Saturday, April 4, 2015

NLD ရွေးကောက်ပွဲကို သပိတ်မှောက်ဖွယ်ရှိ

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ အစိုးရကခွင့်မပြုဘူးဆိုရင် နိုဝင်ဘာလမှာကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဘဲ သပိတ်မှောက်ကောင်း မှောက်ဖို့ရှိတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က Reuters နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောလိုက်ပါတယ်။ 

ဖွဲ့စည်းပုံမပြင်ရင် ရွေးကောက်ပွဲဝင်မှာလားဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သပိတ်မှောက်မယ့်နည်းက အကောင်းဆုံးနည်း မဟုတ်ပေမယ့်လည်း မလုပ်ဘူးလို့ တထစ်ချ မပြောနိုင်သေးကြောင်း၊ ဒါပေမယ့် တခြားနည်းလမ်းတွေကိုလည်း သုံးသပ်နေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသွားပါတယ်။ 


NLD အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အသင့်ရှိပေမယ့် သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တကယ်တမ်း လိုလားတဲ့ပုံမျိုးမတွေ့ရပဲ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ ကြိုးစားမယ့်ပုံရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

၂၀၁၁ ခုနှစ်တုန်းက သမ္မတ ဦးသိန်းစိန်နဲ့ သူ တွေ့ဆုံခဲ့စဉ်အခါတုန်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်လုပ်လိုတဲ့ပုံမျိုး တွေ့ခဲ့ရပေမယ့် အခုတော့ ဒီလို မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ 

ဦးသိန်းစိန်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အကြောင်းပြပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ဖွယ်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ။ 

သတင်း၊ ဓာတ်ပုံ - ဘီဘီစီ 


No comments: