Showing posts with label နှင်းပန်းအိမ်. Show all posts
Showing posts with label နှင်းပန်းအိမ်. Show all posts

Monday, November 28, 2011

ဘဝဆိုတာ (နှင်းပန်းအိမ်)


“အသက်ရှင်နေထိုင်ခြင်းက ဒုက္ခ မဟုတ်ဘူး၊ ယုံကြည်ချက်အတွက် အသက်ရှင်နေတာ” … ။

ကောက်သစ်နံ့တွေ သင်းပျံ့နေမယ့် ခုလိုရာသီမှာ ကျွန်မ ဖေဖေတယောက် ကျေးရွာလေးတခုမှာ ကောက်လှိုင်းတွေ သယ်နေရော့မယ်။ လယ်ကန်သင်းရိုးကို အနားသတ်ထားတဲ့ထန်းပင်တွေကို လေတိုးလို့ ထန်းရွက်တွေ တဖြန်းဖြန်း ထနေတဲ့ အသံ၊ ကျေးငှက်သံတစာစာက မိသားစုနဲ့ တကွဲတပြားနေရတဲ့ ဖေဖေ့ကို အဖော်ပြုနေပါလိမ့်မယ်။ လယ်ရေကို အမှီပြုပြီး ရှင်သန်နေရတဲ့ လယ်ကန်စွန်းညွန့်လေးတွေ၊ မှိုနတိုတွေကို လယ်တောကအပြန် ဖေဖေခူးပြီး တို့စရာ လုပ်စားမှာပဲ။ ဒီလိုဆိုရင်တော့ ဖေဖေတယောက် မေမေ့ကို အထူး သတိရသွားမှာ ကျွန်မ မြင်ယောင်သေးတယ်။ မေမေက ဖေဖေ့အကြိုက် ငါးပိရည်၊ တို့စရာကို ရာသီနဲ့ယှဉ်ပြီး ဖွယ်ဖွယ်ရာရာ လုပ်ကျွေးတတ်သူပါ။

ဖေဖေနဲ့ မေမေက ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အပိုင် ထူးကြီးဇာတိသားတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း အစားအသောက် အကြိုက်ချင်းတူကြတယ်။ သာမန်ကျေးတောသူ မေမေက ဖေဖေ့ကို ချစ်တဲ့စိတ်ကြောင့် ဖေဖေ ယုံကြည်တဲ့ အဘိဓမ္မာတွေ၊ အယူဝါဒတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားနေထိုင်ခဲ့ပါတယ်။ ဖေဖေ ရှာဖွေပေးတဲ့ အိမ်စရိတ်ကို လောက်ငှအောင် သုံးတတ်သူတယောက်လည်း ဖြစ်ပါတယ်။