အဖိုးချစ်တဲ့ ရဲဘော်လေးတယောက်
တော်လှန်ရေးထဲမှာ အဖိုးချစ်တဲ့ ရဲဘော်လေး တယောက်ရှိတယ်။ သူ့နာမည် စတာလင် လို့ ခေါ်တယ်။ ဒီကောင်လေးကို အဖိုး တော်တော်ချစ်တယ်။ သူ့မှာ မိဘတွေ မရှိရှာကြတော့ဘူး။ သူ့ကို ၁၃ နှစ်သားအရွယ်ထဲက အဖိုး မွေးစားထားတာ။ ကိုယ့်သားလိုပဲ ဖြစ်နေတာ။
ဒီကောင် သိပ်တော်တာ။ လျင်မြန်ဖြတ်လတ်တယ်။ လူရိပ်လူကဲလည်း သိတယ်။ အနစ်နာခံစိတ်လည်း ရှိတယ်။ မြစ်ဝကျွန်းပေါ်သားပဲ။ ခရီးသွားရင်းနဲ့ အဖိုးနာမည်ကိုကြားပြီး အဖိုးနောက်ကိုလိုက်လာတာ။ အသက်ငယ်တော့ ရွာမှာ မင်းတို့အဖွားနဲ့အတူတူပဲ ထားတယ်။ မင်းတို့အဖွားကို ဝိုင်းကူပေါ့။ ရွာမှာပဲ အိမ်ထောင်ကျတာ။ မင်းတို့အဖွားတို့ပဲ ဦးစီးဦးဆောင်လုပ်ပြီး မင်္ဂလာဆောင်ပေးခဲ့တာ။
သူမင်္ဂလာဆောင်တုန်းက အဖိုးက အိမ်မှာမရှိဘူး။ အဖိုးကလည်း ရွာတွေဘာတွေပြန်တာ နည်းတာကိုး။ ဒီကောင်လေး ကလေးတယောက်ရပြီး အသက် ၂၃-၂၄ မှာမှ ဆုံးသွားတာ။ ဒီကောင်က သတ္တိရှိတယ်။ တိုက်တာခိုက်တာလည်း တော်တယ်။ နာမည်ထွက်တာပေါ့။ တိုက်ပွဲမှာ ကျသွားတာပဲ။


