Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Wednesday, September 24, 2014

သူတောင်းစားလောက (ဆောင်းလူ)

တခါ တခါ သူတောင်းစားတွေအကြောင်း တွေးမိတယ်ဗျ ...။ ဒီ သူတောင်းစားဆိုတာ ဘယ်လိုများရှိခဲ့လဲပေါ့ ...။ သူတို့လည်း မျိုးရိုးရှိမှာပဲ ...။ 

သူတောင်းစားတွေက သူ့တို့ ဝမ်းဝဖို့ ... အကိုကြီးရယ်တို့ သနားကြပါ ... အမကြီးတို့ရယ် သနားကြပါဆိုပြီး လူသနားအောင် ... ပတ်ချွဲ နှပ်ချွဲ လုပ်ရတာဗျ ...။ ဒါလည်း သူစားကောင်းအောင် သူ့ဝမ်းဝအောင်လုပ်ရတဲ့ လောကဗျ။ သွားမရှုပ်နဲ့ ...။ ဒါလည်း သူ့ရဲ့ တပ်အပ်တဲ့ပညာပေါ့ဗျာ ...။ လေးစားသမှုတော့ ပြုရမှာပေါ့ ...။ 

အဝတ်အစားဆိုလည်း ကြည့်ပါလား ...။ စုတ်ပြတ်သတ်နေအောင် ဆင်ရ ယင်ရတာဗျ။ သူ့ခန္ဓာမှာ ပြစရာ ဒဏ်ရာဒဏ်ချက်လေးရှိ ပိုကောင်းတာပေါ့ဗျာ ...။ ဒါမှလည်း ဟန်မူပိုပိုနဲ့ ပိုအသက်ဝင်တာပေါ့ ...။ 


Thursday, May 15, 2014

ကျွန်ုပ်၏ကုက္ကိုပင်များ (ကိုညို)

(မနက်ဖန် မေလ ၁၆ ရက် သောကြာနေ့ဟာ World Love a Tree Day ကမ္ဘာ့ သစ်ပင်ချစ်တဲ့နေ့ ဖြစ်တယ်)

 နေ့ခင်းကြောင်တောင် မှေးခနဲ အိပ်ပျော်သွားတော့ ကျနော့်ရဲ့ ကုက္ကိုပင်တွေကို အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ကုက္ကိုပင်ကြီးက ဟိုတုန်းကအတိုင်း ပင်စည်ခိုင်ခိုင်ကြီးနဲ့ လူကြီး ၅ ယောက် တဖက်စာအတိုင်း ရှိနေတုန်း။ သူများတွေပြောခဲ့သလို တပင်လုံး အလှဲခံရသေးတာ မဟုတ်ဘူး။ ဓာတ်ကြိုးနဲ့မလွတ်တဲ့ အပေါ်ဆုံးဘက်က ကိုင်းကြီးတွေပဲ အခုတ်ခံရတာပါ။ အိပ်မက်ထဲမှာ အခက်အလက်တွေ ပြန်ထွက်လို့၊ အရွက်တွေက စိမ်းမြနေတာပဲ။ ခုတ်ချိုင်ထားမှန်းတောင် မသိသာဘူး။ ကျနော်ရဲ့ကုက္ကိုပင်ကြီးကိုကြည့်ပြီး အရမ်းပျော်သွားတယ်။ ကြည့်လို့လည်း မဝဘူး။ အနားကပ်ပြီး ကုက္ကိုပင် ပင်စည်ကြီးကို လက်ဖဝါးနဲ့ ထိလိုက်တယ်၊ အရင်လို အားရပါးရ မှီလိုက်ချင်တယ်။ 

အလို... အခေါက်တွေ အထပ်ထပ်နဲ့ ကုက္ကိုပင်စည်ကြီးဟာ ကြမ်းတမ်းမာကြောမနေဘဲ ကျနော့်လက်ဖဝါးအောက် ပျော့ဝင်သွားတယ်။ ထိတ်ခနဲဖြစ်သွားတယ်။ အဲဒီမှာတင်... ရုတ်တရက် လန့်နိုးတာ။ အိပ်မက် မက်နေမှန်း သိလိုက်တာ။ ကျနော်စမ်းမိတဲ့ ကုက္ကိုပင်ကြီးက ဆီလီကွန် ဂွမ်းနုတွေထည့်ထားတဲ့ ဖက်လုံးကြီးဖြစ်နေတယ်။ 

ဒါနဲ့ပဲ ဆက်မအိပ်ဖြစ်တော့ဘူး။ ကုက္ကိုပင်တွေဆီစိတ်က ရောက်သွားတယ်။ ကျနော့်ဇာတိမြို့လေးက ကျနော်နေတဲ့ ရပ်ကွက်လေးရဲ့ လမ်းတလျှောက် စီတန်းပြီးပေါက်နေတဲ့ ကုက္ကိုပင်တွေကို ပြန်လွမ်းသွားတယ်။ သတိရလိုက်တာ...။ 


Friday, February 28, 2014

လိပ်ပြာမသန့်တဲ့ အရပ် (ဆောင်းလူ)

လိုချင်တာမရနိုင်သည့် အခြေအနေကိစ္စတို့ကြောင့် ဆုံးဖြတ်ချက်တခုနှင့်အတူ ကိုယ့်မြေ ကိုယ့်ရေ ကိုယ်လေကို စွန့်ခွာထွက်ခဲ့သည်မှာ အတော်ကြာခဲ့ချေပြီ ...။ ခုတော့လည်း ... အတော်ကျင်လည် ကျက်စားမိသည်နှင့်အညီ .. ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လေကို လွမ်းမိ၏။ 

ထိုအရပ်၏ ယခုနွေတွင် ပုရစ်ဖူးတို့ ဖူးနေပေရော့မည် ...။ 
ထိုအရပ်၏ ယခုနွေတွင် လေရူးတို့ မြူးနေပေရော့မည် ...။ 
ထိုအရပ်၏ မြင်ကွင်းတို့သည် ... 
ထိုအရပ်၏ ရှုခင်းတို့သည် ... 

ထိုအတောအတွင်း ... ဤအရပ်တွင် ... ကျွန်ုပ်သည် စည်းမျဉ်းစည်းကမ်း မကိုက်ညီ၊ အနစ်နာမခံခဲ့ပါဘဲနှင့် အကျိုးအမြတ်ကြီးကြီး ရလိုမှုဖြင့် ဒုက္ခသည်အဖြစ် ဟန်ဆောင်ခဲ့ရသည် ...။ အမှန်တကယ် စစ်မှန်သည့်ဒုက္ခသည်များကိုဖြင့် မျက်နှာပူ အားနာခဲ့ရသည်။ အမှန်တကယ် ဒုက္ခခံရင်းနှီးခဲ့ရသူတို့အတွက် မျက်နှာပူ အားနာခဲ့ရသည်။ 


Wednesday, January 15, 2014

ပဲယ်လ်ရယ်လယ် သီအိုရီ (ဆောင်းလူ)

ဘယ်လိုတွေးကြသည်မသိ ...။ သည်စကားတလုံး .. .. ရောက်သွားသည့် အတိုင်းအတာတခုတိုင်းဆီမှာ ... ကြားနေကြ .. သုံးနေကြ ...။ တခါတလေ လှပသလောက် ... တခါတလေများကျ ...အကျည်းတန်သယောင်ယောင် ...။ 

မြင်ပန်းလှအောင် ... ရုပ်ဝတ္တုတို့ကို တတ်နိုင်သမျှ တန်ဆာဆင် ... အကျည်းတန်သည်ပင် လှလို့ ...။ မမြင်ကွယ်ရာ ... စိတ်ဝတ္တုတို့မှာကား ... အပျော်တမ်းအဆင့်ပင် မရှိ ...။ 

တချို့သည် သီအိုရီကို တန်ဆာဆင်ရသည်ကို ကြိုက်၏ ...။ စိတ်လွတ်ကိုယ်လွတ်ကား မလုပ်ရဲ ...။ မရှိသည့် သိက္ခာကိုဆယ်ကာ ... အတွေးမျာများ မပွားရဲ ...။ 
နားတွေကိုသား ကားကားထားပြီး ... ကိုယ့်လိပ်ပြာ ကိုယ်မလုံသည့်အဖြစ် ...။ 


Thursday, January 9, 2014

ကျနော် သတိရလိုက်တဲ့အခါ ... (ထက်ရာဇာ)

(နိဒါန်း) 

အဲဒီနေ့က ကျနော် တော်တော်သောက်ဖြစ်တယ်ဗျာ။ ဝီစကီ မသောက်တာကလည်းကြာပြီး သောက်လို့ကောင်းကောင်းနဲ့ သောက်ဖြစ်တယ်။ ပြီးတော့ အမြည်းကလည်း ဝက်သားနဲ့ ဒညင်းသီးကို ချက်ထားတယ် သောက်လို့ကောင်းသလားမပြောနဲ့ သောက်ပြီးတာနဲ့ ဝက်သားဒညင်းသီးချက်ဟင်းနဲ့ ငါးပိထောင်းနဲ့ အမေရိကမှာ ရှားရှားပါးပါးရတဲ့ ကတက်ချည်နဲ့စားပြီး ခဏအိပ်လိုက်တာ မှေးခနဲ ခဏအိပ်ပျော်သွားတယ်။ 

အခန်း(၁) 

ကျနော်ပြန်နိုးလာတော့ ကျနော်နေခဲ့တဲ့ ဦးဝိစာရရပ်ကွက် (မင်းမနိုင်)ရပ်ကွက်ထိပ်မှာ။ ကျနော်လည်း ပျော်လိုက်တာဗျာ ကျနော်နေခဲ့တဲ့တိုက် ၃၁ ကို ပြေးတာပေါ့၊ ကျနော့်အခန်းရှေ့ကိုရောက်တော့ ကျနော်နေခဲ့တဲ့အခန်းက အရင်လိုမဟုတ်ဘဲ ခြံစည်းရိုးတွေ ဘာတွေ ခတ်ထားတယ်ဗျ။ ကျနော်လည်း ဒါ ငါ့အိမ်ကွ ငါ့ကိုဖွင့်ပေးလို့ အကြိမ်ကြိမ်အော်နေပေမယ့် ဘယ်သူကမှ ကျနော့်ကို အဖက်မလုပ်ကြပါဘူး။ 


Friday, December 20, 2013

စက္ကန့်... (ဆောင်းလူ)

Photo: စက္ကန့်...
ဆောင်းလူ
ဒီဇင်ဘာ ၂၁၊ ၂၀၁၃
-------

ဆိုဒ်ပေါ်မှာ ... နာရီတွေ လျှောက်ကြည့်ရင်း .... တချို့လူတွေ နာရီမသုံးတာ သတိထားမိတယ်...။ တချို့ကျတော့လည်း ...ဖုန်းပေါ်မှာကြည့်ကြတာပေါ့ ...။ ကိုယ်ကိုတိုင် သတိထားမိတယ် ...။ ဖုန်းမရှိပဲ .နေရတာကို သဘောကျတယ် ...။ မနက် ...နာရီမပါပဲ ...အလုပ်သွားရင် ... စိတ်ထဲ အတော် ကသိကအောက်ဖြစ်တယ် ...။

ုခုတလောလည်း ... ဘော်ဒါတယောက်မစထားတဲ့ ...တနေကုန် တနေခမ်း ..တချက်ချက်မြည်တတ်တဲ့ ... တိုင်ကပ်နာရီတလုံးက ... သံပတ်ကုန် ..ဆွံ့အသွားတော့ .... မနေတတ် ..မထိုင်တတ်ဖြစ်မိတယ် ...။ နံနက်တိုင်း အိပ်မှုန်စုံမွှားနဲ့ ...ထကြည့်ဖြစ်နေလေတော့ ... မဖြစ်သေးပါဘူးလေဆိုပြီး ... သံပတ်ကို ပြန်နှိုးဆွပြီး ...နဂိုတိုင်း အလုပ်လုပ်နိုင်အောင် စီမံထားရတယ် ...။ 

လွန်ခဲ့တဲ့ ... ဆယ်စုနှစ်ကျော်တွေကို သတိရတယ် ...။ နာရီပတ်ချင်တယ် ...။ အချိန်ဆိုတာကို အဲ့အချိန်က သိပ်အလေးမထားတတ်ခဲ့ဘူး ...။ ဒါပေမယ့် ... လက်ထဲက နာရီကို ...အချိန်မရွေး ...ဖြတ်ကနဲ ..ဖြတ်ကနဲ ...ကြည့်ချင်တယ် ...ကြည့်မိဖို့လောက်ပဲ ...ဆိုပါစို့ .။ 

နာရီပစ္စည်းမှန်သမျှ ..တစစီဝယ် .... ကိုယ်တိုင် ..ဖြုတ်တပ် ..။ .ပင်နယံသွားလေးတွေဆိုတာ ..အတော်နူးညံ့ပါလား ...။ ဒစ်ဂျစ်တယ်နာရီလေးတွေ ..မန်နျူရယ်နာရီလေးတွေ ... ဖြုတ်မိတိုင်း ..စိတ်ဝင်စားမိတယ် ...။ 

ခုတော့ .. ... တရက်ပြီး ..တရက်ကို ..တွက်ရင်း ...နာရီတွေကို စိတ်ဝင်တစားကြည့်မိပြန်တယ် ...။ 

အော် ...အချိန် ..အချိန် ... စက္ကန့်နဲ့အမျှ ... တစက္ကန့်သည်လည်း ...သူ့တန်ဖိုးနဲ့ သူပါလား ...။ 

ဒါလေးရေးနေတုန်းမှာပဲ ... လက်စသတ်မယ့်အချိန်မှာ နာရီစက္ကန့်တံက ၁၂ ဂဏားန်းဆီ စွန်းထွက်သွားပြီ ...

ဘယ်လိုပဲဖြစ်ဖြစ် ..... လူတွေအမှတ်သညာထားတဲ့ အချိန်ကို တိကျအောင် ညွှန်းဆိုနိုင်လောက်တဲ့ .... နာရီတလုံးလောက်တော့ ... လူဖြစ်တုန်း .. သုံးဖူးတယ်ရှိအောင် ..သုံးလိုက်ဦးမယ် ...။

ဆိုဒ်ပေါ်မှာ ... နာရီတွေ လျှောက်ကြည့်ရင်း .... တချို့လူတွေ နာရီမသုံးတာ သတိထားမိတယ် ...။ တချို့ကျတော့လည်း ... ဖုန်းပေါ်မှာကြည့်ကြတာပေါ့ ...။ ကိုယ်ကိုတိုင် သတိထားမိတယ် ...။ ဖုန်းမရှိဘဲနေရတာကို သဘောကျတယ် ...။ မနက် ... နာရီမပါဘဲ ... အလုပ်သွားရင် ... စိတ်ထဲ အတော် ကသိကအောက်ဖြစ်တယ် ...။ 

ခုတလောလည်း ... ဘော်ဒါတယောက်မစထားတဲ့ ... တနေကုန် တနေခမ်း ... တချက်ချက်မြည်တတ်တဲ့ ... တိုင်ကပ်နာရီတလုံးက ... သံပတ်ကုန် ... ဆွံ့အသွားတော့ .... မနေတတ် ... မထိုင်တတ်ဖြစ်မိတယ် ...။ နံနက်တိုင်း အိပ်မှုန်စုံမွှားနဲ့ ... ထကြည့်ဖြစ်နေလေတော့ ... မဖြစ်သေးပါဘူးလေဆိုပြီး ... သံပတ်ကို ပြန်နှိုးဆွပြီး ... နဂိုတိုင်း အလုပ်လုပ်နိုင်အောင် စီမံထားရတယ် ...။ 

လွန်ခဲ့တဲ့ ... ဆယ်စုနှစ်ကျော်တွေကို သတိရတယ် ...။ နာရီပတ်ချင်တယ် ...။ အချိန်ဆိုတာကို အဲ့အချိန်က သိပ်အလေးမထားတတ်ခဲ့ဘူး ...။ ဒါပေမယ့် ... လက်ထဲက နာရီကို ... အချိန်မရွေး ... ဖြတ်ခနဲ ... ဖြတ်ခနဲ ... ကြည့်ချင်တယ် ... ကြည့်မိဖို့လောက်ပဲ ... ဆိုပါစို့ ...။ 


Thursday, December 19, 2013

ဆောင်းအိပ်မက် (ဆောင်းလူ)

ဆောင်း ... တကယ်တော့ ... သူ့အလုပ် ... သူလုပ်ပေမယ့် ... မထင်မှတ်ဘဲ ... အေးလို့ ... စက်လို့ ...။ ဆောင်းနဲ့အတူ ... ဘဝကို နလံထူ နိုင်ဖို့ ... ရုန်းရင်း ကန်ရင်း ... ပုံသေတွက်လို့မရတဲ့ကာလ ... အခါသမယ ...။ 

အသိစိတ်တို့ မဲ့နေခိုက် ... အတိတ် ... အတိတ် ... အို ... သူစိမ်းဆန်ခဲ့တဲ့ ... ဒီ အတိတ် ...အားလုံးကို တောင်းပန်ပါတယ် ...။ အတ္တဆန်တဲ့စိတ်ရိုင်း ... အားလုံးအတွက်တော့ ... ဥပေက္ခာဆန် ... လူသားဘဝပေါ့ ...။ 

ဆန်တက်ခဲ့တဲ့လမ်း ... ဆယ်စုနှစ်ကျော်ကြာ ... ဥပက္ခာလမ်းမှာ ... တယောက်တည်း ... တလမ်းပဲ သွားရနိုးနိုး ... 


Saturday, November 9, 2013

သူခိုး (ထက်ရာဇာ)

ကျနော့်မှာ ကျီးကန်းတွေနဲ့ပတ်သက်လို့ နှလုံးသားမှာ ဒဏ်ရာတခု ရခဲ့ဖူးပါတယ်။ ကျီးကန်းတွေကို တွေ့တိုင်း အဲဒီကျီးကန်းတွေ ကြားအောင် နာမည်တခု အော်အော် ခေါ်မိပါတယ်။ အဲဒီနာမည်က သူခိုး … တဲ့။

အင်းစိန် သီးသန့် အကျဉ်းထောင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ သီးသန့်ထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ကျလာတဲ့ ၅(ည) တွေ အပါအဝင် ငါးခိုးဖမ်းမှုနဲ့ ထောင်ကျလာတဲ့ ထိုင်းလူမျိုးတွေ၊ အပြင်ဘုတ်လို့ ခေါ်တဲ့ လွတ်ခါနီး ထောင်ဝင်းထဲထွက် အလုပ်လုပ်ရတဲ့ ထောင်ကျအကျဉ်းသားတွေ ရှိကြပါတယ်။

တနေ့မှာတော့ အပြင်ဘုတ် အကျဉ်းသားတယောက် ကျနော့်ဆီကိုရောက်လာပြီး ကျီးကန်းပေါက်လေးတကောင်ကို ဆေးလိပ် အလိပ် ၂၀ နဲ့ လာရောင်းပါတယ်။ တကယ့်ကို အပေါက်လေးပါ၊ နှုတ်သီးဘေး နှုတ်ခမ်းလေးတွေတောင် မပျက်သေးပါဘူး။ ကျနော်လည်း သနားတာနဲ့ ကျီးကန်းလေးကို ဝယ်လိုက်ပါတယ်။ အဲဒီကစပြီး ကျီးကန်းလေးနဲ့ ကျနော်နဲ့ သံယောဇဉ် စခဲ့တယ်ဆိုရင် မမှားပါဘူး။



Sunday, September 8, 2013

ငယ်ဘဝ (၁) - ဆောင်းလူ

ငယ်ငယ်က မနက်စာစားဖို့ဆိုရင် တမတ်လောက်နဲ့ ရတယ် ..။ တမတ်ဆို မုန့်ဟင်းခါးဖြစ်ဖြစ်၊ ထမင်းလက်သုတ်ဖြစ်ဖြစ် တပွဲရတယ် ...။ အကြော်ဆို ၂ ခုလောက်ရတယ်။ မိသားစုအားလုံးဆို တကျပ်လောက်နဲ့ အဆင်ပြေရော ...။ 

ရပ်ကွက်ထိပ် ဘုန်းကြီးကျောင်းနားမှာက အကြော်ဆိုင်နဲ့ အသုပ်ဆိုင်ရှိတယ်။ မနက် ဝေလီဝေလင်း စောစောစီးစီးထပြီး အဲ့ဒီကိုပြေးတယ်။ မိသားစုတွေအသုပ်စားမယ့်သူ ... အကြော်စားမယ့်သူ ... ဘယ်ဟာကို စားမယ့်သူများလဲ ...။ အကြော်စားမယ့်သူများရင် ... အကြော် ... ။ အသုပ်စားမယ့်သူများရင် အသုပ်။ တခါတခါ ပဲပြုတ်စားချင်ရင် စောစောစီးစီး နားစွင့်ရတယ် ...။ ပဲပြုတ်သည်က ပဲပြုတ်လို့ အော်ရင် ... ပြေးပေရော ...။ 

မနက်စာဆိုတော့ အသုပ်တပွဲဆို မိသားစုအားလုံး နှစ်ယောက်ဆို တပွဲရတယ်။ အကြော်ဆို တယောက် တခု။ ဒါမှမဟုတ် ... တခု တဝက်။ အဲ့ဒါကိုမှ အမေ ညကချန်ထားတဲ့ ထမင်းကြမ်းနဲ့ လွေးရတယ်။ 


Monday, August 26, 2013

ငကြောင် (ဆောင်းလူ)

မလွယ် ...။ ကြောင်၏ ..။ လွန်လွန်းအောင်ကိုပင် ကြောင်လှ၏ ...။ မျိုးနှင့်ရိုးနှင့်လည်းမဟုတ် ...။ ကွက်ပြီးတော့မှသာ ကြောင်ခြင်းဖြစ်သည် ...။ ထို့ကြောင့် တမူထူးသည် ...။ မလွယ် ...။ ငကြောင်သည် ကြောင်လွန်းလှ၏ ...။ 

မိဘအိမ်တွင်လည်း ငကြောင် ကြောင်ခဲ့၏ ...။ လူလတ်တန်းစား မိသားစုဘဝတွင် ထမင်းထဲရှိသည့် ဆန်ပိုးတို့အား ရွံရှာသည်ဟု အကြောင်းပြကာ မစားဘဲနေအောင် ကြောင်ခဲ့၏ ...။ ထမင်းစားသည့်အခါတွင်လည်း ခဲတလုံးကိုက်မိသည်နှင့် ငကြောင်ဆက်မစားလိုတော့ ...။ ထမင်းဝိုင်းမှ ချက်ခြင်းလက်ငင်းပင် ထထွက်သွားလိုက်သည်ချည်း ...။ မိဘတို့မျက်မှာကား ငကြောင် လှည့်တောင်မကြည့်ခဲ့ ...။ ဗမာလူမျိုးတို့ ထုံးဓလေ့ ... မိသားစုထမင်းဝိုင်းတွေ မပါမဖြစ် ပါရသည့် ငါးပိရည်ကျိုအား ... လောက်တွေနှင့်ဟုဆိုကာ ရွံ့ရွံ့ရှာရှာ ကြောင်ခဲ့၏ ...။ ငါးပိနှင့်လောက် ... ရွှေနှင့်ကျောက်ဟူသည့် ဗမာစကားပုံကိုလည်း ငကြောင် ရွံ့မုန်း၏ ...။ 


Sunday, August 25, 2013

ခေတ်အရိုင်းရဲ့ မချိမဆန့်အော်သံ (ကိုညို)

ဒီကနေ့ဟာ... ခေတ်အရိုင်းကနေ ခေတ်အသစ်ကို အရှိန်အဟုန်နဲ့ ပြောင်းနေတယ်။ မပြောင်းမလဲ နဂိုအတွေးအခေါ်ဟောင်းနဲ့ နေချင်သူတွေဟာ မချိမဆန့် ဝေဒနာတွေနဲ့ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲပြနေတယ်။ 

မကြာခင် သူတို့အရှုံးကို သူတို့ထုတ်ပိုးပြီး အကျင့်ဟောင်း စရိုက်ဟောင်းတွေ စုံပုံထားတဲ့ အမှိုက်တောင်းထဲစွန့်ထုတ်ရတော့မှာ သူတို့ရိပ်မိတယ်။ 

အဟောင်းအမြင်းတွေနဲ့ ကြွယ်ဝနေခဲ့တဲ့ကာလတွေမှာ သူတို့ မတရားခဲ့ဘူးဆိုတာ အားလုံးက ရိပ်မိနေကြတယ်။ 

ရေတံခွန်နဲ့ နီးလာတဲ့ ရေစီးကြောင်းကြီးလိုပဲ... ဘာသာရေးယောင်ယောင်၊ လူမျိုးရေးယောင်ယောင် ဖြစ်နေတဲ့ လူမှုပဋိပက္ခ၊ အတွေးအခေါ်ပဋိပက္ခတွေဟာ ခပ်စိတ်စိတ်၊ ခပ်ပြင်းပြင်းပေါ်နေတယ်။ 


Wednesday, August 21, 2013

ကျနော်နှင့် သောက်ကျင့်များ (ဆောင်းလူ)

အခန်း (၁) 

မကောင်းမှန်းသိသည်။ သို့သော် ... လက်တည့်စမ်းလို၏ ...။ ဖခင်၏ ဝီစကီပုလင်းထဲမှ ယစ်ရွှေရည်များအား ခိုးယူ စုတ်ကဲ့လိုက်သည် ...။ ရှိန်းတိန်းတိန်း မြတတနှင့် ...။ တဖြည်းဖြည်း လည်ချောင်းသည် နွေးကနဲ ... ထွေးကနဲ ...။ ခိုးလုပ်တတ်သည့် သောက်ကျင့်သည် မကောင်း ...။ 

ယမန်ဦးအစက သိပ်မကြိုက် ... ခါးသက်သက် ... ပူရှရှနှင့် မှီဝဲသူများအားလည်း အရူးတွေဟု သမုတ်မိလိုက်၏ ...။ မကြာပါ ... အရူး အမဲသား ကျွေးမိသည်ကမှ သာဦးမည်ထင်၏ ...။ အစွဲအလမ်းကြီးသည့် သောက်ကျင့်သည် မကောင်း ...။ 

နောင်တွင် ... အိမ်ရှိ ကျနော် အပိုင်စားရထားသည့် ကျွန်းသေတ္တာကြီးထဲတွင် ... ပုလင်းနှင့် ဖန်ခွက်သည် ကျောင်းဝတ်စုံ နှစ်စုံနှင့် လုံးလား ထွေးလား ...။ ဂါရဝတရားမရှိသည့် သောက်ကျင့်သည် မကောင်း ...။ 

++++++ 

Tuesday, August 20, 2013

ကုတ်ကမြင်း (ဆောင်းလူ)

ကွိုင်ပဲ ... လုပ်ကြပါဦးဟ ...

ဟေ့ အခြေအနေကြည့်လေကွာ ... လခွီးနဲ့မှ ... မသိမသာလုပ်လိုက် ... အကုန် ကွိုင်ကုန်တော့မှာပဲ ...။ 

ဝှီး ... ဘုတ် ... ဟူး ... 

++++ 

မလွယ်ပါ ... တကယ့်ကို မလွယ်ပါ ...။ လုပ်တုန်းကတော့ ကောင်းပြီး ... ခုလိုကျတော့ .. တော်တော့်ကို ရင်ပူရပါတယ် ...။ အားလုံးမသိလိုက်တာပဲ ကောင်းပါတယ် ...။ ဘုန်းဘုန်းတို့က ဘန်ကောက်က လမ်းလျှောက်ပဲ ဆင်းလာတာ ..။ တပည့်တော်တို့က ဒီမှာ အစောင့်အရှောက်နဲ့ ...။ ပတ်ဝန်းကျင်တွင် လက်နက်ကိုင်ဆောင်ထားသည့် ထိုင်းစစ်သား နှစ်ယောက်တတွဲဖြင့် ဟိုကြည့် သည်ကြည့်နှင့် ကျနော်တို့ ရပ်ကွက်ဘကြီးအား ပိတ်ဆို့၍ထားလေသည်။ ဒီကြားတဲ့ ကျနော်တို့မှာ မဟုတ်တာက လုပ်ထားမိ၍ ကြောက်စိတ်က ကဲနေသည်။ ဟူး ...ဟူး .. တော်တော်လေး မောပါတယ် ...။ 


Tuesday, August 13, 2013

ထူးအိမ်သင်ရဲ့အိမ်၊ ကျနော့်ရဲ့အိမ် (ညီစောလွင်)

ထူးအိမ်သင် သီချင်းတွေကို ဝေဖန်တဲ့စာတပုဒ်မှာ “ကြင်နာ၊ ရက်စက်၊ ရီဝေ၊ အိပ်မက်” ဆိုတဲ့ စကားလုံးတွေ ထပ်နေတယ်လို့ ဝေဖန်တာ ဖတ်ဖူးတယ်၊ ဟုတ်မယ်လို့ ထင်ပါတယ်။

ကိုယ့်အမြင်ကတော့ ထူးအိမ်သင် သီချင်းတွေမှာ “အိမ်လွမ်းစိတ်” တွေ လွှမ်းမိုးနေတယ်။ ထူးအိမ်သင်ဆိုရင် ကိုယ့်စိတ်ထဲ ကျောပိုးအိတ်တလုံးနဲ့ အိမ်ကနေ လေလွင့်ထွက်ခွာသွားတတ်တဲ့ သို့မဟုတ် အရှုံးတွေပွေ့ပိုက်ရင်း တနေ့မှာ အိမ်ကိုပြန်လာတတ်တဲ့ လွမ်းတတ်တဲ့ သားဆိုးတယောက်လို့ပဲ စွဲလမ်းနေခဲ့တယ်၊ နှစ်သက်နေခဲ့တယ်။ 

ဒီလိုနဲ့ အိမ်ဆိုတာ “ပြန်စရာနေရာ” တခုပဲလို့ ထင်ခဲ့တယ်။ အမြဲတမ်းနေရင် အိမ်ဆိုတာ ငြီးငွေ့စရာကြီး။ တခါတလေ ပြန်လာခိုလှုံမှပဲ အိမ်ဆိုတာ ပီပီပြင်ပြင် “လှ” တယ်လို့ ထင်ခဲ့တယ်။ ဒီလိုနဲ့ အလယ်တန်းတက်စနှစ်လောက်မှာ ထင်ပါရဲ့။ အစောဆုံး စွဲလမ်းခဲ့ရတဲ့ ထူးအိမ်သင်ရဲ့ အိမ် ကတော့ အမေ့အိမ်ပေါ့။


ကျနော် ရေခဲစက်သမား (ဆောင်းလူ)

ကျနော် ငယ်ငယ်တုန်းကပေါ့ ...။ ၅ တန်း ၆ တန်း ကျောင်းသားအရွယ်မှာ နွေကျောင်းပိတ်ရက် ၃ လအတွင်းမှာ အဖေ့မိတ်ဆွေရဲ့ မိသားစု ရေခဲချောင်း လုပ်ငန်းတခုမှာ ဝင်လုပ်ခဲ့ဖူးပါတယ်။ မိသားစု ရေခဲချောင်းစက်ဆိုပေမယ့် တမြို့လုံးနီးပါးလောက်ကို သူ့တို့ဆီက ဖောက်သည် ယူရပါတယ်။ အဲ့အချိန်က တကျပ် နှစ်ကျပ်ခေတ်ဆိုတော့ ...ပြား ရှစ်ဆယ်လောက်နဲ့ ဖောက်သည်ပေးရပါတယ်။ 

ကျနော်ရေခဲစက်မှာ ဝင်လုပ်ဖြစ်တာကလည်း မိသားစုစားဝတ်နေရေးကြောင့်တော့ မဟုတ်ပါဘူး ...။ သို့ပေမယ့်လည်း ကျနော့်မိဘများဟာလည်း ပြေလည်သူများ မဟုတ်ပါဘူး ...။ ကျောင်းနေအရွယ် သားသမီး လေးယောက်ဝန်ကိုထမ်းရင် ရုန်းကြ ကန်ကြရသူတွေပါ ...။ မိသားစု ခြောက်ယောက်မှာ အဖေ့ဝင်ငွေတခုတည်းကိုသာ မှီခိုနေရတာပါ။ တနှစ်လုံးမှာမှ ကျနော့်မှာ ကျောင်းဝတ်စုံ နှစ်ထည်ပဲရှိပါတယ်။ တထည်ကို နှစ်ရက်ကျဝတ် ...။ ပြီးရင် လျှော် ... ကျန်တဲ့တစုံကို ဝတ်ရပါတယ်။ 

ကျနော်ဝတ်ခဲ့တဲ့ ဒီဝတ်စုံတွေကလည်း နောင်နှစ်ကျရင် ကျနော့်ညီတွေ ဝတ်ကြရပါတယ်။ နောက်နှစ်ကျောင်းတက်ရင် ကျနော်က ကျောင်းဝတ်စုံအသစ်ကလေး လိုချင်တယ် ...။ ဒါ့ကြောင့် နွေရာသီကျောင်းပိတ်ရက် ၃ လအတွင်းမှာ ကျနော်တို့က ပိုက်ဆံရှာကြပါတယ်။ ကျနော်တို့ဆိုတာက ကျနော့်အောက်က ညီတယောက်လည်းရောပါ။ ညီအကိုတွေက အသက်သိပ်မကွာပါဘူး။ အဖေကတော့ သိပ်မကြိုက်ရှာပါဘူး ...။ ကျောင်းပိတ်ရက်မှ တခြားအတတ်ပညာလေး ရှာဖွေဆည်းပူးတာကို လိုလားပါတယ်။ 


Friday, August 9, 2013

ကျနော် အသုပ်စုံသည် (ဆောင်းလူ)

လူဘဝဆိုတာ ဖြတ်သန်းမှုအမျိုးမျိုးနဲ့ ...။ ကျနော့်ဘဝဖြတ်သန်းမှုထဲက တစ်ခုသော အသုပ်စုံသည်ဘဝကို အမှတ်ရမိတယ်။ 

ကျနော် နယ်ကနေ ရန်ကုန်ရွှေမြို့တော်ကြီးဆီ ပထမတော့ ဗဟုသုတ ပညာရှာမှီးဖို့ဆိုပြီး သွားခဲ့တာ။ တကယ်လည်း လုပ်ခဲ့ပါတယ်။ ကျနော့်အကိုဝမ်းကွဲရဲ့ ကားအဲကွန်းစ်ဆိုင်မှာ ပညာသည်ဘဝနဲ့ပေါ့ ...။ သူ့ဆိုင်က တောင်ဥက္ကလာပမြို့နယ်ထဲက သစ္စာလမ်းမကြီးဘေးမှာ ရှိပါတယ်။ လမ်းဘေးဆိုင်တန်းလျားထဲက ဆိုင်ကလေးတစ်ဆိုင်ဆိုတော့ ဆိုင်မှာနာမည်တော့ မရှိပါဘူး။ ဆိုင်ရဲ့နောက်မှက မြို့ပြ လက်ထောက်အင်ဂျင်နီယာရုံး ရှိပါတယ်။ ဘေးမှာက အတော်ညစ်ပတ်လှတဲ့ မြောင်းကလေးတစ်စီး စီးစင်းနေပါတယ်။ ရှေ့မှာကတော့ မြို့တော်ဝန် ဦးကိုလေးရဲ့ ခြံဝင်းကျယ်ကြီးနဲ့ တိုက်ကြီးပဲရှိပါတယ်။ အဲ့တိုက်မှာက တရုတ်စပ် ခေတ်ဆန်ဆန် အမျိုးသမီးငယ်လေး တစ်ယောက်ပဲနေပါတယ်။ 

အဲ့ဒါကလည်း ဦးကိုလေးရဲ့ အငယ်မိန်းမလို့ ပြောတာပါပဲ။ ဒါကလည်း အဲ့ဒီခြံကျယ်ကြီးစောင့်တဲ့ ဦးလေးကြီးက ပျင်းပျင်းရှိရင် ဒီဘက်လမ်း ကူးလာပြီး ကျနော်တို့အဲကွန်းစ်ဆိုင်ဘေးက လဖက်ရည်ဆိုင်မှာ ထိုင်ရင်း ... နောင် ခင်မင်လာတော့ ပြောပြလို့သိတာပါ။ နာမည်တောင် မှတ်မိနေပါသေးတယ် ..။ ဘာတဲ့ အမရာ ဆိုလား ...။ 


Wednesday, August 7, 2013

တောက သပိတ် (ညီစောလွင်)

၈၈ မှာ မြို့ပေါ်မှာ ဆူပူနေတာနဲ့ ကျောင်းတွေလည်း ပိတ်လိုက်တာဆိုတော့ ကျနော်တို့ မောင်နှမတတွေ ရွာမှာ ပြန်နေကြတယ်။ မြို့ပေါ်မှာတော့ ဝမ်းကွဲအစ်ကိုတွေက သပိတ်ခေါင်းဆောင်တွေ လုပ်ကြတယ်။ ခေါင်းပတ်အနီတွေ စည်းလို့တဲ့၊ ကြားရတယ်။ တနေ့ကျတော့ ရွာက ကျနော့်အစ်မဆီကို စာပို့လာတယ်။

“နင်တို့လည်း သပိတ်လုပ်ကြ၊ မလုပ်ရင် ငါတို့ လာလုပ်မယ်” ဆိုတာမျိုး ရေးလာတယ်။

ဒါနဲ့ပဲ ရွာမှာ သပိတ်ကော်မတီတခု ဗြုန်းခနဲပေါ်လာတယ်။ ဆယ်တန်းကျောင်းသူ ကျနော့်အစ်မကြီးနဲ့ သူ့ သူငယ်ချင်းတယောက် သပိတ်ခေါင်းဆောင် လုပ်ကြတယ်။ ကျနော့်ဦးလေးတို့လည်း ရွာကသပိတ်မှာ အရမ်းတက်ကြွတယ်။ ညဘက်ကျတော့ အိမ်မှာ မီးခွက်ကလေးထွန်းပြီး ကျနော့် အဖေက မိန့်ခွန်း ရေးပေးတယ်။ အဖေက တောကျောင်းက ကျောင်းဆရာဟောင်း၊ အဖေရေးပေးတဲ့မိန့်ခွန်းကို အစ်မကြီးနဲ့ သူ့သူငယ်ချင်းက အပြောကျင့်ကြတယ်။ အဲဒီတုန်းက ကျနော့် အသက်က ၈ နှစ်ဆိုတော့ အစ်မကြီးက အသက် ၂၀ အရွယ်ပေါ့။


မိန်းမ ယူပုံယူနည်း ... (ဆောင်းလူ)

ကျနော် လူလွတ် မဟုတ်တော့ပါ။ လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက အိမ်ထောင်ကျခဲ့သူပါ။

လွန်ခဲ့တဲ့ နှစ်များဆီကပေါ့ ... ကျနော့်မဟေသီဖြစ်လာမယ့်သူက အမျိုးသမီးသမဂ္ဂက အဖွဲ့ဝင် ချာတိတ်မလေးတယောက်ပါ။ အဲ့အချိန်က သူမ အသက် ၁၈ နှစ်ပြည့်ဦးမည်လို့ မထင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့ဖူးစာပါသည့်အချိန် သူမ အသက်က ၁၈ နှစ်ပြည့်ပြီး ၁ လစွန်းပဲ ရှိနေသေးတဲ့အချိန်ပါ ...။

ဒီလိုပါ ...

ကျနော် မိန်းမယူတော့ ... ကျနော်မဟေသီဖြစ်လာမယ့် သူမက ချင်းမိုင်မြို့က အမျိုးသမီးသင်တန်းမှာ ၆ လသင်တန်းတက်ပြီး ... ပြန်လာတော့ ၁ လ မပြည့်ခင် ကျနော်နဲ့ ယူဖြစ်ကြတာပါ ...။

ယူဖြစ်ပုံက ... မိရိုးဖလာ တောင်းရမ်းလက်ထပ်ယူတာ မဟုတ်ပါဘူး ...။ သူမက ကရင်စစ်စစ် ...။ ကျနော်က ဗမာ ကပြား ..။ ခက်ကြပြီပေါ့ ...။ ကရင်ဆိုတာလည်း သိတဲ့အတိုင်းပဲ ...။ ထုံစံအတိုင်း လူငယ်တို့ဘာသာဘာဝ ခိုးပြေးပေါ့ ...။

အဲ့မှာ တခု ... တခု ခိုးပြေးပါတယ်ဆိုမှ .. ကျနော့်ရုံးလုပ်ငန်း အစည်းအဝေးနဲ့ တည့်တည့်တိုးနတယ် ...။ ကျနော်တို့ရဲ့အယ်ချုပ် ဥက္ကဋ္ဌက ဖုန်းဆက်တော့ ... ကျနော်လည်း လုပ်ငန်းအစည်းအဝေးအတွက် သွားရပါတယ်။ ... အရိုးရှင်းဆုံးပြောရရင် အဲ့အချိန်က ကျနော်ကလည်း ဒု - ဥက္ကဋ္ဌ ဆိုတဲ့နေရာကို ပူပူနွေးနွေးရထားတဲ့ကာလပါပဲ ...။


Monday, August 5, 2013

မိုးည အိပ်မက် (ဆောင်းလူ)

ဒီည ... ကောင်းကင် ... ကြယ်က တပွင့်တည်း ထီးထီးကြီး ...။ ပုံမှန်မဟုတ်တဲ့ ညအတွက် ... ကျနော့်စိတ်ကလည်း ... ပုံမှန်မဟုတ်ခဲ့တဲ့ ... အတိတ်ဆီ ...။ 

ဒီညနဲ့ အတိတ် ... တွေးမိရာဆိုတာက ... ကျနော်ငယ်ငယ်ကဆီ ...။ 

ကျနော်မွေးဖွားရာ ဇာတိမြေတဝိုက်ဟာ သစ်ရိပ် သစ်မိုးတွေနဲ့ အုံးဆိုင်းဆိုင်း ရိုးမတောင်ခြေရဲ့ မြို့ငယ်လေးတခုမှာပါ။ ငယ်ငယ်က ဒီဇာတိမြေလေးဟာ တောမကျ မြို့မကျ အညိုရောင်နယ်မြေလေးပါ။ 

ကျနော့်မိဘတွေက မြို့ကြီးသားတွေပါ။ အဖေက ရန်ကုန်သား ...။ အမေက မေမြို့သူ ...။ နောက်တော့ နဖူးစာရွာလည်ရင်း ဒီ တောမကျ မြို့မကျ နယ်မြေလေးမှာ အခြေချကျတာပါ။ ပထမဦးဆုံးတော့ အဲ့ဒီနယ်မြေလေးမှာ မဟုတ်ဘူး ...။ မြို့လေးနဲ့ အတန်ငယ်ဝေးကွာပြီး ခေါင်လှတဲ့ ရွာကလေးမှာပါ။ တကယ်တော့ ကျနော်လည်း တောသားတစ်ယောက်ပါ။ ၂ နှစ် ၃ နှစ်လောက်နေမှ မြို့ပေါ်ရောက်ခဲ့ရတာပါ။ 

အဖေက အရင်က တပ်ထဲမှာ ဆေးမှူး ...။ အမေတို့ဘက်က စစ်သားမျိုးရိုး ...။ ကျနော့်အဘိုးက စစ်သား၊ လက်ရှိ ကျနော့်ဦးလေး (အမေ့မောင် အလတ်) ကလည်း မန်းလေး စစ်ဆေးရုံမှာ ဗိုလ်မှူးတယောက် (ဗိုလ်ကြီးလား .. ဗိုလ်မှူးလား သေချာမမှတ်မိတော့)။ အမေ့မောင်အကြီးတယောက်ကလည်း စစ်သား။ ခြေတဖက်ပြတ်မှ ဆေးပင်စင်ရသွားတာ။ ခုတော့ ရှိရောရှိကြသေးလား မသိဘူး။ အမေ့အမျိုးတွေကို ကျနော်ငယ်ငယ်က မေမြို့ကို တခါသွားလို့ တခါပဲ တွေ့ဖူးခဲ့တာ ...။ 

နောက်ပိုင်းတော့ ကျနော့်အဖေက စစ်သားဆေးမှူးက တပ်ကထွက်ပြီး ... အဲန်အယ်လ်ဒီဘက်ကို ကူးပြောင်းသွားလေတော့ အမေ့အမျိုးတွေက မတွေ့ရဲရှာတော့ဘူး။ ကျနော်လည်း ဒီလောက်ပဲ သိခဲ့တာ ...။ 


Saturday, July 6, 2013

ကျနော့်နာမည် မောင်ဘညွန့် - ၆ (ဆောင်းလူ)

… … 
… … 

နေဆိုတာလည်း 
တစ်နေ့ဝင် တစ်နေ့ထွက်သလို 
ဘဝဆိုတာလည်း
ရမြင့်ရာ ကြာတင့်ဆိုသလို 
မျက်စိသူငယ် နားသူငယ်နဲ့ 
အခြေမြင့်တဲ့
ရမီးအစုံ ဝင်ဒါမီယာရပ်ကွက်ဘုံပေါ်ကိုရောက်ပြန်တော့ 
တစ်ဖြိုက် နှစ်ဖြိုက်နဲ့ မိုးဝင်လိုက်ရင်ဖြင့် 
အိမ်ထဲရေလျှံ ပင်လယ်ပုံသဏ္ဍာန်မှာ 
ငါးလောက် ငါးလန်းတွေ ပျော်မြူးပေမယ့် 
ကျုပ်တို့ခမျာမှာတော့ 
ကျူးကျော်တဲတွေကို အခမဲ့ငေးရင်း 
ရမ်တစ်ပက် ဆော်ဒါတစ်စက်အတွက် 
စောင့်လိုက်ရတာလည်း အမော …။ 

ဒီလိုနဲ့ ထွက်သူတွေထွက် ဝင်သူတွေဝင်နဲ့ မောင်ဘညွှန့်တို့ သတင်းစာတိုက်ကြီးဟာလည်း အပြောင်းတွေ အလဲတွေကြားမှာ တရွေ့ရွေ့နဲ့ ရှေ့ခရီးဆက်နှင်နေဆဲပါ။ နယ်စပ်မြို့လေးနဲ့ ဆိုင်ကယ်နဲ့သွားရင် ၁၅ မိနစ်သာသာလောက်သွားရတဲ့ ငြိမ်းချမ်းလှတဲ့ တောဇနပုဒ်လေးကိုစွန့်ခွာပြီး ရေတွေ … မီးတွေ အစုံအလင်ရှိတဲ့ မြို့ပေါ်ရပ်ကွက်လေးတခုဆီကို ရွေ့ကြရပါတယ်။ သူတစ်ပါးနိုင်ငံဆိုပေမယ့် အဲ့ဒီရပ်ကွက်ကလေးမှာတော့ အတိုက်အခံအဖွဲ့စုံနေတဲ့ ရပ်ကွက်လိုပါပဲ။ ရွှေ့ပြောင်းအလုပ်သမား အနည်းအကျဉ်းကိုလည်း တွေ့ရတတ်ပါတယ်။ 

အယ်ချုပ်ရဲ့စီမံမှုနဲ့ မောင်ဘညွှန့်တို့တသိုက် ဝင်ဒါမီယာရပ်ကွက်ပေါ် ရောက်ခဲ့ပေမယ့် .. တချို့တဝက်လည်း ဇနပုဒ်လေးမှာ ကျန်ခဲ့ကြပါတယ်။ မောင်ဘညွှန့်တို့တသိုက် ဝင်ဒါမီယာရပ်ကွက်ပေါ်မှာ လစဉ်ထုတ်သတင်းစာအတွက် လုံးပန်းနေတဲ့အချိန် ဇနပုဒ်ရွာလေးမှာကျန်ခဲ့တဲ့ ရဲဘော်တသိုက်ကတော့ အမာခံရိက္ခာအတွက် သီးနှံတွေ ဆက်လက် စိုက်ပျိုးလို့ပေါ့ ...။ နောက်က သူတို့ပံ့ပိုးပေးတဲ့ ဗူး၊ ဖရုံ၊ ကန်းစွန်း၊ ချဉ်ပေါင်နဲ့ … မြို့ပေါ်က မောင်ဘညွှန့်တို့ရိက္ခာကို ဖြည့်ဆည်းခဲ့ရသလို … မောင်ဘညွှန့်တို့ကလည်း ... ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကို ထောက်ခံရင်း … မင်းဆိုးကို မိုးကြိုးပစ်ခဲ့ကြတာပေါ့ ..။