Showing posts with label မင်းကျော်ခိုင်. Show all posts
Showing posts with label မင်းကျော်ခိုင်. Show all posts

Thursday, August 21, 2014

သူငယ်ချင်း ရဲဘော်ဒေါင်းနီ (မင်းကျော်ခိုင်)

သူငယ်ချင်း ရဲဘော်ဒေါင်းနီအတွက် အမှတ်တရပါ...  
(မင်းကျော်ခိုင်)

 

Thursday, May 8, 2014

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၅) - မင်းကျော်ခိုင်

ကိုအုန်းမြင့်ဆိုတာ ကျနော်နဲ့ တရပ်ကွက်ထဲသား။ သူက ကိုရဲ (ရဲလွင်) တို့၊ ကိုတိုး (ခင်မောင်တိုး) တို့နဲ့ အရွယ်မကွာဘူး။ ကိုအုန်းမြင့် မိတ်ဆက်ပေးခဲ့လို့သာ ကျနော်နဲ့ မဇ္ဈိမလှိုင်းဖြစ်လာမယ့် လိစ္ဆဝီ (ပြဿနာကောင်များ) နဲ့ ရင်းနှီးခဲ့ရတာ။ 

ကိုအုန်းမြင့်က ကျနော်တို့ ၆ မိုင်ခွဲအုပ်စုရဲ့ ညဘက် အဆောင်တွေသွားပြီး သီချင်းဆိုကြတဲ့အဖွဲ့ထဲမှာ သူ့အသံက အကောင်းဆုံး၊ သူတယောက်ထဲဆိုပြီဆိုရင် အားလုံးက ငြိမ်ပြီးနားထောင်ကြတာ။ ကိုအုန်းမြင့်ရဲ့ ညီအငယ်ဆုံး ကိုထွန်းလင်းက ဂစ်တာအတီးကောင်းတယ်။ စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ်တို့ သီချင်းတွေဆိုပြီဆိုရင် သူ့အသံနဲ့လိုက်တယ်။ အဲဒီအချိန်တုန်းက (၁၉၇၉-မေလ) သူနဲ့ ခိုင်ထူးရဲ့ တေးမြုံငှက် အခွေထွက်ပြီးခဲ့ပြီ။ 


Sunday, January 5, 2014

ဇော်မျိုးထွဋ် အတွက် ဆုတောင်း (မင်းကျော်ခိုင်)

မဇ္ဈိမလှိုင်းအဖွဲ့က လိဒ်ဂစ်တာသမား ကိုဇော်ကြီး (ဇော်မျိုးထွဋ်) နှလုံးရောဂါနဲ့ ဒီည ၉း၃ဝ နာရီမှာ ကွယ်လွန်သွားတယ်ကြားရလို့ သူ့မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ 

ကိုဇော်ကြီး ကောင်းရာမွန်ရာဘုံဘဝကို ရောက်ပါစေဗျာ... 

ခင်တဲ့ 
မင်းကျော်ခိုင် 
ဇန်နဝါရီလ ၅ ရက်၊ ၂ဝ၁၄ ခုနှစ်

 

Thursday, December 19, 2013

ကျနော်သိတဲ့ ဘောလုံးချန်ပီယံ (ဦး) ဗဟာဒူး (မင်းကျော်ခိုင်)

ဦးဗဟာဒူးက မြန်မာပြည်ဖွား ဂေါ်ရခါးပါ။ သူ့ကို မြန်မာ့တပ်မတော် ကြည်းတပ်ကနေ ရန်ကုန် ပထမတန်းအမှတ်ပေးပြိုင်ပွဲတွေမှာ ကြည်းတပ်ကို ကိုယ်စားပြုပြီးကစားပေးဖို့ တပ်ကြပ်ကြီးရာထူးပေးပြီး ခန့်ခဲ့တာပါ။ သူ ရှေ့တန်းထွက် စစ်တိုက်ခဲ့ရတာမဟုတ်။ နောက်တန်းမှာပဲနေပြီး မြန်မာ့ဘောလုံး တိုက်စစ်မှူးအနေနဲ့ နိုင်ငံတာဝန်ထမ်းခဲ့တာ။ 

ကျနော်အသက် ကလေးဘဝအရွယ် ၁၉၆၂-၆၃ လောက်မှာ ဦးဗဟာဒူးတို့ မာဒေးကား ဖလားပိုက်ပြန်လာတော့ မြန်မာပြည်သူတွေက လမ်းဘေး ဝဲယာကနေ သောင်းသောင်းဖျဖျ ကြိုကြတယ်။ ကျနော့်အဖေကလည်း ရန်ကုန် ၆ မိုင်ခွဲ ပြည်လမ်းမကြီးဘေးက ကုက္ကိုပင်ကြီးအောက်ကနေ (ခုတော့ အဲဒီကုက္ကိုပင်ကြီးတွေ မရှိတော့ပါဘူး) မြန်မာအောင်ပွဲရဘောလုံးသမားတွေကို ကြိုတယ်။ ဦးဗဟာဒူးတို့က အမိုးဖွင့်ဂျစ်ကားတွေနဲ့ လာကြတာ၊ ပြည်သူတွေက သူတို့ကို ပန်းကုံးတွေစွပ်ကြ ပြောရရင် အခု အမေစု (ဒေါ်အောင်ဆန်းစုကြည်) ကို ပြည်သူတွေ ကြိုကြသလိုပေါ့။ ဦးဗဟာဒူးက ကားပေါ်ကနေ ကျနော့်အဖေကိုမြင်တော့ ကားကိုခဏရပ်ခိုင်းပြီး အဖေ့ကိုနှုတ်ဆက်တယ်။ နောက် သူ အဖေ့အတွက် အမှတ်တရဝယ်လာတဲ့ လက်ဆောင် ခေါက်ထိုင်ခုံလေး လှမ်းပေးခဲ့တယ်။ အဲဒီခုံလေး အဖေက အမှတ်တရ ခုထိ သိမ်းထားဆဲပါ။ သူ နိုင်ငံခြားခရီးကပြန်လာတိုင်း ကျနော်တို့မိသားစုအတွက် လက်ဆောင်တွေကတော့ ပါနေကျပါ။ 


Thursday, December 5, 2013

Friday, November 29, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၈ (မင်းကျော်ခိုင်)

ကျနော် ကံကောင်းတယ်ပဲပြောကြပါစို့။ နယ်စပ်ကအထွက် ရဲဂိတ်မှာ ကားပေါ်က တခြားခရီးသည်တွေကို စစ်ကြပေမယ့် ကျနော် အစစ်မခံရဘူး၊ လွတ်လွတ်ကျွတ်ကျွတ်ပဲ ဘန်ကောက်ကိုရောက်သွားခဲ့တယ်။ ဘန်ကောက်ရောက်တော့ အဝေးပြေးကားဂိတ်တွေက မတူကြဘူး၊ ထိုင်းနိုင်ငံတောင်ပိုင်းဆိုရင် တနေရာမှာ၊ ထိုင်းနိုင်ငံမြောက်ပိုင်းဆိုရင် တနေရာ။ ဘယ်သူ့မှလည်း မမေးရဲဘူး၊ မဲဆောက်ကားဂိတ်ဘယ်မှာလဲဆိုတာ။ ရဲတွေ အဖမ်းကြမ်းတယ်ဆိုတာ စမ်ခက သူငယ်ချင်းတွေပြောတာ သတိရပြီး လန့်တာလည်း ပါတာပေါ့။ 

အဖမ်းခံရမှာမကြောက်ပေမယ့် လောလောဆယ်ဘာတခုမှ အဆက်အသွယ်မရသေးခင် လုပ်ငန်းကိစ္စမပြီးသေးခင် အဖမ်းခံလို့မဖြစ်သေးဘူးလေ။ အဲဒီလိုနဲ့ ထိုင်းစကားမတတ်တဲ့ ကျနော်၊ ဘာလက်မှတ်၊ ဘာပတ်စ်ပို့မှမရှိတဲ့ ကျနော် ယောင်လည်လည်နဲ့ တွေ့ရာဘတ်စ်ကားစီးပြီး အလွန်ကျယ်တဲ့ ကွင်းကြီးတခုကို ရောက်သွားတယ်။ ကွင်းကြီးနားမှာ ကျနော်တို့ဆီက ရွှေရောင်စေတီတွေလိုမျိုးတွေ (ထီးတော်မပါတာကလွဲလို့) အုတ်တံတိုင်းအမြင့်ကြီးတခုနောက်ကွယ်မှာတွေ့ရတော့ ဘုန်းကြီးကျောင်းလား၊ ဘာလားပေါ့။ နောက်မှ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မြဘုရားနေရာဆိုတာ သိရတယ်၊ 

အဲဒီမြဘုရားရဲ့အနီးမှာက တော်တော်ကျယ်ပြီး သန့်ပြန့်တဲ့ ထိုင်းဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတခု တွေ့တယ်၊ ကျောင်းနာမည်က ဝပ်ဖို (WAT PO)၊ ဒါတွေက နောက်မှသိရတာပါ။ မနက်ပိုင်း ဘန်ကောက်ကိုရောက်ပြီး ဘတ်စ်ကားစီးလာခဲ့တာဆိုတော့ ဒီကွင်းကြီးထဲရောက်တော့ နေ့လည် ၁၂ နာရီကျော်နေပြီ။

Thursday, November 28, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၇ (မင်းကျော်ခိုင်)

သူတို့စာဖတ်ပြီး ကျနော်တို့ရဲ့ရည်မှန်းချက် မပြောင်းကြပါဘူး။ ဒါပေမယ့် ကျနော်တို့ အုပ်စုထဲက ကျောင်းသူနှစ်ယောက်နဲ့ အကသ ကျောင်းသားညီငယ်တွေကို ပြတ်ပြတ်သားသားမေးရတယ်။ ခုချိန်မှာ ပြန်မယ်ဆိုရင်ပြန်နိုင်တဲ့အကြောင်း၊ ရှေ့မှာ ဘယ်လိုဒုက္ခတွေကိုရင်ဆိုင်ရမယ်ဆိုတာ ဘာမှပြောလို့မရသေးတဲ့အကြောင်းတွေ ရှင်းပြတယ်။ သူတို့ကလည်း မပြန်ဘူး၊ အကိုတို့နဲ့ပဲ တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ပြီးသားဆိုပြီး ကျနော်တို့နဲ့ ရှေ့ခရီးဆက်ဖို့လိုက်မယ်လို့ အားလုံးကပြောတော့ ကျနော်တို့ ရှေ့ခရီးဆက်ဖြစ်ကြတယ်။ 

(အဲဒီအချိန်တုန်းက ကျနော်တို့အားလုံးရဲ့ရည်ရွယ်ချက်က မြန်မာပြည်မှာ စစ်အာဏာရှင်စံနစ်ဆိုးကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ပြည်မှာ စစ်ပညာသွားသင်ကြပြီး မြန်မာ့တပ်မတော်ဖွဲ့၊ ပြီးတော့ ဖက်ဆစ်ဂျပန်နဲ့ ဗြိတိသျှနယ်ချဲ့တို့ကိုတော်လှန်ကြသလို ကျနော်တို့လည်း နယ်စပ်မှာ စစ်ပညာသင်၊ ပြီးရင် ပြည်တွင်းပြန်ဝင်ပြီး ပြည်သူထူထုနဲ့အတူ လက်နက်ကိုင်တိုက်ပွဲဝင်ကြမယ်၊ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်လာကြတာပါ။) 

Tuesday, November 26, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၆ (မင်းကျော်ခိုင်)

ကျနော်တို့ မွန်ဗဟိုစခန်းမှာ သိပ်မကြာခဲ့ပါဘူး၊ ဒါပေမယ့် ရန်ကုန်က စထွက်ခဲ့ကြတဲ့ရက်တွက်လိုက်ရင် ရက် ၂၀ ကျော်ပြီ။ နောက်ဘယ်နှစ်ရက် ဆက်လျှောက်ရမယ်ဆိုတာ မသိကြဘူး။ ဗဟိုစခန်းကနေထွက်တော့လည်း တတောင်တက် တတောင်ဆင်းနဲ့ပါပဲ။ ဒီတခေါက် လမ်းပြတွေကတော့ မွန်ပြည်သစ်ရဲ့ တခြားတပ်စိတ်တစိတ်ပါ။ အားလုံး ကျနော်တို့အပေါ် ဂရုစိုက်ကြပါတယ်၊ လမ်းသွားရင်းနားကြတဲ့အခါ ကျနော်မေးကြည့်တယ် မွန်ရဲဘော်လေးကို။ နောက်ဘယ်နှစ်တောင်တက်ရဦးမလဲလို့။ ဟာ... အကိုရာ ဟိုမှာမြင်နေရတဲ့တောင်ကို ကျော်လိုက်ရင်ရောက်ပြီ ဘုရားသုံးဆူကို တဲ့။ ဒါနဲ့ တောင်ကြီးဖဝါးအောက်ပေါ့ကွာဆိုပြီး စိတ်တင်းထားရတာပေါ့။

အမှန်ပြောရရင်အားလုံးဟာ တော်တော်တော့ ပန်းနေကြပြီ။ မှောင်ရီပျိုးပျ နေဝင်ရီတရောမှာ တောင်ခြေတခုက ရွာတရွာကို ရောက်ကြတယ်။ တောင်ယာလုပ်ကိုင်စားသောက်ကြတဲ့သူတွေ နေကြတာ၊ ရွာနာမည်တော့ မမှတ်မိတော့ဘူး။ တောင်ယာဆိုတာ တောင်တွေပေါ်မှာ စပါးတို့ ပဲတို့ စိုက်ကြတာ။ တချို့တောင်စောင်းတွေမှာ လှေခါးထစ်စိုက်ခင်းတွေလုပ်ထားပြီး စိုက်ကြတာ လမ်းမှာတွေ့ခဲ့သေးတယ်။ 

ရွာထဲဝင်ကြတော့ ရွာသူရွာသားတယောက်မှ မတွေ့ရဘူး။ အိမ်တွေအားလုံးကတော့ တဲကြီးတဲငယ်တွေပါပဲ။ ကျနော်တို့လည်း ထူးခြားလှချေလားပေါ့၊ နေ့လည်နေ့ခင်းလည်းမဟုတ်ဘဲ ညဘက်အိပ်ချိန်ရောက်ခါနီးမှာမှ ရွာသားတယောက်မှ မရှိတဲ့အိမ်တွေတွေ့ရလို့ပါ။ ဒါနဲ့ပဲ ကြုံရာအိမ်တွေပေါ် ကိုယ့်အုပ်စုနဲ့ကိုယ်တက်ပြီး ညစခန်းချဖို့ ပြင်ကြတာပေါ့။ အိမ်တွေအားလုံးမှာ အိမ်ရှေ့တံခါးပေါက်ရယ်လို့ မရှိကြဘူး၊ အခန်းရယ်လို့လည်း မရှိဘူး၊ အိမ်ရှေ့နဲ့ အိမ်နောက် ဒိုးယိုပေါက်ချည်းပါပဲ။ 


Sunday, November 24, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၅ (မင်းကျော်ခိုင်)

ခရီးဆက်ကြရင်း တောထဲမှာ ရွာလည်နေတဲ့ လူ ၃ဝဝ ကျော်အုပ်စုကြီးနဲ့ သွားဆုံကြတယ်၊ အဲဒီနေရာက ရွာနဲ့ သိပ်မဝေးဘူး သူတို့နဲ့ပါလာတဲ့လမ်းပြက လမ်းမှားပြီး လည်နေတာလေ။ ဒါနဲ့ အုပ်စုကြီး ၂ စု ပေါင်းလိုက်ကြပြီး အနီးဆုံးရွာကို ဆက်အတူသွားကြတယ်။ ရွာရောက်တော့မှ အဲဒီ လမ်းမှာလည်နေတဲ့အုပ်စုထဲက ကျနော်နဲ့မတွေ့တာ အတော်ကြာပြီဖြစ်တဲ့ (သူ အဆိုတော်ဖြစ်ကတည်းက ဆိုပါတော့) ကျော်မြင့်လွင် (ခ) ထူးအိမ်သင်ပါ။ သူနဲ့ ပြန်တွေ့တွေ့ချင်း သူက ဟေ့ရောင် ဒါပဲ ... ဒါပဲလိုတယ် လို့ပြောရင်း သူ့လက်ညှိုးကို ကွေးပြတယ်။ 

ဒါနဲ့ ကျနော်လည်း သူ့ကြည့်ပြီး ဟုတ်ပါပြီ ငါ သိပါတယ် အားလုံးက ဒါပဲလိုတယ်ဆိုပြီးထွက်လာကြတာ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး... အဆိုတော် မပြောရဘူး ဝတ်လာတာက အင်္ကျီဖြူ ဘောင်းဘီဖြူ နဲ့၊ ဒို့ အခုသွားနေကြတာ သီချင်းသွားဆိုဖို့မဟုတ်ဘူးလို့ပြောတော့ သူက ရှက်ကိုးရှက်ကန်းနဲ့ မင်းကလည်းကွာ ငါလည်း ကြုံသလိုကြံဖန်ပြီး ထွက်လာရတာလေ လို့ပြောတယ်။ အမှန်က သူ့ကို အားလုံးကသိနေတော့ သီချင်းဆိုဖို့ဆိုပြီး မလိမ့်တပတ်နဲ့ စစ်ထောက်လှမ်းရေးကနေလွတ်အောင် ကြံဖန်ထွက်လာခဲ့တာလို့ သူပြောပါတယ်။ 

ရွာထဲမှာ ၂ ရက်နေရတယ်၊ ရွာနာမည်တော့ ကျနော် မမှတ်မိတော့ဘူး။ ရွာကနေဆက်ထွက်ကြတော့ လမ်းခုလတ်မှာ အသားလတ်လတ် အသက် ၂ဝ ကျော်လူငယ်တယောက်က ကျနော်တို့ကို ဆီးကြိုတယ်။ သူက ရွာအဝင်ဘုန်းကြီးကျောင်းကို ကျနော်တို့ကိုခေါ်သွားပြီး သူဟာ CRDB ဦးတင်မောင်ဝင်းရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အကြောင်း၊ ကျနော်တို့အားလုံးကို ထိုင်း-မြန်မာနယ်စပ်မှာ လိုအပ်တဲ့ အကူအညီအားလုံးပေးဖို့ အဆင်သင့်ရှိနေပါကြောင်း ပြောပါတော့တယ်။ 


Saturday, November 23, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၄ (မင်းကျော်ခိုင်)

တကယ်တမ်း ကျနော်တို့အုပ်စုကြီး ဓနိတောရွာကနေ ခရီးဆက်ကြတုန်းက ခြေလျှင်ခရီး မဟုတ်ခဲ့ပါဘူး၊ ကုန်တင်စက်လှေတွေနဲ့ပါ။ မွန်ပြည်သစ်တပ်ဖွဲ့က ပင်လယ်ပြင် ကုန်သည်တွေဆီကနေ ချောဆွဲလာတဲ့ ကုန်တင်စက်လှေ ၆ စီးနဲ့ပါ။ စက်လှေတွေက တော်တော်ကြီးပါတယ်။ ကျနော်က သင်္ဘောစီးဖူးတယ်ဆိုတာ ရန်ကုန်နဲ့ ဓနုဖြူ သင်္ဘောပဲ စီးခဲ့ဖူးတာ။ ခုဟာက ကုန်တင်တဲ့စက်လှေတွေဆိုတော့ သင်္ဘောဝမ်းဗိုက်ထဲ ကုန်တွေထားတဲ့နေရာမှာ ကျနော်တို့လူတွေထိုင်ပြီး လိုက်ခဲ့ရတာဆိုတော့ သက်တောင့်သက်သာရှိလှတာတော့ မဟုတ်ဘူး။ ကုန်ပစ္စည်းတွေဆိုရင်တော့ ကုန်တွေ အထပ်ထပ်ဆင့်တင်ပြီး အလေးချိန်စီးပေမယ့် ခု လူတွေဆိုတော့ အလေးချိန်တွေက ကုန်တွေလောက် မများတော့ဘူးလေ၊ အဲဒီတော့ စက်လှေက ပင်လယ်ပြင်လှိုင်းလုံးတွေကြားမှာ အနည်းနဲ့အများတော့ လူးပြီပေါ့။ ဒါတောင် ရာသီဥတုကောင်းမယ့်အချိန်စောင့်ပြီး ထွက်ကြတာပါ။ 

ကျနော်တို့ လှိုင်းမူးပြီးအန်လိုက်ကြတာ ပြောရရင် တချို့များ မစင်(ချီး) ပါအန်ထွက်တဲ့အထိပါပဲ။ တသက်နဲ့တကိုယ် အဲလောက်အထိ ပင်လယ်လှိုင်းမူးပြီးအန်ခဲ့တာ တသက်မမေ့နိုင်အောင်ဖြစ်ခဲ့ရတယ်။ စက်လှေ ၆ စီးမှာ တစီးကို လူ ၅ဝ စီတင်ပြီး သွားခဲ့ရတဲ့ ပင်လယ်ခရီးကြမ်းပါပဲ။ ဓနိတောရွာကနေ ညဥ့်နက်သန်းခေါင်ကျော်မှာ စထွက်ခဲ့ကြတာ ၇ နာရီလောက် ပင်လယ်လှိုင်းမူးပြီး စီးခဲ့ကြပြီးမှ ဒူးယားရွာကိုသွားလို့ရမယ့် ပင်လယ်ကမ်းစပ်ကိုရောက်ကြတယ်၊။ ကျနော်တို့အားလုံးက သင်္ဘောဝမ်းဗိုက်ထဲကနေ မူးလိုက် အန်လိုက်နဲ့လိုက်ခဲ့ရတာဆိုတော့ ဖြတ်ခဲ့ရတဲ့ ပင်လယ်လမ်းခရီးတလျှောက် ရှုခင်းတွေကြည့်ဖို့ဆိုတာတော့ စဉ်းစားသာကြည့်ပါတော့...။ ဘယ်နေရာတွေကနေဖြတ်ပြီး ဘယ်နေရာကိုရောက်တယ်ဆိုတာလဲ မသိခဲ့ရတဲ့ မမေ့နိုင်တဲ့ ပင်လယ်ခရီးကြမ်းပါပဲ။ 


Monday, November 18, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၃ (မင်းကျော်ခိုင်)

ကျနော်တို့လည်း ကျောင်းသူနှစ်ယောက်ကို သူတို့ထမီ ယောင်္ကျားလေးတွေပုဆိုး ကတောင်းကျိုက်သလို ကျိုက်ခိုင်းပြီး ရှေ့က သူများတွေဖြတ်သလိုသာ ဖြတ်တော့ဆိုပြီးပြောတော့ သူတို့လည်း ကွိကွိကွကွ အိအိအအ အော်သံတွေနဲ့ မျှော့တောကြီး ဖြတ်ကြတာပေါ့။ ဟိုဘက်ကမ်းရောက်မှ ကျနော်တို့က ပါလာတဲ့ မီးခြစ်နဲ့ မျှော့ကြီးတွေကို အပူမြိုက်ပြီး ခွာချပေးကြရတယ်။ 

အားလုံး အိုကေပြီ။ မျှော့ကွင်းကြီးကျော်ခဲ့ပြီးမှ ကားလမ်းဖြတ်ဖို့ တဖက်လမ်းကနေ လမ်းကြောင်းရှင်း အချက်ပြမယ့် မွန်ပြည်သစ်ကရဲဘော်ရဲ့ အချက်ပေးသံကို မျှော်ရတယ်။ နာရီဝက်လောက်အကြာ ရဲဘော်ရဲ့ အချက်ပေး လက်ခေါက်မှုတ်သံကြားတော့ ကျနော်တို့ရန်ကုန်အုပ်စုက ရှေ့ဆုံးကနေ ပြေးကူးကြတယ်။ ကျနော်တို့နောက်က ကျန်အုပ်စုတွေကလည်း တန်းစီပြီး လိုက်ကူးကြတာပေါ့။ ဖြစ်ချင်တော့ လူအုပ်ကြီး ၃ ပုံ ၁ ပုံ ကူးပြီးတော့မှ ရဲဘော်လေးရဲ့ဟာ လမ်းမှားသွားပြီ၊ ဒီလမ်းက ရွာအဝင်လမ်း မဟုတ်ဘူး၊ တောထဲဝင်တဲ့လမ်းဆိုလို့ နောက်ထပ် ကိုက်တရာသာသာလောက်ဝေးတဲ့ လမ်းအမှန်ရောက်အောင် ဝရုန်းသုံးကား ပြေးကြရပြန်တယ်။ 


Saturday, November 16, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၂ (မင်းကျော်ခိုင်)

မွန်ပြည်သစ်ရဲ့ ဗိုလ်မှူးဆိုသူက ကျနော်တို့တယောက်ချင်းစီရဲ့မျက်နှာတွေကို သူ့လက်နှိပ်ဓာတ်မီးနဲ့ထိုးကြည့်ရင်း ကျနော့်ဘေးမှာထိုင်နေတဲ့ ရဲလွင်ရဲ့မျက်နှာကိုလည်း မြင်လိုက်ရော ဟာ... ဆရာပါလား၊ ဆရာ ကျနော့်ကို မမှတ်မိဘူးလား... ကျနော် ထွန်းအောင်လေ ဆရာ... ဆိုပြီး အံ့သြဝမ်းသာသွားတဲ့အသံ ကြားလိုက်ရတယ်။ ကျနော်လည်း ရဲလွင်ကို တံတောင်နဲ့တွတ်ပြီး မင်း ကြည့်ရှင်းလိုက်ဆိုတဲ့အထာပေးလိုက်တယ်။ 

ရဲလွင်က ဟာဗျာ... ခင်ဗျားမျက်နှာ ကျနော်မြင်မှမမြင်ရတာ ဘယ်လိုလုပ်မှတ်မိမှာလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီမှာတင် ဗိုလ်မှူးထွန်းအောင်ဆိုတဲ့သူက သူ့မျက်နှာသူ သူ့ဓာတ်မီးနဲ့ပြန်ထိုးပြီး ဆရာ ကျနော် ဆရာ့ဆီမှာ တနင်္ဂနွေအပါတ်တိုင်း စာလာလာမေးခဲ့တာလေ၊ အဲဒီတုန်းက ကျနော်က ဘုန်းကြီးဝတ်ကြီးနဲ့ပါဆရာ... ဆရာ ဒါ ဆရာ့သူငယ်ချင်းတွေ မဟုတ်လား၊ ဘာမှမပူနဲ့ဆရာ၊ ကျနော် အားလုံးတာဝန်ယူတယ်ဆိုပြီး သူ့တပည့်ရဲဘော်တွေကို ဟေ့ ဒါ ငါ့ဆရာကွ၊ ငါ တက္ကသိုလ်မှာ စာပေးစာယူကျောင်းတက်တုန်းက ငါ့ကို စာအမြဲပြပေးတဲ့ ငါ့ဆရာပဲ...လို့ ပြောပြီးသကာလ ကျနော်တို့အုပ်စု ဓနိတောရွာထဲ ရင်ကော့ဝင်နိုင်ခဲ့ကြပါတယ်။ 


Thursday, November 14, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၁ (မင်းကျော်ခိုင်)

ကျနော်တို့ ရန်ကုန်ကနေ ထိုင်းနိုင်ငံနယ်စပ်ကိုထွက်ခဲ့ကြတာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၄ ရက်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့ပါ။ ကျနော် အပါအဝင် ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနက ကျူတာ ရဲလွင်၊ နောက် မောင်တူး၊ တခြားဌာနတွေက ကျူတာ ၄ ယောက်အပါအဝင် ပေါင်း ၇ ယောက်။ 

ရန်ကုန်က မထွက်ခွာခင်ညက ကျနော့်အိမ်နောက်ဘက်က အမျိုးသားဘော်ဒါဆောင်မှာ လူခွဲအိပ်ကြပြီး မနက်လင်းအားကြီး ၄ နာရီခွဲမှာထ၊ ကျနော့် အဖေနဲ့အမေကို အားလုံးကန်တော့ကြပြီး အမေထုတ်ပေးတဲ့ ကျပ်ငွေ ငါးထောင်နဲ့ ကျနော်တို့အိမ်ရှိတဲ့ ၆ မိုင်ခွဲကနေ အောင်ဆန်းကွင်းမှာရှိတဲ့ မော်လမြိုင်-မုဒုံ ကားဂိတ်ကိုထွက်ခဲ့ကြတယ်။ 

ရန်ကုန်-မုဒုံ ဟိုင်းလပ်ကားစီးပြီး မုဒုံရောက်တဲ့အထိဘာမှ ပြဿနာမရှိဘဲ ရောက်ခဲ့ကြတယ်။ ဟိုင်းလပ်ကားပေါ်မှာ သူငယ်ချင်း အဆိုတော်မွန်းအောင်နဲ့ ဆုံကြသေးတယ်။ သူက သူ့အစီအစဉ်နဲ့သူသွားမှာဆိုတော့ မုဒုံမှာပဲ သူနဲ့ကျနော် လမ်းခွဲကြတယ်။ ကျနော်တို့က မွန်ပြည်သစ်ပါတီနဲ့ ချိတ်ထားပြီးမို့ပါ။


Sunday, September 29, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၄) - မင်းကျော်ခိုင်

ဘိုတင့်(ရာပြည့်) သီချင်းသွင်းတော့ ကျနော်က မိုးကျော်နဲ့ ခဏခဏလိုက်သွားဖြစ်တယ်၊ မေ စတူဒီယိုမှာ၊ Aces နဲ့သွင်းတဲ့ သူ့စီးရီးတွေ၊ သူဆိုတဲ့အထဲ ကျနော်ကြိုက်တဲ့သီချင်းတွေက ညဘက်အဆောင်တွေမှာ အမြဲ တရင်းတနှီးကြားပြီးသား တေးရေး ကိုမောင်မောင်တို့ ကိုရဲတို့ သီချင်းတွေ၊ ကိုယ်မငိုတတ်တော့ဘူး၊ ပန်းခရမ်းပြာ၊ ပန်းဇာတ်သိမ်း၊ ညီမလေးရေ စဉ်းစားစမ်း၊ နာမည်ပျက်လူဆိုး၊ နဒီမင်္ဂလာ၊ မပုံလို့လဲပုံခဲ့တယ်... အဆောင်ညတွေမှာ ကိုရဲ၊ ကိုမောင် သူတို့ကိုယ်တိုင် ရေးပြီးဆိုခဲ့ကြတဲ့သီချင်းတွေပေါ့၊ 

အဲဒီအချိန်တွေတုန်းက သူတို့ရေးပြီး ဘယ်သူ့မှမရောင်းသေးခင် သူတို့ကိုယ်တိုင်ဆိုကြတော့ နားထောင်ရတဲ့အရသာက အခွေထွက်ပြီးမှ နားထောင်ရတာနဲ့ ကွာတယ်၊ မတူဘူး၊ နောက်တခုက အဆောင်နောက်ဖက်ညဥ့်နက်ပိုင်းတွေမှာ လရောင်နဲ့ လွတ်လွတ်လပ်လပ် ဆိုကြတီးကြတဲ့အချိန်တွေလဲဖြစ်ခဲ့တာကိုး... တကယ်လွမ်းစရာကောင်းတဲ့ သီချင်းတွေပါ။ 


Thursday, September 19, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၃) - မင်းကျော်ခိုင်

ဘိုတင့် (ရာပြည့်)က ကျနော့်ထက် အသက်ကြီးတယ် ၆ နှစ်။ ဒါပေမယ့် သူငယ်ချင်းလို နေကြ ဆက်ဆံကြတာ။ ဘိုတင့် လို့လည်းခေါ်တာ နှုတ်ကျိုးနေပြီ။ ဘိုတင့်က သူ့ပါဝါမျက်မှန် အဝိုင်းရယ်၊ ဂျင်းဘောင်းဘီကို မန္တလေးဖိနပ်နဲ့ တွဲစီးတာ၊ လွယ်အိတ်က အမြဲလွယ်လျက်ပဲ။ တခါတခါတော့ အင်းလေးပုဆိုးနဲ့ပေါ့၊ သူနေတာက ကန်တော်ကလေးမှာ (အောင်ဆန်းကွင်းနား)။ အရင် သူက သင်္ဘောသား ပိုက်ဆံစုပြီး အခွေထုတ်တာ၊ သီချင်းရေးတာအပြင် သီချင်းဆိုချင်တဲ့ ပိုးကလည်း အပြည့်လေ။

၁၉၈ဝ လောက်ကစပြီး သူ အမြဲတမ်း ခရမ်းပြာမှာ ကျင်လည်တော့တာ။ သူနဲ့အတူ ရစ်ချက် (သက်နိုင်ဦး)လည်း မကြာမကြာ လာတယ်။ ကိုရဲနဲ့ ကိုအောင်ဝင်းတို့ရဲ့ ပန်းခရမ်းပြာ သီချင်းရေးပြီးတော့ ကျနော်တို့ အင်ကြင်းဆောင်နောက်မှာ ဆိုကြတဲ့အချိန်ကတည်းက သူ အဲဒီသီချင်းကိုဆိုပြီး စီးရီးထုတ်ချင်နေတာ။ အဲဒီတုန်းက ကိုရဲ ပန်းခရမ်းပြာသီချင်းတီးရင် ကျနော်က ကိုရဲတီးကွက်တွေက ကိုရဲပြောတော့ လွယ်တယ်၊ ကျနော့်အတွက်တော့ ခက်နေတယ်လို့ ပြောရတယ်။ ကိုရဲကတော့ သူ့ထုံးစံအတိုင်းပြုံးပြီး နောက်ကျ ပန်းခရမ်းပြာသီချင်းကို ညတိုင်းဆိုဖြစ်တာပါပဲ။ အဲဒီအချိန် ဘိုတင့်နဲ့ မိုးကျော် သိပ်မတွဲဖြစ်ကြတော့ဘူး။ မိုးကျော်က The Aces ဝိုင်းမှာတီးနေပြီမို့ မတွေ့ဖြစ်ကြတာ။


Sunday, September 15, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၂) - မင်းကျော်ခိုင်

ဘာလိုလိုနဲ့ ကိုတင့်အောင်ဆုံးတာ တနှစ်လည်ခဲ့ပြီ။ ကိုတင့်အောင်ကိုသိတာက ကိုရဲနဲ့။ ကိုရဲတို့အုပ်စုအတွက် လိုတာအကုန် သူ ဖန်တီးပေးခဲ့တယ်၊ အားလုံးနဲ့အတူ မကောင်းလည်းအတူ ကောင်းလည်းအတူပေါ့။ ကိုတင့်အောင်က ပဲခူးမှာ နေတယ်။ ၁၉၈၂ ထင်တယ်၊ ကျနော်နဲ့ ကိုရဲ ကိုတင့်အောင်ဆီ သွားကြတယ်။ သွားမှာက ပဲခူး သနပ္ပင်က ဝင်းဦး ဆိုတဲ့ လူငယ်လေးတယောက်ဆီကို။ ဝင်းဦးရဲ့မိဘတွေက ဆေးလိပ်ခုံပိုင်ရှင်တွေ၊ ဝင်းဦးက အဆိုတော်အရမ်းဖြစ်ချင်တာဆိုတော့ ကိုရဲတို့ဆီက သီချင်းတွေဝယ်ထားပြီး အသံသွင်း စီးရီးထုတ်ဖို့ လုံးပန်းနေတဲ့အချိန်ပေါ့။

ကျနော်နဲ့ ကိုရဲ သားထွေးတို့အိမ် (ကီလီလမ်း) ကနေ ပဲခူးကို ထွက်ခဲ့ကြတယ်။ သားထွေးတို့အိမ်က ကျိုက်ထီးရိုးကားဂိတ်၊ သားထွေးတို့ကားဂိတ်ကနေ နှစ်ယောက်သား ဘတ်စ်ကားနဲ့ ပဲခူးကို ညသန်းခေါင်ကျော်လောက် ထွက်ခဲ့ကြတယ်။ ပဲခူးရောက်တော့ တော်တော်စောနေတယ်၊ ကိုတင့်အောင်အိမ်သွားပြီး တံခါးခေါက်တာ မနိုးကြဘူး။ ဒါနဲ့ ပဲခူး ရွှေမောဓော ဘုရားပေါ်တက်ကြတော့ ဘုရားရင်ပြင်တော် သံတံခါးက မနက် ၅ နာရီမှဖွင့်မယ်ဆိုတော့ နှစ်ယောက်သား သံဘာဂျာတံခါးရှေ့မှာပဲ ထိုင်နေလိုက်ကြတယ်။ အဲဒီအချိန် မြစ်ဟိုဘက်ကမ်းက အသံမစဲ ပဌာန်းပွဲက တရားသံတွေ ကြားနေရတယ်။ မနက်အလင်းရောင်ထွက်လာတဲ့အချိန်ကျမှ ကိုရဲနဲ့ကျနော် ဘုရားဝတ်ပြုပြီး ရွှေမောဓောကနေ ကိုတင့်အောင်ဆီ ပြန်သွားကြတော့ သူ နိုးနေပါပြီ။


Thursday, September 12, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၁) - မင်းကျော်ခိုင်

ကိုရဲ တယ်မီနဲ့အိမ်ထောင်ကျပြီးတဲ့နောက် ကိုရဲ ရတနာမြိုင်အဆောင်က ပြောင်းရပြီလေ။ ရတနာမြိုင်အဆောင်မှာက ကိုရဲ အိမ်ထောင်မကျမချင်း နေခွင့်ပေးထားတာ။ နောက် အဲဒီ ရတနာမြိုင်အဆောင်အိမ်ရှင် အန်တီဒေါ်ခင်အေးမြိုင်က ကိုရဲရဲ့ ပန်းခရမ်းပြာသီချင်းကြောင့် သူ့အဆောင်ကို ကျောင်းသားတွေကြားမှာ ခရမ်းပြာအဆောင်လို့ နာမည်တွင်တာကိုလည်း အရမ်းသဘောကျခဲ့တာ၊ သီချင်းကိုလည်း သူ အရမ်းကြိုက်တယ်။ (ကိုရဲသာ အိမ်ထောင်မပြုဘူးဆိုရင် အိမ်အလယ်ထပ်ကို ကိုရဲကိုပေးမယ်လို့တောင်ပြောခဲ့ဖူးတယ်) အဲလောက်ထိ ကိုရဲကို လေးစားတာ။ 

ကျနော်တို့ ညဘက်ဆို ခရမ်းပြာအဆောင်ရှေ့က အင်းလျားကန်ဘောင်ပေါ်မှာ အင်းလျားရေပြင်ကိုဖြတ်တိုက်လာတဲ့ လေညှင်းနဲ့ ကိုရဲ ဂစ်တာတီးပြီးဆိုပြတဲ့ ပန်းခရမ်းပြာသီချင်းကို ပြန်တမ်းတမိတယ်။ အဲဒီတုန်းက ၈၈ အရေးအခင်းမဖြစ်ခင် ကိုရဲက သူရေးသမျှသီချင်းတွေဆိုရင် ဘယ်သူမဆို တီးနိုင်အောင် တီးကွက်တွေကို လွယ်လွယ်နဲ့ သူ ဖန်တီးတယ်၊ ဘယ်တော့မှ ခက်တဲ့အကွက်တွေ မထည့်ဘူး၊ သူ့ရဲ ဂီတဝါသနာရှင်တွေအပေါ်ထားတဲ့ စေတနာပါ။ 


Sunday, September 8, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁ဝ) - မင်းကျော်ခိုင်

ကိုရဲ ကျနော်ရှိတဲ့ ၃၂ လမ်းကို နေ့လည် ၁ နာရီလောက် ရောက်လာတယ်။ သူ့ပုံစံအတိုင်း ကောင်းဘွိုင်ဦးထုပ်နဲ့ပါပဲ။ ကျနော်တို့နှစ်ယောက် ၃၂ လမ်းထဲက မီးသတ်ကဖွင့်ထားတဲ့ သက်သာ လ္ဘက်ရည်ဆိုင်မှာထိုင်ကြရင်း ကိုရဲက မိုင်ကျော်ခင်းရေ... ကိုယ် အိမ်ထောင်ကျပြီဆိုတော့ ပိုက်ဆံရှာဖို့ စဉ်းစားတယ်၊ သီချင်းလည်း ခုတလော မရေးဖြစ်ဘူး၊ အဲတော့ ကိုယ်ရေးခဲ့တဲ့သီချင်းတွေ အားလုံးပေါင်းပြီး ရဲလွင် သီချင်းပေါင်းချုပ်ဆိုပြီး စာအုပ်ထုတ်ရင်ကောင်းမလားလို့ စဉ်းစားမိတယ်၊ အဲဒါ မိုင်ကျော်ခင်းကို တိုင်ပင်တာ တဲ့။ ကောင်းတယ် ကိုရဲ... ကိုရဲ သီချင်းတွေ စုလိုက်လေ၊ လုပ်ကြတာပေါ့၊ လိုတဲ့အကူအညီရှိရင်လည်း ဘိုစိန့်ဆီမှာ သွားတောင်းတာပေါ့ဗျာလို့ ကျနော် ပြန်ပြောလိုက်ရင်း သူ့သီချင်းပေါင်းချုပ်စာအုပ်အတွက် ခေါင်းထဲထည့်ထားလိုက်ပါတယ်။ 

ကိုရဲပြန်သွားပြီး နောက် ၂ နာရီလောက်ကြာတော့ ကိုရဲအမျိုးသမီး တယ်မီ (Tammy) ရောက်လာတယ်။ ဒါနဲ့ ကျနော်လည်း တယ်မီနဲ့တခါ မီးသတ်သက်သာ လ္ဘက်ရည်ဆိုင်မှာပဲ စကားပြောရပြန်တယ်။ မင်းကျော်ခိုင် ကိုရဲကို သီချင်းရေးဖို့ နင်တိုက်တွန်းစမ်းပါဟာ... ငါကတော့ သူ့ကို နေ့တိုင်း သီချင်းရေးဖို့ ပြောပြောနေရတာ မောလှပြီ။ ဒါကြောင့် နင့်ကိုလာပြီး ဝိုင်းပြောပေးဖို့ ငါ လာပြောတာတဲ့။ 


Saturday, September 7, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၉) - မင်းကျော်ခိုင်

ကျနော် သူတို့နဲ့တွဲနေတဲ့အချိန်တုန်းက သူတို့အသက်တွေက ၃၅ ဝန်းကျင်၊ ကိုရဲက အားလုံးထဲမှာ အကြီးဆုံး။ အားလုံးက ကိုရဲကို လေးစားကြတယ် အကိုကြီးတယောက်လိုမျိုး။ ကိုတိုးရဲ့ပုံစံက စကားနည်းတယ်၊ သူခင်တဲ့သူဆို အတည်ပေါက်နဲ့ နောက်တတ်တယ်၊ အမြဲတမ်း Ray Ban နေကာမျက်မှန်နဲ့။ သူ့ဘယ်ဘက်လက်မှာလို့ ထင်တယ်။ လက်သူကြွယ်မှာ အနက်ရောင် စိတ်ပုတီးအသေးစားလေးကို ၄ ပတ်လောက် ပတ်ထားတာ။ သူ ကျနော့်ပြောပြတာတခုရှိတယ်။ သူ ကျောင်းသားဘဝက မိန်းကလေးအဆောင်တွေမှာ သီချင်းသွားဆိုရင် အဆိုတော် ညိုညိုရိမ် (အဲဒီတုန်းက ညိုညိုရိမ်က အဆိုတော် မဖြစ်သေးဘူး) တို့ အမြဲတန်း သူ့အခန်းကနေ နားထောင်နေကျတဲ့။ ကိုတိုးက ရူပါလည်း ရှိတယ်လေ။ သူ့ပုံစံက ဆရာမင်းသိင်္ခရဲ့ဇာတ်ကောင် စနေမောင်မောင် စတိုင်မျိုး။

ဒါကြောင့် ကိုအုန်းမြင့် (ရီဇော်) ကို အိုင်ပီလို့ ခေါ်တာလေ။ ကိုမောင်ကျတော့ သူ့မျက်မှန်ကြီးပင့်ပင့်ပြီး စကားပြောတတ်တယ်။ အရပ်လည်း ရှည်တယ် (သူတို့အားလုံး အရပ်ရှည်ကြပါတယ်) အရပ် ၅ ပေ ၈ လောက်ကတော့ ရှိကြတယ်။ ကိုနေဝင်းကျတော့ အမြဲတမ်း ကျနော့်ကိုကြွားလေ့ရှိတာ သူ့မှာ ပါးမွှာရှိတယ်ဆိုတဲ့အကြောင်း၊ သူများတွေ မေးနှစ်ထပ်ရှိတယ်ပဲ ကြားဖူးတွေ့ဖူးတယ်၊ သူ့ကျမှ ပါးနှစ်ထပ်ရှိတဲ့အကြောင်း။ သူတို့ လိစ္ဆဝီ လို့ စဖွဲ့ခဲ့ကြတယ်၊ ကိုတိုးရဲ့ အဉ္ဇလီအတွက် ဂီတဉ္ဇလီ မှာ။ နောက်ပိုင်းမှာ (Medium Wave) မဇ္စျိမလှိုင်း လို့ နာမည်ပြောင်းလိုက်ကြတယ်။