက်ပီးမှ အိမ်ကို ပြန်လေ့ရှိပါတယ်။ 

ဒီလိုနဲတနေ့တော့ ဆူးလေဘုရားအနီးမှာ သီလရှင်အိုကီးတပါးနဲသက်တော်ဆယ်နှစ်ကျော်လောက်ပဲရှိမယ့် သီလရှင်ဆရာလေးတပါးတိုလမ်းကူးဖို ခဲယဉ်းနေတာတွရပါတယ်။ လူကူးမျဉ်းကြားနေရာလည်းမဟုတ်လေတော့ လမ်းပေါ်ခြေလှမ်းတိုးလိုက်၊ ကားတွေကလည်းလာလိုက် (ရန်ကုန်မှာက လူကူးမျဉ်းကြားမှာတောင် ကားနဲလူ အပိုင်လုကြရတာပါ)၊ ခြေလှမ်းနောက်ဆုတ်လိုက်ဖြစ်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဆရာလေးတိုကို မျဉ်းကြားရှိရာခေါ်သွားပီး လမ်းကူးပေးရင်း အကျိုးအကြောင်းလျှောက်ထားတော့ နယ်ကနေ ရန်ကုန်တက်လာကြတာမှန်း သိရပါတယ်။ မသွားတတ်၊ မလာတတ်နဲဘုန်းကီးကျောင်းတကျောင်းကိုသွားဖို ဘတ်စ်ကားတွေကို လိုက်မေးနေကြတာပါ။ ဒါနဲပဲ အဲဒီနေက ထုတ်လာတဲ့ စာမူခလေးနဲတည်းခိုရာကို တက္ကစီလေးငှားပေးလိုက်ပါတယ်။သွားရင်းလာရင်း ဒီလိုအဖြစ်လေးတွေက ကြုံတတ်တာကြောင့် နောက်ပိုင်းကျတော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ 


Tuesday, April 30, 2013

ကျွန်မ ရောက်ဖူးချင်သော နေရာတခု (ခင်မမမျိုး)

လူတွေရဲ့သဘောသဘာဝက အသစ်အဆန်းတွေ၊ နေရာသစ်တွေ၊ အတွေ့အကြုံသစ်တွေကို စိတ်ဝင်စားလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း ရွာကြီးသဖွယ်ဖြစ်လာတဲ့ ကမ္ဘာတဝှမ်းမှာ သိန်းထောင်ပေါင်းများစွာရှိတဲ့ လူတွေဟာ တနေရာကနေ တနေရာကို အလည်အပတ်သွားတာ၊ ကူးလူးဆက်သွယ်တာ၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းဆောင်တာတွေ အတူပူးတွဲလုပ်ဆောင်တာတွေ ပြုလုပ်လာကြပါတယ်။ 

စာစောင်၊ မဂ္ဂဇင်း၊ မီဒီယာတွေမှာ ပါလာတတ်တဲ့ ကြော်ငြာတွေကြောင့် ကိုယ်မရောက်ဖူးသေးတဲ့နေရာဒေသတွေကို သွားရောက် လည်ပတ်လိုစိတ်တွေလည်း ပေါ်ထွက်လာကြပါတယ်။ ကျွန်မရောက်ဖူးချင်တဲ့ နေရာဒေသတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ဒီနေရာတွေထဲမှာ ရောက်ဖူးလိုစိတ် အပြင်းထန်ဆုံးနေရာတခုလည်း ပါဝင်နေပါတယ်။ 

ရဲနွယ်ချောင်းဖျား၊ ပဲခူးရိုးမ။ 


Saturday, March 16, 2013

ရင်ကို ထိမှန်စေခဲ့သော မြားချက်များ (ခင်မမမျိုး)

ဖေ့ဘွတ်၊ ဘလော့၊ တွစ်တာ စတဲ့ social media တွေရဲ့ လူအများအပေါ် အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး ပညာရှင်အချို့က သုတေသန ပြုလုပ်ခဲ့ကြရာမှာ မှတ်ချက် (comment) တွေကြောင့် စိတ်ကျရောဂါ ဖြစ်တာတွေ၊ စိတ်ဆင်းရဲမှုဖြစ်တာတွေက အစပြုလို့ နောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်လိုက်တဲ့အထိဖြစ်သွားတာတွေ ရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီသုတေသနစာတမ်းကိုဖတ်ရတော့ ဒီလောက်တောင်ပဲ ဆိုးဝါးသလားလို့ သံသယဝင်ခဲ့မိပါတယ်။ အွန်လိုင်းစာမျက်နှာ အသာထားလို့၊ ပြင်ပကမ္ဘာမှာတင် လောကဓံတရားမျိုးစုံရဲ့ဒဏ်ကို အေးဆေးတည်ငြိမ်စွာ ကျော်ဖြတ်လာခဲ့ပြီးပြီမို့၊ social media က မှတ်ချက်လေးတွေက ကျွန်မရဲ့စိတ်ကို တစုံတရာ ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း ကိုယ့်ကိုကိုယ် ယုံကြည်ထားခဲ့ပါတယ်။

ဒါပေမယ့် အခုတလော ပုဂ္ဂိုလ်ရေးနဲ့ လုံးဝ မဆိုင်တဲ့၊ ကျွန်မရဲ့ စာမျက်နှာပေါ်မှာ လာတင်ထားတာလည်း မဟုတ်ဘဲ တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိသွားတဲ့ မှတ်ချက်လေးတွေကတော့ ကျွန်မရဲ့ရင်ကို မြားချက်တွေလို ထိမှန်စေခဲ့ပါတယ်။ ဒီမှတ်ချက်လေးတွေကြောင့် မေးခွန်းတွေလည်း အများကြီးပေါ်ခဲ့သလို၊ တွေးစရာတွေလည်း အများအပြား ရှိသွားခဲ့ပါသေးတယ်။