Saturday, February 1, 2014

ကား ကြီး ကား ငယ် အ သွယ် သွယ် ဖြင့် ... (ကျော်ကျော်ငြိမ်းချမ်း)

၁၉၉၀ လောက်က မာနာပုလော DAB Conference မှာ ထင်တယ်... (လက်တကမ်းမှာ မှတ်တမ်းမှတ်ရာ မရှိလို့ ရက်စွဲအတိအကျ မပြောနိုင်ပါ) ... NDF(DAB) အဖွဲ့ဝင် တိုင်းရင်းသားအားလုံးနဲ့ ဒီမိုကရေစီအင်အားစုအားလုံး (အကျိတ်အနယ် ဆွေးနွေးပြီး) အတူတကွ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်မယ်... အဲဒီ ပြည်ထောင်စုကြီးကနေ ဘယ်တိုင်းရင်းသားမှ ခွဲမထွက်ပါဘူးဆိုပြီး ဖက်ဒရယ်ပြည်ထောင်စုနဲ့ပတ်သက်လို့ ပထမဦးဆုံးအကြိမ် ဆုံးဖြတ်ချက် ချနိုင်ခဲ့တဲ့ အစည်းအဝေးမှာပေါ့ ...။ 

အဲဒီအစည်းအဝေးကမှတဆင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲရေး ကော်မတီတို့... ဘာတို့... ပေါ်လာတာ၊ နောက်တော့မှ မဲသရောထ စာချုပ်၊ သူးမွဲကလိုး သဘောတူညီချက်တို့ စသဖြင့် နောက်ကလိုက်လာတာပေါ့...။ (ပြောချင်တာက သမိုင်းမှာ အရေးကြီးတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တချို့ ချမှတ်နိုင်ခဲ့တဲ့ ညီလာခံတခုပေါ့ဗျာ...) 

အဲဒီ အစည်းအဝေးကြီးမှာ ထုံးစံအတိုင်း နိုင်ငံရေးအစီရင်ခံစာနဲ့ပတ်သက်လို့ (အတည်မပြုခင်) ကိုယ်စားလှယ်တွေ ပြန်မေးသမျှကို ကြေလည်အောင်ပြန် ဖြေရှင်း၊ အပြန်အလှန် ဆွေးနွေးချက်တွေထဲက သဘောတူညီချက်တွေကို ဖြည့်စွက်ဖို့၊ မှတ်တမ်းတင်ဖို့လုပ်ရတဲ့ နိုင်ငံရေးအစီရင်ခံစာ အချောသတ်ရေးအဖွဲ့မှာ ပဒိုစောသန်းအောင် (ကေအန်ယူ ဒုဥက္ကဋ္ဌ)၊ ဗိုလ်ချုပ်မောင်မောင် (ဒီအေဘီ စစ်ရေးတာဝန်ခံ)၊ နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး)၊ ဒေါက်တာတူးဂျာ (ကေအိုင်အို)၊ ဦးတွတ် (ဦးတင်မောင်ဝင်း) စသဖြင့် ပါကြပါတယ်။ အချက်အလက်ပိုင်းမှာ အထောက်အကူပေးဖို့ မကဒတ ကိုယ်စား ကျနော်လည်း ပါပါတယ်။ (အဲဒီခေတ်က သုတေသနနဲ့မှတ်တမ်းမှာ ကျနော်တို့အဖွဲ့က “အနူတောမှာ လူချော” ပေကိုး ...) 


တင်ထားတဲ့ နိုင်ငံရေးအစီရင်ခံစာရဲ့ တနေရာမှာ အချက်အလက်တခုအနေနဲ့ တိုင်းပြည်ရဲ့ သဘာဝသယံဇာတတွေ ပြည်ပကို (အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေကို) ဖွတ်လျှော လွတ်လျှော သူခိုးဈေးနဲ့ (အဲဒီအချိန်က အာဏာရ) နဝတ က ရောင်းထုတ်နေတဲ့အကြောင်းလည်း ပါပါတယ်...။ ကျနော်တို့ရဲ့ အဲဒီခေတ် အသုံးအနှုန်းနဲ့ဆိုရင် “နေဝင်း၊ စောမောင် စစ်အုပ်စုရဲ့ ထရံချိုး၊ အမိုးခွာ၊ အိမ်တိုင်ချွတ် စီးပွားရေးပေါ်လစီ” ပေါ့လေ...။ (ခုလည်း အတူတူပါပဲ... ထားပါတော့...) အတိအကျမဟုတ်ပေမယ့် အဲဒီအချိန်က ရနိုင်သမျှသော ကိန်းဂဏန်းတွေနဲ့ ကျွန်းသစ်နဲ့သစ်မာ တန်ချိန် ဘယ်၍ဘယ်မျှ၊ တန်ဖိုး ဘယ်လောက်၊ ဘယ်နိုင်ငံတွေကို ထွက်နေတယ် စသဖြင့်ပေါ့... ထည့်ရေးထားပါတယ်။ (အဟဲ... ကျနော်တို့ သူပုန်တွေဘက်က ရောင်းတာတွေတော့ မပါဘူးပေါ့ဗျာ) 

အစည်းအဝေးတလျှောက်လုံး (ခေါင်းစဉ် ကြီးကြီး... သေးသေး) တခါမှ ထ မဆွေးနွေးဘူးတဲ့ (တိုင်းရင်းသားအဖွဲ့တွေထဲက မဟုတ်တဲ့) ခေါင်းဆောင်ကြီးတယောက်က ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးချင်ပါတယ်ဆိုပြီး လက်ညှိုးထောင်ပြီး ထလာပါတယ်။ ပြောပါဆိုတော့ သူ ပြောတာက... အခုနက သစ်ထုတ်ရောင်းတဲ့ကိစ္စပါ။ သူ့အနေနဲ့ အစီရင်ခံစာထဲမှာ ရေးထားတာ သိပ်မတိကျဘူး၊ မလေးနက်ဘူး၊ “နိုင်ငံရေး အနှစ်သာရ” မပါဘူးထင်လို့ ပြင်ပေးစေချင်တယ်... တဲ့။ အားလုံးက ကျနော့်ကို ဝိုင်းကြည့်ကြတာပေါ့...။ (အစီရင်ခံစာပါ အချက်အလက်အတော်များများ ကျနော်တို့က ရှာပေးထားရပေသကိုး) 

ကျနော်လည်း မျက်နှာငယ်လေးနဲ့... ဟုတ်ကဲ့... ကိန်းဂဏန်းတွေ မှားရင် ပြင်ပါ... အချက်အလက် အကိုးအကား လွဲရင် ပြောပါ... ဒီ ရီပို့က ဒီ စာအုပ်က၊ ဒီ စာတမ်းက ဒီ အချက်အလက်တွေ ယူပါတယ်... စသဖြင့် ရည်ညွှန်း၊ ကိုးကားတွေနဲ့ ရှင်းမလို့ လုပ်ရတာပေါ့။ [မာနာပုလောခေတ်က အခုခေတ်လို ကိုးကားစရာ (Copy & Paste လုပ်ဖို့) ပေါပေါများများရှိတာလည်း မဟုတ်သေးဘူးလေ] 

အနှီပုဂ္ဂိုလ်ကြီးက သူ ပြင်ထားတာလေး ဖတ်ပြပါမယ်... တဲ့။ ကျနော်တို့လည်း လိုက်ရေးဖို့ပြင်ရတာပေါ့...။ အဲဒီ (so-called) ခေါင်းဆောင်ကြီး ဘာပြောတယ်ထင်လဲ...။ 

................ 
................ 
................ 
................ 
................ 

“နဝတ စစ်အုပ်စုသည်...
မြန်မာ့အဖိုးတန် ကျွန်းသစ်ရတနာများကို...
နေ့စဉ်နှင့်အမျှ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် 
အိမ်နီးခြင်းနိုင်ငံများသို့ တင်ပို့ရောင်းချနေပါသည်”... 
လို့ ပြင်ပေးပါ... တဲ့။ 

အစက သူ နောက်နေတယ်လို့ ကျနော်တို့က ထင်တာ...။ မဟုတ်ဘူးဗျား...၊ တကယ့် အတည်ပေါက်ကြီး...။ ပထမပိုင်းတော့ အကျိုးသင့် အကြောင်းသင့်... ပြန်ရှင်းပြပါသေးတယ်။ အချက်အလက်နဲ့ အကြောင်းအရာမလွဲရင် ရပါပြီ... ပေါ့။ အရေးအသားက နောက်မှပြင်ရအောင်ပါ... ဘာညာ... ပေါ့။ (စာစီစာကုံး ရေးနေတာလည်း မဟုတ်...၊ ရသမြောက်အောင် စကားပြေရေးနေတာလည်း မဟုတ်) 

ခက်တာက ပုဂ္ဂိုလ်ကြီးက... ကျန်တာတွေ ရတယ်... ဒါပေမယ့် “ကားကြီး ကားငယ် အသွယ်သွယ်ဖြင့်”... ကို မလျှော့ဘူး၊ ထည့်ပေးရမယ် ဇွတ်လုပ်နေတယ်...။ နာရီဝက်၊ ၄၅ မိနစ်လောက် ကြာတယ်...။ (ဒီမိုကရေစီမှာ သူလည်း တစ်မဲကိုးဗျ) 

ထုံးစံအတိုင်း “ဇ” က မနေနိုင်တော့ဘူး...။ 

ဒါဆိုရင်လည်း ပိုပြီး ရင်သိမ့်တုန်ဖြစ်အောင်၊ ဇာတ်နာအောင် “ကုန်းကြောင်းဖြင့်တဖုံ... ခြေလျင်ဖြင့်တမျိုး... သယ်ပိုးထမ်းရွက်၍” တို့... ဘာတို့ပါ ထပ်ထည့်ဗျာ... ဆိုပြီး ရွဲ့မိရော...။ (အဲဒီကစပြီး ကျနော်က ဘယ်လိုမှ သဘောမထားပေမယ့် သူကတော့ ခုထိ “မေးထူး ခေါ်ပြော” ဆက်ဆံရေးလောက်ပဲ ဖြစ်ကုန်တော့တာ...၊ ထားပါတော့...) နောက်ဆုံးတော့ လူကြီးတွေ ကြားချတော့ သူလည်း သူ့ “ကားကြီး ကားငယ်” တွေ ပြန်သိမ်းသွားပါတယ်...။ 

အဲဒီကစ... ကျနော်တို့ကြားမှာလည်း... အကြောင်းတိုက်ဆိုင်လာတိုင်း အချင်းချင်း... နှိပ်ကွပ်ချင်ရင် မင်းကလဲကွာ... အရေးထဲမှာ... “ကားကြီး ကားငယ် အသွယ်သွယ်ဖြင့်”... လုပ်နေပြန်ပြီ ဆိုပြီး ပြောစမှတ်ကိုဖြစ်ရော...။ 

ပြောချင်တာက ခုမှရောက်တာ...။ 

ခုလဲ... ဗမာပြည် နိုင်ငံရေးက... “ကားကြီး ကားငယ် အသွယ်သွယ်ဖြင့်”... တွေနဲ့ပဲ အဝိုင်းကြီးမှာ (Roundabout) တိုင်ပတ်နေသလား... လို့...။ 

[ကျနော့်ကို... မင်းကလဲကွာ... အရေးထဲမှာ... “ကားကြီး ကားငယ် အသွယ်သွယ်ဖြင့်” လာလုပ်နေပြန်ပြီလို့ ပြောချင်လဲပြောကြပေရော့...] 

အထူးမေတ္တာရပ်ခံချက် ။ ။ အနှီပုဂ္ဂိုလ်ကြီး ဘယ်သူဆိုတာ သိသူတွေ တော်တော်များများ ရှိပါတယ်...။ သူလည်း အသက်ကြီးနေပါပြီ...။ နိုင်ငံရေးထဲမှာလည်း ထဲထဲဝင်ဝင် မရှိတော့ပါဘူး...။ ဒါကြောင့် သိသူများ နာမည်ထုတ်ဖော် မပြောကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်...။ 

  

No comments: