Showing posts with label သုံးသပ်ချက်. Show all posts
Showing posts with label သုံးသပ်ချက်. Show all posts

Saturday, May 26, 2012

အခွင့်ထူးခံ စီးပွားရေးသမားများ

စစ်အုပ်စုရဲ့  ဦးပိုင်ကုမ္မဏီတွေ၊ စွမ်းရည်မရှိတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ အခွင့်ထူးခံတစု ကြီးစိုးနေတဲ့ မြန်မာစီးပွားရေးမှာ တခြားလုပ်ငန်းကြီးငယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင်လုပ်ဖို့လိုကြောင်း မေလ (၁၀) ရက်နေ့ကထုတ်ပြန်တဲ့ ESCAP (ခေါ်) ကုလသမဂ္ဂ အာရှပစ္စဖိတ် လူမှုစီးပွားရေးကော်မရှင်ရဲ့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရပ်သားတပိုင်းအစိုးရက ကြိုးစားပြီး ပြုပြင်ပြောင်းလဲနေပေမယ့် ချုပ်ချယ်ကန့်သတ်မှုတွေ ရှိနေသေးတာဟာ ကုန်ထုတ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ဟန့်တားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ လုပ်ငန်းအသေးစားနဲ့ အလတ်စားတွေ များပြားလာဖို့ လိုပါတယ်။


Saturday, August 21, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ သမ္မတကြီး ဦးသန်းရွှေ အဖြစ်သို့

ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေငြာပြီးမကြာခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် ဝန်ကြီးဌာနပေါင်းစုံက အဆင့်မြင့်အရာရှိ တွေကို မိခင်ဝန်ကြီးဌာနတွေကနေ အပြီးအပိုင်နုတ်ထွက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားလိုက်ပြီဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် ဝန်ကြီးဌာန ပေါင်းစုံက အဆင့်မြင့်အရာရှိတွေဟာ သြဂုတ်လ ၁၆ ရက်ကစပြီး နိုင်ငံရေးဘက် ပြောင်းဖို့ မိခင်ဝန်ကြီးဌာနတွေကနေ အပြီးနုတ်ထွက်သွားတဲ့ အကြောင်း စက်မှု ၁ ဝန်ကြီး ဌာနစက်ရုံမှူးတဦးက အခုလို အတည်ပြု ပြောဆိုပါတယ်။

“စက်မှု ၁ မှာ ဗိုလ်ကြီးအေးမောင်တို့၊ ဗိုလ်မှူးညွန့်အောင်တို့၊ ဗိုလ်ကြီး သိန်းအောင်တို့ ကိုယ်စားလှယ်လောင်းတွေပေါ့။ ဒီမှာတွဲဖက်ပြီးတော့ ကျွမ်းကျင်သူ ဆိုပြီးတော့ ထားတယ်။ အဲဒါ ဝန်ကြီး သင်တန်းဆင်းပွဲတွေ၊ ဖွင့်ပွဲတွေဆိုလည်း အဲဒီ MP အဟောင်းတွေရော အသစ်တွေရော ရှုပ်ယှက်ကို ခတ်နေတာပဲ ဝန်ကြီးနောက်မှာ တအုပ်ကြီး တအုပ်ကြီးပဲ။

အခု အဲဒီ မနေ့က ၁၆ ရက်နေ့ကစပြီးတော့ အပြီးအပိုင် စွန့်ခွာသွားပြီ၊ ရွေးကောက်ပွဲဝင်ဖို့အတွက်။ သူတို့နဲ့အတူ ကားတွေပေးလိုက်ပြီ။ သူတို့အခုလက်ရှိ စီးနေတဲ့ ဖင်ကောက် ဂျပန်ကားတွေကို အကုန်လုံး ပေးလိုက်ပြီးတော့ မဲဆွယ်တရားစည်းရုံးဖို့အတွက် အကုန်လုံးပေးလိုက်ပြီ။ အဲလိုပဲ အခြားဝန်ကြီးဌာန တွေမှာလည်း ညွှန်ချုပ်ပင်စင်စားတွေ၊ MP ပင်စင်စားတွေက အကုန်လုံး အမတ်လွှတ်တော် နေရာတွေ ရွေးချယ်ပြီးတော့ လက်ရှိ ကားတွေဘာတွေ အကုန်လုံးပေးလိုက်တာ။ အဲဒီကားတွေနဲ့ စည်းရုံရေးဆင်းရမှာ”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ၂၂ ဧကကျော်ရှိတဲ့ နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းရုံးချုပ်မှာ အရေးပေါ်ညီလာခံကျင်းပပြီး မကြာခင် ဝန်ကြီးဌာန ပေါင်းစုံက အဆင့်မြင့်အရာရှိတွေ အခုလို နိုင်ငံရေးဘက်အပြီး ပြောင်းခဲ့တာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့အတူ မကြာခင် နိုင်ငံရေးဘက်ပြောင်းတော့မယ့် ဝန်ကြီး၊ ဒုဝန်ကြီးတွေလည်း ၃၀ ဝန်းကျင်ရှိတာမို့ ဒီဝန်ကြီးတွေနေရာမှာ အစားထိုးဖို့ လိုလာပါတယ်။

ဒါပေမယ့် ထွက်သွားတဲ့ဝန်ကြီးတွေအားလုံးနေရာကို မဖြည့်တော့ဘဲ ကျန်တဲ့အစိုးရကို ဝန်ကြီးဌာနချင်းပေါင်းပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်အရာရှိတချို့ကို ယာယီတာဝန်ပေးပြီး နောက်အစိုးရသစ်ဖွဲ့တဲ့အထိ ဆက်လက် လည်ပတ် သွားဖို့ရှိတယ်လို့ စစ်ရုံးချုပ်နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

ရွေးကောက်ပွဲက နိုဝင်ဘာ ၇ ရက်မှာကျင်းပမှာမို့ အခြေခံဥပဒေပြဋ္ဌာန်းချက်အရ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကို ရွေးကောက်ပွဲကျင်းပတဲ့နေကစပြီး ရက်ပေါင်း ၉၀ အတွင်း ကျင်းပပေးရမှာ ဖြစ်ပါတယ်။ နောက်အကျဆုံး ၂၀၁၁ ခု ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ခေါ်ပေးရမှာ ဖြစ်ပါတယ်။

၂၀၁၁ ခု ဖေဖော်ဝါရီလ ၁၂ ရက် နောက်ဆုံးထားပြီး အမျိုးသားလွှတ်တော်ကို ခေါ်ပေးရမှာဖြစ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို အတည်ပြုပေးမယ့် ပြည်ထောင်စုလွှတ်တော်ကို နောက်အကျဆုံး ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျင်းပပေးရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတ တဦးရွေးချယ်ခန့်အပ်ရမှာဖြစ်သလို စစ်အစိုးရစိတ်ကြိုက် သမ္မတမျိုးခန့်နိုင်ဖို့ အတွက် တနည်းပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကနေ သမ္မတကြီး ဦးသန်းရွှေဖြစ်လာဖို့အတွက် ကြံ့ဖွံ့ပါတီ အပြတ်အသတ် အနိုင်ရဖို့လိုလာပါတယ်။

ဆိုလိုတဲ့သဘောက သမ္မတရွေးချယ်မယ့် ပြည်ထောင်စုလွှတ်တော်မှာ အရပ်သား၊ စစ်သား အမတ်ဦးရေ စုစုပေါင်း ၆၆၄ ဦးရှိတာမို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၃၃၃ နေရာနိုင်ခဲ့ရင် ဒုသမ္မတလောင်း ၃ ဦးထဲက ကိုယ်ကြိုက်တဲ့သူကို ခေါင်းခေါက် ခန့်နိုင်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကြံ့ဖွံ့ပါတီအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် မဲဆန္ဒနယ် ဘယ်နှနေရာ အပိုင်နိုင်မလဲ တွက်နိုင်ဖို့အတွက် တခြားပါတီ ဘယ်မဲဆန္ဒနယ်မြေတွေ ပြိုင်နိုင်မလဲဆိုတာ ကြိုသိဖို့လိုလာပါတယ်။ ဒီမှာတင် နိုင်ငံရေးပါတီတွေဟာ သြဂုတ်လ ၁၆ ရက်နေ ၃၀ ရက်အတွင်း ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း စာရင်းကို ကော်မရှင်တင်ပြရမယ်လို့ အမိန့်ထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကော်မရှင်ကို ဖိအားပေးခဲ့သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ပါတီတွေကြည့်တော့လည်း ငွေကြေးအဆင်မပြေတဲ့ကြားက ကတိုက်ကရိုက် တင်ပြရမှာမို့ သာမန်ပါတီတခုဟာ အမတ်နေရာ ၅၀၊ ၁၀၀ ပြိုင်ဖို့တောင် အတော်မလွယ်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ပြည်သူတွေ မဲပေးရွေးရမယ့် အရပ်သား အမတ်လောင်းဦးရေက အောက်လွှတ်တော် ခေါ် ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ ၃၃ဝ၊ အထက်လွှတ်တော် ခေါ် အမျိုးသားလွှတ်တော်အတွက် အမတ်နေရာ ၁၆၈ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၁၄ ခုအတွက် အမတ်နေရာ ၆၆၀ အားလုံးစုစုပေါင်း အမတ်နေရာ ၁၁၅၈ နေရာကို မဲပေးရွေးရမှာ ဖြစ်ပါတယ်။

တကယ်တော့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ်ပေါင်း ပြည်သူတွေရွေးရမယ့် အရပ်သားအမတ်လောင်း ဦးရေက ၄၉၈ ဦး ရှိပါတယ်။ ဒါပေမယ့် အမျိုးသားလွှတ်တော်ထဲက တိုင်းရင်းသားပြည်နယ် ၇ ခုက ၈၄ နေရာကို တိုင်းရင်းသားတွေအတွက် နုတ်မယ်ဆိုရင်တောင် တကယ်ပြိုင်ရမှာက ၄၁၄ နေရာ ကျန်မှာဖြစ်ပါတယ်။

၄၁၄ နေရာထဲက ၃၃၃ နေရာနိုင်ဖို့ဆိုရင် ၈၀ ရာနှုန်းကျော် အနိုင်ရမှဖြစ်မှာမို့ ကြံ့ဖွံ့ပါတီဟာ သာမန်မဲဆွယ်တဲ့နည်းနဲ့ ပြိုင်လို့မရတော့ဘဲ ပဉ္စလက်နည်းတွေ၊ လက်လှည့်နည်းတွေပါ သုံးဖို့လိုလာမှာဖြစ်တယ်လို့ အကဲခတ်တွေက ဝေဖန်ပါတယ်။ ဒါကြောင့်လည်း တခြားပါတီတွေကို အမတ်လောင်းစာရင်း အမြန်တင်ပြဖို့ ကော်မရှင်က ဖိအားပေးခဲ့တာလို့ ယူဆကြပါတယ်။

သြဂုတ်လကုန်တာနဲ့ ငွေမနိုင်တဲ့ပါတီတွေ ရွေးကောက်ပွဲဝင်ခွင့်မရဘဲ ပြုတ်ထွက်ကုန်မှာဖြစ်ပါတယ်။ စက်တင်ဘာလဆန်း ပိုင်း တခြားပါတီတွေရဲ့ အမတ်လောင်းစာရင်းသိပြီဆိုရင် အဲဒီပါတီတွေ မပြိုင်နိုင်ဘဲ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ဘယ်နှနေရာရှိသလဲဆိုတာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သိပြီဖြစ်ပါတယ်။

လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေမှာ ပြိုင်ဖက်ပါတီတွေက အမတ်လောင်းမရှိဘဲ အရွေးခံမယ့် အမတ်လောင်းတဦးတည်း ဖြစ်နေရင် ရွေးကောက်ပွဲလုပ်နေစရာ မလိုဘဲ အနိုင်ပေးရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဒီနေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအမတ်လောင်းတွေ သွားနေစရာမလိုဘဲ အမည်စာရင်း ပေးရုံနဲ့တင် နိုင်နေပြီဖြစ်ပါတယ်။ အဲဒီလိုဖြစ်အောင်လည်း ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ကျားကန်ပေးထားတာလို့ ရန်ကုန် နိုင်ငံရေးသမားတွေက နားလည်ထားပါတယ်။

ဒါကြောင့်လည်း အလွန်အမင်းနိုင်ချင်နေတဲ့ စစ်အစိုးရဟာ ဟန်တောင် မဆောင်နိုင်တော့ဘဲ ပါတီအကုန်လုံးငွေပြတ်ပြီး ဘေးကြပ်နံကြပ် ဖြစ်အောင် နှစ်ပတ်အတွင်း ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းစာရင်း အမြန်တင်ခိုင်းလိုက်တာဖြစ်နိုင်တယ်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပါတယ်။

ဘာပဲပြောပြော စက်တင်ဘာလဆန်းပိုင်းဆိုရင် စစ်အစိုးရကိုယ်စားပြုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရအောင် ဘယ်နေရာတွေမှာ ကိုယ်စားလှယ်လောင်း လှစ်ဟာနေသလဲဆိုတာ စစ်အစိုးရဘက်က အကြမ်းတွက်လို့ရနေပြီ ဖြစ်ပါတယ်။

တနည်းပြောရရင် ရွေးကောက်ပွဲဟာ နိုဝင်ဘာလ ၇ ရက်အထိတောင် စောင့်နေစရာမလိုဘဲ ပြီးသလောက်ဖြစ်နေပြီး စက်တင်ဘာလဆန်းတာနဲ့ အဖြေ သိနေပြီဆိုတဲ့ သဘောဖြစ်နေတယ်လို့ ရန်ကုန်မှာ ဝေဖန်ပြောဆိုနေကြောင်းပါ။

၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၇ ရက်နေ့ လွတ်လပ်တဲ့အာရှအသံက ထုတ်လွှင့်သွားတဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အပြတ်အသတ် အနိုင်ရအောင် စစ်အစိုးရဘက်က ဘယ်လိုပြင်ဆင်နေသလဲဆိုတဲ့ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကို ကောက်နုတ်ဖော်ပြပါတယ်။

Photo: AP


Wednesday, August 18, 2010

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ပါဝင်ဖို့အတွက် လက်ရှိ စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် ကက်ဘိနက်ဝန်ကြီး အဖွဲ့ဝင်အတော်များများ စစ်ယူနီဖောင်းကနေ အရပ်ဝတ်လဲသွားတာ တွေ့ရပါတယ်။

စစ်အစိုးရသတင်းစာတွေမှာ ဖော်ပြချက်အရ စစ်ယူနီဖောင်းဝတ်တွေကနေ အရပ်ဝတ်တဖြစ်လဲသွားတဲ့အထဲမှာ ခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဝန်ကြီးချုပ် ဦးသိန်းစိန်ဖြစ်သွားသလို တခြားဝန်ကြီး အဆင့်ယူထားသူ ၂၂ ဦးနဲ့ ဒုတိယဝန်ကြီး ၁၉ ဦးပါသွားတာ တွေ့ရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရာထူးယူထားတဲ့ ဗိုလ်ချုပ်အေးမြင့်ကိုပါ ဦးအေးမြင့်အဖြစ်နဲ့ အရပ်သား အဖြစ်နဲ့ ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။ လက်ရှိစစ်အစိုးရရဲ့ ကက်ဘိနက်ဝန်ကြီးအဖွဲ့ဝင်တွေထဲမှာ ကာကွယ်ရေးဝန်ကြီး ရာထူးကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပဲ ယူထားပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရဝန်ကြီးအဖွဲ့တဖွဲ့လုံးကို ခြုံကြည့်ရင် ထူးခြားချက်က အသက် ၇၀ ကျော်နေပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တဦးတည်းသာ ဝန်ကြီးအဖွဲ့ထဲမှာ ယူနီဖောင်းဝတ်နဲ့ကျန်နေပြီး ကျန်ဝန်ကြီး အဖွဲ့ဝင်တွေအားလုံး အရပ်သားဖြစ်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံရေးဘက်ပြောင်းမယ့် ဝန်ကြီးတွေထဲမှာ မကြာခင်ကမှ ယူနီဖောင်းကနေ အရပ်ဝတ်လဲသွားတဲ့ ဝန်ကြီး ၂၂ ဦးအပြင် အစောပိုင်းကတည်းက အရပ်ဝတ် လဲပြီးသား ဦးအောင်သောင်းတို့လို ဝန်ကြီးတွေလည်း ပါဝင်နေတာမို့ လက်ရှိ အစိုးရအဖွဲ့ဝင်ဝန်ကြီးအားလုံးနီးပါးကို အရပ်ဝတ်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ပေးထားတဲ့သဘော ဖြစ်နေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမယ်ဆိုရင် နိုင်ငံရေးဘက်ပြောင်းတဲ့ လက်ရှိစစ်အစိုးရ ဝန်ကြီးအဖွဲ့ဝင်တွေအားလုံးနီးပါး အစိုးရသစ်အဖွဲ့ထဲမှာ နေရာရဖို့အလားအလာရှိသလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုလည်း သမ္မတအဖြစ် ခန့်ခွင့်ရှိနေတယ်လို့ ရန်ကုန်မြို့က ရှေ့နေ ဦးအောင်သိန်းက ယူဆပါတယ်။

“ကျန်တဲ့သူတွေက ရွေးကောက်ပွဲကို ဝင်ကြပြုကြနိုင်ပြီ၊ သမ္မတရွေးဖို့ တောင်းဆို မယ်ဆိုရင် အဲဒီကနေ ထွက်ပြီးတော့ သူ သမ္မတအဖြစ် လုပ်မှာပေါ့၊ ဒီသဘောပဲ ရှိတယ်။ ဒီအချိန်မှတော့ ရွေးကောက်ပွဲနဲ့ သူ ဝင်မရွေးဘူးလေ။ သိက္ခာအကျခံ ပြီးတော့၊ ကျန်တဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကနေပြီးတော့ တောင်းဆိုလို့ ရှိရင် သမ္မတ ၃ ယောက်ရွေးတဲ့အထဲမှာ သူတယောက် ပါဝင်လာ မှာပေါ့။ ဒုသမ္မတ ၃ ယောက်အဖြစ်နဲ့ ပါဝင်လာပြီးတော့ သူက နောက် ပ သမ္မတ လုပ်မှာပေါ့။ အဲဒီသဘောမျိုးလည်း ဖြစ်နိုင်ပါတယ်”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမ္မတဖြစ်ဖို့ အလားအလာရှိတယ်လို့ ဒီမိုကရက်ပါတီ (မြန်မာပြည်) ခေါင်းဆောင် ဦးသုဝေကလည်း ပြောပြပါတယ်။

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကြည့်မယ်ဆိုရင်လည်း နိုင်ငံတော် သမ္မဟာ မည်သည့် လွှတ်တော်ကိုယ်စားလှယ်မှ မဖြစ်စေရလို့ ဆိုထားတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ် မလုပ်လည်းပဲ သမ္မတဖြစ်ဖို့ အခွင့်အရေးရှိနေတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

တနည်းပြောရရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပြတ်အသတ်နိုင်မှ သမ္မတဖြစ်နိုင်မှာမို့ စစ်အစိုးရဝန်ကြီးအဖွဲ့ တဖွဲ့လုံးနီးပါးကို အရပ်ဝတ်လဲပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တွဲချည်ပေးလိုက်တာများလားလို့ ပြည်တွင်း အကဲခတ်တချို့က တွက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်နေပါတယ်။ တနည်းပြောရရင် ၂၀၁၀ ရွေးကောက်ပွဲ ပြီးလို့ နောက်အစိုးရသစ်မဖွဲ့ခင်အထိ ကြားကာလ သမ္မတ မဖြစ်ခင် ဒီကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ယူထားမှာမို့ စစ်တပ်တခုလုံးကိုပါ ထိန်းထားပြီး ဖြစ်မယ်လို့ အကဲခတ်တွေက မြင်ပါတယ်။

သဘောကတော့ ရွေးကောက်ပွဲပြီးလို့ အောက်လွှတ်တော် ခေါ် ပြည်သူ့လွှတ်တော် နဲ့ အထက်လွှတ်တော် ခေါ် အမျိုးသားလွှတ်တော် ၂ ရပ်လုံးအတွက် ခန့်ဖို့လိုအပ်တဲ့ စစ်ဗိုလ်အမတ် ၁၆၆ ဦးကို ဗိုလ်ချုပ်မှူကြီး သန်းရွှေကပဲ ခေါင်းခေါက်ရွေးပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေအတွက် လိုအပ်တဲ့ စစ်ဗိုလ်အမတ်တွေကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပဲ ရွေးပေးရမှာ ဖြစ်ပါတယ်။ စိတ်ချရတဲ့ စစ်ဗိုလ်အမတ်တွေကို ရွေးပေးမှသာ ပြည်ထောင်စု လွှတ်တော်ကနေ သမ္မတရွေးချယ်တဲ့အချိန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် သမ္မတဖြစ်ဖို့အရေး လက်မလွတ်တမ်း ဆုပ်ကိုင်နိုင်မှာဖြစ်တယ် လို့ နေပြည်တော်စစ်ရုံးချုပ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်ကလည်း ပြောပြပါတယ်။

ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတလောင်းရွေးချယ်ဖို့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့နဲ့ အဆိုပါ လွှတ်တော် ၂ ရပ်လုံးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းခေါက်ရွေးထားတဲ့ စစ်ဗိုလ်အမတ်အစုအဖွဲ့ ၃ ဖွဲ့ ကနေ သမ္မတလောင်းတဦးစီ ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ အပြတ်အနိုင်ရရင် စောစောက သမ္မတလောင်း ၃ ဦး ထဲက ကိုယ်ကြိုက်တဲ့သူကို သမ္မတခန့်ခွင့်ရှိနေတာမို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပြတ်အနိုင်ရရေးဟာ စစ်အစိုးရအတွက်ရော၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတွက်ပါ သေရေး ရှင်ရေး ဖြစ်နေပါတယ်။

ဒါကြောင့်လည်း ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်၊ ဘယ်သူတွေ ရွေးကောက်ပွဲမှာ ဘာတာဝန်နဲ့ပါရမယ် စတဲ့ အချက်တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလွဲပြီး ဘယ်သူမှတိတိကျကျ မသိသေးတာ မဆန်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတို့၊ အခြေခံဥပဒေတို့ကို မဝေဖန်နိုင်လောက်အောင် အကြောက်တရား ကြီးစိုးနေချိန်မှာ လူညံ့တွေကြီးစိုးတဲ့ပါတီကို မဲမပေးကြဖို့နဲ့ လူတော်လူကောင်းတွေများတဲ့ ပါတီကိုသာ ရွေးချယ်မဲပေးကြဖို့ ဇူလိုင်လ ၁၃ ရက်ထုတ် Truth News Journal မှာ ရန်ကုန်မြို့က စာရေးဆရာ မောင်ဝံသက ပြည်သူတွေကို ဆောင်းပါးနဲ့ နိုးဆော်ထားတာလည်း အံသြစရာတွေ့ရကြောင်းပါ။

၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့ လွတ်လပ်တဲ့အာရှအသံမှ ထုတ်လွှင့်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုအသုံးချပြီး အနာဂတ်နိုင်ငံတော်ရဲ့သမ္မတဖြစ်အောင် ဘယ်လိုစီစဉ်နေသလဲ ဆိုတဲ့ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကို ကောက်နုတ်ဖော်ပြပါတယ်။

Photo : AFP


Thursday, June 3, 2010

တရုတ်ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်အပေါ် သုံးသပ်ချက်

အမေရိကန် အထက်လွှတ်တော်အမတ်ရဲ့ခရီးစဉ် မဖြစ်မြောက်ပေမယ့် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ရဲ့ မြန်မာပြည်ခရီးစဉ်ကတော့ ပြီးဆုံးသွားပါပြီ။ သူ့ခရီးစဉ်အတွင်း နေပြည်တော်မှာ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ သဘောတူညီချက် အတော်များများကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

တရုတ်ဘက်ကတော့ ဒီခရီးစဉ်ဟာ ၂ နိုင်ငံဆက်ဆံရေးကို နောက်ခြေတလှမ်း ထပ်တိုးစေခဲ့တာလို့ ပြောနေချိန်မှာပဲ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လစ်လျူရှုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတယ်လို့ ဝေဖန်တာကို ခံနေရပါတယ်။

တရုတ် မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်လို့ ဘီဘီစီ တရုတ်ဘာသာဌာနက အယ်ဒီတာ ရှီရွန်းချန်းက …

တရုတ်နိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတာကို လျစ်လျူရှုပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝိုင်းဝန်းရှုတ်ချမှုကိုခံနေရတဲ့ မြောက်ကိုးရီးယားနဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံနေတယ်လို့ မကြာခဏ ဝေဖန်ခံရပါတယ်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ရဲ့ မြန်မာနိုင်ငံ ၂ ရက်ကြာခရီးဟာ တရုတ်ဝန်ကြီးချုပ်တဦးအနေနဲ့ ၁၆ နှစ်အတွင်း ၂ နိုင်ငံဆက်ဆံရေးကို ခိုင်မာစေမယ့် ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ စွမ်းအင်ဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ရေအားလျှပ်စစ်ဆိုင်ရာ၊ ကားပစ္စည်း တပ်ဆင်မှုဆိုင်ရာနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ သဘောတူညီချက် ၁၅ ခုကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

တရုတ် မြန်မာ ၂ နိုင်ငံကြား တနိုင်ငံက တနိုင်ငံကို အမှီသဟဲပြုနေကြတဲ့ အချက်တွေကတော့ အများကြီးပါ။ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုကို ခံနေရတဲ့ မြန်မာစစ်အစိုးရအဖို့ တရုတ်ကို အဓိက မဟာမိတ်တဦးအဖြစ် ကုန်သွယ်ဖက် ပါတနာအဖြစ် လိုအပ်နေတာပါ။

ဒါကြောင့်လည်း အရှေ့တောင်အာရှဒေသမှာ တရုတ်တို့ သြဇာလွှမ်းမိုးမှုကို စိုးရိမ်လာနေတဲ့ အမေရိကန် အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ပတ်သက်လို့ ထိတွေ့ဆက်ဆံရေး မူဝါဒသစ်ကို ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် ဂျင်ဝက်ဘ်ရဲ့ မြန်မာနိုင်ငံကို သွားဖို့စီစဉ်ခဲ့တာဟာ အကောင်းဆုံးပြနိုင်တဲ့ နမူနာပါ။ ဒါပေမယ့် အခုတော့ မြန်မာအစိုးရရဲ့ နျူးကလီးယား အစီအစဉ်သတင်းကြောင့် ဂျင်ဝက်ဘ်ရဲ့ခရီးစဉ် ပျက်သွားပါပြီ။

တရုတ်ဘက်က ကြည့်ရင်တော့ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို လိုအပ်နေတာပါ။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရဲ့မြို့တော် ကူးမင်ရဲ့ အနောက်ဘက်ကမ်းခြေကို ဆက်သွယ်မယ့် ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေကို စပြီးတော့ တည်ဆောက်နေပါပြီ။ ပထဝီနိုင်ငံရေးအရ ကြည့်မယ်ဆိုရင် တရုတ်တို့အနေနဲ့ နယ်စပ်တလျှောက် တည်ငြိမ်မှုရှိဖို့နဲ့ အိန္ဒိယသမုဒ္ဒရာဘက်ကို တိုက်ရိုက် ထွက်ပေါက်ရရှိဖို့ ၂ နိုင်ငံ ဆက်ဆံရေး ခိုင်မာနေဖို့ လိုအပ်ပါတယ်။

တရုတ်တို့အဖို့ စီးပွားရေး တိုးတက်မှုတွေ ရှိလာတာနဲ့အမျှ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက အရင်းအမြစ်တွေကို ပိုပြီးတော့ အားထားလာနေရတဲ့အတွက် အိန္ဒိယသမုဒ္ဒရာဘက်ကို တိုက်ရိုက်ထွက်ပေါက် ရရှိဖို့ဟာ တရုတ်တို့အတွက် အလွန်အရေးကြီးပါတယ်လို့ ဘီဘီစီ တရုတ်ဌာနက အယ်ဒီတာ ရှီရွန်းချန်းက သုံးသပ်ရေးသားထားပါတယ်။

၂၀၁၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။

တရုတ်ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ် (ဓာတ်ပုံ - AP, Reuters)