Wednesday, February 5, 2014

တောရိုင်းဥပဒေ... အလိုမရှိ (ကိုညို)

ဒီ ဗွီဒီယိုကလစ်ကို မြင်တာကြာပြီ၊ ဒီတခါတော့ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ တဲ့ဥပမာပေးချင်လို့ ပို့စ်တင်လိုက်ပါတယ်။ အဆိုးမြင်တာ မဟုတ်၊ သဘာဝကျကျ၊ လက်တွေကျကျ တွေးတာပါ။ လူအများစုက ဆန္ဒစွဲတွေနဲ့၊ ကိုယ်ဖြစ်ချင်တာကို ထပ်ဖြည့်ပြောတတ်လွန်းလို့...။

ဒီခြသေ့င်္ဟာ နွားရိုင်းပေါက်လေးကို မိတော့ ခဏထိန်းထားတာပါ။ နောက်ထပ် ခြင်္သေ့တကောင်လာတော့ သူ့အစာမို့ ကာကွယ်တာပါ။ နွားပေါက်လေးနဲ့ ပွတ်သပ်တာဟာလည်း သူတို့သဘာဝပါ။ သူ့ထက် ခွန်အားအဆမတန်ငယ်တော့ အသာလေး ချော့မြှူတဲ့သဘောပါ။ ကြောင်တွေ ကြွက်ခုတ်လို့ရရင် ချက်ချင်းမစားသေးဘဲ ဆော့ကစားတတ်သလိုပေါ့...။ သူတို့ဗိုက်ဆာလာရင် စိမ်ပြေနပြေ ကိုက်ဝါး ဆွဲဖဲ့ စားလိုက်မှာပါ...။

တောရိုင်းတိရိစ္ဆာန်တွေမှာ ကြီးနိုင်ငယ်ညှဉ်း မလုပ်ရတို့၊ ဥပုသ်စောင့်ရမယ်တို့၊ ကိုယ်ချင်းစာရမယ်တို့... ဆိုတဲ့ ဥပဒေတွေ မရှိပါဘူး။

ဒီနေ့ စစ်အာဏာရှင်တွေကလည်း တောရိုင်းသတ္တဝါတွေနဲ့တူတာကို သတိထားကြည့်၊ မြင်အောင်ကြည့်၊ တွေးကြည့်ကြစေလိုပါတယ်...။ ကိုယ့်ဆန္ဒစွဲ၊ ဖြစ်ချင်စိတ်တွေနဲ့ အကောင်းမြင်တာမျိုး မဖြစ်စေလိုပါ။ သဘာဝကျကျ ကြည့်ကြပါ...။ တွေးကြပါ။ သုံးသပ်ကြပါ။

ဦးအုန်းမြင့်တို့၊ ဦးဌေးဦးတို့၊ ဦးအောင်သိန်းလင်းတို့၊ ဦးကျော်ဆန်းတို့... အစွယ်ငေါငေါထွက်လာတာကြည့်ပြီး သတိ လက်ကိုင်ထားကြပါ။ အာဏာရှင်ဟာ... သူ့ကျုံးထဲရောက်လာတဲ့ ဒီမို အင်အားစုတွေကို ခြိမ်းလိုက်၊ ချော့လိုက်နဲ့ ဆော့ကစားနေတာဟာ အဲဒီခြင်္သေ့ကြီး နွားကလေးကို ချော့မြူနေတာနဲ့မတူဘူးလား...။ ကိုယ့်အဝန်းအဝိုင်းထဲရောက်နေပေမယ့် ငါ့ကို မစားသေးဘူးထင်ရင် မှားမယ်။ သူလိုအပ်လာရင် အမိအရနှိပ်ကွပ်မှာပါ...။ ကြံ့ဖွတ်ရဲ့ လူကျွံဘောတွေကို သတိပြုပါ...။

သမ္မတ ဦးသိန်းစိန်ပဲဖြစ်ပစေ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းပဲဖြစ်ပစေ၊ ဦးအောင်မင်းပဲဖြစ်ပစေ... ဒီပုတ်ထဲက ဒီပဲတွေပါ၊ အချိန်တန်ရင် နပိန်ကန်တတ်မြဲပါ။ အခုလည်း ဦးအုံးမြင့်ကို ပြန်ကြားရေးဝန်ကြီးနဲ့ ဦးရဲထွဋ် ဘာများ အရေးယူရဲလို့လဲ...။ သိတယ်မို့လား... အဖုံး အပိတ် အပေးအယူတွေလေ...။

အဲဒီဗွီဒီယိုထဲက နွားကလေးက ခြင်္သေ့ရင်ခွင် တိုးဝင်နေတာမဟုတ်ဘူး...၊ ထွက်ပေါက်ရှာပြီး ပြေးမလို့ လုပ်နေတာ။ ခြသေ့င်္ကြီးကလည်း သူ့ခန္ဓာကိုယ်နဲ့ ကာထားတယ်၊ လက်ကြီးနဲ့ ဖိထားတယ်။ အပြေးမခံဘူး၊ အလွတ်မခံဘူး။ ဒီကနေ့ အာဏာရှင်တွေရဲ့ကျုံးနဲ့တူတဲ့ နေပြည်တော် လွှတ်တော်ထဲ ဒေါ်အောင်ဆန်းစုကြည် ရောက်နေပါတယ်။ အပြင်က ဒီမို အင်အားစုခေါင်းဆောင်ဆိုသူတွေလည်း ရန်သူ့ကျော့ကွင်း မိနေပါတယ်။ ဘာမှ မတုံ့ပြန်ရဲဘူး၊ ငြိမ်ငြိမ်ဝပ်ဝပ် ဗိုင်းကောင်း ကျောက်ဖိလေးပါ...။ အစိုးရမဟုတ်တာတွေ မြင်နေပေမယ့် ပြောဖို့ အားနာနေကြတယ်။ အာစေးပိတ်မိနေတယ်။


သေချာတာတာကတော့... စစ်အာဏာရှင်တွေမှာ တရားတဲ့ဥပဒေဆိုတာ မရှိဘူး၊ လိုရင်လိုသလို ဇွတ်လုပ်မှာဖြစ်တယ်။ ၂၀၀၈ ဥပဒေဆိုတာ စစ်အစိုးရရဲ့ အမြုတေဖြစ်တယ်။ သူတို့စိတ်ကြိုက် သီကုံးမွန်းမံထားတဲ့ ရတနာကို သူတို့ ထုတ်ရှိုးပြသထားတာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်အာဏာရှင်တွေရဲ့ ကျောရိုးဖြစ်တယ်။ ဦးနှောက်ဖြစ်တယ်။ အသဲနှလုံးဖြစ်တယ်။ အာဏာရှင်ရဲ့ ခန္ဓာအိမ်လည်းဖြစ်တယ်။ အပေါ်ယံသာ ပြောင်းလဲမယ်၊ အနှစ်သာရကို အပွန်းအပဲ့ခံမှာ မဟုတ်ဘူး...။ ဒါဟာ အာဏာရှင်တွေရဲ့ တောရိုင်းဥပဒေနဲ့ မကွဲပြားတဲ့ လူရိုင်းဥပဒေသာဖြစ်တယ်။ ဒါကို သတိပြုမိသင့်တယ်။

တခုပဲရှိတယ်...။ ထွက်ပေါက်က အဲဒီတစ်ခုပဲ...။ အားလုံးလည်း မြင်ဖူး၊ ကြည့်ဖူးမှာပါ...။ တောဘုရင်ခြသေ့င်္ကြီးကို ကျွဲရိုင်းအုပ်ကြီး ဆုံးမလိုက်တဲ့ ဗွီဒီယိုကလစ်ကလေး...။ ကိုယ့်အမျိုးထိတော့ မချိအောင်နာတတ်တာ တောရိုင်းသတ္တဝါတွေက အစပါ...။ ဒီတော့ ခေတ်အဆက်ဆက် ပညာရှိတွေ အမြဲတမ်းကြွေးကြော်လမ်းညွှန်ပြနေသလိုပဲ...၊ ညီညွတ်မျှတ တရားဓမ္မရှိကြပါတဲ့။

အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတွေအားလုံး သေသေချာချာ အာမခံရှိတဲ့ ညှိနှိုင်း သဘောတူ၊ အပေးအယူတွေ လုပ်၊ ယုံကြည်မှုတွေရအောင်ယူ၊ စည်းလုံးညီညွတ်နိုင်တဲ့ လမ်းကြောင်းရှာပြီး ဘုံရန်သူကို ပြည်သူလူထုအားနဲ့ ပြန်ခုခံ အနိုင်ယူရမှာဖြစ်တယ်။ ပေါင်းစုညီညွတ်မှုအားကို တောရိုင်းစိတ်ဓာတ်နဲ့ အာဏာရှင်တွေ ကြောက်တယ်။ ဒါဟာ ကျနော်တို့ နိုင်ငံရဲ့ ပီပြင်ရှင်းလင်းတဲ့ တခုတည်းသောထွက်ပေါက်ဖြစ်တယ်...။

ဒီမိုကရေစီအင်အားစုတွေအားလုံး... ဒီကနေ့ စစ်ခေါင်းဆောင်တွေ ကိုယ့်လူကို ကိုယ်ကာကွယ် ဖာထေးနေတာကို အတုယူပြီး အချင်းချင်းကာကွယ်ရမယ်။ ယိုင်းပင်းရမယ်။ စာနာကူညီရမယ်။ ခွဲခြားခွဲခြား မလုပ်ပါကြစေလိုပါ။ ရန်သူက သွေးခွဲအုပ်ချုပ်ပြီး ကွဲပြားအောင်လုပ်နေပါတယ်။ စစ်အုပ်စုတွေကို ကျားကန်ပေးနေတဲ့ သမ္မတအကြံပေးတွေလည်း နောင်တရဖို့သင့်ပြီ။ ရန်သူနဲ့ပေါင်းနေတဲ့ အဖွဲ့အစည်းတွေအားလုံး ပြည်သူနဲ့ ကျောခိုင်းရာ... ဝေးကွာရာကို ကြာလေရောက်လေဖြစ်နေတာ သတိပြုမိဖို့ ကောင်းတယ်။ ခေါင်းတွဲတခြား၊ တွဲတခြား၊ ခေါင်းဆောင်တခြား လူထုတခြား မဖြစ်စေလိုပါ။

စစ်ခေါင်းဆောင်တွေထဲက ရိုးသားချင်တဲ့၊ အမှန်တကယ် ပြောင်းလဲချင်တဲ့စိတ်ရှိသူတွေဟာ အရိပ်မဲအောက်က လွတ်အောင်နေပါ။ နှောင်ကြိုးကင်းပါ။ ကိုယ့်အနေအထားကို ပြန်သုံးသပ်ပါ၊ အဟောင်းစိတ်နဲ့ အသစ်လူလား၊ စိတ်သစ်၊ လူသစ်နဲ့ စနစ်သစ်ဆီသွားမှာလားဆိုတာ... စစ်မှန်တဲ့ စစ်သားတွေပီပီ သတ္တိရှိရှိ... ကိုယ့်ဖာသာ ဆုံးဖြတ်ပါ။ ဒါကပဲ တိုင်းပြည်အတွက် အလုပ်အကြွေးပြုစရာလမ်းဖြစ်တယ်...။

တောရိုင်းသတ္တဝါစိတ်ဓာတ်... အလိုမရှိ။
တောရိုင်းဥပဒေ... အလိုမရှိ။

ကိုညို 

 

No comments: