Sunday, February 2, 2014

တီဟိလ်ကာ၊ သူရိယနေဝန်းနဲ့ အင်ဗက်စ်တီဂိတ် သတင်းသမား (ကိုညို)

မကြာသေးခင်က ရန်ကုန်သွားလည်ပြီး နော်ဝေးပြန်ရောက်လာတဲ့ သူငယ်ချင်းများဖြစ်တဲ့ ကိုထက်အောင်ကျော်နဲ့ ကိုသူရိန်တို့ကျေးဇူးကြောင့် ရန်ကုန်ထုတ် သတင်းစာနဲ့ ဂျာနယ် တချို့ ဖတ်ရပါတယ်။ ခုတလော အဝါရောင်ဂျာနယ်လို့ နာမည်ကြီးပြီး ရောင်းအားကောင်းတဲ့ သူရိယနေဝန်းလည်း ပါတယ်။ သူကတော့ တခြားဂျာနယ်တွေထက် မျက်နှာဖုံးကိုယ်က အဝါရောင်၊ အနီရောင် စာလုံးကြီးတွေနဲ့ ပြူးပြူးပြဲပြဲဖော်ပြပြီး မျက်နှာဖုံးမှာရော အတွင်းစာမျက်နှာတွေရော ဓာတ်ပုံနဲ့ ဒီဇိုင်းခေါင်းစဉ်ကိုယ်က စာမျက်နှာပြည့်လုနီးပါး ဖော်ပြထားတော့ နာမည်တွေ အကြီးကြီးဖြစ်နေတာကတော့ သေချာပါတယ်။ အတွင်းစာမျက်နှာမှာလည်း ထိုနည်းလည်းကောင်းပေါ့လေ။ ဒါပေမယ့် တခြား ဂျာနယ်တွေ သတင်းစာတွေထက် စကားလုံးပြောင်ပြောင်နဲ့ ရေးရဲ ဖော်ပြရဲတာတွေမြင်ရသလို ခရိုနီတွေ၊ အစိုးရဝန်ကြီးတချို့၊ ခေါင်းဆောင်တချို့ရဲ့ မတရားစီးပွားခြစားမှုတွေ ဖွင့်ချထားတာလည်း တွေ့ရတယ်။ ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေကိုဖော်ပြတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေ၊ သမိုင်းအဖြစ်အပျက်တွေလည်း တွေ့ရတယ်။ 

ခေတ်အပြောင်းမှာ မြန်မာ့စာနယ်ဇင်းလောကရဲ့ ဖြေလျှော့မှုတချို့ တွေ့လာရတယ်။ တချိန်က စာပေကင်ပေတိုင်လို့ စာနယ်ဇင်းသမားတွေ မြည်တွန်ကင်ပွန်းတပ်ခဲ့တဲ့ မလိုလားအပ်တဲ့အဖွဲ့လည်း ရုတ်သိမ်းသွားတယ်။ ဒါပေမယ့် Self Sensorship မိမိဖာသာ ထိမ်းချုပ်တည်းဖြတ်ရတဲ့ တာဝန်ယူရဲမှုကိုတော့ ကြုံလာရပါတယ်။ ဒါကလည်း ကျင့်ဝတ်တစ်ပါးမို့ ယူသင့်လိုက်နာသင့်တဲ့ တာဝန်ပါ။ ဒီကနေ့ စာနယ်ဇင်းလောကဆိုတာက ငါးပွက်ရာ ငါးစာသူ အများအပြားမို့ အရည်အသွေး၊ စံချိန်မမီတာတွေလည်းရှိနေတာ မဆန်းသလိုပါပဲ။ အဆိုးဆုံးက ငွေရှိ၊ လုပ်ပိုင်ခွင့်အာဏာရှိနေသူတွေတချို့ရဲ့ မီဒီယာလောကအပေါ် လက်ဝါးကြီးအုပ်ထားလိုမှုပါ။ မြန်မာပြည်သူတွေအတွက် အတွေးအခေါ်နဲ့ အသိပညာတွေ သတင်းမှန်တွေပေးရမယ့်အစား မိမိတို့ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ စေတနာကွက်ကြားတွေပဲ မြင်တွေ့ရပါတယ်။ 


မီဒီယာအကျိုးမျှော်ကိုးလို့ဖြစ်စေ၊ မီဒီယာအပေါ် စေတနာပါပါနဲ့ မြှင့်တင် အားပေးလိုတဲ့စိတ်တွေတော့ ထင်ထင်းရှားရှား မမြင်ရပါဘူး။ တက်သာဆုတ်တာ သိုင်းကွက်နင်းနေတာပဲ မြင်ရပါတယ်။ တစ်ချိန်က အာဏာရှင်တွေနဲ့ ပုလင်းတူဗူးဆို့ မြိန်ရေရှက်ရေရှိခဲ့သူတွေက သူတို့ရဲ့ ရာဇဝတ်မှုတွေ၊ မတရားခြစားမှုတွေ၊ ခိုးဝှက်သိုလှောင်ထားမှုတွေကို မပေါ်လာအောင် ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ မီဒီယာတွေကို လက်ဦးမှုယူ မောင်ပိုင်စီးထားကြတယ်။ ခရိုနီတွေ ချယ်လှယ်နေတဲ့ ဒီကနေ့မီဒီယာလောကကို နတ်ဆိုးတွေ ကခုန်နေတဲ့ မီဒီယာလို့ပဲ အမည်ပေးရမလိုဖြစ်နေတယ်။ ဒါကလည်း ကိုယ်ကတိုက်ယူလို့ရတဲ့ လမ်းကြောင်းမဟုတ်ဘဲ သူတို့က ဖွင့်ပေး၊ ခင်းပေးတဲ့ နေရာလေးတခုပေါ်မှာ ရပ်တည်နေရတာမို့ ဒီလောက်တော့ ရှိမှာပဲလေ... ဆိုပြီးတော့ ရသေ့စိတ်ဖြေလိုက်ပါတယ်။ ဒါပေမယ့် ဘဝင်မကျ။ မနှစ်က နိုဝင်ဘာလကုန်ခါနီး ပြည်တွင်းစာနယ်ဇင်းသမားတချို့နဲ့ အော်စလိုမှာ တွေ့ဆုံခွင့်ရတယ်။ 

စာနယ်ဇင်းကောင်စီက ကိုဇော်သက်ထွေးက “ကျနော်တို့ရနေတာ Freedom (လွတ်လပ်မှု) မဟုတ်သေးပါဘူး၊ Liberalization (တင်းကျပ်မှုများဖြေလျှော့ ပျော့ပြောင်းလာသည့် အခြေအနေမျိုး) ပဲဖြစ်ပါတယ်။ မီဒီယာမှာလည်း ကျနော်တို့ရနေတာက ဆင်ဆာအဖွဲ့ဖျက်သိမ်းသွားပြီး လွတ်လပ်စွာ ထုတ်ဝေခွင့်၊ ပြောဆိုခွင့်တချို့ရနေပေမယ့် Freedom of expression (လွတ်လပ်စွာပြောဆိုခွင့်) ကို Law (ဥပဒေ) အရ ရထားတာမဟုတ်ဘဲနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေအရ Give and Take (အပေးအယူအရ) ရထားတာဖြစ်တယ်။ ဥပဒေအရ တရားဝင်ရရှိဖို့ လွှတ်တော်ကို တင်ထားပါတယ်။ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးပြီ၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့လုပ်ထားတယ်၊ ဒါကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးတဲ့အခါကျမှ ဥပဒေအရ အတည်ပြုပြီးတဲ့ Freedom of expression ကို ရမှာပါ။ ကျနော်တို့အားလုံး ကြမ်းတမ်းတဲ့ တော်လှန်ရေးကာလကို ဖြတ်သန်းပြီးတဲ့အခါ အခုသွားနေတာက Evolution (အဆင့်ဆင့် တဖြည်းဖြည်းချင်း ပြောင်းလဲမှု) နဲ့ ရွေ့နေတာ။ အခြေအနေက အခြေအတင်တွေ ပြောနေကြရတယ်။ ပြည်တွင်းမှာလည်း တကယ့်ကို ကသောင်းကနင်းပဲ” လို့ ပြောသွားပါတယ်။ သမ္မတ ဦးသိန်းစိန် သက်တမ်း ၃ နှစ်ဟာ ကိုးရိုးကားရား၊ ကသောင်းကနင်းနှစ်များလို့ ဆိုရမှာပါ။ 

အဲဒီလို ဘယ်ဥပဒေကမှ စာနယ်ဇင်းလောကအပေါ် တိတိကျကျနဲ့ ပြဌာန်းပြီး အကာအကွယ်မပေးနိုင်သေးတဲ့ အကွက်ရှာ အချိန်ဆွဲ စပ်ကူးမတ်ကူးကာလမျိုးမှာ သူရိယနေဝန်းရဲ့ မျက်ကန်းတစ္ဆေမကြောက် ရင်ဘတ်ဖွင့်ပြီးတိုက်နေတဲ့ လုပ်ရပ်ကိုတော့ အရမ်းကာရော လက်ခုပ်လက်ဝါးမတီးချင်တောင် သတိထားပြီး မျှော်လင့်ချက်ထားနေမိတာတော့ အမှန်ပါ။ တချိန်က စစ်အာဏာရှင်တွေ သောင်းကျန်းနေတဲ့အချိန် ပြည်သူပိုင် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေကိုတောင် စစ်ဝါဒဖြန့်လက်နက်လိုသုံးပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖေတော့ မောင်တော့ သဘောမျိုး ဆဲရေးတိုင်းထွာတဲ့အထိ လုပ်ရက်တာပဲလေ၊ မြက်ခင်းသစ်လို မဂ္ဂဇင်း (ဒီမိုတွေက နွားစားကျက်လို့ နာမည်ပေးတယ်) တွေရော၊ ရုပ်ရှင် ဗွီဒီယိုတွေကရော ဒီမိုကရေစီ အရေးတော်ပုံကို သေးသိမ်အောင် ဝါဒဖြန့်ပြီး စာနယ်ဇင်းလောကကြီးကို လိုသလိုပုံဖျက်ခဲ့ကြတာပဲဆိုတော့ ဒီကနေ့ သူရိယနေဝန်း ပြောတာလောက်က အကင်းလေးပါ။ 

သူရဲဘောကြောင်သူ၊ အခွင့်အရေးရှာသူတွေထူပြောတဲ့ ခေတ်ပျက်ကြီးမှာ သူရိကနေဝန်းကို ဒီကနေ့အချိန် လူကြိုက်များတာ သဘာဝကျပါတယ်။ ခရိုနီတွေကို ဗြောင်ဖွင့်ချတိုက်ခဲ့တဲ့ မနှစ်က အောက်တိုဘာလ နောက်ဆုံးပတ်ထဲမှာပဲ ကိုမိုးဟိန်းတို့ရဲ့ အယူအဆမတူတဲ့ ရှယ်ရာ အကွဲအပြဲသတင်းတွေ ထွက်လာပါတယ်။ သိပ်မကြာဘူး ၈၈ နိုင်ငံရေးမျိုးဆက် တောခို၊ ထောင်ထွက်၊ နိုင်ငံခြားပြန် နိုင်ငံရေးအုပ်စုတွေနဲ့ ဝိုင်းဖွဲ့ပြီး သူရိယနေဝန်းနာမည်နဲ့ ဂျာနယ်သစ်ဟာ မြန်မာ့စာနယ်ဇင်းလောကမှာ ချွန်ပြီးထွက်လာပါတယ်။ သိပ်ပြီး နာမည်ကောင်း ကျင့်ဝတ်ကောင်းတွေနဲ့ချည်းတော့ မဟုတ်ပါဘူး။ လက်ဘက်ရည်ဆိုင်မှာ ပေါက်ကရထိုင်ပြောတဲ့ အတင်းအဖျင်း သတင်းဆန်ဆန်တွေပဲလို့ ကြိုဆိုဝေဖန်သံတွေနဲ့ပါ။ တကယ်လည်း ဒီဂျာနယ်က အဲလို အတင်းအဖျင်းဆန်ဆန် အရေးအသားတွေ မြင်ရပါတယ်။ ဦးတေဇကတောင် ဒီဂျာနယ်ကို တရားစွဲမယ် ဘာညာ ပြောခဲ့သေးတယ်၊ သူကိုယ်တိုင်ကရော တချိန်က တရားဥပဒေအတိုင်း နည်းလမ်းမှန်မှန် စီးပွားရှာခဲ့သူမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ချင်စရာပါ။ 

အဆိုးတိုင်းမှာ အကောင်းပါ၊ အကောင်းတိုင်းမှာ အဆိုးရှိ ဆိုသလို သူရိယနေဝန်းမှာ အရာရာတိုင်း ဆိုးရွားနေတာတော့ မဟုတ်ပါဘူး။ သေချာတိကျတဲ့ သတင်းအရင်းအမြစ်နဲ့ အချက်အလက်ကျကျဖော်ပြမှု အားနည်းနေတာပါ။ ပြီးတော့ သေသေချာချာ Investigation (စုံစမ်းလေ့လာစစ်ဆေးမှု) လုပ်ထားတာမျိုးမဟုတ်ဘဲ အပေါ်ယံ ဖော်ထုတ်မှုတွေသာ ဖြစ်တယ်။ သူရိယထက် ပိုမိုသိထားတဲ့ သတင်းသမားတွေက မပြောရဲ၊ မဖော်ပြရဲတော့ မျက်ကန်းတွေကြား တဖက်ကန်းသူက ဗိုလ်ဖြစ်လာသလိုပေါ့။ အယ်ဒီတာ ကိုမိုးဟိန်းတို့ရဲ့ ကိုယ်သိသလောက် ပြန်ပြောရဲတဲ့ သတ္တိကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒီထက်ကောင်းမွန်တဲ့လမ်းကြောင်းကို လျှောက်စေချင်လို့ပါ...။ အဲဒါကတော့ ဒီကနေ့ သူရိယနေဝန်း ရွေးချယ်တဲ့လမ်းကြောင်းဖြစ်တဲ့ Investigative ကျကျနနနဲ့ စနစ်တကျ တည်ဆောက်ဖို့ပါ။ ပြောရတာလွယ်ပေမယ့် လက်တွေ့လုပ်ရတာ ခက်မှန်း၊ အန္တရာယ်နီးမှန်းလည်း သဘောပေါက်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ၊ သုသေသနတွေ၊ သတင်းအရင်းအမြစ်နဲ့ Investigator လို့ခေါ်တဲ့ အလွတ်စုံထောက်၊ အတွင်းလူတွေလိုမှာဖြစ်သလို ဌာနဆိုင်ရာဝန်ထမ်းတွေလို လူအရင်းအမြစ်၊ ငွေအရင်းအမြစ်လည်း လိုအပ်မှာ သေချာပါတယ်။ ပိုဆိုးတာက အသက်အန္တရာယ်နဲ့ အာဏာပိုင်အစိုးရတွေ၊ ခရိုနီတွေရဲ့ ငြိုငြင်မှုနဲ့ တုံ့ပြန်ချက်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ အိန္ဒိယမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဥပမာပေးပြီး ခွန်အားပါပေးလိုပါတယ်။ 

လွန်ခဲ့တဲ့ မတ်လ ၁၄ ရက် ၂၀၀၁ ခနှစ်မှာ အိန္ဒိယအခြေစိုက် သတင်းစာတွေနဲ့ ရေဒီယို၊ ရုပ်မြင်သံကြား၊ မီဒီယာတွေကနေ အစိုးရဝန်ကြီးတွေ အရာရှိတွေရဲ့ ခြစား လာဘ်စားမှုတွေကို တခုပြီးတခု၊ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် အထောက်အထားတွေနဲ့တကွ ဖွင့်ချလိုက်တဲ့သတင်းတွေကြောင့် အိန္ဒိယ တနိုင်ငံလုံးသာမက တကမ္ဘာလုံး အုပ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ သတင်းတွေထဲမှာ အာဏာရပါတီ ဥက္ကဋ္ဌ နဲ့ ဝန်ကြီးဌာနတွေရဲ့ ခြစားမှုတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မှောင်ခိုဈေးကွက်ကနေ လက်နက်ဝယ်ယူ ရောင်းချမှု၊ ခရစ်ကက် အားကစားလောကရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ ပညာရေး၊ ကျန်းမာရေးနယ်ပယ်က လာဘ်ပေးလာဘ်ယူမှုတွေကို တိတ်တဆိတ် ခိုးရိုက်ထားတဲ့ ကင်မရာနဲ့ ရုပ်သံတွေအသုံးပြုပြီး သက်သေပြဖော်ထုတ်ခဲ့တာပါ။ ဥပမာ Bharatiya Janta Party (BJP) က ဥက္ကဋ္ဌ Bangaru Laxman ကို နှစ်သစ်ကူး အသေးသုံးလက်ဆောင်အဖြစ် ရူပီး တစ်သိန်းခွဲ (ဒေါ်လာ၂၄၀၀) ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတချို့ဆီအတွက် ဒေါ်လာ ၁၆၀ နဲ့ ဒေါ်လာ ၉၆၀၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဂျော့ဖာနန်ဒေ့ခ်ျ ရဲ့ပါတီဖြစ်တဲ့ Samata ပါတီ ဥက္ကဋ္ဌ Jaya Jaitley ဆီတွေ့ပြီး ရူပီး ၃ သိန်း (အမေရိကန်ဒေါ်လာ ၄၈၀၀) စသဖြင့်... စသဖြင့် ပေးခဲ့တယ်။ 

သူတို့ရဲ့စစ်ဆင်ရေးကို Operation West End လို့နာမည်ပေးခဲ့တဲ့ တဟီလ်ကာ သတင်းဌာနက အထူးသတင်းထောက် ၂ ယောက်ကတော့ မက်သရူးစံမြူးလ် (Mathew Samuel) နဲ့ အနုရုဓ္ဒဘဟာလ် (Aniruddha Bahal) တို့ဖြစ်ပါတယ်။ သူတို့ရဲ့စီမံကိန်းကို ၂၀၀၀ ခုနှစ်ကတည်းက စခဲ့တယ်။ တည်ကြက်အဖြစ်အသုံးပြုဖို့ လာဘ်ငွေအတွက် အိန္ဒိယ ရူပီးငွေ ၁၅ သိန်း (အမေရိကန်ဒေါ်လာ ၂၄၀၀၀) ရင်းနှီးခဲ့တယ်။ ဒါတောင် ဒီထက်ငွေများများ ရင်းနှီးနိုင်ရင် ဒီထက်ပိုပြီး အမှုမှန်တွေ ဖော်ထုတ်နိုင်မယ်လို့ သက္ကရာဇ် ၂၀၀၀ ပြည့်မှာ Tehelka အွန်လိုင်း သတင်းဌာန ဝက်ပ်ဆိုဒ်ကို စတင်ထူထောင်ခဲ့တဲ့ Tarun Tejpal က ပြောပါတယ်။ သူတို့အဖွဲ့ဟာ NDA (အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ - အိန္ဒိယအစိုးရ) ထဲက ထိတ်တန်း နိုင်ငံရေးသမားတွေကို တွေ့ခဲ့သလို ၂၀၀၁ ကစလို့ Operation West End ဆိုပြီး အိန္ဒိယ နိုင်ငံရေးပါတီ၊ စစ်တပ်၊ အားကစား၊ ပညာရေး၊ စီးပွားရေး နယ်ပယ်အသီးသီးထဲ ဝင်ရောက် စုံစမ်းဖော်ထုတ်မှုတွေလုပ်ခဲ့တယ်။ နိုင်ငံရေးပါတီအကြီးအကဲတွေ၊ စစ်ဘက် အရပ်ဘက်၊ ခေါင်းဆောင်တွေကို လျှို့ဝှက် တွေ့ဆုံဆွေးနွေးပြီး လာဘ်ပေးမှုတွေပြုလုပ် မှတ်တမ်းတင်ခဲ့တယ်။ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တိတ်တဆိတ်တွေ့ပြီး လက်နက်ပွဲစား (အတု) လုပ်ခဲ့တယ်။ သူတို့ကိုယ်သူတို့ လန်ဒန်က West End လို့ လူသိများတဲ့ Regent Street မှ ကုမ္ပဏီပိုင်ရှင်တွေလို ပိပိရိရိ ဟန်ဆောင်ခဲ့တယ်။ 

ဒီလိုလေ့လာစုံစမ်း ဖော်ထုတ်မှုတွေကြောင့် အစိုးရဟာ အထူးတရားစီရင်ရေးရေးနဲ့ စုံစမ်းစစ်ဆေးဖို့ တရားရေးဝန်ထမ်းတွေပါတဲ့ အထူးအဖွဲ့တဖွဲ့ ဖွဲ့လိုက်တယ်။ ပါဝင်ပတ်သက်သူတွေ၊ နီးစပ်သူတွေကို ဆင့်ခေါ်ပြီး စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ရတယ်။ အကျိုးဆက်တွေကတော့ အာဏာရ အစိုးရရဲ့ BJP ပါတီဥက္ကဋ္ဌ Laxman အပါအဝင် ဝါရင့်နိုင်ငံရေးသမားကြီး ၅ ဦး နောက်တနေ့မှာပဲ ရာထူးကနှုတ်ထွက်သွားကြတယ်။ အာဏာရပါတီ အင်အားချိနဲ့သွားတယ်။ ကာကွယ်ရေးဝန်ကြီးလည်း ရာထူးကနှုတ်ထွက်ဖို့ ဖိအားပေးခံရတယ်။ ကိုယ့်ဘက်ကလည်း တုံ့ပြန်ခံရတာတွေရှိပါတယ်။ အစိုးရဘက်က ပြန်လှန် တရားစွဲတာ၊ အစိုးရသြဇာခံမီဒီယာတွေက ရှုတ်ချပြစ်တင်တာ၊ ဝေဖန်တာတွေလည်း ခံရပါတယ်။ 

ဘယ်လိုပဲဖြစ်စေ သူတို့သတင်းဌာန အောင်မြင်ကျော်ကြားမှုတွေရခဲ့ပြီး တဟီလ်ကာ အွန်လိုင်းသတင်းဌာနကလည်း ၂၀၀၄ မှာ သတင်းစာနဲ့ ၂၀၀၇ မှာ ဂျာနယ်ထုတ်ဝေတဲ့အထိ အရှိန်သြဇာကြီးသွားတယ်။ ဆုလဒ်တွေလည်း ရခဲ့တယ်။ ဥပမာ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာကျော် ဂါးဒီးယန်း သတင်းစာတိုက်က တီဟီလ်ကာ သတင်းအဖွဲ့ကို အိန္ဒိယ ထိပ်တန်းသတင်းဆုတွေပေးခဲ့သလို ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ တွေမှာလည်း အိန္ဒိယရဲ့ သတင်းမီဒီယာဆိုင်ရာ ထိပ်တန်းအဖွဲ့အစည်းတွေရဲ့ ဆုချီးမြှင့်မှုတွေ ခံခဲ့ရတယ်။ ဒီကနေ့အထိလည်း ခြစားမှု၊ အုပ်စုဖွဲ့ မုဒိန်းကျင့်မှု၊ လူသတ်မှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားနယ်ပယ်က အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ အကျင့်ပျက် ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေကို အစဉ်တစိုက် ဖော်ထုတ်ပေးနေပါတယ်။ (စိတ်ဝင်စားသူတွေ www.tehelka.com ကို သွားရောက် လေ့လာနိုင်ပါတယ်) 

ဆိုလိုတာက ကျနော်တို့နိုင်ငံမှာ အင်ဗက်စ်တီဂိတ်လုပ်ပြီး စနစ်တကျ အထောက်အထားခိုင်ခိုင်နဲ့ စုံစမ်း ဖော်ထုတ်ရေးသားတဲ့ သတင်းသမားတွေ၊ သတင်းစာတွေ များများပေါ်လာဖို့ လိုတယ်။ ဒါမျိုးတွေဟာ အသွင်ကူးပြောင်းစ နိုင်ငံတိုင်း အာရှနဲ့ အာဖရိက၊ အရှေ့ဥရောပ နိုင်ငံတွေမှာပါ ဖြစ်ပေါ်နေကျပါ။ မြန်မာပြည်ကျမှ သတင်းသမားတွေ အကြောက်ကြီးပြီး ရွာလွန်ရွက်တိုက်နေလို့ မဖြစ်ပါ။ တချိန်က ကျနော်တို့တတွေ ပြည်ပရေဒီယိုတွေကနေ အထဲက သတင်းစာဆရာကြီးတွေ၊ ဂျာနယ်၊ မဂ္ဂဇင်းသမားတွေ၊ စာရေးဆရာ၊ ဆရာမတွေနဲ့ ချိတ်ဆက်ပြီး မြန်မာ့မီဒီယာလောက ပိုမိုပွင့်လင်းလာစေဖို့ နဲ့ သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ 

ပြီးတော့ စစ်အစိုးရရဲ့ ခြစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုနဲ့ စစ်ဆင်ရေးတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အခက်အခဲတွေ အမျိုးမျိုးကြားက ဖော်ထုတ် သတင်းလွှင့်ခဲ့တယ်။ တခါတလေ လေလှိုင်းမှာ ၃ မိနစ်လောက်သာကြာမယ့် သတင်းတပုဒ်ကို ခိုင်ခိုင်လုံလုံ ရေးသား အသံလွှင်နိုင်ဖို့ လနဲ့ချီ စုံစမ်းဖော်ထုတ်ခဲ့ရတယ်။ မှတ်မိသလောက် စာနယ်ဇင်းလောက ဖိနှိပ်မှုများနဲ့ ဆင်ဆာဘုတ်ရဲ့ ခြစားမှု၊ မူဆယ်နယ်ခြားဂိတ် ခြစားမှု၊ တပ်မတော်သားများရဲ့ လက်နက်နဲ့ကျည်ဆန် တဖက်နိုင်ငံသူပုန်တွေဆီ မှောင်ခိုရောင်းဝယ်မှု၊ နေပြည်တော်မြို့တော်သစ်စီမံကန်း၊ ဘဝသစ်စီမံကိန်းခေါ် ကဘော်ဒေသ ရဲဘက် အကျဉ်းစခန်း အခြေအနေမှန်၊ ဒီပဲယင်းလုပ်ကြံမှု၊ စတဲ့... စတဲ့ သတင်းတွေဟာ ကျနော့်အဖို့ သီတင်းပတ်ပေါင်းများစွာ အချိန်ကုန်ခံ ငွေကုန်ခံပြီး ဆက်သွယ်စုံစမ်းပြီး မျက်မြင်တွေ၊ အတွင်းလူတွေ ပြောဆိုချက်များနဲ့အတူ ဖော်ထုတ် အသံလွှင့်ခဲ့ရတာပါ။ 

ဒါပေမယ့် ဒီကနေ့ ပြည်တွင်းထဲ ကိုယ်တိုင်ကိုယ်ကျ သွားလာလှုပ်ရှားပြီး သတင်းယူနေတဲ့ ရေဒီယိုသတင်းဌာနတွေဟာ ဟိုတချိန်ကလို စုံစမ်းလေ့လာ အချိန်ယူပြီး ဖော်ထုတ်ရတဲ့ သတင်းတွေမျိုးတွေ အသံလွှင့်တာ သိပ်မတွေ့ရပါ။ အစိုးရအာဏာပိုင်တွေ လုပ်ပိုင်ခွင့်မပေးမှာကို ကြောက်ရွံ့နေပါတယ်။ တချိန်က ပြည်ပကနေ တယ်လီဖုန်းနဲ့ ဆက်သွယ် သတင်းယူတာကမှ အလုပ်ဖြစ်နေပြီး အထဲရောက်တော့ ချာတူးလန်ကုန်တယ်လို့ လုပ်ဖော်ကိုင်ဖက် ရေဒီယို သတင်း အယ်ဒီတာတယောက်က ပြန်ညည်းပြတယ်။ ပြည်ပအခြေစိုက်တဲ့ သတင်းဌာနတောင် အဲ့ဒီလောက် ပူပန်စိုးရိမ်နေမှတော့ ပြည်တွင်းအခြေစိုက် သတင်းဌာနတွေကြောက်လန့်တာကို အပြစ်တင်ရမှာတောင် အားနာရတော့မလိုလိုပါ။ 

ဟိုတုန်းက ပြည်တွင်းကို သတင်းထောက်တွေမွေးပြီး တိတ်တဆိတ် စပိုင် ကင်မရာအသေးစားလေးတွေ (ဦးထုတ်၊ ကြယ်သီး၊ နာရီ ပုံစံ ကင်မရာများ) နဲ့ သတင်းတွေ သက်စွန့်ဆံဖျား ခဲရာခဲဆစ် ဖော်ထုတ်ကြပေမယ့် ဒီကနေ့မှာ အသုံးမပြုတော့လို့ စပိုင် ကင်မရာတွေ ဖုံတက်နေပါပြီလို့ပြောတဲ့ သတင်းထောက်လည်း ရှိပါတယ်။ အနေချောင်မယ့်သတင်းတွေနဲ့ တင်းတိမ်နေကြတယ်။ အင်းယားမြိုင် ၅ လောင်းပြိုင် သတ်ဖြတ်မှု၊ နေပြည်တော် အတွင်းရေး၊ လက်ပံတောင်း ပရောဂျက်၊ မြစ်ဆုံပရောဂျက်၊ ရခိုင်ဓာတ်ငွေ့၊ ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပြည်တွင်း ပြည်ပအရင်းအနှီး စတဲ့ ထင်သာမြင်သာရှိနေတဲ့ သတင်းတွေတောင် သေသေချာချာ မလိုက်တော့ပါဘူး။ ပိုဆိုးတာက သတင်းဌာနတွေဘက်ကလည်း တိတ်တဆိတ် သတင်းနှိုက်ယူတာ၊ စပိုင် ကင်မရာသုံး သတင်းဖော်ထုတ်တာက (အန္တရာယ်ရှိတာ၊ မရှိတာ အသာထား) ဒီလုပ်ရပ်ဟာ သတင်းကျင့်ဝတ်နဲ့ မလျှော်ညီပါဘူးလို့ ကိုယ်ကျိုးကွယ်ကာ ဆင်ခြင်မျိုးတွေပေးလာတာမျိုးပါ။ ပြည်သူပိုင်ပစ္စည်း ခိုးဝှက်စားသုံးပြီး ဗိုလ်ကျမိုက်မဲနေသူတွေအတွက် အကာအကွယ် ဆင်ခြေတစ်ခုပေါ့။ သူခိုးဓားရိုးကမ်း အတွေးအခေါ်ပါ။ 

ဥပဒေကို လိုသလို အသုံးချပြီး တရားမျှတမှုမရှိတဲ့နိုင်ငံမှာ မြန်မာ့သတင်းလောကကြီးဟာ ရှေ့တန်းရောက်သင့်သလောက် မရောက်လာနိုင်ဘူး။ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲလို့ မေးခွန်းပြန်ထုတ်ခံရမယ့် အခြေအနေ။ သတင်းဌာနအများစုမှာ အယ်ဒီတာတွေက လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိဘဲ CEO တွေ၊ ညွှန်ကြားရေးမှုးတွေရဲ့ သြဇာအာဏာနဲ့ သတင်းရေးသားပုံနှိပ် ထုတ်လွှင့်နေတာပါ။ သတင်းအရည်အသွေးထက် သတင်းဖောင်ပြည့်ဖို့၊ အကျိုးစီးပွားမထိပါးဖို့၊ ပြဿနာမတက်ဖို့ကို ဦးစားပေးနေရတယ်။ အာဏာရှင်၊ အာဏာကိုင်တွေ မျက်နှာမော့ကြည့်နေရရှာတယ်။ ဒီကြားထဲ အခုရက်ပိုင်းလေးတင် ရခိုင်ပြည်နယ် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အေပီသတင်းဌာနက သတင်းမှားပေးတယ်ဆိုပြီး အစိုးရပြန်ကြားရေးဌာန သတင်းစာရှင်းပွဲမှာ အေပီသတင်းဌာနကို တက်ရောက် သတင်းယူခွင့် မပြုပါဘူး။ ဒါဟာ သေးနှုတ်တဲ့ အစိုးရမူဝါဒကို ထင်ထင်ရှားရှား ပြသလိုက်သလို ကျန်သတင်းဌာနတွေကိုလည်း ငါတို့အကြောင်း မကောင်းရေးရင် အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။ တကယ်တော့ သတင်းထောက်ဆိုတာ သူတော်စဉ်လို ရိုးသားဖြောင့်မတ်ရမှာဖြစ်သလို စုံထောက်တယောက်လိုလည်း ပရိယာယ်သုံး လျှို့ဝှက်ထောက်လှမ်းရတာမျိုးပါ။ 

သူရိယနေဝန်းအကြောင်း ပြန်ဆက်ချင်ပါတယ်။ အများပြည်သူ အဖတ်များတယ်၊ စောင်ရေ တိုးတယ်၊ နာမည်ကြီးတယ်ဆိုပြီး သာယာစိတ်နဲ့ ဒီအတိုင်းကျေနပ် မျောပါမသွားစေချင်ပါ။ ခရိုနီ ဦးတေဇနဲ့ ခရိုနီတချို့ကို တိတိကျကျ၊ သက်သေအထောက်အထားနဲ့တကွ ပြနိုင်အောင် ဝီရိယစိုက်စေချင်ပါတယ်။ ပြီးတော့ ဦးတေဇ တယောက်တည်း မဟုတ်ပါ။ ဒီကနေ့ တိုင်းပြည်ခေါင်းဆောင်လုပ်နေတဲ့ သမ္မတကြီး ဦးသိန်းစိန် အပါအဝင်၊ လွှတ်တော်အာဏာကိုင် ဦးရွှေမန်းနဲ့ စစ်ဗိုလ်ချုပ်အဟောင်း အသစ်တွေရဲ့ သတင်းတွေပါ ကြိုးစားဖော်ထုတ်သင့်ပါတယ်။ သူရိယနေဝန်း အပါအဝင် သတင်းဂျာနယ်တိုင်းဟာ တစ်ပတ်ပြီးတစ်ပတ် အကြောင်းအရာတွေထပ်နေပြီး အစောပိုင်းက ကျနော်တင်ပြခဲ့တဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ အစိုးရနဲ့ ဦးပိုင်ကုမ္ပဏီအပါအဝင် အဖွဲ့အစည်းတွေရဲ့ ပရောဂျက်တွေ၊ ဘာသာရေးလှုံ့ဆော်မှုနောက်ကွယ်က အခြေအနေတွေ စသဖြင့် စုံစမ်းဖော်ထုတ်နိုင်ဖို့ လိုပါတယ်။ 

ချက်ချင်းလက်ငင်းဖြစ်လာဖို့ လွယ်ကူတာမျိုးမဟုတ်တာကို သဘောပေါက်ပါတယ်။ အိန္ဒိယက တီဟီလ်ကာ သတင်းဌာနကတောင် လပေါင်းအတန်ကြာ အချက်အလက်တွေ စုဆောင်း၊ သုသေသနလုပ်၊ စုံစမ်း စစ်ဆေး အတည်ပြုပြီးမှ တခုချင်းစီ ထုတ်ဖော်ကြတာပါ။ နောက်တစ်ခုက မိမိတို့ဂျာနယ်ကို လူပြိန်းကြိုက်အဆင့်ကနေ တဖြည်းဖြည်းချင်း မြှင့်တင်သွားဖို့ လိုပါတယ်။ သြဇာရှိတဲ့ စာကောင်းတွေ၊ သတင်းစာဆရာကြီးတွေရဲ့စာတွေ အသုံးပြုနိုင်ဖို့ လိုပါတယ်။ အဝါရောင် ဂျာနယ်ကနေ ဂုဏ်သိက္ခာရှိတဲ့ တန်ဖိုးကြီးတဲ့ စာတွေဖော်ပြနိုင်တဲ့ ဂျာနယ်ဘဝရောက်အောင် အဆင့်မြှင့်ရပါ့မယ်။ အခုလည်း ဆရာကြီး ဦးဝင်းတင်စာတွေကို တွေ့ရပါတယ်။ တခြား အပြုသဘောနဲ့ ရေးသားတဲ့ ဆောင်းပါးတွေလည်း ဖိတ်ခေါ်သင့်ပါတယ်။ စက္ကူတွေ အလဟဿ မဖြုန်းသင့်ပါဘူး။ ဒီအတိုင်းဆက်သွားရင် မကြာခင်မှာပဲ အဝါရောင်ကနေ မဲပြာပုဆိုးရောင် ဖြစ်သွားပါလိမ့်မယ်။ အရေမရ အဖတ်မရစာတွေနဲ့ ရိုးအီသွားလိမ့်မယ်။ သတင်းတန်ဖိုးကင်းမဲ့တဲ့၊ သိမ်းထားချင်စရာ မကောင်းတဲ့ အိမ်သာစက္ကူလောက်တောင် သုံးမရတဲ့ ဂျာနယ်ဘဝရောက်ပြီး ဇီဝိန်ချုပ်သွားမှာပါ။ 

ဒီတော့ သူရိယနေဝန်းမှ မဟုတ်ဘူး၊ ဂျာနယ်သမားတိုင်း သတင်းစာသမားတိုင်း တိုင်းပြည်ရဲ့ လိုအပ်နေတာကို ဖြည့်ပေးသင့်ပါတယ်။ ပြည်သူတွေဘက်က သစ္စာရှိရှိ ရပ်တည်သင့်ပါတယ်။ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုတွေကို စုံစမ်းဖော်ထုတ်ရမှာ သတင်းသမားတွေ မဖြစ်မနေလုပ်ရမယ့် အလုပ်ဖြစ်တယ်။ လက်နက်ကိုင် အာဏာရှင်တွေရဲ့ Mind-set ပုံသေ အတွေးအခေါ်က အကြောက်တရားနဲ့ အကာအကွယ်ယူတတ်ကြတယ်။ ကိုယ့်အင်အားကြီးအောင် လုပ်တတ်တယ်၊ မိမိစိတ်လုံခြုံမှုကို ဖန်တီးတတ်တယ်။ ကိုယ့်ထက်အင်အားကြီးရင် စိုးရိမ်ကြောက်ရွံ့တတ်တယ်။ မဟာမိတ်ဖွဲ့တတ်တယ်။ ကိုယ့်အပေါ်အာခံရင်လည်း စိုးရိမ်ကြောက်ရွံ့တယ်။ မိမိအားနည်းချက်ကို သိသွားပြီးဆို တုန်လှုပ်တတ်တယ်။ 

ဒါဆို သူ့ဘက်က ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ချင်ရင် တုံ့ပြန်မယ်၊ မတုံ့ပြန်ရဲရင် ညှိနှိုင်းလာလိမ့်မယ်၊ အပေးအယူလုပ်လိမ့်မယ်။ ဒီနှစ်လမ်းပဲ လုပ်တတ်ပါတယ်။ သူတို့မှာ အုပ်ချုပ်ခံ ပြည်သူ့မျက်နှာဆိုတာ မရှိဘူး၊ ကိုယ့်တန်ခိုးထွားအောင် လုပ်မယ်၊ ဆန့်ကျင်သူနဲ့ယှဉ်ပြိုင်မယ်။ ဒါမှမဟုတ် အပေးအယူလုပ်မယ်။ ဒီကနေ့ အချိန်ကာလဟာ အာဏာရှင်တွေဘက်က ဟိုအရင်ကလို လက်လွတ်စပယ် မထိမတို့ရဲတဲ့ အချိန်ပါ။ နိုင်ငံတကာ မျက်စေ့အောက်ကို ရောက်နေပါတယ်။ အာပတ်လွတ်ပဲ လုပ်ရဲမှာပါ။ ဒါဟာ ရန်သူရဲ့အားနည်းချက် မိမိရဲ့အခွင့်အရေးလို့ ခံယူထားသင့်တယ်။ ကိုယ့်ဘက်က တရားမျှတတဲ့ အခွင့်အရေးကိုကိုင်ပြီး မိမိလုပ်ပိုင်ခွင့်နယ်ပယ် ချဲ့ထွင်ယူရမှာဖြစ်ပါတယ်။ ဒါဟာ စတုတ္ထမဏ္ဍိုင်တည့်မတ်ဖို့ လမ်းစလည်းဖြစ်တယ်။ အာဏာရှင်တွေက အကျင့်ဟောင်းနဲ့ အရိုးစွဲနေသလို ကိုယ့်ဘက်ကလည်း နဂိုအတိုင်း အပိုးကျိုးမနေဖို့လည်း လိုပါတယ်။

အောင်ပွဲဆိုတာ စိုးရိမ်ထိတ်လန့်နေသူတွေ၊ ခေါင်းငုံ့ခံနေသူတွေအတွက် မဟုတ်ပါ။ ကျနော်တို့ရှေ့က ဂျာနယ်လစ်စ် ဆရာကြီးတွေလည်း ကိုယ့်နယ်ပယ်ကို ကိုယ်ကချဲ့ထွင်ပြီး ခိုင်အောင် အုတ်မြစ်ချခဲ့တာပါပဲ။ ကျနော်တို့ခေတ်ကျမှ အညံ့ခံအရှုံးပေးလို့ မဖြစ်နိုင်တော့ပါ...။ 

သတင်းထောက် ကိုညို 

 

No comments: