Showing posts with label စစ်အာဏာရှင်တို့ နေဝင်ချိန်. Show all posts
Showing posts with label စစ်အာဏာရှင်တို့ နေဝင်ချိန်. Show all posts

Monday, November 15, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန် (၅)

“အဲဒီအဖြစ်အပျက်က တကယ့်ကို အရေးကြီးပါတယ်။ အရင်တုန်းက ပီနိုရှေးကို ချီလီမှာ ခုံရုံးတင် တရားစွဲနိုင်လိမ့်မယ်လို့ ဘယ်သူမှ မမှန်းဆနိုင်ခဲ့ပါဘူး။ အင်္ဂလန်က ပြန်လာပြီး ၆ လအကြာမှာပဲ တရားစွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးကို အကြောင်းပြပြီး တရားခွင်ကိုမလာခဲ့တာတော့ သူလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကစပြီး သူ့ဇာတ်လမ်းက ပြီးသွားပါပြီ။ သူ နိုင်ငံရေးအရ သေသွားပါပြီ”

ပီနိုရှေးတယောက် ၂၀၀၆ ခုနှစ် သူ ကွယ်လွန်ချိန်အထိ တရားရုံးမှာ တရားရင်ဆိုင်ခဲ့ရပါတယ်။ အာဏာရှင်ရဲ့ ဇာတ်လမ်းကတော့ ပြီးခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူထားခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ အခုအထိ ပြောစရာတွေ အများအပြားပါ။ ၂၀၀၅ ခုနှစ်မှာတော့ အရေးကြီးတဲ့ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်ခဲ့ပြီးတော့ စစ်တပ်က လွှမ်းမိုးထားမှုတွေကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။ မစ္စတာ လူ့ကပ်စ်ဆီရာယာက …

“အတိုက်အခံက ဒီလွှတ်တော်သက်တမ်း ၃ ကြိမ်ဆက်တိုက် အနိုင်ရလာတော့မှ ၂၀၀၅ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အရေးကြီးတဲ့ ပြောင်းလဲမှုတွေကို လုပ်လာနိုင်ပါတယ်။ နိုင်ငံရေးအာဏာက စစ်တပ်ခေါင်းဆောင်တွေအပေါ်ကို လွှမ်းလာနိုင်တာ၊ အထက်လွှတ်တော်မှာ တိုက်ရိုက်ရွေးချယ်ခန့်အပ်တဲ့ အမတ်တွေကိစ္စပယ်ဖျက်နိုင်တာ စတဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေပါ”

အဲဒါဆိုရင်ဗျာ၊ အခုလောလောဆယ် ချီလီမှာရှိနေပြီဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဒီမိုကရေစီနိုင်ငံတခုမှာ ရှိသင့်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုလို့ ပြောနိုင်ပြီလားခင်ဗျ။

“ဟား … … အတော့်ကို မေးစရာကောင်းပြီးတော့ ဖြေရအင်မတန်ခက်တဲ့ မေးခွန်းပါ။ ဒီဖွဲ့စည်းပုံက ဒီမိုကရေစီနည်းလမ်းနဲ့ ပေါ်လာတာ မဟုတ်ပါဘူး။ တဖက်မှာလည်း ၁၉၉၀ နောက်ပိုင်းကစပြီးတော့ ပြင်ဆင်လာခဲ့တော့ တဖြည်းဖြည်းနဲ့ ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေဘက်ကို နီးလာတဲ့သဘော ရှိပါတယ်။ တကယ့်ဒီမိုကရက်တစ်ဖွဲ့စည်းပုံအဆင့်ကို ရောက်တဲ့အထိတော့ မဖြစ်သေးပါဘူး”

နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာ မာဆီးလာရီးရို့စ်ကတော့ ချီလီဖွဲ့စည်းပုံ ဥပဒေနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီနည်းကျ ရှိလာပြီလားဆိုတဲ့ အမေးကို အခုလိုအဖြေပေးပါတယ်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရက်တစ်နည်းလမ်းအရကော၊ တရားဝင်မှု ဘက်ကကြည့်ရင်ကော ဘာမှ မပြည့်စုံပါဘူး။ စစ်အစိုးရလက်အောက်မှာ ပြည်သူအများနှင့်မတိုင်ပင်ဘဲနဲ့ သူတို့သဘောအတိုင်း လုပ်ထားတဲ့ ဖွဲ့စည်းပုံက တရားမဝင်နည်းနဲ့ လုပ်ထားတာပဲလေ။ ဒီတော့ အစကတည်းကိုက တရားမဝင်ဖြစ်နေတာ ဒါပေမယ့် တကယ်တမ်း လက်တွေ့ကျကျ ပြောမယ်ဆိုရင် အခုအချိန်မှ ဒါတွေအားလုံး ပြန်လှန်ပစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ ဖွဲ့စည်းပုံဥပဒေမျိုးဟာ စပြီး အခြေခံအဆင့်မှာ စလုပ်ကတည်းက တရားနည်းလမ်းကျခဲ့ဖို့ အင်မတန်မှ အရေးကြီးပါတယ်”

သောတရှင်များခင်ဗျား … စစ်အာဏာရှင်တို့ ဒီမိုကရေစီကို ပယ်ဖျက်၊ ဖိနှိပ်မှုတွေ၊ အတင်းတည်ဆောက်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထပ်ဆင့်ထပ်ဆင့် အာဏာကိုကိုင်စွဲခဲ့တဲ့ ချီလီမှာ ချီလီပြည်သူတွေရဲ့တိုက်ပွဲတွေ၊ ကမ္ဘာ့ရေစီးကြောင်း အပြောင်းအလဲတွေရဲ့ တွန်းထိုးအားတွေနဲ့ ချီလီဟာ လွတ်မြောက်နေတဲ့နိုင်ငံတခု၊ သာယာနေတဲ့နိုင်ငံတခုအဖြစ် ပြန်လည် ဝင့်ထည်နေပါပြီခင်ဗျ။

စစ်အာဏာရှင်တို့ရဲ့နေဝင်ချိန် အစီအစဉ်မှာ ချီလီနိုင်ငံအကြောင်းကို ကိုရင်မောင် တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Friday, October 15, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန် (၄)

“စစ်အစိုးရအနေနဲ့ ဖိအားတွေ အများအပြားရှိနေပါပြီ။ ပြည်တွင်းက ဖိအားကော၊ ဒေသတွင်းက ဖိအားပါ ရှိနေတော့ သူတို့ အခုလိုပုံအတိုင်း ဆက်ရှင်သန်ဖို့ မလွယ်တဲ့အနေအထား ဖြစ်လာနေပါတယ်။ ဒေသတွင်းမှာ ဒီမိုကရက်တစ်နိုင်ငံတွေ ဖြစ်လာပြီဆိုတော့ အဲဒီကလာတဲ့ ဖိအားတွေက သဏ္ဍာန်သာဖြစ်တဲ့ ဖိအားတွေ မဟုတ်တော့ပါဘူး။ တကယ့်ဖိအားတွေ ဖြစ်လာပါတယ်”

အဲတော့ဒီမှာ သူတို့ကိုအရင်က နိုင်ငံရေးအရကော၊ စီးပွားရေးအရကော ထောက်ခံခဲ့တဲ့ အမေရိကန်ကလည်း ချီလီအစိုးရကို ဘယ်လိုသဘောထားလာပါသလဲ ခင်ဗျ။

“အမေရိကန်ဘက်ကလည်း ဒီမိုကရက်တွေအာဏာရတဲ့အချိန်မှာ စစ်အစိုးရတခုကို ထောက်ခံဖို့ အခြေအနေက ပိုခက်ခဲလာပါတယ်။ လူ့အခွင့်အရေးကိစ္စတွေက ရှေ့တန်းရောက်လာတယ်၊ ချီလီမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူတွေက ကျယ်ကျယ်ပြန့်ပြန့် သိနေကြပြီဆိုတော့ အမေရိကန်အစိုးရအနေနဲ့ ချီလီအစိုးရကို ထောက်ခံတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ခံတာပဲဆိုတာမျိုး မှတ်ယူလာကြတော့ အမေရိကန်တို့အနေနဲ့ ချီလီအစိုးရကို ဆက်မထောက်ခံကြတော့ပါဘူး”

ဒေါက်တာ မာဆီးလာရီးရို့စ် ပါ။ တခါ စစ်အစိုးရခေါင်းဆောင်ပိုင်းအတွင်းမှာလည်း ၁၉၈၈ လူထုဆန္ဒခံယူပွဲ ပြီးကတည်းက တသားတည်း မညီတော့အခြေအနေကို ဖြစ်လာတယ်လို့ သိရပါတယ်။

စစ်ဘက်အရပ်ဘက် ဆက်ဆံရေးဆိုင်ရာ လေ့လာသုံးသပ်သူ မစ္စတာ ဖီလီပီ အောကာရိုကို မေးကြည့်တော့ …

“ဟုတ်ပါတယ်။ ဒီအချိန်မှာတော့ သူတို့ကြားထဲမှာ အပြင်ကမြင်နေကြသလိုမျိုး တသားတည်းဆိုတဲ့ ညီညွတ်မှုမျိုး မရှိတော့ပါဘူး။ ပီနိုးရှေးနဲ့ထပ်တူ အတူရှိနေတယ်ဆိုတာထက် ဖွဲ့စည်းပုံကိုဆက်ထိမ်းသွားမယ်ဆိုတာမျိုးနဲ့ သူတို့အတွက် ရေရှည်မှာ ဘာတွေကြုံလာရနိုင်တဲ့အပေါ်မှာ စဉ်းစားလာတာမျိုးကို ပိုလုပ်လာကြပါတယ်။

ဒါ့အပြင် လူထုဆန္ဒခံယူပွဲ မတိုင်မီကကိုပဲ စစ်အုပ်စုဝင်တွေကြားမှာ သဘောတူညီမှုတခုကို လုပ်ခဲ့ရပါတယ်။ အဲဒါကဘာလဲဆိုတော့ တခုခုကို ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် ထောက်ခံသူ အနည်းအများကိုမကြည့်ဘဲ အားလုံးသဘောတူအောင် ညှိနှိုင်းပြီး ဆုံးဖြတ်ချက်ချတဲ့ ကွန်စန်းဆက်နည်းကို ပြောင်းသုံးလာပါတယ်။ ဒါက သူတို့ကြားထဲမှာ တဘောတည်းမရှိတော့ဘူးဆိုတာ ပြတာပါပဲ”

ဒီနေရာမှာ စစ်အစိုးရ၊ အတိုက်အခံနဲ့ လက်ယာပါတီတွေရဲ့ ကိုယ်စားလှယ်တွေကြား ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ဆွေးနွေးနိုင်ချက်တွေက ၁၉၈၀ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများအပြား ပြင်နိုင်ခဲ့တဲ့ အခြေအနေတော့ မရှိပါဘူး။ ဘာတွေရခဲ့တဲ့အထိတော့ ဖြစ်ခဲ့ပါသလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဥပဒေပညာရှင် မစ္စတာ လူးကပ်စ်ဆီရာယာက …

“အဲဒီညှိတဲ့လုပ်ငန်းစဉ်တွေကနေ ထွက်လာတဲ့ရလဒ်ကတော့ ဖွဲ့စည်းပုံကိုပြင်လို့ ပိုလွယ်လာမယ့် သဘောတူညီမှုတွေ ရလာတာပါ။ အရင် ၁၉၈၀ ဖွဲ့စည်းပုံအခြေခံဥပဒေက လုံးဝ မပြင်ဆင်လို့ရအောင် တကယ့်ကိုတင်းကျပ်ထားတာပါ။ ဒီ ၁၉၈၈ နဲ့ ၈၉ ကြားမှာ အဲဒီဖွဲ့စည်းပုံဥပဒေတွေထဲက ပြင်လို့မရအောင် သိပ်ကိုတင်းကျပ်ထားတဲ့အချက်တွေ လျော့လာတယ်။

လူ့အခွင့်အရေးတွေကို အာမခံတဲ့သဘောတူညီချက်တွေ ရလာတယ်။ နောက် ရှေ့အနာဂတ်မှာ အတိုက်အခံတို့ ပြင်ဆင်တာလွယ်ကူအောင် လုပ်ပေးတဲ့ပြင်ဆင်မှုတွေ အဲဒီအချိန်က သဘောတူညီမှုရကြဖို့အတွက် အရေးကြီးခဲ့ပါတယ်”

၁၉၈၉ ဒီဇင်ဘာမှာတော့ ရွေးကောက်ပွဲလုပ်ရပါပြီ။ အဲဒီ ၁၉၇၃ ကတည်းက မရှိလာခဲ့တဲ့ ရွေးကောက်ပွဲမှာ ကွန်စာတာဆီရွန် တပ်ပေါင်းစုက သမ္မတလောင်း တာထွစ်ဆီရိုဟယ်ဝင် တယောက် သမ္မတအဖြစ် အောင်ပွဲခံခဲ့ပါပြီ။

ချီလီမှာ လူ့အခွင့်အရေးတွေ ရလာတယ်။ မီဒီယာ လွတ်လပ်ခွင့်တွေ ရလာတယ်။ အရင်က ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အမှန်တရားဖော်ထုတ်ရေးကော်မရှင်ကို ဖွဲ့ပြီးတော့ စုံစမ်းလာနိုင်ပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံ ဥပဒေမှာ စစ်တပ်က လွှမ်းမိုးထားတာကို မဖျက်သိမ်းနိုင်သေးသလို ဗိုလ်ချုပ်ကြီး ပီနိုရှေးကလည်း ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ရှိနေဆဲပါပဲ။ ဒါပေမယ့် သူကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက အရေးယူမှုတခုလုပ်ဖို့ သူ့ကိုပေးမသိဘဲ စောင့်ဆိုင်းနေခဲ့ပါပြီ။

၁၉၉၈ သူ အင်္ဂလန်နိုင်ငံကို ဆေးကုအထွက်မှာတော့ စပိန်တရားသူကြီးကထုတ်တဲ့ ဖမ်းဝရမ်းနဲ့ အင်္ဂလန် ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးလိုက်ပါတော့တယ်။ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို လူ့အခွင့်အရေး လေးစားတဲ့ နိုင်ငံတွေက အရေးမယူဘဲ မနေသင့်ဘူးဆိုတဲ့ ခံယူချက် သဘောထားကိုကိုင်စွဲတဲ့ စပိန်တရားသူကြီးတယောက်က ပီနိုရှေးကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တရားစွဲဖို့ထုတ်လိုက်တဲ့ ဝရမ်းပါ။

ဒီအရေးကြောင့် အင်္ဂလန်မှာ သူ ထိန်းသိမ်းခံရပြီးတော့ ၂၀၀၀ ခုနှစ် မှာတော့ ချီလီနိုင်ငံကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ပီနိုရှေးတယောက် နောက်ဆုံးတော့ သူ မှန်းဆမထားတာတွေ ဖြစ်လာခဲ့ပါပြီ။

ဆက်လက်ဖော်ပြပါမယ်။

Saturday, September 11, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန် (၃)

ဒီလို ပီနိုရှေးကို လုပ်ကြံဖို့အထိ ကြိုးစားကြမှုက စစ်အစိုးကို အထိတ်တလန့် ဖြစ်သွားအောင် လုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အစိုးရဘက်က ဖိနှိပ်မှုတွေက တကျော့ပြန်လာပါတယ်။ ဒီတော့ အတိုက်အခံတို့ လှုပ်ရှားမှုတွေ ပြန်ငြိမ်ခဲ့ရသလို အတိုက်အခံတို့ကြားမှာလဲ ဘယ်လိုဗျူဟာနဲ့သွားရင် ကောင်းမလဲ ဆိုတဲ့ ငြင်းခုံမှုတွေက ဖြစ်လာပါတော့တယ်။

ဒီနေရာမှာ စစ်အစိုးရကလုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၈၈ မှာ လုပ်မယ့် လူထုဆန္ဒခံယူပွဲတခု ရှိနေပါတယ်။

အဲဒါကတော့ ၁၉၉၀ မှာ အရပ်သားအစိုးရပြောင်းရင် စစ်အစိုးရက အဆိုပြုတဲ့ သမ္မတလောင်းကို လက်ခံမခံ အဲဒီလူထုဆန္ဒခံယူပွဲမှာ လူထုက မဲဆန္ဒပေးရမှာ ဖြစ်ပါတယ်။ လက်ခံရင် အဲဒီသမ္မတက နောက်ထပ် ၈ နှစ် အာဏာယူသွားနိုင်မှာ ဖြစ်ပါတယ်။

စစ်အစိုးရက အဆိုပြုလာမယ့် သမ္မတလောင်းဆိုတာကလည်း အရှင်းကြီးပါ။ မစ္စတာ ပီနိုရှေးဖြစ်လာမှာပေါ့လေ။ အဲတော့ အတိုက်အခံတွေဘက်က ချီလီနိုင်ငံရေးသမိုင်းမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ရွေးရမယ့်လမ်းဆုံကို ရောက်လာပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံရှိနေတယ်ဆိုတာကို အသိအမှတ်ပြုပြီးတော့ ဒီဆန္ဒခံယူပွဲမှာ ဝင်ပြီးတော့ တိုက်ပွဲဆင်မလား၊ ဒါက တခု။ ဒါမှမဟုတ်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လုံးဝ အသိအမှတ်မပြုဘဲ လုံးဝပြတ်သွားအောင် တိုက်ပွဲ ဆင်မလား။ ဒီ ၂ လမ်းထဲက တလမ်းကိုရွေးရဖို့ ဖြစ်လာပါတယ်။

ဒီနေရာမှာ အတိုက်အခံအားလုံးနီးပါးက ဆန္ဒခံယူပွဲမှာဝင်ပြီးတော့ တိုက်ပွဲဆင်မယ် ဆိုတဲ့လမ်းကြောင်းကို ရွေးလိုက်ပါတော့တယ်။

ဒီတော့ အတိုက်အခံတွေက ပြည်သူတွေကို လာမယ့် ၁၉၈၈ လူထုဆန္ဒခံယူပွဲမှာ မဲသွားထည့်ကြ၊ လက်မခံဘူး ဆိုတဲ့ မဲကိုထည့် စသည်ဖြင့် NO Campaign လုပ်ကြပါတယ်။ အတိုက်အခံပါတီ ၁၇ ခုကို ပေါင်းနိုင်ပြီးတော့ ကွန်စာတာဆီရွန် (Concertacion) ဆိုတဲ့ တပ်ပေါင်းစုကို ဖွဲ့နိုင်ကြပါတယ်။

မြို့တော် စင်ဒီရေဂိုမှာ အခြေစိုက်တဲ့ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးဆိုင်ရာ သုံးသပ်သူ မစ္စတာ ဖီလီပီ အောကာရိုက အဲဒီတုန်းက နှစ်ဖက်အခြေအနေတွေကို သူက အခုလို သုံးသပ်ပြပါတယ်။

“အဲဒီမှာ အတိုက်အခံတို့ဘက်က ဘယ်လမ်းကိုရွေးမလဲဆိုတာ ဖြစ်လာပါတယ်။ အစပိုင်းမှာ သူတို့ရွေးခဲ့တာက စစ်အစိုးရကိုဖယ်ချပြီး အသွင်ကူးပြောင်းရေး အစိုးရ လုပ်ဖို့ ကြိုးစားတဲ့လမ်းပါ။ ဒီနည်းလမ်းက မအောင်မြင်ခဲ့ပါဘူး။ ဘာလို့လည်း ဆိုတော့ ဒီစစ်အုပ်စုကို ဒီလိုလမ်းကိုသုံးပြီး ဖယ်နိုင်ဖို့ သူတို့မှာ အားမရှိပါဘူး။

နောက်ပြီး စစ်တပ် ခေါင်းဆောင်တွေကလည်း သူတို့ကို ဒီနည်းနဲ့လုပ်လာရင် လက်မခံဘူးဆိုတဲ့အပေါ်မှာ တသွေးတည်း တသားတည်း ညီညွတ်ကြတယ်။ ဒီတော့ အတိုက်အခံတွေအနေနဲ့ နည်းလမ်းပြောင်းဖို့ စဉ်းစားရတယ်။ ဖွဲ့စည်းပုံက အတုအယောင်ကြီး၊ ဒါပေမယ့် အဲဒီဖွဲ့စည်းပုံအရပဲ ပီနိုးရှေးကို နောက်ထပ် ၈ နှစ် လက်ခံမခံ လူထုဆန္ဒခံယူပွဲလုပ်ဖို့ရှိတယ်။

အဲဒီတော့ အဲဒီ ဖွဲ့စည်းပုံရှိနေတာကို အသိအမှတ်ပြုထားလိုက်၊ လူထုဆန္ဒခံယူပွဲ လုပ်ရင် ပီနိုရှေးကို လက်မခံအောင် လှုံ့ဆော်ကြမယ်ဆိုတဲ့လမ်းကို ရွေးလိုက်ကြတယ်။ သူတို့ အဲဒီလူထုဆန္ဒခံယူပွဲမှာ နိုင်တယ်။ သူတို့အပေါ်စီးက ရလာတယ်”

လူထုဆန္ဒခံယူပွဲကို ဝင်ပြီးတော့တိုက်ကြမယ်ဆိုတဲ့ တိုက်ပွဲလမ်းကြောင်းရွေးခဲ့ပုံက နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ စစ်အစိုးရတို့ သူတို့ဘက်က နိုင်မယ်လို့မှတ်ယူခဲ့တဲ့ ပွဲမှာ အတိုက်အခံတွေဘက်က နိုင်ခဲ့ပါတယ်။

ဒီနေရာမှာ အတိုက်အခံတို့က အောင်ပွဲအရှိန်နဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေပြင်ရေးကို ဆက်တိုက်တောင်းဆို ခဲ့ပါတော့တယ်။ အဲဒီတော့ အခြေအနေတွေက စစ်အစိုးရ ရွေးပေးတဲ့ ကိုယ်စားလှယ်တွေရယ်၊ စစ်အစိုးရအဖွဲ့ကို ထောက်ခံအားပေးနေတဲ့ လက်ယာပါတီက ကိုယ်စားလှယ်တွေရယ်၊ အတိုက်အခံ ကွန်စာတာဆီရွန် (Concertacion) မဟာမိတ်အဖွဲ့က ရွေးပေးလိုက်တဲ့ ကိုယ်စားလှယ်တွေရယ် ဆွေးနွေးမှုတွေ စလာပါတော့တယ်။ ဖိအားတွေကြားက စစ်အစိုးရ ဖြစ်လာနေပါပြီ။

ဆက်လက်ဖော်ပြပါမယ်။


Thursday, September 2, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန် (၂)

အပိုင်း (၂)

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုရှေး မသိနိုင်ခဲ့တဲ့ ၁၉၈၀ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၂ ပိုင်း ပါပါတယ်။ ၁၉၈၁ ကနေ ၁၉၉၀ အထိက အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ၊ အဲဒီကာလကို စစ်အစိုးရပဲ လုံးဝ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်း အရပ်သားအစိုးရ ဖြစ်လာမယ်၊ ဖြစ်လာရင်သုံးဖို့ ဖွဲ့စည်းပုံက တခုပါ။

အဲဒီမှာ ထောက်ပြဝေဖန်စရာတွေကလည်း အများကြီးပါ။ တချို့ကို ကောက်နုတ်ပြရရင်တော့ လွှတ်တော် ၂ ရပ် ရှိတဲ့အထဲ အထက်လွှတ်တော်မှာ ရွေးကောက်ခံ အထက်လွှတ်တော်အမတ်က ၂၆ ယောက်ရှိမယ်၊ နောက်ထပ် ၉ ယောက်ကို ထပ်ထည့်ပါတယ်။

အဲဒါတွေ အားလုံးက ရွေးခန့်ပါ။ အဲဒီ ရွေးခန့်တွေထဲမှာ စစ်တပ်က ကြည်း၊ ရေ၊ လေ ဦးစီးချုပ်တွေ ရဲချုပ်တွေ ပါသလို တခြားအရပ်သားတွေကလည်း အစိုးရခန့် ပုဂ္ဂိုလ်တွေပါ။ အရေးကြီးတဲ့ ဥပဒေတခုကိုပြဋ္ဌာန်းဖို့ဆိုရင် အထက်လွှတ်တော်က မဲ ၄ ပုံ၊ ၃ ပုံလိုပါတယ်။

အခုရွေးခန့်ထားတဲ့လူတွေက မဲ ၄ ပုံ တပုံကျော်တာဆိုတော့ သူတို့ထဲက တယောက် သဘောမတူဘဲနဲ့ ဘာမှလုပ်လို့မရပါဘူး။ ဒါကတခု။ နောက် စစ်တပ် ခေါင်းဆောင်တွေဘက်ကို အာဏာ အကြီးအကျယ်ပေးထားတဲ့ အမျိုးသား လုံခြုံရေးကောင်စီဆိုတဲ့ ကိစ္စပါ။ အဲဒီကောင်စီမှာ သမ္မတက အကြီးအကဲ ဖြစ်တယ်။

အဲဒီမှာလည်း စစ်တပ်နဲ့ ရဲဘက်က အများစုပါ။ ဒါကြောင့်မို့လို့လည်း ချီလီက ဥပဒေပညာရှင် မစ္စတာ လူ့ကပ်စ်စီရာဒါက အခုလို မှတ်ချက်ပေးပါတယ်။

“သူတို့ကို သူတို့ကာကွယ်ထားတာရယ်၊ သူတို့ချမှတ်ထားတဲ့ နိုင်ငံရေးပုံစံ စနစ်တွေကို ရေရှည်ခိုင်မြဲအောင်ရယ်၊ နောက်တခါ နိုင်ငံ့အာဏာ ကိုလည်း သူတို့လက်ထဲမှာပဲ ရေရှည်ကိုင်ထားနိုင်အောင်ရယ်၊ ဒါတွေကိုလုပ်တဲ့ ရည်ရွယ်ချက်ပါပဲ။ အဲဒီဖွဲ့စည်းပုံအခြေခံကို ပြင်ရန် အင်မတန် ခက်အောင်လည်း လုပ်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံလို့တောင် မဆိုနိုင်ပါဘူးဗျ။ အမိန့်ပြန်တမ်း ထုတ်သလိုပါပဲ”

တဖက်မှာလည်း ချီလီမှာ အဲဒီကာလအတွင်းမှာပဲ ဒီမိုကရေစီတံခါးကို ကြိုးစားဖွင့်နေကြသူတွေရဲ့ အားထုတ်ချက်တွေကလည်း ရှိနေပါတယ်။ မစ္စတာ ရိုလီကိုဒီကတ်စရိုက ...

“တဖြည်းဖြည်းခြင်း နည်းနည်းခြင်းက စပြီးတော့ မဂ္ဂဇင်းတွေ ပြန်ထွက်လာပါ တယ်။ အပတ်စဉ် စာစောင်တွေ၊ ဂျာနယ်တွေလည်း ထွက်လာတယ်။ ကက်သလစ် ခရစ်ယာန်အဖွဲ့တွေကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တာ တွေရေးကြတယ်။ မဂ္ဂဇင်းတွေက ပထမပိုင်းတော့ အားပျော့ပျော့ပါပဲ။

ဆင်ဆာဘုတ်အဖွဲ့ကလည်း သူတို့မကြိုက်တာတွေဆို ပယ်တယ်။ တဖြည်းဖြည်းနဲ့ အစိုးရကို ဝေဖန်တာတွေ၊ တရားမျှတမှုဆိုင်ရာအကြောင်းတွေ၊ လူ့အခွင့်အရေး အကြောင်းတွေကို ရေးလာနေကြပါပြီ။ ဒါတွေက ၁၉၇၀ နှစ်တွေရဲ့ အနှောင်းပိုင်း ကာလတွေကတည်းကပါ။ ၁၉၈၀ နှစ်တွေပိုင်းရောက်လာတော့ အတော်ကို အားကောင်းလာနေတာကို တွေ့ရပါတယ်”


၁၉၈၂၊ ၁၉၈၃ မှာ ချီလီကို ရိုက်ခတ်လာတဲ့ ကမ္ဘာ့စည်းပွားရေးကျဆင်းမှုဒဏ် ကလည်း ချီလီစစ်အစိုးရအပေါ်မှာ လူမှုရေးဆိုင်ရာဘက်က လာတဲ့ ဖိအားတွေဖြစ်စေတဲ့အကြောင်း သူက အခုလို ဆိုပါတယ်။

“၁၉၈၂၊ ၈၃ မှာ တကမ္ဘာလုံးမှာလည်း စီးပွားရေးက အကျပ်အတည်းဆိုက်ခဲ့ သလိုပဲ ချီလီမှာလည်း ပြဿနာတွေ တက်ခဲ့တယ်။ ဘဏ်တွေပြိုလဲကုန်လို့ အစိုးရက ငွေ အကြီးအကျယ် ထောက်ပံ့ရတယ်။ အလုပ်သမားတွေ အလုပ်လက်မဲ့ နှုန်းက ၃၀၊ ၄၀ % အထိ ဖြစ်လာတယ်။ ဒီလို လူမှုရေးအရ ဖိအားတွေကြောင့် လူတွေ သိန်းနဲ့ချီပြီး လမ်းပေါ်တက် ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပါတယ်”

ဒီလိုနဲ့ တက်လာတဲ့ စစ်အစိုးရဆန့်ကျင်ရေး အရှိန်အဟုန်တွေအကြောင်းကို ဒေါက်တာ မာဆီးလာ ရီးရို့စ်က ၁၉၈၃ နဲ့ ၁၉၈၆ ကြားအခြေအနေတွေနဲ့အတူ အခုလို ပြောပြပါတယ်။

“အဲဒီ ၃ နှစ်ကာလအတွင်းမှာတော့ လူထုအကြား နိုင်ငံရေးနိုးကြားအောင် လှုံ့ဆော်နိုင်မှုတွေက အားကောင်းလာနေပါပြီ။ နိုင်ငံရေးအဖွဲ့အစည်းတွေ ကြားမှာလည်း ခရစ်ယာန် ဒီမိုကရက်ပါတီတွေကနေ လက်ဝဲပါတီတွေအထိ မဟာမိတ်လုပ်တဲ့ ပေါင်းစည်းမှုတွေရှိလာပါပြီ။ သူတို့နဲ့အတူ အလုပ်သမားသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေ အမျိုးသမီးအဖွဲ့တွေပါ ကျယ်ပြန့်တဲ့ စုစည်းမှုတွေရှိလာနေပါပြီ။

ဒါ့အပြင် Radical ကျတဲ့ သဘောထားပြင်းထန်တဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ၁၉၈၆ နှစ်မှာဖြစ်ခဲ့တဲ့ ပီနိုရှေးကိုလုပ်ကြံဖို့အတွက် ကွန်မြူနစ်အဖွဲ့ခွဲလေးတခုက ကြိုးစားမှုပါ။ ပီနိုရှေးက တနေရာအသွား သူ့ယာဉ်တန်းကို တိုက်ခိုက်လုပ်ကြံခဲ့တာပါ။ သူ့ယာဉ်တန်းမှာ ကား ၄ စီးပါပါတယ်။ ကြံရွယ်သူတွေက ကား ၂ စီးကို သိမ်းနိုင်ခဲ့ပါတယ်။ ပီနိုရှေးပါတဲ့ကားနဲ့ တခြားကားတစီးကတော့ လွတ်မြောက်သွားခဲ့ပါတယ်”


ဆက်လက်ဖော်ပြပါမယ်။


Monday, August 16, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန် (၁)

ဒီလိုလူများစွာဘက်က ဒဏ်တွေခံခဲ့ရ၊ ပြေးခဲ့ကြရပေမယ့် ချမ်းသာတဲ့သူတွေ လွှမ်းထားတဲ့ ချီလီ လက်ယာပါတီ တချို့၊ အဲဒီအချိန်က နိုင်ငံတခုခုမှာ လက်ဝဲတွေ အာဏာရလာတာကို မလိုလားတဲ့ အမေရိကန်က နစ်ဆင် အစိုးရ စတာ စတာတွေကတော့ ပီနိုရှေး အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။ အမေရိကန် CIA ကိုယ်တိုင်ပင် ချီလီအာဏာသိမ်းမှုအတွက် ဝင်ကူညီခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပီနိုရှေးနဲ့အပေါင်းအပါတို့ လူမဆန်တဲ့ ဖိနှိပ်မှုနဲ့အတူ ဆက်ပြီးတော့ လိုက်လာတာကတော့ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ပြင်ဆင်မှုပါ။ စီးပွားရေး ပြုပြုပြောင်းလဲရေးတွေလုပ်၊ စီးပွားရေး အောင်မြင်ရင် လူထုထောက်ခံမှု ပြန်ရလာပြီးတော့ တနည်းအားဖြင့် တရားမဝင်ယူထားတဲ့ နိုင်ငံရေးအာဏာကို တရားဝင်လာလေဟန် ပုံဖမ်းလို့ရနိုင်တာကိုး။

အဲဒီ စီးပွားရေးဆိုင်ရာ အပြောင်းအလဲတွေကို အမေရိကန် ချီကာဂို ယူနီဗာစတီက ဆင်းခဲ့တဲ့ ချီလီနိုင်ငံသား စီးပွားရေးပညာရှင်တွေ ဦးဆောင်တာဆိုတော့ ချီကာဂိုဘွိုင်းတွေလို့ သူတို့ကို လူသိများကြပါတယ်။ သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေး တွေက လက်တွေ့မှာတော့ …

“သူတို့ ၃ နှစ်စီမံကိန်း စီးပွားရေး အစီအစဉ်တွေလုပ်တယ်၊ ချီလီစီးပွားရေးကို ကုစားဖို့ ရှော့ရိုက်ပြီးကုတယ်လို့ ဆိုကြပါတယ်။ ဘာဖြစ်လာလဲဆိုတော့ ဈေးနှုန်းတွေက တက်ကုန်တယ်၊ လုပ်ခတွေက နည်းလာတယ်။ ဒီတော့ အခြေခံ ပြည်သူတွေအဖို့ တဖက်မှာက ပြင်းထန်တဲ့နိုင်ငံရေးဖိနှိပ်မှုတွေနဲ့ တွေ့နေရတယ်။ တဖက်မှာကျတော့ စီးပွာရေး အဆင်မပြေမှုရဲ့ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံကြရတယ်။

ဒီတော့ အစိုးရကို ပုန်ကန်ဖို့၊ ဆန္ဒပြဖို့ မစဉ်းစားနိုင်အောင် ကြုံခဲ့ကြရတာဖြစ်တယ်။ ဒါတွေက အာဏာသိမ်းပြီး နောက်တနှစ်လောက်က စကြုံနေကြရတာဖြစ်ပြီးတော့ ၁၉၈၀ နှစ်တွေလည်း စဝင်လာရော နိုင်ငံတကာမှာ စီးပွားရေးကျဆင်းမှုနဲ့တိုးတော့ အခြေအနေက ပိုဆိုးလာတာပေါ့”

တချိန်တည်းမှာပဲ အာဏာရှင် ပီနိုရှေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးဖို့ အာဏာသိမ်းတဲ့ စက်တင်ဘာလ ကတည်းက စပြီးတော့ ကော်မရှင်တခုဖွဲ့ကာ ပြင်ဆင်နေစေပါတော့တယ်။ ဒါက အာဏာရှင်တွေဘက်က အပြင်အဆင်တွေ၊ ခြေလှမ်းတွေပါ။

ဒါပေမယ့် ဖိနှိပ်ခံနေရတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အခြေခံပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကိုတော့ သူတို့ လုံးဝ ရပ်သွားအောင်လုပ်ဖို့ရာမှာ မစွမ်းသာခဲ့ပါဘူး။

“ပထမဆုံး ဆန္ဒပြပွဲတွေအဖြစ် ပြန်ထွက်လာတာကတော့ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုပါ။ ၁၉၇၇ ခုနှစ်ပိုင်းလောက်မှာ စထွက်လာပါတယ်။ အထူးသဖြင့် စစ်အစိုးရတပ်ဖွဲ့ဝင်တွေရဲ့ အသတ်ခံခဲ့ရသူတွေ၊ ပျောက်ဆုံးသွားသူ တွေရဲ့မိခင်တွေ၊ ဆွေမျိုးသားချင်းတွေရဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေပါ။ သူတို့က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ဆန့်ကျင် ဆန္ဒပြကြပါတယ်။ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူညီကြပါတယ်။ လူ့အခွင့်အရေး တောင်းဆိုမှုနဲ့ စစ်အစိုးရကို စတင် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေပေါ့”

အဲဒီအမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေက ထိရောက်မှု ဘယ်လောက်အထိရှိလဲလို့ ဆိုနိုင်မလဲခင်ဗျ။

“ထိရောက်တာပေါ့၊ တကယ့်ကို ထိရောက်တယ်လို့ ကျမ ထင်ပါတယ်။ သူတို့ဟာ စစ်အစိုးရကို စတင်ဆန္ဒပြတဲ့ လမ်းကို စဖွင့်ပေးလိုက်တယ်။ ဒီနောက်မှာ တခြား Civil Society အဖွဲ့အစည်းတွေလည်း လိုက်ပါလာကြတာတွေ ဖြစ်လာပါတယ်။ ချီလီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်နေတာကို နိုင်ငံတကာက မသိစေချင်တဲ့ စစ်အစိုးရကို ဒီလှုပ်ရှားမှုတွေက အတော် ကသိကအောက် ဖြစ်သွားစေခဲ့ပါတယ်။ သူတို့လှုပ်ရှားမှု စည်းရုံး ဆောင်ရွက်ပုံကလည်း အတော့်ကို စနစ်တကျ ရှိပါတယ်။ ဒီလှုပ်ရှားမှုတွေကြောင့် ချီလီစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက ရှုတ်ချတဲ့ဆုံးဖြတ်ချက်တွေ နှစ်စဉ် နှစ်တိုင်း ချခဲ့ရတဲ့အထိ ထိရောက်ခဲ့ပါတယ်”

အဲဒီကာလက ဒီလိုအရပ်သားတွေရဲ့ လှုပ်ရှားမှုတွေကို အမျိုးအစားခွဲကြည့်မယ် ဆိုလို့ရှိရင် ဘယ်လိုမျိုး တွေ့ရလဲဗျ။

“Civil Society အဖွဲ့အစည်းတွေကိုကြည့်ရင် ပုံစံ ၃ မျိုးနဲ့ တွေ့ရပါတယ်။ လူ့အခွင့်အရေးကို အဓိက လှုပ်ရှားကြတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ၊ အမျိုးသမီးလှုပ်ရှားမှုတွေ၊ တခါ ဆင်းရဲလွန်းတဲ့လူတွေနေတဲ့ အပိုင်းက စုဖွဲ့လှုပ်ရှားမှုတွေ၊ တခါ မြေအောက်ပါတီတွေအဖြစ်ရပ်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေပါ။ ဒီအဖွဲ့အစည်းတွေရဲ့ကြားမှာ ဆက်စပ် လုပ်ကိုင်ကြပါတယ်”

ဒေါက်တာ မာဆီယာရီးယိုးစ်ပါ။ စစ်အာဏာသိမ်းစဉ် ၁၉၇၃ ကာလက တက္ကသိုလ် ကျောင်းဆရာလည်းဖြစ်၊ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီမှာ ခေါင်းဆောင်တဦး လည်းဖြစ်နေသူ မစ္စတာ အီနက်စတို ဘက်ဘွန်တင် ကလည်း …

“ကျနော်တို့နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်တည်တံ့နေအောင် လုပ်ကြတယ်။ လူထုကြားမှာ နယ်မြေအလိုက် စုဖွဲ့ထားတာတွေ ရှိတယ်။ အလုပ်သမားသမဂ္ဂတွေ ရှိတယ်။ အမျိုးသမီးအဖွဲ့တွေ ရှိတယ်။ ကျောင်းသားသမဂ္ဂတွေ ရှိတယ်။ အားလုံး ကွန်ယက်သဘော ဆက်စပ်ထားတယ်။ အားလုံးက လျှို့ဝှက်လုပ်ကြရပါတယ်။

ဒါပေမယ့် ဆွေးနွေးပွဲတွေ၊ အမြင်ဖလှယ်တာတွေ ဆက်သွယ်ပြီးတော့ လုပ်ကြတယ်။ နိုင်ငံရေးအရ စာစောင်စာတမ်းတွေလည်း ဖြန့်ကြတာပေါ့။ ကျနော်စာရေးမယ်ဆိုရင် လျှို့ဝှက်ကလောင်နာမည်တွေနဲ့ ရေးတာတွေ လုပ်ပါတယ်။ တဖက်က လျှို့ဝှက်လုပ်ရသလို ဒီမိုကရက်တစ် အဖွဲ့အစည်းတွေဖြစ်တာမို့ တဦးသဘောထားတဦးနဲ့ ညှိနှိုင်းမှုကိုလည်း အလေးထားရပါတယ်”

အဲဒီတုန်းက ဘယ်လိုလမ်းစဉ်မျိုးတွေကို ကိုင်စွဲခဲ့ကြပါသလဲခင်ဗျ။

“ကျနော်တို့ အိန္ဒိယက မစ္စတာ ဂန္ဓီကိုင်စွဲခဲ့တဲ့ နည်းဗျူဟာအတိုင်း အကြမ်းမဖက်ဘဲ အာဏာရှင်စနစ်ကို တော်လှန် တိုက်ခိုက်တဲ့ နည်းဗျူဟာကိုပဲ ကိုင်စွဲခဲ့ပါတယ်၊ စစ်တိုက်တဲ့နည်းကို မသုံးဘူး။ ရည်ရွယ်ချက်ကတော့ ချီလီမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးပဲ။ ကျနော်တို့သွားခဲ့တဲ့ နည်းကတော့ ငြိမ်းချမ်းရေးနည်းလမ်းပါပဲ”

ဒါကတော့ ခရစ်ယာန်ဒီမိုကရက်ပါတီခေါင်းဆောင်တဦးအဖြစ် အဲဒီအချိန်က လျှို့ဝှက်လှုပ်ရှားခဲ့သူ မစ္စတာ အီနက်စတို ဘက်ဘွန်တင် ပါ။ သူက နောက်ပိုင်း လွတ်မြောက်လာတဲ့ခေတ်မှာတော့ ၁၉၉၄ နဲ့ ၉၈ ကြားမှာ ချီလီမှာ လွှတ်တော် အမတ်အဖြစ် လုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒီလိုနဲ့ ချီလီဟာ ၁၉၈၀ ကိုဝင်လာပါပြီ။ ၁၉၈၀ ဟာ စစ်အာဏာရှင်တို့ဘက်က ကြည့်မယ်ဆိုရင် သူတို့ခြေလှမ်းကို နောက်ထပ်တဆင့် တိုးပြီးတော့ လှမ်းလိုက်တဲ့နှစ်ပါ။ ၁၉၇၃ အာဏာသိမ်းစဉ်ကတည်းက သူတို့စိတ်ကြိုက် ရေးလာခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုဖို့အတွက် ပြည်သူ့ ဆန္ဒခံယူပွဲကို ၁၉၈၀ မှာ လုပ်ဖို့ ပြင်ဆင်လာပါတော့တယ်။ ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရတို့အဖို့ ဘာကြောင့်မို့ လိုအပ်နေတာပါလဲ။

“ကျမ အမြင်အရပြောရရင်တော့ သူတို့က အရင်နိုင်ငံရေးပုံစံကို ဖြိုချပစ်ပြီး သူတို့ကြိုက်တဲ့ ပုံစံသစ်ချဖို့အတွက် လုပ်တာပါ။ ချီလီမှာ ဥပဒေတွေ၊ စည်းမျဉ်းတွေချတာ လိုက်နာကြတာက အစဉ်အလာအရ သေသေချာချာ ပေါ်ထွန်းပြီးသားပါ။ ဒီတော့ သူတို့အနေနဲ့ ဒီဥပဒေအရလုပ်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်တာမျိုးလို ဆိုတာမျိုးဖြစ်အောင် ပြင်ဆင်ရတာပါ။

တနည်းအားဖြင့် သူတို့ကိုယ်သူတို့ တရားဝင်သွားအောင်လုပ်တဲ့ ရည်ရွယ်ချက်ပါ။ နောက်တချက်ကတော့ နိုင်ငံတကာရဲ့ဖိအားကို ဒီမှာဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်၊ လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုထားတာ စသည်ဖြင့်ပြပြီး ဖိအားတွေကို ရှောင်ရှားလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလည်းပါတယ် လို့ ကျမ မြင်ပါတယ်”


ဒီတော့ ဒီ ၁၉၈၀ စက်တင်ဘာမှာလုပ်တဲ့ လူထုဆန္ဒခံယူပွဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံ မခံမေးရာမှာ ဒါ လက်ခံရေးဘက်က နိုင်သွားပါတယ် ခင်ဗျ။ အဲတော့ လူထုကလက်ခံတယ်လို့ ပြောလို့မရနိုင်ဘူးလား။

“လူထုဆန္ဒခံယူပွဲကတော့ လွတ်လပ်ပြီးမျှတတဲ့စံနှုန်းတွေနဲ့ တိုင်းတာရင် အနိမ့်ဆုံးဆန္ဒတောင် မရှိဘူးလို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တိုင်းက သုံးသပ်ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံထဲ ဘာတွေပါသလဲ ဆိုတာကို လူတွေက ကောင်းကောင်း မသိကြပါဘူး။ ဘာတွေပါတယ်ဆိုတာကို လူထုကြားထဲမှာ ပြောဖို့ဆိုတာကလည်း သိတဲ့အတိုင်း စစ်အစိုးရက အုပ်ချုပ်ထားတာဆိုတော့ လူတွေအနေနဲ့ အမြဲကြောက်ရွံ့နေရတဲ့အနေအထားအောက်မှာပါ။

ဒီတော့ မပြောနိုင်ကြပါဘူး။ တကယ်တမ်း မဲထည့်ကြတဲ့အခါကျတော့လည်း မဲလိမ်တဲ့သတင်းတွေက အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ တယောက်တည်းက မဲ နှစ်ခါ သုံးခါ လာထည့်တာတို့၊ အရင်ကတည်းက ကွယ်လွန်ပြီးသား လူတွေရဲ့နာမည်နဲ့ မဲထည့်ထားတာတို့ အစုံပါပဲ”

နိုင်ငံရေးပညာရှင် ဒေါက်တာ မာဆီလာ ရီးရိုစ်ရဲ့ အဖြေပါ။

ဘယ်လိုပဲ အမှန်တရားတွေက ရှိခဲ့ ရှိခဲ့၊ အများသူငါ သေချာစွာနားမလည်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွတ်လွတ်လပ်လပ် မဲပေးခွင့်မရတဲ့ ပြည်သူ့ဆန္ဒပွဲ ရလဒ်နဲ့ ဗိုလ်ချုပ်ကြီး ပီနိုရှေးတယောက်ကတော့ အတည်ပြု သွားနိုင်ခဲ့ပါပြီ။

ဆက်လက်ဖော်ပြပါမယ်။


Sunday, August 8, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန်

ကိုရင်မောင် (ဘီဘီစီ)

ချီလီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စစ်အာဏာရှင်တွေ ကျဆုံးသွားတဲ့ အတွေ့အကြုံတွေကို တင်ဆက်ပေးမှာဖြစ်ပြီး အစီအစဉ်အပိုင်း ၁ အနေနဲ့ ချီလီနိုင်ငံအကြောင်း ဖြစ်ပါတယ်။ ကိုရင်မောင် စီစဉ်တင်ဆက် ထားပါတယ်။

ချီလီဟာ တောင်အမေရိကတိုက်က နိုင်ငံတခုပါ။ သူ့နိုင်ငံရဲ့ အရှေ့ဘက် တလျှောက်လုံးမှာ တောင်ပစ္စိဖိတ် ပင်လယ်ကရှိနေတော့ ကမ်းရိုးတန်းရှည်ရှည်နဲ့ အတော့်ကိုလှပတဲ့ နိုင်ငံတခုလို့လည်း ပြောရမှာပါ။ ချီလီလူဦးရေ ၁၆ သန်းမှာ အားလုံးလိုလိုက စပိန်စကား ပြောကြတယ်။ ကက်သလစ်ဘာသာဝင်က လူဦးရေရဲ့ ၇၀% ရှိပါတယ်။

နောက်ပြီးတော့ လူအများစုက မြို့ပြတွေမှာ နေထိုင်ကြတဲ့သူတွေပါ။ ချီလီမှာ ၁၉၂၅ ခုနှစ်ကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိခဲ့ပါတယ်။ သမ္မတ ရွေးကောက်ပွဲတွေ၊ လွှတ်တော်ရွေးကောက်ပွဲတွေ ရှိခဲ့ပါတယ်။ ဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကော၊ ဒီမိုကရေစီ စံတန်ဖိုးတွေအရပါ ဒေသတွင်းမှာ လေးစားစရာကောင်းတဲ့ နိုင်ငံတခုအဖြစ် ရပ်တည်ခဲ့တာပါ။

၁၉၇၀ ရွေးကောက်ပွဲမှာ မာ့စ်ဝါဒီ ဆယ်ဗာဒို အိုင်လန်ဒေး (Salvador Allende) က ယှဉ်ပြိုင်သူ သမ္မတလောင်းတွေထဲ မဲအများဆုံးနဲ့ သမ္မတ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဆိုရှယ်လစ်ပါတီနဲ့ တခြားလက်ဝဲပါတီတွေ ပေါင်းပြီးတော့ ညွန့်ပေါင်းအစိုးရ ဖွဲ့ကာ နိုင်ငံကို အုပ်ချုပ်စီမံခဲ့ပါတယ်။ ဒီသမ္မတ အိုင်လန်ဒေးဟာ ဒီမိုကရေစီနည်းကျ မဲဆန္ဒနဲ့တက်လာတဲ့ ကမ္ဘာ့ပထမဆုံး မာ့စ်ဝါဒီ သမ္မတ လို့ သတ်မှတ်ခံရတဲ့သူပါ။ သူ့လက်ထက်မှာ စီးပွားရေးကို နိုင်ငံပိုင်ဖြစ်အောင် နိုင်ငံတွင်းက ဆင်းရဲတဲ့သူတွေ အတွက် လူမှုအခွင့်အရေးတွေ ပိုခံစားရစေဖို့ သူ အားသွန်လုပ်ဆောင်ခဲ့ပါတယ်။

ဆယ်ဗာဒို အိုင်လန်ဒေး

သူနဲ့ သူရဲ့အစီအစဉ်တွေကို အဲဒီတုန်းက အခြေခံလူတန်းစားတွေ၊ လက်ဝဲဝါဒီ ပညာတတ်လွှာတို့ နှစ်သက်ခဲ့ကြပေမယ့် စစ်တပ်ထဲက ဗိုလ်ချုပ်ကြီး ပီနိုရှေးနဲ့ အပေါင်းအပါတွေက မုန်းတီးခဲ့ပါတယ်။ ၁၉၇၃ ရဲ့ 9/11 စက်တင်ဘာ ၁၁ ရက်နေ့ မှာပဲ ဗိုလ်ချုပ်ကြီး ပီနိုရှေး စစ်တပ်က သမ္မတနန်းတော်ကို လေယာဉ်နဲ့ဗုံးကြဲတာ အပါအဝင် စစ်တပ်နဲ့ဝင်သိမ်းပြီးတော့ စစ်အာဏာသိမ်းခဲ့ပါပြီ။

စစ်တပ်က သမ္မတနန်းတော်ကို လေယာဉ်နဲ့ဗုံးကြဲစဉ်

“အာဏာသိမ်းတဲ့ အဲဒီ ၁၉၇၃ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီ လောက်မှာ သမ္မတ အိုင်လန်ဒေး ကို ပစ်သတ်လိုက်ပြီဆိုတဲ့ သတင်းကို ကြားရတော့တာပါပဲ။ အဲဒါ ပစ်သတ်ခံရတာလား၊ အညံမခံဘဲ ကိုယ့်ကိုယ်ကိုယ် ပစ်ပြီး သတ်သေလိုက်တာလား ဒါကတော့ ဘယ်တော့မှ အမှန်ကိုသိရမှာ မဟုတ်ပါဘူး။

ထားပါတော့၊ စစ်တပ်က အဲလို ကြမ်းတမ်းရက်စက်တာတွေလုပ်ပြီဆိုတဲ့ သတင်းကို ကြားကတည်းက အခြေအနေတွေက ကြမ်းတော့မယ်၊ ခက်ခဲတော့မယ် ဆိုတာကို ကျနော်တို့ သိလိုက်ပါပြီ။ အဖမ်းအဆီးတွေကလည်း ကြမ်းမှ ကြမ်းပါ။ အခြေခံလူတန်းစားတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ပညာတတ်အလွှာက လူတွေ၊ စာပေအနုပညာနယ်ပယ်ကလူတွေ အများကြီးပါပဲ။

ဗိုလ်ချုပ်ကြီး ပီနိုရှေး

သူတို့က ဘယ်သူဘယ်ဝါ ရွေးမနေဘူး။ အိမ်တွေကို ဝင်စီး၊ ဖမ်း နောက်ပြီး စင်ဒီယာဂိုက ပြည်သူ့အားကစားကွင်းထဲမှာ စုပြီး ထိန်းသိမ်းထားပါတယ်။ အဲဒီအခါကဆို အဲဒီကွင်းထဲမှာ လူပေါင်း ၅ သောင်းကျော်ကို ဖမ်းထည့်ထားတာပါ။ နောက်မှ သူတို့က တဦးချင်းစီကို စိစစ်တယ်၊ စစ်ကြောရေး လုပ်တယ်။ နှိပ်စက်လို့၊ သတ်ပစ်လို့ သေသွားသူတွေ၊ ပျောက်သွားသူတွေ အများကြီးရှိခဲ့ပါတယ်”

“အဲဒီအချိန်က သူတို့စစ်ကြောရေးစခန်းတွေကို ချီလီနိုင်ငံအနှံ့အပြားမှာ ဖွင့်ခဲ့တယ်။ စုစုပေါင်း နေရာ တထောင်ကျော်လောက် ရှိတယ်။ အဲဒီ စစ်ကြောတဲ့နေရာတွေက တဆင့် ပျောက်သွားတဲ့သူတွေလည်း အများကြီး ရှိခဲ့တယ်။ ဆင်းရဲလွန်းတဲ့ သူတွေနေတဲ့ ရပ်ကွက်ပိုင်းမှာ ဖိနှိပ်မှုက ပိုပြီး ရက်စက် ကြမ်းကြုတ်ကြတယ်။ လူတွေကိုပစ်သတ်ပြီး အလောင်းတွေကို ရပ်ကွက်ထဲက လမ်းတွေပေါ်မှာ ပစ်ထားခဲ့တာတွေ၊ မြို့ထဲက လမ်းတွေ၊ ချောင်းတွေမှာ အလောင်းတွေကို လာပစ်တာတွေကို လုပ်ခဲ့ကြတယ်။ လူတွေ အရမ်းကို ထိတ်လန့်ကြောက်ရွံ့အောင် သူတို့က လုပ်ခဲ့ကြတာပါ”

“ဒါတွေတကယ်ဖြစ်ခဲ့တာပါ။ ဥပမာ ကျနော်နဲ့ရင်းနှီးတဲ့ ကျနော်နဲ့အဲဒီအချိန်က ဖလော်ဆော်ဖီအတန်းမှာ အတူတက်နေတဲ့ ကျောင်းသူတဦးဆိုလို့ရှိရင် နှိပ်စက်ခံရတယ်၊ အဓမ္မကျင့်ခံရပြီး သတ်ပစ်ခံရတယ်။ ဒါ အာဏာသိမ်းတဲ့လ စက်တင်ဘာလထဲမှာပဲ ဖြစ်ခဲ့တာပါ။

ပြီးတော့ သူ့အလောင်းကို အီတလီသံရုံးဝင်းထဲကို သွားပစ်ထားလိုက်ကြပြီးတော့ သူတို့သတင်းစာတွေက ဒါ အီတလီသံရုံးဝင်းထဲကလူတွေ သတ်တာလို့ သတင်းထုတ်ပါတယ်။ အမျိုးသမီးတွေ အများအပြားပဲ အဓမ္မပြုကျင့် ခံခဲ့ရတယ်၊ အသတ်ခံခဲ့ရတယ်။ ဒါတွေ ဒါတွေ ချီလီမြေပေါ်မှာဖြစ်လာတာကို ကျနော်တို့ မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်”

အခုပြောခဲ့တဲ့ ချီလီအမျိုးသားကြီးက အဲဒီကာလက မြို့တော် စင်ဒီရာဂိုမှာရှိတဲ့ တက္ကသိုလ်မှာ ဖလော်ဆော်ဖီ အဓိက ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ ရိုဒီကိုကတ်စရို ပါ။ အခုတော့ သူက နှစ်ပေါင်းများစွာ သူ အလုပ်လုပ်ခဲ့တဲ့ သတင်း မီဒီယာလောကကနေ အငြိမ်းစား အနားယူထားတဲ့သူပါ။

နောက်တဦးဖြစ်တဲ့ အမျိုးသမီး ကယ်ရီနာရာဝီရာ ကတော့ စစ်အာဏာရှင်ခေတ်က ဖြစ်ပျက်ခဲ့တာတွေကို လူတွေ ဆင်ခြင်နိုင်ကြဖို့ အောက်မေ့ဖွယ်ပြတိုက် ပရောဂျက်ကို လုပ်ဆောင်နေတဲ့သူပါ။ သတို့ပြောခဲ့ကြသလို စစ်အာဏာရှင်ရဲ့ ရက်စက်မှုက နေရာတိုင်းကို သွားနေပါတယ်။

လူထုအတွက် ကဗျာတွေသီလို့၊ လူထုအတွက် သီချင်းတွေ ဆိုညည်းလို့ ချီလီလူထုကြားမှာ အကျော်အမော် အနုပညာရှင် တဦးဖြစ်တဲ့ ဗစ်တာဟာရာ ကိုလည်း စစ်အစိုးရက ဖမ်းဆီးပြီးတော့ သတ်ပစ်ခဲ့ပါတယ်။

“လူတွေကို ထိတ်လန့်ကြောက်ရွံ့သွားအောင် ဖိနှိပ်မှုတွေကို အပြင်းအထန် လုပ်တာကို မြင်နေရတော့ ဒီတိုင်းပြည်မှာ လူတဦးအနေနဲ့ ပုံမှန်ဘဝ မရတော့ဘူးဆိုပြီး တခြားနိုင်ငံတွေကို ထွက်ပြေးကြရတဲ့ အထူးသဖြင့် လက်ဝဲဝါဒီတွေက ပိုပြီး များများ ထွက်ပြေးကြရပါတယ်။ ကျောင်းတွေပိတ်၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာတွေ ပိတ်ပင်၊ မီဒီယာတွေလည်း မရှိ၊ နိုင်ငံရေး ပါတီတွေလည်း ပိတ်ပင် စတဲ့အခြေအနေမျိုးမှာ အဲဒီနယ်ပယ်တွေကလူတွေ ပြည်ပကို ထွက်ကုန်ကြပါတယ်”

သူက နိုင်ငံများစွာရဲ့ဒီမိုကရေစီပြောင်းလဲရေးကို လေ့လာပြီးတော့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ယူထားသူ ချီလီအမျိုးသမီး ဒေါက်တာ မာဆီးလာ ရီးရိုးစ် ပါ။

ကြောက်လန့်သွားအောင် ရက်စက်ဖိနှိပ်မှုတွေကြောင့် စစ်အာဏာရှင်တို့ရဲ့ လက်အောက် ချီလီကနေ လူပေါင်း ၃ သောင်းကျော် နိုင်ငံကနေ ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီသူတွေထဲ အစိုးရ သတင်းစာထဲမှာ အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ခံရလို့ တိုင်းပြည်ကနေ ၁၉၇၄ ခုနှစ်မှာ ထွက်ပြေးခဲ့ရတဲ့ မစ္စတာ ရိုလီကို ဒီကတ်စထိုလည်း အပါအဝင်ပါ။ သူက ချီလီအမှောင်ကျသွားပုံကို အခုလို ပြန်ပြောပြပါတယ်။

“အာဏာသိမ်းပြီးတဲ့နောက် သူတို့အကုန်လုံးကို ပိတ်ပစ်တယ်။ အဲဒီအချိန်တုန်းက ချီလီမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အများကြီးရှိခဲ့ပါတယ်။ သတင်းစာတိုက်တွေကို အကုန်ပိတ်တယ်။ ရေဒီယို၊ အသံလွှင့်ရုံတွေကို အကုန်ပိတ်တယ်။ ရုပ်မြင်သံကြားလိုင်းတွေ ပိတ်၊ ဘာသတင်းမှ လူတွေမသိ ရတော့ဘူး။ အကုန်ကိုပိတ်ပစ်လိုက်ကြတာ”

ဆက်လက်ဖော်ပြပါမယ်။