Thursday, February 9, 2017

ကျနော့်မြို့ကို မပြန်ရဲဘူး (မောင်လွမ်းဏီ)

ကျနော်က 
ဒီမြို့ဟာ နေဖို့မကောင်းတော့ဘူးလို့ ရေးတယ်။ 
သူကတော့ 
သူတို့မြို့ဟာ ပျော်စရာကောင်းတယ်တဲ့။
ယောဟန်အောင်

ငါတို့မြို့က
ပျော်စရာကောင်းတယ်
စောနဒီ (မြစ်ကြီးနား)

နေဖို့ မကောင်းဘူး ကဗျာဆရာတွေနဲ့
ပျော်တဲ့ကဗျာဆရာတွေ ဖွဲ့သီတာ
ခံစားရတာကြောင့်လည်းပါ။

အောင်ဆန်းတံတားတော့ မဟုတ်ပါဘူး
(ဗိုလ်အောင်ဆန်းက အာဇာနည်သူရဲကောင်းကြီးပါ)
နတ်မောက်ကလည်း မင်းဘူး - မကွေး - နတ်မောက်
ဝန်ရိုးစွန်းမတည့်တတည့်လောက်ကျမယ့် မြေလတ်မြို့တွေပါ။ ထား။

မကွေးတံတားတဲ့
မကွေးနဲ့ မင်းဘူးကို ကျောခင်းပေးထားတယ်
အရှေ့နဲ့ အနောက်တရား
တံတားကိုတောင် ပိုင်းခြားနေဆဲဆိုသပေါ့လေ။

ကဗျာကျွန်းမကြီးကို
တံတားထက်ကဖြစ်ဖြစ်
တံတားအောက်က ဖြစ်ဖြစ်။
လွမ်းဖျားနဲ့ အမြဲ အပူရှပ်တာကို မြင်ရတယ်

၃၀ စွန်းစွန်း ဆိုင်ကယ်သမားလေးက ပြောပြရှာတယ်
ငယ်စဉ်က အဖေက
ဟောဒီ့ ဧရာဝတီက ဟော့ဒီ မြို့က တို့တွေက ချမ်းသာကြတယ်တဲ့
အဖေက မြေနုကျွန်းမှာ လှေရှိတယ်၊ ချဉ်ပေါင်စိုက်တယ်၊ ဖရဲစိုက်တယ်၊
ငါ ပိုက်ဆံရှိတယ်
ဧရာဝတီမြစ်ကြီးကလည်း ပြောတယ်
လှေ သမ္မာန်တွေ ပြည်ကူးတို့တွေ ဆန်စုန်ဆင်းကြ
ငါ့ရေစီးသံ၊ ငါ့လှိုင်းသံ၊ ငါ့တံပိုးနဲ့ တံငါမျိုးရိုး မသိုးမပုတ် ရှိနေစေရမယ်
ငါ ကျွေးထားနိုင်တယ် တဲ့။

မြို့က ပြောတယ် ဆိုပဲ
အမှန်တရားရဲ့ ဆင်းရဲခြင်းတွေကို ဘူဒိုဇာနဲ့ ထိုးချင်လာခဲ့တဲ့
ရဲရင့်စိတ်တွေ တို့ကြွယ်ဝခဲ့တယ်တဲ့။

ရွှေရောင်တော်၊ သံပုရာကန်၊ မန်းရေနံမြေမှာ
နယ်စုံက သတ္တိကောင်းတဲ့ အလုပ်သမားကြီးတွေရှိတာကိုး။

အဖေ ပြောပြခဲ့တာတွေပေါ့ဗျာ
အဖေက နွားလှည်းကုန်စိမ်းတိုက်ရင်း သေသွားတာလေ။

သူက ဘာရယ်မဟုတ်ဘူး ထင်ရဲ့
နောက်ကထိုင်လိုက်လာတဲ့ကျနော့်လို သူ့အဖေအရွယ်တယောက်ကို
ကြွားလိုစိတ်မပါဘဲ ပြောပြချင်တဲ့ စိတ်နေစိတ်ထားလို့ မြင်ပါတယ်
ရေနံရောင် ညိုညစ်ညစ်အသားအရည်
တရုတ်သားရည်ဂျာကင်အင်္ကျီ ဖုန်းဖိထားလည်းမရပါ
သူ့ကြည့်ရတာ ရေနံမှော်က ထွက်လာတာ ကြာသေးဟန်မတူ
ချေးထူလပစ်ပေမယ့် ဆိုင်ကယ်က သစ်တယ်လေ။

ဒီတခေါက်က
နောက်မကျရအောင်လာရတဲ့ ခရီး
မနီးမဝေးက ကျွန်းမကြီးဆီ
မောင်နီဦးရဲ့ အလွမ်းမောရာသီ
နေ့တာရှည်
မောင်နွေထက်၊ စံညိမ်းဦး၊ စောဝေ၊ စိုးသော်တာ တို့ကလည်း
ကျွန်းမကြီးကို အလွမ်းရင့်ဆေးရောင်။
ငယ်ချစ်တို့ရဲ့ ခေတ်တခေတ်
ဒီမြစ်မှာ စီဆင်းခဲ့ဖူးပါတယ်။

ဟုတ်လား မိတ်ဆွေကြီး
ကျနော် ဆိုင်ကယ်ဦးထုပ်စောင်းထားတဲ့ သူ့မျက်နှာပြင်ကို မမြင်ရပေမယ့်
အလန့်တကြား ဆိုသလို
ကြမ်းရှ နွမ်းလျခဲ့တဲ့ ကျနော့်တို့ အတိတ်တွေကို တူးဆွမိခဲ့
ကျွန်းမကြီးပေါ်က ရင်ကွဲပက်လက် ဘဝခြေရာတွေက
ယုံမှားသံသယရှိမှာ မဟုတ်ပါ။

ချစ်စွာသောသူတွေ၊ ငယ်ပေါင်းတွေ
အိမ်ထောင်ကွဲတွေ၊ မုဆိုးမတွေ
မျက်ရည်တွေနဲ့ ထွေးဖက်
ချစ်မက်နေရဆဲ နှစ်ကာလများစွာ
ကဗျာရေးဖို့ မွန်းကျပ်ပါတယ်
ရဲဘော်ဖုန်းဇော်နဲ့ ရဲဘော်ထင်ကျော်
ရဲဘော်အေးကျော်နဲ့ ရဲဘော်ဖိုးတုတ်
ကျွန်ုပ်တို့တတွေ၊ ရဲဘော်တွေ ရေးဖော်တွေ၊
ကမ္ဘာမကြေ သံပြိုင်ဟစ်ကြွေးခဲ့ကြတယ် မဟုတ်လား။

ကြွေလွင့်ခဲ့ကြ၊ ဝေးခဲ့ကြ
မဝေးကွာတာက၊ ချစ်ခြင်းမေတ္တာတွေ၊ အမှတ်တရတွေ၊
တန်ဖိုးတွေ၊ ယုံကြည်ချက်တွေ၊ သစ္စာတရားတွေပါ။

စေတီပုထိုးတွေထက်
နဂါးပွက်တောင်ထိပ်က သက်ရင့်ရုန်းကြွမှုတွေ
ဘာသာတရားရဲ့ အဆုံးအမအောက်က ရပ်ဆွေရပ်မျိုးတွေ
ဂုဏ်ကြီးသူတွေ၊ ဒေသစွဲကြီးသူတွေ
မန်ကျီးပင်ကြီးတွေ၊ တမာပင်ကြီးတွေ
မြို့လုံးကျွတ်မီးလောင်ခံရတဲ့ ပူလောင်ကျွမ်းမြိုက်မှုတွေ
ရေနံမြေလို့ ကျော်ကြားတဲ့မြို့ဟာ
မီးမှောင်မှောင်အောက်မှာ မတရားမှုအောက်က ရုန်းထရင်း
အကျအဆုံးတွေလည်း များခဲ့ပါတယ်။

ဒါဟာ
မြေလတ်အနောက်ကမ်းသမိုင်းရဲ့ ပုံရိပ်တွေပါ
မြေလတ်သားတွေရဲ့ ပြဌာန်းချက်ပါ
လွမ်းမောဖွယ်ရာပေါ့ ရဲဘော်တို့
တောင်တွင်း၊ မြိုသစ်၊ ရေနံချောင်း၊၊ ဆင်ဖြူကွန်း၊ မကွေး၊ ငဖဲ၊ ပွင့်ဖြူ
နိုင်ငံရေးနဲ့ စာပေလှုပ်ရှားမှုကို
လူတလုံး သူတလုံး ဖြစ်အောင်
ရှင်မဟာရဋ္ဌသာရ၊ ဦးသြဘာသနဲ့ ပေလေးပင် ရှင်လေးပါးကို
ဦးထိပ်ထားခဲ့ကြတယ်။

ရဲဘော်ဇော်သက်ထွေး၊ ရဲဘော်ကိုကိုအေး၊ ရဲဘော်မောင်နီဦး၊ ရဲဘော် မော်ဖူးတို့
ဗဟိန်းအောင်နဲ့ တို့ မြစ်အနောက်ဘက်ကမ်းက
အမှန်တရား မြတ်နိုးခဲ့သူ အားလုံးကို လွမ်းဆွတ်ကြပါ။
မင်းမြင့်ဇင်နဲ့ နှင်းဦး၊ ဝင်းဌေးဦးတို့ကို ထာဝရ ရင်ထဲမှာ ရှိနေပါ
လူငယ်မျိုးဆက်သစ်တွေကို ရွှေစက်တော်ခြေတော်ရင်းမှာ
သမိုင်းတန်ဖိုးသိအောင် ညွှန်းဆိုထုဆစ်ပါ
မန်းချောင်းလရောင်ဟာ
တို့တွေ အားလုံးရဲ့အနာဂတ်သစ်ပါ။

ဒါပေမယ့်
ကျနော် မြို့ကို မပြန်ရဲပါဘူး
မလွဲမရှောင်သာ ပြန်လာခဲ့ရသော်ငြား
ကျနော်ဟာ တိုင်းနိုင်ငံမဲ့သူတယောက်ပါ။ ။

မောင်လွမ်းဏီ 
၁၀ - ၂ - ၂၀၁၇

အကိုဆရာ WPM ရဲ့ ရွှေစက်တော်နွေ အမည်ရ ပန်းချီကားလေးနဲ့ ဒီည ရေးဖြစ်တဲ့ကဗျာကို ခံစားစေချင်ပါတယ်။ 

 

No comments: