အဲဒီနေ့ကတော့ ဘဝမှာ ဘယ်တော့မှ မေ့နိုင်မယ့်နေ့ မဟုတ်ပါဘူး။ ၁၉ မေလ ၁၉၉၄ မနက်မှာပါ။ ထောင်ဖွင့်သံ သံချောင်းခေါက်အပြီးမှာတော့ ထောင်မှူး ထောင်ပိုင်နဲ့ ဝန်ထမ်းတွေက ပုံစံခေါင်းတွေငုံ့ထားလို့ အော်သံအဆုံး ကျနော့်တိုက်ခန်းရှေ့ကို ရောက်လာကြပါတယ်။ “ထက်ရာဇာ ထောင်ကျနံပါတ် ၈၃၃၂ /စီ ဟုတ်တယ် မဟုတ်လား” တဲ့။ ကျနော်ကလည်း “ဟုတ်ပါတယ်” ဆိုတော့ “မင်းအိပ်ယာလိပ် သိမ်းပါ” တဲ့။ ကျနော် ကြောင်သွားတယ်။ ထောင်ပိုင်ကို ပြန်မေးတယ်။ “ကျနော့်ကို လွှတ်တာလား၊ ထောင်ပြောင်းမှာလား” ဆိုတော့ “မင်း ဒီနေ့လွတ်ပါပြီ” လို့ ထောင်ပိုင်က ပြောတယ်။ ကျနော့်ကိုယ်ကျနော် မယုံနိုင်လောက်အောင်ပါပဲ။ ထောင်ထဲမှာ အကြာကြီးနေခဲ့ရတဲ့လူ ကျနော် လွတ်ပြီ။ ကျနော်တကိုယ်လုံး ဆတ်ဆတ်တုန်နေတယ်။ ဖမ်းတုန်းက ကျနော် အဲဒီလောက် စိတ်မလှုပ်ရှားခဲ့ဖူးဘူး။
ကျနော်ကို တိုက်တံခါးဝဖွင့်တဲ့အချိန်မှာပဲ လည်ကတုံးနဲ့ ကချင်ပုဆိုးနဲ့ လူတယောက်ရောက်လာတယ်။ “ညီလေး နေကောင်းပါတယ်နော်၊ အကို မင်းကိုလာကြိုတာပါ၊ အကို ရဲသတင်းတပ်ဖွဲ့ (SB) ကပါ” လို့ပြောပြီး နှုတ်ဆက်တယ်။ ကျနော့်အပျော်တွေအားလုံး ပျောက်သွားခဲ့ပြီ။ ကျနော် ရေမချိုးခင် ထောင်ပိုင်ရုံးကိုခေါ်ပြီး ကျနော် ထောင်ထဲဝင်ခါစက ကျနော့် နာရီတွေ၊ ပိုက်ဆံတွေပြန်ပေးပြီးတဲ့အခါမှာတော့ ပြဿနာက စပါပြီ။ အပြင်ရောက်လို့ နိုင်ငံရေးလုပ်ရင် လက်မှတ်ထိုးရမယ် တဲ့။ ကျနော်ပြောတယ်၊ “မထိုးနိုင်ဘူး။ ကျုပ် လွတ်ရက်စေ့လို့လွတ်တာ လာမလုပ်နဲ့၊ မထိုးဘူး။ ထောင်ထဲပြန်ထည့်ရင် ပြန်ထည့်” လို့ပြောတဲ့အချိန် ကျနော့်ကို တကယ်ပဲ ကျနော်နေတဲ့ အခန်းထဲကို ပြန်ထည့်ခဲ့ပါတယ်။ ကျနော့်စိတ်ဓာတ်တွေ သုညကို ရောက်သွားခဲ့ပေါ့။
သီးသန့်ထောင်ဟာ တဖြည်းဖြည်းနဲ့ လွတ်လပ်သသထက် လွတ်လပ်လာတဲ့လို့ ပြောရမယ့်အချိန်ပါပဲ။ ဝန်ထမ်းတွေကလည်း ကျနော်တို့တိုက်ခန်းတွေကို အရင်ကလို သော့ခတ်မထားတော့ဘဲ မနက်မိုးလင်းတာနဲ့ သော့ဖွင့်ပေးထားပြီး ညဘက်ထောင်ပိတ်ချိန်မှ တိုက်ခန်းတံခါး ပြန်ပိတ်ပါတယ်။ နေ့လည်ပိုင်း တထောင်ထောင်လုံးလိုလို ကြိုက်တဲ့နေရာသွားလို့ရတဲ့ အခြေအနေဖြစ်လာပါပြီ။
နောက်တချက်က ဟင်းကို အရင်ကလို မီးခိုးမထွက်အောင် ပလပ်စတစ်မီးနဲ့ ချက်မနေတော့ဘဲ ကြုံရာသစ်ကိုင်းကျိုး သစ်တိုသစ်စတွေနဲ့ပဲ ပေါ်တင်ချက်ကြပါတော့တယ်။ ဝန်ထမ်းတွေကလည်း ပြဿနာမတက်ရင်တော်ပြီ သဘောထားကြပြီး သူတို့အတွက်ကလည်း ဟိုအခန်းက ဟင်းနည်းနည်း၊ ဒီအခန်းက ဟင်းနည်းနည်းနဲ့ အူစိုကြပြီကိုး။ နောက်ဆုံး လိုက်ကောက်လို့ရတဲ့ လောင်စာတွေက ရှားပါလာတဲ့အခါ သီးသန့်ထောင်ရဲ့အလယ်မှာတည်ရှိတဲ့ ထောက်လှမ်းရေး စစ်ကြောရေးအဆောင်ကြီးကို မျက်စောင်းထိုးကြပါတော့တယ်။
ထောင်အကြောင်းရေးမယ်ဆိုရင် နာကျည်းမှုတွေ၊ နာကျင်မှုတွေ၊ ခါးသီးခံပြင်းမှုတွေနဲ့ ပြည့်နှက်နေသလိုပဲ ထောင်ထဲမှာ ကျနော်တို့ဟာ ကိုယ့်ဘဝရှင်သန်ရည်တည်ရေးအတွက် ဘဝကို မပျော် ပျော်အောင် ဖန်တီးနေခဲ့ရတဲ့ နေ့ရက်တွေလည်း ရှိခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ထောင်ကျနေတဲ့ အကျဉ်းသားတယောက်အဖြစ် မေ့ထားပြီး ကိုယ်နဲ့ အတူနေနေတဲ့ ထောင်ကျ ရဲဘော်ရဲဖက်တွေကို မိသားစုလိုနေထိုင်ရင်း ကျနော်တို့ သံတိုင်နဲ့ အုတ်ရိုးကြားက အကျဉ်းကျညတွေကို အတူတကွ ဖြတ်သန်းခဲ့ကြဖူးပါတယ်။
ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါးပြောရရင် ထောင်ထွက် နိုင်ငံရေးအကျဉ်းသားခြင်း ဘာဖြစ်လို့ ဒီလောက် သံယောဇဉ်တွေဖြစ်ကြသလဲလို့မေးရင် လင်မယား ၂ ယောက်တောင် ၂၄ နာရီအတူတကွ ဘယ်လိုမှမရှိနိုင်ပေမယ့် ကျနော်တို့တတွေကတော့ ၈ ပေပတ်လည် တိုက်ခန်းကျဉ်းထဲမှာ ၂၄ နာရီလုံးလုံး နေ့ရောညပါ အတူတကွ နေထိုင်ခဲ့ကြရလို့ပဲဖြစ်ပါတယ်။