Showing posts with label သူ့အမြင်. Show all posts
Showing posts with label သူ့အမြင်. Show all posts

Thursday, December 19, 2013

ယုံကြည်မှု အရင်တည်ဆောက်ရမယ်တဲ့လား (အောင်စံအေး)

၈၈ ပွင့်လင်းက ကိုကိုကြီးက ဖွဲ့စည်းပုံပြင်ဖို့ထက် ယုံကြည်မှု အရင်တည်ဆောက်ရမယ်လို့ပြောလိုက်ကြောင်း မနေ့တနေ့က ဖေ့စ်ဘုတ်တွေထဲမှာဖတ်ရတော့ ပြောစရာရှိလာပါတယ်။ 

ပထမ တချက်က ပြီးခဲ့တဲ့ ၂ ပါတ်လောက်ကပဲ ဒေါ်စုက ကြီးလေးကြီးတွေ့ဆုံဖို့ တောင်းဆိုမှုကို ဦးသိန်းစိန်တို့ပယ်ချလိုက်ပြီးမကြာခင် ကိုမင်းကိုနိုင်က ဒေါ်စုကိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတော့ ခု ကိုကိုကြီးပြောတာနဲ့ ဘယ်လိုဆက်စပ်သလဲဆိုတာတော့ သူတို့တွေပဲ သိပါလိမ့်မယ်။ 

၈၈ ပွင့်လင်းတွေထဲမှာ မင်းကိုနိုင်ပြီးရင် ကိုကိုကြီးက သြဇာအကြီးဆုံးလို့ ပြောရမှာပါ။ ပြီးတော့ သူတို့တွေက မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုပြီးရင် သြဇာအကြီးဆုံး နိုင်ငံရေးမျိုးဆက်လို့ပြောရင်လည်း မှားမယ် မထင်ပါဘူး။ ဒါပေမယ့်လို့လည်း ဆိုရေးရှိက ဆိုအပ်လှ၏ဆိုတဲ့စကားလို ပြောစရာရှိတာကိုတော့ ပြောရပါတော့မယ်။ ကိုကိုကြီး အပါအဝင် ၈၈ ပွင့်လင်းတွေအပေါ် ကျွန်တော်အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးပါ့မယ်။ 


Thursday, October 3, 2013

ဒီမိုကရေစီပျိုးပင် (၅) - ညီစောလွင်

အလုပ်ဖြစ်တဲ့ ပြည်သူ့ဝန်ထမ်းစနစ် (Usable Bureaucracy) ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ မှားယွင်းရုံသာမက အန္တရာယ်ရှိတဲ့ အယူအဆ တရပ်ကတော့ တဦးချင်း လွတ်လပ်မှုကို ဘောင်ချဲ့ယူဖို့အတွက် အစိုးရရဲ့အာဏာ သက်ရောက်မှုဘောင်ကို ချုံ့ပစ်ဖို့ လိုအပ်တယ်ဆိုတဲ့ စဉ်းစားချက်ပါပဲ။ စစ်အေးကာလ တလျှောက်လုံးနဲ့ စစ်အေး အလွန်ကာလမှာ လူကြိုက်များတဲ့ အယူအဆလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် စစ်အေး အလွန်ခေတ် ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ နိုင်ငံတွေကိုရဲ့အခြေအနေကို ဓမ္မဓိဌာန်ကျကျ လေ့လာတဲ့အခါမှာတော့ ဒီအယူအဆဟာ လက်တွေ့မှာ မှားယွင်တယ်ဆိုတာကို ပညာရှင်တွေက တွေ့ရှိပြီး ပြန်လည်သုံးသပ်လာကြတယ်။

အစိုးရ အာဏာနဲ့ပတ်သက်လာရင် ယျေဘုယျအနေနဲ့ (၁) တရားမဲ့ အာဏာစက် (Despotic Power) နဲ့ (၂) တရားသဖြင့် အာဏာစက် (Infrastructural Power) ဆိုပြီး နှစ်မျိုးခွဲမြင်ဖို့ လိုပါတယ်။ ဒီမိုကရေစီအခြေကျနေတဲ့နိုင်ငံတွေကို ကြည့်တဲ့အခါ တရားသဖြင့် အာဏာစက်ရဲ့ သက်ရောက်မှုက ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေထဲအထိ ထိုးဖောက်ဖြန့်ကျက်နေတာကို တွေ့နိုင်ပါတယ်။ နိုင်ငံသားတယောက် မွေးတဲ့အချိန်ကနေ သေတဲ့အချိန်အထိ (ဥပမာ ပညာရေးမှတ်တမ်း၊ ထိမ်မြားလက်ထပ်ခြင်း၊ အိမ်ထောင်ကွဲခြင်း။ အသက်မွေးမှု၊ ဝင်ငွေ၊ အိမ်ပိုင်၊ ကားပိုင်၊ ပြည်ဝင်ပြည်ထွက်၊ ဒုစရိုက်မှု စသဖြင့်) အစိုးရရဲ့မျက်စိအောက်ကနေ မလွတ်ပါဘူး။


Monday, September 30, 2013

ဒီမိုကရေစီပျိုးပင် (၄) - ညီစောလွင်

တရားဥပဒေ စိုးမိုးတဲ့နိုင်ငံ (Rechtsstaat) တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုဟောင်း ဘိုရှီလိုင်ကို ခုံရုံးတင်တဲ့အမှုဟာ ကမ္ဘာ့မီဒီယာတွေမှာ ထိပ်တန်းသတင်းဖြစ်ခဲ့တယ်။ သမ္မတ ရှီဂျင်းပင် ဦးဆောင်တဲ့ အစိုးရတက်လာတဲ့နောက်ပိုင်း တရုတ်နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့အသံတွေကို ပိုလို့ ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ထိပ်တန်းအရာရှိတွေကို ခုံရုံးတင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေချနေတာ တွေ့လာရတယ်။ ဆိုလိုတာက ဒီနေ့ ခေတ်မှာ နိုင်ငံရေးစနစ်နဲ့ပတ်သက်လို့၊ ဒီမိုကရေစီနဲ့ ပတ်သက်လို့ မူကွဲမျိုးစုံ၊ စီးပွားရေးစနစ်နဲ့ပတ်သက်လို့ မူကွဲမျိုးစုံ ရှိနေပေမယ့် တရားဥပဒေ စိုးမိုးရေး အယူအဆကို ဆန့်ကျင်ပြီး ငြင်းချက်ထုတ်မယ့် နိုင်ငံရယ်လို့ မရှိသလောက်ပါပဲ။

တရားဥပဒေ စိုးမိုးရေးနဲ့ လစ်ဘရယ် ဒီမိုကရေစီကို ခွဲခြားလို့မရပါဘူး။ တရားဥပဒေ စိုးမိုးရေးဟာ လစ်ဘရယ် ဒီမိုကရေစီမှာ အရေးကြီးတဲ့ တဦးချင်းအခွင့်အရေး (individual rights) ကို အာမခံပေးနိုင်တယ်။ ရင့်ကျက်တဲ့ ဒီမိုကရေစီအဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင် အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လိုအပ်တဲ့ လွတ်လပ်မှုအတိုင်းအတာကို တရားဥပဒေနဲ့ အာမခံရတယ်။ အရေးပါတဲ့အုပ်စုတွေအားလုံး (အထူးသဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရ၊ နိုင်ငံတော် ယန္တရားတွေ အားလုံး) ဟာ တရားဥပဒေနဲ့ လိုက်နာဆောင်ရွက်ရတယ်။


Sunday, July 21, 2013

ဒီမိုကရေစီပျိုးပင် (ပေးစာ - ၁) - ညီစောလွင်

ဒီလို ရှိတယ်… ညီစောလွင် 

ဖေ့ဘွတ်ပေါ်မှာ မင်းတို့တွေ ပြောဆိုနေကြလို့ ငါ့မှာလည်း ပြောစရာရှိလာတယ်။ ဒီမိုကရက်တိုက်ဇေးရှင်းလို့ မင်းတို့တွေ ဘိုဆန်ဆန် ခေါ်နေကြတဲ့ ဖြစ်စဉ်ကြီးအကြောင်းပေါ့ကွာ။ ဒီမိုကရက်တိုက်ဇေးရှင်းဆိုပြီး တရှင်းတည်း ရှင်းနေကြတော့ ငါ့မှာလည်း သံယောင်လိုက်ပြီး ဒီမိုကရက်တိုက်ဇေးရှင်းလို့ပြောမှပဲ မင်းလည်း နားဝင်တော့မယ် ထင်ပါရဲ့ကွာ၊ (ဟဲဟဲ)။ ဒေါ်အောင်ဆန်းစုကြည် စကားအတိုင်းဆိုရင်တော့ ဒီမိုကရေစီ အုတ်မြစ်ချတယ်…။ ဦးနု စကားအတိုင်းဆိုရင်တော့ ဒီမိုကရေစီ အမြစ်တွယ်အောင် လုပ်တယ်ပေါ့ကွာ။ 

ဘာလိုလိုနဲ့ ရွေးကောက်ပွဲအလွန်ကာလဟာ သုံးနှစ်ထဲကို ရောက်နေပြီကွ၊ အပြောင်းအလဲတွေအကြောင်း ရေးလိုက်ကြတာတွေကိုဖတ်ပြီးတော့ မျက်စိလည်နေတယ်၊ တောကြီးမျက်မည်းထဲ ရောက်နေသလိုပဲ။ မင်းတို့ပြောနေတဲ့ ဒီမိုကရက်ဇေးရှင်းက အခု ဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာကို မသဲကွဲဘူး။ အဲဒီတော့ ဘာတွေ ကျန်သေးသလဲ၊ ဘယ်လောက် ကြာဦးမလဲဆိုတာလည်း မသဲကွဲတော့ဘူး။ သောမတ်စ်ကာရို့သာ့စ်ရဲ့ အဆင့်သုံးဆင့်ကတော့ မပြောနဲ့တော့။ အလွတ်ရနေပါပြီကွာ၊ (ဟဲဟဲ)။ 

ဟိုတလောက ဂျာနယ်တစောင်မှာ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက အခုမှ ဖြေလျှော့တဲ့အဆင့်ပဲရှိသေးတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ သောမတ်စ်ကာရိုသာ့စ်ရဲ့ အဆင့်သုံးဆင့်တွေထဲက opening အဆင့် (ဝါ) လစ်ဘရယ်လိုက်ဇေးရှင်း (Liberalization) အဆင့်လို့ ပြောလို့ရမှာပေါ့ကွာ။ 

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ မီဒီယာတွေကို ဖြေလျှော့ပေးခဲ့တယ်။ အသင်းအဖွဲ့လေးတွေ အတိုင်းအတာတစ်ခုအထိ လွတ်လွတ်လပ်လပ် ဖွဲ့စည်းလာကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေက ပြန်လွှတ်ပေးတယ်၊ တချို့ပြည်ပရောက်တွေ ပြည်တော်ပြန်ခွင့်ရတယ်။ ဒါမျိုးတွေပေါ့ကွာ။ 


Wednesday, November 14, 2012

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘယ်တော့ ပြင်မှာလဲ၊ ဘယ်လို ပြင်မှာလဲ ...

ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး မူဝါဒသစ်နှင့် အစိုးရသစ်အတွက် အလုပ်လမ်းညွှန်ချက်အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ၃၀ မတ် ၂၀၁၁ မိန့်ခွန်းကို ကိုးကားပြောဆိုရပါမည်။ ထိုမိန့်ခွန်းက လက်ရှိ မြန်မာနိုင်ငံ၏ အပြောင်းအလဲအတွက် အဖွင့်မိန့်ခွန်း ဖြစ်ခဲ့ပါသည်။ ထိုမိန့်ခွန်းနှင့်အတူ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်သည်။ အစိုးရသစ်ကို ဖွဲ့စည်းလိုက်သည်။

ထို့နောက် မအေးချမ်း မသာယာမှုများ၊ မဖွံ့ဖြိုးမှုများကို အဆုံးသတ်ပြီး တိုင်းပြည် ပြန်လည် ပြုပြင်ရန်၊ ပြန်လည်ထူထောင်ရန်၊ ဒီမိုကရေစီ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အထွေထွေ ပြုပြင်ပြောင်းလဲရေး၊ အစိုးရတာဝန်များကို အောင်မြင်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး အစရှိသော ရည်မှန်းချက်များကို မိန့်ခွန်းအဖြစ် ပြောဆိုတင်ပြလိုက်တာ ဖြစ်သည်။ ပြည်သူလူထုအတွက် ကတိကဝတ်များ၊ အစိုးရအဖွဲ့ဝင်များအတွက် လုပ်ငန်းစဉ်များ၊ အလုပ်လမ်းညွှန်ချက်များကို အားတက်သရော ပြောဆိုလိုက်သော မိန့်ခွန်းလည်း ဖြစ်ပါသည်။ မိန့်ခွန်းအပြီးမှာ ပြည်သူလူထုအတွက်လည်း မျှော်လင့်စရာများ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါသည်။


Sunday, April 10, 2011

ရန်ငါမခွဲ ဒို့အထဲကြောင့် ဘီလူးသွားကို လဖြဲတည်း (ရဲဘော်ကျော်သန်း)


“ဒီတော့ ရန်ငါစည်းကွဲပြားပြီး တော်လှန်ရေးကို တော်လှန်ရေး အတွေ့အကြုံနဲ့ လုပ်မယ့်အင်အားစုနဲ့ လူထုအကျိုးကို ဦးထိပ်ထားတဲ့ အင်အားစုတွေ လူပုဂ္ဂိုလ်တွေရဲ့ ညီညွတ်ရေးသာ အလိုရှိအပ်တယ်။ ပြည်သူကို အကျိုးပြုနိုင်တယ်။ လက်ရှိ အနှစ်(၂၀)ကျော် ပြည်ပဦးဆောင်မှုနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ညီညွတ်ရေးဆိုတာတွေကတော့ အလိုမရှိအပ်တဲ့ အရာတွေ ဖြစ်တယ်။ တိုင်းပြည်အတွက် အဆိုးကိုသာ ဖြစ်စေတဲ့ ချေမှုန်းရမဲ့အရာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း စကားအတိုင်းပြောရရင် “စားဖားတွေရဲ့ ညီညွတ်ရေး အလိုမရှိဘူး …”

ရုတ်တရက် ခေါင်းစဉ်ကြည့်ပြီး ယုတ်ရင်းသလိုတော့ ဖြစ်နေမယ်။ ဒါပေမယ့် တင်ပြချင်တဲ့ အကြောင်းကတော့ ဒီစကားလုံးတွေနဲ့တောင် စံမမှီအောင် ယုတ်မာအောက်တန်းကျ တာဝန်မဲ့လှပါတယ်။

ဂုဏ်တော်အနန္တနဲ့ ပြည့်စုံတဲ့ မြတ်စွာဘုရားကို လူနတ်ဗြဟ္မာတွေသာမက ဂုမ္ဘာဏ်ယက္ခ ဘီးလူး သဘက်တွေကပါ သွားဖြဲ ပူဇော်ကြပုံကို “နတ်ဘီလူးတို့၊ သုံးဦး ပရမေ၊ ဂုဏ်မြုတေကို၊ ဖူးလေတုံမြောက်၊ လက်ပမ်းပေါက်ဖြင့်၊ ဝမ်းမြောက်ဝမ်းသာ၊ စေတနာနှင့်၊သဒ္ဓါရွှင်မြူး၊ကြည် ညွတ်နူးသည်။ ဘီလူးသွားကို လဖြဲတည်း။” လို့ ရေးဖွဲ့ထားတဲ့ အင်းဝခေတ် အကျော်တပါးဖြစ်တဲ့ ရှင်ဥတ္တမကျော်ရဲ့တောလားထဲက စကားကို ယူသုံးလိုက်တာပါ။ အားတော့နာပါရဲ့။

Friday, March 25, 2011

ဗမာတွေ ငတုံး၊ ငအ မဟုတ်ပါ - အရှင်ပညာဇောတ (ဒေလီ)


"ဖိတ်စာမရောက်ပေမယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်းကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက် ပြောမယ်ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ်နေတယ်လို့ သံသယ ရှိထားတာကိုး ..."

တလောက မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေး Democr atisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီ တက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ ကျင်းပတဲ့ပွဲကို ဦးဇင်းတို့ တက်ရောက်ခဲ့ကြတယ်။

မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့အတိုက်ခံ ဒီမိုကရေစီခေါင်းဆောင်တွေ ပြောကြဆိုကြတဲ့ပွဲပါ။

ဖိတ်ကြားခြင်းခံရလို့တော့ မဟုတ်ပါဘူး၊ အတည်ပေါက်နဲ့ ဝင်တက်တာပဲ ဆိုပါတော့။ ကြံကြံဖန်ဖန် ကြော်ငြာထားတဲ့ ပိုစတာလေးတခုတွေ့ရလို့ တော်သေးတယ်လို့ပဲ အောက်မေ့မိပါတယ်။ ကိုယ်လိုပဲ ဖိတ်စာမရတဲ့ အဖွဲ့ခေါင်းဆောင်တွေ မနည်းမနောပါပဲ။ တချို့ခေါင်းဆောင်တွေက ဖိတ်စာ မရောက်ပေမယ့် သိတယ် မတက်ဘူးပေါ့။ တချို့ကတော့ သိကို မသိတာပါ။

Saturday, January 30, 2010

ဟီးရိုးမှ ဇီးရိုးသို့

ကျုပ်တို့ ဗမာတောသားတွေအတွက်တော့ အပေါင်းဖော်တွေနဲ့ မိုးဦးကျမှာ ဖားရိုက် ထွက်ရတာ ဘဝအရသာတခုပဲ၊ အဆိုတော် ကိုထွန်းရွှေက “တအားရိုက်မလေ ဖားမိုက်တွေ အရီးတုတ်ရဲ့တဲနဘေးမှာ ချက်ပြုတ်စားကာ ဆိုကြကကြ ပျော်သလိုနေနိုင်ကြပေ” လို့ စပ်ဆိုခဲ့တာ အတော်အောင်မြင်ခဲ့တာပဲ၊ အခုထိလည်း မရိုးနိုင်သေးဘူး။

ဖားရိုက်တယ်ဆိုလို့ သိပ်တော့လွယ်တယ် မထင်နဲ့၊ သူ့မှာလည်း ပညာနဲ့သတိ ရှိဖို့လိုတယ်။ ပေါ့ပေါ့သွားလုပ်ရင် ကောက်ကွေးသွားမယ်။ ဖားတွေရဲ့သဘာဝနဲ့ အထာကို သိဖို့ လိုတယ်။ ပြီးတော့ ဖားတွေကိုကြိုက်တတ်တဲ့ မြွေတွေရဲ့ အန္တရာယ်ကိုလည်း သတိရှိဖို့ လိုတယ်။ ဒါကြောင့်လည်း မိုးဦးကျဆိုရင် မြွေကိုက်ခံရတဲ့ ဖားရိုက်သမားတွေ နည်းမှ မနည်းပဲ။

ဖားတွေရဲ့သဘာဝက တော်လှန်ရေးတံဆိပ်ကပ်ထားတဲ့ ဆူလွယ်နပ်လွယ် လုပ်စားတွေနဲ့တူတယ်ဆိုရင် မှားမယ် မထင်ဘူး။ သိတဲ့အတိုင်း ဖားဆိုတာက ရေနေကုန်းနေ သတ္တဝါ မှန်ပေမယ့် ရေမရှိရင် မနေနိုင်ဘူး၊ မရှင်သန်နိုင်ဘူး၊ ရေသိပ်ကြိုက်တယ်ပေါ့။ ဒီတော့ သဘာဝတရားက သူ့ကို မျက်နှာသာပေး ဗီဇသတ္တိတခု ပေးထားတယ်။ ရေရှိတဲ့နေရာကို သိတယ်၊ ရေခန်းတော့မှာကို သိတယ်၊ ဘယ်နေရာမှာ ဘယ်ချိန်မှာ မိုးရွာမယ်ဆိုတာကို ကြိုသိတယ်၊ ဒါကြောင့် ဗမာတောသား လယ်သမားတွေက ဖားအော်သံကို နားထောင်ပြီး မိုးလေကို တွက်ချက်ကြရတာပဲ။

ဖားဆိုတာကလည်း အမျိုးမျိုးရှိတယ်၊ ‘အွန် အွန်’ နဲ့ တချက်တချက် ပြတ်တောင်းပြတ်တောင်း အော်တတ်တဲ့ နှစ်ချို့ စားဖားကြီးတွေ ရှိတယ်၊ ‘အုံအိုင် အုံအိုင်’ နဲ့ ဆက်တိုက်အော်လိုက် ခဏနားလိုက် ပြန်အော်လိုက်နဲ့ ဖားအိုင်းတွေ ရှိတယ်၊ ‘ကက်ကက် ကက်ကက်’ နဲ့ အော်တတ်ပြီး ရေအဝသောက် မြေထဲယက်ပြီး ဇိမ်ရစ်နေတတ်တဲ့ သဲဖားဆိုတာ ရှိတယ်၊ တနေရာထဲမှာ အငြိမ်မနေ ဟိုခုန် ဒီလူးနဲ့ ဖားပေါင်စင်းအသေးစား ကျော်စံကေးဆိုတာ ရှိတယ်၊ အဲဒါအပြင် ဖားရိုက်သမားတွေကို ဒုက္ခအပေးဆုံးကတော့ ဖားလတက်ပဲ။ အရွယ်ကလေးက လက်မလောက်နဲ့ တကွင်းလုံး ဆူညံနေအောင် အော်နိုင်စွမ်းတယ်။ စားလည်း မစားလောက် တုတ်လည်း မရိုက်လောက်၊ ဒါပေမယ့် ဆူညံနေတဲ့ သူတို့ အသံကြောင့် ဖားရိုက်သမားတွေ တခြား စားလောက်သောက်လောက် ဖားကြီးတွေရဲ့အသံကို ဖမ်းရအတော်ခက်စေတယ်။

ဖားဆိုပေမယ့် လျော့တော့မတွက်နဲ့၊ သူလည်း အသားစားသတ္တဝါ၊ သူထက်ငယ်တဲ့ သူနိုင်တဲ့ အကောင်မှန်သမျှ အကုန် စားတယ်။ တချို့ နှစ်ချို့စားဖားကြီးတွေဆိုရင် ငါးပုစွန်တွေသာမက တော်တော့အရွယ် ပုတ်သင်တို့၊ ငှက်တို့ကိုတောင် ဖမ်းစားနိုင်တယ်။ ပြီးတော့ သိပ်အကင်းပါးတယ်၊ တနေရာ အခြေအနေမဟန် တနေရာ အပြောင်းမြန်တယ်။ အခြေဟန် မည့်နေရာတွေ့လို့ကတော့ သူများတွင်း (ပုစွန်လိုဟာမျိုး) လည်း အဓမ္မ လုယက်နေထိုင်တတ်တယ်။

ပြောပါပကော ဖားတွေရဲ့သဘာဝက ကျုပ်တို့ တော်လှန်ရေးတံဆိပ်ကပ် လုပ်စားတွေနဲ့ တူပါတယ်လို့။ ဒါကြောင့်လည်း ဗမာနိုင်ငံရေး ဝေါဟာရတွေထဲမှာ ဖားနဲ့ပတ်သက်တဲ့ စကားလုံးတွေ အတော်များများ ရှိနေတာပဲ။ “ တုံးအောက်ကဖား” “အထက်ဖား အောက်ဖိ” “ဖော်လံဖား” “ စားဖားနိုင်ငံရေး” “နိုင်ငံရေးစားဖား” “ကပ်ဖားရပ်ဖား” “ ဖားစည်းငါးစည်း” ဆိုပြီး များမှများ။ ကျုပ်တို့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတောင် “စားဖား ညီညွတ်ရေး အလိုမရှိဘူး” လို့ ကြောက်လန့်တကြား မိန့်ခွန်းထဲ ထည့်ပြောခဲ့ရသေးတာပဲ။

ဖားအကြောင်း ပြောရင်းနဲ့ ကာတွန်းချစ်ဆွေရဲ့ စကားတခုက ပေါ်လာပြန်တယ်။ သူပြောတာက “ စားဖားတွေ စားဖားတွေ၊ စားဖားတွေကို ဖားစားသူတွေ သိပ်ကြိုက်တယ်” တဲ့။ သူ့စကားအတိုင်းဆိုရင် နိုင်ငံရေးဆိုတာ အဖိနှိပ်ခံလူထုကို ဗန်းပြပြီး စားဖားတွေနဲ့ ဖားစားသူတွေ ပေါင်းပြီးလုပ်စားနေတဲ့ ရိုက်စားလုပ်ငန်းကြီးလို့ ပြောရမလိုပါပဲ။ အားလုံးတော့မဟုတ်ပါဘူး အဓိက ခေါင်းဆောင်ပိုင်းနဲ့ ပညာကို သိသာသိပြီး တတ်လည်း မတတ်၊ ဉာဏ်လေးကောင်းပါရဲ့နဲ့ ပညာရှိဖြစ်ဖို့လည်း အလားလာမရှိတဲ့ လူတတ်ဆိုသူတွေ၊ ကျွမ်းကျင်သူ ဆိုသူတွေပေါ့။ ထောင်သောင်းချီတဲ့ အောက်ခြေရဲဘော်ထုနဲ့ တကယ့် လူထုခေါင်းဆောင်တွေကတော့ ဘာအကျိုးကိုမှ မမျှော်ကိုးဘဲ ဘဝတွေ အသက်တွေ ပေးဆပ်ပြီး အကျဉ်းထောင်တွေထဲ၊ တောတောင်တွေထဲမှာ တိုက်ပွဲဝင်နေကြဆဲပါ။ ဒီရဲဘော်တွေ အကျအဆုံးများပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာလေ ခေါင်းဆောင်စားဖားတွေ ဂွင်ကြလေပဲ။ အတော့်ကို ရင်နာစရာလည်း ကောင်း၊ ရွံစရာလည်း ကောင်းပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပေါက္ခရဝဿမိုးကြီး ရွာတော့မလိုလို မိုးခြိမ်းသံပေးကာရှိသေး ဖားမျိုးစုံတို့ အကုန်ညီ ပလုံစီအောင် အော်နေလိုက်ကြတာ တလောကလုံးကို ဆူညံပွက်လို့ပဲ။ ကိုယ်လာရာလမ်းကို မေ့ချင်ယောင်ဆောင်နေတဲ့ တချို့သော မကျက်တကျက် ( Half Baked) သတင်းသမားတွေ ဖွတာလည်း ပါသပေါ့။ သူတို့ကသာ အမေရိကန်ဘောပွဲက ဖင်လေး တွန့်လိမ်တွန့်လိမ်နဲ့ (Cheer Leader) တွေလို ရွေးကောက်ပွဲကြီးကို ခုန်ပေါက်ချီးပ ရွှေကြိုလုပ်နေကြပေမယ့် ပြိတ္တာကြီးသန်းရွှေက ခုထိ ရွေးကောက်ပွဲ ဥပဒေတို့ အချိန်တို့ကို မကြေငြာသေးဘူး။ ပုဆိုးထဲ မိုးကြိုသေးပေါက်တဲ့သူလို လူထုကြားမှာ စောက်ရှက်ကွဲကြမှာ မြင်ယောင်မိပါသေးတယ်။

တကယ်တော့ ဘယ်ချိန်ဘယ်ကာလမှာ ဘယ်လိုလုပ်မယ်မှန်းမသိတဲ့ ရွေးကောက်ပွဲကို မိုးဦးကျဖားများလို တုတ်မမြင် မြွေမမြင် ကွတ်ကွတ်ကက်ကက်၊ အုံအုံအိုင်အိုင်နဲ့ ချီးပ ရွှေကြိုလုပ်နေကြသူအားလုံးဟာ တချိန်ကတော့ သူရဲကောင်း ဟီးရိုးတွေပေါ့။ လွတ်လပ်ရေးတိုက်ပွဲခေတ်ကနေ ဒီနေ့ခေတ် ၈၈ ဒီမိုကရေစီ တိုက်ပွဲကာလအထိ ဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ရေးအတွက် လုပ်ခဲ့ကြတဲ့ တိုက်ခဲ့ကြတဲ့ တချိန်က ဟီးရိုးတွေပေါ့။ ကာလတွေကြာလာတော့ လူထုကိုဗန်းပြပြီး ကိုယ်ကျိုးရှာချင်တဲ့ ဉာဉ်တွေ၊ ပေါချောင်ကောင်းနဲ့ သူရဲကောင်းဖြစ်ချင်တဲ့ ဗီဇတွေ၊ အချောင်သမားဇာတိတွေ၊ ဖုံးမရ ဖိမရ ပေါ်လာကြပြီ။ ကိုယ်ကျိုးအတွက် စစ်အုပ်စုကို ဖားရင်းယားရင်းနဲ့ ဇီးရိုး ( ဖိုးသုည ) တွေ ဘဝကို ရောက်သွားကြရှာပြီ။ ဇီရိုးမှ အနုတ်လက္ခဏာ မည်းမည်းကြီး ထိပ်ပိတ်ထားတဲ့ ဇီးရိုး၊ ကျန်တဲ့ ဇီးရိုးတွေနဲ့မတူဘူး။ ရူပဗေဒ သင်ဖူးသူတိုင်း သိတယ်၊ ရိုးရိုးဇီးရိုးက တစ်နောက်မှာ ထားလိုက်ရင် တစ်ဆယ်လုံးရဲ့အဓိပ္ပာယ် တဆယ်ဖြစ်ပေမယ့် အနုတ်လက္ခဏာနဲ့ ဇီးရိုးကတော့ သူ့ရှေ့မှာ ကိန်းဂဏန်းတွေ ကြိုက်သလောက်ဖြည့် တစ် တောင်ဖြစ်မလာဘူး။ အဟောသိကံ အနန္တပဲ။

လူထုကို နှိပ်စက်ရုံမက ဘုရားရွှေခွာ ဌာပနတိုက် ဖောက်နေတဲ့ ပုဂံခေတ်က စကားနဲ့ပြောရရင် ငရဲမှာ သစ်ငုတ်ဖြစ်မယ့် စစ်အုပ်စုကို အတ္တအကျိုးအတွက် ဖားရင်းနဲ့ ဒီဘဝရောက်သွားကြတာပေါ့။ အဲဒီအထဲမှာ စစ်အုပ်စုရဲ့ သံခြေချင်းဝတ် ပရောဟိတ်လိုလို သုခမိန်လိုလို မောင်စူးစမ်း တို့၊ သခင်တင်မြတို့ ထိပ်ဆုံးကပေါ့။ လွတ်လပ်ရေးတိုက်ပွဲဝင် ဟီးရိုးဘဝကနေ ပျက်ရွေ့သွားတဲ့ ဇီးရိုးအကြီးစားကြီးတွေပေါ့။ ကြောက်တတ်ရင် အခါခါသေတယ်ဆိုတဲ့စကားလို ဘဝမှာ အကြိမ်ကြိမ် သေနေရတဲ့သူတွေ။ ဖဆပလ၊ မဆလ ခေတ်တွေကနေ ဒီနေ့ခေတ် နဝတ/ နအဖ စတဲ့ ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်ကို မှောက်ချီ လှန်ချီ အသုံးတော်ခံနေကြရတဲ့ သူတွေပေါ့။

အနှီဇီးရိုးကြီးတွေက အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးရင် ဖြစ်ထွန်းလာမယ့် နိုင်ငံရေး အခင်းအကျင်းသစ်မှာ သူတို့စကားအတိုင်းပြောရရင် Space (နေရာ) ရှိသတဲ့။ အရပ်သားပါတီ (လူထု) တွေအတွက် နှီးပြားတထောက်စာတောင် နေရာမရှိတဲ့ ဖွဲ့စည်းပုံတကျ စစ်အာဏာရှင်စနစ်ကို စစ်အုပ်စုအတွက် ဗြောင်လိမ်ပေးနေကြတယ်၊ ဖားတာပေါ့။ သူစကားသူနင်း တနေရာကျပြန်တော့ ဒီရွေးကောက်ပွဲဟာ တခြားပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲတွေနဲ့မတူဘူး၊ နိုင်တဲ့ပါတီ အစိုးရဖွဲ့ဖို့ မဟုတ်ဘူး ဆိုပြန်တယ်။ အဲဒီအခင်းအကျင်းသစ်မှာ Institution သုံးခုပေါ်လာမယ်၊ အဲဒါတွေက တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီများဆိုပဲ။ တိုင်းပြည်ကို တကယ်စီမံအုပ်ချုပ်မဲ့ အစိုးရဖွဲ့စည်းရေးကျတော့ ဆက်မပြောတော့ဘူး။ ဘယ်ပြောတော့မလဲ အဲဒီထဲမှာ လူထု (ပါတီ) တွေရဲ့ အခန်းကဏ္ဍမှ မပါတော့ဘဲ။ သူတို့ အကြောင်းတော့ အထူးဝိတ္တာ ချဲ့စရာမလိုပါဘူး၊ ဒီဇီးရိုးကြီးတွေဟာ ပီသုံးလုံး (PPP= Professional Political Prostitute) တွေဆိုတာ အများက သိပြီးသားပါ။

နောက် ပီသုံးလုံးပိုင်ရှင် နှစ်ချို့စားဖားကြီးကတော့ ပြည်ပက ဟန်ညောင်ရွှေပါ။ စစ်အာဏာရှင်အလိုကျ အောင်ဆန်းစုကြည် နှမလေးကို စိတ်ဒုက္ခမျိုးစုံပေးနေတဲ့၊ ဂုဏ်သရေကြီးမြတ်တဲ့ အမိအဖတွေရဲ့ မျိုးဆက်မပီ သွေးဆိုး ပြည်ပုပ် သားယုတ် အောင်ဆန်းဦးနဲ့ ပိန်မသာ လိမ်မသာ၊ ဗမာပြည် ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်ရဲ့သားဆိုတဲ့ ဂုဏ်ပုဒ်ကို ပဲလှော်နဲ့ လဲစားနေတဲ့သူပေါ့။ အပြင်ပန်း အတော်လယ်ဝယ် ရည်မွန်တယ်၊ စနစ်ကျတယ်၊ လုပ်စားတာလည်း ကြာခဲ့ပြီကိုး။ သူရဲ့ကမ္ဘာပတ်လည် ရိုက်စားလုပ်ငန်းကြီးကို စားဖားနဲ့ ဖားစားသူတွေရဲ့ သီးသန့်အင်ပါယာ (Exclusive Class) ဖြစ်အောင် ထူထောင်ထားတယ်။ ဘယ်တော်လှန်ရေးသမားမှ ကပ်လို့မရဘူး၊ လက်ရှိမှာတော့ များစွာသော သူရဲ့အင်ပါယာတွေထဲမှာ အဓိက အင်ပါယာက အီးဘီအို (EBO= Euro-Burma Office) ဆိုတာပေါ့။ အဲဒီထဲမှာ ဗမာဆိုလို့ သူတယောက်ပဲ ဟုတ်ဟုတ်ငြားငြား ရှိတယ်။ ကျန်တာ နိုင်ငံတကာ စားဖားတွေ ဖားစားသူတွေနဲ့ ဖွဲ့ထားတယ်။ ကျုပ်တို့ အိန္ဒိယဘက် ဒေလီမှာတောင် အဲဒီ အီးဘီအိုရုံးတခု လာဖွင့်ထားသေးတယ်၊ ဗမာတယောက်မှ မပါဘူး။ ဒေလီမှာ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ ရုံးခန်းတောင် တူတူတန်တန်မဖွင့်နိုင်တဲ့ အခြေအနေမှာ အီးဘီအို ရုံးခွဲကတော့ ဒေလီမြို့ရဲ့ ဈေးအကြီးဆုံးဆိုတဲ့ (South Extension) မှာ အကျအန ဖွင့်ထားတယ်။ ကုလားအရာရှိတွေတောင် မမှန်းနိုင်တဲ့ လခစား ဝန်ထမ်းတွေနဲ့ပေါ့။ ဒေလီက နိုင်ငံရေးစားဖားတချို့ကလွဲရင် ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ အဆက်အဆံ မလုပ်ဘူး။

ဟိုတလောကတောင် ဟန်ညောင်ရွှေနဲ့ အသင်းအပင်း စားဖားတသိုက် ဒေလီကို ခိုးကြောင်ခိုးဝှက် ရောက်လာပြီး ဒေလီက လက်သင့်ရာတသိုက်နဲ့ သူတို့ရဲ့ ရိုက်စား ရွေးကောက်ပွဲ ရွှေကြိုအလုပ်တွေ လုပ်သွားကြသေးတယ်။ သူတို့က လာမယ့်ရွေး ကောက်ပွဲဟာ ပကတိအခြေအနေ (Reality) မှန်ဖြစ်တယ်၊ ဗမာပြည်သူတွေအတွက် အခွင့်အလမ်းတခု (Opportunity) ဖြစ်လို့ ထောက်ခံကြောင်း ကုလားဧည့်သည်တွေကို မျက်စိထဲ သဲပက်သွားခဲ့ကြတယ်။ ဟိုတုန်းက သူတို့ပဲ ဗမာပြည်ရဲ့ ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာလို့ ပြောခဲ့ကြပြီး အခုတော့ စစ်အုပ်စုရဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံက ပြဿနာ မဟုတ်တော့ဘူး တဲ့။ ပြဿနာက မဲဆန္ဒရှင်ပြည်သူတွေရဲ့ နိုင်ငံရေးအသိပညာ(Voter Education) ကသာ အဓိက ပြဿနာတဲ့။ Voter Education ကို အဓိက လုပ်ရမယ်တဲ့၊ ဒါကြောင့် ရွေးကောက်ပွဲဝင်ပြီး မဲဆန္ဒရှင်တွေကို နိုင်ငံရေး အသိပညာပေးရမယ်၊ သူတို့အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် အင်အားစုတွေကိုလည်း ငွေကြေးကအစ ကူညီထောက်ပံ့သွားမယ်လို့ ပြောသွားကြတယ်ဆိုပဲ။ အဲဒါတွေလုပ်နိုင်ဖို့ လူထုလူတန်းစား အဖွဲ့အစည်း (Civil Society) လုပ်ငန်းတွေကို လုပ်ဆောင် သွားမယ်ဆိုပါလား။

နွားပြာကြီးအကြောင်းသိထားတော့ ဒါဟာ လာမည့် ပေါက္ခရဝဿမိုးကြီးကို တွက်ပြီး စားခွက်သစ် ထွင်လိုက်ပြန်ပြီဆိုတာ လူတွေက သိကြပါတယ်။ ဖားစားသူတွေကတော့ စားရနိုးနဲ့ မပြောတာ၊ စားလက်စလေးတွေ ကျေးဇူးနဲ့ မပြောကြတာ။ တချို့ကျတော့ အင်ဂျီအိုနဲ့သူတို့ကြားက “ကိုယ့်ဖောက်သည်နဲ့ ကိုယ်ဆက်ဆံရေး” ကို သိပြီး ပြောလည်းမထူးမှန်းသိလို့ မပြောကြတာပါ။

နောက် နှစ်မချို့တချို့ စားဖားလား ဖားစားလား မကွဲပြားတဲ့ ကျော်ဝင်းတို့လို ပညာရှင်ဘွဲ့ခံ ဇီးရိုးတွေပေါ့။ သူတို့ကတော့ ရွေးကောက်ပွဲကို ကျောခိုင်းမယ်ဆိုရင် NLD ဟာ သမိုင်းတရားခံဖြစ်တော့မယောင် တောင်တလုံး မြောက်တလုံး အင်္ဂလိပ် စကားတွေ ညှပ်ညှပ်ပြီး တောခြောက်သံ ပေးကြတယ်၊ သူတို့ထဲက တယောက်ဆိုရင် ကိုယ့်အမြင်ကို ပြောမိတဲ့ အပြစ်နဲ့ လူနှစ်ထောင်ကျော်ကို ဖမ်းဆီးသတ်ဖြတ် နှိပ်စက်နေတဲ့ စစ်အုပ်စုကိုတော့ မျက်မွှေးထော် လော်လို့မှ မကြည့်ဝံ့ပဲ၊ ကြံ့ဖွံ့လိုစွမ်းအားရှင်လို လက်ကိုင်တုတ်တွေကတောင် မထင်မထင်သလို ရိုက်နှက်သတ်ဖြတ် ခြိမ်းခြောက်ခံနေရတဲ့ NLD ပါတီကိုပဲ ခေါင်းမာသလိုလို၊ လက်တွေ့မကျသလိုလို ဝေဖန် အပုတ်ချ သတ္တိပြနေကြတယ်။ ဒါပေမယ့် NLD နဲ့ ဒေါ်စု နောက်မှာရှိတဲ့ လူထုအားကိုတော့ သိပုံရတယ်၊ ကြောက်ပုံရတယ်။ သူက စစ်အုပ်စုကိုယ်စား အလံရှုး လုပ်တာက NLD ဟာ တကယ့်အမျိုးသားရင်ကြားစေ့ရေး လုပ်ချင်ရိုးမှန်ရင် လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၅၀) ရာခိုင်နှုန်းထက် မကျော်ဘဲ ရွေးကောက်ပွဲ ဝင်သင့်သတဲ့၊ ဒါဆို အာဏာမမက်ဘူးဆိုတာ ပေါ်လွင်ပြီးတော့ နိဂုံးသိပ်လှသွားမယ် ဆိုပါလား။ ဝမ်းရေစပ်ခံ မွေးထုပ်ခဲ့တဲ့ သူ့မွေးသမိခင်ရဲ့ ကျေးဇူးဂုဏ်ကိုမှ မထောက် အော့နှလုံးနာလောက်အောင် ဖောက်ပြန်တဲ့ ဦးနှောက်ပါပဲ၊ ဘယ်တရားနဲ့ သံဝေဂယူရမှန်းတောင် မသိတော့ဘူး။

နောက်တမျိုးကတော့ တကွင်းလုံးဆူအောင် အော်နေတဲ့ ၈၈ ထွက် ဟီးရိုးပျက် ဖားလတက်တွေပေါ့။ သူတို့ကတော့ စစ်အုပ်စုမျက်နှာရဖို့ဆိုရင် ဘုရားခန်းလည်း သေးပန်းမယ်ဆိုတဲ့ ဇီးရိုး ဖားလတက်တွေ။ စေ့စေ့ငုငုပြောရရင် အထဲမှာ တတိယအုပ်စုလိုလို၊ ၈၈ လိုလို ပုံမှားရိုက်နေတဲ့ အင်အားစုတွေနဲ့ အပြင်မှာ ဟိုကျောင်း ဒီကျောင်းတွေက ခွေးဝင်စား ဘွဲ့လေးတွေကိုင်ထားပြီး လူတတ်လုပ်နေကြတဲ့ လူတွေပေါ့။ ညှိပြီး တိုင်ပင်ကိုက်နေသလား၊ တိုင်ပင်ကိုက်လို့ ညီနေသလားတော့ မသိဘူး။ အတွင်းအပြင်ကွဲပေမယ့် အလုပ်တာ့ ညီကြတယ်။ သူတို့က ရွေးကောက်ပွဲ ဆန့်ကျင်တယ်လို့ယူဆရတဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ လူထုဦးစိန်ဝင်းတို့လို ဖက်ဆစ်စစ်အုပ်စုနဲ့ သူတို့ရဲ့ ငရဲခန်းတွေကို မကြောက်မရွံ့ဘဲ မူပေါ်မှာ ကြံ့ကြံ့ခံနေတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကျားကို ခွေးဟောင်သလို ဟောင်နေကြတယ်။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ဟီးရိုးပျက် ဇီးရိုးဖားလတက်တွေနဲ့ အဖြစ်တူ ငါးရာငါးဆယ်ဇာတ်တော်ထဲက ဝက်တကောင်အကြောင်း ပြောရအုံးမယ်၊ ဇာတ်တော်ကိုတော့ အတိအကျ မမှတ်မိတော့ပါဘူး။

သဘောသွားကတော့ တခါက တောအုပ်တခုမှာ ဝက်တကောင် ရွှံ့လူးနေတယ်။ အပုပ်ကြိုက်တဲ့ သတ္တဝါဆိုတော့ ရွှံ့ပုပ်ပဲနေမှာပေါ့။ ဒီအချိန်မှာပဲ ခြင်္သေ့တကောင် သူရှိရာကို ဗြုန်းခနဲ ရောက်လာတယ်။ ဝက်လည်း အတော်လန့်သွားတယ်။ ဒါပေမယ့် ခြင်္သေ့က ဝက်ကိုဂရုမစိုက်ဘဲ ဒရောသောပါး ဝက်အပါးက ခွာသွားတယ်၊ ဒါကို ငရွှေဝက်က ခြင်္သေ့ကြီးက သူ့ကိုကြောက်လို့ ပြေးသွားတယ်လို့ ထင်သွားတယ်။ အသိခေါင်းပါး မိုက်မဲတဲ့ ဒီဝက်ဟာ အခြောက်တိုက် ဘဝင်မြင့်ပြီး၊ ခြင်္သေ့ကြီးကို ဘယ်လိုမှ နားဝင်ပီယံလည်း မဖြစ်၊ သြဇာလည်းကင်းတဲ့ သူ့အသံနဲ့ ဟိန်းဟောက်သတဲ့၊ စိန်ခေါ်လေသတဲ့။ အခု ဖားလတက်များလို နေမှာပေါ့။ ဒီတော့ ခြင်္သေ့ကြီးက အသင်ဝက်ရှိနေတာကို ငါသိလည်း မသိ၊ မြင်လည်း မမြင်၊ ဂရုလည်း မစိုက်။ အခုချိန်မှာ ငါဂရုစိုက်နေတာ တောအုပ်တဖက်က ဆင်ရိုင်းတအုပ်ပဲလို့ ပြောသတဲ့။ ဒါတောင် ဝက်အန္ဓက ခြင်္သေ့ကြီးကို တကောင်ချင်းတိုက်ဖို့ စိန်ခေါ်ပြန်သတဲ့။ ဒီတော့ခြင်္သေ့ကြီးက အိုကေပေါ့။ အခုတော့အချိန်မရှိလို့ ဘယ်နေ့ဘယ်နေရာမှာ တိုက်ကြမယ်လို့ပြောပြီး ထွက်သွားတယ်။

ဒီတင် ဘဝင်ရူးဝက်အန္ဓဟာ ခြင်္သေ့ကြီး သူ့ကိုကြောက်ပြီး ပြေးသွားကြောင်း၊ ဘယ်နေ့မှာ တကောင်ချင်းတိုက်ဖို့ ချိန်းထားကြောင်း ကြွားလုံးထုတ်တော့တာပေါ့။ မသိတဲ့ သတ္တ၀ါတွေကတော့ ဝက်အန္ဓကို အထင်ကြီးသွားကြတယ်၊ ခြင်္သေ့ကြီးကိုတောင် စိန်ခေါ်တယ်ပေါ့။ ဒါပေမယ့် ဘုရားလောင်းပညာရှိ ယုန်မင်းနဲ့ တွေ့တော့ ယုန်းမင်းက ခြင်္သေ့တွေရဲ့ အစွမ်းသတ္တိကို ပြောပြတယ်။ တချက်ချင်း ပြောပြောပြီး မင်းမှာကော ရှိသလားလို့ မေးတယ်။ မရှိဘူး မရှိဘူးနဲ့ နောက်ဆုံးတော့ ခြင်္သေ့အစွမ်းသတ္တိကိုသိပြီး အကြောက်ကြီး ကြောက်လာတယ်။ ယုန်မင်းကိုပဲ ကယ်ပါကူပါ ပူဆာတယ်။ ဒါနဲ့ ယုန်မင်းလည်း ဒီဝက်အန္ဓကို ငါကယ်မှ ဖြစ်မယ် ဆိုတဲ့ ဂရုဏာနဲ့ အကြံတခု ပေးလိုက်တယ်။ ဝက်အန္ဓလည်း ယုံမင်းပေးတဲ့ အကြံအတိုင်း ချိန်းတဲ့နေ့မှာ ခြင်္သေ့ကြီးနဲ့ သွားရင်ဆိုင်လေသတဲ့။ ဒါပေမယ့် ခြင်္သေ့ကြီးက အဲဒီ ဝက်အန္ဓကို အနားတောင် ကပ်မခံဘူး ဝက် သူ့အနား ချဉ်းကပ်လာရင်ပဲ ရှောင်ခွာသွားတော့သတဲ့။ အကြောင်းရင်းကတော့ ယုံမင်းပေးတဲ့အကြံက ကေသရာဇာခြင်္သေ့မင်းတို့ဟာ မစင်ဘင်ပုပ်ကို အလွန်စက်ဆုတ်ရွံရှာတယ်၊ ဒါကြောင့် ဝက်ကို မစင်ဘင်ပုပ်တွေ ကိုယ်လုံးပြည့်လူသွားဖို့ အကြံပေးတယ်။ ဒီလိုနဲ့ ဝက်အန္ဓလည်း သူတို့အကြိုက် မစင်ဘင်ပုပ် လူးသွားတာနဲ့ အသက်ချမ်းသာရာ ရသွားသတဲ့။ အခုလည်း ဖားလတက်ဇီးရိုးတွေ မစင်ဘင်ပုပ်ကျင်းတွေ ရှာထားဖို့ အကြံပေးလိုက်ပါတယ်။

ဇီးရိုးတွေ အထူးသဖြင့် အတွင်းအပြင်က လူတတ်လိုလို ပညာရှင်လိုလိုတွေသိဖို့က ဗမာလူထုဟာ ဇီးရိုးဖား အပေါင်းလောက် နိုင်ငံရေး မညံ့ပါဘူး၊ အကင်းပါးပါတယ်။ ဟိုကျောင်း ဒီကျောင်းတွေမှာ ဖုံတက် စာအုပ်ကြီးတွေဖတ်ပြီး ဖီလစ်ပိုင်က ဘယ်လို၊ တောင်အာဖရိကတုံးက ဘယ့်နှယ်၊ အင်ဒိုနီးရှားမှာ ဘယ်သို့နဲ့ ကိုယ်နားလည်သလောက် သဘောတရား အတိုအစလေးတွေနဲ့ မကိုက်တိုင်း လူထုက နိုင်ငံရေး စိတ်မဝင်စားဘူး၊ ကြောက်သလေးဘာလေး ပုတ်ခတ်မနေပါနဲ့။ သမိုင်းတဖြတ်တည်းကို ကြည့်ပြီး မနှိုင်းယှဉ်ပါနဲ့။ ဗမာလူထုဟာ အိမ်နီးချင်းတိုင်းပြည်တွေထဲက ကြိုက်တဲ့ပြည်သူတွေနဲ့ နိုင်ငံရေးရေချိန် နှိုင်းယှဉ်နိုင်ပါတယ်။ ဘယ်ခေတ်မှာကြည့်ကြည့် သူခေတ်နဲ့သူ တာဝန်သိခဲ့ကြတယ်၊ တာဝန်ကျေခဲ့ကြတယ်။ နယ်ချဲ့ဆန့်ကျင်ရေး ခေတ်၊ အမျိုးသားလွတ်မြောက်ရေး ခေတ်၊ လွတ်လပ်ရေး ခေတ်၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ နိုင်ငံတကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ကြည့်မလား၊ ဒေသတွင်းမှာ ထိပ်ဆုံးက ရှိနေပါတယ်။

ပြဿနာရဲ့ အရင်းမူလဘူတက ဦးဆောင်အခန်းကဏ္ဍ ခြစားပျက်စီးမှုပဲ၊ ကိုလိုနီခေတ်ကစလို့ ဒီနေ့ခေတ်အထိ ဦးဆောင်မှု အခန်းကဏ္ဍကို စားဖားတွေနဲ့ ဖားစားသူတွေကပဲ ပုံစံအမျိုးမျိုးနဲ့ ကြီးစိုးချယ်လှယ်နေခဲ့ကြတယ်။ ပယောဂပူးကပ်တာလဲ ပါတာပေါ့။ ကျန်တာမကြည့်နဲ့၊ အနီးကပ်ဆုံး ကျုပ်တို့ ပြည်ပလှုပ်ရှားမှုကိုပဲကြည့်။ ခေတ်သစ် မစ်ရှင်နရီ (Missionary) လို့ ဆိုရမယ့် အင်ဂျီအို မြှောက်စားသူက သြဇာပေါက် ခေါင်းဆောင်ဖြစ်၊ တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ ကိုက်ကိုက် မကိုက်ကိုက် အထက်ဆရာကြီးတွေရဲ့ ဖော်နည်းကားမျိုးစုံနဲ့ တခုမဟန် တခုကြံ ရမ်းကုအပ်ပုန်းတွေလို ဗမာပြည်ပြဿနာကို အဖြေရှာကုစားရင်း အနှစ်၂၀ ကျော် ကုန်ခဲ့တယ်။ လက်တဆုပ်စာတော့ သူဌေးဖြစ်သွားကြပြီး လူထုကတော့ ပိုတောင် ဖွတ်သထက် ညစ်သွားခဲ့ရတယ်။

ဗမာလူထုဟာ အင်္ဂလိပ်လို အပျော့ဆွဲ ပါးပါးလှီးတဲ့ ကိုလိုနီအောက်မှာလည်း နေဖူးတယ်၊ အတုံးအတစ်လိုက် ခုတ်ထစ်တဲ့ ဂျပန်ဖက်ဆစ်အောက်မှာလည်း နေဖူးတယ်၊ နောက် ကယ်တင်ရှင်တဖြစ်လဲ အသွင်မတူ ရန်သူ ဆိုတဲ့ ဖဆပလ ဆိုရှယ်လစ်တွေအောက်မှာလည်း နေဖူးတယ်။ အခုနောက်ဆုံး အကြမ်းဆုံး အရမ်းဆုံး အယုတ်ကန်းဆုံး စစ်အုပ်စုအောက်မှာ နေနေရတယ်။ အတွေ့အကြုံတွေ များလှပေါ့။

ဘယ်ခေတ်မှာကြည့်ကြည့် လူထုဟာ သူ့ကဏ္ဍရောက်လာရင် တာဝန်ကျေခဲ့ကြတယ်၊ ဖောက်ပြန်တဲ့ အုပ်စိုးသူ အဆက်ဆက်ကို ရဲရဲရင့်ရင့် အကင်းပါးပါးနဲ့ ဆုံးမခဲ့ကြတယ်။ ဗမာလူထုရဲ့နိုင်ငံရေး အကင်းပါးမှုကို ၁၉၆၀ ပြည့် နဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွေကြည့်ရင် သိနိုင်တယ်။ စစ်ဝါဒကိုတိုက်ဖို့ ၁၉၆၀ မှာ ဦးနုကို မဲပေးခဲ့ကြပေမယ့် ၁၉၉၀ ကြတော့ စစ်အုပ်စုကို တကယ်တိုက်နိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြတယ်။ ၆၀ ခု သူရဲကောင်း ဦးနုကို မဲမပေးကြတော့ဘူး၊ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ၁၃၅၀ ပြည့် (ရှစ်လေးလုံး) အရေးတော်ပုံတွေက ဗမာလူထုရဲ့ သမိုင်းတာဝန်သိမှုနဲ့ ကျေပွန်မှုကို သက်သေထူနေတယ်။ လူထုဟာ တိုင်းပြည်နဲ့လူမျိုးကိုချစ်ပြီး စေတနာမှန်တဲ့ ခေါင်းဆောင်တွေနောက်ကို လိုက်ဖို့ဝင်မလေးပါဘူး။ ၂၀၀၂/၂၀၀၃ တုန်းက ဒေါ်စုရဲ့ ပြည်တွင်းစည်းရုံးရေးခရီးစဉ်တွေမှာ အထင်အရှားပြခဲ့တယ်။ ဒါတွေကို မမြင်နိုင်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့အမြင်ဟာ အတ္တ လောဘတွေ၊ မောဟတွေ ပိတ်ဖုံးနေတာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် အဲဒီ ပုဂ္ဂိုလ်ရဲ့ အရိုးအရေတွေထဲမှာ ငပိဓာတ် ကုန်ခန်းပြီးတော့ ထောပတ်လေချဉ်တက်တာပဲ ဖြစ်ပါလိမ့်မယ်။

ဟီးရိုးပျက် ဇီးရိုးအပေါင်းကို ဗမာလူထုရဲ့ သမိုင်းနဲ့ချီပြီး ဆုံးမတတ်တဲ့ နိုင်ငံရေးကို ပြောရအုံးမယ်။ ဗမာလူထုဟာ ပြည်သူကို အကျိုးပြုခဲ့တဲ့ စေတနာထားခဲ့တဲ့ ခေါင်းဆောင် သို့မဟုတ် အုပ်ချုပ်သူတွေ၊ ပြည်သူပေါ်မှာ ရက်စက်ကြမ်းကြုတ် အမြတ်ထုတ်ခဲ့သူတွေကို ကောင်းရင် ကောင်းတဲ့အလျောက် ဆိုးရင် ဆိုးတဲ့အတိုင်း နောက်နှောင်းလူတွေအထိ သိအောင် တံဆိပ်ကပ်ပြီး ချီမွန်းခြေကျောက် ဆုံးမတတ်တယ်။

ပြည်သူအပေါ်မှာ အကျိုးပြုခဲ့တဲ့ အနော်ရထာကို နော်ရထာစောလို့ ခေါ်သလို ကျန်းစစ်သားကို မင်းကျန်စစ် လို့ ချစ်ကြည်လေးမြတ် ခေါ်တယ်၊ ဦးအောင်ဇေယျကို အလောင်းမင်းတရားရယ် လို့ တံဆိပ်ကပ် ချီးမြှောက်ကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နရသူကိုတော့ ကုလားကျ သို့မဟုတ် စလေငခွေးလို့ တံဆိပ်ကပ် ခြေကျောက်တယ်။ ညံ့ဖျင်းတဲ့ သီပေါကိုတော့ မဒရပ်ပါမင်းလို့ ကဲ့ရဲ့သမုတ်ကြတယ်။ ဒီလိုပဲ နိုင်ငံလုံး မကျော်ပေမယ့် လူထုအကြားမှာ စွဲထင်နေတဲ့ ဟီးရိုးနဲ့ ဇီးရိုးပုံရိပ်တွေဟာ ဗမာပြည်အနှံ့ ဒေသတိုင်းမှာ ရှိနေတယ်။ ကြုံကြိုက်တဲ့ အခါတိုင်းမှာလည်း ဟီးရိုးတွေကို ချီးမြှောက်လို့ ဇီးရိုးတွေအကြောင်း ကဲ့ရဲ့ခြေကျောက်နေကြတယ်။ မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်းသွားကြအုံးမှာလည်း ဖြစ်တယ်။

ကျုပ်တို့ခေတ်နဲ့ အနီးဆုံး နမူနာကတော့ ပမညတ ခေါင်းဆောင် သခင်ချစ်မောင် ဖြစ်တယ်။ သူ့အဖြစ်ကတော့ လူတယောက်ထဲရဲ့လုပ်ရပ်ကိုပဲ လူထုက အကောင်း အဆိုးအလိုက် ချီးမွမ်းခြေကျောက်ကြတာပါ၊ ၁၉၅၈ ဝင်ဒါမီယာ အာဏာသိမ်းမှုကြီးကို ဦးနုက ပါလီမန်မှာတင်တော့ သခင်ချစ်မောင်က ဝိဒူရဇာတ်တော်နဲ့ ပမာဆောင်ပြီး အာဏာသိမ်းမှုကို ကန့်ကွက်ပါတယ်။ ပါလီမန်မှာ သူရှုံးပါတယ်၊ လူထုနှလုံးသားကိုတော့ အောင်နိုင်ပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူ့ရဲ့ကောင်းမှုကို လူထုက ဝိဒူရသခင်ချစ်မောင်ရယ်လို့ ဘွဲ့တပ် ချီးမြောက်ကြပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် အာဏာသိမ်းတာကိုကြတော့ သခင်ချစ်မောင်က ဆိုရှယ်လစ်စနစ်ကိုသာ သွားမယ်ဆိုရင် ခွေးကတက်ကပဲ လိုက်ရလိုက်ရလို့ ထောက်ခံမိတဲ့အတွက် ဝိဒူရဘွဲ့ ပျောက်ပြီး ခွေးကတက် ချစ်မောင်လို့ ကဲ့ရဲ့တံဆိပ်ကပ်ပြီး လူထုက ခြေကျောက်ကဲ့ရဲ့ဆုံးမလိုက်ပါတယ်။

ဒါ သတိချပ်စရာ သိမှတ်ဖွယ်ရာ ဗမာပြည်သူတွေရဲ့ လူထုနိုင်ငံရေး အကြောင်း တစေ့တစောင်းပါပဲ။ အခုချိန်မှာ စားဖားလား ဖားစားသူလား မကွဲပြားတော့တဲ့ ဟီးရိုးပျက် ဇီးရိုးများသိဖို့က ဖားတွေရဲ့လားရာဟာ နှစ်လမ်းပဲ ရှိပါတယ်။

တလမ်းက တုတ်စာ။

တလမ်းက မြွေစာ။

ဒါပဲ။

ရဲဘော်ကျော်သန်း
၂၉.၁.၂၀၁၀။

Kyaw_than2004@yahoo.com
Kyaw_t@hotmail.com

Friday, March 20, 2009

အခြားတဖက်ကနေ ရှာကြည့်ပါဦး

တူမောင်ညို

(၂၀၀၉ ခုနှစ်၊ မတ်လ ၁၉ ရက် )


ဘာကြောင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကိုမှ တဖက်သတ်စွန့်လွှတ်ခိုင်းနေကြရတာလဲ။

လမ်းပြမြေပုံကို စွန့်လွှတ်ပါလို့ပြောကြပါလား။

(NLD) က အလျော့မပေးလို့၊ အလျော့ပေးလိုက်ရင်

ပြဿနာ ပြေလည်သွားလိမ့်မယ်လို့ စဉ်းစားတာဟာ မူမဲ့တဲ့ စဉ်းစားနည်းဖြစ်သည်။ အညံ့ခံအလျော့ပေးခြင်းဖြစ်သည်။


၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို (နအဖ) သတင်းစာတွေက “ဒိတ်အောက်သွားပြီ” လို့ ရေးသည်။ ယခု (ကို) အောင်သူငြိမ်းက “ခံစစ်သေ” လို့ ရေးသည်။ မာနယ်ပလောကျဆုံးသွားတာကိုပင် သင်ခန်းစာယူဖို့ ပြောနေသည်။


ရေးတဲ့သူသာကွဲသည်၊ အာဘော်က အတူတူပင်ဖြစ်သည်။ အနှစ်သာရက ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ခိုင်းကြတာဖြစ်သည်။


ဒိတ်အောက်တယ်လို့ပြောပြော၊ ခံစစ်သေလို့ပဲဆိုဆို ယခုလိုပြောနေရေးနေကြရတာကပင် ၁၉၉၀ပြည့် ရွေးကောက်ပွဲရလဒ်၏ အသက်ဓာတ်နဲ့ သန်စွမ်းခိုင်မာမှုကို အသိအမှတ်ပြုနေရတာပဲ မဟုတ်ပါလား။


ပြောနေကြသလိုသာ ၁၉၉၀ပြည့် ရွေးကောက်ပွဲရလဒ်ကို လွယ်လွယ်နဲ့ ဖျက်သိမ်းနိုင်ခဲ့ရင် (နဝတ-နအဖ) စစ်အစိုးရ လက်ခမောင်းခတ်နေခဲ့မှာကြာလှပေါ့။ ၁၉၉၀ ပြည့် မေလ ၂၇ ရက်နောက်ပိုင်းကစပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းဖို့ (နဝတ-နအဖ) စစ်အစိုးရက မီးကုန်ယမ်းကုန်ကြိုးပမ်းခဲ့တာပါ။


ဘာဖြစ်ခဲ့ပါသလဲ။ တည်ရှိနေတဲ့ ပြဿနာပြေလည်မသွားတဲ့အပြင် ပြဿနာသစ်တွေသာ တရစ်ရစ်ပြီး ထပ်တက်လာခဲ့တယ် မဟုတ်ပါလား။ နက်ရှိုင်း ကျယ်ပြန့်လာနေခဲ့တယ်မဟုတ်ပါလား။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပြဿနာ အားလုံးကိုကျော်လွှားနိုင်ပါ့မလား။

“၂၀၁၀ ရွေးကောက်ပွဲသည်သာ မြန်မာ့နိုင်ငံရေး၏ ဗဟိုချက်မ၊ မြန်မာနိုင်ငံပြဿနာများ ပြေလည်သွား ဖွယ်ရာလမ်းကြောင်း အဖြစ်မမြင်မိသေးပါ” ဟု အောင်သူငြိမ်းက ဖွင့်ဟဝန်ခံထားသည်။


ဘာကြောင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကိုမှ တဖက်သတ်စွန့်လွှတ်ခိုင်းနေကြရတာလဲ။ လမ်းပြမြေပုံကို စွန့်လွှတ်ပါလို့ပြောကြပါလား။ (NLD) က အလျော့မပေးလို့၊ အလျော့ပေးလိုက်ရင် ပြဿနာ ပြေလည်သွားလိမ့်မယ်လို့ စဉ်းစားတာဟာ မူမဲ့တဲ့ စဉ်းစားနည်းဖြစ်သည်။ အညံ့ခံအလျော့ပေးခြင်းဖြစ်သည်။


ပြဿနာမှန်သမျှ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်တွင် တင်ပြီး အပေးအယူအလျော့အတင်းပြုလုပ်ကြ ရမည်သာဖြစ်သည်။ စားပွဲဝိုင်းပေါ်မရောက်ခင် ကြိုတင်အလျော့ပေးခိုင်းနေခြင်း၊ စွန့်လွှတ်ခိုင်းနေခြင်းများမှာ တရားမျှတမှု မရှိပါ။ နည်းလမ်း မကျပါ။


ပိတ် ၄ ပိတ်စွန့်လွှတ်ကြောင်းကြေညာလျှင် တွေ့မည်ဟုပြောခြင်းမှာအကျပ်ကိုင်ခြင်း နှင့် နိုင်ငံတကာကို လှည့်စားခြင်းသာဖြစ်ပါသည်။


မာနယ်ပလောစခန်းနဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ဟာ အနှစ်သာရအရ မတူညီတဲ့ ကိစ္စ ၂ ရပ်၊ အခြေအနေ ၂ ရပ်ဖြစ်ပါသည်။


ဒါကိုမျဉ်းပြိုင်ထားပြီးသုံးသပ်လို့မရပါ၊ ကောက်ချက်ဆွဲလို့မရနိုင်ပါ။ မာနယ်ပလောသည် စစ်ရေးအခြေခံ စခန်းတခုသာဖြစ်ပါသည်။ ဆုံးရှုံးသွားတဲ့ မာနယ်ပလော စခန်းပြန်ပေးပါလို့ ဘယ်သူကမှ တောင်းဆိုတာ မကြားမိပါ။


ထို့အတူ နိုင်ငံတကာကလည်း ပြန်ပေးပါလို့ ပြောသံမကြားပါ။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ် ဆိုသည်မှာ (နဝတ-နအဖ) စစ်အစိုးရ၏တည်ဆဲဥပဒေများအရ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲမှရရှိလာသည့် တရားဝင်ရလဒ်ဖြစ်ပါသည်။


၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ဟာ (NLD) တဖွဲ့ထဲနဲ့ပဲ သက်ဆိုင်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ လူထုဆီက တစုံတရာ မဲအရေအတွက်ရခဲ့တဲ့ ပါတီတွေနဲ့လည်း သက်ဆိုင်ပါသည်။ (NLD) ကို လူထုမဲတွေစုပုံပေးခဲ့တာဘာကြောင့်လဲဆိုတာ မေးစရာလိုသေးလို့လား။


(NLD) ကို အားမလို အားမရဖြစ်ရတာတွေ အများကြီးရှိတယ်ဆိုတာကိုလက်ခံပါသည်။


ဘယ်လိုပဲ အရည်ဆန်ပြီးပြောင်းရွှေ့နေပါစေ နှစ်လ ၂၀ လုံးလုံးနိုင်ငံရေးအာဏာသည် (န၀တ-နအဖ) စစ်အစိုးရလက်ထဲတွင်သာ ရှိနေပါသည်။ ဘယ်ကိုမျှပြောင်းရွှေ့မသွားပါ။ ယင်းအာဏာဖြင့် အတိုက်အခံဟူသမျှ၊ လှုပ်ရှားမှုမှန်သမျှကို ဖိနှိပ်နေခြင်းဖြစ်သည်။ ချေမှုန်းနေခြင်းဖြစ်သည်။


သို့သော်လည်း မြန်မာ့နိုင်ငံရေးတိုက်ပွဲ အဓိကမျက်နှာစာသည် ၁၉၉၀ မတိုင်ခင်က တောတွင်းမှာ (လက်နက်ကိုင်တိုက်ပွဲ) တည်ရှိနေခဲ့သော်လည်း ၁၉၉၀ မေလ ၂၇ ရက်နောက်ပိုင်းမှာ မြို့ပေါ်ရောက်လာပါသည်။


၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်သည် (န၀တ-နအဖ) စစ်အစိုးရအဖို့ အဓိကထားတိုက် ဖျက်ပစ်ရမည့် အချက်အချာကိစ္စဖြစ်လာပါသည်။ သို့အတွက် (န၀တ-နအဖ) စစ်အစိုးရအနေဖြင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ်တိုက်ဖျက်ရေးကို အဓိကထားလုပ်ဆောင်ခဲ့ပါသည်။ ဒီကနေ့အထိ လုပ်ဆောင်နေဆဲဖြစ်ပါသည်။


သို့ပါ၍ ကျနော်တို့အနေဖြင့် (နအဖ) စစ်အစိုးရနဲ့ နှစ်ကိုယ့်တစ်စိတ်လုပ်ပြီး ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းရေးဘက်တွင် ပါဝင်မလား၊ သို့တည်းမဟုတ် (NLD) နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုဘက်မှ တစိတ်တည်း တဝမ်းတည်းနေပြီး ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို ခုခံကာကွယ်မလားဆိုတာ ရွေးချယ်ကြရပါလိမ့်မည်။


ယင်းကသာ “ရပ်တည်ချက်ပြဿနာ” ဖြစ်ပါသည်။ ယင်းရပ်တည်ချက်ရှိမှသာ ၂၀၁၀ ကို ရင်ဆိုင်ဖြတ်သန်းနိုင်ပါလိမ့်မည်။


အခုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ခံစစ်သေလို့ မြင်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ပါလားလို့ မတိုက်တွန်းရဲဘူး။ အားလုံးစုဆုံနိုင်မယ့် ဗဟိုချက်ကလည်း ပျောက်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပြေလည်ရေးလမ်းကြောင်းအဖြစ် မမြင်မိသေးပါဟုဆိုတော့ တော်တော်တော့ခက်နေပြီ။ မိုးမှောင်ကျပြီး ထွက်လမ်းဘယ်မမြင်ဆိုသလို ဖြစ်နေပြီ။


ဘာပဲဖြစ်ဖြစ် ၂၀၁၀ ကိုဖြတ်သန်းနိုင်ဖို့ အောလ်တာနေးတစ်တခုတော့ အခြားတဖက်ကနေ ရှာကြည့်ပါဦး။



Saturday, December 20, 2008

နေရာမပြောင်းလိုကြလျှင် လုံအောင်ထိုင်ဖို့ လိုပါသည်


မှတ်မိနေသေးသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်က ကြားမိခဲ့သော စွဲမိစွဲရာ စကားလေးတခွန်းကို ….

“ကျနော်တို့ တိုင်းပြည်က နိုင်ငံရေးသမားတွေဟာ ကြက်ခြင်းထဲက ကြက်တွေနဲ့ တူတယ်။ ခေတ်အဆက်ဆက်ကို ပြန် ကြည့် ကြည့်… ဒီ ပိတ်လှောင်ခံထားရတဲ့ ကြက်ခြင်းထဲက လွတ်အောင် ဘယ်လိုအင်အားကို စုစည်းပြီး ဘယ်လို ဖောက်ထွက်မလဲ ဆိုတာ မစဉ်းစားဘဲ တကောင့်ခေါင်းကို တကောင်ဆိတ်နေတာနဲ့ပဲ ထိပ်မွေးတွေပြောင်တာပဲ အဖတ်တင်ပြီး အချိန်တန်တော့ အားလုံး ကြက်တန်းမှာ လည်လှီးခံလိုက်ရတာချည့်ပဲ”….

အဲသည်စကားကို ဆိုခဲ့သူက အဲသည် အနှစ်နှစ်ဆယ်တုန်းက အသက် ၃၀ ဝန်းကျင် လောက်ပဲရှိဦးမည့် ကျမ အမေ၏ စည်းရုံးရေးမှူး တယောက်ဖြစ်သည်။


လူငယ်ပေမယ့် အတွေးမငယ်ခဲ့ပါ။ သူပြောတာ တကယ်ပဲမှန်နေမှန်း နိုင်ငံရေး လှုပ်ရှားနေသူများကို ဘေးကထိုင်ကြည့်လာခဲ့သည့် သည်ခရီးရှည်ကြီးမှာ ရနေသည့်အတွေ့အကြုံများက သူ့စကားက မှန်နေကြောင်း သက်သေတွေ အများကြီးကို ကျမ တွေ့ခဲ့ရပါသည်။

ကိုယ့်ထက် နည်းနည်းလေး ထင်ပေါ်သွားလျှင် မနာလိုစိတ်ဝင်လာတတ်သူများ… ကိုယ်လုပ်တာမှ အမှန်ထင်နေသူများ… ဘေးထိုင်.. ဘိုင်ကျ.. ဘုပြောနေသူများ… နိုင်ငံရေးလှုပ်ရှားမှု ဘန်းပြရှေ့တန်းတင်ပြီး မိသားစုကောင်းစားရေးအတွက် အရေခြုံသူများ…..

တိုင်းရင်းသားအချင်းချင်း ပိုမို သွေးစည်းညီညွတ်ရန်လိုအပ်နေမှု…. အကျင့်ပျက် ခြစား သိက္ခာကျနေမှုများကို တဦးချင်းစီ ထိန်းချုပ် စောင့်စည်းမှုကို စတင်ရန်လိုအပ်နေမှု… ဘုံရန်သူကို ပေါင်းတိုက်ရန်…. ဆိုသည့် အပြောကို နှစ်ပေါင်းများစွာ အော်ဟစ်နေခြင်းအား ရပ်တန့်၍ အမှန်တကယ် သွေးစည်းညီညွတ်မှုကိုပြကာ ဘုံရန်သူကို အမြစ်ဖြတ်ချနိုင်မှုတို့အား အရေးပေါ် စိတ်ပိုင်းဆိုင်ရာ ပြုပြင် ကယ်ဆယ်ရေးအဖြစ် မသတ်မှတ်ကြပါက မြန်မာပြည်အရှက်ရနေခြင်း… ကူညီသူမဲ့နေခြင်းအတွက် ထိုနိုင်ငံရေးသမားများတွင် ပိုမို တာဝန်ရှိလာပါလိမ့်မည်။

ဘာဖြစ်လို့ ကျမ သည်လိုရေးရသလဲဆိုလျှင်… မြန်မာ့အရေးကိုကိုင်သော ထိုင်းထောက်လှမ်းရေး အရာရှိတဦး၏ ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခြင်းကို ကျမလည်း ဘာမှ မသိရ.. မလုပ်ရ… ပါဘဲနှင့် အခြောက်တိုက် ခေါင်းငုံ့ခံခဲ့ ရသောကြောင့် ဖြစ်ပါသည်။


ကျမ သည်ဖက်ကို ထွက်လာကတည်းက တိုင်းရင်းသားတွေ၏ အစည်းအဝေးတွေ.. အခမ်းအနားတွေမှာ သတင်းသွားယူတိုင်း… “ဗမာတွေ…” အစချီ နာကျည်းမှုအလင်္ကာတွေကို အတော်လေး နာခံခဲ့ရပါသည်။


ဗမာစစ်တပ်… ဟုခေါ်သော အကျင့်ပျက်များ ပညာမဲ့များနှင့်တည်ဆောက်ထားသည့် ထိုစစ်တပ် ၏ လုပ်ရပ် မှန်သမျှအတွက် ကျမတို့ မြန်မာတိုင်းရင်းသားများ အခြောက်တိုက် တိုင်းရင်းသား ညီအကိုမောင်နှများ၏ မုန်းတီးမှုခံနေရသည်ကို ကျမ အတော်လေး ထိခိုက် ခံစားခဲ့ရပြီးဖြစ်ပါသည်။

သူက ထိုင်း-မြန်မာနယ်စပ်မှာ နိုင်ငံရေးလုပ်နေသမျှ လူကြီးအားလုံးအား နံမည်တပ်၍ နံမည်ရှေ့တွင် ဦး … တပ်ခေါ်ရမည်ကို သိရလောက်အောင် မြန်မာမှုနှင့်ရင်းနှီးသော်လည်း သူ၏ ထိုနိုင်ငံရေးသမားများအပေါ် အထင်မကြီး… မလေးစား… ရွံရှာ စက်ဆုပ်မှုများအား ပြလိုသောအားဖြင့် နံမည်အတိုင်းခေါ်ဝေါ်သုံးနှုန်းလျှက် …


ရာထူးယူထားပြီး အလုပ်မလုပ်ဘူး။ ပိုက်ဆံကို မြန်မာပြည်ထဲမှာ မမြင်ဘူးခဲ့ဘဲနဲ့ ဒီဘက်ရောက်မှာ ငါတို့တောင် မသောက်နိုင်တဲ့ အရက်ကိုရေချိုးသလို သောက်နေတဲ့ကောင်တွေ…. စသဖြင့် နင့်နင့်နာနာပြောသမျှ ကျမမှာ မြန်မာဖြစ်မိသည့်အတွက် ခေါင်းငုံ့ခံခဲ့ရပါသည်။


ဒါကြောင့်လည်း ၈ လေးလုံး အရေးအခင်းကာလများအတွင်း ဟောပြောပွဲများတွင် ဆရာသော်က က “ကျနော် ဗမာလူမျိုးအဖြစ်က နှုတ်ထွက်ချင်နေတာ ဘယ်မှာ လျှောက်လွှာတင်ရမယ်မှန်း မသိလို့ဗျာ” ဟု သရော်လှောင်ပြောင်ခဲ့တာဖြစ်လိမ့်မည်။

---- ဥက္ကဌက သူ့ကားပြင်စရိတ်ဆိုပြီး ဘတ် နှစ်သောင်းတောင်းသတဲ့။ နင်စဉ်းစားကြည့်စမ်း။ နင်တို့ ဗမာ အဖွဲ့အစည်းတွေကို အန်ဂျီအိုတွေပိုက်ဆံပေးနေတာ ပုဂ္ဂလိက ကားဝယ်စီးဖို့ ကားပြပြီး ကားပြင်စရိတ်တောင်းတာ ထုတ်ပေးဖို့ မဟုတ်ဘူး။ နင်တို့ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲအောင်လုပ်ဖို့ သူတို့ရှာထားတဲ့ငွေကို လာပေးတာ။


အခု နင်တို့လုပ်နေတဲ့ နိုင်ငံလွတ်မြောက်ရေး နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ။ အဲန်ဂျီအိုတွေက ပေးတဲ့ပိုက်ဆံကို နင်တို့လူကြီးတွေ ထိုင်သုံးနေတာ ဘတ် ဘယ်နှစ်သန်းရှိပြီလဲ။ အဲဒီငွေနဲ့ လုပ်တဲ့အလုပ် ဘယ်လောက်ပြီးမြောက် တွင်ကျယ်လဲ။ ဘယ်လောက်သုံးပီးရင် အလုပ် ဘယ်လောက်ပီးနေပြီဆိုတဲ့ အဖြေတခါမှ ထွက်မလာဘူး။


အရင်တုန်းက တိုင်းရင်းသားတွေလုပ်တဲ့အစည်းအဝေးပဲဖြစ်ဖြစ်… ဗမာတွေလုပ်တဲ့အစည်းအဝေးပဲ ဖြစ်ဖြစ် ငါ့ကိုဖိတ်ရင် ငါ လိုက်တက် သေးတယ်။ အခု ငါ့ကိုလာဖိတ်ရင် တကယ်အလုပ်ဖြစ်မယ့်ပွဲလား။ မဟုတ်ရင် ငါ့လာမပြော နဲ့ … နင်တို့ ပိုက်ဆံတောင်းဖို့ အကြောင်းပြ လုပ်တဲ့ပွဲကို ငါ စိတ်မဝင်စားဘူးလို့ ပြောလိုက်တယ်”

ကျမလည်း ဘာမှ မသိရသော ထိုသူပြောသည့်ကိစ္စများအတွက် ၂၀၀၆ ခုနှစ် ဇန်န၀ါရီလဆန်းမှာ အပြောခံခဲ့ရ သည့် ထိုစကားများသည် ကျမတသက်တာမှာ မြန်မာဖြစ်ရခြင်းအတွက် တနင့်နင့် ရှက်နေစေတော့မည့် ဘယ်တော့မှ မကျက်သော စိတ်ဒဏ်ရာများ ဖြစ်ခဲ့ရပါသည်။


ကျမတို့ သာမန်ပြည်သူများမှာ မြန်မာဖြစ်နေ သည့်အတွက် ရောက်လေရာမှာ …နင်မဟုတ်လည်း နင့်အဖေပဲ… ဆိုတာမျိုးနှင့် နာကျင် ရပေါင်းလည်း များလှပါပြီ။

ထို ထိုင်းဗိုလ်မှူးက ကျမကို နောက်ဆုံးပိတ်အနေနှင့် ပြောတာက “ငါ ဒီစကားတွေကို နင်တို့လူကြီးတွေကို ပြောပြီးပြီ။ တယောက်မှ အချိုးမပြင်ဘူး။ အရှက်မရှိဘူး။ အဲဒီတော့ နင်တို့လူငယ်တွေကို ငါက ထပ်ပြောကြည့်တာပဲ။ နင်တို့လက်ထက်မှာတော့ ဒီအချိုးတွေနဲ့ မဟုတ်ဘဲ ကိုယ့်တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ကြ လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”

အကယ်၍ ထိုသူ့နံမည်ကို အတိအကျသိလိုပါက ကျမကတော့ မမှတ်မိတော့ပါ။ သေချာတာကတော့ အဲသည်တုန်းက ကျမက ရှေ့ခန်းမှာထိုင်စီးပြီး သူပြောသမျှခံနေရချိန်တွင် နောက်ခန်းထဲ၌ သတင်းထောက် ကိုမိုးကျော်နှင့် ကျမ နံမည် မမှတ်မိတော့သော ကရင်လူငယ်လေးတယောက် ပါ ပါသည်။


သူတို့က တကယ် အိပ်ပျော်နေကြသလား … သည်အသံတွေ မကြားချင်၍ မပတ်သက်ချင်၍ပဲလားမသိ … တုပ်တုပ်မျှပင် မလှုပ်ခဲ့ကြပါ။


သည်တော့ ထိုသူ့နံမည်သိလိုသူများ သူတို့ကို ရှာဖွေမေးမြန်းနိုင်ပါသည်။ ကျမကတော့ ဦးနှောက် သိပ်မကောင်းသောကြောင့် တခါတည်းတွေ့ဖူးသောသူများ၏ အမည်ကို မှတ်မိရိုး ထုံးစံမရှိပါ။

အချိုးတွေ… ပြင်ဖို… ဆိုသည့်စကားကိုကြားတော့ ကျမက မြန်မာ့ရိုးရာပုံပြင်လေးတပုဒ်ကိုသွား၍ သတိရမိပြီး ပြုံးမိပါသည်။

ပုံပြင်ဖြစ်သောကြောင့် ဟိုး…. ရှေးရှေးတုန်းက… နှင့်ပဲ စရပါလိမ့်မည်။

ဟိုးရှေးရှေးတုန်းက ရွာလေးတရွာမှာ မိသားစုလေး တစုရှိပါသတဲ့။ အဲဒီမိသားစုလေးမှာ အလွန်မှ နမော်နမဲ့ နေတတ်ထိုင်တတ် တဲ့ သမီးတယောက်လည်းပါ ပါသတဲ့။


တနေ့တော့ ညစာ ထမင်းစားဝိုင်းထိုင်ကြတဲ့အခါ သူက ဖခင်ဖြစ်သူနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပါသတဲ့။ အဲဒီလိုဆိုရင်ပဲ ဖခင်ဖြစ်သူက မျက်နှာ မသာမယာနဲ့ “ဒီနေ့ တို့တွေ နေရာပြောင်း ထိုင်ရစို့ရဲ့” လို့ပြောပြီး နေရာရွှေ့ဖို့ ပြင်သတဲ့။


ကျန်မိသားစုဝင်များကလည်း “ဟုတ်ကဲ့ အဖေ”… ဆိုပြီး နေရာရွှေ့လိုက်ကြပေမယ့် အဲဒီ မသိသားဆိုးဝါးလှတဲ့သမီးက အဖေ ကျမရော ပါသေးလား… လို့ နေရာမရွှေ့ဘဲမေးလိုက်တဲ့အခါ အဖေကြီးက စိတ်ဆိုးလာပြီး “နေရာပြောင်းဖို့ ပြောနေရတာ နင့်ကြောင့်” လို့ ပြောလိုက်ပါသတဲ့။

နိုင်ငံရေးအသိုင်းအဝိုင်းတွင် ညနေပိုင်း အရက်တမြမြနှင့်ဇိမ်ကျနေသော နိုင်ငံရေးသမားကြီးများအား ထိုပုံပြင်လေးကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ…။


သို့သော် အားလုံးက အဖေ ကျမရောပါသေးလား… ဆိုသူများချည့် ဖြစ်နေမည် ဆိုလျှင်တော့ ကျမတို့အားလုံး သေဖို့သာကောင်းပါတော့မည်။


ခွာညို



http://www.naytthit.com/ မှ ကူးယူဖော်ပြပါတယ်။


Wednesday, December 3, 2008

မြတ်စိုး (ဘာကြောင့် ရွှေပြည်တော် မျှော်တိုင်းဝေး)

ဘာကြောင့် ရွှေပြည်တော် မျှော်တိုင်းဝေး


(မြတ်စိုး)


နောင်တက်လာမယ့် အမေရိကန် သမ္မတသစ် အိုဗားမားကတော့ သူ၏ အစိုးရအဖွဲ့ရဲ့ အဓိကနေရာတွေ နှင့် နိုင်ငံ၏ အဆင့်မြင့် လုံခြုံရေးကောင်စီကို ယှဉ်ပြိုင်ဘက် အတိုက်အခံများနှင့် ဖွဲ့စည်းလိုက်ပါပြီ။

ယှဉ်ပြိုင်ဘက် အတိုက်အခံ နယူးယောက် ဆီနိတ်အမတ် ဟေလာရီကို နိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတ ဂျော့ခ်ျဘုရှ် ၏ လက်ရှိ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်ပြီး တာဝန် ထမ်းဆောင်ဖို့ နာမည်တင်သွင်းခဲ့တယ်။ သူတို့ နှစ်ဦးစလုံးကလည်း လက်ခံခဲ့တယ်။


ရီပါပလက်ကင်ပါတီ သမ္မတလောင်းအဖြစ် ဝင်ရွေးခဲ့တဲ့ ဆီနိတ်တာ ဂျွန်မက်ကိန်းနဲ့နီးစပ်သူ အငြိမ်းစား မရိန်းတပ် ဗိုလ်ချုပ်ကြီး ဂျိမ်းဂျုံးကိုတော့ သမ္မတအိမ်တော်၏ အမျိုးသားလုံခြုံရေးရေးရာ အဆင့်မြင့် အကြံပေးအရာရှိ၊ အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်နက်နပါလိုတားနိုး ကို ပြည်တွင်းလုံခြုံရေးရာဝန်ကြီး နှင့် တရားရေးရာ အဆင့်မြင့်အရာရှိဟောင်း အဲရစ်ဟိုဒါ ကို ပြည်ထဲရေးဝန်ကြီး၊ စူဆန်ရိုက်စ် ကိုတော့ အမေရိကန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် အသီးသီးခန့်အပ်ဖို့ ကြေညာခဲ့တယ်။

သူတို့တွေဟာ အမေရိကန်နိုင်ငံ၏ လုံခြုံရေးရာနှင့် အပြည်ပြည်ဆိုင်ရာ အရေးတွေမှာ အဓိကရာထူးနေရာကနေ တာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်များ ဖြစ်လာကြပါလိမ့်မယ်။


အတိုက်အခံ နှင့် လက်ရှိအစိုးရအကြား ဘယ်လိုပဲ အချင်းချင်း တိုက်ခိုက်မှု၊ ဝေဖန်မှုတွေ နှင့် မတူကွဲပြားတဲ့ အယူအဆတွေရှိခဲ့ကြပေမယ့် တိုင်းပြည်အကျိုးတခုတည်းကိုကြည့်ပြီး ဒီလို စည်းစည်းလုံးလုံး ပူးပေါင်းဆောင် ရွက်နိုင်တာဟာ အမေရိကန် သမ္မတသစ် အိုဗားမား၏ အမျှော်အမြင်ကြီးမားမှု နှင့် ခေါင်းဆောင်ကောင်း အရည်အချင်း ပြည့်ဝမှုကြောင့်လို့သာ ဆိုနိုင်ပါတော့တယ်။

နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာပေါ်ရှိ အာဏာရှင်နိုင်ငံ တော်တော်များများမှာတော့ အတိုက်အခံတွေ အချင်းချင်းကြား၊ အတိုက်အခံနှင့် အာဏာရှင်အစိုးရတွေအကြားမှာ တင်းမာတဲ့ ဆက်ဆံရေး တွေရှိပြီး တယောက်နှင့်တယောက် မျက်နှာချင်းတောင် မဆိုင်ချင်ကြတော့ဘူး။


နိုင်ငံရေးအရ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာမှုတွေကို မတွေ့ရ သလောက်ပါ။ ဘာကြောင့်လည်း ဆိုတော့ အာဏာရှင်က တိုင်းပြည်အကျိုးကိုမကြည့်သလို၊ တချို့အာဏာရူး အတိုက်အခံတွေကလည်း ပြည်သူ့ အကျိုးကို မကြည့်ကြတော့ဘူး။


ခေါင်းဆောင်ဆိုတာ အတိုက်အခိုက်ခံနိုင်ရမယ်လို့ တချို့က ပြောဆိုကြတယ်။ ဒါပေမယ့်လည်း ခေါင်းဆောင်ဆိုတာ တာဝန်ယူမှုရှိရမယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။


မြန်မာပြည်မှာတော့ အာဏာရှင်တွေ နဲ့ ပြည်ပရှိ အာဏာရူး အတိုက်အခံ တွေက အရည်ထူနေကြပြီ ထင်ပါရဲ့။ တော်တော်လေးကို ခံနိုင်ရည်ရှိကြတယ်။


အာဏာရှင်တွေက အတိုက်အခိုက် ခံနိုင်တာထားပါတော့။ အတိုက်အခံ တွေကလည်း အဖြေမရှာဘဲ၊ လက်ခံစဉ်းစားပေးမှုမရှိဘဲ ခေါင်းဆောင်ဆိုတာ အတိုက်အခိုက်ခံနိုင်ရမယ်ဆိုပြီး နေ နေကြတယ်။


‘ကျနော်ဟာ မှားယွင်းခဲ့မှုတွေအပေါ် တာဝန်ရှိတာကြောင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုပါဆိုတဲ့ ခေါင်းဆောင်မျိုး’ ကျနော့်သက်တမ်းတလျှောက် မြန်မာ့နိုင်ငံရေးမှာ မတွေ့ရသေးဘူး။ သေတဲ့ အထိ ခေါင်းဆောင်လုပ်နေမယ့်သူတွေကိုတော့ တွေ့ရတယ်။


ကျိန်းသေတာကတော့ ဒီလုပ်ရပ်တွေဟာ ဒီမိုကရေစီရေးတိုက်ပွဲအတွက် အများကြီး နစ်နာတယ်။ ဒီလို ဖြစ်ပေါ်နေမှုတွေကို မီဒီယာတွေမှာ ပြောဆိုမှုမရှိကြဘူး။

မီးလောင်ရာလေပင့်ဆိုသလို သိက္ခာကင်းမဲ့တဲ့ အသံလွှင့် သတင်းမီဒီယာ တွေကလည်း လူ ၁၀ တောင်မရှိတဲ့ အုပ်စုတွေကို အစိုးရအဖွဲ့ဆိုပြီး မျက်နှာပြောင်တိုက် ကြေညာနေကြတယ်။ သတင်းအချက်အလက်မှန်ကို မဖော်ပြရဲကြဘူး။


သတင်း မီဒီယာသမား တော်တော်များများဟာ NGO နိုင်ငံရေး နောက်လိုက်၊ ထမင်းစား၊ ဟင်းစားကောင်း အောင်၊ ခွေးဝမ်းသာအောင် လေလည်ပြနေကြတယ်။ ဒီလို သတင်းအမှန်မဖော်ပြရဲတဲ့ လုပ်ရပ်ဟာ တိုင်းပြည်ကို နစ်နာစေသလို၊ ပြည်သူကိုလည်း နစ်နာစေပါသည်။

ဥပမာအားဖြင့် ပါလက်စတိုင်းနိုင်ငံ၏အရေးကို ကြည့်ပါ။ ရာဆာအာရာဖတ် ခေါင်းဆောင်တဲ့ ပီလဲအိုအုပ်စုဟာ သူသေဆုံးသွားပြီးနောက် အင်အားချိနဲ့နေတယ်။ ဒါပေမယ့်လည်း သတင်းမီဒီယာတွေမှာ အမှန်အတိုင်း မဖော်ပြ ခဲ့ကြဘူး။


တကယ့် ရွေးကောက်ပွဲမှာ ပြိုင်ဘက် ဟာမားအုပ်စုကပဲ မဲအပြတ်အသတ် အနိုင်ရခဲ့တယ်။ ပါလက်စတိုင်း ပြည်သူတွေက ပီလဲအိုကိုထောက်ခံမှုမရှိသလောက်ဖြစ်ခဲ့ပေမယ့် သတင်းမီဒီယာတွေက သတင်းကျင့်ဝတ်နဲ့အညီ မဖော်ပြရဲကြဘူး။

ထိုင်းသတင်းမီဒီယာကတော့ ထူးထူးခြားခြားပါပဲ။ ထိုင်းနိုင်ငံရေးအကြောင်း နှင့်ပတ်သက်ပြီး သတင်းအချက် အလက်အမှန်ကို ဝေဝေဆာဆာဖော်ပြခဲ့ကြတယ်။


၃ ကြိမ်ဆက်တိုက် အနိုင်ရခဲ့တဲ့ ထိုင်းအာဏာရပါတီ ပီပီပီ ဟာ အတိုက်အခံတွေကို အစိုးရအဖွဲ့အတွင်းထည့်ပြီး ပူးပေါင်းဆာင်ရွက်ခြင်းမရှိခဲ့သလို အတိုက်အခံ ပီအေဒီ ကလည်း ပြည်သူတွေနဲ့ အတိုက်အခံ ဖြစ်လာကြပြီဆိုတာပဲ။ ဒါတွေဟာ သတင်းအချက်အလက် အမှန်တွေပါ။ မီဒီယာတွေက ပြည်သူတွေကို မှန်မှန်ကန်ကန် တင်ပြခဲ့တယ်။

ပြည်သူ့အခွန်ငွေ သန်းနဲ့ချီသုံးစွဲနေတဲ့ ပြည်ပမြန်မာအသံလွှင့် သတင်းမီဒီယာ တွေအနေနဲ့ ဒီဖြစ်ရပ်တွေအပေါ် သင်ခန်းစာယူနိုင်တယ်။ နားကန်း၊ မျက်စိကန်း သတင်းထောက်တွေ ဖြစ်မနေသင့်ဘူး။


ပြည်သူထောက်ခံမှု မရှိတဲ့ အုပ်စု၊ လူ ၁၀ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အုပ်စုကို အစိုးရလို့ သတင်းမီဒီယာတွေက ဖော်ပြ ခေါ်ဝေါ်သုံးစွဲနေရင်တော့ အဲဒီ သတင်းမီဒီယာတွေဟာ ဂုဏ်သိက္ခာကင်းမဲ့လာပြီး ယုံကြည်လို့မရတော့တဲ့ သတင်းမီဒီယာဌာန ဖြစ်သွားလိမ့်မယ်။ ဒီလို လိမ်ညာဖော်ပြနေမှုဟာ လက်ရှိ လူငယ်တွေရဲ့ တွေးခေါ်ထင်မြင် ယူဆမှုတွေအပေါ် လွှမ်းမိုးမှုရှိမှာ မဟုတ်ဘူး။ ယုံကြည်မှုရမှာ မဟုတ်ဘူး။

တခါတရံ ၆ တန်း - ၈ တန်းလောက်သာ အတန်းပညာတတ်သူကို ၈၈ ကျောင်းသားခေါင်းဆောင်ဆိုပြီး သတင်း ကြေညာနေတဲ့ မီဒီယာတွေတောင် ရှိနေတယ်။ မီဒီယာတွေဟာ နီးစပ်ရာသူတွေကို မေး၊ သတင်းနောက်ကိုသာ လိုက်ပြီး သတင်းအချက် အလက်မှန်တွေကို မဆန်းစစ်ကြတော့ဘူး။


တချို့ဆို ပြည်ပ မီဒီယာတွေကြောင့် အဖမ်းခံခဲ့ရတယ်။ တချို့ အစိုးရဝန်ထမ်းတွေဟာ အလုပ်ပြုတ်ကြတယ်။ ပြည်ပ မီဒီယာသမားတွေဟာ မီဒီယာကျင့်ဝတ်ကို နားလည်ဖို့တော့ လိုအပ်ပါတယ်။ ဝေဖန်ထောက်ပြသူတွေ ကိုလည်း ရန်သူလို ဆက်ဆံခြင်း မပြုသင့်ပါဘူး။

လွတ်လပ်တဲ့နေရာမှာရောက်ရှိနေကြတဲ့ သတင်းသမားတွေကိုယ်တိုင် သိက္ခာကင်းမဲ့ပြီး မျက်ကန်းတွေလို ဖြစ်နေကြရင်တော့ ဘယ်လိုပဲတိုက်တိုက် မြန်မာပြည်ဟာ လွတ်မြောက်နိုင်မှာလည်း မဟုတ်ပါဘူး။ ပြည်သူ ကလည်း သတင်းအချက်အလက်မှန်ကို ရရှိကြမှာမဟုတ်ဘူး။


ဒီလို ဂုဏ်သိက္ခာကင်းမဲ့တဲ့ သတင်း မီဒီယာတွေကြောင့် အရည်အချင်း ရှိတဲ့ လူငယ်ခေါင်းဆောင်သစ်တွေလည်း ထွက်ပေါ်လာမှာ မဟုတ်ဘူး။ သတင်းအချက်အလက်မှန်ကို မီဒီယာတွေမှာ မဖော်ပြခြင်းဟာ အချောင်သမားတွေ ကို အားပေးရာရောက်နေတယ်။

အနောက်နိုင်ငံတွေမှာလို အတိုက်အခံ နှင့် အာဏာရပါတီအကြား အတူတကွ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ကို ထားဦးတော့ အတိုက်အခံအချင်းချင်းအကြားတောင် တွေ့ဆုံဆွေးနွေးဖို့က အလှမ်းဝေးပါသေးတယ်။ မြန်မာပြည် ဒီမိုကရေစီရရှိရေး၊ မြန်မာပြည်လွတ်မြောက်ရေးအတွက်ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးလို့သာ ဆိုချင်ပါတော့တယ်။ ။