Showing posts with label လူထုစိန်ဝင်း. Show all posts
Showing posts with label လူထုစိန်ဝင်း. Show all posts

Friday, December 7, 2012

လောကဓမ္မကို လွန်မြောက်သူ (လူထုစိန်ဝင်း)

‘ပျောက်သောသူ ရှာလျှင်တွေ့ သေသောသူ ကြာလျှင်မေ့’ လူတိုင်းပြောဖူးနေကျ ဆိုရိုးစကားတခုပါ။ မကြာခဏလည်း ကြားနေရတာမို့ လွယ်လွယ်ကူကူ ကောက်ခါငင်ခါ ပြောတတ်ကြမြဲ ဖြစ်ပါတယ်။ လောကဓမ္မ ဖြစ်ရိုးဖြစ်စဉ်တခုအဖြစ် မှတ်ယူသဘောပိုက်ထားကြပါတယ်။

အမှန်တရားရဲ့ခြွင်းချက် 

လောကဓမ္မအဖြစ် မှတ်ယူကြရပေမယ့် ခြွင်းချက်အဖြစ်ထားရတဲ့အခါများလည်း ရှိပါသေးတယ်။ အဲဒါကြောင့် ဆိုရိုးစကားအတိုင်း အကြွင်းမဲ့မှန်တယ်လို့ ယူဆလို့ မရနိုင်ပါဘူး။ လောကဓမ္မတာ အမှန်တရားကို လွန်မြောက်တဲ့အရာ၊ လူပုဂ္ဂိုလ်များ လူ့လောကမှာ ရှိစမြဲဖြစ်တယ်။ ဆိုကရေးတီးတို့၊ ပလေတိုတို့၊ အရစ္စတိုတယ်တို့ လွန်ခဲ့တာ နှစ်ထောင်နဲ့ချီ ကြာခဲ့ပေမယ့် သူတို့အမည်နာမဟာ မှေးမှိန်ပျောက်ကွယ် မသွားခဲ့ပါဘူး။ ရှိတ်စပီးယား၊ အလက်ဇန္ဒာဒူးမား၊ ဘိုင်ရွန်၊ ရှယ်လီတို့ လွန်ခဲ့တာလည်း နှစ်ရာချီခဲ့ပြီ။ ဒါပေမယ့် ကမ္ဘာတခုလုံးမှာ သူတို့နာမည်ကို တနေရာမဟုတ် တနေရာမှာ ထုတ်ဖော်ပြောနေကြဆဲ ဖြစ်တယ်။


Wednesday, June 20, 2012

“ပြန်လာပြီဗျို့” (လူထုစိန်ဝင်း)

မြို့ကြီးသားတွေ နားဝင်ချိုအောင် ကိုရီးယားကားတွေထဲက တစ်နေ့လုံးအိမ်ပြင်ထွက်ပြီး အလုပ်သွား၊ ကျောင်းသွားလုပ်ကြတဲ့သူတွေ အိမ်ပြန်ရောက်ကြတဲ့အခါ အိမ်ထဲရောက်တာနဲ့ လူတွေ့တွေ့၊ မတွေ့တွေ့ ‘ပြန်လာပါပြီ’ လို့ နှုတ်ဆက်လေ့ရှိကြတယ်။ အဲဒီလိုနှုတ်ဆက်ဖို့ ပါးစပ်က ရွတ်ကြည့်တယ်။ ပါးစပ်ဖျားက ဝတ္တရားအရထွက်လာတဲ့အသံမို့ ပေါ့ရွှတ်ရွှတ်နဲ့ အားမရှိဘူး။ အဲဒါကြောင့် အညာသားပီပီ အားရှိပါးရှိ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး ‘ပြန်လာပြီဗျို့’ လို့ပဲ ပွဲဦးထွက် နှုတ်ဆက်လိုက်ပါရစေ။

ကိုကိုးကျွန်းက ပြန်ရောက်စ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ‘အလံမလှဲစတမ်း’ ဆိုတဲ့စာအုပ် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခွင့်ရတော့ ‘ဝင်းဇော် ပြန်လာပြီ။ ချောအိမာန် ပြန်လာပြီ’ လို့ သတင်းစာမှာ ကြော်ငြာခဲ့တယ်။ နှစ်ပေါင်း နှစ်ဆယ်လုံးလုံး ထုတ်ဝေခွင့်မရခဲ့တဲ့ ‘အလံမလှဲစတမ်း’ တတိယအကြိမ် ပြန်လည် ထုတ်ဝေခွင့်ရတာနဲ့ မရှေးမနှောင်း လူထုစိန်ဝင်းလည်း နာလန်ထူစပြုလာပြီမို့ တိုက်ဆိုင်စွာ ‘ပြန်လာပြီဗျို့’ လို့ နှုတ်ဆက်လိုက်ရတာ ဖြစ်ပါတယ်။


Saturday, June 2, 2012

ရေးချိန်တန်က ရေးရမှာပဲ (လူထု စိန်ဝင်း)

အမေရိကန်သုံး ဘန်းစကားတွေထဲမှာ မကြာခဏတွေ့ရတတ်တဲ့ Manimal (Man+animal) ဆိုတဲ့ စကားလုံးကို လူတိရစ္ဆာန်လို့ ဘာသာပြန်ပြီး မကြာခဏ ရေးခဲ့ဖူးတယ်။ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေလို့ လူလို့ခေါ်နေကြရပေမယ့် စိတ်ဓာတ်နဲ့ အကျင့်စရိုက်က တိရစ္ဆာန်အရိုင်းအစိုင်းနဲ့ ချွတ်စွပ်တူနေတဲ့ လူမျိုးတွေကို လူလို့ မခေါ်ထိုက်ကြောင်း ရေးတာ ဖြစ်ပါတယ်။

နဖူးလက်တင် စဉ်းစားဖို့မလို 

တချို့က လူပဲ ဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတတ်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်ထွန်းကားတဲ့အဆင့်မျိုးကို မရောက်သေးတာ တစ်ကြောင်း၊ ဗြဟ္မစိုရ်တရားလေးပါးကို အလေးထားတဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းမှာ နေထိုင်ခြင်းပြုရတာက တစ်ကြောင်းကြောင့် သူ့ပတ်ဝန်းကျင်မှာ တိရစ္ဆာန် အကျင့်စရိုက်နဲ့ ပြုမူကျင့်ကြံတာတွေ သိပ်ပြီး မမြင်မတွေ့ရလို့ လူပဲ ဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ပြောတာ ဖြစ်တယ်။ နဖူးပေါ်လက်တင်ပြီး စဉ်းစားစရာတောင် မလိုပါဘူး။


Sunday, May 13, 2012

လူငယ်တွေအတွက် မရှိမဖြစ် အရာနှစ်မျိုး (လူထုစိန်ဝင်း)

"ပညာတတ်လောကမှာ ရေပန်းစားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင်ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲဆိုကတည်းက အရှုံးအနိုင် သိဖို့လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ် ..."

လူငယ်တွေ ရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာလိုနေလဲ။ ဘာတွေကြိုးစားရမလဲ ဆိုတဲ့မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့သဘောဆောင်တဲ့အတွက် ဝမ်းသာရပါတယ်။

ချီးကျူးရမယ့်စိတ် 

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာများကိုလည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလားလား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ်ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့်မှာ ဖြည့်ဆည်းဖို့ လိုအပ်နေတာတွေကို သိချင်စိတ်ရှိတာလည်း ကောင်းတာပဲ။ တစ်ပါးသူကို ထောက်ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ်လိုဖွယ်ကောင်းတယ်။ ပလွှားစိတ် မရှိတာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ်သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

Wednesday, April 25, 2012

မန္တလေးကို ချစ်တဲ့စိတ်၊ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် (လူထုစိန်ဝင်း)

သိပ်မကြာခင်က ဂျာနယ်တစ်စောင်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့အတွက် ရက်ပေါင်းများစွာ စိတ်ထဲမှာ ဖျောက်လို့မရအောင် စွဲထင်နေတယ်။ စိတ်လက် မကြည်မသာလည်း ဖြစ်ရတယ်။

ပွဲသဘင်ပေါတဲ့မြို့ 

မန္တလေးမြို့မှာ ဒီနှစ်အငြိမ့်အဖွဲ့နှစ်ဖွဲ့သာရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင်လောက်အောင်ကို အံ့ဩမိတယ်။ ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ် စဉ်းစားကြည့်တယ်။ မန္တလေးက လူတွေကို ကိုယ်တိုင်မေးကြည့်တော့မှ ဟုတ်တယ်ဆိုတာ မယုံချင်ဘဲ ယုံလိုက်ရတယ်။ ရှေးက မန္တလေးဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှမတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့ မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲပြတ်တယ် မရှိဘူး။ ကိစ္စကြီးငယ်ရှိလို့ ညဘက် အသွားအလာလုပ်ရင် အငြိမ့်စင်တွေ၊ ဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကို အတော်ရှာယူပြီး သွားရတယ်။ မန္တလေးက ရပ်ကွက်တိုင်းမှာ ဘုရားတစ်ဆူ အနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို သုံးဆူ ရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ ဘာပွဲဖြစ်ဖြစ် အငြိမ့်တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ နှစ်ရက်ကျင်းပမြဲဖြစ်တယ်။တချို့ချမ်းသာတဲ့ ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက် ထည့်လေ့ရှိကြတယ်။

သဘင်တက္ကသိုလ် 

ပွဲတွေများတော့ အငြိမ့်တွေ၊ ဇာတ်တွေလည်း များတယ်။ အငြိမ့်အဖွဲ့ပေါင်း နှစ်စဉ် လေးငါးခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေးတွေလည်း အတော်များတယ်။ ရဟန်းသံဃာများ စာဝါလိုက်ကြရာမှာ မန္တလေးမှာလာပြီး စာမသင်ဘူးသေးရင် စာတတ်ပြီလို့ မယူဆကြပါဘူး။ အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီး ပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည်လားမြောက်ပြီလို့ မယူဆဘူး။


Tuesday, April 3, 2012

လူရာသွင်းပြီး အသိပေးပြောကြားရင်ပဲ ကျေနပ်ပါတယ် (လူထုစိန်ဝင်း)

“လက်ကိုင်တယ်လီဖုန်းတစ်လုံးရှိရုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို လက်ဖဝါးပေါ် တင်ကြည့်သလို ကြည့်နိုင်တဲ့ခေတ်မှာ အညာအလှိုင်းတွေ၊ အလိမ်အကောက်တွေနဲ့ အလုပ်မဖြစ်တော့ဘူး။ ဘာကိစ္စဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်နဲ့ အရှိကိုအရှိအတိုင်း ပြောလိုက်တာဟာ အကောင်းဆုံးပဲ။ ဝါဒဖြန့်ချိရေးတို့၊ စိတ်ဓာတ် စစ်ဆင်ရေးတို့၊ ‘မက်ခီယာဗယ်လီ’ နည်းစနစ်တို့ဆိုတာတွေဟာ လူတွေ အသိဉာဏ်ရေချိန် မြင့်တဲ့ခေတ်မှာ အသုံးမဝင်တော့ပါဘူး …”

အခုတလော ရာသီဥတုက ပူသလားမပြောနဲ့ လူဟာ ကုန်းပေါ် ပစ်တင်ခံရတဲ့ငါးလို ဟောဟဲလိုက်နေတယ်။ ဒီထဲမှာ မီးကလည်း နေ့ပျက်လိုက် ညပျက်လိုက် ဖြစ်နေပြန်လေတော့ အောက်ဆီဂျင်ဘူးအသေးနဲ့တင် မလောက်တော့လို့ ယောက်ျားကြီးနှစ်ယောက် မနည်းမရတဲ့ ဧရာမဘူးအကြီးပါ မှာထားရတယ်။

လာလိုက်ပျက်လိုက် ကြာလာတော့ 

လူနေအိမ်နဲ့ မတူတော့ဘူး။ ဆေးရုံနဲ့ တူလာတယ်။ အပြင်က လေကိုယူပြီး အောက်ဆီဂျင် ခွဲထုတ်ပေးတဲ့စက်က နှစ်လုံး ထားရတယ်။ နေ့တစ်လုံး ညတစ်လုံး။ မီးပျက်တဲ့အခါနဲ့ ရေချိုးခန်း သန့်စင်ခန်းဝင်တဲ့အခါ အတူသယ်သွားဖို့ ဆိုင်ကမှာရတဲ့ အောက်ဆီဂျင်ဘူးသေး တစ်လုံးကလည်း သီးသန့် ထားရတယ်။ နှစ်ရက်တစ်ခါ မှာရတယ်။


Friday, March 30, 2012

နေရာထက် သိက္ခာက အရေးကြီးပါတယ် (လူထုစိန်ဝင်း)

(ဒီရက်ပိုင်း ဆင်ဆာအဖြုတ်ခံရတဲ့ နောက်ထပ်ဆောင်းပါး တစ်ပုဒ်ပါ။ 
True News ဂျာနယ်အတွက် ၁၇၊ ၀၃၊ ၂၀၁၂ က ရေးခဲ့တာပါ။)

မနေ့က နိုင်ငံခြားသား သတင်းထောက်တစ်ယောက်နဲ့ စကားပြောရင်း သူက ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်သလားလို့ မေးလိုက်တယ်။

ဇာတ်ညွှန်းရေးသူဖြစ်ခဲ့ရင်

အခြေခံဥပဒေကို မထောက်ခံဘူး၊ ရွေးကောက်ပွဲကိုလည်း မထောက်ခံဘူး၊ ဦးသိန်းစိန် အစိုးရကိုလည်း အခုချိန်ထိ မထောက်ခံသေးဘူးဆိုတဲ့ ကိုယ့်သဘောထားကို စောစောကတည်းက သူ့ကို ပြောထားပြီးဖြစ်တယ်။ ဒါကြောင့် ဒီမေးခွန်းရဲ့အဖြေကိုလည်း သူက ခန့်မှန်းပြီးသားဖြစ်မှာပါ။ သူက ဘယ်လို ခန့်မှန်း ခန့်မှန်း မေးလာတော့လည်း ဝတ္တရားအတိုင်းဖြေရတယ်။

“ကျုပ်သာ ဒီဇာတ်ညွှန်းရေးတဲ့သူနေရာမှာ ဆိုရင်တော့ ၄၈ နေရာလုံး NLD ကို အနိုင်ပေးလိုက်မှာပဲ” 

“ဘာကြောင့်လဲ”

“၄၈ လုံး ပေးလိုက်ရလို့ အာဏာရပါတီအနေနဲ့ ဘာမှ ထိခိုက်မသွားဘူး၊ ဒါပေမယ့် ပြန်ရလိုက်မယ့် အမြတ်ကတော့ အဖိုးမဖြတ်နိုင်လောက်အောင်ကို ကြီးမားတယ်”

“ဘယ်လိုအမြတ်လဲ”

Thursday, March 29, 2012

ပြောတော့ ပြောတာပေါ့၊ ဒါပေမယ့် မပြောဘူး (လူထုစိန်ဝင်း)


"နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့မိန့်ခွန်းမှာ မြန်မာလို ၁ ကြိမ် အင်္ဂလိပ်လို ၉ ကြိမ်၊ စုစုပေါင်း ၁၀ ကြိမ်တိတိ တရားဥပဒေစိုးမိုးရေး (Rule of Law) ဆိုတာ ပြောသွားခဲ့တယ်။ ယေဘုယျ သဘောပဲရှိပြီး လက်တွေ့ ဘယ်လို လုပ်နေကြတယ်ဆိုတာတွေတော့ ရှင်းလင်းပြောကြားသွားတာ မတွေ့ရဘူး။ ဥပဒေဆိုတာ ပြဋ္ဌာန်းထားတဲ့ စာအုပ်ထဲမှာရှိရုံနဲ့ပြီးတာ မဟုတ်ပါဘူး။ လက်တွေ့ လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ တရားဥပဒေစိုးမိုးရေးသာ မှန်မှန်ကန်ကန် တိတိကျကျ ပြည့်ပြည့်ဝဝ ခံစားကြရမယ်ဆိုရင် ..."

မတ်လ ၁ ရက်က လွှတ်တော်မှာပြောကြားခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး တချို့က ထူးခြားတဲ့မိန့်ခွန်းလို့ သဘောထားကြပြီး၊ တစ်ချို့ကတော့ သမ္မတကြီးပြောခဲ့သမျှ မိန့်ခွန်းတွေထဲမှာ အားရစရာမရှိဆုံး မိန့်ခွန်းလို့ ရှုမြင်ကြကြောင်း တွေ့ရတယ်။

၂၄ ကြိမ်တိတိ

ထူးခြားတဲ့မိန့်ခွန်းလို့ ယူဆသူများက တိုင်းပြည်ရဲ့ သမ္မတတစ်ဦးအနေနဲ့ ပြည်သူများကို “မိဘပြည်သူများ” လို့ သုံးနှုန်းပြောဆိုတာဟာ ထူးခြားချက်ဖြစ်တယ်လို့ ထောက်ပြတယ်။ နှစ်ပေါင်း ၅၀ လုံးလုံး “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” လို့ ကြွေးကြော်လာခဲ့ကြရာက ပြည်သူများက မိဘဖြစ်တယ်လို့ ပထမဆုံးအကြိမ် ပြောကြားလိုက်တာကို သတိထားခဲ့မိတယ်။ ကိုယ်တိုင်က “အစိုးရက မိဘလား၊ ပြည်သူက မိဘလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတာကြောင့် ပိုပြီး သတိထားမိတာ ဖြစ်တယ်။ သမ္မတရဲ့ မိန့်ခွန်းတစ်ခုလုံးမှာ “မိဘပြည်သူများ” ဆိုတဲ့ အသုံးအနှုန်း ၂၄ ကြိမ်တိတိပါတယ်ဆိုတာကို ရေတွက်ကြည့်လို့ သိရတယ်။ ပြီးတော့ Rule of Law ဆိုတဲ့စကားက ၉ ကြိမ်ပါပြီး ဗမာလို တရားဥပဒေစိုးမိုးရေးဆိုတာက တစ်ကြိမ် စုစုပေါင်း တရားဥပဒေစိုးမိုးရေး စကား ၁၀ ကြိမ်ပါတာလဲ မှတ်သားထားလိုက်တယ်။

ပြည်သူကို အစီရင်ခံစာတင်ပြ

ဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင်တိုင်းဟာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို တစ်နှစ်တစ်ကြိမ် လွှတ်တော်ရှေ့မှောက်မှာ လာရောက်ပြောကြားတဲ့ အစဉ်အလာရှိကြတယ်။ တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့သမျှတွေကို ပြည်သူသိရှိအောင် အစီရင်ခံတင်ပြတဲ့ သဘောဖြစ်တယ်။ ရှေ့တစ်နှစ်အတွက်လုပ်မယ့် အစီအစဉ်တွေလည်း ပြောကြတယ်။


Tuesday, March 27, 2012

ယုံတာ မယုံတာ အသာထား၊ ကိုယ့်အလုပ်ကိုယ်တော့ တာဝန်ကျေအောင်လုပ်ရမှာပဲ (လူထုစိန်ဝင်း)

“တစ်ပါတီ အာဏာရှင်စနစ်နေရာ ဝင်ရောက်လာတာက တစ်သွေး - တစ်သံ - တစ်မိန့်နဲ့ပဲ အုပ်ချုပ်တဲ့ စစ်တပ်အစိုးရဖြစ်တော့ ၁၉၆၂ ခုနှစ်က အခြေအနေ ပြန်ရောက်သွားသလို သမိုင်းဘီး တစ်ပတ်လည်သွားခဲ့တယ်။ စစ်အစိုးရ သက်တမ်း ၂၃ နှစ်ကြာတော့ သမိုင်းဘီး နောက်တစ်ပတ်ပြန်ရောက်ပြီး ဦးသိန်းစိန်အစိုးရ ဖြစ်ပေါ်လာခဲ့တယ်။ ဒီတစ်ခါတော့ ၁၉၆၂ တို့၊ ၁၉၈၈ တို့ကတက်လာတဲ့ စစ်အစိုးရတွေနဲ့မတူဘဲ စထွက်လာကတည်းက …”

၂၅- ၂- ၂၀၁၂ နေ့က ထိုင်းနိုင်ငံက နေးရှင်းအင်္ဂလိပ်သတင်းစာ အယ်ဒီတာအဖွဲ့ရောက်လာပြီး စကားပြောတယ်။ စကားအတော်လေးပြောပြီးတော့ သူက “ယုံတစ်ဝက်၊ မယုံတစ်ဝက်နဲ့ ယုံရခက်ခက်ဖြစ်နေတာ အခုအချိန်မှာ ခင်ဗျားတစ်ယောက်ပဲရှိလိမ့်မယ် ထင်တယ်” လို့ ပြောလိုက်ပါတယ်။

ပြောင်းလဲနေပြီလို့ မြင်ကြ

အပြောင်းအလဲတွေ မြင်တွေ့နေရပြီး ရှေ့ဆက်သွားအောင် ဝိုင်းပြီး တွန်းအားပေးကြဖို့လိုတယ်လို့ ပြောကြတယ်။ အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ ဂျပန်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေကလည်း ဒီလိုပဲ ရှုမြင်သုံးသပ်ကြပြီး ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ ပြောလာကြတယ်။


Sunday, March 18, 2012

ပြည်သူ့အသံ ဂရုစိုက်နားထောင်ပါ (လူထုစိန်ဝင်း)

နိုင်ငံရေးစနစ် ပြောင်းလဲခြင်းနဲ့အတူ ပညာရေးစနစ်ပါ ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်တွင်း လွှတ်တော်ပ ပြောဆို ဆွေးနွေးမှုတွေ အခုတလော အဆက်မပြတ် ကြားနေရတယ်။ ဝမ်းသာ အားတက်စရာပါပဲ။

သန်ရာသန်ရာ အကြံပေးကြ

ပြည်သူလူထုထဲက စိတ်ဝင်စားသူတွေသာမက သားသမီး ပညာရေးအတွက် စိတ်ဝင်စားတဲ့ မိဘများကလည်း ဂျာနယ်တွေကတစ်ဆင့် ဝင်ရောက်ဆွေးနွေး အကြံပေးကြတာတွေ ဖတ်ရတယ်။ တချို့ကတော့ တစ်ခုလုံးခြုံပြီး ဝေဖန်အကြံပြုတာမျိုးမဟုတ်ဘဲ ကိုယ်သန်ရာသန်ရာ အကြောင်းအရာတစ်ခုကို ထည့်သွင်း သင်ကြားပေးစေချင်ကြောင်း အကြံပြုကြတယ်။


Friday, March 9, 2012

ဒီမိုကရေစီခေတ် တကယ်ဖြစ်ချင်ရင် (လူထုစိန်ဝင်း)


“လိမ်လို့ လိမ်မှန်း မသိ၊ ညာလို့ ညာမှန်းမသိဖြစ်ပြီး ‘နားဝေတိမ်တောင်’ နဲ့ ခဏခဏ မလိမ်ခံရတယ်။ လိမ်မှန်းမသိလို့ လိမ်တိုင်းခံတာတွေ သိပ်များလာတဲ့အခါကျတော့ လိမ်တဲ့သူတွေက ကိုယ့်ကို လူလို့သဘောထားပြီး လိမ်ပြောဖို့တောင် ကြိုးစားမနေတော့ဘဲ သူလုပ်ချင်တာကို ပြောင်ပြောင်တင်းတင်းပဲ လုပ်ချတော့တယ် …”

ပါလီမန်တို့၊ ရွေးကောက်ပွဲတို့ဆိုတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ လုံးလုံးကြီး အဆက်ပြတ်သွားတာ နှစ်ပေါင်းငါးဆယ်ကျော် ရှိပြီဖြစ်လေတော့ ဒီနေ့ အသက်ခြောက်ဆယ်တန်း ရောက်နေသူတွေတောင် ကြားဖူးနားဝ သိနေတာတွေပဲ ရှိလိမ့်မယ်။ သေသေချာချာ ရေရေရာရာသိကြမှာ မဟုတ်ဘူး။

လိမ်လို့ လိမ်မှန်းမသိ

စာလေးပေလေးဖတ်ရကောင်း မှန်းသိလို့ အတန်အသင့်သိနေတယ်ဆိုလည်း မလုံလောက်ဘူး။ ကိုယ်တွေ့မျက်မြင် ကြုံတွေ့ရတာလောက်တော့ ဘယ်ဟာမှ မပြည့်စုံဘူး။ ဒါပေမယ့် လုံးလုံးမသိတာထက်တော့ အများကြီး သာတယ်။ ဒါကြောင့် စာတော့ အချိန်ရသလောက် ဖတ်နေသင့်တယ်။ စာမဖတ်ရင် လိမ်လို့လိမ်မှန်း မသိ၊ ညာလို့ညာမှန်း မသိ ဖြစ်တတ်တယ်။ အထူးသဖြင့် အခုလို သမိုင်းလှည်းဘီး တစ်ပတ်ပြန်လည်လာချိန်မှာ ရှေးက အလိမ်ခံခဲ့ရတာတွေကို သိထားဖို့ ပိုလိုအပ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သမိုင်းဖြစ်စဉ်တွေဟာ ထပ်ခါတလဲလဲ တစ်ကျော့ပြီး တစ်ကျော့ ပြန်ပြန်ဖြစ်တတ်တဲ့ သဘောရှိလို့ပဲ။

Monday, March 5, 2012

မရဲတရဲနဲ့ ရေးကြည့်လိုက်တာပါ (လူထုစိန်ဝင်း)

“လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းနှစ်ယောက် စားဝတ်နေရေး ကြပ်တည်းကြောင်း၊ ဘာတစ်ခုမှ ကောင်းတာမတွေ့ရကြောင်း၊ ချမ်းသာသူတွေကတော့ သန်းထောင်ချီပြီး ချမ်းသာနေကြကြောင်း၊ ပြောရိုးပြောစဉ် နှစ်ကိုယ်ကြားပြောဆိုနေမိကြတာကို
ဘေးစားပွဲမှာရှိတဲ့ လူတစ်ယောက်က အစိုးရဆန့်ကျင်နေရေးတွေ ပြောနေတာကြားခဲ့ကြောင်း သွားပြီးတိုင်ကြားလိုက်ရင် ချက်ချင်းဖမ်းချုပ်ပြီး စစ်ဆေးခံရတယ်။
ပုံကြီးချဲ့ပြီး အစိုးရ အကြည်ပျက်စေမယ့်စကားတွေ ပြောတယ်၊ ဘေးကလူတွေကြားနိုင်တဲ့အတွက် ဆူပူအောင် လှုံ့ဆော်ပါတယ်လို့ စွဲချက်တင်နိုင်တယ်။
မိတ်ဆွေချင်း အီးမေးလ်နဲ့ စာပို့ပြီး ညည်းမိတာကိုလည်း အီလက်ထရောနစ်ပုဒ်မ တပ်ပြီး ဖမ်းနိုင်တယ် …”

ဖေဖော်ဝါရီ ၂၂ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ကြတယ်။ အဲဒီလိုတွေ့ရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဝန်ထမ်းတွေလစာတိုးပေးရေးနဲ့ ပတ်သက်တဲ့အဆို ပြည်သူ့လွှတ်တော်မှာ ဘာကြောင့်တင်ခဲ့သလဲဆိုတာကို အကျယ်တဝင့် ရှင်းလင်းပြောကြားသွားခဲ့တယ်။

Sunday, March 4, 2012

တပ်ဦးက အလံကိုင် (လူထုစိန်ဝင်း)

“နိုင်ငံရေးပါတီတွေရှိလာပြီမို့ အားကိုးရပြီထင်လည်း လက်တွေ့ကျတော့ ထင်သလိုဖြစ်မလာဘူး။ ပါတီခေါင်းဆောင်ကို တွေ့ဖို့မပြောနဲ့၊ စာလေးပေးပေးပါဆိုတာတောင် လက်ခံချင်တာ မဟုတ်ဘူး။ ကိုယ့်ဒေသကို တိုင်းခန်းလှည့်လည်လာတော့လည်း လူအုပ်ကြီးရှေ့မှာ သူတို့ပြောချင်တာတွေပြောပြီး ပြန်သွားကြတာချည်းပဲ။ ကိုယ်ပြောတာကို နားထောင်မယ့်သူ တစ်ယောက်မှ မရှိဘူး။ အားကိုးပေမယ့် အားကိုးလို့မရဘူး။ စာနယ်ဇင်းတွေကတော့ …”

မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ မြန်မာပြည် စာနယ်ဇင်းတွေအနေနဲ့ ဘယ်နေရာက ပါဝင်လှုပ်ရှားနေကြသလဲဆိုတဲ့ မေးခွန်းကို အခုတလော မကြာခဏ အမေးခံနေရတယ်။ နိုင်ငံခြားက ရောက်လာကြတဲ့ သတင်းစာဆရာတွေနဲ့ စာရေးဆရာတွေက မေးကြတာပါ။

အရင်းစစ်တော့ စနစ်တစ်ခုလုံးပြင်ရမှာ (လူထုစိန်ဝင်း)

"နောက်တော်ပါ ခြွေရံသင်းပင်းတွေ တစ်ပြုံကြီးနဲ့ စစ်ဆေးရေးသွားတဲ့အကျင့်တွေ လုံးဝ ဖျောက်ပစ်ဖို့လိုသလို၊ လူကြီးလာမယ်ဆိုမှ အကျည်းတန်တွေအားလုံး သနပ်ခါးလိမ်း၊ ပန်းပန်၊ မရှိတာတွေ အရှိလုပ်ပြ၊ မေးသမျှ မေးခွန်းတိုင်း အားလုံးကောင်းပါသည် ခင်ဗျား လုပ်ကြတဲ့ ဝန်ထမ်းလက်စွဲ အစဉ်အလာအားလုံးကိုလည်း ဖျောက်ပစ်ဖို့ လိုတယ်။ ဒါ့အပြင် မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ အကျင့်ပါခဲ့ကြတဲ့ ..."

ကျောင်းဆရာလုပ်တုန်းက တပည့်ဖြစ်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အခုအချိန် ပြန်တွေ့ကြတဲ့အခါမှာ သူတို့အားလုံးလိုလိုဟာ ကျောင်းသားမိဘတွေဖြစ်နေကြပြီ။ အိမ်နားက သံရုံးမှာဖွင့်ထားတဲ့ အင်္ဂလိပ်စာသင်တန်းကို ကလေးတွေလိုက်ပို့ရင်း ဝင်ဝင်လာတတ်ကြတယ်။

သူတို့လို မဖြစ်စေချင်လို့

တပည့်ဟောင်းတွေနဲ့ စကားပြောရင်း သိလိုက်ရတာတစ်ခုက သူတို့အားလုံးလောက်နီးပါးဟာ သားသမီးတွေကို အစိုးရကျောင်းတွေမှာ မထားကြတော့ဘူးဆိုတာပဲ။ နိုင်ငံခြားသားတွေ လာသင်တယ်ဆိုတဲ့ ရန်ကုန်က နိုင်ငံတကာ ကျောင်းတွေမှာ ထားသူကထားကြပြီး စင်္ကာပူကကျောင်းတွေ သွားထားသူက ထားကြတယ်။ ဘယ်မိဘမဆို သားသမီးကို အကောင်းဆုံးပညာ ပေးချင်ကြတာကတော့ ဘယ်ခေတ်ဖြစ်ဖြစ် အတူတူပါပဲ။ တပည့်တွေက သူတို့လိုဘွဲ့ရပြီး ဘာမှမသိ၊ ဘာမှမတတ်တဲ့သူတွေ မဖြစ်စေချင်လို့ ငွေကုန်ကြေးကျ အများကြီးခံပြီး သားသမီးတွေကို ပညာပေးနေရတာ ဖြစ်ကြောင်း ပြောကြတယ်။

Monday, February 27, 2012

သက်သတ်လွတ်စားတဲ့ကျား ရှိသလား (လူထုစိန်ဝင်း)

“မေတ္တာတရားကို ယုံတယ်။ ဒါပေမယ့် ကျားက သက်သတ်လွတ်စားတယ်ဆိုတာတော့ မယုံပါဘူး။ ဒါကြောင့် ကျားရှေ့မှာ ဒူးတုပ်ထိုင်ပြီး မေတ္တာပို့တာမျိုးတော့ မလုပ်နိုင်ပါဘူး။ ပုထုစဉ်ဆိုတော့ ပုထုစဉ်လိုပဲ စဉ်းစားပြီး ပုထုစဉ်လိုပဲ တုံ့ပြန်ရမှာပဲ။ ကိုယ်ကတော့ သက်သက်မဲ့ ကျားနားရွက်သွားပြီး တံတွေး မဆွတ်ပါဘူး။ သူ့စည်း ကိုယ့်စည်းဆိုတာ နားလည်ပါတယ်။ ကျားက ကျားနေရာနေ၊ လူက လူ့နေရာနေရင် ပြီးတာပဲ။ ကျားက လူသားစားချင်လို့ စည်းဖောက်ပြီး လူ့ရပ်လူ့ရွာထဲ ကျူးကျော်ဝင်ရောက်လာရင်တော့ …”

ဒီနှစ် မရမ်းသီးပေါ်တာ နောက်ကျတယ်။ ဇန်နဝါရီ တစ်ဝက်ကျိုးမှ စပေါ်တယ်။ ခါတိုင်းနှစ်တွေဆို ဒီဇင်ဘာ မကုန်ခင်စပေါ်တာ။ စပေါ်တဲ့နေ့မှာ ဈေးကတစ်ဆယ်သား ၂၅၀၀ တဲ့။ မနှစ်ကထက် ၅၀၀ ပိုများတယ်။ တရရနဲ့ တစ်မေးတည်းမေးနေတာကြောင့် စတွေ့တဲ့နေ့မှာပဲ ကလေးတွေဝယ်လာကြတယ်။ ဈေးထဲမှာ ရှိသေးသလားမေးတော့ ရှိတော့ ရှိသေးတယ်။ သိပ်များများတော့ မဟုတ်ဘူးတဲ့။

ပေါ်ဦးပေါ်ဖျား

အဲဒါကြောင့် ပြေးစမ်းပါဦးဟဲ့ ဆိုပြီး ချက်ချင်းသွားဝယ်ခိုင်းရတယ်။ ရခဲ့လို့ တော်ပါသေးတယ်။ ဒါတောင် ငါးဆယ်သားရဖို့ သုံးဆိုင်ခွဲဝယ်ခဲ့ရတာတဲ့။ ပေါ်ဦးပေါ်ဖျားဆိုတော့ ရှားတယ်လေ။ ပေါ်ဦးပေါ်ဖျားဆိုတာက အိမ်နားက ဘိုကလေးဈေးနဲ့ ၃၈ လမ်းဈေး တစ်ခုခုမှာ စရောင်းတဲ့နေ့ကို ပြောတာပါ။ တခြားနေရာများတော့ မသိနိုင်ပါဘူး။ မရမ်းသီးပဲ ပေါ်ပေါ်၊ သရက်ကင်းလေးတွေပဲ စတွေ့တွေ့၊ ဦးဦးဖျားဖျား မန္တလေးက ဒေါ်ဒေါ် လူထုဒေါ်အမာဆီ ပို့မြဲဖြစ်လေတော့ ဒီဝတ္တရားကို မပျက်ကွက်ချင်ဘူး။ ဒေါ်ဒေါ်ရှိစဉ်က မန္တလေးမှာ တမာရွက်ပဲပေါ်ပေါ်၊ ပုရစ်ပဲပေါ်ပေါ် ပေါ်ဦးပေါ်ဖျား ဒေါ်ဒေါ်က နှစ်တိုင်း မပျက်မကွက် ပို့ခိုင်းတတ်တာ ဖြစ်တယ်။ အောင်ဒင်သရက်သီးဆိုလည်း နှစ်စဉ်ပျက်တယ် မရှိရပါဘူး။ ဒေါ်ဒေါ် မရှိတော့လည်း သမီးတွေက ဝတ္တရား မပျက်ရှာကြဘူး။ သမီးကြီးက ပို့လိုက်၊ သမီးငယ် နှစ်ယောက်က ပို့လိုက်နဲ့ တစ်လ နှစ်ကြိမ်လောက်ကတော့ အနည်းဆုံး အောင်ဆန်းကွင်းကားဂိတ်ကို သွားယူနေရတာ။ ကိုယ့်ဘက်ကတော့ သရက်ကင်းလေး၊ မရမ်းသီးလေး ပေါ်ဦးပေါ်ဖျား တစ်နှစ်တစ်ခါလောက် ပို့ရတာ။ မန္တလေးက တော်တော်လေး နောက်ကျမှ ပေါ်တာလေ။

လက်တွေ့လုပ်ပြတာပဲ မြင်တွေ့ချင်ကြတယ် (လူထုစိန်ဝင်း)

“ပြုပြင်ပြောင်းလဲရေးဆိုတာ ပါးစပ်နဲ့တင် ပြောင်းနေလို့မရဘူး။ စာရွက်ထဲမှာ ရေးထားရုံနဲ့လည်း မရဘူး။ “Actions Speak louder than words” ဆိုတဲ့စကားလို လက်တွေ့ပြဖို့ လိုတယ်။ မြန်မာ့ဆိုရှယ်လစ် အစိုးရခေတ်တုန်းကလည်း အပြောတွေကတော့ ချိုနေတာပဲ။ ရှေးက ကျောမွဲတွေ ငဘတွေ လို့ခေါ်နေတဲ့ လယ်သမားဆင်းရဲသားတွေကို “ဦးကြီး ဦးကြီး” နဲ့ ရွှန်းရွှန်းကို ဝေနေတာပဲ။ 
အလုပ်သမားတွေကိုလည်း “လုပ်သားပြည်သူ” တွေလို့ ခေါ်ခဲ့တယ်။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာထဲမှာလည်း နိုင်ငံတော်စီမံကိန်းတွေ အကြီးအကျယ် အောင်မြင်နေကြတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ …”

အခုတလောစာရေးရတာ ပျော်တယ်လို့ ခံစားမိလာသလိုလို ရှိတယ်။ စာတွေကို စက်နဲ့လှည့်ထုတ်သလို နှစ်ပေါင်းများစွာ ရေးနေပေမယ့်၊ တာဝန်ဝတ္တရားတစ်ခုအနေနဲ့သာ ရေးလာခဲ့တာဖြစ်တယ်။ စာရေးရတာ ပျော်တယ်လို့ မခံစားရတာ ကြာလှပြီ။ နှစ်ပေါင်း ၅၀ တောင် ရှိခဲ့ပြီ။

လူမပြောင်း စနစ်ပြောင်း

ပြီးခဲ့တဲ့နှစ်ကစပြီး အစိုးရပုံသဏ္ဌာန်အပြောင်းအလဲ လုပ်လိုက်တယ်။ အရင်ကလည်း ဒီလူတွေ၊ အခုလည်း ဒီလူတွေဖြစ်နေပေမယ့် ‘လူမပြောင်း စနစ်ပြောင်း’ ဆိုသလို၊ တစ်သွေးတစ်သံတစ်မိန့် အာဏာရှင်ပုံစံကနေပြီး ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့ ပုံစံကို ပြောင်းလဲကျင့်သုံးလိုက်တယ်။ 

Wednesday, February 22, 2012

လူသုံးမျိုး (လူထုစိန်ဝင်း)

“ဘုံအကျိုးစီးပွားချင်းတူရင် တွဲလုပ်တယ်။ မတူရင် တွဲမလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာလုပ်တယ်။ ဒါ သဘာဝပဲ။ ဘာမှမထူးဆန်းဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်က ကိုယ်ကြိုက်တဲ့လမ်းကသွားသလို၊ သူလည်း သူကြိုက်တဲ့လမ်းက သွားပါစေ။ ဒါ လူတိုင်းရဲ့ မွေးရာပါအခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ့်မြတ်နိုးသလို သူလည်း သူ့အခွင့်အရေးကို တန်ဖိုးထားမှာပဲ။ ဒါကို နားလည်သဘောပေါက်ပြီး …”

“မြန်မာလူမျိုးက နှစ်ယောက်ရှိရင် နှစ်ဂိုဏ်းကွဲတယ်။ သုံးယောက်ရှိရင် သုံးဂိုဏ်းကွဲတယ်။ ဘယ်တော့မှ မညီညွတ်ဘူး။ ဒါကြောင့် မတိုးတက်တာ” နိုင်ငံရေး အလုပ်ကိုမနှစ်မြို့တဲ့ လူစားများရဲ့ပါးစပ်က အမြဲတမ်းကြားရလေ့ရှိတဲ့ စကားဖြစ်တယ်။

မြန်မာမှာ မကွဲတာမရှိတဲ့

သူတို့စကား ခိုင်မာစေဖို့အတွက် ကွန်မြူနစ်တွေလည်း ကွဲတယ်။ ပြည်သူ့ရဲဘော်တွေလည်း ကွဲတယ်။ ဆိုရှယ်လစ်လည်း ကွဲတယ်။ ဖဆပလလည်း ကွဲတယ်။ ပထစလည်း ကွဲတယ်။ အဲဒီမတိုင်ခင်က ဂျီစီဘီအေလည်း ကွဲ၊ သခင်တွေလည်း ကွဲ၊ မကွဲဘူးတဲ့ အဖွဲ့အစည်းတစ်ခုမှကို မြန်မာပြည်မှာ မရှိဘူးလို့ ဆက်ပြောချင်ပြောပါလိမ့်ဦးမယ်။ ဘယ်သူတွေက အဲဒီလိုပြောကြတာလဲလို့ ကြည့်လိုက်ရင်၊ အများစုဟာ ဘယ်ခေတ်၊ ဘယ်အခါမှာမှ အများအရေးကို ပါဝင်ဆောင်ရွက်လေ့ မရှိဘဲ ကိုယ့်အရေး၊ ကိုယ့်မိသားစုအရေး တစ်ခုတည်းကိုသာ အလေးထားလုပ်ဆောင်လေ့ရှိသူတွေဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။

Monday, February 20, 2012

မဲဆန္ဒရှင်ပြည်သူတွေမှာ သိပိုင်ခွင့်ရှိတယ် (လူထုစိန်ဝင်း)


“ပြည်သူလူထုရဲ့ ‘သိပိုင်ခွင့်’ ကို မလေးစားရင် ဘယ်လိုလုပ်ပြီး ဒီမိုကရေစီလို့ ဆိုနိုင်မှာလဲ။ တစ်ဦးတစ်ယောက်တည်းသာ သိပြီး တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့လုပ်တယ်ဆိုတာက အာဏာရှင်စနစ်ဖြစ်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ရွေးချယ်ချမှတ်ရမှာက မဲဆန္ဒရှင်ပြည်သူတွေ ဖြစ်တယ်။ မဲဆန္ဒရှင်ပြည်သူလူထု မသိအပ်တဲ့အရာ ဘာမျှ မရှိစေရဘူး။ တိုင်းပြည်နဲ့လူမျိုးရဲ့ ကံကြမ္မာနဲ့ ပတ်သက်တာမှန်သမျှ မဲဆန္ဒရှင်ပြည်သူတွေ သိခွင့်ရှိတယ်။ နိုင်ငံရေးသမားမှန်သမျှ ပြည်သူလူထုရဲ့ ‘သိပိုင်ခွင့်’ ရှိမှုက …”

စာဖတ်ဝါသနာပါပြီး စာတော်တော်ဖတ်တဲ့ လူငယ်လေးတစ်စုနဲ့ စကားပြောရင်း ဂျာနယ်တွေမှာ စာအမြဲတမ်းရေးနေတဲ့ ကလောင်အမည်တချို့ကို ရွတ်ပြပြီး ဘယ်သူဘယ်ဝါဆိုတာ သိပါသလားလို့မေးကြတော့ မသိတဲ့အကြောင်း ပြန်ပြောလိုက်တယ်။

စာလုပ်ငန်း ယဉ်ကျေးမှု

အားလုံး အံ့သြသွားကြပုံရတယ်။ တကယ်မသိလို့ မသိဘူးလို့ပြောလိုက်တာပါ။ သူတို့ပြောတဲ့ ကလောင်အမည်တွေဟာ ပရိသတ်ကစောင့်ဖတ်ကြတဲ့အမည်တွေ ဖြစ်တယ်။ ကိုယ်တိုင်လည်း သူတို့စာတွေကို မလွတ်တမ်းဖတ်ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်သူဘယ်ဝါဆိုတာတော့ တစ်ခါမှမေးမကြည့်ဖူးပါဘူး။ သူတို့ရေးနေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေက အယ်ဒီတာတွေ ကိုယ့်ဆီမပြတ် ဝင်ထွက်သွားလာနေကြပေမယ့် စောင့်စည်းတဲ့အနေနဲ့ မေးမကြည့်ခဲ့ဘူး။ ကိုယ်တိုင် အယ်ဒီတာ လုပ်ခဲ့သူဖြစ်တော့ လူမသိစေချင်လို့ ကလောင်အမည်ခံရေးတာကို အယ်ဒီတာက ကိုယ့်သဘောနဲ့ကိုယ် ဖွင့်မပြောသင့်ဘူးဆိုတဲ့ စာလုပ်ငန်းယဉ်ကျေးမှုကို စောင့်ထိန်းခဲ့တယ်။

ကျောင်းဆရာနဲ့ အရက်

စည်းကမ်းကျင့်ဝတ်အဖြစ် အတိအကျ ရေးသားပြဋ္ဌာန်းထားတာ မဟုတ်ပေမယ့် ဘယ်လုပ်ငန်းနယ်ပယ်မှာဆို လိုက်နာမှကောင်းတဲ့ ကျင့်ဝတ်မျိုးတွေ ရှိတတ်တယ်။ ဥပမာ ကျောင်းဆရာတစ်ယောက်ဟာ ကျောင်းချိန်ပြင်ပမှာတောင် အရက်သေစာသောက်စားခြင်းမပြုရလို့ တားဆီးပိတ်ပင်ထားတဲ့ ဥပဒေမရှိဘူး။ စည်းကမ်းကျင့်ဝတ်လည်း မရှိဘူး။ ဒါပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းမှာတော့ ဆရာလုပ်ပြီး အရက်မူးနေတာကို လူတွေက လက်မခံကြဘူး။ မြန်မာပြည်မှာနေပြီး ကျောင်းဆရာလုပ်ရင်တော့ ဒီကျင့်ဝတ်ကို လေးစားလိုက်နာသင့်တယ်။ ဒါဟာ ယဉ်ကျေးမှုတစ်ရပ် ဖြစ်တယ်။ ကိုယ့်ဟာကိုယ်ကြိုက်လို့သောက်တာ သူများကိုမထိခိုက်ရင်ပြီးတာပဲ မဟုတ်လားလို့ ပြောစရာရှိတယ်။
အနန္တဂိုဏ်းဝင်
အဲဒီလို ပြောသူတွေအတွက်ကတော့ ကိုယ့်ကိုကိုယ် မြန်မာပြည်မှာလူဖြစ်လာရတာကိုပဲ အပြစ်တင်ပေတော့လို့ ပြောရလိမ့်မယ်။ ဒါမှမဟုတ်လည်း ကျောင်းဆရာမလုပ်ဘဲ တခြားအလုပ် ပြောင်းလုပ်ပေါ့။ မြန်မာလူမျိုးတွေက ကျောင်းဆရာကို အနန္တော အနန္တငါးပါးထဲတောင် ထည့်သွင်းပြီး အလေးအမြတ်ပြုကြသလို ကျောင်းဆရာတွေဆီက တောင်းဆိုမှုကလည်း ကြီးမားများပြားတယ်။ အနောက်နိုင်ငံတွေမှာ ကျောင်းဆရာက ကျောင်းသူတပည့်မကို လက်ထပ်ယူတာမျိုးကို ဘယ်သူကမှ အထူးအဆန်းလုပ် ပြောမနေကြဘူး။ မြန်မာပြည်မှာလည်း ဥပဒေအရ တားမြစ်ပိတ်ပင်ထားတာ မရှိပါဘူး။ ဒါပေမယ့် ယူတာတွေ့ကြည့်ပါလား။ အများတံတွေးခွက်မှာ ပက်လက်မျောပြီးသာ မှတ်ပေရော့ပဲ။

Sunday, February 19, 2012

သုံးဖန်လှ တောင်သမန်ရဟတ် ဘယ်သူတွေ ရပ်ပစ်သလဲ (လူထုစိန်ဝင်း)

“ဝါးဘလောက်သောက်တို့ ပန်းလှိုင်တို့လို မကယ်နိုင်တော့ဘူး။ အင်းလေးကန်ကြီးလည်း ကယ်လို့ရပါဦးတော့မလား။ ဧရာဝတီတို့၊ ချင်းတွင်းတို့တောင် အန္တရာယ်ရှိနေပြီဆိုတော့ အင်းလေးအတွက် ရင်လေးနေမိတယ်။ စီးပွားရေးနယ်ပယ် ချဲ့ထွင်မှုတွေနဲ့ မြို့ပြဖြစ်ထွန်းမှုတွေကြောင့် မြို့နေလူတန်းစားတွေအတွက် လေရှုဖို့တောင် အခက်အခဲ ရှိလာတယ်။ မြို့ထဲမှာက ဓာတ်ဆီနံ့၊ ဒီဇယ်နံ့တွေ အညှော်ပေါင်းစုံ အနံ့တွေနဲ့ လေကောင်းလေသန့် မရှုရဘူး။ ညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ မိုးလင်းကမိုးချုပ် တကုပ်ကုပ်နဲ့ ကုန်းရုန်းပြီး အလုပ်လုပ်ကြရလေတော့ …”

နိုင်ငံခြားသားဧည့်သည်တစ်ယောက် သူ့ကိုယ်သူမိတ်ဆက်ပြီး ရောက်လာပါတယ်။ သူက စာရေးဆရာတစ်ယောက်ပါ။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲလ်အကြောင်း စာတစ်အုပ်ရေးဖို့ ရောက်လာတာလို့ သိရတယ်။

မြန်မာလူမျိုးများရဲ့ အပြုံး

အတော်ကြာအောင်နေပြီး သူသိချင်တာတွေ မေး၊ ဓာတ်ပုံတွေရိုက် လုပ်ပါတယ်။ သူက ညနေကားနဲ့ မန္တလေးသွားမှာပါ။ ပြီးရင် ဂျော့အော်ဝဲလ်ရောက်ခဲ့တဲ့ ကသာဘက်ထိသွားမယ်လို့ ပြောသွားတယ်။ နှစ်ပတ်လောက်ကြာတော့ သူပြန်လာပြီး နက်ဖြန်ပြန်တော့မယ်လို့ နှုတ်ဆက်တယ်။ ကသာထိရောက်အောင် သင်္ဘောစီးသွားခဲ့ရတဲ့ခရီးစဉ်ကို တော်တော် ကျေနပ်နေပုံရတယ်။ ပတ်ဝန်းကျင်က သိပ်လှတာပဲလို့ ထပ်ခါတလဲလဲပြောရင်း တွေ့သမျှ မြန်မာလူမျိုးတိုင်းက ပြုံးနေကြတာကိုလည်း သိပ်သဘောကျတယ်။ မယုံနိုင်လောက်အောင် အံ့သြရတယ်လို့လည်း ပြောပြတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ တော်တော်လေး မကျေမနပ်ဖြစ်နေတာတစ်ခုလည်း တွေ့ခဲ့ရတဲ့အကြောင်း ပြန်ခါနီးမှာ ဖွင့်ဟသွားတယ်။

Monday, February 13, 2012

လောကရဲ့ အမှန်ဆုံးဓမ္မတရား (လူထုစိန်ဝင်း)

“ခေတ်တိုင်းခေတ်တိုင်းမှာ ဥပဒေဆိုတာ နိုင်ငံသူ နိုင်ငံသားများ လိုက်နာဖို့အတွက်သာဖြစ်ပြီး အုပ်စိုးသူ လူတန်းစားနဲ့ အကျုံးမဝင်သလို သဘောထားကြတာပဲ တွေ့ရတယ်။ ဥပဒေကိုသာ အတိအကျ အမှန်အကန် လိုက်နာကြမယ်ဆိုရင် အကျင့်ပျက် ခြစားမှုတွေ၊ အာဏာအလွဲသုံးစားပြုမှုတွေ များများစားစား ရှိမလာနိုင်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ အကျင့်ပျက်ခြစားမှုတွေ များရတဲ့အကြောင်းရင်းက တရားဥပဒေကို အုပ်စိုးသူလူတန်းစားက လိုသလို ခြယ်လှယ်အသုံးချနေလို့ ဖြစ်ရတာပါ …”

ကိုယ့်အတွက် အကောင်းဆုံးဖြစ်ဖို့ပဲ

အစိုးရကောင်းဆိုတာနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြားရှိနိုင်တယ်။ အမေရိကန်ရဲ့ အစိုးရကောင်းဆိုတဲ့စံနှုန်းနဲ့ တရုတ်ပြည်ရဲ့ အစိုးရကောင်းဆိုတဲ့စံနှုန်း တူချင်မှ တူလိမ့်မယ်။ အလားတူပဲ အိန္ဒိယရဲ့စံနှုန်းနဲ့ ပါကစ္စတန်ရဲ့စံနှုန်းလည်း တူချင်မှ တူမယ်။ တစ်ကျောင်း တစ်ဂါထာ ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို အမျိုးမျိုး ကွဲပြားခြားနားနေကြမှာပဲ။ ဒီလိုကွဲပြားခြားနားတာတွေကိုကြည့်ပြီး စိတ်ပျက်စရာမလိုသလို အငြင်းပွားနေစရာလည်း မလိုဘူး။ ကိုယ့်အခြေအနေနဲ့ ကိုယ့်လိုအပ်ချက်အရ ကိုယ့်အတွက်အကောင်းဆုံးဖြစ်တဲ့ အစိုးရမျိုးဖြစ်ဖို့ပဲ အရေးကြီးတယ်။ မြန်မာလူမျိုးတစ်ယောက်အဖြစ် နှစ်ပေါင်း ၇၀ တိတိ နေထိုင်လာခဲ့တဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ တရားဥပဒေကို တိတိကျကျ လေးစားလိုက်နာတဲ့ အစိုးရမျိုးဟာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်။