Showing posts with label သမိုင်းမှတ်တမ်း. Show all posts
Showing posts with label သမိုင်းမှတ်တမ်း. Show all posts

Sunday, April 3, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (နိဂုံးပိုင်း)


"ဒီလို အဖြစ်ဆိုးတွေဟာ တကယ်ပဲဖြစ်ခဲ့တယ်။ ကြေကွဲစရာတွေ တကယ်ပဲ ကြုံခဲ့တယ်။ ဒီလို မကြုံအောင် ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုသွားကြမလဲ၊ အဲသလို ကျနော်တို့ စဉ်းစားတာပါ။ စဉ်စားတယ်ဆိုတဲ့နေရာမှာ အနာစိတ်ပေါ်မှာ အရင်းမခံဘဲနဲ့ အဖြစ်ဆိုးကို ပြန်မကြုံရဖို့ ရင့်ကျက်မှုကို လေ့ကျင့်ယူမယ်။ ဆိုလိုတာကတော့ဗျာ ပြဿနာတွေကို ရင်ဆိုင်တွေ့ဆုံပြီးတော့ ဆွေးနွေးချင်တယ်။ မဖြစ်သင့်တာ မဖြစ်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။ ရင့်ကျက်မှုကို လေ့ကျင့်ယူရာလည်းကျပါတယ်။ ဒီလို ကျနော် မြင်ပါတယ်ဗျာ ...”

“ကျောင်းသားထု စခဲ့တဲ့ အရေးတော်ပုံကို ကျောင်းသားထုကရော ကျောင်းသားထု ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေပြီးတော့ ထိုက်သင့်သလို ငြိမ်းချမ်းစွာ ရှာဖွေသွားမယ်။ ငြိမ်းချမ်းစွာနဲ့ ကျနော်တို့ရဲ့ခရီးကို ရအောင် ချီတက်မယ်။

ကျန်တဲ့ အဖွဲ့အစည်းတွေ ကျန်တဲ့ အင်အားစုတွေကလည်း ကိုယ့်အလုပ်ကို လုပ်ပြီးတော့ ကိုယ့်တာဝန် ကိုယ်ကျေကြမယ်လို့ ကျနော် မျှော်လင့်ပါတယ်”

ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ နအဖ အကျဉ်းထောင်တွေထဲမှာ ၁၄ နှစ် ၁၅ နှစ် ၁၆ နှစ် ပေးဆပ် ဖြတ်သန်းခဲ့ရသူတွေဖြစ်လို့ သူတို့ရင်ထဲမှာ ခံပြင်းနာကျည်းစိတ်တွေ၊ ဒေါသတွေ၊ အမုန်းတရားတွေ၊ လက်စားချေလိုစိတ်တွေ ပြည့်နှက်နေမလားလို့ ယူဆသူတွေ စိုးရိမ်သူတွေ ရှိကောင်းရှိနိုင်ပါတယ်။

“ကျနော်တို့ ပေးဆပ်မှုနဲ့ ပတ်သက်လို့ကတော့ ဘယ်ခေတ် ဘယ်ကာလနဲ့မှမတူတဲ့ ပေးဆပ်မှုမျိုး ကျနော်တို့ ပေးဆပ်ခဲ့ပါတယ်။

Saturday, April 2, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၁၀)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyRMX4QKA7RLfGMahMCsYVo6V6lY6VJLTyixzOz8mK2mmHyN0lKL1Dqo2rpz_eFs8yTDIJpuTBR2dCuoRlr1yNVWT1SdBiLaXuJ8tyjlLkeEwv4KkImyvDXbLcrhnAT1UF5rX2hWMSteMO/s1600/march+88a.jpg

"ဒီမိုကရေစီမြတ်နိုးတဲ့ ပြည်သူတွေအနေနဲ့ တိုးတက်တဲ့ အပြောင်းအလဲတခုကို မျှော်နေကျတဲ့သူတွေအနေနဲ့ဆိုရင် ကျနော်တို့ဟာ လူပုဂ္ဂိုလ်တဦးချင်းအပေါ်မှာ မှီပြီးတော့ မျှော်လင့်မနေဘဲ မိမိတို့ကိုယ်တိုင် ဘာလုပ်နိုင်မလဲဆိုတဲ့ အချက်ကိုပါ ဝိုင်းပြီးတော့ စဉ်းစားထားကြဖို့ လိုတယ်"

အဲဒီတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ကောင်းအောင် ဒီထက်မက ပြောရမယ်ဆိုရင် ကမ္ဘာကြီးတခုလုံးကောင်းအောင် ကျနော်တို့ ကြိုးစားကြတာပဲ၊ အဲဒီလိုမျိုးကောင်းအောင်လို့ လူ့အဖွဲ့အစည်းကြီးတခုလုံးကို ကောင်းအောင်လို့ စေတနာနဲ့ ကြိုးစားကြတယ်၊ အလုပ်လုပ်ကြတယ် ဆိုတဲ့နေရာမှာ စစ်သားကပဲ တိုင်းပြည်ကို ချစ်တာတော့ မဟုတ်ဘူးဗျ။

ကျနော်တို့သမိုင်းကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျောင်းသားတွေက စောသလား၊ စစ်သားက စောသလားဆိုတာတော့ ဒါလေးတော့ သမိုင်းကို နည်းနည်းလေး တီးမိခေါက်မိတဲ့သူတွေ ပိုသိပါလိမ့်မယ်။

ဆိုလိုတာကတော့ တပ်မတော်ကို ဘယ်သူတွေက စပြီး တည်ထောင်ခဲ့သလဲ။ အဲဒါဟာ တက္ကသိုလ်ကျောင်းဝင်းထဲက ကျောင်းသားတွေက စတာပဲ။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတိုက်ပွဲကနေပြီးတော့ စလာတာ မဟုတ်ဘူးလားဆိုတာ နည်းနည်းလေး မြင်သာထင်သာ ရှိပါလိမ့်မယ်။

Friday, April 1, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၉)

"ဒေါက်တာ လှရွှေ ပြောသလိုပေါ့ဗျာ။ လွတ်လပ်ရေးရဖို့အတွက် အရိုးတောင်လိုပုံမှ ရမယ်ဆိုရင် ငါတို့ကျောင်းသားတွေရဲ့ အရိုးဟာ အောက်ဆုံးအလွှာမှာ ရှိနေမယ် တဲ့။ အဲဒီတော့ ကျောင်းသားတွေဟာ မိမိရဲ့ ပုဂ္ဂလိက အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ ကျောင်းသား ဆိုတာဟာ လူထုကနေပြီးတော့ မွေးဖွားလာတဲ့ လူထုရဲ့အစိတ်အပိုင်းဖြစ်တယ်။ လူထုရဲ့အရေးဟာ ကျောင်းသားတွေရဲ့အရေးပဲ ဖြစ်တယ် ... ”

၁၇ နှစ်တာကာလ ဖြတ်သန်းပြီးချိန်မှာ အတိတ်က အားနည်းချက် အားသာချက်တွေကို ပြန်လည် သုံးသပ်နိုင်ခဲ့တယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

အတိတ်ကို ပြန်လည်သုံးသပ်နိုင်ခဲ့ပြီဆိုတော့ ဒီကနေ့ ပစ္စုပ္ပန်ကာလကနေ ရှေ့အနာဂတ်နဲ့ပတ်သက်လို့ရော ကျောင်းသား ခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုရှုမြင်ထားကြပါသလဲ။

ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နဲ့ ကိုမင်းဇေယျာတို့ရဲ့အမြင်ကို ကျနော်တို့ နားဆင်ကြည့်ရအောင်လား ခင်ဗျာ။

Thursday, March 31, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၈)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyRMX4QKA7RLfGMahMCsYVo6V6lY6VJLTyixzOz8mK2mmHyN0lKL1Dqo2rpz_eFs8yTDIJpuTBR2dCuoRlr1yNVWT1SdBiLaXuJ8tyjlLkeEwv4KkImyvDXbLcrhnAT1UF5rX2hWMSteMO/s1600/march+88a.jpg

“လူငယ်တွေမှာ ကျနော် မြင်နေတယ်ဗျာ။ Own Model ပျောက်နေသလိုမျိုးပဲ။ အတတ်ပညာရှင်ပဲ လုပ်ရ မလိုလို၊ Model Boy၊ Model Gril ပဲလုပ်ရ မလိုလို အဲဒီလိုဖြစ်နေတယ်ဗျ။ အဲဒီတော့ Individualism ပေါ့ဗျ။ ကိုယ့် တကိုယ်ထဲဝါဒ ကြီးထွားလာမယ်ဆိုရင် တကယ်တန်း ရေရှည်မှာလည်း တိုင်းပြည်အတွက် မကောင်းသလို။ ကိုယ်လည်း မကောင်းနိုင်ပါဘူး”

ကျနော်တို့က ရိုးရိုးသားသားပဲဗျ။ ဘာတခုမှ ကျနော်တို့ ရိုက်နှက်ဖျက်ဆီးမှုတွေ စိတ်ကူးထဲမှာတောင် မရှိဘူး။ ကျနော်တို့ ထွက်သွားတယ်၊ ကျနော်တို့ ထွက်သွားပြီးတော့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက ကျနော်တို့ ကျောင်းသား ရဲဘော်တွေကို ကျနော်တို့ခေါ်ပြီးတော့ ကျနော်တို့ချီတက်ပြီးတော့ လမ်းလျှောက်မယ်၊ ကျနော်တို့မှာ ဒီရည်ရွယ်ချက်နဲ့ သွားတာပဲ။

သွားတဲ့အခါကျတော့ ကျနော်တို့လိုလားတဲ့ သဘောထားတွေ ကျနော်တို့ ဆန္ဒတွေကို ကြွေးကျော်ပြီးတော့ ကျနော်တို့ ဖော်ထုတ်မယ်။ ဒါပဲရှိတယ် ဒီတော့ ဒီနေရာမှာ ကျနော်တို့ ဆင်နွှဲခဲ့တဲ့ နည်းက ငြိမ်းချမ်းစွာ ဆင်နွှဲခဲ့တဲ့နည်းပါ။

အဲဒါကို ကျနော်တို့မှာ အကြမ်းဖက်ပြီးတော့ ဖြိုခွင်းခံရတယ်။ ဆိုလိုတာကတော့ ကျနော်တို့ရဲ့ သဘောထားဆန္ဒတွေကို ကျနော်တို့ ဖော်ထုတ်ပြနိုင်ဖို့က ကျနော်တို့ ရတဲ့နည်းတနည်း နောက်ဆုံးတနည်းနဲ့ပဲ ဖော်ထုတ်ခဲ့တာပါ။

Wednesday, March 30, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၇)

"ကျနော်တို့ ကျောင်းသားတွေမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ အဓိက ကတော့ နားလည်မှုတွေ အားနည်းခဲ့တယ်။ ထိတွေ့မှုတွေ အားနည်းခဲ့တယ်။ နိုင်ငံရေးပါး မဝဘူးပေါ့ဗျ။ အတွေ့အကြုံ အားနည်းမယ်။ နိုင်ငံရေးအတွေးအခေါ် အားနည်းမယ်။ ထိတွေ့မှုတွေ အားနည်းမယ်။ ဒါတွေက ရှိခဲ့တယ်။ အားသာချက်တွေအနေနဲ့ ပြောရရင် ..."

အားနည်းချက် အားသာချက်ဆိုတဲ့နေရာမှာ ကျနော်တို့ ကျောင်းသားတွေရဲ့ ပင်ကိုဗီဇပေါ့နော်။ အမှန်တရားကို လိုလားတယ် ပျော်ရွှင်မှုပေါ့နော်၊ စာပေကိုသင်ကြားမှု ဒါ ပင်ကိုသဘာဝကိုး။ နိုင်ငံရေးကို သိပ်နားမလည်ဘူးဗျ … ကျနော်က အစပေါ့ဗျ။

ကျနော်တို့ နားလည်တာ ဘာကိုနားလည်သလဲဆိုတော့ မမှန်တာကို နားလည်တယ်ဗျ။ မကောင်းတာကို နားလည်တယ်ဗျ။ အဲဒီ မမှန်တာကို စိတ်တိုတယ်ဗျ။ မကောင်းတာကို လက်မခံဘူးဗျ။

ဒီသဘောတရားပေါ့နော် အဲဒီ သဘောတရားအပေါ်အခြေခံပြီး လုပ်တဲ့အခါကျတော့ လုပ်နည်းလုပ်ဟန် အတိုင်းပေါ့နော်၊ ကျနော်တို့ ကျောင်းသားတွေမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။

Tuesday, March 29, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၆)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyRMX4QKA7RLfGMahMCsYVo6V6lY6VJLTyixzOz8mK2mmHyN0lKL1Dqo2rpz_eFs8yTDIJpuTBR2dCuoRlr1yNVWT1SdBiLaXuJ8tyjlLkeEwv4KkImyvDXbLcrhnAT1UF5rX2hWMSteMO/s1600/march+88a.jpg 
"ဆိုလိုတာကတော့ လူငယ်စိတ်နဲ့ ကျောင်းသားစိတ်နဲ့ ကျနော်တို့က ခံစရာရှိရင် ကျနော်တို့ ရင်ဆိုင်ပစ်လိုက်မယ်ပေါ့။ ရမယ့်အကျိုးအမြတ်ဟာ တိုင်းသူပြည်သားတွေ အားလုံးအတွက် ကျနော်တို့ နိုင်ငံအတွက် ကောင်းမယ်ဆိုရင် ကျနော်တို့ ရင်းသင့်တာကို အကုန်လုံးရင်းပြီးလုပ်မယ်လို့ ကျနော်တို့ ဒီလို အခြေခံစိတ်နဲ့ လုပ်တာပါ"

ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းတွေကို ဦးတည်ဖြစ်ပေါ်စေခဲ့တဲ့ မတ်လ ကျောင်းသား လှုပ်ရှားမှု ဖြစ်ပျက်ခဲ့တာ ၁၇ နှစ်ရှိခဲ့ပါပြီ။ ဒီ ၁၇ နှစ်တာ ကာလမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၁၆ နှစ် ကိုဇော်ဝင်း၊ ကိုပြုံးချို၊ ကိုဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဆိုရင်လည်း ၁၄ နှစ် ၁၅ နှစ် နီးပါး နအဖရဲ့ အကျဉ်းထောင် တွေထဲမှာနေထိုင် ဖြတ်သန်းခဲ့ရပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြီး ဆိပ်ဖလူးရနံ့ အကျဉ်းထောင်ဆိုတာ ပစ္စုပ္ပန် ဆိုတာမရှိဘဲ အတိတ်ကိုပဲ ပြန်လည်တွေး မိတဲ့နေရာတခုပါလို့ ဆရာဒဂုန်တာရာ တင်စားခဲ့တာကို အရင် တင်ပြလိုပါတယ်ခင်ဗျာ။

Monday, March 28, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၅)

"ကိုဌေးအောင်ရဲ့ ကဗျာတွေလိုပေါ့ဗျာ၊ ‘ဒီနေရာမှာ ငါတို့ ဆန္ဒပြခဲ့ကြတယ်၊ ဒီနေရာမှာငါတို့ စီတန်း လှည့်လည်ခဲ့ကြတယ်’။ ဟုတ်တယ် ဗိုလ်အောင်ကျော်တမ်းချင်း ကဗျာလိုပဲ ဒီနေရာမှာပဲ ကျနော်တို့ မတရားမှုကို ကျနော်တို့ ဆန့်ကျင်ခဲ့ကြတယ် တဲ့၊ ကျောင်းသားတွေ အရင်းအနှီး အများကြီး ပေးခဲ့ရတယ်၊ ဘဝတွေ၊ အသက်တွေ အများကြီး ပေးခဲ့ရတယ်” 

“မြန်မာနိုင်ငံကနေပြီးတော့ မတ်လ ၁၃ ရက်နေ့က စခဲ့တဲ့ အရေးအခင်းဟာ အရှေ့တောင်အာရှမှ ကျနော်တို့ ပထမဆုံးပဲ။ နောက်ပိုင်းမှာ အရှေ့ဥရောပ၊ နောက်ပိုင်းမှာ တရုတ် ‘တီဟီယန်ရင်ပြင်’ အရေးအခင်းပေါ့ဗျ။ စသဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားတောင်းဆိုမှုတွေဟာ ဒီမိုကရေစီ တိမ်းညွှတ်မှုဘက်ကို ကမ္ဘာကြီး တခုလုံး ပြောင်းလဲသွားတယ်။

အခြား အရှေ့တောင်အာရှနိုင်ငံတွေအားလုံးမှာ မရှိခဲ့ဘူးတဲ့ သမိုင်းကြောင်းအရ ဖိနှိပ်သူ လူထုမှာ ရွေးချယ်ခွင့်မရှိတဲ့ လူထုရဲ့အခွင့်အရေး၊ လူတဦးချင်းဆီရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေး ဆိုတဲ့ဟာကို ဘာမှ ပြဌာန်းပိုင်ခွင့်မရှိတဲ့ နိုင်ငံတခုမှာ လူထုကနေပြီးတော့ ဦးဆောင်ပြီးတော့ အပြောင်းအလဲတခုကို စတင်ပြီး တောင်းဆိုတယ်။ အဲဒီဟာက မြန်မာနိုင်ငံကနေပြီးတော့ ကျနော်တို့ ၁၉၈၈ ခုနှစ်ကစခဲ့တာ”

Saturday, March 26, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၄)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyRMX4QKA7RLfGMahMCsYVo6V6lY6VJLTyixzOz8mK2mmHyN0lKL1Dqo2rpz_eFs8yTDIJpuTBR2dCuoRlr1yNVWT1SdBiLaXuJ8tyjlLkeEwv4KkImyvDXbLcrhnAT1UF5rX2hWMSteMO/s1600/march+88a.jpg 
“နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုကို ကျောင်းသားတွေ လုပ်ကြပြီဆိုလို့ရှိရင် ဘာမှ ဆုလာဘ်ဆိုတာ မရှိဘူးဗျ။ ကျနော်တို့က တုတ်ပဲရမယ်၊ ဘယ်တော့မှ ဆုရမယ်ဆိုတာမျိုးက မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ လုပ်ခဲ့ကြတာပဲ"

ကိုမိုးအေး ။ ။ ဟုတ်ကဲ့၊ အခု ကိုမင်းကိုနိုင် ကြုံခဲ့သလို မဖြစ်လိုက်နဲ့ ဖြစ်လိုက်ရင် မင်းတို့က ခံဘက်ကချည်းပဲ ဆိုတဲ့ လွန်ခဲ့တဲ့ ၁၇ နှစ်က ပြောခဲ့တဲ့ အဲဒီ မှတ်ချက်ပေါ့လေ အဲဒီအပေါ် ကိုမင်းကိုနိုင်အခု ဘယ်လို ပြန်သုံးသပ်မိသလဲ ခင်ဗျ။

“ဆိုလိုတာကတော့ ကျနော်တို့အတွက် အဲဒီအချိန်မှာ ကျောင်းသားဆိုရင်လည်း ကျောင်းသား အခွင့်အရေးအတွက် အကာအကွယ်ပေးမယ့် ခိုင်ခိုင်မာမာ ဥပဒေလည်း မရှိဘူးပေါ့။ နောက်တခုက ကျနော်တို့ ဆန္ဒတွေ သဘောထားတွေကို ဖော်ထုတ်ပြနိုင်ဖို့ ဘာအခွင့်အရေးမှလည်း မရှိဘူး။ အဲဒီတော့ ပြဿနာ ဆိုတာတော့ဗျာ အကြောင်းရင်းတွေ စုံလို့ရှိရင်တော့ ပေါ်တတ်တာပေါ့ဗျ။

ပေါ်လာတယ်ဆိုရင် အာဏာပိုင်တွေဘက်က ဖြေရှင်းတဲ့နည်းလမ်းကလည်း အကြမ်းဖက်တာပဲ ရှိခဲ့တယ်။

Friday, March 25, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၃)

"နောက်ဆုံးကျတော့ဗျာ ကျနော်တို့ အိမ်တအိမ်ထဲကိုဝင်ပြီးတော့ အဲဒီအိမ်က လူတွေက ဝိုင်းဆွဲထားပြီးတော့ အိမ်တံခါးပိတ်ပြီး ဖွက်ပေးထားတာပေါ့ဗျ။ အဲဒီမှာ ဘုန်းကြီးတပါးကနေပြီးတော့လည်း အာဂန္တုအနေနဲ့ သူက အလည်ရောက်နေတဲ့အချိန် သူတို့ မျက်စိအရှေ့တင် မြင်ရတာပေါ့ဗျ၊ ကျနော်တို့ကို ဖြိုခွင်းခံရတာ မြင်တဲ့အခါတော့ သူက စကားတခွန်း ပြောခဲ့တာရှိတယ် ..."

မတ်လ ၁၃ ရက်နေ့ ကိုဖုန်းမော် ကျဆုံးခဲ့ရတာကို မကျေနပ်တဲ့အတွက် မတ်လ ၁၆ ရက်နေ့မှာ ကျောင်းသူ ကျောင်းသားတွေက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဒီအပေါ်ကို အာဏာပိုင်တွေဘက်က တဖက်သက် အကြမ်းဖက် ချေမှုန်းခဲ့တဲ့အခါမှာတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းတဲ့ ‘တံတားနီ အရေးအခင်းကြီး’ ဖြစ်ပျက်ခဲ့ရပါတယ်။

ဒီဖြစ်ရက်ဟာ လွန်ခဲ့တဲ့ ၁၇ နှစ်က ဖြစ်ပျက်ခဲ့တယ်ဆိုပေမယ့် ငြိမ်းချမ်းစွာ ပါဝင်ဆန္ဒပြခဲ့တဲ့သူတွေ အကြမ်းဖက်ချေမှုန်း တိုက်ခိုက်ခံခဲ့ရသူတွေအနေနဲ့ကတော့ ဘယ်လိုမှ မေ့လို့ပျောက်လို့ရမှာ မဟုတ်ပါဘူး။ ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာနဲ့ ကိုဌေးကြွယ်တို့ရဲ့ ပြန်ပြောင်း သုံးသပ်ချက်ကို ကျနော်တို့ အရင် နားဆင်ကြည့်ရအောင်လား ခင်ဗျာ။

Thursday, March 24, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၂)

နောက်ရက် မတ်လ ၁၆ ရက်မှာတော့ မခံမရပ်နိုင်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ပင်မက ကျောင်းသူ ကျောင်းသားတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြပွဲကို စတင်ခဲ့ကြပါတော့တယ်။ အဲဒီ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကြီးကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းရာက မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဘယ်လိုမှ မေ့ပျောက်လို့မရတဲ့ “မတ်လ ၁၆ ရက် တံတားနီ အရေးအခင်းကြီး” ဖြစ်ပျက်ပါတော့တယ် ခင်ဗျ။

“ငါတို့အတွက် အာဏာပိုင်တွေက ထမီထုတ် နှစ်ထုပ် သုံးထုပ် ပို့ဖို့ စီစဉ်နေပြီ။ အခု ဒီမနက် ချက်ချင်း ပို့လိုက်လိမ့်မယ်။ ငါတို့ ဝတ်မလား ငါတော့ အဝတ်မခံနိုင်ဘူး။ ရန်ကုန်တက္ကသိုလ်က ကိုလိုနီခေတ်ကတည်းက စပြီးတော့ သမိုင်းအစဉ်အလာ အင်မတန်ကြီးတဲ့နေရာ အခု ဒီကျောင်းက ကျောင်းသားတွေဖြစ်တယ်။ အခု ငါတော့ လက်မခံဘူး။ သူတို့နဲ့ ပူးပေါင်းမယ်။ အဲဒီတော့ အခု မဆလ ကို ဆန့်ကျင်တယ်လို့ အော်ဟစ်ပြီးတော့ အဓိပတိလမ်းကို ပြန်ချီတက်ကြတယ်။

Wednesday, March 23, 2011

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂုဏ်ပြုအစီအစဉ် (ရဲဘော်ဖိုးသံချောင်း) - နိဂုံးပိုင်း

တကယ်တော့ ဆရာကြီးကို ကွန်မြူနစ်များက ကြည်ညို၊ ဖဆပလ ကလည်း လေးစား၊ ဒါကြောင့် သူဟာ နှစ်ဖက်အကြားမှာ တကယ်ဝင်နိုင်သူ ဖြစ်ပါတယ်၊ အာဏာရနေတဲ့ အစိုးရထဲမှာရော၊ တောထဲက လူတွေထဲမှာရော အားလုံးက သူ့ တပည့်တွေ၊ သူ့ တိုက်ဖော်တိုက်ဖက်တွေ ဖြစ်နေတယ်။

သူ ပြောရင် မငြင်းဝံ့တဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီတုန်းက အခြေအနေနဲ့ အခုအခြေအနေက အများကြီး ကွာပါတယ်။ အခုကာလက အဲဒီလို မဟုတ်ဘူး၊ ကြားဝင်နိုင်တဲ့ ဆရာကြီးလို သြဇာရှိတဲ့ပုဂ္ဂိုလ် မရှိဘူး၊ အခု ကြားဝင်တယ်ဆိုတာက ရာဇာလီလို ပုဂ္ဂိုလ်ဖြစ်နေတယ်။ သူက နိုင်ငံခြားသား၊ နောက် သူ့ကိုယ်ကျိုးကလည်း တလှေကြီး ရှိတယ်။

Tuesday, March 22, 2011

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂုဏ်ပြုအစီအစဉ် (ရဲဘော်ဖိုးသံချောင်း) - ၁


"တောထဲက လူတွေကို ပြန်ခိုင်း၊ နောက်ကနေ ထိုးစစ်တွေ လိုက်ဆင်၊ မြို့ပေါ်မှာကျတော့ အကုန်လုံး လိုက်ဖမ်း၊ တောထဲကို မောင်းပို့၊ အဲဒီလိုနဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း အဖမ်းခံသူ ခံရ၊ ပြေးသူပြေးရ ဖြစ်ကုန်ပါတယ် ..."

သူရဲ့သက်တမ်းနဲ့အမျှ ကျင်လည်ရတဲ့ ခရီးကြမ်းကြီးတလျောက်မှာ သူနဲ့ လုပ်ဖော်ကိုင်ဖက် အမြောက်အများမှာ သူလို့ အတွေးအခေါ် မပြောင်းလဲနိုင်တဲ့အတွက် ပြတ်ကျန်ခဲ့တာတွေ၊ ခွဲထွက်သွားတာတွေ၊ အများကြီး ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ဆရာကြီးကတော့ သမိုင်းက ပြဋ္ဌာန်းလာတဲ့ အရေးတော်ပုံသစ်တွေ၊ တိုက်ပွဲသစ်တွေအတွက် အယူအဆသစ်တွေကို လက်ခံပြီး လူငယ်တွေ၊ အင်အားအသစ်တွေနဲ့ လက်တွဲပါတယ်။

ဆရာကြီးက အသစ်ကို ဘယ်လောက်အထိ လက်ခံနိုင်စွမ်းရှိသလဲဆိုလိုရှိရင် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ သူအရင်တုန်းက တွဲခဲ့တဲ့ ဒိုင်အာခီ စေ့စပ်တွဲခဲ့တဲ့ လူကြီးတွေနဲ့ခွဲပြီးတော့ အမျိုးသားကျောင်း ထောင်ခဲ့တာရယ်၊ အမျိုးသားကျောင်းမှာ ဝင်ပြီးလုပ်ခဲ့တာ၊ လူငယ်တွေနဲ့ တွဲခဲ့တာ၊ တို့ဗမာအစည်းအရုံးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ်တွေနဲ့ တွဲခဲ့တာ၊ နောက်ဆုံး လွတ်လပ်ရေး ဒီဘက်ခေတ်မှာကိုပဲ အဲဒီခေတ်က တိုးတက်တဲ့လူငယ်တွေဖြစ်တဲ့ ဗန်းမော်တင်အောင် တို့၊ ဒဂုန်တာရာတို့လို လူငယ်တွေနဲ့ တွဲတာ၊ နောက်ပြီး ဗိုလ်မှူးချုပ်ကျော်ဇောတို့၊ ဝတ်လုံထွန်းတင်တို့လို ပုဂ္ဂိုလ်တွေနဲ့တွဲတာ ဒါ ဆရာကြီးရဲ့ အသစ်အင်အားစုကို လက်ခံနိုင်စွမ်းရှိမှု၊ အမှားအမှန် ခွဲနိုင်စွမ်းရှိမှုကိုပြသတဲ့ သာဓကတွေဖြစ်ပါတယ်။

Monday, March 21, 2011

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂုဏ်ပြုအစီအစဉ် (ရဲဘော်ဖိုးသံချောင်း)

ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ကျနော်တို့ဗမာနိုင်ငံမှာ တခေတ်ထွန်း တယောက်ပေါ် ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ သူ့ကို ဗမာပြည်နိုင်ငံရေး လိုအပ်ချက်က ပြဋ္ဌာန်းဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ သူလို့လူ နောက်ထပ် မပေါ်နိုင်တော့ပါဘူး။ ဆရာကြီးရဲ့ ဂုဏ်ပုဒ်တွေကို ပြောမယ်ဆိုလို့ရှိရင် အများကြီးပါ။

စာပေပညာရှင်ကြီးအနေနဲ့ ပြောမလား၊ လွတ်လပ်ရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်ကြီးတယောက်အနေနဲ့ ပြောမလား၊ ငြိမ်းချမ်းရေး ဗိသုကာကြီးအနေနဲ့ ပြောမလား ပြောစရာတွေ အများကြီးပါ။

သူဟာ စာပေလောကမှာ၊ သတင်းစာလောကမှာ မီးရှူးတဆောင်သူတဦး ဖြစ်ခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ကျနော်ရှုထောင့်ကပြောရရင်တော့ ဆရာကြီးရဲ့ဂုဏ်သရေဟာ သူရဲ့ နိုင်ငံရေး လုပ်ရပ်တွေကြောင့် ပိုမိုကြီးလာရတယ်လို့ ပြောချင်ပါတယ်။

Sunday, March 20, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၁)

"မနက်ပိုင်းကျတော့ ကျောင်းသားတွေ ပြေးလွှားပြီး ကျန်ခဲ့တဲ့ ဖိနပ်တွေ ကျနော့်ဖိနပ်ပါ ပါသေးတယ်၊ မြမာလာ အဲဒါမျိုးတွေကိုပေါ့။ အားလုံးကို ကျနော်တို့ စုပြီးတော့မှ အုတ်ဂူထဲမှာ ထည့်တယ်။ နောက် ကျနော်တို့ကို ပစ်ထားတဲ့ မျက်ရည်ယို ဗုံးအခွံတို့ ဝင်ဘယ်လ်တန် ၁၂ လုံးဗို့ ကျည်အခွံတို့ကို ကောက်ပြီး အုတ်ဂူအပေါ်မှာ တင်ထားကြတယ်"

အဲဒီနေ့ ၁၃ ရက်နေ့ ညပိုင်းနဲ့ နောက်ရက် ၁၄ ရက်နေ့တွေက အခြေအနေတွေကိုလည်း ကိုကျော်ထင်က အခုလို ပြောပြထားပါသေးတယ်။

“ကြမ်းပြင်ပေါ်မှာ ကြယ်ပုံလေးတပုံက ရှိပြီးသားဗျ။ အဲဒီအပေါ်မှာ ကျနော်တို့ ကြယ်ပုံ အုတ်ဂူလေးတခု ကျနော်တို့ လုပ်လိုက်ကြတယ်။ လုပ်လိုက်ကြတော့ ကျနော်တို့မှာ ဘာတခု ကျန်ခဲ့သလဲဆိုတော့ ကိုဖုန်းမော်ရဲ့ တိုက်တိုက်ဆိုင်ဆိုင်ပေါ့ဗျာ။ 

အဲဒီအချိန်တုန်းက ကိုဖုန်းမော်ရဲ့ ဒီ ကယ်မီကယ် တံဆိပ်ပါတဲ့ ဋ္ဌာနတံဆိပ်ပါတဲ့ အင်္ကျီလေး ဝတ်ထားတယ်ဗျ။ ကြည့်လိုက်တော့ အဲဒီအင်္ကျီလေးမှာ သွေးတွေစွန်းသွားတာကိုး။ အဲဒီ ကိုဖုန်းမော်ရဲ့ ဒီ ကယ်မီကယ်ဋ္ဌာန တံဆိပ်ပါ တီရှပ်လေးကို ကျနော်တို့ ယူခင်းလိုက်နိုင်တယ်။ အဲဒီဟာကို အုတ်ဂူလေးထဲမှာ ကျနော်တို့ ထည့်ထားနိုင်တာပေါ့ဗျာ။ 

Friday, March 18, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု

၂၀၀၅ ခုနှစ် မတ်လမှာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို ပြန်လည်ဖော်ပြပါတယ်။

ဒီကနေ့ မတ်လ ၁၃ ရက်နေ့ဟာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတာ ၁၇ နှစ်ပြည့်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ဒီကနေ့ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခင်းအကျင်းများတွေကလည်း လွန်ခဲ့တဲ့ ၁၇ နှစ်၊ မတ်လ ကိုဖုန်းမော် ကျဆုံးခဲ့ရတာနဲ့ တိုက်ရိုက် ဆက်စပ်နေသည်ဆိုရင်လည်း မမှားပါဘူး။

ဒါပေမယ့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံ၊ ဒီမိုကရေစီ ဆိတ်သုဉ်းနေတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၇ နှစ်ကာလက ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ဒီကနေ့ခေတ် လူငယ်မျိုးဆက်သစ် ကျောင်းသူကျောင်းသားတွေက သိချင်မှ သိရပါလိမ့်မယ်။

အဲဒီအတွက် လွန်ခဲ့တဲ့ ၁၇ နှစ်က ကျောင်းသားလှုပ်ရှားမှုတွေကို အဓိက ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆက်သွယ်မေးမြန်းပြီး မတ်လ ကျောင်းသားလှုပ်ရှားမှု အထူးအစဉ်အဖြစ် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ကျောင်းသားခေါင်းဆောင်တွေရဲ့ ပြန်ပြောင်းပြောပြချက် သုံးသပ်ချက်တွေကို ထုတ်လွှင့်မပေးခင်မှာ မတ်လရဲ့ ထူးခြားတဲ့ ဝိသေသကို ကျနော်တို့ လေ့လာကြည့်ရအောင်လား ခင်ဗျ။

Friday, November 5, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (နိဂုံးပိုင်း)

မျိုးတို့ တဆက်ပြီး တဆက်

ကိုကိုးကျွန်းသို့ပို့ခံခဲ့ရခြင်း၊ ကျွန်းမှလွတ်မြောက်ရေးအတွက် ကြိုးစားရုန်းကန်ခြင်း မှတ်တမ်းကို ပြန်လည်ရေးသားရာတွင် ကိုကိုးကျွန်း၏နိုင်ငံရေးဘဝ၊ ကိုကိုးကျွန်း ၏ရှုပ်ထွေးသော နိုင်ငံရေးဆက်ဆံမှု၊ ကိုကိုးကျွန်း၏ နိုင်ငံရေး တိုက်ပွဲများ၊ ပါတီတွင်းတိုက်ပွဲများ၊ ကိုကိုးကျွန်း၏ နိုင်ငံရေးအကျဉ်းစခန်း တခုလုံး၏ အခြေအနေ အစိတ်အပိုင်းမျှသာ ရှိပါသေးသည်။

ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းစခန်းတခုလုံး၏ အခြေအနေ၊ အဖြစ်အပျက်များကို အခြားခြားသော ကျွန်းပို့ခံရသည့် ဘဝတူများက ၎င်းတို့အသီးသီး၏ ပါဝင်လှုပ်ရှားခဲ့သော အခန်းကဏ္ဍများသည်လည်း ကိုယ်စီကိုယ်ငှ ရှိကြပါသည်။ ဤအဖြစ်အပျက်၊ ဤမှတ်တမ်းတို့သည်လည်း စစ်အာဏာရှင်စနစ် လုံးဝ ကျဆုံးပြီးမှသာလျှင် တိုင်းပြည်သို့ ပြည်သူများထံသို့ တင်ပြနိုင်ကြမည်ဖြစ်ပါသည်။

ကျနော်တို့ ကျွန်းမှထွက်ပြေးခဲ့ပြီးနောက်ပိုင်းတွင် အစာငတ်ခံတိုက်ပွဲကြီး ၂ ပွဲ ထပ်မံဖြစ်ပွားခဲ့ပါသေးသည်။ ရက် ၅၀ အကြာ အစာငတ်ခံတိုက်ပွဲ၊ ၅၂ ရက်ကြာ ကိုကိုးကျွန်း အကျဉ်းစခန်းဖျက်သိမ်းရေး၊ ပြည်မ သို့ပြန်ပို့ရေး စတုတ္ထအကြိမ် အစာငတ်ခံတိုက်ပွဲကြီးများ ဖြစ်ပျက်ခဲ့ပါသည်။

ကိုကိုးကျွန်း အကျဉ်းစခန်းဖျက်သိမ်းရေးတိုက်ပွဲသည် မြန်မာပြည်အကျဉ်းထောင် သမိုင်းတွင် အစာငတ်ခံတိုက်ပွဲဝင် ရဲဘော်ဦးရေ အများဆုံးနှင့် စုစည်းညီညွတ်စွာ တိုက်ပွဲဝင်ခဲ့မှုသည်။ မြန်မာပြည် အကျဉ်းထောင် တိုက်ပွဲသမိုင်းတွင် ဤတကြိမ် သာရှိခဲ့ဖူးပါသည်။

ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းစခန်း ဖျက်သိမ်းရေးတိုက်ပွဲတွင် ကျွန်းအာဇာနည် သူရဲကောင်း ၈ ဦး ရဲရင့်ပြတ်သားစွာ အသက်ပေးလှူ တိုက်ပွဲဝင်ခဲ့ကြပေသည်။ ဥပမာအားဖြင့် ကျွန်းဖျက်သိမ်းရေးတိုက်ပွဲ အာဇာနည် ၈ ဦးထဲမှ တဦးဖြစ်သူ ရဲဘော်ကိုလတ်သည် ကျဆုံးခါနီးအချိန်တွင် ညာဘက်လက်ကို ဖြည်းညင်းစွာ အားယူမြောက်ပြီး နောက်ဆုံး အလေးပြုသွားခဲ့သည်။

တပြိုင်နက်တည်းမှာပင် သူ၏ ဦးခေါင်းသည် ခေါင်းငိုက်ကျသွားပြီး အသက်ဝိဉာဉ် စွန့်သွားခဲ့လေသည်။ ဤသူရဲကောင်းများသည် သေရွာသွားသည်ကို အိမ်ပြန်သည့် အလား တည်ငြိမ်အေးဆေးစွာ ရပ်တည် တိုက်ပွဲဝင်သွားခဲ့ကြပေသည်။

ဤကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျောင်းသားလူငယ်များ၊ အလုပ်သမားများ၊ အမှုထမ်းများ၊ ဗမာ့တပ်မတော်မှ တော်လှန်သည့် ရဲဘော်များ စသည်ဖြင့် လူတန်းစားပေါင်းစုံ စုစည်းညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြပေသည်။

မဆလ စစ်အစိုးရသည် ကိုကိုးကျွန်းအကျဉ်းစခန်းကို ဖျက်သိမ်းခဲ့ရပြီး နိုင်ငံရေးအကျဉ်းများကို ပြည်မသို့ ပြန်ခေါ်ခဲ့ရပေသည်။ ကျနော်တို့သည် ရန်သူ၏ ဖိနှိပ်ညှဉ်းပန်းမှုအောက်မှ လွတ်မြောက်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရာတွင် ကျနော် ငယ်ရွယ်နုပျိုသောဘဝတွင် လူငယ်တယောက်၏ အားမာန်၊ ဇွဲသတ္တိ၊ လုံ့လ ဝီရိယ စသည့် ရှေးအစဉ်အဆက်သော လူငယ်၏ ကောင်းမြတ်သော သဘာဝအတိုင်း ကျနော်၏ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အမျိုးသားအတွက်၊ ပြည်သူအတွက်၊ တော်လှန်ရေးအတွက် အလုပ်အကျွေးပြုခဲ့ပါသည်။

ဗမာပြည် စစ်အာဏာရှင်စနစ်ကြီးစိုးမှု ကျဆုံးရေးအတွက် တိုက်ပွဲဝင်ရာတွင် မျိုးဆက်များ တဆက်ပြီးတဆက် တိုက်ပွဲအလံကို လက်ဆင့်ကမ်းသယ်ဆောင် တိုက်ပွဲဝင်ခဲ့ကြဝင်နေဆဲဖြစ်ပေသည်။

ကျနော်တို့မျိုးဆက် လွန်ခဲ့ပြီးနောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ တိုက်ပွဲကြီးတွင် တပ်ဦးမှ ခွပ်ဒေါင်းအလံကို လွှင့်ထူချီတက် တိုက်ပွဲဝင်ခဲ့ပြီး ရဟန်း ရှင် လူ ပြည်သူတရပ်လုံးပါဝင်အောင် စည်းရုံး တိုက်ပွဲဝင်ခဲ့ကြသူများမှာလည်း ပျိုမျစ်လန်းဆန်း တက်ကြွသော မျိုးဆက်သစ် ကျောင်းသားလူငယ်များပင် ဖြစ်ပါသည်။

၈၈ မျိုးဆက် တိုက်ပွဲဝင်ရဲဘော်များနှင့် ကျနော်တို့သည် ယခုအချိန်တွင် စည်းစည်းလုံးလုံးဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတိုက်ပွဲတွင် လက်တွဲ တိုက်ပွဲဝင်လျှက် ရှိနေကြပေသည်။

၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ၏တိုက်ပွဲသည် ဗမာပြည် တော်လှန်ရေးအား ကြီးမားစွာ အလုပ်အကျွေးပြုခဲ့ပါသည်။ ဤတိုက်ပွဲ၏ အကျိုးဆက်အဖြစ် တိုင်းရင်းသားအသီးသီးတို့၏ အမျိုးသားရေးတိုက်ပွဲနှင့် ဒီမိုကရေစီတိုက်ပွဲဝင် အင်အားစုကြီး ၂ ရပ် ပေါင်းစည်းပေးနိုင်ခဲ့ပေသည်။

အမျိုးသားလက်နက်ကိုင်တော်လှန်ရေးနှင့် ဒီမိုကရေစီတိုက်ပွဲဝင် အင်အားစုကြီး ၂ ရပ်၏ ပေါင်းစည်းနိုင်ရေးအတွက် ဆယ်စုနှစ် ၄ စုကြာမျှ ကြိုးပမ်းတိုက်ပွဲဝင် ခဲ့ရပေသည်။ အဆက်ဆက်သော ဖောက်ပြန်သည့် အုပ်စိုးသူများ၊ စစ်အာဏာရှင် များသည် တိုက်ပွဲဝင်အင်အားစုကြီး ၂ ရပ် ပေါင်းစည်းခြင်း မပြုနိုင်အောင် အင်အားကြီးမားစွာ ပိတ်ဆို့ခဲ့ပေသည်။

ဤတိုက်ပွဲဝင် အင်အားစုကြီး ၂ ရပ်အား ပေါင်းစည်းပေးနိုင်ခဲ့ခြင်းသည် မဝေးတော့သောတချိန်တွင် စစ်အာဏာရှင်စနစ် ကျဆုံးရတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပေသည်။

တော်လှန်သည့် သူရဲကောင်းဝါဒ အဓွန့်ရှည်ပါစေ။ ။

ရဲဘော်ရှောင်း


Friday, October 22, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၆)

ကျနော်အထုပ်ကို ဖြေကြည့်သည်။ ကျနော့် ကရင်အင်္ကျီကို တွေ့သွားသည်။ တပ်ရင်းမှူးက …

“မင်း ဘာလူမျိုးလဲ”

“ကျနော် ကရင်လူမျိုးပဲ”

တပ်ရင်းမှူးက နည်းနည်းပါးပါးမေးပြီး ပြန်ခေါ်သွားခိုင်းသည်။

မနက် ၉ နာရီကျော်လောက်တွင် တင်ရင်းကင်းရုံးသို့ တပ်ရင်းမှူးရောက်လာ ပါသည်။ ကင်းမှူးကိုခေါ်ပြီး ကျနော့်ဒဏ်ရာကို ဆေးထည့်ခိုင်းသည်။ သွေးပေနေသောအင်္ကျီကို လျှော်ခိုင်းသည်။ လက်ကိုချည်ထားသော ကြိုးကို ဖြေခိုင်းသည်။

နောင်အခါတွင်သိရသည်မှာ ထိုစဉ်အခါက တပ်ရင်းမှူးလုပ်ခဲ့သူမှာ ကရင်အမျိုးသားဟု သိရသည်။ ကျနော့်ကို သူတတ်နိုင်သည့်ဘောင်အတွင်းမှ ကူညီခဲ့ခြင်းပင်ဖြစ်လေသလားဟု စဉ်းစားမိသည်။

ကင်းမှူးက ကျနော့်ကို တိရိစ္ဆာန်တကောင်လို သဘောထားဆက်ဆံရာမှ တပ်ရင်းမှူးက ကောင်းကောင်းမွန်မွန် ဆက်ဆံသည့်အတွက် သူ့လက်အောက်မှ လူများသည် ကျနော့်ကို ရိုင်းရိုင်းပြပြ မဆက်ဆံတော့ပါ။

အကျဉ်းထောင်သို့ တကျော့ပြန်

သံဖြူဇရပ် ခလရ ၃၀ တပ်ရင်းအချုပ်တွင် တပါတ်နေခဲ့ရသည်။ ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် ဗိုလ်ကြည်ဝင်း ကိုယ်တိုင်ဦးစီး၍ တပ်ကြပ်ကြီး တယောက်၊ စစ်သား ၅ ယောက် လှံစွပ်ကိုယ်စီတပ်၍ ကျနော့်ကို လက်ထိပ်ခတ်ပြီး သံကြိုးစကိုကားနဲ့တွဲပြီး တဖန် သော့ခတ်ပြန်သည်။ မော်လမြိုင်ထောင်သို့ လာပို့သည်။

မော်လမြိုင်ထောင်၏ ကြိုးတိုက်ကလေး၊ အချုပ်ခန်း အခန်းနံပတ် ၁ တွင် ကျနော့်ကိုချုပ်သည်။ ကျနော့်ခေါင်းသည် မူးဝေနောက်ကျိနေပါသည်။ ကျနော် လှဲလောင်းနေသော ကြိုးတိုက်အခန်းကျဉ်းသည် ကျနော့်ရင်ကို ပို၍ မွန်းကျပ်စေသည်။ ကျနော် မောပန်းနေပါသည်။ ကျနော် အုတ်နံရံကိုမှီပြီး အမောဖြေနေသည်။ အနီးတွင်တွေ့ရသော သံချောင်းလေးနှင့် အုတ်နံရံကို ရေးခြစ်လိုက်သည်။

‘သံဓိဋ္ဌာန်ချ အသက်စွန့်ရန် မကြောက်၊ အခက်အခဲ ဖယ်ရှား အောင်ပွဲအရယူ’
၁၀-၁၀-၁၉၇၀ ခုနှစ်

တော်လှန်ရေးသမားတိုင်း တော်လှန်ရေး ဆက်လုပ်ကြ
(အားနက်စကို ချီဂွေဗားရား)

လွန်ခဲ့သည့်ရက်များက ဖြတ်သန်းခဲ့ရသည့် ကြမ်းတမ်းပြင်းထန်လှသော အဖြစ်အပျက်များက ကျနော့် အတွေးအာရုံတွင် ပြန်ပေါ်လာကြသည်။ ဖထီးမန်းအောင်ကြည်၊ ဆရာ ဦးအောင်ငွေ သူတို့ လွတ်မြောက်ကြရဲ့လား။ တိုက်ပွဲဟာ အဆုံးအရှုံး များတယ်။ ဆက်ပြီး တိုက်ရဦးမယ်။

ကြိုးတိုက်အချုပ်ခန်း၏ အပေါက်ဝသံတိုင်တွင် မှီထိုင်ရင်း အပြင်လောက ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ အောက်တိုဘာ သီတင်းကျွတ်လဆန်း၏ ကောင်းကင်သည် ပြာလဲ့ပြီး လှပကြည်လင်နေသည်။

မိုးငွေ့နည်းသော တိမ်တောင် တိမ်ရိပ်တို့သည် ဖြူဖွေးတောက်ပသောအဆင်းကို ဆောင်ယူကြလျှက် ဂွမ်းပုံ ဂွမ်းလိပ်ကြီးများပမာ အားနည်းလာပြီဖြစ်သော အနောက်တောင်လေကို ဟီးလေးခိုကာ အုပ်စုဖွဲ့လျှက် တအိအိ ရွှေ့လျားနေကြလေ၏။

“ဒို့ရဲဘော်များဟာ အခက်အခဲတွေ့လျှင် အောင်မြင်မှုကို ကြည့်ရမယ်။ နေရောင်ခြည်ကို မြင်ရမယ်။ ဒို့ရဲ့စိတ်ဓာတ် ရှင်သန်နေရမယ်”

ရဲဘော်ဖိုးသံချောင်းတို့ မန္တလေးမှရဲဘော်များ ပြည်တော်ညွန့်သင်္ဘောပေါ်တွင် ပထမဆုံးသီဆိုခဲ့သော သီချင်းသံကို ပြန်လည်ကြားယောင်လာပါသည်။

၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်
တနင်္လာနေ့။


၁၉၆၀ ခုနှစ်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်

ကေအဲန်ယူ၊ ကရင့်လက်နက်ကိုင် တော်လှန်ရေး
ရှေ့တန်းပြောက်ကျားဒေသ တနေရာ


ဆက်လက်ဖော်ပြပါမည်။


Saturday, October 16, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၅)

ည ၉ နာရီအချိန်လောက်တွင် ကျနော့်ကို စစ်သား ၅ ယောက်၊ ၃ ရစ်နဲ့စစ်သားက ဦးဆောင်ပြီး လာခေါ်ထုတ်သွားသည်။ ခေါင်းမူးနေသည်။ ကျနော် လမ်းလျှောက်၍မကောင်းပါ။ ညသည် မှောင်နေသည်။

ဒီနေ့ အောက်တိုဘာ ၃ ရက်၊ သီတင်းကျွတ်လဆန်းကလည်း ၃ ရက်နေ့၊ မှောင်မိုက်သော်လည်း ကောင်းကင်မှာ ကြယ်တွေအချို့ လင်းနေသည်။ ကျနော် ကောင်းကင်ကို တချက်မော့ကြည့်သည်။

ဒါဟာ ငါ့အတွက် နောက်ဆုံးအချိန်လား၊ ကျနော် ရုန်းကန်ချင်ပါသေးသည်။ ကျနော့်မှာ အားမာန် ရှိနေပါသေးသည်။ သို့သော် ကျနော့်ရုပ်ခန္ဓာကိုယ်က မဟန်နိုင်တော့ပါ။ ကျနော့် ဘာလုပ်သင့်သလဲ။ ကျနော် စဉ်းစားကြည့်သည်။ စဉ်းစား၍ အဖြေမပေါ်ပါ။ အခြေအနေကို ကျနော် ဖန်တီးဖို့ ကြိုးစားပြန်သည်။

“ကျနော် သေးပေါက်ချင်တယ်”

“သေးပေါက်ချင်ရင် လမ်းပေါ်မှာပဲ ထိုင်ပေါက်၊ လမ်းဘေးကို မဆင်းနဲ့”

၃ ရစ်နဲ့စစ်သားက အမိန့်ပေးသည်။ ကျနော် လမ်းပေါ်မှာပဲ ထိုင်၍ပေါက်သည်။ အမှန်က ကျနော် သေးပေါက်ချင်သည် မဟုတ်ပါ။ အချိန်အနည်းငယ် ယူချင်သည်။ ရသည့်အချိန်ကလေးတွင် မှန်မှန်ကန်ကန် စဉ်းစားပြီး ဆုံးဖြတ်ချက်တခုကို ချရန်ဖြစ်သည်။ ကျနော် လမ်းပင်ကောင်းကောင်း မလျှောက်နိုင်ပါ။ ကျနော့်ဘဝသည် ရန်သူလက်ထဲ၊ ကံကြမ္မာလက်ထဲသို့ ဝကွက်ရတော့မည့်အခြေသို့ ရောက်လာသည်။

၃ ရစ်နှင့်စစ်သားက ကျနော့်ကိုထခိုင်းပြီး ဆက်လျှောက်ခိုင်းသည်။ မီးလင်းနေသော အဆောက်အဦတခုထဲသို့ ခေါ်လာသည်။ အခန်းတခုထဲသို့ ဝင်ခိုင်းသည်။ ယူနီဖောင်းနှင့် စစ်ဗိုလ် ၂ ဦး၊ ၃ ဦး အခန်းထဲတွင် ရှိနေသည်။ ရေးတွင် ကျနော့်ကို စစ်ခဲ့သော တပ်ရင်းထောက်လှမ်းရေးအရာရှိ ဗိုလ်ကြည်ဝင်းလည်း ရှိနေသည်။ ဒုဗိုလ်မှူးအဆင့် တပ်ထားသော တပ်ရင်းမှူးလုပ်သူက စမေးသည်။

“မင်းတကိုယ်လုံး သွေးတွေချည်းပါလား၊ ဘာဖြစ်လို့လဲ”

“ဝိုင်းရိုက်ကြလို့ သွေးတွေပေကုန်တာ”

“ဘာဖြစ်လို့ ဝိုင်းရိုက်တာလဲ”

“သေနတ်လုလို့ ဝိုင်းရိုက်တာ ထင်တာပဲ”

“ဘာဖြစ်လို့ သေနတ်လုရတာလဲ”

“ကျနော်ဟာ သေလူပဲ၊ ကျနော်လွတ်မြောက်ဖို့အတွက် ရုန်းကန်ရမှာပဲ”

“မင်းကို မသတ်ချင်လို့ ဒီအထိခေါ်လာတာပေါ့ကွ၊ သတ်ချင်ရင် တောထဲမှာကတည်းက သတ်ပစ်လိုက်မှာပေါ့”

အမှန်က သူတို့သဘောကောင်း၍ ခေါ်လာခြင်းမဟုတ်ပါ။ ကျနော် ဘာကောင်မှန်း အသေအချာမသိ၍ ခေါ်လာခြင်းသာ ဖြစ်သည်။

တပ်ရင်းမှူးလုပ်သူက ဆက်မေးပြန်သည်။

“ကဲ… အချိန်သိပ်မရှိဘူးကွာ၊ မင်းတို့ ဘာလို့ထွက်ပြေးသလဲ ပြောစမ်း”

ကျနော် အတိုချုံး၍ ပြောပြသည်။ သူက ဆက်မေးပြန်သည်။

“ဘယ်သူတွေပါလဲ”

“ဖထီးမန်းအောင်ကြည်နဲ့ ဦးအောင်ငွေ”

“သူတို့ဘယ်မှာနေသလဲ”

“ဖထီးမန်းအောင်ကြည်က ဝါးခယ်မ၊ ဦးအောင်ငွေက မုန်း က”

ဤတွင် တပ်ရင်းမှူးက ဗိုလ်ကြည်ဝင်းမျက်နှာကို ကြည့်လိုက်ပြီး …

“ဗိုလ်ကြည်ဝင်း၊ အောင်ငွေက မုန်းကလို့ ပြောတယ်ကွ၊ မင်းအမျိုးများဖြစ်နေမလား”

ဗိုလ်ကြည်ဝင်းမျက်နှာကို ကွက်ခနဲကြည့်လိုက်ရာ ဗိုလ်ကြည်ဝင်းမှာ မျက်နှာတချက်ပျက်သွားသည်။ သူ ချက်ချင်း သတိထားလိုက်သည်။

ဆက်လက်ဖော်ပြပါမည်။


Monday, October 11, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၄)

ရထားရပ်သွားသည်နှင့် စစ်သားများက ကျနော့်ကို ရထားအောက်ဆွဲချပြီး ဝိုင်းရိုက်ကြပါတော့သည်။ ကျနော့်ခေါင်း နောက်စေ့ကို ဒုတ်ခနဲ ထိပြီး ခေါင်းမှာ ပူခနဲ ဖြစ်သွားသည်။ ကျနော် စိုက်ကျသွားပါသည်။ ကျနော် ဘာမျှ သတိမရာတော့ ပါ။ ဘယ်လောက်ကြာသည်လည်း မသိပါ။

“ဟေ့ကောင်၊ ထ … ထ”

ဆိုသော အသံကြားရပြီးနောက် ကျနော် ကုန်းထပါသည်။ ကျနော် နှာခေါင်းထဲ ကရော၊ ပါးစပ်ထဲကရော သွေးတွေ တရဟောစီးကျနေသည်။ နောက်တချက် ထပ်ရိုက်ခံရသည်။ နောက်ထပ် သတိလစ်သွားပြန်သည်။

ကျနော် သတိပြန်ရချိန်တွင် ကျနော် ရထားတွဲပေါ်ရောက်နေပြီး ခွေခွေလေး ဖြစ်နေသည်။ လက်ကို နောက်ပြန်ကြိုးတုပ်ထားသည်။ ကျနော့်တကိုယ်လုံး သွေးတွေနှင့်ရွှဲနေသည်။ ရထားသည် ဆက်သွားနေသည်။ နာရီဝက်နီးပါးလောက် အကြာတွင် သံဖြူဇရပ်ဘူတာသို့ရောက်ပြီး ရထားဆိုက်သည်။

ဘူတာရုံတွင်ရှိသော ခရီးသည်များက “တကျွန်းပြန်” “တကျွန်းပြန်” ဆိုပြီး ကျနော့်ကို ဝိုင်းအုံကြည့်ကြပါသည်။ သွေးတွေနှင့်တကိုယ်လုံး လူးနေသော ကျနော့်ကို အမျိုးသမီးများက တွေ့သွားသောအခါ သူတို့လန့်သွားကြပြီး ချက်ချင်းပင် ကပျာကယာ ပြန်လှည့်သွားကြသည်။

ကျနော့်ကို ရထားတွဲ ပေါ်မှတွဲချပြီး စစ်ကားတစီးပေါ်သို့တင်သည်။ ခဏအကြာတွင် သံဖြူဇရပ် ခလရ ၃၀ တပ်ရင်းထဲသို့ ကားမောင်းဝင်သွားသည်။ တပ်ရင်းထဲရောက်သည်နှင့် တပ်ရင်း ကင်းရုံသို့ခေါ်သွားသည်။ စစ်သား အချုပ်ခန်းထဲသို့ သွင်းလိုက်သည်။

ကျနော် မူးနေသည်။ ယိမ်းယိုင်ဝင်သွားသည်။ အချုပ်ခန်းထဲတွင် အချုပ်ကျနေသော စစ်သားများက ကျနော့်ကို ဝိုင်းပြီး ထိုးကြိတ်ကြပြန်သည်။ လွန်ခဲ့သော အချိန်ပိုင်းကလေးကမှ ရိုက်နှက်ထိုးကြိတ်ခံရမှုကြောင့် ကွဲပြဲပြီး သွေးထွက်သံယိုဖြစ်ခဲ့ရသည်။

ယခု သွေးထွက်ရပ်သွားပြီး အခု နောက်ထပ်တဖန် အချုပ်ခန်းထဲရောက်မှ စစ်သားများက ထပ်ပြီး ဝိုင်းရိုက်၊ ထိုးကြိတ်ကြပြန် သည့်အတွက် သွေးတွေ ထပ်ထွက်ပြန်ပါသည်။ ကျနော် ခွေလဲကျသွားသည်။ ခြေထောက်နှင့် ဝိုင်းကန်ကြပြန်သည်။ တဖန် ကျနော် သတိမေ့သွားပြန်သည်။

ကျနော် ပြန်သတိရလာသည့်အချိန်တွင် ကင်းမှူးလုပ်သည့် ၂ ရစ်နှင့်စစ်သားက ကျနော့်ကို ထုတ်သတ်ချင်သည်မှာ လက်ယားနေပါသည်။ ဆဲဆိုလိုက်တာကလည်း မအေ၊ နှမ မိုးမွှန်နေပါသည်။ ပြီးတော့မှ သူက ပြောသည်။

“ဟေ့ကောင် … မင်းအချုပ်ခန်းထဲကို မဝင်နဲ့၊ မင်းနဲ့ အချုပ်ခန်းနဲ့ မတန်ဘူး”

“အဲဒီ ဖိနပ်တွေချွတ်တဲ့ ဖိနပ်ချွတ်မှာ မင်း အိပ်”

“ဒီဖိနပ်ချွတ်နေရာမှာပဲ မင်းနဲ့တန်တယ်”

ကျနော့်ကို လက်ပြန်ကြိုးတုပ်ထားရာမှ ကြိုးဖြေပြီး ရှေ့တွင်လက်ကိုပြောင်း၍ ချည်သည်။ ပြီးတော့မှ ကင်းမှူးက ကျနော့်ပါးကို တအားလွဲရိုက်လိုက်သည်။ အချုပ်ခန်းထဲ အဝကို ဆောင့်ကန်သွင်းသည်။ ကျနော် ခေါင်းမူးလှပါသည်။ လှ၍အိပ်ချင်သည်။

ကျနော့်ကို အိပ်ခိုင်းသည့်နေရာမှ ဖိနပ်ချွတ်၊ ဖိနပ်တွေချွတ်ထားသည့်နေရာ။ ကျနော်ခဏလေး လှဲချင်သည်။ မဟန်နိုင်တော့ပါ။ ဖိနပ်တွေချွတ်ထားသည့် ဖိနပ်ပုံပေါ်တွင် ကျနော်လှဲအိပ်လိုက်သည်။ ဘယ်ဘက်နှင့် ညာဘက်ကိုသာ စောင်း၍ အိပ်ရသည်။ ပက်လက်အိပ်၍ မရပါ။ ကျနော်ခေါင်းနောက်စေ့ တည့်တည့်တွင် အရိုက်ခံရသည့် ဒဏ်ရာကြောင့် နောက်စေ့ကွဲပြီး ပက်လက်အိပ်၍ မရပါ။

ကျနော်သည် ခေါင်းအလွန်ကိုက်ပြီး မောပန်းနွမ်းချိနေသည်။ ကျနော့်ခေါင်းထဲတွင် သွေးတွေခဲပြီး အတောင့်လိုက်ဖြစ်နေသည်။ သွေးခဲများကို ကလော်ထုတ်ရသည်။ မူးဝေမောပန်းနေသည်။ သည့်အတွက် ခွေခွေကလေး မှိန်းပြီးနေရသည်။

ဆက်လက်ဖော်ပြပါမည်။


Wednesday, October 6, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၃)

သံဓိဋ္ဌာန်ချ၊ အသက်စွန့်ရန်မကြောက်

အခွင့်အလမ်းသည် ကျနော့်အတွက် ပို၍သာပါသည်။ ကျနော့်ဘေးတွင် ထောင်ထားသော ဂျီသရီးကို ကောက်ယူပြီး တွဲအောက်ခုန်ချရုံဖြင့် ကျနော် အလွယ်တကူပင် လွတ်မြောက်သွားပါမည်။

ဆရာဦးအောင်ငွေ ဘာဖြစ်မည်နည်း။ ကျနော့်ကြောင့် ရန်သူ၏ရက်စက် ညှဉ်းပန်းမှုကို မတွေးရဲလောက်အောင် ဖြစ်သည်။ ရန်သူတို့၏လက်တွင် ဆရာဦးအောင်ငွေကို ဝကွက်ပြီး မထားခဲ့ မထားရက်နိုင်ပါ။

ဤမျှပင်ပန်းခက်ခဲကြမ်းတမ်းသော တိုက်ပွဲခရီးစဉ်တလျှောက်လုံး အတူတကွ ရုန်းကန်လာခဲ့ကြပြီးမှ ဤသို့ အခြေအနေမျိုးတွင် ဦးအောင်ငွေကို ရန်သူ့လက်ထဲ တွင် ကျနော် လုံးဝ မထားခဲ့နိုင်ပါ။ သေရင်လည်းအတူ၊ ရှင်ရင်လည်း အတူ ဦးအောင်ငွေကို ကျနော်နှင့်တပါတည်း လွတ်မြောက်အောင် ကယ်တင်မည်။

ကျနော့်ခေါင်းထဲတွင် ကျွန်းမှာ အမြဲသီဆိုခဲ့သော သီချင်းတပုဒ်သည် မည်ဟိန်း၍ ပေါ်လာသည်။

“သံဓိဋ္ဌာန်ချ အသက်စွန့် ရန်မကြောက်၊ အခက်အခဲ ဖယ်ရှား၊ အောင်ပွဲအရယူ၊ သံဓိဋ္ဌာန်ချ အောင်ပွဲရယူ”

သီချင်းမှာ ကျနော့်ခေါင်းထဲမှာ မထွက်တော့ပါ။ ကျနော် သေနတ်ကိုယူပြီး ခုန်ထွက်မည်၊ မောင်းတင်ပြီး ပစ်ချမည်၊ ဦးအောင်ငွေကိုပါ အရကယ်တင်မည်။

ရထားသည် သံဖြူဇရပ်ဘူတာသို့ ရောက်လာပါတော့မည်။ ဦးအောင်ငွေက လှမ်းပြောသည်။ “သံဖြူဇရပ် ရောက်တော့မယ်” ကျနော် သံဓိဋ္ဌာန်ချလိုက်ပါပြီ။ ကျနော့်လေးတွင် ထောင်ထားသော ဂျီသရီးသေနတ်ကိုယူ၍ တွဲပြင်သို့ ခုန်ထွက်လိုက်သည်။ သေနတ်မောင်းကို ဘယ်လက်ဖြင့်ဆွဲတင်ပြီး ဖြောင်းခနဲ ရိုက်ချလိုက်သည်နှင့် အတူ တပြိုင်နက် ကျနော် ထိုးပြီးပစ်ချလိုက်သည်။

ကျနော်လှုပ်ရှားမှုနှင့် မရှေးမနှောင်း စစ်သားသည် “ဒီလိုမလုပ်နဲ့” တခွန်းအော်ပြီး ကျနော့်ကို ခုန်အုပ်သည်။ ကျနော် ထိုးပစ်လိုက်သော သေနတ်ပြောင်းကို လက်နှင့်ပုတ်လိုက်နိုင်သည့်အတွက် ဂျီသရီးသေနတ်သည် ၂ ယောက်ကြားတွင် ကျည်ဆံ “ဝေါခနဲ” “ဝေါခနဲ” ထွက်သွားသည်။

စစ်သားနှင့်ကျနော်သည် လုံးထွေးနေသည်။ ဤတွင် ရေးမှ သံဖြူဇရပ် တပ်ရင်းသို့ ခွင့်နှင့်ပြန်လာသော သေနတ်မပါသည့် အရပ်ဝတ်နှင့် စစ်သား ၃-၄ ယောက်က ကျနော့်ကို ဝင်လုံးသည်။ ၅ ယောက်နှင့် တယောက်လို ဖြစ်နေသည်။ ကျနော့်ကို ထိုးတဲ့အကောင်က ထိုး၊ ကန်တဲ့အကောင်က ကန်နှင့် သေနတ်မှာ သူတို့ လက်ထဲရောက်သွားသည်။

ရထားသည် အရေးပေါ်ရပ်သွားသည်။ ကျနော်လှုပ်ရှားမှုနှင့်အတူ ဦးအောင်ငွေ သည် သူ့ကိုစောင့်သည့် စစ်သား၏ ပေါင်အောက်မှ သေနတ်ကို ကိုင်လိုက်ပြီး တပြိုင်နက်တည်း တွဲအောက်သို့ ဆွဲချသည်။ ၂ ယောက်သား ရထားသံလမ်းပေါ် ကျသွားသည်။ သတိနှင့်ရှိနေသော ဦးအောင်ငွေက စစ်သားမျက်နှာကို ရထားလမ်းခင်းသည့်ကျောက်ခဲနှင့် မျက်နှာကို ၂ ချက် ဆင့်ထုသည်။ စစ်သားမေ့သွားသည်။ သေနတ်ကို ဦးအောင်ငွေ ရသွားသည်။

ရထားရပ်သွားသည့်အချိန်တွင် ဦးအောင်ငွေကို ကျနော်လှမ်းမြင်ရသည်မှာ ကိုက် ၅၀၀ ခန့်ရှိမည်ဟု ထင်ရသည်။ တောင်ကြားတွင် ရထားလမ်းဖောက်ထားသည့် နေရာဖြစ်သည်။ ဆရာဦးအောင်ငွေသည် ဂျီသရီးကို ပုခုံးပေါ်တင်၍ ရထားလမ်းမှ ကုန်းကျောအမြင့်ပေါ်သို့ တက်သွားသည်ကို လှမ်းမြင်ရသည်။ ဤမြင်ကွင်းမှာ ဆရာဦးအောင်ငွေအား နောက်ဆုံး မြင်ရခြင်းနှင့် နောက်ဆုံးခွဲခွာရခြင်းဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။