Wednesday, March 11, 2015

လက်ပံတန်း မှသည်... (ရှင်ဒေဝီ)

ကျမ ရှင်ဒေဝီ ပါ။ အသက်မွေးဝမ်းကြောင်းက documentary filmmaker (မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ) ဖြစ်ပါတယ်။ ၁၀ ရက်နေ့ လက်ပံတန်း အကြမ်းဖက်မှုအတွက် မျက်မြင်သက်သေ တယောက်လည်း ဖြစ်ခဲ့ပါတယ်။ တိတိကျကျပြောရရင် လက်ပံတန်းမှာ ကင်မရာနဲ့ရောက်ရှိနေခဲ့တာဟာ သတင်းဌာနတခုခုအတွက် အလုပ်လုပ်တဲ့ media သမားအဖြစ် မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကို မှတ်တမ်းတင် စုဆောင်းနေတဲ့ image collector အဖြစ် ရောက်ခဲ့တာပါ။ ဒါကြောင့်မို့ ကျမဟာ တခြားသော media သမားတွေလို ကျင့်ဝတ် စောင့်ထိန်းစရာမလိုဘဲ ကျောင်းသား ကျောင်းသူတွေကို ဝန်းရံနိုင်သူအဖြစ် ကျမကိုယ် ကျမ ခံယူပါတယ်။ 

အစကပြောရမယ်ဆိုရင် ပညာရေးပြောင်းလဲဖို့ အမှန်တကယ် လိုအပ်လို့ ကျောင်းသားစစ်ကြောင်းကို ထောက်ခံပါတယ်။ သူတို့ စထွက်လာကတည်းက လုံးဝ သဘောတူထောက်ခံပါတယ်။ အခုမှမစရင် ကျမတို့ ဘယ်လောက် ထပ်စောင့်ရဦးမတုန်း။ တဘဝလုံး စောင့်ခဲ့ရတာ။

ကျနော့်သမီး စာကျက်နေတယ်လို့။ အေးချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်စေသော ဆူပူမှုဆိုတဲ့ခံယူချက်တွေကို ကြားသိရတဲ့အခါ ကျမ ငယ်စဉ်က တစိတ်တပိုင်းကိုပဲ မျှဝေချင်ပါတယ်။ ကျမရဲ အုပ်ထိန်းသူက ပြည်သူပိုင် မသိမ်းခင် နန်ယန်ကျောင်း (အခု ထ ၂ ဗဟန်းမှာ ၁၀ တန်းထိသာ ပညာသင်ကြားခဲ့သူပါ။ ဘွဲ့ မရပါဘူး။ ဒါပေမယ့် ကျမကို မူလတန်းကနေ အလယ်တန်းအထိ အိမ်မှာ စာပြပေးနိုင်ပါတယ်။ ကျမတို့ခေတ်ကာလကလည်း ကျူရှင်တွေ ဒီလောက် ခေတ်မစားသေးပါဘူး။ အဓိကပြောချင်တာက ကျမ အုပ်ထိမ်းသူ ကျမ အမေရဲ့ စာသင်ကြားဟန်ပါ။ သမိုင်း၊ မြန်မာစာ စတာတွေကို ပုံပြောသလို ပြောပြပါတယ်။ စာကို ဝါကျအလိုက် မကျက်ခိုင်းဘူး။ နားလည်ပြီဆိုရင် ကိုယ့်ဘာသာ ပြန်ရေးခိုင်းပါတယ်။ ဆရာမပေးတဲ့ မှတ်စုနဲ့ နည်းနည်းကွာဟပေမယ့် အချက်အလက်ကတော့ အတူတူပါပဲ။ 

အိမ်က သင်ကြားပေးတဲ့ မူဟန်နဲ့ပဲ မူလတန်းကနေ အလယ်တန်း (သူငယ်တန်းကနေ ၈ တန်းအထိ) ကျမ နှစ်စဉ် ထူးချွန်ကျောင်းသူ ဖြစ်ခွင့်ရခဲ့ပါတယ်။ နောက် ၉ တန်းရောက်တဲ့အခါ ကျမတို့သားအမိ အခက်တွေ့ရပါတော့တယ်။ ကျမ အမေက ဇီဝဗေဒ၊ ဓာတုဗေဒ စတဲ့ သင်ခန်းစာတွေနဲ့ မရင်းနှီးပါဘူး။ ဗြုန်းခနဲပြောင်းသွားတဲ့ အင်္ဂလိပ်လိုသင်ရိုးတွေကို အမေက မသင်ပြနိုင်တော့ပါဘူး။ အဲဒီမှာ ကျမလည်း အလွတ်ကျက်ရတဲ့အဖြစ် ရောက်ခဲ့ရပါတော့တယ်။ ဒီအခါကစပြီး ကျမရဲ့ ပညာရေး ရွှေရောင်နေ့ရက်တွေ ပြီးဆုံးခဲ့ရပါတယ်။ ပညာရေးရွှေရောင်တွေ အညိုရောင် ပြောင်းလာသလို မြန်မာနိုင်ငံရဲ့ အမှောင်ထုကြီးထဲ စုန်းစုန်းမြုပ်တဲ့ ၁၉၈၈ ကိုလည်း ကျမ နဝမတန်း ကျောင်းသူဘဝမှာ ကြုံခဲ့ရတော့တာပါပဲ။

ဒီလိုနဲ့ အမှောင်ခေတ်ထဲက အလင်းရောင်တွေရလာနိုး တိုက်ပွဲဝင်ရင်း ၁၀ တန်းစာမေးပွဲဖြေရမယ့်အချိန်မှာ ထောင်ထဲရောက်နေတာမျိုး၊ နောက်နှစ် စာမေးပွဲမဖြေခင် လပေါင်းများစွာဖမ်းထားခဲ့ပြီး စာမေးပွဲနီးမှ ကပ်ပြီးလွတ်တာမျိုးနဲ့ ကြုံခဲ့ရပါတယ်။ ၁၀ တန်းမအောင်ရင် တက္ကသိုလ်ဆိုတာ မရောက်ရမှာမို့ အလွတ်ကျက်တန် ကျက်၊ ကူးချတန် ကူးချနဲ့ ဒီလိုနဲ့ ၁၀ တန်းကို ၁၉၉၃ မှာ အောင်ခဲ့ပါတယ်။ 

ဆယ်တန်းအောင်ပြီးတဲ့အခါ ကျမ အမှတ်နဲ့ ရွေးစရာကက ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒဆိုတာတွေ ရွေးနိုင်ပါသတဲ့။ ကျမဖြစ်ချင်ခဲ့တာ ရှေ့နေ။ ကျမ ဥပဒေကို တက်ခွင့်မရပါဘူး။ အဲဒီတော့ ကျမ က မြန်မာစာကို တက်ချင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကျမက သိပ္ပံတွဲနဲ့ ၁၀ တန်းအောင်တာမို့ ဝိဇ္ဇာတွဲပြောင်းဖို့ ခက်ပြန်ပါသတဲ့။ ဒီလိုနဲ့ ကျမနဲ့ ဘယ်လိုမှ စိတ်မဝင်စားတဲ့ သတ္တဗေဒဘာသာကိုပဲ ဘွဲ့တခုရနိုင်ဖို့ သင်ကြားခဲ့ရတယ်ပေါ့။ ပညာရေးအတွက် ကျမတို့ အချိန်တွေပေးခဲ့ရတယ်။ ငွေတွေပေးခဲ့ရတယ်။ ကျမတို့ ဘွဲ့လက်မှတ်ကလွဲရင် ဘာတွေရခဲ့သလဲ။ ဘာမှမရတာတော့ မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနယ်ပယ်တခုတော့ စာသင်ကြားရင်း ရခဲ့ပါတယ်။ 

ဒါပေမယ့် ဒါတွေနဲ့တော့ လုံလောက်ကျေနပ်နေဖို့ မဖြစ်နိုင်ပါဘူး။ မတတ်သာလို့ ခေါင်းငုံ့ အံကြိတ်နေခဲ့ရပြီး အခုတော့ ခေတ်ကျောင်းသားတွေ တစခန်းထ ဦးဆောင်လို့ ပညာရေးစနစ်ပြောင်း တောင်းဆိုဆန္ဒပြနေတာကို တွေ့မြင်ရတဲ့အခါ ကျမနေနဲ့ ထောက်ခံဝန်းရံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ဒီနေရာမှာ ပြောစရာရှိလာပြန်ပါတယ်။ ကျောင်းသားတွေကြားထဲ အသက်အရွယ်ကြီးတဲ့သူတွေ ဝန်းရံပေးနေတာ မြင်ရတဲ့အခါ ဒါလား ကျောင်းသားလားလို့ ပြစ်တင်သံ၊ ပျက်ရယ်ပြုသံတွေ ကြားနေရပါတယ်။ ဒီလိုအသံကို သာမန် ဝေဖန်သူတွေဆီကသာမက ပြန်/ကြား ဝန် ဆီကပါ ကြားရတော့ ပြောပြရဖို့ ဖြစ်လာရပါတယ်။ တခြားလိုက်ပါတဲ့ သက်ကြီးပိုင်းတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ခံယူချက်နဲ့ အကြောင်းပြချက် ကိုယ်စီရှိနိုင်ပါတယ်။ ဘာကြောင့် ကျောင်းသား သပိတ်စစ်ကြောင်းမှာ ပါနေရသလဲဆိုတဲ့ မေးခွန်းအတွက်ပါ။ 

ကျမ အသက် ၄၀ ပါ။ သက်ကြီးပိုင်းလို့ ဆိုပါစို့။ ဘာကြောင့် ပညာရေးပြောင်းလဲတာဟာ ကျမ အတွက် အရေးကြီးနေရသေးတာပါလဲ။ မျိုးဆက်သစ်အတွက် အနာဂတ် နိုင်ငံတော်အတွက် ဒီလို စကားလုံးအကြီးကြီးတွေကို အမြင်ကတ်နေသူတွေအတွက် ရိုးရိုးလေး ပြောချင်ပါတယ်။ အသက်အရွယ်မရွေး ပညာသင်ကြားနိုင်ခွင့်ရှိနိုင်တဲ့ အခွင့်အရေးက ကျမ အတွက် တော်တော် အရေးပါပါတယ်။ တချိန်ချိန်မှာ ဥပဒေပညာသင်ခွင့်ရပြီး ရှေ့နေတယောက် ဖြစ်ချင်ပါသေးတယ်။ နောက် နှစ်နည်းနည်း ကြာဦးမယ်ဆိုရင်လည်း ကျမ ကျောင်းသားတယောက် ပြန်ဖြစ်နိုင်ပါသေးတယ်။ 

ကျောင်းသားဆိုတာ ဘယ်အရွယ်သာ ဖြစ်သင့်တယ်ဆိုတဲ့ အတွေးမျိုးတွေဟာ ကျမတို့ အနာဂတ်ကို ပိုပြီးမှောင်ပိန်းနေစေဦးတော့မှာပါပဲ။ ဒါကြောင့် ဒီအရွယ်ကြီး ကျောင်းသားလား လို့ဆိုနေသူတွေကို ပညာလို အိုသည်မရှိလို့ပဲ တသီးပုဂ္ဂလအမြင်နဲ့ ရိုးရိုးလေး ဆိုချင်ပါတယ်။ ဉာဏ်ပညာနဲ့ ချစ်ချင်းတရားကသာ တိုင်းပြည်ကို ဦးဆောင်နိုင်ပါလိမ့်မယ်။ 

နောက်တချက်ကတော့ ကျောင်းသားဆိုတာ ပြည်သူတွေရဲ့ သားသမီးပါ။ ဒီတော့ သပိတ်စစ်ကြောင်းမှာ ဝန်းရံသူ ပြည်သူတွေပါဝင်နေတာက ဝေဖန်ပြစ်တင်နေရမယ့် ကိစ္စဆိုးမဟုတ်ဘူးလို့ မြင်ပါတယ်။ အထက်က အကြောင်းအရာတွေဟာ ကျမ ဘာကြောင့် ကျောင်းသားသပိတ်ကို အကဲဆတ်နေရသလဲဆိုတဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ 

အခု ဆက်ပြီး လက်ပံတန်းအကြမ်းဖက်မှုဆီကို သွားပါမယ်။ 

၁၀ ရက် ၁၀ နာရီ စိန်ခေါ်မှုအတွက် ၉ ရက်နေ့ညမှာ လက်ပံတန်းသပိတ်စခန်းမှာ သွားအိပ်ခဲ့ပါတယ်။ အဲဒီညမှာ ဖြိုးဖြိုးအောင်ကိုတွေ့ရတာ ကျန်းမာရေး အားနည်းနေတယ်။ ဒါပေမယ့် မနက်ဖြန်မှာ ကြီးမားတဲ့ ရင်ဆိုင်မှုတွေကို ကြုံရမယ်ဆိုတာ စိတ်ပိုင်းဖြတ်ထားပြီးသားဆိုတာ သိသာတယ်။ အတားအဆီးတွေကို အကြမ်းမဖက် တိုးဝင်ဖောက်ထွက်မယ်။ ဒါဟာ ဖမ်းဆီးခံရနိုင်တယ်ဆိုတာလည်း သူက သိနေတယ်။ အားလုံးဆုံးဖြတ်ချက်အတိုင်း ရဲရင့်ကြဖို့ အသင့်အနေအထားနဲ့ တည်ငြိမ်နေတယ်။ 

အဲဒီမှာ ဖြိုးဖြိုးပြောတဲ့ စကားတခွန်းကို ကျမ မှတ်မိနေတယ်။ အတားအဆီးတွေကို ကျော်ဖြတ်တဲ့အခါ၊ သံဆူးကြိုးတပ်ထားတဲ့ ဂိတ်တွေကို ရင်ဆိုင်တိုးတဲ့အခါ ကျောင်းသား ရဲဘော်တွေ ထိခိုက်ဒဏ်ရာရမှာကိုပဲ တဲ့။ ကျမတို့အားလုံး ၁၀ ရက် ၁၀ နာရီမတိုင်ခင် အစိုးရဘက်က အလျော့ပေးဖို့ မျှော်လင့်မိခဲ့ကြပါတယ်။ ကျောင်းသားတွေဟာ ရန်ကုန်မှာ သပိတ်ကိုဆက်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ရန်ကုန်မှာ ပျော်ရွှင်စွာ လူထုနဲ့တွေ့ဆုံ၊ ရန်ကုန်တက္ကသိုလ် ဒါမှမဟုတ် ရွှေတိဂုံ စနေထောင့်မှာ လူစုခွဲပေးဖို့ပါ။ ဒါပြီးရင် လွှတ်တော်က ဆွေးနွေးမှုကို စောင့်ကြည့် ပါဝင်ဆွေးနွေးကြဖို့ပါ။ ကျမတို့ မရဲတရဲနဲ့ မျှော်လင့်ခဲ့ပါတယ်။ စာနာမှုလေး နည်းနည်းကိုပါ။ 

အဲဒီညမှာ ကျောင်းသားတွေ သီချင်းဆိုကြတယ်။ ဝိုင်းဝိုင်း နဲ့ ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်းလေးတွေ ပါတယ်။ ကြည့်ရတာ သူတို့ ပျော်နေကြပုံပဲ။ ဒါပေမယ့် သူတို့အနားသွားရင် ကြားရတဲ့စကားလေးတွေ ရှိပါတယ်။ မနက်ဖြန် ရန်ကုန် ရောက်မလား၊ ထောင်ကို ရောက်မလား မသိဘူးတဲ့။ ဒီနေ့ ပျော်ထားကြတဲ့။ တယောက်က ပြောတယ်။ ရဲတွေ ဝင်ဖမ်းရင် ခေါင်းကို အရိုက်မခံရအောင် သတိထားဖို့ အချင်းချင်း အကြံပေးနေကြပါသေးတယ်။ အပေါ်ယံမြင်ရရင်တော့ ပျော်နေကြတယ်ပေါ့။ စဉ်းစားကြည့်စမ်းပါ။ ကျမတို့လူမျိုး အယူသည်းပုံက အိပ်မက်မကောင်းရင် မျက်ခုံးလှုပ်ရင်တောင် ပူပန်တတ်တာမျိုးလေ။ အခုဟာက မနက်ဖြန် ဘာဖြစ်နိုင်လဲဆိုတာ သေသေချာချာ သိနိုင်နေနိုင်တဲ့ညမျိုးမှာ သူတို့ ရဲရင့်ခဲ့ကြတယ်။ လရောင် သိပ်မဖြာတဲ့ညမှာ သူတို့တွေဟာ ကြယ်ပွင့်တွေနဲ့အပြိုင် ကျမ ရင်ထဲတောက်ပနေခဲ့တယ်။ 

နောက်တနေ့ မိုးလင်းတော့ သပိတ်စခန်းဟာ ပုံမှန်လေးပါပဲ။ မီဒီယာသမားတွေ တဖွဲဖွဲဝင်လာတယ်။ မီဒီယာသမားတချို့က ရဲမှူးတဦးက တခုခုဆို ကြည့်ရှောင်ပေါ့လို့ အကြံပေးလိုက်တာလည်း ကြားတယ်။ ဒါပေမယ့် ကျောင်းသားတွေကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် အချင်းချင်း နောက်ပြောင်သံ ကြားရတယ်။ ဘောင်းဘီဝတ်တဲ့သူတွေက ပြေးမယ့်သူတွေလား ဟေ့၊ တက်လမ်း ရှာရမယ်။ သံဆူးတပ် အကာအရံတွေကို တက်ရမှာလေ။ အဲဒီလို ပြောင်နေကြတယ်။ ရယ်နေကြတယ်။ ကျမက ကျောင်းသူတချို့ကို တိုးတိုးမေးတယ်။ အခြေအနေတခုမှာ သမီးတို့ ထမီကျွတ်နိုင်တယ်။ သူတို့ ပြုံးပြီး ပြောတယ်။ အောက်မှာ ဘောင်းဘီရှည်ပါတယ် တဲ့။ ဒီလိုပါပဲ။ ဘာမှ မရှုပ်ထွေးသေးတဲ့ မနက်ခင်း ၉ နာရီလောက်မှာ စစ်ကြောင်းပုံစံ ၄ ယောက်တွဲ ထိုင်လိုက်ကြတယ်။ သီချင်းဆို ကြွေးကျော်သံတိုင်နဲ့ သပိတ်စစ်ကြောင်းရဲ့ ပုံမှန်အတိုင်းပါပဲ။ ဒါပေမယ့် အားလုံးက ၁၀ နာရီ ၁၀ မိနစ်အတွက် စိတ်တွေကို ရွက်လွှင့်လိုက်ကြပြီ။ 

၁၀ နာရီမထိုးခင် ညှိနှိုင်းဖို့ သတင်းစကား ဝင်လာတယ်။ အဲဒီအချိန်မှာ NNER က ဦးသိန်းလွင်နဲ့ ဒေါ်ညိုညိုသင်းပါ ရှိနေတယ်။ သူတို့နဲ့အတူ ကျောင်းသားခေါင်းဆောင်တွေ ညှိကြတယ်။ မကြာခင် သတင်းစကားရောက်လာတယ်။ လက်ပံတန်း တာဆုံကို လမ်းလျှောက် ထွက်ခွင့်ပြုမယ်။ ရန်ကုန်ကို ကားနဲ့ သွားခွင့်ပြုမယ်။ ဒါပေမယ့် စစ်ကြောင်းတကြောင်းလုံး အစုလိုက် အပြုံလိုက် မသွားရဘူး တဲ့။ ဘယ်လိုဖြစ်ဖြစ် သတင်းကတော့ အားတက်စရာလေ။ ဖွင့်ပေးမယ်ဆိုတော့ အားလုံး ပျော်လိုက်ကြတာ။ သီချင်းတွေ ဆိုလိုက်ကြတာ။ အားလုံးလည်း ခုန်ပေါက်လို့။ ကျမ အဲဒီအချိန်မှာ တွေးလိုက်တာက သြော် အစိုးရက ငါတို့ကို နည်းနည်းညစ်ပြီးမှ ပေးတာပေါ့လေ။ ရန်ကုန် စွမ်းအားရှင် လက်ပတ်နီကိစ္စမှာ အတော်အရုပ်ဆိုးထားတော့ ဒီနေ့တော့ ခြေလွန်လက်လွန် မလုပ်လောက်ဘူးလို့ပေါ့။ ကျမ အစိုးရရဲ့ ယုတ်မာမှုကို လျော့တွက်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ ဘဘ ဦးဝင်တင်ရဲ့ သဘောထား သတိပေးစကားကို ခဏ မေ့သွားပါတယ်။ 

ဆက်လက်ဖော်ပြပါမယ်။ 

 

No comments: